← Chapters

“တိတ်ဆိတ်နေခြင်းသည် အကောင်းဆုံး”

Vol. 5 Ch. 48

“တိတ်ဆိတ်နေခြင်းသည် အကောင်းဆုံး”

Vol. 5 Ch. 48

ဆောင်ယန်ဂိုဏ်း၏ မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲ ကျင်းပရာနေရာနှင့် ပွဲကြည့်စင်သည် တောင်ကြား ချိုင့်ဝှမ်းတစ်ခုအတွင်း တည်ရှိသည်။

ဤချိုင့်ဝှမ်းသည် ဘေးဘယ်ညာကျဉ်းမြောင်းသော်လည်း အလယ်ဗဟိုသည် ရှည်လျားကျယ်ဝန်းပြီး အလွန်လှပသော ရှုခင်းများကို ခံစားနိုင်သည်။

ချိုင့်ဝှမ်းအလယ်တွင် ဧရာမကျောက်သားစင်မြင့်ကြီး တစ်ခုရှိပြီး ပတ်ပတ်လည်တွင် ဧည့်သည်များ ကြည့်ရှုနိုင်ရန် ချပေးထားသော ထိုင်ခုံများစွာ ရှိနေသည်။

တောင်ကြား၏ ဘေးတစ်ဖက်တစ်ချက် နေရာတွင် တစ်ဖက်သည် အနည်းငယ် ပြေပြစ်သော မြေအနေအထား ဖြစ်ပြီး ထိုအပေါ်တွင် အရောင်အသွေး စုံလင်သော အဆောက်အဦ ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ခန့်ကို တည်ဆောက်ထားသည်။

ထိုအထဲမှ အမြင့်ဆုံး အဆောက်အဦ နှစ်ခုသည် အပြာရောင်နှင့် ခရမ်းရောင် ဆေးများ သုတ်ထားပြီး မြင်ရသည်က အလွန်ခမ်းနားသည်။

၎င်းအောက်ရှိ အဆောက်အဦ ခြောက်ခု၊ ခုနှစ်ခုခန့်မှာ အနီရောင်များ ဖြစ်ပြီး တစ်လုံးနှင့် တစ်လုံး ဆောက်ထားပုံချင်း မတူဘဲ တစ်မျိုးစီ ကြည့်ကောင်းနေသည်။

ထိုအဆောက်အဦများ၏ အောက်တွင်တော့ အစဉ်အတိုင်း နောက်ထပ် အရောင်တစ်မျိုးစီနှင့် အဆောက်အဦများ ရှိနေပြီး အောက်ဆုံးရှိ အဆောက်အဦ ရှေ့ဘက်တွင် လှေကားထစ်များ ပေါ်ထွက် လာသည်။

အခြားတစ်ဖက်သည် အလွန်မတ်စောက်ပြီး အဝါရောင် အဆောက်အဦ ခုနှစ်လုံးခန့်သာ ရှိသော်လည်း တစ်လုံးစီ၏ အရွယ်အစားက ဤဘက်မှ ရောင်စုံ အဆောက်အဦများထက် ခုနှစ်ဆ ရှစ်ဆခန့်ပင် ပိုမိုကြီးမားသည်။

ထိုအထဲမှ အဝါရောင် အဆောက်အဦ တစ်လုံး၏ အမြင့်ဆုံး နေရာတွင် ဝိညာဉ်ဓား ဟူသော စာသားကို ရေးထိုးထားသောကြောင့် စွန်းယန်ဝမ် အံ့အားသင့်သွား၏။

သူက လက်ညှိုးထိုးပြရင်း မေးလိုက်သည်။

“ဝေအစ်မ… ဒါက ကျွန်တော်တို့ ဂိုဏ်းသားတွေ ကြည့်ရမယ့် နေရာလား…”

ဝေအစ်မကြီးက ရယ်မောလိုက်၏။

“ဒီအဝါရောင် အဆောက်အဦ ခုနှစ်လုံးက တောင်ထိပ်ခုနှစ်ခုရဲ့ အကြီးအကဲတွေ နေရမယ့် နေရာပဲ…. သာမန်တပည့်တွေ တက်ခွင့်မရှိဘူး…”

