← Chapters

“ဝိညာဉ်ဓားတောင်ထိပ်မှ တိုင်ရီကျောင်းတော်”

Vol. 5 Ch. 43

“ဝိညာဉ်ဓားတောင်ထိပ်မှ တိုင်ရီကျောင်းတော်”

Vol. 5 Ch. 43

စွန်းယန်ဝမ် သည် ဓားကိုပြန်သိမ်းကာ ကုန်းကုန်းကွကွနှင့် အလောင်းတစ်ခုချင်းစီ နှံ့နှံ့စပ်စပ် ရှာဖွေပြီး အားလုံးကို လမ်းဘေးသို့ ဆွဲချရင်း သည်အတိုင်းပစ်ထားခဲ့သည်။

သူဖတ်ဖူးသည့် ဝတ္ထုများထဲတွင် ဤကဲ့သို့ နေရာမျိုးကို ရောက်ပါက တွင်းတူးပြီး မြှုပ်နှံပေးသည် ဟူသော စကားကို မကြာခဏ တွေ့ဖူးသည်။

ရံဖန်ရံခါ ဓားရှည်နှင့် မြေကျွင်းတူးသည် ဟူသော အသေးစိတ် အချက်များပင် ပါလာတတ်သေး၏။

သူ တိုင်ရီကျောင်းတော်တွင် ရှိစဉ်က အလောင်းတချို့ကို မြှုပ်နှံရန် တစ်ကြိမ် တွင်းတူးခဲ့ဖူးသည်။

ထို့ကြောင့် တွင်းတူးခြင်းဆိုသည်မှာ မည်မျှခက်ခဲပင်ပန်းသော အလုပ်မျိုး ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားသည်။

တွင်းတူးမည်ဟု စဉ်းစားလိုက်တိုင်း တွင်းမတူးဘဲ သည်အတိုင်း ပစ်ထားခြင်းကသာ အကောင်းဆုံး ဖြစ်သည်ဟုလည်း အမြဲတမ်း ခံစားမိသည်။

ဓားရှည်နှင့် တွင်းတူးခြင်း ဆိုသည်ကတော့ လူတစ်ဦး စဉ်းစားနိုင်သည့် ကိစ္စထဲမှ မဟုတ်ပေ။

အထူးသဖြင့် သူကိုင်ဆောင်သော လင်ရှီးဓားသည် ဓားပျော့အမျိုးအစား ဖြစ်သောကြောင့် သူ့အနေဖြင့် ထိုအချက်ကို ပို၍ပင် လက်မခံနိုင် ဖြစ်ရသည်။

သူ့၏ အရွဲ့တိုက်ချင်စိတ်က ထိုသူများကို ဓားအစား တူများ၊ လွှများဖြင့်သာ တွင်းတူးခိုင်းလိုက် ချင်တော့သည်။

မည်သို့ပင်ဆိုစေ ဤလောကသည် ရဲများ၊ စုံထောက်များ မရှိသောကြောင့် အမှုမှန် ဖော်ထုတ်နိုင်မှု ရာခိုင်နှုန်းလည်း မရှိသလောက်ဖြစ်သည်။

ဤလတွင် ဖမ်းဆီးရမိမှု ရာခိုင်နှုန်း မည်မျှဖြစ်သည်၊ သို့မဟုတ် တိုင်ကြားချက်များအပေါ် ဖြေရှင်း ဆောင်ရွက်ပေးနိုင်မှု မည်မျှရှိသည် ဆိုသော ဇယားကားချပ်များလည်း မရှိသောကြောင့် ဒုစရိုက်မှုများက နားနှင့်မဆန့်အောင် ကြားနေရ၏။

ဤကဲ့သို့ လမ်းဘေးကို ဆွဲချထားပေးခြင်းကပင် အများအကျိုးကို ဆောင်ရွက်တတ်သော သန္ဓေကောင်းသူ တစ်ဦး၏ စိတ်ဓာတ်မျိုး ဖြစ်နေချေပေပြီ။

ကျန်းချင်းရှီ သည် သူ့ကို အနည်းငယ်မျှ ဝင်ရောက်ကူညီခြင်း မရှိဘဲ သစ်ပင်များပေါ်တွင် ဟိုခုန်သည်ခုန် လုပ်ကာ ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှု စစ်ဆေးလိုက်ပြီး မည်သူမျှ မမြင်ကြောင်း သေချာမှသာ သူ့အနားကို ပြန်ရောက်လာသည်။

