← Chapters

“အောက်လမ်းဂိုဏ်းချုပ် ရန်ဝူကျိ ရေးသော စာတစ်စောင်”

Vol. 5 Ch. 46

“အောက်လမ်းဂိုဏ်းချုပ် ရန်ဝူကျိ ရေးသော စာတစ်စောင်”

Vol. 5 Ch. 46

စွန်းယန်ဝမ် က အနည်းငယ် စပ်စုချင်စိတ်ဖြင့် မေးကြည့်သည်။

“ဒါဆို ဟိုဆယ်ယောက်ကျော်လောက်ရှိတဲ့ လူငယ်လေးတွေကကော…”

စွန်းအဘိုးအိုက အနည်းငယ် ပြုံးရင်း ဖြေသည်။

“သူတို့အားလုံးကတော့ တောင်ခြေက ရွာတွေမှာပဲ တည်းခိုကြတယ်…”

သူက “ဪ”ဟူသော တစ်ခွန်းကိုသာ ပြန်ပြောလိုက်ပြီး အခြေအနေကို အကြမ်းဖျင်း နားလည်သွားသည်။

နန်မန်တန် သည် ဝေအစ်မကြီး၏ တပည့်ဖြစ်သောကြောင့် သူ့၏ ညီအစ်မများကိုလည်း သူ့ဆရာ၏ နေရာသို့ ခေါ်ဆောင်လာနိုင်သည်။

စွန်းယွမ်ဟဲ မှာ ထိပ်သီးကျင့်ကြံသူ တစ်ဦးဖြစ်သောကြောင့် လက်ရှိ သူ့၏ ကျင့်စဉ် အဆင့်က မည်သို့ပင် ရှိသည်ဖြစ်စေ ကျင့်ကြံခြင်းလောကတွင် ထင်ရှားကျော်ကြားဆဲသာ ဖြစ်သည်။

ထို့ကြောင့် သူ့၏ ဂုဏ်ပုဒ်ကို ထောက်ထားသောအားဖြင့် ကျီယိုကျောင်းတော်က တည်းခိုခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

ထိုအထက်တန်းလွှာမှ လူငယ်များကတော့ ထိုမျှလောက် ဂုဏ်ဒြပ်မြင့်မားခြင်း မရှိသေးသောကြောင့် တောင်ခြေရွာများ၌သာ တည်းခိုကျန်ခဲ့ရခြင်း ဖြစ်သည်။

စွန်းယန်ဝမ် သည် ဆက်လက်ကျင့်ကြံရဦးမည် ဖြစ်သောကြောင့် စွန်းအဖိုးအိုကို နှုတ်ဆက်လိုက်ပြီး အခန်းအတွင်းသို့ ပြန်ဝင်လာခဲ့သည်။

စွန်းယွမ်ဟဲ သည် ဘုန်းတော်ကြီးတစ်ဦး၏ လမ်းပြခေါ်ဆောင်မှုနောက်သို့ လိုက်ပါသွားပြီး ကျောင်းတော်မှ ဧည့်သည်များအတွက် စီစဉ်ပေးထားသော အခန်းတစ်ခုသို့ ရောက်လာခဲ့သည်။

နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်သောအခါ ကျန်းချင်းရှီ သည် စွန်းယန်ဝမ် ကို လာရောက် ခေါ်ဆောင်ပြီး ဆဌမဦးလေး ယင်ပိုင်လျန် ကို ရှာဖွေရန် ညီအစ်ကိုနှစ်ဦးသား အခြားတောင် တစ်တောင်ဆီသို့ ထွက်ခွာလာခဲ့ကြ၏။

ယင်ပိုင်လျန် သည် အသက်သုံးဆယ်ကျော် အရွယ်ခန့်သာရှိသော အမျိုးသားတစ်ဦးကဲ့သို့ အလွန်နုပျိုပြီး၊ ကြံ့ခိုင်သန်စွမ်းသော ရုပ်ခန္ဓာနှင့် ကြည်လင်သန့်စင်သော မျက်နှာကို ပိုင်ဆိုင်ထားသည်။

မျက်လုံးများက သိမ်းငှက်တစ်ကောင်၏ အကြည့်ကဲ့သို့ စူးရှတောက်ပနေပြီး အရာရာကို ထိုးဖောက် မြင်နိုင်စွမ်း ရှိသလို ထင်ရသည်။

