“ဆောင်ယန်ဂိုဏ်း ခေါင်းဆောင်နှင့် တိုင်ရီ၏ ကျောင်းထိုင်ဆရာတော်”
Vol. 5 Ch. 45
စွန်းယန်ဝမ် သည် ဝိညာဉ်ဓားတောင်ထိပ်ရှိ တိုင်ရီကျောင်းတော်ကို တစ်ပတ်ပတ်ပြီးနောက် အလွန် စိတ်လှုပ်ရှားနေခဲ့သည်။
ဤကျောင်းသည် ဝိညာဉ်ဓားတောင်ထိပ်၏ အမြင့်ဆုံးနေရာတွင် တည်ရှိပြီး ဧကအနည်းငယ် ကျယ်ဝန်းသည့် မြေပြန်ကုန်းမြင့်ကြီး တစ်ခုဖြစ်သည်။
ကျိုက်ထီးရိုးဘုရားဖူး သွားသူများအနေဖြင့် ဘုရားပေါ်မှ မြင်နိုင်သည့် ရှုခင်းများကို အထင်ကြီးမည်မှာ သေချာပြီး ဤနေရာ၏ ပထဝီဝင် အနေအထားကလည်း ထိုနေရာနှင့် အနည်းငယ် ဆင်တူသည်။
ရှန်တုန်းဒေသ အုပ်ချုပ်ရေးမှူး ချန်းယီ က ကဗျာတစ်ပုဒ် ရေးသားခဲ့ဖူးသည်။
“ကောင်းကင်တံခါးကို အလွှာတစ်ဆယ့်နှစ်လွှာထိ မြင်ရပြီး လေထဲတွင် လှပစွာ ပျံဝဲနေသည်၊ လှေကားမပါဘဲ အဆင့်တစ်ထောင်အထိ တက်နိုင်သလို မြှားထည့်သည့် အပေါက်တစ်ပေါက်သာ ဖြတ်သန်းနိုင်သည်။
လေသည် သိမ်းငှက်၏ အတောင်အပြင်ဘက်တွင် တိုက်ခတ်နေပြီး နေရောင်သည် ပင်လယ်လှိုင်းများကြားတွင် တောက်ပနေသည်။ ကောင်းကင်တံခါးကို မေးခွန်းထုတ်ဝံ့သူမရှိ။ နီညိုရောင်တိမ်တိုက်များကိုသာ နတ်ဘုရားနန်းတော်ဟု မှတ်ယူရမည်”
ဤနေရာတွင် ဝိညာဉ်ဓားတောင်ထိပ်ထက် ပိုမြင့်သော တောင်ထိပ်မရှိတော့ပေ။
တိုင်ရီကျောင်းတော်တွင် ကျောင်းငယ်လေးများ ခုနှစ်ကျောင်း၊ ရှစ်ကျောင်းခန့်ရှိပြီး ခြံစည်းရိုးများဖြင့် ကာရံထားကာ ရွှမ်ဟွမ်ဂိုဏ်း၏ အခြား ဘုန်းတော်ကြီး နှစ်ရာကျော် နေထိုင်နေကြသည်။
ထိုဘုန်းတော်ကြီး အားလုံးသည် ဆောင်ယန်ဂိုဏ်းထဲတွင် နေထိုင်ကြသူများ ဖြစ်သော်လည်း ဆောင်ယန်ဂိုဏ်း၏ တပည့်များ မဟုတ်ပေ။
သူတို့အားလုံးသည် ကျောင်းတော်၏ နေစဉ့် ဝေယျာဝစ္စများ လုပ်ဆောင်ပေးသလို ခြံဝန်းများကို သန့်ရှင်းရေး လုပ်ခြင်းနှင့် ဘိုးဘေးသုံးဦးကို အရိုအသေပေးခြင်းများ လုပ်ဆောင်ကြသည်။
အမှန်တကယ်တော့ ဤလောကတွင် ဘိုးဘေးသုံးဦးဟူ၍ မရှိပါ။