အလောင်းများ အားလုံးကို လမ်းဘေးသို့ ဆွဲချသွားပြီးချိန်ထိ စောင့်နေပြီးမှ သူက ရုတ်တရက် ပြောလိုက်၏။

“နောက်တစ်ခါဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အရင်ဆုံးအာရုံစိုက်ပါ…”

စွန်းယန်ဝမ် ခေါင်းညိတ်ပြရင်း သူ့အစ်ကိုကြီး၏ စကားကို မှတ်သားထားလိုက်သည်။

ဤတစ်ကြိမ်တွင် ကျန်းချင်းရှီ သာ မရှိပါက သူသည် အနည်းနှင့် အများဆိုသလို ဒဏ်ရာများရနိုင်ပြီး အခန့်မသင်လျှင် ရေလယ်ခေါင်ရောက်မှ လှေမှောက်သော အဖြစ်မျိုးနှင့် ကြုံနိုင်သည့် အခွင့်အရေးမျိုးလည်း များစွာ ရှိနေခဲ့သည်။

ကျင့်ကြံခြင်း လောကသည် အမှန်တကယ်ပင် ကြမ်းတမ်းခက်ထန် လွန်းလှ၏။

ထို့နောက် နှစ်ဦးသား နောက်တစ်ကြိမ် ခရီးဆက်လာခဲ့ကြပြန်သည်။

စွန်းမိသားစုမှ မြေးအဖိုးနှစ်ဦး ပါမလာတော့သည့်အခါ မြင်း၏ ခြေထောက်ကို အပြည့်အဝ အသုံးချနိုင်ပြီး နေ့တစ်ပိုင်းမှာပင် နောက်ထပ် ရွာငယ်တစ်ခု လှမ်းမြင်လိုက်ရသည်။

ထိုရွာကို မြင်သောအခါ ကျန်းချင်းရှီ က ဝမ်းသာအားရနှင့် ပြောသည်။

“ညီလေးရေ… ဒီတစ်ညတော့ ငါတို့ကောင်းကောင်း အိပ်ရပါပြီ…”

စွန်းယန်ဝမ် အံ့အားသင့်သွားသည်။

“အစ်ကိုကြီးက ဒီရွာမှာ မိတ်ဆွေတွေ ရှိနေတာလား…”

ကျန်းချင်းရှီ သဘောကျစွာ ရယ်လိုက်၏။

“ရင်းနှီးတယ်လို့လည်း မဟုတ်ပါဘူး… ဒါပေမဲ့ ဒီရွာထဲမှာ ချမ်းသာတဲ့ အိမ်ကြီးအိမ်ကောင်း နည်းနည်းတော့ ရှိတယ်… သူတို့က ဆောင်ယန်ဂိုဏ်းကနေ ထွက်လာတဲ့ ဂိုဏ်းတူ ညီအစ်ကို မောင်နှမ ဟောင်းတွေပဲ… ဒီမှာ လာအခြေချပြီး အေးအေးချမ်းချမ်း အသက်မွေးဝမ်းကြောင်း လုပ်ကိုင်စားသောက် နေကြတာပေါ့…”

စွန်းယန်ဝမ် တွေးလိုက်မိသည်။

“ထိပ်သီးဂိုဏ်းကြီး ဖြစ်ရတာ ဘယ်လောက်တောင် ကောင်းလိုက်လဲ… ဘယ်နေရာရောက်ရောက် ချမ်းသာတဲ့အိမ်မှာပဲ သွားပြီးတည်းခိုစားသောက်လို့ရတယ်…”

ဆောင်ယန်တောင်နှင့် တဖြည်းဖြည်း နီးကပ်လာသောကြောင့် ကျန်းချင်းရှီ ၏ စိတ်က ပို၍ပင် သက်သောင့်သက်သာ ဖြစ်လာသည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် သူ ငယ်စဉ်ကတည်းက သိုင်းပညာလေ့ကျင့်ခဲ့သော နေရာ ဖြစ်နေသောကြောင့်ပင်။

ဆရာဖြစ်သူ ကျန်းယွမ်ချောင် နှင့် တောင်ပေါ်မှ ဆင်းမလာမီကတည်းက ဆောင်ယန်တောင်၏ ပတ်ဝန်းကျင် မိုင်ရာပေါင်းများစွာကို သူ လှည့်လည်သွားလာဖူးသည်။

