← Chapters

“လူမက နတ်တမျှလှပသော ဝေအစ်မ”

Vol. 5 Ch. 44

“လူမက နတ်တမျှလှပသော ဝေအစ်မ”

Vol. 5 Ch. 44

ကျန်းချင်းရှီ သည် ကျောင်းတော်ဆိုင်းဘုတ် လဲလှယ်နေသော လက်သမားများကို အနည်းငယ်မျှ ဂရုစိုက်ခြင်း မရှိဘဲ စွန်းယန်ဝမ် ကို ခေါ်ကာ အတွင်းကို လျှောက်ဝင်လာခဲ့သည်။

ထိုအချိန်တွင် အလွန်သာယာ နာပျော်ဖွယ်ကောင်းသည့် ဂီတသံစဉ်ကဲ့သို့ အသံတစ်သံကလည်း သူတို့နှင့် ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာခဲ့သည်။

“ဂျူနီယာကျန်း… ပြန်ရောက်လာပြီပေါ့…”

စကားပြောနေသူက မည်သည့်နေရာတွင် ရှိမှန်း မသိရသော်လည်း ထိုအသံသည် နားထဲတွင် အကြိမ်ကြိမ် ပဲ့တင်ထပ်ကာ ရင်တစ်ခုလုံးကို လှုပ်ခတ်စေနိုင်စွမ်း ရှိသည်။

အသံအရည်အသွေးသည် ထိပ်တန်းအဆင့်တွင် ရှိနေပြီး ဈေးကွက်စကားနှင့် ပြောမည်ဆိုပါက ဈေးအကြီးဆုံး စပီကာထက်ပင် ပို၍တန်ဖိုးကြီးနိုင်သေးသည်ဟု စွန်းယန်ဝမ် တွေးလိုက်မိသည်။

ကျန်းချင်းရှီ သည် လက်သီးများကို ဆုပ်ရင်း အဝေးတစ်နေရာကို လှမ်းအရိုအသေပေးလိုက်၏။

“ဝေအစ်မ ကို နှုတ်ဆက်ပါတယ်… ဂျူနီယာ ပြန်ရောက်လာပါပြီ…”

ရုတ်တရက် စွန်းယန်ဝမ် ၏ စိတ်ထဲတွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသလို ခံစားလိုက်ရပြီး ကြွေရုပ်လေး တစ်ရုပ်ကဲ့သို့ အလွန်အမင်း ချောမောလှပသော မိန်းမပျိုတစ်ဦးကို မြင်လိုက်ရသည်။

သူမသည် ကျန်းချင်းရှီ ကဲ့သို့ ဘုန်းတော်ကြီး ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူတို့ဝင်ရောက်လာခဲ့သည့် တံခါးပေါက်မှ အထဲသို့ တစ်လှမ်းချင်း ကျက်သရေရှိစွာ လျှောက်ဝင်လာသည်။

အနည်းငယ်မျှ အပြစ်ဆိုဖွယ်ရာ မရှိသော မျက်နှာလေးသည် နံနက်ခင်း နေရောင်ခြည်အောက်တွင် လင်းထိန်တောက်ပလာသည့် မိုးကုတ်စက်ဝိုင်းကဲ့သို့ ကြည်စင်တောက်ပ လွန်းနေသည်။

သို့သော် ဘူးသီးခြောက်ဖြင့် ပြုလုပ်ထားသည်ဟု ယူဆရသော အဝါရောင် အရက်ဘူး တစ်ခုတော့ သူမ လက်ထဲတွင် ရှိနေ၏။

သူမ သူတို့အနီးသို့ ရောက်လာသောအခါ အနည်းငယ်သော အရက်နံ့ သင်းသင်းကို ရှုရှိုက်မိရုံမှအပ အခြားမည်သည့်အပြစ်မျှ ဆိုဖွယ်ရာမရှိအောင် လှပနိုင်လွန်းသူ ဖြစ်သည်။