ထိုသူများ ပူဇော်နေသည့် ဘိုးဘေးများ ဆိုသည်မှာ ဆောင်ယန်ဘိုးဘေး၊ ထိုက်ချင်ဘိုးဘေး နှင့် ကျောက်စိမ်းဘုရင် ဘိုးဘေးတို ဖြစ်ကြပြီး ၎င်းတို့သည် တာအိုဂိုဏ်းများ အားလုံး၏ မူလတည်ထောင်သူများသာ ဖြစ်သည်။
ကျန်းချင်းရှီ သည် စွန်းယန်ဝမ် ကို ခေါ်ကာ ဘိုးဘေးသုံးဦးကို အရိုအသေ ပေးပြီးနောက် ဝိညာဉ်ဓား တောင်ထိပ်မှ ဆင်းလာပြီး ဆောင်ယန်တောင်တန်းများ အနက်မှ အခြား အဓိက တောင်ထိပ်တစ်ခုဖြစ်သော မဟာဆောင်ယန်တောင်ထိပ်ကို တက်လာခဲ့သည်။
မဟာဆောင်ယန်တောင်ထိပ်သည် ဆောင်ယန်ဂိုဏ်း၏ အဓိကတောင်ထိပ်ကြီး ဖြစ်ပြီး အမြင့်ဆုံး မဟုတ်သည့်တိုင် အခမ်းနားဆုံး နှင့် အထည်ဝါဆုံး ဖြစ်သည်။
ကျောင်းဆောင်များ ဆောက်လုပ်ရန် မြေနေရာလွတ် များစွာလည်း ရှိနေသည်။
တောင်ခြေမှ တောင်ထိပ်အထိ စုစုပေါင်း ကျောင်းဆောင် နှစ်ဆယ့်ရှစ်ကျောင်းအထိ ရှိနေပြီး ဤနေရာသည် ဆောင်ယန်ဂိုဏ်း၏ ဂိုဏ်းချုပ်(ဝါ) ဂိုဏ်ခေါင်းဆောင် ဖြစ်သူ ချုံယန်ဘုန်းတော်ကြီး ဝမ်ရွှမ်ကွေ့ နှင့် ဂိုဏ်း၏ အဓိက အကြီးအကဲများ နေထိုင်ရာ တောင်လည်း ဖြစ်သည်။
တောင်တစ်လုံးနှင့် တစ်လုံးကြား အကွာအဝေးမှာ လွန်ဟွ,အလှမ်းဝေးသောကြောင့် ညီအစ်ကိုနှစ်ဦးသည် အခြားဘာမျှ မလုပ်ရသေးမီ တောင်နှစ်တောင်ကြားမှာပင် အချိန်များစွာ ကုန်ဆုံးသွားသည်။
မဟာဆောင်ယန်တောင်ထိပ်ရှိ ဒူးအော့ကျောင်းတော်သို့ ရောက်သောအခါ ချုံယန်ဘုန်းတော်ကြီး ဝမ်ရွှမ်ကွေ့ နှင့် ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရသည်။
စွန်းယန်ဝမ် အမှန်ပင် မျက်လုံးများ ပြူးကျယ်ထွက်သွား၏။
ဤအကြီးဆုံးဦးလေး၏ မျက်နှာသည် တစ်ခဏအတွင်းမှာပင် ပုံစံမျိုးစုံ ပြောင်းလဲနေသည်။
တစ်ခါတရံ ဖယောင်းဝါရောင်မှ ချက်ခြင်း အစိမ်းရောင်၊ တစ်ဖန် ပတ္တမြားကဲ့သို့ အနီရောင်၊ ထို့နောက် ပိုးသားဖြူရောင်၊ နောက်တစ်ဖန် မီးခိုးရောင်၊ ခရမ်းပြာရောင် အစရှိသည်ဖြင့် ကာလာမျိုးစုံ ပြောင်းလဲနေသည်ကို မြင်လိုက်ရသည်။
ထိုမြင်ကွင်းက သူ့ကို အလွန်အမင်း အံအားသင့်သွားစေပြီး စိတ်ထဲတွင်လည်း တီးတိုးရေရွတ် လိုက်မိသည်။