ထို့ကြောင့် မည်သည့်နေရာတွင် ရွာရှိသည်၊ မြို့ရှိသည်၊ မည်သည့်နေရာတွင် သူနှင့်ရင်းနှီးသူများ ရှိသည်၊ မည်သည့်နေရာတွင် အလွန်စည်ကားသော ဈေးရှိသည်၊ မည်သည့်နေရာတွင် ဂိုဏ်း၏ လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ ရှိသည်၊ မည်သည့်နေရာတွင် ဂိုဏ်းသားဟောင်းများ၏ နေအိမ်များ ရှိသည် ဆိုသည်ကို ခရေစေ့တွင်းကျ သိရှိထားသည်။

ကျန်းချင်းရှီ သည် ရွာထဲမှ အချမ်းသာဆုံး အိမ်တစ်အိမ်ကို ရွေးချယ်ကာ ထိုအိမ်အတွင်းသို့ ဝင်လာခဲ့၏။

ဂိုဏ်း၏ အမည်ကိုပင် ထုတ်ပြောရန်ပင် မလိုအပ်ဘဲ သူ့၏ ဘုန်းတော်ကြီးဝတ်ရုံကို မြင်သည်နှင့် အိမ်မှလူအားလုံးက အကောင်းဆုံး အခန်းနှစ်ခု ချက်ခြင်းပြင်ဆင်ပေးခဲ့သည်။

မကြာမီ အစားအသောက်များကိုပါ လာရောက်ပို့ဆောင်ပေးသွားသည်။

ယင်းကို ကြည့်ခြင်းအားဖြင့် ဤလူများအားလုံးသည် ဤကိစ္စမျိုးကို မကြာခဏ ကြုံဖူးထားသူများ ဖြစ်ကြောင်း သိသာသည်။

အကယ်၍ နာမည်ကို ထုတ်ဖော်ပြီး သာမန်တပည့်တစ်ဦး မဟုတ်ကြောင်း ပြောမည်ဆိုလျှင်တော့ ယခုထက် ပိုမိုသော ခမ်းနားမှုမျိုးဖြင့် ဧည့်ခံပေလိမ့်မည်။

သာမန်အခြေအနေတွင်တော့ ဤပုံစံက မူသေ လေ့ကျင့်ထားသော ဧည့်ခံမှုသာဖြစ်သည်။

ကျန်းချင်းရှီ ကလည်း သူ့ကိုယ်သူ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုရန် စိတ်ကူးမရှိပေ။

မည်သို့ပင်ဆိုစေ သူတို့သည် တစ်ညတာမျှသာ တည်းခိုမည်ဖြစ်ပြီး နောက်တစ်နေ့ နံနက်တွင် ခရီးဆက်မည့်သူများ ဖြစ်သောကြောင့် ထိုကဲ့သို့ တခမ်းတနား ဧည့်ခံမှုကိုလည်း မလိုအပ်ပေ။

ထိုည၌ စွန်းယန်ဝမ် သည် သမာဓိထူထောင်နေရင်းမှ ရုတ်တရက် ထိုးထွင်းသိမြင်မှုတစ်ခု သူ့စိတ် အာရုံထဲတွင် ထပ်ဟပ်ဖြစ်ပေါ်လာခဲ့သည်။

ယခင်ဘဝက အခြေအနေများရော ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် တွေ့ကြုံခဲ့ရသော အခြေအနေများအားလုံးပါ ရုတ်တရက် ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး နတ္ထိနယ်မြေ တစ်ခုကဲ့သို့ ခံစားလိုက်ရသည်။

အစစ်အမှန် ချီစွမ်းအင်သည် အထွဋ်အထိပ် သွေးကြောကျင့်စဉ်၏ နည်းစနစ်များအတိုင်း သူ့ခန္ဓာကိုယ် အတွင်း လှည့်ပတ်စီးဆင်းသွားပြီး ရုပ်၊ နာမ်နှင့် သတ္တလောက တစ်ခုလုံးကိုလည်း မေ့လျော့ သွားခဲ့သည်။

ဤနည်းအတိုင်း မိုးစင်စင်လင်းသွားသောအခါ သူ့ခန္ဓာကိုယ်သည် “ဆတ်”ခနဲ တုန်ခါသွားပြီး ဆဌမမြောက်‌ သွေးကြောတစ်ခု အောင်မြင်စွာ ထိုးဖောက်သွားခဲ့သည်။

