“ပန်းကန်လုံးအပြင်က နည်းလမ်းများ (ဝါ) တရားမဝင် နည်းလမ်းများ”
Vol. 5 Ch. 47
ပထမဆုံး အနေဖြင့် ယင်ပိုင်လျန် သည် စွန်းယန်ဝမ် အတွက် အကြောင်းပြန်ကြားစာ တစ်စောင် ရေးပေးလိုက်သည်။
စာထဲတွင် သူ့၏ တူတော်မောင်က အောက်လမ်းဂိုဏ်းချုပ် ရန်ဝူကျိ ၏ သမီးအရင်း မိစ္ဆာနတ်ဘုရားမကို ပြိုင်ဘက်အဖြစ် ရွေးချယ်ကြောင်း၊ တိုက်ပွဲတွင် နှစ်ဖက်စလုံး စွမ်းအားကုန် တိုက်ခိုက်မည် ဖြစ်ကြောင်း၊ တစ်ဖက်ဖက်က သေသွားမှသာ ကိစ္စသည် လုံးဝငြိမ်းချမ်းမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့နောက် စွန်းယန်ဝမ် အတွက် စာရွက်စာတမ်းများကို ပြင်ဆင်ပေးပြီး သူ့၏ တပည့်အဖြစ် တရားဝင် လက်ခံလိုက်၏။
မှတ်ပုံတင်ဌာနသို့ ပေးပိုရန် လိုအပ်သော စာရွက်စာတမ်းများကိုလည်း ပေးပို့ခဲ့ပြီး ဝိညာဉ်ဓား တောင်ထိပ်မှ တိုင်ရီကျောင်းတော်၏ ကျောင်းထိုင်ရာထူးနေရာကိုပါ တောင်းဆိုပေးခဲ့သည်။
တရားဝင် စာရွက်စာတမ်းများ ပြန်ကျမလာသေးသော်လည်း စွန်းယန်ဝမ် အနေဖြင့် ဝိညာဉ်ဓား တောင်ထိပ်၏ အကြီးဆုံးသူတစ်ဦးဘဝကို နေ့ချင်းညချင်း ရောက်ရှိလာတော့သည်။
အင်ပါယာမှတ်ပုံတင်ဌာန အနေဖြင့် ဝိညာဉ်ဓားတောင်ထိပ်မှ တိုင်ရီကျောင်းတော်အား သူတို့ သဘောဆန္ဒအလျောက် မည်သူ့ကိုမျှ ခန့်အပ်မည် မဟုတ်ပေ။
တရားဝင် အခြေအနေမျိုး ဖြစ်လာစေရန် နှင့် တရားဝင် မဟုတ်သော အခြေအနေမျိုး မဖြစ်စေရန် အတွက် စနစ်တကျ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရခြင်း ဖြစ်သည်။
ကိစ္စများအားလုံး ဆောင်ရွက်ပြီးသောအခါ ယင်ပိုင်လျန် က စွန်းယန်ဝမ် ၏ ကျင့်ကြံမှုကို မေးမြန်း လိုက်သည်။
စွန်းယန်ဝမ် သည် သုံးလေးနှစ်ကြာအောင် ကျင့်ကြံခဲ့ပြီး ဖြစ်သော်လည်း အထွဋ်အထိပ်သွေးကြော ကျင့်စဉ်နှင့် ရွှေအရွတ်မရီဒန် ကျင့်စဉ်နှစ်ခုကိုသာ တတ်မြောက်ထားသေးကြောင်း သိလိုက်ရသောအခါ သူပက်လက်ပင် လန်လဲကျလုနီးပါး ဖြစ်သွားသည်။
မူလက သူ့အနေဖြင့် စွန်းယန်ဝမ် အား အနည်းငယ်သော ထောက်ပြမှုအချို့ ပြုလုပ်ပေးရန်သာ စီစဉ်ထားသော်လည်း ယခုအခါ သူ့စိတ်ထဲတွင် ပြန်လည်စဉ်းစားလာရပြီ ဖြစ်သည်။
“ဒုတိယအစ်ကိုလို ဂိုဏ်းချုပ်ကြီးအဆင့် ကျင့်ကြံသူ တစ်ဦးက သင်ကြားပြသမှု အရည်အသွေး ညံ့ဖျင်းတယ် ဆိုရင်တောင် ကျင့်စဉ်နှစ်ခုထက်မက သင်ပေးနိုင်တယ်….”