“ဒီအကြီးဆုံး ဦးလေး ကျင့်ကြံနေတဲ့ ကျင့်စဉ်က ဘယ်လောက်တောင် အထွဋ်အထိပ် ရောက်နေလိုက်လဲ မသိဘူး… ခဏလေး အတွင်းမှာတောင် အရေပြားကို ဒီလောက်အရောင်တွေ ပြောင်းလဲနိုင်စွမ်း ရှိနေတယ်…”
ဂိုဏ်းခေါင်းဆောင် ဝမ်ရွှမ်ကွေ့ ၏ စိတ်ထဲတွင်တော့ သူ့၏ ဒုတိယညီနှင့် စွန်းမျိုးရိုးရှိသော ထိုကလေး ပေါက်စနကို ဆွေခုနှစ်ဆက် မျိုးဆက်ခုနှစ်ဆက် မိုးမွှန်နေအောင် ဆဲဆိုပြီးနေချေပြီ။
သို့သော် အပြင်ဘက်တွင်တော့ ဂိုဏ်းခေါင်းဆောင်ဆိုသော ဂုဏ်သိက္ခာကြီး ရှိနေသောကြောင့် မျက်နှာကို အတင်းဟန်လုပ် ထိန်းသိမ်းနေရပြီး သွားကြားထဲမှ ထွက်လာသော စကားများကို အတင်းညှစ်ထုတ်ရင်း ပြောဆိုနေ၏။
“ဒီကိစ္စကို ငါခွင့်ပြုတယ်…”
“ဒီနေ့ကစပြီး စွန်းယန်ဝမ် ဆိုတဲ့ မင်းက ဝိညာဉ်ဓားတောင်ထိပ်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်သွားပြီ… တိုင်ရီကျောင်းတော်ကို မင်း အုပ်ချုပ်လို့ရပြီ…”
“တိုင်ရီကျောင်းရဲ့ ကျောင်းထိုင်ဟာ ဆောင်ယန်ဂိုဏ်းသား ဖြစ်ဖို့လိုတယ်… အဲဒါကြောင့် မင်းသည်… ဆဌမဦးလေးဆီမှာ တပည့်ခံပြီး သူ့ကို စာရွက်စာတမ်းတွေ ပြင်ဆင်ခိုင်းပါ… ပြီးရင် အင်ပါယာ မှတ်တမ်းဌာနကို တင်ပြပါ… စာရွက်စာတမ်းတွေ ပြန်ကျလာတဲ့အခါကျရင် မင်း တရားဝင် ဖြစ်ပြီ…”
ရွှမ်ဟွမ်ဂိုဏ်း၏ ဓလေ့နှင့် ဆောင်ယန်ဂိုဏ်း၏ အစဉ်အလာများက မတူညီသောကြောင့် ဆောင်ယန် ဂိုဏ်းသားတစ်ဦး ဖြစ်လာရန် ဆောင်ယန်ဂိုဏ်း၏ ဆရာသခင်တစ်ဦး လိုအပ်ပေသည်။
ဝမ်ရွှမ်ကွေ့ သည် သူကိုယ်တိုင် တပည့်လက်ခံပေး၍ ရသော်လည်း စွန်းယန်ဝမ် အပေါ် အမြင်မကြည်လင်မှုကြောင့် ဆောင်ယန်ဂိုဏ်းတွင် ရှိနေသော ဆရာတူညီအစ်ကို ခြောက်ဦးအနက်မှ ဆဌမမြောက် ညီဖြစ်သူ ယင်ပိုင်လျန် ထံကို ဘော်ဘီဘောပုတ်လိုက်ခြင်း ဖြစ်သည်။
အင်ပါယာ၏ တော်ဝင်မိသားစုသည် ဂိုဏ်းများ၏ အတွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိသော်လည်း ဆောင်ယန်ဂိုဏ်းသည် အင်ပါယာ၏ မှတ်တမ်းဌာနအတွင်း တရားဝင် ရှိနေသည့် ဂိုဏ်းဖြစ်သောကြောင့် ရာထူးပေးအပ်ခြင်းနှင့် ကျောင်းထိုင်ခန့်အပ်ခြင်းတို့ကဲ့သို့ ကိစ္စများတွင် တရားဝင် စာရွက်စာတမ်းများ လိုအပ်သည်။