“ဒါပေမဲ့ စွန်းညီလေးက အခု ဝိညာဉ်ဓားတောင်ထိပ်ရဲ့ အကြီးအကဲ ဖြစ်သွားပြီဆိုတော့ အဲဒီ ဝိညာဉ်ဓား အဆောက်အဦ နေရာက မင်းပိုင်တဲ့ နေရာ ဖြစ်သွားပြီပေါ့…”

စွန်းယန်ဝမ် သည် ဆက်လက်မေးမြန်းခြင်း မရှိသော်လည်း ဝေအစ်မကြီးက စိတ်ရှည်လက်ရှည် ဆက်ရှင်းပြသည်။

“ထိုင်ခုံတွေကတော့ ဒီအတိုင်း လာကြည့်ကြတဲ့ ကျင့်ကြံသူတွေအတွက် ပြင်ဆင်ပေးထားတာ… ဒါပေမဲ့ ထိုင်ခုံတိုင်းမှာ လက်ဖက်ရည် အဆင်သင့် ရှိတယ်… အဲဒီနေရာတွေကို နှစ်စဉ် အချိန်မီ ရှင်းလင်းပေးထားပြီး လိုအပ်တာတွေ အကုန်လုံး ပြန်ဖြည့်ပေးထားတယ်…”

“ငွေအများကြီးပေးပြီး ငှားထားရတဲ့ သမားတော်တွေတောင် အဲဒီအနားမှာ အချိန်မရွေး ရှိတယ်…”

“အရှေ့ဘက်က ရောင်စုံ အဆောက်အဦတွေကတော့ မိသားစုကြီးတွေနဲ့ ထိပ်သီးဂိုဏ်းကြီးတွေ အတွက် ပြင်ဆင်ထားတာ… သူတို့ရဲ့ တစ်ရက် ငှားရမ်းခက မင်းမြင်နေရတဲ့ အစဉ်လိုက်အတိုင်း ဈေးတစ်မျိုးစီ ကွာခြားတယ်…”

“အမြင့်ဆုံးနေရာက အပြာရောင်နဲ့ ခရမ်းရောင် အဆောက်အဦက တစ်ရက်ကို ငွေဒင်္ဂါး တစ်ထောင့် နှစ်ရာ ကျတယ်… ဒါပေမဲ့ ရှောင်ရှန်းဘုရားကျောင်းနဲ့ လုံကျန်းဘုရားကျောင်းက လူတွေ ရောက်လာရင်တော့ အပြင်လူကို မငှားတော့ဘဲ အဲဒီဂိုဏ်းနှစ်ခုကို အခမဲ့ ပေးလိုက်တာပဲ…”

စွန်းယန်ဝမ် ၏ စိတ်ထဲတွင် တိတ်တဆိတ် ချီးကျူးလိုက်မိသည်။

“အရှိန်အဝါဆိုတာ အဲဒါပဲ… ဆောင်ယန်ဂိုဏ်း… ရှောင်ရှန်းဘုရားကျောင်းနဲ့ လုံကျန်းဘုရားကျောင်း တွေက ဒီလောကရဲ့ ထိပ်သီးဂိုဏ်းကြီးတွေ ဖြစ်သလို သန့်ရှင်းတဲ့ အထက်လမ်းဂိုဏ်းတွေ ဖြစ်တာကြောင့် သူတို့ရဲ့ အဆင့်အတန်းက ဒီလောက် ထူးခြားနေတာ ဖြစ်လိမ့်မယ်…”

ဝေအစ်မကြီးက ဆက်ပြောသည်။

“ဒုတိယအဆင့် အနီရောင် အဆောက်အဦတွေရဲ့ တစ်ရက်တာ ငှားရမ်းခက ငွေဒင်္ဂါး ခြောက်ရာဖြစ်ပြီး ဒီအချိန်လောက်ဆိုရင် နေရာအားလုံး ပြည့်သွားလောက်ပြီ…”

“အဲဒီအောက်က အဆောက်အဦတွေကတော့ သူ့ဈေးနဲ့သူ အမျိုးမျိုးရှိတယ်… အနိမ့်ဆုံးက ငွေဒင်္ဂါး တစ်ရာ့နှစ်ဆယ့်ကနေစတယ်… ဒီလောက်များတဲ့ နေရာတွေ ရှိနေတာတောင် လူတွေက အစောကြီးကတည်းက ကြိုချိတ်ထားကြတာမိုလို့ နေရာလွတ်က မရှိသလောက် ဖြစ်နေပြီ…”