ဤသွေးကြော ပွင့်လာပြီးနောက် သူအသုံးပြုနိုင်သည့် ဟွမ်ယွမ်ဓားကွက်သည် ငါးကွက်အထိ ရှိလာခဲ့ပြီ ဖြစ်သည်။

သို့သော် စွမ်းအားပြည့် အခြေအနေနှင့် တိုက်ခိုက်မည်ဆိုလျှင်တော့ သုံးကွက် အထိသာ ဖော်ထုတ်နိုင်ဦးမည် ဖြစ်သော်လည်း သူ့ချီစွမ်းအင်မှာ ယခင်ကထက် ပိုမိုသိပ်သည်းမှု ရှိလာသောကြောင့် ဓားကွက် ၏ စွမ်းအားက အဆပေါင်းများစွာ တိုးသွားပြီ ဖြစ်သည်။

စွန်းယန်ဝမ် အလွန်ဝမ်းသာသွားပြီးမှ အနည်းငယ် သံသယ ဝင်သွားသည်။

ဤတစ်ကြိမ် သူ့၏ တိုးတက်မှုသည် ယခင်နှုန်းထားထက် အနည်းငယ် ပိုမိုမြန်ဆန်နေသည်။

သူ့၏ နားလည်ထားမှုအရ ကျင့်ကြံခြင်း အဆင့်ပိုမိုမြင့်မားလာသည်နှင့်အမျှ ကျင့်ကြံရသည့် အခြေအနေကလည်း ပို၍ ခက်ခဲလာသင့်သည် မဟုတ်ပါလား။

သူ အကြိမ်အနည်းငယ် စဉ်းစားကြည့်နေသော်လည်း အဖြေရှာမရပေ။

သို့သော် ကြီးကြီးမားမား ကိစ္စမဟုတ်သောကြောင့် သူ့အစ်ကိုကြီးကိုလည်း မေးမနေတော့ပေ။

ထို့နောက် ညီအစ်ကိုနှစ်ဦးသား သူတို့၏ ခရီးကို ပုံမှန်အတိုင်း စတင်လိုက်ကြပြီး ရက်အနည်းငယ် ကြာသောအခါ ဆောင်ယန်တောင်ခြေသို့ ရောက်လာခဲ့ကြသည်။

ဆောင်ယန်တောင်သည် တာ့လန်အင်ပါယာ၏ အလွန်နာမည်ကျော်ကြားသော တောင်ကြီး ငါးလုံး အနက်မှ တစ်လုံး ဖြစ်သည်။

ထို့အပြင် အလွန်ထူးခြားသော တောင်ထွဋ် ခုနှစ်ဆယ့်နှစ်ခုထဲမှ တစ်ခုလည်း ဖြစ်နေပြန်သည်။

ဤ နာမည်ကျော် တောင်ကြီးငါးလုံး ဆိုသည်မှာ တာ့လန်အင်ပါယာမှ အမည်ပေးထားခြင်း မဟုတ်ဘဲ ယခင် အင်ပါယာများ အဆက်ဆက်က မိုးနှင့်မြေကို ယုံကြည်ကိုးကွယ်ရာမှတစ်ဆင့် အမြင့်ဆုံး တောင်ထွဋ်များသည် အလိုအလျောက် ဘုန်းကြီးလာခဲ့ခြင်းဖြစ်သည်။

ဆောင်ယန်တောင်သည် အင်ပါယာဘုရင်မင်းမြတ် တစ်ဆယ့်ခြောက်ပါးအထိ လာရောက်ဖူးသော မိုးနှင့်မြေအပူဇော်ခံရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။

ဤကမ္ဘာတစ်ခုလုံး၏ ထူးခြားသော တောင်ထွဋ် ခုနှစ်ဆယ့်နှစ်ခု အနက် တစ်ခုအပါအဝင် ဖြစ်သောကြောင့် အလွန်ထူးခြားသော နေရာတစ်ခုဟု ဆိုလျှင်လည်း မမှားပေ။

ထို့အပြင် မင်းဆက် သုံးဆက်တိုင်တိုင်က ရွှမ်ဟွမ်ဂိုဏ်း ပိုင်ဆိုင်သော နယ်မြေအဖြစ် အသိအမှတ် ပြုပေးခဲ့သော တောင်တန်းကြီး ဖြစ်သည်။