ဤကဲ့သို့ အသေးအမွှားကိစ္စများသည်လည်း ယင်ပိုင်လျန် ၏ တာဝန်သာ ဖြစ်သောကြောင့် အားလုံးကို သူ့ဆီသို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။
အကြီးဆုံးဦးလေးကို ကျေးဇူးတင်စကား ပြောဆိုပြီးနောက် ကျန်းချင်းရှီ သည် စွန်းယန်ဝမ် ကို ခေါ်ကာ ဒူးအော့ကျောင်းတော်မှ ထွက်လာခဲ့ကြသည်။
ထိုအချိန်တွင် ပြုံးပြုံးရွှင်ရွှင်နှင့် ရောက်ရှိလာသော ဝေအစ်မကြီး ၏ အသံကို ကြားလိုက်ရပြန်သည်။
“ခုနက ငါ့ဆရာကို မင်းတို့နဲ့ပတ်သက်ပြီး ကောင်းတဲ့စကားတွေ အများကြီး ပြောထားပေးခဲ့တယ်… အခုလို ကိစ္စအားလုံး ချောချောမွေ့မွေ့နဲ့ ပြီးသွားတယ်ဆိုတာက အစ်မရဲ့ လုပ်ဆောင်ချက်လည်း အများကြီး ပါတယ်နော်…”
ကျန်းချင်းရှီ က ရယ်ပြီး ပြောသည်။
“ဝေအစ်မကို ကျေးဇူးအထူးတင်ပါတယ်…”
ဝေအစ်မကြီးက ထပ်ပြောသည်။
“အခုက အချိန်တော်တော်လင့်နေပြီ… ခဏနေရင်ပဲ မှောင်တော့မှာ… မင်းတို့ ဝိညာဉ်ဓား တောင်ထိပ်ကို ပြန်မယ်ဆိုရင် ညဉ့်နက်ပိုင်းလောက်မှ ရောက်သွားလိမ့်မယ်… အဲဒီတော့ ငါ့ရဲ့ လင်ထျန်းကျောင်းတော်မှာပဲ တစ်ညလောက် အိပ်သွားကြ… မနက်ကျမှ ပြန်ကြတော့…”
ကျန်းချင်းရှီ က ရယ်မောလိုက်၏။
“အစ်မရဲ့ ကျောင်းက အမျိုးသမီးတွေချည်းပဲ နေတဲ့ကျောင်းလေ… ကျွန်တော်တို့ ယောက်ျားသား နှစ်ယောက်က ဘယ်လိုလုပ်ပြီး နေလို့ အဆင်ပြေမှာလဲ… ကျွန်တော်တို့ တခြား အစ်ကိုကြီး တစ်ယောက်ယောက်ရဲ့ ကျောင်းမှာပဲ ဒီတစ်ည တည်းခိုလိုက်ပါမယ်…”
ဝေအစ်မကြီးက အနည်းငယ်ပြုံးလိုက်သည်။
“မင်းတို့နှစ်ယောက်ကပေါ့… မင်းတို့မှာ အမွှေးတောင် စုံအောင်ပေါက်သေးလို့လား… ဘာတွေကို စိတ်ပူနေတာလဲ…”
“ကဲပါ ထားလိုက်ပါတော့… ဒီလိုဆိုရင် မင်းတို့ကို စီမာညီလေးရဲ့ ကျီယိုကျောင်းတော်ကိုပဲ လိုက်ပို့ပေးတော့မယ်…”
ဤတစ်ကြိမ်တွင်တော့ ကျန်းချင်းရှီ လည်း မငြင်းတော့ဘဲ ဝေအစ်မကြီးနောက်သို့ လိုက်ပါလာခဲ့သည်။