ပင်ကိုယ်လှပသူ တစ်ဦးအနေဖြင့် ရုပ်ပျက်ဆင်းပျက် မူးရူးနေသော်လည် အလှအပကတော့ အနည်းငယ်ပင် လျော့ပါးသွားမည် မဟုတ်ပေ။ (အရက်သမားစကားကြီးပါ)

စွန်းယန်ဝမ် ၏ စိတ်ထဲတွင် အနည်းငယ် ရိုင်းစိုင်းသည့် အတွေးဆိုးတစ်ခု ချက်ခြင်း ဖြစ်ပေါ်လာသည်။

“ဒီအစ်မကြီးသာ Live လွှင့်ရင် ငါ အနည်းဆုံးတော့ တန်ဖိုးကြီး ဒုံးပျံလက်ဆောင်လောက် ပေးဖြစ်မှာ သေချာတယ်…”

အရက်ဘူးကိုင်ထားသော မိန်းမပျိုက စွန်းယန်ဝမ် ကို တစ်ချက်ကြည့်ပြီး မေးသည်။

“ဒုတိယဦးလေးက ဘယ်အချိန်တုန်းက နောက်ထပ်တပည့် တစ်ယောက်ကို လက်ခံလိုက်တာလဲ…”

စွန်းယန်ဝမ် က ပြန်ပြောရန် ဟန်ပြင်လိုက်စဉ် ကျန်းချင်းရှီ ၏ တည်ငြိမ်သော အသံက ဦးစွာ ထွက်ပေါ်လာသည်။

“သုံးလေးနှစ်လောက်တော့ ရှိပါပြီ… ဆရာ မြောက်ပိုင်းကို ခရီးသွားချိန်တုန်းက စွန်းညီလေးကို လက်ခံ ထားခဲ့တာ… ဒါပေမဲ့ ဆရာဒီမှာရှိနေတဲ့ အချိန်တွေတုန်းက မခေါ်ခဲ့ဘူး… တောင်ပေါ်က ဆင်းသွားတဲ့ အချိန်ကျမှ ညီလေးကို သူ့ဆီခေါ်ပြီး ကိုယ်တိုင် သင်ကြားပေးတာပဲ…”

အစ်ကိုကြီး၏ စကားကြောင့် သူ၏ ကျင့်ကြံမှု အချိန်ကာလက အလိုအလျောက် နှစ်အနည်းငယ် သက်တမ်းတိုးသွားပြီး စွန်းယန်ဝမ် မှာ ပြောစရာစကားများ ပျောက်ရှကုန်သည်။

ဆရာသည် သူမည်မျှကြာအောင် ကျင့်ကြံခဲ့ပြီးပြီ ဆိုသည်ကို မည်သူ့ကိုမျှ မပြောရန် မှာကြားလိုက်သော်လည်း ယင်းက တခြားဂိုဏ်းမှ လူများအတွက် ဖြစ်ကြောင်း သူက ယူဆခဲ့၏။

သူမထင်မှတ်ထားသည်က သူ့ဆရာ၏ စကားက တစ်ဂိုဏ်းတည်းသားချင်း အပေါ်တွင်လည်း ထိုကဲ့သို့သော သက်ရောက်မှုမျိုးသာ ဖြစ်နေခြင်း ဖြစ်သည်။

ဝေအစ်မကြီးက “ဪ”ဟူသော စကားတစ်ခွန်းကိုသာ ပြောပြီး ဤကိစ္စကို အလေးအနက် မထားတော့ပေ။

“ဂျူနီယာကျန်း ပြန်လာတာ တကယ်ကောင်းတယ်… အစ်မဆီကိုလာပြီး အရက်အတူတူ ကူသောက်ပေးရမယ်နော်… အစ်မက မင်းတို့ကျောင်းတော်ကို ပြန်ပြင်ပေးနေရတာနဲ့တင် အစ်မရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဘာမှ မလုပ်ဘဲ ဒီအတိုင်းပစ်ထားခဲ့ရတာ… ဂျူနီယာက အစ်မ ကျေးဇူးကို သိတတ်ဖို့လိုလိမ့်မယ်…”