ဝေအစ်မကြီးသည် စကားတပြောပြောနှင့် သွားနေပြီး တောင်ကြားအတွင်း အလုပ်လုပ်နေသော ရွှမ်ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူများနှင့်လည်း မိတ်ဆက်ပေးသည်။

စွန်းယန်ဝမ် သည် ပြန်လည်ဝင်စားလာသူ ဖြစ်သောကြောင့် ဤလောကမှ အလုပ်များအား အချိန်ကြာမြင့်စွာ ကြည့်ရှုရခြင်း မရှိဘဲ ချက်ခြင်းပင် နားလည်သွားပြီး မကြာမီ လုပ်ငန်းအားလုံးကို မှတ်မိသွားသည်။

ဝေအစ်မကြီးက သူ့၏ အလွန်လျင်မြန်စွာ သင်ယူနိုင်စွမ်းကို မြင်သောအခါ အလွန် ဝမ်းသာ ပျော်ရွှင်သည့် အမူအယာနှင့် ပြောသည်။

“အစ်မမှာ တခြားလုပ်စရာ ကိစ္စလေးတွေ ရှိနေသေးတယ်… အဲဒါကြောင့် စွန်းညီလေးက အစ်မကိုယ်စား ခဏလောက် ကြီးကြပ်ပေးပါဦး… ခဏနေရင် အစ်မ ပြန်လာခဲ့မယ်…”

စွန်းယန်ဝမ် သည် ငြင်းပယ်ခြင်း မရှိဘဲ လက်ခံလိုက်ပြီးနောက် နာရီဝက်ကျော် ကြာသောအခါ၌ပင် ဝေအစ်မကြီး ၏ အရိပ်အယောင်ကို မမြင်ရသေးပေ။

ထိုအခါမှသာ သူသည် သူမ၏ လှည့်စားမှုကို ခံလိုက်ရပြီ ဖြစ်ကြောင်း၊ အစ်မကြီးသည် သူ့ကို ဂျင်းထည့်ပြီး အဓမ္မ စေခိုင်းသွားခြင်း ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်တော့သည်။

စွန်းယန်ဝမ် အနေဖြင့် တရားနှင့်သာ ဖြေသိမ့်လိုက်ရပြီး အခြားသူများ လုပ်ကိုင်နေသော အလုပ်များကို အောင့်သက်သက်နှင့် လိုက်လံ ကြီးကြပ်နေခဲ့သည်။

မှောင်ကာနီးသို့ ရောက်သောအခါ သူတော်စင်မလေးတစ်ဦး အပြေးအလွှား ရောက်ရှိလာပြီး သူ့အား ပြန်နိုင်ပြီဖြစ်ကြောင်းနှင့် နောက်နေ့လည်း ဆက်ဆက်လာခဲ့ရန် ပြောသည်။

စွန်းယန်ဝမ် သည် ဒေါသထွက်လွန်းသဖြင့် ကျောက်မီးသွေး ရထားကြီးကဲ့သို့ တရှူးရှူး တရှဲရှဲနှင့် သူမကိုပင် ပြန်လည်ပြောဆိုနိုင်ခြင်း မရှိဘဲ တိုင်ရီကျောင်းတော်သို့ ချက်ခြင်း ပြန်လာခဲ့သည်။

နောက်တစ်နေ့တွင် လုံးဝမသွားတော့ရန် ဆုံးဖြတ်လိုက်သော်လည်း အကြိမ်ပေါင်းများစွာ စဉ်းစားပြီးနောက် ထိုနေရာကို နောက်တစ်ကြိမ် ရောက်ရှိလာပြန်၏။

ပထမနေ့တွင် ရရှိလိုက်သော အကြီးစားဂျင်းမိခြင်းမှ လုပ်ငန်းအတွေ့အကြုံသည် ဒုတိယနေ့သို့ ရောက်သောအခါ ကျွမ်းကျင်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူသည် တိုင်ရီကျောင်းတွင် ရှိနေသော ရွှမ်ဟွမ်ဘုန်းတော်ကြီး ရှစ်ဦးခန့်ကို သူနှင့်တစ်ပါတည်း ခေါ်ဆောင်လာခဲ့ပြီး သူကြီးကြပ်ရမည့် လုပ်ငန်းများအားလုံးကို သူ့ကိုယ်စား ကြီးကြပ်စေသည်။