“ဒီကောင်လေးရဲ့ ဉာဏ်ရည်က ကျင့်စဉ်နှစ်ခုလောက်ကိုပဲ သင်ယူနိုင်တဲ့အထိ တကယ်ပဲ ညံ့လွန်းနေတာလား…”
“ဘယ်လိုပဲဖြစ်ဖြစ်ပါ… ငါ့အနေနဲ့ကတော့ ဒုတိယအစ်ကိုရဲ့ သွေးသားကို အပြည့်အဝ ကာကွယ်ပေးရမယ်…”
“ဒီ စိန်ခေါ်ပွဲကို ပန်းကန်လုံးအပြင်က နည်းလမ်းတွေ အသုံးချပြီး ကျိန်းသေပေါက် ဖြေရှင်းရမှာပဲ…”
ယင်ပိုင်လျန် သည် စကားပြောဆိုခြင်းထက် အလုပ်နှင့်သာ သက်သေပြတတ်သူ ဖြစ်သောကြောင့် အသေးစိတ် အကြောင်းအရာများကို ရှင်းပြခြင်းမရှိဘဲ စကားအနည်းငယ် ပြောပြီးနောက် သူနှင့် ကျန်းချင်းရှီ တို့ကို ပြန်လွှတ်လိုက်သည်။
ကျန်းချင်းရှီ သည် မိတ်ဆက်ပေးချိန်နှင့် ကျေးဇူးတင်စကား ပြောသည့် အချိန်တွင်သာ စကားပြောဆိုခဲ့ပြီး ဆဌမဦးလေးကို ဂါရဝပြုကာ ပြန်လာကြသည်။
ကျန်သည့် အချိန်များတွင် သူသည် မည်သည့်စကားတစ်ခွန်းမျှ ဝင်ရောက်ပြောဆိုခြင်း မရှိသလို သူ့ညီလေး၏ စွမ်းရည်ကိုလည်း လုံးဝ ယုံကြည်သည်။
အမှန်တကယ်တော့ သူ့ညီလေးမှာ သုံးလေးနှစ် ကျင့်ကြံထားသူ မဟုတ်ပေ။
ထိုအစား သူ့၏ ကျင့်ကြံမှုလမ်းစဉ်က တစ်နှစ်ပင် မပြည့်သေးဘဲ ထိုအထဲတွင်မှ လအနည်းငယ်သည် မိုဝူရွှယ် နှင့်အတူ သွားရင်းလာရင်း မဖြစ်စလောက် သင်ကြားခဲ့ရသော အချိန်များ ဖြစ်သည်။
သူ့ညီလေး သည် သူတို့ တိုင်ရီကျောင်းတော်ကို ရောက်လာမှသာ သေသေချာချာ စတင်ကျင့်ကြံရခြင်း ဖြစ်သည်။
ဆရာဖြစ်သူ၏ လမ်းညွှန်မှုသာ အပြည့်အဝ ရရှိမည်ဆိုပါက သူ့ညီ၏ ကျင့်ကြံမှု အဆင့်အတန်းသည် တရှိန်ထိုး မြင့်တက်လာမည် ဆိုသည်ကို ကျန်းချင်းရှီ လုံးဝ ယုံကြည်နေသည်။
အောက်လမ်းဂိုဏ်းချုပ်၏ တပည့်တစ်ယောက်စ နှစ်ယောက်စအား သတ်ဖြတ်ရခြင်း ဆိုသည်က သူ့ညီအတွက် ငှက်ပျောသီး အခွံနွှာသည်ထက်ပင် ပိုလွယ်နေဦးမည်။
ကျင့်ကြံခြင်းလောက၌ အောက်လမ်းဂိုဏ်း အရှင်သခင်၊ နတ်ဆိုးဘိုးဘေး ရွှမ်မင်၊ ဘုန်းတော်ကြီး ကုချန် နှင့် ဆောင်ယွမ်ဂိုဏ်း၏ ယွမ်ချောင် တို့ ဆိုသည်မှာ အထွဋ်အထိပ် ကျင့်ကြံသူကြီးများ ဖြစ်ကြသည်။
အသက်အရွယ် လွန်စွာကြီးရင့်နေသောကြောင့် သေသည်၊ ရှင်သည်ကို မသိရသော ဓားနတ်ဘုရား ဟူချင်းတိ မှအပ ထိုဂိုဏ်းချုပ်ကြီး လေးဦးစလုံးသည် ချိန်ခွင်လျှာ တစ်ခုသဖွယ် ဘက်ညီစွာ ရပ်တည် နေနိုင်ကြသူများလည်း ဖြစ်သည်။