ဤဆောင်ယန်ဂိုဏ်း၏ ဆဌမဦးလေးသည် ကျင့်ကြံခြင်းလောကတွင် အလွန်ချောမော ခန့်ညားသော အမျိုးသား ကျင့်ကြံသူတစ်ဦးအဖြစ် အားလုံး၏ တညီတညွတ်တည်း ထောက်ခံမှုကို ရရှိထားသူလည်း ဖြစ်သည်။

သို့သော် ဆောင်ယန်ဂိုဏ်းမှ မူလတပည့်ခုနှစ်ဦးစလုံးသည် ကျင့်ကြံခြင်းလမ်းစဉ်၌သာ နှစ်မြှုပ် ထားသောကြောင့် ယင်ပိုင်လျန် ၏ ငယ်ဘဝသည် ချစ်ရေးချစ်ရာများ မရှိခဲ့ဘဲ တစ်ကိုယ်တော် ကျင့်ကြံခြင်းဖြင့် ဤအချိန်ထိ ရောက်ရှိလာခဲ့သည်။

ကျန်းချင်းရှီ ထံမှ ကြားဖူးထားသော အသိအရ ထိပ်သီးကျင့်ကြံသူများသည် အလွန်မြင့်မားသည့် အဆင့်များသို့ ရောက်သွားသောအခါ ၎င်းတို့၏ ရုပ်ခန္ဓာသည် ပြောင်းလဲခြင်း မရှိတော့ဘဲ၊ အိုမင်း ရင့်ရော်ခြင်းကိုပါ တားဆီးနိုင်စွမ်း ရှိသည်ဟု စွန်းယန်ဝမ် သိထားသည်။

အကယ်၍ အသက်နှစ်ဆယ် အရွယ်တွင် ဂိုဏ်းချုပ်အဆင့်ကဲ့သို့ အထွဋ်အထိပ်အဆင့်ကို ရောက်ရှိသွားမည် ဆိုပါက ၎င်း၏ နောက်ဆုံးအချိန်အထိ ထိုအသက်နှစ်ဆယ်အရွယ် ရုပ်အတိုင်း ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

အသက်သုံးဆယ်တွင် ရောက်ရှိမည်ဆိုလျှင် အသက်သုံးဆယ်အရွယ် ရုပ်ရည်ကို ထိန်းသိမ်း ထားနိုင်မည်။

အကယ်၍ အသက်ခုနှစ်ဆယ်၊ ရှစ်ဆယ်အရွယ် ရောက်မှသာ အထွဋ်အထိပ်အဆင့်ကို ရောက်မည် ဆိုလျှင်တော့… ရုပ်ရည်ထိန်းသိမ်းခြင်းက များစွာအဓိပ္ပာယ် ရှိမည်မဟုတ်တော့ပေ။

စွန်းယန်ဝမ် သည် ယခင်နေ့က ဝေအစ်မကို တွေ့သောအခါ ဤအစ်မကြီးသည် အထွဋ်အထိပ် ကျင့်ကြံသူ တစ်ဦး ဖြစ်လိမ့်မည်ဟု ကျိန်းသေပေါက် တွက်ထားခဲ့ပြီး ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဝေအစ်မ၏ ရုပ်ရည်ကို ကြည့်ရသည်မှာ အသက်နှစ်ဆယ် အရွယ်သာ ရှိသော မြီးကောင်ပေါက်လေးကဲ့သို့ ဖြစ်နေသည်။

ဆိုလိုသည်က သူမသည် ဂိုဏ်းချုပ်အဆင့်ကို အလွန်စောစီးစွာ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ယနေ့ ယင်ပိုင်လျန် ကို ထပ်တွေ့ရသောအခါ သူ့အသက်က ဝေအစ်မထက် အနည်းငယ် ပိုကြီးသည်ဟု ခံစားရသော်လည်း ကျင့်ကြံခြင်း လောကတွင်တော့ တွေ့ရခဲသော ပုဂ္ဂိုလ်များ ဖြစ်သည်။

ကျင့်ကြံခြင်းလောကမှ ထိပ်သီးကျင့်ကြံသူများ အားလုံးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာ အကြာကတည်းက နာမည်ရထားပြီးသူများ ဖြစ်သည်။