သူမက ဝမ်းသာအားရနှင့် ပြောဆိုနေ၏။

ကျန်းချင်းရှီ နှင့် ထိုမိန်းမပျိုတို့ကြားမှ ဆက်ဆံရေးက လွန်စွာကောင်းမွန်ကြောင်း ထင်ရှားသည်။

ကျန်းချင်းရှီ က သူမကို ပြုံးပြပြီး သူ့ဘက်ကို လှည့်လိုက်၏။

“ဒီစီနီယာက အကြီးဆုံးဦးလေးရဲ့ တပည့်ပဲ… နာမည်က ဝေအစ်မ လို့ခေါ်တယ်… သူက ငါတို့ ဆောင်ယန်ဂိုဏ်း လက်ရှိမျိုးဆက်ရဲ့ ဂိုဏ်းချုပ်အဆင့် ကျင့်ကြံသူ သုံးဦးထဲက တစ်ဦးဆိုရင်လည်း ဟုတ်တယ်…”

“ဒါပေမဲ့ ဝေအစ်မက အရက်မရှိရင် အသက်မရှင်ဘူးဆိုတဲ့ လူစားမျိုးနော်… သူမ မူးလာလို့ရှိရင် မထင်ရင် မထင်သလို ရမ်းကားတတ်တယ်… လူတွေကိုလည်း အကြောင်းပြချက်မရှိ ရိုက်တတ်တယ်… နောက်ပိုင်း ဝေအစ်မ မူးနေတာကိုမြင်ရင် မင်း ခပ်ဝေးဝေးက ကြိုရှောင်ထားပါ…”

“မဟုတ်လို့ အစ်မကြီးရိုက်တာကို ခံရရင် ဆရာတောင် မင်းအတွက် တရားမျှတမှု ပြန်ရှာပေးနိုင်မှာ မဟုတ်ဘူး…”

ဝေအစ်မကြီးက တဟဲဟဲ ရယ်ရင်း ပြောသည်။

“ငါက ဘယ်တုန်းက အရက်မူးပြီး ရမ်းကားနေလို့လဲ… ပြီးတော့ လူတွေကိုလည်း မရိုက်တတ်ပါဘူး…”

ကျန်းချင်းရှီ က ပြုံးရုံသာ ပြုံးလိုက်ပြီး စွန်းယန်ဝမ် ကို ခေါ်ကာ ကျောင်းထဲသို့ ဝင်ရောက်လာသည်။

“ဆရာက ပြောထားတယ်… မင်းတို့ တိုင်ရီကျောင်းတော်ဟာ ဆောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုသာ ဖြစ်ပေမယ့် ဝိညာဉ်ဓားတောင်ထိပ်က တိုင်ရီကျောင်းကိုတော့ ဒီအတိုင်း ပစ်ထားလို့ မရဘူးတဲ့… အဲဒါကြောင့် ပြန်ပြင်ဖို့ တာဝန်က ငါ့ခေါင်းပေါ်ကို ရောက်လာပြီး ငါကိုယ်တိုင် ဆိုင်းဘုတ်ကို လာလဲပေးနေရတာ…”

“ငါ့မှာ လုပ်စရာကိစ္စတွေက အရမ်းများတယ်… အခုက မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲ နီးလာလို့ အချိန်နည်းနည်းလောက် ပြန်ရလာတာကြောင့် လုပ်ပေးနိုင်တာ… ဂျူနီယာကျန်း သေသေချာချာ ကြည့်လိုက်ပါဦး… အစ်မ ဘယ်လောက်တောင် စေတနာထားပြီး လုပ်ပေးထားရလဲဆိုတာ…”

ကျန်းချင်းရှီ က လက်သီးဆုပ် အရိုအသေပေးလိုက်သည်။

“ဝေအစ်မကို ကျေးဇူးအများကြီးတင်ပါတယ်…”

စွန်းယန်ဝမ် ကလည်း လိုက်ပြီး အရိုအသေပေးသည်။

“ဝေအစ်မကို ကျေးဇူးအများကြီးတင်ပါတယ်…”