ကျန်းချင်းရှီ ဆိုသည်မှာ ကျန်းယွမ်ချောင် ၏ ပထမဦးဆုံး လက်ရင်းတပည့်ကြီး ဖြစ်သောကြောင့် အောက်လမ်းဂိုဏ်း၏ မည်သည့် တပည့်ကိုမျှ ကြောက်ရွံ့ခြင်း မရှိပေ။
သူကိုယ်တိုင် မကြောက်ရွံ့သောကြောင့် သူ့ညီလေးလည်း မကြောက်ရွံ့သင့်ဟု ယူဆသည်။
သူ့အစ်ကိုကြီး တွေးနေသော အတွေးများကိုသာ သိခဲ့ပါက… စွန်းယန်ဝမ် သေချာပေါက် ပြောမိပေလိမ့်မည်။
“မကြောက်ရအောင် ကျုပ်နဲ့ အစ်ကိုကြီးက အခြေအနေချင်း မတူဘူးလေဗျာ၊ ဒဏ္ဍာရီထဲက သူရဲကောင်းတွေတောင် ကျုပ်အတွက် သေခြင်းတရားကနေ လွတ်မြောက်ဖို့ ဆုတောင်းမီးပုံး ထွန်းပေးရလောက်အောင် ကျုပ်အခြေအနေက စိုးရိမ်စရာ ကောင်းနေပြီ”
ထိုအချိန်တွင် စွန်းယန်ဝမ် သည် သူကိုယ်တိုင် ရွေးချယ်လိုက်သော ပြိုင်ဘက်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ကျန်းချင်းရှီ နှင့်ပင် ယှဉ်ပြိုင်နိုင်သူ ဖြစ်ကြောင်းကို မသိသေးပေ။
ဆောင်ယန်တောင်သို့ ရောက်ရှိလာသည့် အချိန်မှစကာ သူသည် အလွန်များပြားသော အလုပ်များနှင့် စတင် ကြုံတွေ့လာခဲ့ရသည်။
ဂိုဏ်းခေါင်းဆောင်(ဝါ) ဂိုဏ်းချုပ်ဖြစ်သူ အကြီးဆုံး ဦးလေးကို ပထမဆုံး သွားတွေ့ရသည်။
ထို့နောက် ဆဌမဦးလေး ယင်ပိုင်လျန် နှင့် ဆရာတပည့် လက်ခံသည့် စာရွက်စာတမ်းများ၊ ဝိညာဉ်ဓားတောင်ထိပ်၏ ပိုင်ဆိုင်သူ လွှဲပြောင်းခြင်း စာရွက်စာတမ်းများကို ပြုလုပ်ရသည်။
နောက်ဆုံး အောက်လမ်းဂိုဏ်းချုပ် ရန်ဝူကျိ ထံမှ စာကို လက်ခံရယူခဲ့ပြီး ထိုသူ၏ တပည့်တစ်ဦးနှင့် သုံးနှစ်ကြာ ချိန်းဆိုပွဲတစ်ခုကို ကတိကဝတ် ပြုခဲ့ရပြန်သည်။
ဤသို့ဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အမှုပေါင်း သောင်းခြောက်ထောက်အောင်တွင် မှုန်ဝါးဝါးပင် ဖြစ်လာခဲ့ရသည်။
မရေမတွက်နိုင်သော ကိစ္စများက သူ့ကို လာလာရှာနေကြ၏။
ရုတ်တရက် သူ့၏ဆရာ မည်သည့်အတွက်ကြောင့် တောင်ပေါ်မှ ဆင်းလာခဲ့ရခြင်းကို ပထမဆုံးအကြိမ် နားလည်လာခဲ့သည်။