ရွှမ်ဟွမ်ဂိုဏ်း ဆိုသည်မှာ ဆောင်ယန်ဂိုဏ်း၏ မူလအစဖြစ်ဖြစ်ပြီး မိုးနှင့်မြေကို ကိုးကွယ်သူများ ဖြစ်သောကြောင့် ရွှမ်ဟွမ်ဂိုဏ်းဟု ခေါ်ဆိုခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ရွှမ်ဟွမ်ဂိုဏ်းဟူ၍ သီးခြားမရှိတော့ဘဲ ရွှမ်ဟွမ်လမ်းစဉ် ကျင့်ကြံသူများအားလုံးကို ရွှမ်ဟွမ်ဂိုဏ်းသားများဟု အလွယ်ခေါ်လိုက်ခြင်း ဖြစ်သည်။

ယခင် ဆောင်ယန်ဂိုဏ်းကို စတင်တည်ထောင်ခဲ့စဉ်က ဖုန်းဘိုးဘေးကြီး သည် ရွှမ်ဟွမ်ဂိုဏ်း၏ အရှိန်အဝါကို ယူငင်အသုံးပြုကာ ရွှမ်ဟွမ်ဂိုဏ်း အဖြစ်မှ ဆောင်ယန်ဂိုဏ်းဟု နာမည် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရွှမ်ဟွမ်ဂိုဏ်း၏ အရှိန်အဝါကို အသုံးမချခဲ့လျှင် သူသည် အလွန်ကျော်ကြားသော ကျင့်ကြံသူ တစ်ဦးပင် ဖြစ်ပင်ဖြစ်ငြားသော်လည်း ဤမျှ တန်ခိုးကြီးသော တောင်တန်းတစ်ခုကို သိမ်းပိုက်နိုင်မည် မဟုတ်ပေ။

ဆောင်ယန်ဂိုဏ်း၏ မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲနှင့် ပတ်သက်လျှင်တော့ ယင်းသည် နှစ်စဉ်နှစ်တိုင်း ကျင်းပပေးလေ့ရှိသော ပြိုင်ပွဲတစ်ခုဖြစ်သည်။

ဆောင်ယန်တောင်သည် ဤလောက၏ ထိပ်သီးဓားဂိုဏ်းကြီး ဆယ်ခုတွင် ထိပ်ဆုံးမှ ဖြစ်သလို ကျင့်ကြံခြင်းလောက၏ အသန့်ရှင်းဆုံး နေရာကြီး သုံးခုအနက်မှ တစ်ခုလည်း ဖြစ်သည်။

ပြိုင်ပွဲသို့ အနယ်နယ်အရပ်ရပ်သို့ ရောက်နေသော ဆောင်ယန်ဂိုဏ်းသားများအပြင် အခြားဂိုဏ်းများမှ လာရောက်ကြသူများလည်း လွန်စွာများပြားခြင်းကြောင့် ကြိတ်ကြိတ်တိုးအောင် စည်ကားလေ့ရှိသည်။

ယခုအချိန်သို့ ရောက်ရှိလာသည့်အခါတိုင်း ဆောင်ယန်တောင်ခြေ၌ တည်ထားသော ရွာကြီး ဆယ့်ခုနှစ်ရွာသည် လူများဖြင့် သက်ဝင်လှုပ်ရှားနေပြီး အလွန်အမင်း ပျော်ရွှင်စရာ ကောင်းသည်။

စွန်းယန်ဝမ် မှာ ဤမျှကြီးကျယ်ခမ်းနားသည့် ပွဲတစ်ခု စီစဉ်ရခြင်းကြောင့် ငွေကြေးအကုန်အကျမှာ မခန့်မှန်းနိုင်အောင် များပြားလိမ့်မည်ဟု ယူဆခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး သူ့အစ်ကိုကြီးကို မေးကြည့်သောအခါ ဖုန်းဘိုးဘေးကြီးက ဤကိစ္စအပေါ် လွန်လေပြီးသော နှစ်ကာလများကတည်းက သတ်မှတ်ပေးထားခဲ့ပြီး ဖြစ်ကြောင်း သိခဲ့ရသည်။