ဝေအစ်မကြီးက တဟဲဟဲ ရယ်ရင်း အရက်ဘူးအဖုံးကို “ဖုံ”ခနဲ ဆွဲဖွင့်ကာ အရက်တစ်ငုံ သောက်လိုက်ပြန်၏။

ထို့နောက် သူမက နှုတ်ခမ်းကို အင်္ကျီလက်ဖြင့် သပ်လိုက်ပြီး ပြောသည်။

“ဂျူနီယာကျန်းက ဒီနှစ် မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲကို ဝင်ပြိုင်ဦးမှာလား…. ငါတို့ သုံးယောက်ကတော့ ဒီနှစ် မပြိုင်တော့ဘူး… မင်း ဝင်ပြိုင်မယ်ဆိုရင် ထိပ်ဆုံးသုံးနေရာရဖို့ မျှော်လင့်ချက်ရှိတယ်…”

ကျန်းချင်းရှီ က ဖြေသည်။

“ကျွန်တော် မပြိုင်တော့ပါဘူး… ဒါပေမဲ့ ကျွန်တော့် ညီလေးကတော့ အုပ်စု “ဂ”မှာ ဝင်ပြိုင်လိမ့်မယ်…”

ဝေအစ်မကြီး၏ မျက်နှာက အလွန်အံ့အားသင့်သွားသလို မချိတင်ကဲ ဖြစ်သွားသည့် အသံကလည်း ချက်ခြင်း ထွက်ပေါ်လာသည်။

“ဒါက တော်တော်လေး လွန်တယ်လို့ မင်းမထင်ဘူးလား… ငါတို့ဂိုဏ်းရဲ့ တစ်ဦးတည်းသော ဂိုဏ်းချုပ်ကြီး အဆင့်ရဲ့ တပည့်က ကလေးတွေထိုင်တဲ့ စားပွဲဝိုင်းမှာ သွားထိုင်စားမလို့ ကြိုးစားနေတာလား…”

“သူက ဒုတိယဦးလေးဆီမှာ သုံးလေးနှစ်လောက် ပညာသင်ထားတာပဲ… ဂျူနီယာကျန်းလောက် စွမ်းအားမကြီးရင်တောင် အုပ်စု “က”မှာ ဝင်ပြိုင်နိုင်တဲ့ အရည်အချင်းမျိုး ရှိပါတယ်…”

ဝေအစ်မကြီး က ဆက်ပြောသည်။

“ငါ သူ့ကို အုပ်စု “က” ကို ပြောင်းပေးရမယ်… နေဦး အုပ်စု “ခ” ဆိုရင် ပိုပြီး အဆင်ပြေ လောက်တယ်…”

စွန်းယန်ဝမ် နားထောင်ရင်း ဘူးသီးလုံးလောက် ဇောချွေးများ စီးကျနေသည်။

စိတ်ထဲတွင်လည်း အကြိမ်ကြိမ် ပြန်ပြောနေမိ၏။

“ကျွန်တော် တကယ် ကျင့်ကြံထားခဲ့တဲ့ အချိန်က အများကြီး မရှိသေးပါဘူး… ဆရာဆီမှာ တပည့်ခံတာလည်း လအနည်းငယ်လောက်ပဲ ရှိပါသေးတယ်… ဆယ်နှစ်လောက် ကျင့်ကြံထားတဲ့ သူတွေနဲ့ သွားပြိုင်ရင် ကိုယ့်ကိုယ်ကိုယ် သွားအထိုးခံတာနဲ့ ဘာများထူးခြားတော့မှာလဲ…”

ကျန်းချင်းရှီ ကလည်း သူ့ညီလေး၏ အခြေအနေကို အကောင်းဆုံး သိသောကြောင့် အုပ်စု “ခ”တွင် ဝင်ပြိုင်ရန် မည်သို့မျှ ခွင့်ပြုမည် မဟုတ်ပေ။