အခြားနေရာတစ်ခုတွင် နေထိုင်ရသည်မှာ အမှန်တကယ်ပင် လွတ်လပ်ပြီး ငြိမ်းချမ်းမှု ရှိလှသည်။
သူတို့ ဆရာတပည့် သုံးဦးသည် နေ့စဉ်နေတိုင်း ကျင့်ကြံနေချိန်များမှအပ အခြားအချိန်များတွင် ရှေးဟောင်းနှောင်းဖြစ် ကိစ္စများကို ပြောဆိုရင်းဖြင့်သာ အချိန်များ ကုန်လွန်လေ့ရှိသည်။
ဆောင်ယန်တောင်နှင့် ယှဉ်ရမည်ဆိုလျှင် ထိုအခြေအနေက အဆပေါင်းများစွာ ပိုမိုလွတ်လပ်ပြီး သက်သာလွန်းနေ၏။
ဤနေရာသို့ ရောက်လာသည့် အချိန်မှစကာ သူသည် ဂျင်ပေါ်မှ ထုံးစက် တစ်ခုကဲ့သို့ မွှတ်နေအောင် လည်ထွက်နေပြီး နားရသည်ဟူ၍လည်း မရှိပေ။
အကယ်၍ သူကိုယ်တိုင် မလည်ဘဲ နေနေလျှင်ပင် တစ်စုံတစ်ယောက်က အမြဲတမ်း လာလာလှည့်နေ၏။
ဝိညာဉ်ဓားတောင်ထိပ်၏ အကြီးအကဲ၊ တိုင်ရီကျောင်းတော်၏ ကျောင်းထိုင် ဆိုသည်မှာ သူ့အတွက် အမည်ခံသက်သက်သာဖြစ်ပြီး ဆောင်ယန်ဂိုဏ်းသို့ ရောက်လာသည့် အချိန်မှစကာ ယခုအချိန်အထိ ဖင်ပူအောင်ပင် မထိုင်ဘူးသေးပေ။
ကျန်းချင်းရှီ သည် စွန်းယန်ဝမ် နှင့်အတူ တိုင်ရီကျောင်းတော်သို့ ပြန်လာသောအခါ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေပြီး မျက်နှာလည်း အနည်းငယ် ပျက်နေသည်။
စွန်းယန်ဝမ် က သူ့အစ်ကိုကြီး မည်ကဲ့သို့ ဖြစ်နေသည်ကို သတိမပြုမိဘဲ အကြောင်းအရာ တစ်ခုကို မေးမြန်းရန် ပြင်လိုက်စဉ် ကျန်းချင်းရှီ ၏ အသံက ပေါ်ထွက်လာသည်။
“ကိစ္စတွေအားလုံး အဆင်ပြေသွားပြီ ဆိုပေမယ့် ငါ နည်းနည်းတော့ စိတ်မချသေးဘူး… ညီလေးနဲ့ ရက်နည်းနည်းလောက် ကိုကြီး ထပ်အဖော်ပြုပေးပါဦးမယ်…”
စွန်းယန်ဝမ် အလွန်ဝမ်းသာသွား၏။
ကျန်းချင်ရှီ ထံတွင် ကိစ္စတစ်ခု ရှိနေသည်ကို သူသိသည်။
ထိုကိစ္စအား ဆရာက မပြောဆိုခဲ့သလို၊ အစ်ကိုကြီးကိုယ်တိုင်က ထုတ်မပြောသဖြင့် သူလည်း မမေးဝံ့ပေ။
မူလက အစ်ကိုကြီး၏ တန်ဖိုးရှိသော အချိန်များအား ဖြုန်းတီးမိသလို ဖြစ်မည်ကို စိုးရိမ်သောကြောင့် အစ်ကိုကြီး ထွက်သွားမည့်ကိစ္စကို မတားဆီးဝံ့ခဲ့ပေ။
ယခု ကျန်းချင်ရှီ ကိုယ်တိုင် ပြောလာသောကြောင့် သူ့အတွက် အတိုင်းထက်အလွန် တံခွန်နှင့် ကုက္ကား ဆိုသလို ဖြစ်သွားခဲ့ရသည်။
အစ်ကိုကြီးသည် အမှန်တကယ်ပင် အားကိုးရသူ ဖြစ်သည်။