တောင်ပေါ်လမ်းကို နာရီဝက်ခန့်ကြာအောင် ကွေ့ပတ်လျှောက်လာခဲ့ပြီးနောက် စိတ်ငြိမ်အေးချမ်းသည့် ကျောင်းတစ်ကျောင်းကို ရောက်လာကြသည်။
ဝေအစ်မကြီးက တံခါးခေါက်လိုက်သောအခါ ကလေးတစ်ဦး ထွက်ပေါ်လာပြီး သူမကို မြင်သည်နှင့် ၎င်း၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားပြီး အလျင်အမြန် အော်ဟစ်ကာ ထွက်ပြေးသွားသည်။
“ဆရာ… ဆရာ… ဝေအစ်မကြီး ရောက်လာပြန်ပြီ…”
ဝေအစ်မကြီးက တဟဲဟဲ ရယ်ရင်း ပြောသည်။
“ဒီကလေးက တော်တော် ဆိုးတာပဲ… ငါ့ကို မြင်တာနဲ့ ဘာဖြစ်လို့ ထွက်ပြေးသွားလဲ မသိဘူး…”
ခဏကြာသောအခါ အသက်သုံးဆယ်ကျော် အရွယ်ရှိသော ရသေ့တစ်ဦး ပေါ့ပေါ့ပါးပါး အမူအယာနှင့် ထွက်လာပြီး ကျန်းချင်းရှီ ကို မြင်သောအခါ အလွန်အံ့အားသင့်သွားသည်။
“ဂျူနီယာကျန်း ဘာဖြစ်လို့ တောင်ပေါ်ကို ပြန်တက်လာတာလဲ… ဂိုဏ်းက ပြိုင်ပွဲမှာ ဝင်ပြိုင်ဦး မလို့လား…”
ဝေအစ်မကြီးက ဖြတ်ပြော၏။
“ဂျူနီယာကျန်းက ဒီပြိုင်ပွဲမှာ မပြိုင်ပါဘူး…”
ထိုဘုန်းတော်ကြီးက စိတ်သက်ရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ကို “ဝှီး”ခနဲ မှုတ်ထုတ် လိုက်သည်။
“ဒါဆိုရင်တော့ တော်ပါသေးတယ်….”
ဝေအစ်မကြီး၏ မျက်နှာက မဲ့ရွဲ့သွားပြီး ကောက်ကာငင်ကာ ပြောသည်။
“မင်းကလည်း အရည်အချင်း မရှိလိုက်တာ… ဘာဖြစ်လို့ ဂျူနီယာကျန်းကို ချီးထွက်မတတ် ကြောက်နေရတာလဲ…”
စီမာဘုန်းတော်ကြီး အိုးတိုးအမ်းတမ်း အခြေအနေနှင့် ခက်ခက်ခဲခဲ ပြန်ဖြေလိုက်ရ၏။
“ကျွန်တော့်ဆီမှာ အခု တပည့်တွေ ရှိနေပြီလေ… တပည့်ရဲ့ တပည့်တွေလည်း ရနေပြီ… ပြိုင်ပွဲမှာ ကျွန်တော့်ထက် အသက်နှစ်ဆယ်နီးပါးလောက် ငယ်တဲ့ ဂျူနီယာရဲ့ လက်ချက်နဲ့ ရှုံးသွားရင် ကျွန်တော့် တပည့်တွေကို ဘယ်မျက်နှာနဲ့ ရင်ဆိုင်ရမှာလဲ…”
“ဒါက ကျွန်တော်ထက် အသက်ကြီးပြီး အချိန်အကြာကြီး ကျင့်ကြံထားတဲ့ တပည့် အကြီးဆုံးတွေ ဆီမှာ ရှုံးတာနဲ့လည်း မတူဘူး… အသက်ချင်း မတိမ်းမယိမ်း ဂိုဏ်းတူညီအစ်ကိုတွေ ဆီမှာ ရှုံးတာနဲ့လည်း မတူဘူးလေ….”