အုပ်စု “ခ” ဆိုသည်မှာ ဆယ်နှစ်နှင့်အောက် ကျင့်ကြံထားသူများ အတွက် သတ်မှတ်ထားသော အုပ်စုဖြစ်ပြီး ထိပ်ဆုံးနေရာအတွက် ရေပန်းစားသူများမှာ ဆယ်နှစ်ကို တင်းပြည့်ကျပ်ပြည့် ကျင့်ကြံထားသည့် စီနီယာ ကျင့်ကြံသူများ ဖြစ်သည်။

သူ့အနေဖြင့် ထိုအုပ်စုကို ဝင်ပြိုင်မည်ဆိုပါက ဖွတ်မရ ဓားမဆုံး အခြေအနေနှင့် ရင်ဆိုင်ရမည် ဖြစ်သလို အများတံတွေးခက်တွင် ပက်လက်မျောသွားနိုင်ဖွယ် ရှိသည်။

ကျန်းယွမ်ချောင် နှင့် ကျန်းချင်းရှီ တို့သည် ထင်ပေါ်ကျော်ကြားခြင်းကို များစွာ စိတ်ဝင်စားသူများ မဟုတ်ပေ။

သူတို့ လိုချင်သည်က စွန်းယန်ဝမ် သည် မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး ယန် နတ်ဆေးလုံး တစ်လုံး ရယူလာနိုင်ရန်သာ ဖြစ်သည်။

ထိုဆေးသည် သူ့အား ကျင့်ကြံခြင်းသက်တမ်း ငါးနှစ်ကို သက်သာစေရုံမက နောင်တွင် အထွဋ်အထိပ် ကျင့်ကြံသူဖြစ်သော ဂိုဏ်းချုပ်နှင့် ဂိုဏ်းချုပ်ကြီး အဆင့်များသို့ တက်လှမ်းသောအခါ အရေးအကြီးဆုံး အခြေခံအုတ်မြစ်ကို ချပေးလိမ့်မည် ဖြစ်သည်။

ကျန်းချင်းရှီ က အနည်းငယ် ပြုံးကာ ပြောသည်။

“ဒါက ဆရာကိုယ်တိုင် သတ်မှတ်ပေးလိုက်တာပါ… ဒုတိယညီလေးကို အုပ်စု “ဂ”မှာပဲ ဝင်ပြိုင်ဖို့ သူက တင်းတင်းကျပ်ကျပ် သတိပေးလိုက်တယ်… ကျွန်တော့်အနေနဲ့ ဆရာ့စကားကို မလွန်ဆန်ဝံ့ပါဘူး…”

ဝေအစ်မကြီး၏ မျက်နှာက လုံးဝ မှုန်မှိုင်းသွား၏။

“ဒါဆိုရင်… စွန်းညီလေးက တကယ်ကြီး အသုံးမကျသေးဘူးပဲ… ဂျူနီယာကျန်းတုန်းက အုပ်စု(ဂ)မှာ တစ်ခါမှ ဝင်မပြိုင်ခဲ့ဖူးဘူး…”

သူမက သူတို့ကိုပြောသလိုလို၊ သူ့ကိုယ်သူ ပြောနေသလိုလိုဖြင့် ပြောသည်။

စွန်းယန်ဝမ် စိတ်ထဲမှ ဒေါသတကြီး ပြောလိုက်မိ၏။

“လူချင်းတူပေမဲ့ ကျင့်ကြံရတဲ့ အချိန်က ကွာသေးတယ်လေ…”

“အစ်ကိုကြီးက ဆရာ့ဆီမှာ ဒီလောက်နှစ်တွေ အများကြီး သင်ထားပြီးမှ ဒီလိုအဆင့်မျိုး ဖြစ်လာတာ မဟုတ်ဘူးလား… ကျုပ်ရဲ့ ကျင့်ကြံမှုက အခုမှ လပိုင်းပဲ ရှိသေးတယ်… ခင်ဗျားက ဘယ်ဟာကို လာနှိုင်းယှဉ်နေတာလဲ…”

ဝေအစ်မကြီး အနေဖြင့် ဒုတိယဦးလေးသည် ဤလောက၏ အထွဋ်အထိပ် တည်ရှိမှုဖြစ်သောကြောင့် အမြင်အာရုံ အလွန်စူးရှထက်မြက်သူတစ်ဦး ဖြစ်ကြောင်း သိထားသည်။