တကယ်တမ်း စွန်းယန်ဝမ် သည် အသက်ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ဦး မဟုတ်သောကြောင့် သူ့အစ်ကိုကြီးသည် မွေးရပ်မြေသို့ ပြန်ရောက်လာသောအခါ အလွန်စိတ်လှုပ်ရှားနေသော ခံစားချက်များ ခံစားနေရကြောင်းကို သိသည်။
ယင်းက အိမ်နှင့်နီးကပ်လာလေ ပိုမိုစိုးရိမ်စိတ် လွန်ကဲလာလေ ဟူသော ခံစားချက်မျိုး ဖြစ်သည်။
သို့သော် ဤကိစ္စမျိုးကို အားပေးစကား ပြောဆိုရန်က မဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေ အစ်ကိုကြီး၏ ကျင့်ကြံမှု အဆင့်အတန်းနှင့် ဉာဏ်ပညာအရဆိုလျှင် ဤလောက၌ သူ့ကို ခက်ခဲစေနိုင်သည့် ပြဿနာက မရှိသလောက် နည်းပါးနေပြီ ဖြစ်ကြောင်း သူ ယုံကြည်သည်။
ကျန်းချင်ရှီ သည် ဆက်နေမည် ဟု ပြောလိုက်ပြီးနောက် အနည်းငယ် စိတ်ပေါ့ပါးသွားပုံရသည်။
သူက ခြံဝင်းတစ်ခုကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
“ဒီနေရာက ငါနေခဲ့တဲ့ နေရာပဲ… အဲဒီအချိန်တုန်းက ဆရာနဲ့အတူတူ တောင်ပေါ်က ဆင်းသွားတော့ ဒီနေရာကို နောက်တစ်ခါ ဘယ်တော့မှ ပြန်လာဖြစ်မှာ မဟုတ်တော့ဘူးလို့ပဲ ထင်ခဲ့တယ်…”
ထို့နောက် အခြား ခြံဝင်းတစ်ခုကို ထပ်မံညွှန်ပြကာ ပြောသည်။
“အဲဒါက ဆရာ့နေရာပဲ… အင်ပါယာ မှတ်ပုံတင်ဌာနရဲ့ ခွင့်ပြုချက်စာ မကျသေးပေမယ့် မင်းရဲ့ တိုင်ရီကျောင်းတော် ကျောင်းထိုင်နေရာကို ဘယ်သူမှ လုယူနိုင်မှာ မဟုတ်တော့ဘူး… မင်း အဲဒီမှာ ဝင်နေလို့ရပြီ…”
စွန်းယန်ဝမ် က ချက်ခြင်း ပြောလိုက်သည်။
“ဒါဆိုရင် ဆရာ နောက်ပိုင်း ပြန်လာတဲ့အခါကျရင် ဘယ်မှာ သွားနေမလဲ… ကျွန်တော် တခြားနေရာ တစ်ခုမှာပဲ နေမယ်…”
ကျန်းချင်းရှီ က သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်သည်။
“ဆရာက နောက်ဆို ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့ဘူး… ငါလည်း နောက်ထပ် ပြန်လာတော့မှာ မဟုတ်ဘူး…”
စွန်းယန်ဝမ် စိတ်ထဲတွင် တွေးလိုက်မိသည်။
“အကြီးဆုံး ဦးလေးရဲ့ မျက်နှာက အရောင်မျိုးစုံ ပြောင်းနေပေမယ့် ဆက်ဆံရခက်မယ့် လူစားမျိုးတော့ မဟုတ်ပါဘူး… တခြား အစ်ကိုကြီး အစ်မကြီးတွေကလည်း တော်တော်လေး ခင်မင်တတ်တဲ့ သူတွေပါပဲ… ဘာဖြစ်လို့ ဒီလို အခြေအနေမျိုးတွေ ဖြစ်ကုန်ရတာလဲ မသိဘူး…”