သူကိုယ်တိုင်ကတော့ ဝိညာဉ်ဓား အဆောက်အဦပေါ်သို့ တက်ကာ တစ်နေကုန် ကျင့်ကြံရင်းဖြင့် အချိန်များ ကုန်ဆုံးနေလိုက်သည်။

ဝေအစ်မကြီးသည် ထိုသူတော်စင်မလေးအား သူ့ဆီသို့ နေ့စဉ်စေလွှတ်ကာ အလုပ်များကို မပျက်မကွက် ကြီးကြပ်ကွပ်ကဲရန် သတိပေးလေ့ရှိသည်။

သူမသည် သူ့ဆီသို့ နေစဉ့် ရောက်ရောက်လာသောကြောင့် တဖြည်းဖြည်းနှင့် ခင်မင်ရင်းနှီးလာခဲ့၏။

သူမသည် ဝေအစ်မကြီးထံတွင် မကြာသေးမီကမှ တပည့်ခံထားသူဖြစ်ပြီး နာမည်မှာ ယန်ရှင်းအာ ဖြစ်သည်။

သူမ၏ ကျင့်ကြံမှုသက်တမ်းသည် ခုနှစ်လ ရှစ်လခန့်သာ ရှိသေးပြီး လက်ရှိတွင် နွေဦးမိုးစက် ကျင့်စဉ် ခြောက်မျိုးကို ကျင့်ကြံနေသူ ဖြစ်သည်။

နွေဦးမိုးစက် ကျင့်စဉ် ခြောက်မျိုးဆိုသည်မှာ ဆောင်ယန်ဂိုဏ်း၏ မဟာကျင့်စဉ်ကြီး ငါးခုနှင့် အထွဋ်အထိပ်ကျင့်စဉ် ဆယ့်သုံးမျိုး ထဲမှ မဟုတ်သလို ဂိုဏ်း၏ အခြေခံအကျဆုံး နာမ်ကျင့်စဉ်များ အနက်မှ တစ်ခုသာဖြစ်သည်။

ထိုကျင့်စဉ်ကို ချီစွမ်းအား၊ လက်သီးသိုင်း၊ လက်ဝါးသိုင်း၊ ဓားသိုင်း၊ ဓားမြှောင်ပညာရပ်နှင့် လှုပ်ရှားမှု ပညာရပ် ဟူ၍ ခြောက်မျိုး ခွဲခြားထားသည်။

စွန်းယန်ဝမ် အနေဖြင့် အထွဋ်အထိပ် သွေးကြော ကျင့်စဉ် နှင့် ရွှေအရွတ် မရီဒန် ကျင့်စဉ် တို့သည် ဆောင်ယန်ဂိုဏ်း၏ တပည့်တိုင်းကို သင်ကြားပေးသော အခြေခံကျင့်စဉ်များ ဟု ထင်မှတ်ထားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ့ဆရာ ကျန်းယွမ်ချောင် က ဤကျင့်စဉ်များသည် ဆောင်ယန်ဂိုဏ်းသို့ ဝင်ရောက်လာသည့် တပည့်တိုင်း သင်ကြားရသည်ဟု ပြောဆိုခဲ့ဖူးသောကြောင့် ဖြစ်သည်။

သို့သော် ယခု ယန်ရှင်းအာ ကို မေးမြန်းကြည့်သည့် အခါ ဆောင်ယန်ဂိုဏ်း၏ တပည့်အများစုသည် ထိုကျင့်စဉ်နှစ်ခုကို သင်ကြားခွင့်မရှိဘဲ ရုပ်ခန္ဓာစွမ်းအားနှင့် နာမ်ဝိညာဉ်စွမ်းအား နှစ်မျိုးစလုံးတွင် အခြေခံကောင်းများ တည်ဆောက်ပြီးမှသာ ပါရမီအပေါ်ကို ကြည့်ပြီး သင့်လျော်မှု ရှိ၊ မရှိ ဆုံးဖြတ်၍ သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် သူ့ဆရာပြောဆိုခဲ့သည့် တပည့်တိုင်း ဆိုသော စကားလုံးတွင် မဟာခြွင်းချက်ကြီးများ ပါဝင်နေကြောင်းကို ကောင်းစွာ နားလည်လာခဲ့၏။