ဘိုးဘေးကြီးက ဖိတ်စာတစ်ရာခန့်ကိုသာ ဖြန့်ခိုင်းထားသည်။

ဖိတ်စာရရှိသူသည် သူကိုယ်တိုင်ဖြစ်စေ၊ သို့မဟုတ် အခြားသူတစ်ဦးဦးကိုဖြစ်စေ ထိုဖိတ်စာအား လွှဲပြောင်းပေးနိုင်သည်။

ဆောင်ယန်ဂိုဏ်းသည် လူတစ်ရာစာအတွက်သာ အကုန်အကျခံမည်ဖြစ်ပြီး အခြားသူများ၏ စားသောက်ရေးနှင့် တည်းခိုနေထိုင်ရေးအတွက် တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိပေ။

ဤကဲ့သို့ အသေးစိတ် အချက်အလက်များမှအစ စနစ်တကျ စီစဉ်ထားသည်ကို သိရသောအခါ စွန်းယန်ဝမ် သည် ဖုန်းဘိုးဘေးကြီး၏ ဉာဏ်အမြော်အမြင်ကြီးမှုကို အလွန် လေးစားကြည်ညို သွားရသည်။

ဤပုဂ္ဂိုလ်ကြီးသည် စီးပွားရေးဘက်တွင်လည်း အလွန်တော်သော ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့ပြန်သည်။

နှစ်စဉ်ကျင်းပသည့် ဆောင်ယန်ဂိုဏ်း၏ မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲသို့ လာရောက်ကြသူများမှာ ဂိုဏ်းအသီးသီးမှ အထွဋ်အထိပ်ကျင့်ကြံသူများနှင့် ပါရမီရှင်များသာ ဖြစ်သည်။

ကျင့်ကြံခြင်းလောက၌ “စာပေသင်ကြားသူသည် ဆင်းရဲသည်၊ သိုင်းပညာ သင်ကြားသူကသာ ချမ်းသာသည်” ဟူသော ဆိုရိုးစကားတစ်ခု ရှိသည်။

သိုင်းပညာတတ်မြောက်ထားသူ တစ်ဦးအနေဖြင့် မည်မျှ ဆင်းရဲနေသည်ဖြစ်စေ အပြင်လောကသို့ သွားရောက်ပြီး တစ်ပွဲတစ်လမ်း စီးပွားရေးလုပ်လိုက်သည်နှင့် ချက်ခြင်းကြီးပွား ချမ်းသာသွားနိုင်သည်။

ကျင့်ကြံသူများသည် မည်သည့်ခွန်အားမျှ စိုက်ထုတ်ရခြင်း မရှိဘဲ အလွယ်တကူ ငွေရှာနိုင်သူများ ဖြစ်သောကြောင့် ငွေကြေးသုံးစွဲသည့် အခါတွင်လည်း နှမျောတွန့်တိုခြင်း မရှိပေ။

မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲ ကျင်းပပြီးစီးသည့် အချိန်တိုင်း ဆောင်ယန်ဂိုဏ်း၏ အသားတင် အမြတ်ငွေမှာ ရွှေဒင်္ဂါးငါးသောင်းမှ ခြောက်သောင်းအထိ ရှိနေသည်။

ဤအတိုင်းအတာက ဂိုဏ်းတစ်ခုလုံး၏ အထွေထွေကုန်ကျစရိတ် အပါအဝင် အခြားအသုံးစရိတ် အားလုံး အတွက်ပင် နှစ်အတန်ကြာ ထောက်ပံ့ပေးထားရန် လုံလောက်သည့် ပမာဏမျိုး ဖြစ်သည်။

ကျန်းချင်းရှီ က အလွန်အံ့အားသင့်နေသည့် စွန်းယန်ဝမ် ကို ကြည့်ပြီး စိတ်ရှည်လက်ရှည် ဆက်ရှင်းပြသည်။

“ငါတို့ ဆောင်ယန်ဂိုဏ်း ဆိုတာက ကျင့်ကြံခြင်းလောကရဲ့ သမာသမတ်အရှိဆုံး ဂိုဏ်းကြီးလို့ လူသိများတယ်… ဂိုဏ်းသားတွေ အနေနဲ့ ပိုက်ဆံမရှိလို့ ချမ်းသာတဲ့အိမ်ကို သွားပြီး လုယက်ဓားပြ တိုက်တာမျိုး လုံးဝမလုပ်ဘူး…”