စွန်းယန်ဝမ် က ထိုအချက်ကို မေးမြန်းရန် ပြင်လိုက်စဉ် ကျန်းချင်းရှီ က သူ့ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“မင်း တဖြည်းဖြည်း နားလည်လာလိမ့်မယ်… အခုတော့ မင်း သိဖို့ အချိန်မတန်သေးဘူး…”
စွန်းယန်ဝမ် သက်ပြင်းချရင်း ပြောလိုက်၏။
“နားလည်ပါပြီ…”
ထို့နောက် ကျန်းချင်ရှီ သည် ကျောင်းဝင်းအတွင်းရှိ ရွှမ်ဟွမ်ဂိုဏ်းမှ ဘုန်းတော်ကြီးများ အားလုံးကို ခေါ်ယူလိုက်ပြီး ကြေညာသည်။
“ကျွန်တော့် ညီလေးက ဝိညာဉ်ဓားတောင်ထိပ်ကို လက်ခံပြီးသွားပါပြီ… ဒီတိုင်ရီကျောင်းတော်ရဲ့ ကျောင်းထိုင် တစ်ယောက်လည်း ဖြစ်လာခဲ့ပြီ… နောက်ဆိုရင် ခင်ဗျားတို့အားလုံးက ကျွန်တော့် ညီလေးကို မရိုမသေ လုပ်လို့မရတော့ပါဘူး… သူ့အမိန့်တိုင်းကို နာခံကြပါ…”
“ကျောင်းထိုင်ဆရာတော်၏ အမိန့်ကို နာခံပါ့မယ်…”
ထိုရွှမ်ဟွမ်ဂိုဏ်း၏ ဘုန်းတော်ကြီးများအားလုံး တညီတညွတ်တည်း ပြောဆိုကြသည်။
ဆောင်ယန်တောင်တန်း တစ်ခုလုံး၏ ကျောင်းတော် အသီးသီးတွင် ဆောင်ယန်ဂိုဏ်းမှ ကျင့်ကြံသူပေါင်း များစွာရှိသော်လည်း ဤကျော်ကြားသော တောင်၏ အစစ်အမှန် ပိုင်ရှင်က ဂိုဏ်းခွဲတစ်ခုမှ ဂိုဏ်းချုပ်ကြီးတစ်ဦး ဖြစ်ကြောင်းကို သူတို့အားလုံး သိထားသည်။
တိုင်ရီကျောင်းတော်သာ မရှိပါက ၎င်းတို့အားလုံး ဤနေရာတွင် ဆက်လက်နေထိုင်နိုင်မည် မဟုတ်သလို ဤတောင်ကို လိုချင်သည့် အခြားသူများစွာလည်း ရှိနေသောကြောင့် မကြာမီ ၎င်းတို့ အားလုံး နှင်ထုတ်ခံရပေလိမ့်မည်။
ကျန်းချင်းရှီ သည် ရွှမ်မင်ဂိုဏ်းမှ ဘုန်းတော်ကြီးများကို မှာကြားပြီးနောက် သူ ယခင်နေထိုင်ခဲ့ရာ ခြံဝန်းအတွင်းသို့ ပြန်သွားခဲ့သည်။
စွန်းယန်ဝမ် သည် ဆရာဖြစ်သူ နေထိုင်ခဲ့သည့် နေရာကို ကြည့်ရှုရန် ခြံဝန်းအတွင်း ဝင်တော့မည် ပြုစဉ် ပျင်းရိသော အသံတစ်သံက သူ့နောက်ကျောမှ ထွက်ပေါ်လာသည်။
“စွန်းညီလေး…. အစ်မနဲ့ မြန်မြန်လိုက်ခဲ့ဦး… အစ်မတို့ ပွဲကျင်းပမယ့် နေရာကို သွားကြည့်ရအောင်….”