ဤအကြောင်းအရာများကို သေသေချာချာ သိလိုက်ရသောအခါ သူ့စိတ်ထဲတွင် အနည်းငယ် ကံကောင်းသည်ဟုလည်း ခံစားရပြီး ဆရာဖြစ်သူ မိုဝူရွှယ် အပေါ် သူ့၏ ကျေးဇူးတင်မှုက ‌နောက်တစ်ကြိမ် တိုးတက်သွားပြန်သည်။

ဤသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မျိုးဆက်သွေး ခုနှစ်မျိုး သိုင်းပြိုင်ပွဲ ကျင်းပမည့် ပထမနေ့ကို ရောက်ရှိလာခဲ့သည်။

စွန်းယန်ဝမ် သည် နောက်ဆုံးအကြိမ်အဖြစ် ပြိုင်ပွဲကျင်းပမည့် နေရာတိုင်းကို လှည့်လည် ကြည့်ရှု စစ်ဆေးနေစဉ် ယန်ရှင်းအာ သည် အခြားမိန်းကလေး လေးဦးနှင့်အတူ သူ့ဆီကို ရောက်ရှိလာခဲ့သည်။

သူက အလုပ်များကို ထားခဲ့ပြီး သူမတို့ကို တွေ့ဆုံလိုက်သောအခါ ထိုအဖွဲ့အတွင်းမှ နှစ်ဦးသည် သူမြင်ဖူးသော မိန်းမပျိုများ ဖြစ်နေသည်ကို အံ့အားသင့်စွာ မြင်လိုက်ရသည်။

သူမတို့သည် နန်မန်မိသားစုမှ ရှစ်ယောက်မြောက် ညီမလေးနှင့် ကိုးယောက်မြောက် ညီမလေးတို့ ဖြစ်သည်။

စွန်းယန်ဝမ် က ယန်ရှင်းအာ ကို မေးလိုက်၏။

“ဝေအစ်မက ဘာတွေများ အမှာတော်ပါးလိုက်သေးလဲ…”

ယန်ရှင်းအာ သည် စွန်းယန်ဝမ် ကို ခေါ်နေကျအတိုင်း ဆရာဦးလေးငယ်လေး ဟု ခေါ်ရန် ပြင်လိုက်သော်လည်း သူမ၏ ဆရာဖြစ်သူက ဤဆရာဦးလေးငယ်လေး၏ ဂိုဏ်းအတွင်းမှ အဆင့်အတန်းကို အပြင်လူများ ရှေ့တွင် လျှောက်မပြောရန် တင်းတင်းကျပ်ကျပ် သတိပေးထားသည်ကို ပြန်အမှတ်ရသွား၏။

ထို့ကြောင့် ချက်ခြင်း ဦးညွှတ်အရိုအသေပေးလိုက်ပြီး ပြောသည်။

“တခြားတော့ မမှာလိုက်ပါဘူးရှင့်… မနက်ဖြန် လာစရာမလိုတော့ဘူးလို့တော့ ပြောလိုက်ပါတယ်… ဒီနေ့က…. အင်း… တကယ်တော့ ပြန်လို့ရပါပြီလို့ ပြောပါတယ်…”

သူမက စွန်းယန်ဝမ် ကို မျက်လုံးတစ်ဖက် မသိမသာ မှိတ်ပြလိုက်သည်။

ဝေအစ်မကြီး သူမတို့အား သတိပေးခဲ့စဉ် အချိန်က သူမ၏ မျက်နှာသည် အလွန်လေးနက် နေခဲ့သောကြောင့် ထိုကိစ္စနှင့် ပတ်သက်ပြီး သူမ အလွန်သတိထားနေရခြင်း ဖြစ်သည်။

မတော်တဆ ယောင်ရမ်းကာ “လွှတ်”ခနဲ ထွက်သွားမည်ကို သေမလောက် ကြောက်နေမိ၏။

စွန်းယန်ဝမ် စိတ်သက်သာရာစွာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ဤနေရာတွင် နေထိုင်ရခြင်းသည် သက်သောင့်သက်သာ ရှိသည် မှန်သော်လည်း အလွန် ငြီးငွေ့စရာ ကောင်းပြီး သူ့၏ တိုင်ရီကျောင်းတော်လောက် သက်သောင့်သက်သာ မဖြစ်လှပေ။