ဝေအစ်မကြီးနှင့် ယင်ပိုင်လျန် ကဲ့သို့ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိပ်သီးကျင့်ကြံသူ အဆင့်ကို ရောက်ရှိနိုင်သူများမှာ ခေတ်တစ်ခေတ်တွင် အနည်းငယ်သာ ပေါ်ထွက်နိုင်သော အလွန်ထူးချွန်သည့် ပါရမီရှင်များ ဖြစ်သည်။

သူတို့နှစ်ဦးသည် ထိပ်သီးကျင့်ကြံသူများ ကြားတွင်ပင် အခြားသူများထက် ခေါင်းတစ်လုံးပိုမြင့်ပြီး ဂိုဏ်းချုပ်ကြီးအဆင့်ကို မျှော်လင့်နိုင်သူများ ဖြစ်သည်။

ကျန်းချင်းရှီ သူ့ဆီသို့ ရောက်လာရခြင်း၏ အကြောင်းအရင်းကို ကြားသောအခါ ယင်ပိုင်လျန် က အလွန်တည်ငြိမ်သည့် အသံဖြင့် ပြော၏။

“ဒီကိစ္စက ပြဿနာမရှိပါဘူး… မင်းတို့ ရောက်လာပြီဆိုမှတော့ မင်းတို့နဲ့ပဲ မှာလိုက်တော့မယ်…”

“မင်းတို့ ပြန်တဲ့အချိန်ကျရင် မင်းတို့ဆရာ ငါ့အစ်ကိုကြီးကို ပြောလိုက်ပါ… လျိုမိသားစုက သားအဖနှစ်ယောက် လာပို့တဲ့စာ ငါ့ဆီရောက်လာတယ်…”

“စာကိုရပြီးတဲ့အချိန်မှာ အောက်လမ်းဂိုဏ်းကို ငါကိုယ်တိုင်သွားပြီး ကျဲ့ရီဝမ် ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်… ဒါပေမဲ့ အဲဒီအဖိုးကြီးရဲ့ ကျင့်ကြံမှု အဆင့်အတန်းက တော်တော်လေး မြင့်မားနေပြီး သူ့ကို ငါ့ဓားနဲ့ တစ်ချက်ပဲ ထိုးနိုင်ခဲ့တယ်… ငါကိုယ်တိုင်လည်း သူ့ရဲ့ လက်ဝါးရိုက်ချက် တစ်ချက်ကို ပြန်ခံလာခဲ့ရတယ်…”

စွန်းယန်ဝမ် အလွန်စိုးရိမ်သွားပြီး အလျင်စလို မေးသည်။

“ဆဌမဦးလေးရဲ့ ဒဏ်ရာက တော်တော်ပြင်းလား… အခုကော ဘယ်လိုနေသေးလဲ…”

“ငါ ပြန်တိုက်ခိုက်ခံရတာ မှန်ပေမယ့် ဘာဒဏ်ရာမှတော့ ကြီးကြီးကျယ်ကျယ် မရခဲ့ပါဘူး… ပြီးတော့ ငါ့အနေနဲ့ အောက်လမ်းဂိုဏ်းက လူတွေကို နောက်ထပ် သတ်ဖြတ်လို့ မရနိုင်တော့ဘူး…”

ယင်ပိုင်လျန် သည် ပြောနေရင်းမှ အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ပြုံးလိုက်သည်။

“မင်းက တကယ် စိုးရိမ်တတ်တဲ့ ကလေးပဲ… အဲဒီစိတ်ဓာတ်လေးက လေးစားစရာကောင်းတယ်…”

ယင်ပိုင်လျန် က ဆက်ပြောသည်။

“မင်း စိတ်ပူစရာ မလိုပါဘူး… မင်းရဲ့ ဦးလေးခြောက်မှာ ရုပ်ခန္ဓာကို သံမဏိလို မာကျောအောင် ကျင့်ကြံထားတဲ့ ကျင့်စဉ်တစ်မျိုးရှိတယ်… အဲဒီလက်ဝါးရိုက်ချက်က ငါ့ကို အပေါ်ယံ ဒဏ်ရာလောက်ပဲ ရစေတယ်…. ရက်နည်းနည်းလောက်ကြာရင် သူ့အလိုလို ကောင်းသွားလိမ့်မယ်…”