ထိုကဲ့သို့ သူတစ်ဦးက ဤကဲ့သို့ ဘုရားဖြစ်မည့် အုတ်နီခဲအား မည်သည့်အတွက်ကြောင့် ရုတ်တရက် တပည့်အဖြစ် လက်ခံလိုက်သည်ကို စဉ်းစားမရနိုင်အောင် ဖြစ်နေသည်။

ပါရမီရှင်ဟု ဆိုရအောင်လည်း သုံးလေးနှစ် ကျင့်ကြံပြီးချိန်မှာပင် သွေးကြော ခြောက်ခုကိုသာ ဖွင့်လှစ် ထားနိုင်သေးသည်။

ယင်းက သာမန်၏ အထက်ကို ဆံချည်တစ်မျှင်စာလောက်သာ ပိုထွက်နေသော အခြေအနေ ဖြစ်သည်။

ပါရမီရှင် မဟုတ်ဟု ဆိုလျှင်လည်း ဒုတိယဦးလေးကဲ့သို့ လူမျိုးက မည်သို့မျှ တပည့်အဖြစ် လက်ခံမည် မဟုတ်ပေ။

ဤလောကရှိ ကျင့်ကြံခြင်း အဆင့်အတန်း မြင့်မားသူများ အားလုံးသည် မိမိထက် အဆင့်နိမ့်သော ကျင့်ကြံသူများ၏ ခန္ဓာကိုယ် တည်ဆောက်မှုနှင့် စွမ်းအားလှည့်ပတ်မှုတို့ကို ကောင်းစွာ သိမြင်နိုင်စွမ်း ရှိသည်။

ဝေအစ်မကြီး၏ ကျင့်ကြံမှုအဆင့်သည် ဂိုဏ်းချုပ်အဆင့် ဖြစ်သောကြောင့် စွန်းယန်ဝမ် ကဲ့သို့ ဖွတ်ကျားအဆင့် တစ်ဦးအား ခန့်မှန်းရာတွင် တစ်ရာပုံ တစ်ပုံပင် မှားနိုင်စရာ အကြောင်းမရှိပေ။

ခြွင်းချက်တစ်ခုတော့ရှိသည်။

ကောင်းကင်ယန္တရားဂိုဏ်းမှ ရှန်ထျန်းအဆင့် စွန်းယွမ်ဟဲ သည် သူ့၏ လက်ရှိအဆင့်မှ ကျဆင်း သွားသောကြောင့် တခြားသူများ၏ ကျင့်ကြံမှု အဆင့်အတန်းကို ဆုံးဖြတ်ရာတွင် မျက်မြင်နှင့် အတွေ့အကြုံပေါ် အခြေခံကာ ခန့်မှန်းနေခြင်း ဖြစ်သည်။

သို့သော် ကျန်းချင်းရှီ ကဲ့သို့ ပါရမီရှင်များ၏ အထက်မှ လူတစ်ဦးနှင့် တွေ့ဆုံသော အခါတွင်တော့ သူ့၏ အထင်နှင့်အမြင်က တက်တက်စင်အောင် လွဲချော်သွားခဲ့ရသည်။

ဝေအစ်မကြီး၏ အတွေးများက လွင့်မျောသွားပြီး စိတ်ထဲတွင်လည်း ဒုတိယဦးလေးအပေါ် မထော်မနန်း အတွေးတစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာလေသည်။

“ဒါဆိုရင် သူက ဒုတိယဦးလေးရဲ့ တိတ်တိတ်ပုန်း သားများ ဖြစ်နေတာလား… မျိုးရိုးက စွန်း… ဒါက မိခင်ဘက်က မျိုးရိုးကို ယူထားတာ ဖြစ်နိုင်လောက်တယ်…”

“ဒုတိယဦးလေးနဲ့ ညှိစွန်းခဲ့တဲ့ ကျင့်ကြံခြင်းလောကထဲက အမျိုးသမီးရဲ့ မျိုးရိုးက စွန်း ဖြစ်ဖို့ များသွားပြီ…”