“မကောင်းမှု ဒုစရိုက်လုပ်ငန်းတွေကြောင့် သိပ်ကိုချမ်းသာနေတဲ့ သူမျိုးကို တိုက်ခိုက် လုယက်ရတယ် ဆိုရင်တောင် ရလာတဲ့ ငွေအားလုံးက ဆင်းရဲတဲ့ ပြည်သူတွေကို ပြန်ခွဲပေးဖို့အတွက်ပဲ ဖြစ်ရမယ်… ကိုယ်ကိုယ်တိုင် တစ်ပြားတစ်ချပ်မှ သုံးစွဲခွင့် မရှိဘူး…”

“အဲဒီလိုမှ မဟုတ်ရင် ဂိုဏ်းရဲ့စည်းကမ်းကို ဖောက်ဖျက်ရာ ကျလိမ့်မယ်… ဂိုဏ်းစည်းကမ်း ဖောက်ဖျက်တယ် ဆိုတာက ဘာမှမဟုတ်တဲ့ ကိစ္စလေးတစ်ခုပဲ… ဒါပေမဲ့ ကိုယ့်ရဲ့ အတွင်းအဇ္ဈတ္တကို ကိုယ့်ဘာသာ လိမ်ညာပြီး မကောင်းမှုတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့တာက ကိုယ်ကျင့်သီလကို လုံးဝပျက်ပြား စေတာပဲ…”

“ဒီလိုလူမျိုးတွေ များလာတဲ့အခါကျရင်တော့ ဂိုဏ်းရဲ့ နာမည်ကလည်း တဖြည်းဖြည်း ပျက်စီးလာပြီး မကောင်းမှုတွေ စုပုံလာတဲ့ နေရာတစ်ခု ဖြစ်သွားလိမ့်မယ်…”

“အဲဒါတွေကို ကြိုမြင်တဲ့ ဖုန်းဘိုးဘေးကြီးက ဂိုဏ်းရဲ့ ငွေကြေးပိုင်းကို စီမံခန့်ခွဲတဲ့အခါ ဆောင်ယန်ဂိုဏ်းရဲ့ ငွေကြေးတိုင်းဟာ တရားသဖြင့် ရရှိသော ဝင်ငွေသာ ဖြစ်ရမယ်လို့ စည်းကမ်းချမှတ်ခဲ့တယ်…”

“နောက်ပိုင်း ဒီလောကထဲကို လှည့်လည်သွားလာတဲ့အခါကျရင် ညီလေး ဒီအချက်ကို အမြဲတမ်း နှလုံးသွင်းထားပါ…”

“ခဏတာ ငွေကြေးအခက်အခဲကြောင့် ကိုယ့်ရဲ့ ကိုယ်ကျင့်သီလကို မပျက်စီးပါစေနဲ့… တစ်ကြိမ် ပျက်စီးဖူးရင် နောက်တစ်ကြိမ်ဆိုတာက လွယ်သွားပြီ… နောက်ဆုံးတော့ ဘာကိုမှ ဂရုမစိုက်တတ်တော့တဲ့ လက်မရွံ့တစ်ယောက် ဖြစ်သွားလိမ့်မယ်…”

ပြန်လည်ဝင်စားလာခဲ့ပြီးနောက် စစ်မှန်သော အထွဋ်အထိပ် ဂိုဏ်းကြီးတစ်ခု ဟူသည်မှာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်ကြောင်း စွန်းယန်ဝမ် ပထမဦးဆုံးအကြိမ် နားလည်ခဲ့ရသည်။

ဆောင်ယန်ဂိုဏ်း တည်ထောင်သူ ဖုန်းဘိုးဘေးကြီးသည် အထွဋ်အထိပ် ကျင့်ကြံသူတစ်ဦး ဖြစ်ရုံသာမက၊ ဉာဏ်အမြော်အမြင်ရှိပြီး ခေါင်းဆောင်အရည်အချင်းနှင့် ပြည့်ဝသူဖြစ်သည်။

ယခင်က ဘိုးဘေးကြီးနှင့် ပတ်သက်သည့် အကြောင်းအရာများစွာကို ကြားဖူးသော်လည်း ထူးထူးခြားခြား ခံစားချက်မျိုး မရှိခဲ့ဘဲ စွမ်းအားကြီးသူကို ရိုသေလေးစားရုံမျှသာ ဖြစ်သည်။