“စိတ်မကောင်းစရာက ငါ ကျဲ့ရီဝမ် ကို မသတ်နိုင်ခဲ့တာပဲ… ကွန်းချန်ဝမ် ကလည်း အောက်လမ်းဂိုဏ်း ဌာနချုပ်မှာ မရှိဘူး… အဲဒါကြောင့် ဒုတိယ ရွေးချယ်စရာဖြစ်တဲ့ ခြောက်ယောက်မြောက် မိစ္ဆာ စစ်သူကြီးနဲ့ ဆယ့်ခုနှစ်ယောက်မြောက် မိစ္ဆာစစ်သူကြီး နှစ်ယောက်ကိုပဲ သတ်ဖြတ်ခဲ့ရတယ်…”

“ဒါက ဒုတိယ အစ်ကိုကြီးအတွက်တော့ နည်းနည်း မျက်နှာပြန်ရစေမှာပါ…”

“ဒါပေမဲ့ ဒီအကြောင်းတွေကို သိသွားတဲ့ အောက်လမ်းဂိုဏ်းချုပ် ရန်ဝူကျိ က မင်းအတွက် သူကိုယ်တိုင် ရေးထားတဲ့ သီးသန့် စာတစ်စောင် ငါ့ဆီကို ပို့ခဲ့တယ်…”

စွန်းယန်ဝမ် အကြီးအကျယ် အံ့အားသင့်ကာ မေးလိုက်သည်။

“သူနဲ့ ကျွန်တော်နဲ့က တစ်ခါမှတောင် မမြင်ဖူးဘဲနဲ့ ဘာဖြစ်လို့ စာရေးရတာလဲ…”

ယင်ပိုင်လျန် က နူးညံ့စွာ ပြောသည်။

“ရန်ဝူကျိ က ကိစ္စတွေ အားလုံးကို အသေးစိတ် စုံစမ်းပြီးသွားပြီ… ဒါက သူတို့ ဂိုဏ်းခွဲတစ်ခုရဲ့ အလယ် အလတ်အဆင့် ခေါင်းဆောင် တစ်ယောက်က သူ့သဘောနဲ့သူ လုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုတယ်…”

“အဲဒီလူက ပင်မဂိုဏ်းကို မတင်ပြဘဲနဲ့ သူ့ဆန္ဒအတိုင်း အသေခံ လုပ်ကြံသူတွေကို စေလွှတ်ပြီး မင်းကို လုပ်ကြံခိုင်းတာပဲ…”

“ဒီတစ်ခေါက် ဖြစ်သွားတဲ့ ကိစ္စက သူ့ရဲ့ ပေါ့လျော့မှုကြောင့် ဖြစ်ရတာလို့ သူက ယူဆတဲ့အတွက် ဆောင်ယန်ဂိုဏ်းနဲ့ သူသေကိုယ်သေ တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ဆိုတယ်…”

“ဒါပေမဲ့ မိစ္ဆာစစ်သူကြီး နှစ်ယောက် အသတ်ခံရတာရယ်… ကျဲ့ရီဝမ် လုပ်ကြံခံရတာရယ် ကိုတော့ သူက ဒီအတိုင်း ကျေအေးမပေးနိုင်ဘူး…”

“အဲဒါကြောင့် သူ့ရဲ့ လက်ရင်းတပည့် ခြောက်ယောက်ထဲက တစ်ယောက်ကို မင်း စိတ်ကြိုက် ရွေးချယ်ပြီး နောက်သုံးနှစ်ကြာတဲ့အခါ ကျင့်ကြံခြင်းလောကရဲ့ ထုံးစံအတိုင်း နှစ်ဦးချင်း အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲဖို့ ချိန်းဆိုလိုက်တယ်…”

“နိုင်သည်ဖြစ်စေ… ရှုံးသည်ဖြစ်စေ… တစ်ယောက်ယောက် ကျိန်းသေပေါက် သေရမယ်…”

“မင်းသေရင် ဆောင်ယန်ဂိုဏ်းက ဘာမှ ဝက်ရောက်စွက်ဖက်လို့ မရဘူး… သူ့တပည့်သေရင် ဒီကိစ္စက ပြီးသွားပြီ… အောက်လမ်းဂိုဏ်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မကျေမနပ် ဖြစ်နေမှာ မဟုတ်တော့ဘူး…”