“အင်း… ငါပြန်ရောက်တာနဲ့ ဒီအကြောင်းတွေကို ဦးလေးခြောက်ဆီမှာ သွားမေးမှ ရတော့မယ်… သူက ဂိုဏ်းရဲ့ သတင်းအချက်အလက်တွေကို အသေးစိတ် သိတဲ့သူဆိုတော့ သူမကို သေချာပေါက် သိနိုင်လောက်တယ်…”

ကျန်းချင်းရှီ သည် ထိုအကြောင်းအရာကို ဆက်လက်ဆွေးနွေးလိုစိတ် မရှိတော့ပေ။

သူသည် စွန်းယန်ဝမ် အား အုပ်စု(ခ)အတွင်း မည်သို့မျှ ဝင်မပြိုင်ခိုင်းရန် ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် စကားလမ်းကြောင်းကို ချက်ခြင်း လွှဲပစ်လိုက်သည်။

“ဝေအစ်မ… ကျွန်တော် ဒီတစ်ခေါက် ပြန်လာတာ နောက်ထပ် ကိစ္စတစ်ခုလည်း ရှိပါသေးတယ်…”

“ကျွန်တော် ဆရာဦးလေး အနားမှာ ခဏလောက်နေပြီး ကျင့်ကြံချင်တယ်… ခဏနေရင် အစ်မက ကျွန်တော့်ကို ဆရာဦးလေးဆီ လိုက်ပို့ပေးပါဦး… ဒီဝိညာဉ်ဓားတောင်ထိပ်ရဲ့ အုပ်ချုပ်သူ နေရာကိုတော့ ကျွန်တော့် ညီလေးက ဆက်တာဝန်ယူပါလိမ့်မယ်…”

ဝေအစ်မကြီး၏ အမူအယာက အနည်းငယ် အံ့အားသင့်သွားပြီး စွန်းယန်ဝမ် ကို နောက်တစ်ကြိမ် ကြည့်ရင်း စိတ်ထဲတွင်လည်း အတွေးများ ယောက်ယက်ခပ် သွားတော့သည်။

“ငါထင်တာ သေချာနေပါပြီ…. ဒါက ဒုတိယဦးလေးရဲ့ တိတ်တိတ်ပုန်းသားပဲ… လုံးဝသေချာတယ်… မဟုတ်လို့ရှိရင် အနာဂတ်မှာ ဂိုဏ်းချုပ်ကြီး ဖြစ်လာမယ့် ဂျူနီယာကျန်းလို လူတစ်ယောက်ကို ဘေးဖယ်ပြီး ဘာဖြစ်လို့ ဒီတောင်ထိပ်ရဲ့ တိုင်ရီကျောင်းတော်ကို ဒုတိယတပည့်ကို ပေးရမှာလဲ…”

“ဂျူနီယာကျန်းကလည်း ဒီအကြောင်းကို သိပြီးသား ဖြစ်တဲ့အတွက် သူ့ညီလေးကို အလျော့ပေး လိုက်တာပဲ ဖြစ်လိမ့်မယ်… ဆရာတပည့် အရင်းခေါက်ခေါက်ကြီး ဖြစ်နေတော့ ဂျူနီယာကျန်းက ဆရာရဲ့ တိတ်တိတ်ပုန်းသားကို ကိုယ့်ညီလေးအရင်းလို သဘောထားပြီး ခွင့်လွှတ်ပေးနိုင်တာ တကယ်ပဲ စိတ်ထားမြင့်မြတ်လွန်းတယ်…”

“ဒီကိစ္စကိုတော့ ဆရာဆီကို ငါတိတ်တိတ်ကလေး တင်ပြထားမှ ဖြစ်တော့မယ်… မဟုတ်ရင် အဲဒီအဖိုးကြီးရဲ့ ဒေါသထွက်လွယ်တဲ့ စိတ်မျိုးနဲ့ စိတ်လိုက်မာန်ပါ သွားတားနေရင် ပြဿနာတွေ တက်ကုန်လိမ့်မယ်… ဒီအရွယ်ကြီးတွေရောက်မှ အော်ကြီးဟစ်ကျယ်ကြီးတွေ ဖြစ်ရင် ဘယ်လိုမှ လူကြားလို့ မကောင်းဘူး…”