သူက နန်မင်ညီအစ်မနှစ်ဦးဘက်ကို လှည့်ကာ ဂါရဝပြုလိုက်သည်။

ယခုအခါ သူကိုယ်တိုင် ဆောင်ယန်ဂိုဏ်းသားတစ်ဦး ဖြစ်လာသောကြောင့် တာအိုဘာသာဝင်များ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအတိုင်း ဂါရဝပြုခြင်းက အလွန်ယဉ်ကျေးသော အပြုအမူ တစ်ခုဟု ဆိုနိုင်သည်။

သူ့အနေနှင့်တော့ ထိုမိန်းမပျို နှစ်ဦးကို ပြောစရာ စကားမရှိပေ။

သူမတို့နှစ်ဦးနှင့်လည်း ရင်းနှီးမှု မရှိသောကြောင့် ယဉ်ကျေးမှုအရ ဂါရဝါပြုလိုက်ပြီးနောက် မည်သည့် စကားမျှ ပြောဆိုခြင်း မရှိဘဲ ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။

ထို့နောက် အလုပ်ခွင်များတွင် ကြီးကြပ်နေသော အခြား ရွှမ်ဟွမ်ဘုန်းတော်ကြီးများ အားလုံးကို ပြန်ခေါ်လိုက်ပြီး ပေါ့ပေါ့ပါးပါးနှင့် ဝိညာဉ်ဓားတောင်ထိပ်ကို ပြန်လာခဲ့သည်။

မျက်နှာဝိုင်းဝိုင်းနှင့် ခန္ဓာကိုယ်ကောက်ကြောင်း အနည်းငယ်လှသော မိန်းမပျိုတစ်ဦးက မေးသည်။

“သူက ဘယ်ဆရာက အသစ်လက်ခံထားတဲ့ တပည့်လဲ…”

အငယ်ဆုံးညီမ နန်မန်ကျူက အနည်းငယ်လှောင်ပြောင်ဟန် စွက်သော ရယ်သံဖြင့် တစ်ချက် ရယ်လိုက်ပြီး ပြောသည်။

“သူ့ဆရာလား… နောက်ခံလေးကတော့ မဆိုးပါဘူး… စီမာဘုန်းတော်ကြီးရဲ့ တပည့်ပဲ…”

“ငါတို့ ဒီကိုလာတုန်းက လမ်းမှာ ကောင်းကင်ယန္တရားဂိုဏ်း စွန်းမိသားစုက လိပ်ပြာလေးတို့ မြေးအဖိုးနဲ့ ဆုံခဲ့တယ်… အဲဒီတုန်းက ဒီကောင်က သာမန်အရပ်သားဝတ်စုံ ဝတ်ထားပြီးတော့ သူ့အစ်ကိုကြီး ဆိုတဲ့သူနဲ့ လိပ်ပြာလေးအနားမှာ တောက်တဲ့လို လိုက်ကပ်နေတာ…”

“အဲဒါကိုမြင်တော့ ငါကိုယ်တိုင် သူတို့ကို မောင်းထုတ်ပစ်လိုက်တယ်… စီမာဘုန်းတော်ကြီးရဲ့ တပည့်ဆိုတာက စွန်းမိသားစုနဲ့ဆို တန်းတူအရည်အချင်းလောက် ရှိတယ်ဆိုပေမယ့် ငါကတော့ သူ့ကို လုံးဝအထင်မကြီးပါဘူး…”

“ဒါပေမဲ့ စိတ်ပျက်ဖို့ကောင်းတာက အဲဒီလိပ်ပြာလေးက ဘာမှ မသိနားမလည်ဘဲ ခုချိန်ထိ ငါ့ကို အပြစ်တင်နေတုန်းပဲ…”

ထိုစကားကို ကြားသောအခါ ယန်ရှင်းအာ ၏ စိတ်ထဲတွင် တိတ်တဆိတ် ပြောဆိုလိုက်မိသည်။

“နန်မန်ကျူရေ နင့်ရဲ့ကံကြမ္မာကတော့ တော်တော်လေး ဆိုးရွားနေပြီထင်တယ်…”

“နင်တို့ ဝေဖန်နေတဲ့ ဆရာဦးလေးငယ်လေး စွန်းယန်ဝမ် ဆိုတာက ဝိညာဉ်ဓားတောင်ထိပ်က အကြီးအကဲ… တိုင်ရီကျောင်းတော်ရဲ့ ကျောင်းထိုင် ဖြစ်နေပြီနော်…”