စွန်းယန်ဝမ် ၏ မျက်လုံးများ မျက်လုံးအိမ်အတွင်းမှ ပြုတ်ကျမတတ် ဖြစ်သွားပြီး အလျင်စလို မေးလိုက်သည်။

“ဒါက လက်မခံဘဲနေလို့ မရဘူးလား…”

ယင်ပိုင်လျန် ၏ မျက်နှာက အနည်းငယ် ထူးဆန်းသွားပြီး ပြောသည်။

“ဒုတိယအစ်ကို ကိုယ်တိုင် သဘောကျ လက်ခံထားတဲ့ တပည့်ဖြစ်နေတာကြောင့် ငါက ဒီကိစ္စမှာ မင်းကိုယ်စား ကတိပေးလိုက်ပြီးပြီ… ဒါပေမဲ့…”

“မင်းဘက်က အတင်းအကျပ် ငြင်းဆန်ချင်တယ် ဆိုရင်တော့လည်း မရဘူးတော့ မဟုတ်ပါဘူး…”

“ဒါပေမဲ့ ဒီတိုက်ပွဲကို ဖျက်လိုက်မယ် ဆိုရင်တော့ ငါတို့ ဆောင်ယန်ဂိုဏ်းနဲ့ အောက်လမ်းဂိုဏ်းကြားမှာ ကျိန်းသေပေါက် တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်… အနည်းဆုံး လူပေါင်းများစွာ သေဆုံးပြီးမှ ပြန်လည် ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်နိုင်လိမ့်မယ်…”

ယင်ပိုင်လျန် သည် ထိုစကားများကို ပေါ့ပေါ့ပါးပါး ပြောဆိုသွားခြင်း ဖြစ်သော်လည်း နားထောင် နေရသည့် စွန်းယန်ဝမ် အတွက်တော့ ဆယ်ပေါင်တူနှင့် အကြိမ်ကြိမ် ထုခံနေရသလို ခံစားရသည်။

ဆဌမဦးလေး ပြောချင်သည့် ဆိုလိုရင်းကို သူနားမလည်ဘဲ နေပါမည်လား။

အကယ်၍ သူ့ဘက်က ငြင်းဆန်လိုက်မည် ဆိုလျှင် ဆောင်ယန်ဂိုဏ်းသည် လူ့အသက်ပေါင်း များစွာကို ပေးဆပ်ရတော့မည် ဖြစ်သည်။

ဆဌမဦးလေးသည် သူ့ကို အတင်းအကျပ် ဖိအားပေးခြင်းမျိုး မဟုတ်ဘဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို သည်အတိုင်း ပြောပြခြင်း ဖြစ်သည်။

သူက ယတိပြတ် ငြင်းပယ်မည်ဆိုလျှင်လည်း ဆဌမဦးလေးက သူ့ကို အပြစ်တင်မည် မဟုတ်ဘဲ ထိုတိုက်ပွဲအား သေချာပေါက် လက်ခံမည်ကို သူသိသည်။

ဆောင်ယန်ဂိုဏ်းမှ လူပေါင်းမည်မျှ သေကြေပျက်စီးသည် ဖြစ်စေ သူသည် နောက်ကို တစ်ချက် တွန့်ဆုတ်မည် လူစားမျိုး မဟုတ်ပေ။

စွန်းယန်ဝမ် အချိန်ခဏကြာအောင် တိတ်ဆိတ်သွားပြီးနောက် အလွန်ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်၏။

“ဒီတိုက်ပွဲကို ကျွန်တော် လက်ခံတယ်…”

ယင်ပိုင်လျန် ၏ မျက်နှာထက်တွင် ကျေနပ်သွားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသော်လည်း တည်တည်ငြိမ်ငြိမ်သာ ပြောသည်။

“ဒုတိယအစ်ကိုကြီးရဲ့ ထိုက်တန်တဲ့ ဆက်ခံသူပဲ…”

ထိုစကားကို ကြားသောအခါ စွန်းယန်ဝမ် ၏ စိတ်ထဲတွင် အနည်းငယ် ထူးဆန်းသွားသလို ခံစားရပြီး တစ်လက်စတည်း တွေးလိုက်မိသည်။