“အရင်ကတည်းက ဒုတိယဦးလေးနဲ့ သူ့ရဲ့ ဆက်ဆံရေးက သိပ်ကောင်းတာမဟုတ်ဘူး… တော်ကြာ သူ့တိတ်တိတ်ပုန်းသားကို ထပ်ပြီးဖိနှိပ်လိုက်မယ်ဆိုရင် အဖိုးကြီးနှစ်ယောက်ကြားမှာ တကယ်ပဲ တုတ်ဆွဲဓားဆွဲ အခြေအနေတွေ ဖြစ်ကုန်တော့မှာပဲ…”

ဝေအစ်မကြီးက ဆက်တိုက် ထောက်ခံသည်။

“ကောင်းတာပေါ့… ဒါက တကယ်ကောင်းတဲ့ လုပ်ရပ်ပဲ…”

စွန်းယန်ဝမ် သည် အံ့အားသင့်လွန်းသောကြောင့် စကားပင် မပြောနိုင် ဖြစ်သွားသည်။

ဤကျောင်းအား မည့်သည့်အတွက်ကြောင့် သူက အုပ်ချုပ်ရပါမည်နည်း။

ဤကဲ့သို့ နေရာမျိုးသည် သူ့ယခင်ကမ္ဘာတွင်ဆိုပါက ကြယ်ငါးပွင့်အဆင့်ဝင်သော သမိုင်းဝင် နေရာတစ်ခုဟုပင် ပြောနိုင်သည်။

သို့သော် သူ သေချာပြန်စဉ်းစားကြည့်လိုက်သောအခါ ဆရာ့ဆီတွင် တပည့်နှစ်ယောက်သာရှိပြီး အစ်ကိုကြီးသည် သူ့ကိစ္စနှင့်သူ ဖြစ်သောကြောင့် ဤနေရာကို စိတ်မဝင်စားပေ။

ထို့ကြောင့် ဤတောင်ပေါ်ကျောင်းတော်၏ ကျောင်းထိုင်ဆရာတော် နေရာကို သူက မလွှဲမရှောင်သာ တာဝန်ယူရခြင်း ဖြစ်နိုင်သည်။

လူသုံးဦး အတွေးတစ်မျိုးစီဖြင့် တိုင်ရီကျောင်းတော်ကို အတူတကွ လှည့်ပတ်ကြည့်ရှုပြီးနောက် ဝေအစ်မကြီးက အကြောင်းပြချက် တစ်ခုပေးကာ အရင်ဆုံး ပြန်ထွက်သွားသည်။

ရှင်းနေသည်က သူမသည် သူမဆရာဆီကို အမြန်ဆုံးသွားတော့မည် ဖြစ်သည်။

ဒုတိယဦးလေးတွင် တိတ်တိတ်ပုန်း သားတစ်ဦးရှိနေသည်၊ ထို့အပြင် ဆောင်ယန်တောင်၏ ဝိညာဉ်ဓား တောင်ထိပ်မှ တိုင်ရီကျောင်းတော်ကို ထိုသားအား အမွေပေးရန် စီစဉ်နေသည်ကို ပြောချင်လွန်းအားကြီးပြီး ပါးစပ်များပင် ယားနေပြီ။

သူမ၏ ဆရာသည် ဤလျှို့ဝှက်ချက်ကို မသိဘဲ ကျန်းချင်းရှီ ၏ စီစဉ်မှုကို အတင်းဝင်ရောက် တားဆီးမည်ဆိုလျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်က အလွန်ကြောက်မက်ဖွယ်ကောင်းပြီး အခြေအနေများ ထိန်းမနိုင် သိမ်းမရ မဖြစ်ခင် သူမဆရာ သိကိုသိမှ ရပေမည်။

All Chapters