“ပြီးတော့ အဲဒီ ဆရာဦးလေးငယ်လေးရဲ့ အစ်ကိုကြီး ဆိုတဲ့သူကကော ဆရာဦးလေး ကျန်းချင်းရှီ ကို ပြောနေတာ မဟုတ်ဘူးလား…”

“ဆောင်ယန်ဂိုဏ်းရဲ့ ဘိုးဘေးနတ်မင်းကြီးများ… ကျွန်မ ရှင်းအာ တောင်းဆိုပါတယ်… ဒီလိုလူမျိုးတွေနဲ့ ရင်းနှီးခွင့်ရထားတဲ့ စွန်းမိသားစုရဲ့ လိပ်ပြာလေးရဲ့ ကံကောင်းမှု သေးသေးလေးကိုပဲ ကျွန်မကို ပေးသနားပါ…”

“သူမက ဘယ်ဘဝက ကုသိုလ်ကောင်းမှုတွေကြောင့် ဒီလောက်ကောင်းတဲ့ ကံတရားကို ပိုင်ဆိုင်ထားရတာလဲ…”

“ဒါပေမဲ့ ဒီကိစ္စက သူမရဲ့ ကံကောင်းမှုလို့တော့ ငါ မယုံဘူး… အဲဒီစွန်းအဘိုးကြီးရဲ့ သိမ်းငှက်လို မျက်လုံးတွေက သူတို့နှစ်ယောက်ရဲ့ နောက်ခံကို အစောကြီးကတည်းက ကြိုမြင်ထားပြီးသား ဖြစ်လို့ သူ့မြေးမလေးကို သူတို့နဲ့ အတင်း လိုက်ရင်းနှီးခိုင်းထားတာပဲ ဖြစ်ရမယ်…”

“နင်က ဘာမှမသိဘဲ ရမ်းသမ်းပြောနေတာပဲ… စွန်းလင်အာ က နင့်ကို အပြစ်တင်ရုံ တင်တာကတင် နင့်အတွက် တော်တော် ကံကောင်းနေပြီ… ဒါက သူမဟာ အင်မတန် စိတ်သဘောထား ဖြူစင်တဲ့သူ မိုလို့ ဒီလောက်နဲ့ပဲ ပြီးသွားတာ…”

ယန်ရှင်းအာ စိတ်ထဲမှ အဆက်မပြတ် ပြောဆိုနေမိ၏။

“စွန်းလင်အာ နေရာမှာသာ ငါဆိုရင် ဒီလိုအခွင့်အရေးမျိုးကို လိုက်ပိတ်ပင်ကြည့်ပါလား… အဖိုးဆီကို ချက်ခြင်း ပြေးသွားပြီး ငိုယိုပြီး တိုင်ပစ်လိုက်မှာ… နင့်ဆီက သင့်တော်တဲ့ ဖြေရှင်းချက်ကို မရမချင်း တောင်းခိုင်းနေမှာပဲ…”

ယန်ရှင်းအာ သည် စကားလုံးပေါင်း တစ်သောင်း မှန်ကန်သော်ငြား၊ တိတ်ဆိတ်ခြင်းလောက် မသာ ဟူသော မူကို ကိုင်စွဲထားသူ ဖြစ်သောကြောင့် သူမ၏ ပါးစပ်ကို တင်းနေအောင် စေ့ထားပြီး မည်သည့် စကားတစ်ခွန်းမျှ ဝင်ရောက်ပြောဆိုခြင်း မရှိပေ။

ဤကိစ္စသည် သူ့ဆရာဖြစ်သူ တင်းတင်းကျပ်ကျပ် သတိပေးထားသည့် အရာဖြစ်သောကြောင့် သူမနှင့် ငယ်စဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့သော နန်မန်ညီအစ်များကဲ့သို့ အရင်းနှီးဆုံး သူငယ်ချင်းများကိုပင် ထုတ်ပြောဝံ့ခြင်း မရှိပေ။

တကယ်တော့ သူမ မသိခဲ့သည့် အခြားအကြောင်းအရာ တစ်ခုက ဝေအစ်မကြီးသည် စွန်းယန်ဝမ် မှာ ကျန်းယွမ်ချောင် ၏ တိတ်တိတ်ပုန်းသား ဖြစ်ကြောင်း ပြင်ပသို့ ပေါက်ကြားသွားမည်ကိုသာ အမှန်တကယ် စိုးရိမ်နေခြင်း ဖြစ်ကြောင်းကို ဖြစ်သည်….

All Chapters