“ဆဌမဦးလေးက ဘာဖြစ်လို့ ဆက်ခံသူ လို့ ပြောရတာလဲ… သူ့ရဲ့ အဓိပ္ပာယ်က ငါတို့က သားအဖတွေလို ဖြစ်နေပြီ…”

“အိုက်ယား… ငါ တကယ်ပဲ မဟုတ်တာတွေ လျှောက်တွေးနေမိပြီ…”

သူက ယင်ပိုင်လျန် ပေးသော စာကို ယူလိုက်ပြီး ဖတ်ရန်အတွက် စာအိတ်ကို ဖွင့်တော့မည်ပြုစဉ် ယင်ပိုင်လျင် ၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

“ငါ နည်းလမ်းခြောက်မျိုးနဲ့ စစ်ဆေးပြီးသွားပြီ… ဒီစာမှာ ဘာပြဿနာမှ မရှိဘူး… အဆိပ်တွေ ဘာတွေ ခတ်ထားတာမျိုးလည်း မရှိဘူး…”

စွန်းယန်ဝမ် ၏ ဆံပင်များ တစ်ချောင်းချင်းစီ ထောင်မတ်သွားပြီး လက်ထဲမှ စာကိုပင် လွှတ်ချမိမတတ် ဖြစ်သွားသည်။

စာအိတ်အတွင်း အဆိပ်ခတ်ခြင်း ဆိုသည်က အမှန်တကယ်ပင် လူမဆန်လွန်းအား ကြီးသွားပြီ မဟုတ်လော။

သူ့စိတ်သူ တည်ငြိမ်အောင် အတင်းပြန်ထိန်းချုပ်လိုက်ပြီး စာကို ဖြန့်ကြည့်လိုက်သောအခါ စာထဲတွင် လူခြောက်ဦး၏ ကိုယ်ရေးအကျဉ်းကို ဖော်ပြထားသည်။

စာသားများမှာ အလွန်တိုတောင်းပြီး လူတစ်ဦးစီအတွက် စာကြောင်း သုံးကြောင်းခန့်သာ ပါလာသည်။

စွန်းယန်ဝမ် သည် ထိုစာထဲမှ လူများကို သိရန်နေနေသာသာ အထီးအမပင် မခွဲခြားနိုင်ပေ။

သူသည် ကျင့်ကြံခြင်းလောက၏ ပကတိမြေပြင် အခြေအနေကို လုံးဝနားမလည်သူတစ်ဦး အဖြစ်နှင့်သာ ရှိသေးပြီး နာမည်ကျော်ကြားသူ အနည်းငယ်လောက်ကိုသာ သိသေးသည်။

ဤနာမည်ခြောက်ခုတွင် တစ်ခုချင်းစီတိုင်း၌ ကြောက်မက်ဖွယ်ကောင်းသည့် နောက်ခံ သမိုင်းကြောင်းများ ရှိနေသည်ကိုလည်း သူမသိပါ။

သူ့စိတ်ထဲတွင် အဓိကအကျဆုံး အချက်ဟု ယူဆထားသည့် အသက်အရွယ်ကို ကြည့်ကာ အသက်အငယ်ဆုံး တစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။

“ဒီ တိယော် ဆိုတဲ့ တစ်ယောက်ကို ရွေးချယ်ပါတယ်…”

ယင်ပိုင်လျန် ၏ မျက်နှာက အလွန်ထူးဆန်းသွားပြီး သေချာအောင် ထပ်မေးသည်။

“မင်း နောက်တစ်ယောက် ပြောင်းချင်တာများ ရှိသေးလား…”

သူ့၏အတွေးက အသက်အငယ်ဆုံးသူမှာ ကျင့်ကြံမှု အချိန်အနည်းဆုံး ဖြစ်သောကြောင့် စွမ်းအား အနည်းဆုံး ဖြစ်သည်၊ သူက မည်သည့်အတွက်ကြောင့် ပြောင်းလဲရပါမည်နည်း။

ထို့နောက် အလွန်ပြတ်သားစွာ ဖြေလိုက်၏။

“မပြောင်းပါဘူး… အဲဒီတစ်ယောက်ကိုပဲ ရွေးချယ်ပါမယ်…”