စီမာဘုန်းတော်ကြီးက ညည်းငြူပြောဆိုနေသော်လည်း ကျန်းချင်းရှီ မှာ တည်းခိုရန် လာရောက်ခြင်း ဖြစ်ကြောင်း သိသွားသောအခါ အလွန်အမင်း ပျော်ရွှင်သွားပြီး မကျေမနပ်နှင့် ပြောသည်။
“အဲဒါကို စောစောက မပြောဘူး… ဂျူနီယာကျန်းသာ ကျွန်တော့်ကျောင်းမှာ နေမယ်ဆိုရင် ဘယ်နှစ်နှစ်ပဲနေနေ ကိစ္စမရှိဘူး… ဝေအစ်မက ဘာကိစ္စနဲ့ လိုက်လာရတာလဲ…”
“ကျွန်တော့်တပည့်တွေနဲ့ မြေးတပည့်တွေကို ထွက်မပြေးပြေးအောင် တမင်တကာ ခြောက်လှန့်ဖို့ လိုက်လာတာ မဟုတ်လား…”
“ဝေအစ်မ အရက်မူးပြီး ပြဿနာရှာဖို့ နေရာ ရှာမရတိုင်း ကျွန်တော့် ကျောင်းကို ရောက်ရောက်လာပြီး နှိပ်စက်နေသလားတောင် ထင်ရတယ်…”
စီမာဘုန်းတော်ကြီးက သူမကို အပြစ်တင်သည့် လေသံဖြင့် ပြောနေသော်လည်း ဝေအစ်မကြီးက အနည်းငယ်မျှ ဂရုစိုက်ခြင်း မရှိပေ။
သူမသည် ကျန်းချင်းရှီ ကို စကားအနည်းငယ် ပြောဆိုပြီးနောက် ချက်ခြင်း ပြန်ထွက်သွားသည်။
စီမာဘုန်းတော်ကြီးလည်း အနည်းငယ် စိတ်အေးသွားပြီး ကျန်းချင်းရှီ နှင့် စွန်းယန်ဝမ် တို့ကို ကျောင်းထဲသို့ ခေါ်လာကာ စွန်းယန်ဝမ် မှာ မည်သူဖြစ်ကြောင်း မေးမြန်းသည်။
ကျန်းချင်းရှီ က ရှင်းပြလိုက်ပြီး ဝေအစ်မကြီးကို သူတို့ လှည့်စားထားခဲ့သည့် အခြေအနေ တချို့ကိုပင် ပြောပြလိုက်၏။
စီမာဘုန်းတော်ကြီးမှာလည်း ဤညီလေးသည် ဒုတိယဦးလေး၏ တိတ်တိတ်ပုန်းသား ဖြစ်သည်ဟုသာ ထင်မှတ်သွားပြန်သည်။
သူက စိတ်ထဲတွင် တေးမှတ်ထားလိုက်၏။
“ဒီကိစ္စကို ငါ သိထားပေမယ့် ဒုတိယဦးလေးရဲ့ မျက်နှာမပျက်အောင် ဘယ်သူ့ကိုမှ သွားပြောလို့ မဖြစ်ဘူး…”
“ပြီးတော့ စွန်းညီလေးက သုံးလေးနှစ်လောက် ကျင့်ကြံထားပြီးတာတောင်မှ ဒီအဆင့်ပဲ ရှိသေးတယ် ဆိုတော့ နောင်ဆိုရင် သူ့သိုင်းပညာအဆင့်က စတုတ္ထအဆင့် ဒါမှမဟုတ် ပဉ္စမအဆင့်လောက် အထိပဲ ရောက်နိုင်လောက်တယ်…”
“ဒီလိုမျိုးအဆင့်နဲ့ တိုင်ရီကျောင်းတော်ကို အုပ်ချုပ်ဖို့ဆိုတာက တော်တော်လေးတော့ မလွယ်လှဘူး…”
“နောက်ကျမှ ငါ့တပည့်တွေနဲ့ မြေးတပည့်တွေထဲက တချို့တစ်ဝက်ကို အဲဒီကို ပို့ပေးထားရမယ်… တစ်ခုကတော့ သူ့ကို ကူညီရမှာပေါ့လေ… နောက်တစ်ခုက သူတို့အတွက် ကောင်းမွန်တဲ့ လမ်းစတွေ ဖန်တီးနိုင်ဖို့ပဲ…”
“ဘယ်လိုပဲဖြစ်ဖြစ် တိုင်ရီကျောင်းတော် ဆိုတာက ဝိညာဉ်ဓားတောင်ထိပ်ရဲ့ ကျောင်းတော်ဖြစ်တဲ့ အတွက် လာရောက်ကိုးကွယ်သူတွေ အရမ်းများတယ်… ဒါက ငါတို့ ကျီယိုကျောင်းတော် ယှဉ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး…”