သို့သော် ကျန်းချင်းရှီ ၏ ပြောစကားများမှတစ်ဆင့် ဂိုဏ်းစည်းကမ်းကို ဖောက်ဖျက်ခြင်းသည် အသေးအဖွဲ ကိစ္စသာ ဖြစ်ပြီး မိမိအတွင်းစိတ် စည်းကမ်းကို ဖောက်ဖျက်ခြင်းသည်သာ လူတစ်ဦး၏ အရေးအကြီးဆုံး အချက်ဖြစ်ကြောင်း ကြားရသောအခါ ဘိုးဘေးကြီးအပေါ် သူ့၏ လေးစားကြည်ညိုမှုက နောက်တစ်ဆင့်ကို ရောက်သွားခဲ့ရသည်။

ကျန်းချင်းရှီ သည် ဆောင်ယန်ဂိုဏ်း၏ တရားဝင် တပည့်တစ်ဦး ဖြစ်သောကြောင့် တောင်ခြေရှိ ရွာများတွင် တည်းခိုစရာ မလိုအပ်ပေ။

ထိုရွာဆယ့်ခုနှစ်ရွာသည် အခြားဂိုဏ်းမှ ဧည့်သည်များ တည်းခိုရန် အတွက်သာ ဖြစ်သောကြောင့် သူသည် စွန်းယန်ဝမ် ကို ခေါ်ကာ ဆောင်ယန်တောင်ပေါ်သို့ တိုက်ရိုက်တက်လာခဲ့သည်။

တောင်၏ အတွင်းပိုင်းနေရာဖြစ်သော ဝိညာဉ်ဓားတောင်ထိပ်ကို ဦးတည်သွားခြင်း ဖြစ်သည်။

ဝိညာဉ်ဓားတောင်ထိပ် ဆိုသည်မှာ ဆောင်ယန်တောင်တန်း တစ်ခုလုံး၏ အဓိက တောင်ထွဋ်ကြီး ခြောက်ခု အနက်မှ တစ်ခုဖြစ်သလို၊ ထူးခြားဆန်းကြယ်သော တောင်ထွဋ်ခုနှစ်ဆယ့်နှစ်ခု အနက်မှ တစ်ခု အပါအဝင်လည်း ဖြစ်သည်။

ထိုတောင်ထိပ်ကို “ထူးခြားဆန်းကြယ်သော ဓားတစ်လက်သည် တစ်ကိုယ်တော်ရပ်တည်နေပြီး အရပ်ရှစ်မျက်နှာကို စိုက်ကြည့်နေသည်၊ တောင်ခြေရင်းတွင် တိမ်တိုက်များ ဖြစ်ပေါ်နေသလို မြူခိုးများကြား၌ တိမ်မြှုပ်နေခဲ့သည်” ဟူသော စာသားဖြင့် ဂုဏ်ပြုထားကြသည်။

ဝိညာဉ်ဓားတောင်ထိပ်၏ ရေတံခွန်ပုံစံဖြစ်နေသော တိမ်တိုက်များ၊ တိမ်ပင်လယ်များနှင့် တိမ်လှိုင်းများ အားလုံးက ဤလောက၏ အလှပဆုံး ရှုခင်းများသာ ဖြစ်သည်။

တောင်ထွဋ်တစ်ခုလုံး၏ အမြင့်ဆုံးနေရာတွင် ကျောင်းတော်တစ်ခု ရှိနေပြီး ဒါဇင်ခန့် အရေအတွက် ရှိသော လူထွားကြီးများက အဝင်တံခါးပေါက်ကို ပြန်လည် ပြင်ဆင်နေကြသည်။

မြေပြင်ထက်တွင် ဆိုင်းဘုတ်နှစ်ခုကို သည်အတိုင်း ချထား၏။

တစ်ခုသည် အလွန်တရာ ဟောင်းနွမ်းနေပြီး စာသားများပင် ထင်ရှားခြင်း မရှိတော့ပေ။

နောက်တစ်ခုက အလွန်သစ်လွင် တောက်ပနေကာ အနက်ရောင်အောက်ခံပြားပေါ်တွင် အပြာရောင် စာသားသုံးလုံးကို ခမ်းနားထည်ဝါစွာ ရေးထွင်းထားသည်။

“တိုင်ရီကျောင်းတော်”

All Chapters