ယင်ပိုင်လျန် ၏ အကြည့်များက ချက်ခြင်းပင် လေးစားမှု အရိပ်အယောင်များ ဖြစ်ပေါ်လာပြီး စိတ်ထဲတွင်လည်း တွေးလိုက်မိသည်။

“ဒုတိယအစ်ကိုရဲ့ သွေးသားဖြစ်မှန်း တကယ်သိသာလွန်းပါတယ်… ပါရမီ လုံးလုံးမကောင်းပေမယ့် သူရဲကောင်း စိတ်ဓာတ်က နည်းနည်းလေးမှ လျော့မသွားဘူး…”

“အောက်လမ်းဂိုဏ်းချုပ် ရန်ဝူကျိ အချစ်ဆုံး တစ်ဦးတည်းသော သမီးလေး တိယော် ဆိုတာက လက်ရှိခေတ်ရဲ့ မိစ္ဆာနတ်ဘုရားမလို့တောင် လူတွေက သတ်မှတ်ထားကြတာ….”

“ဒီ ကလေးမလေးရဲ့ ပါရမီက ကျန်းချင်းရှီ ထက် လုံးဝနိမ့်ကျမှု မရှိဘူးလို့လည်း သိရတယ်… ဒီကလေးက သူမကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ…. ဝှူး…. ခေါင်းကိုက်လိုက်တာနော်….”

“သုံးနှစ်ကြာတဲ့အချိန် ချိန်းဆိုတဲ့နေရာကို ရောက်မလာနိုင်အောင် တိယော် ကို လျှို့ဝှက် လုပ်ကြံဖို့ ငါ နည်းလမ်းရှာမှ ဖြစ်တော့မယ်…”

ယင်ပိုင်လျန် သည် ဆောင်ယန်ဂိုဏ်း၏ လောကီရေးရာကိစ္စများ အားလုံးကို တာဝန်ယူထားသူ ဖြစ်ပြီး ဂိုဏ်း၏ တိုက်ပွဲများ၊ ဂိုဏ်းစည်းကမ်းများနှင့် ပြစ်ဒဏ်များ အားလုံးကို ချမှတ်သူ ဖြစ်သည်။

သူ့နာမည်သည် ဂိုဏ်း၏ တပည့်များကြားတွင် အလွန်ထင်ရှားကျော်ကြားပြီး ဂုဏ်သိက္ခာကြီးမားသူ တစ်ဦးလည်း ဖြစ်သည်။

ဆောင်ယန်ဂိုဏ်းမှ ဤဆဌမဦးလေးသည် အမြင်အာရုံ အလွန်ထက်မြက်သူ ဖြစ်သောကြောင့် တပည့်များကို ကြည့်ရုံနှင့် မည်သူက အရည်အချင်းရှိသူ၊ မည်သူက ပါရမီကောင်းသည်ကို ချက်ခြင်း ခွဲခြားနိုင်သည်။

အကယ်၍ စွန်းယန်ဝမ် သာ ဤယှဉ်ပြိုင်မှုကို ငြင်းပယ်ခဲ့မည် ဆိုလျှင် သူ့အနေဖြင့် ဒုတိယအစ်ကို၏ တိတ်တိတ်ပုန်းသားကို မည်သို့မျှ လုပ်နိုင်မည် မဟုတ်သော်လည်း လုံးဝ အထင်ကြီးတော့မည်လည်း မဟုတ်တော့ပေ။

ထို့အပြင် ရွေးချယ်ခိုင်းသော လူခြောက်ဦးအနက်မှ စွမ်းအားအနည်းဆုံးသူကို ရွေးချယ်ခဲ့မည် ဆိုလျှင်လည်း ထိုနည်းလည်းကောင်းသာ အထင်သေးမိမည်။

သို့သော် စွန်းယန်ဝမ် က အလွန် လျို့ဝှက်ဆန်းကြယ်ပြီး အသိရခက်သော တိယော် ကဲ့သို့ မိစ္ဆာနတ်ဘုရားမကို ရွေးချယ်လိုက်သောအခါ သူသည် သူ့၏ ဤတူတော်စပ်သူကို အမှန်တကယ်ပင် မိမိသွေးသားရင်းကဲ့သို့ မြင်လာမိတော့သည်။

All Chapters