ထိုအသံကို ကြားသောအခါ နွေနံနက်ခင်း အလင်းရောင်နှင့် ကြွေရုပ်တစ်ရုပ်ကဲ့သို့ လက်ရာမြောက်သည့် ခန္ဓာကိုယ်ပိုင်ရှင် ဝေအစ်မကြီးကို စိတ်ထဲတွင် မြင်ယောင်လာမိသည်။
အသံလာရာဆီသို့ လှည့်ကြည့်လိုက်သောအခါ ဝေအစ်မ သည် အလွန်ပျော်ရွှင်နေသည့် အမူအယာမျိုးဖြင့် ခြံစည်းရိုးအား နင်းကာ သူ့ဆီ အမှန်တကယ် ရောက်လာသည်ကို တွေ့လိုက်ရ၏။
ဤတစ်ကြိမ်တွင်တော့ သူမသည် အရက်သောက်ထားခြင်း မရှိသလို ခန္ဓာကိုယ် အနီးတစ်ဝိုက်တွင် စမ်းရေကဲ့သို့ စိတ်ကို ကြည်လင် လန်းဆန်းစေသော သဘာဝစွမ်းအင်တစ်မျိုး ရစ်သိုင်းနေကာ နတ်သမီးတမျှ လှပသော ပုံစံဖြင့် ရောက်လာခြင်း ဖြစ်သည်။
စွန်းယန်ဝမ် အံ့အားသင့်စွာ မေးလိုက်၏။
“ဘယ်ပွဲကျင်းပမယ့် နေရာကို သွားကြည့်ရဦးမှာလဲ…”
ဝေအစ်မကြီးက အလွန်လှပစွာ ရယ်လိုက်ပြီး ပြောသည်။
“ငါတို့ ဆောင်ယန်ဂိုဏ်းရဲ့ မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲ ကျင်းပတဲ့ ကြာချိန်က ဆယ်ရက် ကျော်တယ်… လာမယ့် ဧည့်သည်ကလည်း ထောင်နဲ့ချီပြီး ရှိတယ်… အဲဒါကြောင့် ပွဲကျင်းပမယ့် နေရာအားလုံးကို အမှားအယွင်း မရှိအောင် သေချာ ပြင်ဆင်ပေးရတယ်…”
“မင်းက သာမန်တပည့်ဆိုရင် သွားစရာ မလိုပါဘူး… ဒါပေမဲ့ အခု မင်းက ဝိညာဉ်ဓားတောင်ထိပ်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်နေပြီ… မင်းမသွားဘူးဆိုရင် ဘယ်လိုလုပ် သင့်တော်မှာလဲ…”
ထိုစကားကိုကြားသောအခါ စွန်းယန်ဝမ် က အနည်းငယ်တော့ မှန်နေသည်ဟု ခံစားလိုက်ရသည်။
အစ်ကိုကြီးဆီသို့ လွှဲချရန်လည်း မဖြစ်နိုင်ပေ။
ဝိညာဉ်ဓားတောင်ထိပ်မှ တိုင်ရီကျောင်းတော်၏ စုစုပေါင်း လူအင်အားသည် သုံးဦးမျှသာ ရှိသောကြောင့် သူမသွားလျှင် သွားမည့်သူ မရှိတော့ပေ။
သူသည် အင်တင်တင်နှင့်ပင် လက်ခံလိုက်ရပြီး ဝေအစ်မကြီးနောက်မှ လိုက်ပါကာ ဝိညာဉ်ဓား တောင်ထိပ်မှ နောက်တစ်ကြိမ် ဆင်းခဲ့ရပြန်သည်။
လမ်းတစ်လျှောက် စိတ်ထဲမှ အဆက်မပြတ် ညည်းငြူနေမိ၏။
“ငါ့ဆရာ ဒီနေရာမှာ မနေချင်တာ လုံးဝအံ့ဩစရာ မရှိတော့ဘူး… ဒီလောက် အလုပ်များနေမှတော့ ဘယ်အချိန် သွားပြီး ကျင့်ကြံရတော့မှာလဲ…”
“ဝေအစ်မက အသက်နှစ်ဆယ်ပတ်ချာလည် ရုပ်ရည်မျိုးနဲ့ ဂိုဏ်းချုပ်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေပြီ… ဒီလောက်ပျားပန်းခပ်နေတဲ့ အလုပ်တွေ ကြားကနေ သူမ ဘယ်လိုများ ကျင့်ကြံပြီး ဂိုဏ်းချုပ်အဆင့်ကို တက်သွားတာလဲမသိဘူး…”
“ဒီဝေအစ်မက တတိယမျိုးဆက် တပည့်တွေထဲမှာ ဂိုဏ်းချုပ်အဆင့် ဖြစ်လာနိုင်တယ်ဆိုတော့ သူမရဲ့ ကျင့်ကြံမှု ပါရမီက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ…”
“ငါ့ဆရာ မိုဝူရွှယ် က သူမနဲ့ယှဉ်လိုက်ရင် တော်တော်လေး ညံ့သွားမယ် ထင်တယ်… အစ်ကိုကြီးကလည်း သူမကို အနိုင်ယူနိုင်ဖို့ နောက်ထပ် ဘယ်လောက်ကြာအောင် ကျင့်ကြံရဦးမလဲ မသိဘူး…”