စီမာဘုန်းတော်ကြီးသည် မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ဖြစ်သောကြောင့် သူတို့နှစ်ဦးအတွက် နေရာစီစဉ်ပေးပြီးသည်နှင့် ပြန်လည်ကျင့်ကြံရန် ချက်ခြင်း ထွက်ခွာသွားသည်။
စွန်းယန်ဝမ် သည် ဆောင်ယန်ဂိုဏ်း အတွင်း ပထမဦးဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သောကြောင့် သူ့အတွက် အရာရာတိုင်းက အသစ်အဆန်းများသာ ဖြစ်နေ၏။
ဂိုဏ်းကြီးများ၏ အတွင်းရေး ပဋိပက္ခသည် သူသိထားသလို ရှုပ်ထွေးပွေလီနေခြင်းမျိုး မရှိပေ။
ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ဝမ်ရွှမ်ကွေ့ သည် အနည်းငယ် မျက်နှာထား တင်းသော်လည်း သူ့ဆရာနှင့် ရန်ငြိုးရန်စ ရှိနေသောကြောင့် ယင်းက ပုံမှန်သာဖြစ်သည်။
အခြားသူများဖြစ်သော ဝေအစ်မကြီးနှင့် စီမာအစ်ကိုကြီးတို့၏ ပုံစံများက အလွန်နှစ်လိုဖွယ်ကောင်းပြီး ကျန်းချင်းရှီ နှင့် သူတို့ကြားမှ ပြောစကားများကို နားထောင်ခြင်းအားဖြင့် ၎င်းတို့၏ ရင်းနှီးမှုသည် မည်သို့မျှ သာမန်မဖြစ်နိုင်ပေ။
သူတို့နေရမည့် နေရာကို ရောက်လာပြီးနောက် စွန်းယန်ဝမ် သည် သူ့၏ နိစ္စဓူဝ အလုပ်ဖြစ်သော ကျင့်ကြံမှုကို ချက်ခြင်း ပြန်စတင်လိုက်သည်။
ပထမဆုံးအနေဖြင့် အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို လေ့ကျင့်လိုက်ပြီး ရွှေအရွတ်မရီဒန် ကျင့်စဉ်ကို အနည်းငယ် လေ့ကျင့်ဦးမည်ဟု စဉ်းစားနေစဉ် အခန်းအပြင်မှ အသံတစ်သံကို ကြားလိုက်ရသည်။
“ကျေးဇူးအများကြီးတင်ပါတယ် ကိုယ်တော်…”
အသံက အဖိုးအိုတစ်ဦး၏ အသံဖြစ်ပြီး အလွန်ရင်းနှီးမှုရှိနေသောကြောင့် တံခါးဖွင့်ကြည့် လိုက်သောအခါ အဖိုးကြီး စွန်းယွင်ဟဲ ကို တွေ့လိုက်ရသည်။
ဤကောင်းကင်ယန္တရားဂိုဏ်း စွန်းမိသားစုမှ ခေတ်ဟောင်းကျင့်ကြံသူ စွန်းအဖိုးအိုက သူ့ကို မြင်သောအခါ အနည်းငယ် ဝမ်းသာသွားပြီး စိတ်ထဲတွင်လည်း တွေးလိုက်မိသည်။
“ဪ… လက်စသတ်တော့ သူတို့နှစ်ယောက်စလုံးက စီမာဘုန်းတော်ကြီးရဲ့ တပည့်တွေ ဖြစ်နေတာကို…”
စွန်းယန်ဝမ် က အပြုံးနှင့် နှုတ်ဆက်သည်။
“အဖိုး ဒီမှာပဲ တည်းခိုမလို့လား…”
စွန်းယွင်ဟဲ က ပြောသည်။
“နန်မန်ညီအစ်မတွေရဲ့ အကြီးဆုံးအစ်မက ဧကရီဝေ (ဝေအစ်မ) ရဲ့ တပည့်ပါ… အခု သူမက တောင်ပေါ်ကို ပြန်ရောက်လာပြီဆိုတော့ သူ့ဆရာဆီ ပြန်သွားပြီလေ… တခြားညီအစ်မတွေလည်း ပါလာတာကြောင့် သူတို့အကုန်လုံးက ဝေသူတော်စင်ရဲ့ လင်ထျန်းကျောင်းတော်မှာ တည်းခိုလိမ့်မယ်…”
“လင်အာကိုလည်း ဝေသူတော်စင်က သူ့ဆီမှာပဲ အိပ်ခိုင်းထားတယ်… ငါကတော့ အဖိုးကြီး ဖြစ်နေတဲ့အတွက် ဒီနေရာကို ရောက်လာခဲ့တာပဲ… မင်းတို့နဲ့ တွေ့မယ်လို့တော့ လုံးဝ ထင်မထားမိဘူး…”