← Chapters

“ကျွန်မကို မှတ်မိသေးလား”

Vol. 5 Ch. 49

“ကျွန်မကို မှတ်မိသေးလား”

Vol. 5 Ch. 49

ယနေ့တွင် စွန်းလင်အာ သည် နန်မန်ကုန်း၊ နန်မန်ကျူတို့နှင့်အတူ အပြင်သို့ လိုက်ပါသွားခဲ့ခြင်း မရှိပေ။

သူမ၏အဖိုး၏ ပြောပြချက်အရ စွန်းယန်ဝမ် သည် ကျီယိုကျောင်းတော်တွင် ရှိနေကြောင်း သတင်း အတိအကျ ရထားသောကြောင့် သူမက နံနက်အစောကြီးကတည်းက ထိုကျောင်းကို ထွက်လာခဲ့ပြီ ဖြစ်သည်။

သို့သော် ရက်အနည်းငယ်ကြာသည်အထိ နေ့စဉ်သွားရောက်ခဲ့သော်လည်း စွန်းယန်ဝမ် ၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရပေ။

စီမာဘုန်းတော်ကြီး (ဝါ) စီမာအားလုံ မှာလည်း ဝေအစ်မကြီးကဲ့သို့ သူ့ တပည့်များအားလုံးကို စွန်းယန်ဝမ် ၏ ကိစ္စနှင့်ပတ်သက်ပြီး တစ်ခွန်းမျှ မဟရန် တင်းတင်းကျပ်ကျပ် သတိပေးထားသည်။

ဒုတိယဦးလေးတွင် တိတ်တိတ်ပုန်း သားတစ်ဦး ရှိနေသည်ဆိုသော သတင်းက မည်မျှပင် နားဝင်ဆိုးလိုက်ပါသနည်း။

သူသည် သူ့တပည့်များကို အသေးစိတ် အချက်အလက်အား လုံးဝပြောဝံ့ခြင်း မရှိဘဲ မည်သည့် အရာကိုမျှ မပြောရန်သာ တင်းကျပ်စွာ သတိပေးထားသည်။

စွန်းလင်အာ သည် ကျီယိုကျောင်းသို့ အခေါက်ပေါင်း မရေမတွက်နိုင်အောင် ရောက်လာသော်လည်း အကြောင်းအရာကို တစ်ခါမျှ နားလည်နိုင်ခဲ့ခြင်း မရှိဘဲ ပြန်ပြန်လာခဲ့ရသည်။

စီမာအားလုံ ၏ တပည့်များက အလွန်စိတ်ချရသူများ ဖြစ်သည်။

သူတို့သည် စွန်းယန်ဝမ် ဤနေရာတွင် မရှိကြောင်း၊ ဝိညာဉ်ဓားတောင်ထိပ်မှ တိုင်ရီကျောင်းတော်၌သာ ရှိကြောင်း ဆိုသော စကားအနည်းကိုပင် မပြောခဲ့ကြပေ။

စွန်းလင်အာ သည် နောက်တစ်ကြိမ် အချည်းအနှီးဖြင့် ပြန်လာရသောအခါ ငိုချင်စိတ်များလည်း ပေါက်နေသည်။

သူမသည် လင်ထျန်းကျောင်းတော်သို့ ချက်ခြင်းမပြန်တော့ဘဲ ဆောင်ယန်တောင်ထွဋ်ပေါ်တွင် ဦးတည်ရာမဲ့ လျှောက်သွားနေခဲ့၏။

ဆောင်ယန်တောင်ထိပ်တွင် ကျောင်းတော်ပေါင်း နှစ်ဆယ့်ရှစ်ကျောင်းအထိ ရှိသည်။

ဂိုဏ်းခေါင်းဆောင် နေထိုင်သော ဒူးအော့ကျောင်းတော်ကဲ့သို့ ကျောင်းတော်အချို့သည် ဆောင်ယန်ဂိုဏ်း၏ ကန့်သတ်နယ်မြေ ဖြစ်သောကြောင့် ဧည့်သည်များ ဝင်ထွက်သွားလာခွင့် မရှိပေ။

ကျန်သည့်ကျောင်း အများစုမှာ လာရောက်သည့် ဘုရားဖူးဧည့်သည်များ အားလုံးကို နွေးထွေးပျူငှာစွာ ဧည့်ခံကြိုဆိုကြသည်။

ဆောင်ယန်တောင်သည် ဤကမ္ဘာရှိ တာအို(တောက်) ဘာသာဝင်များ အထွဋ်အမြတ်ထားရာ တောင်တန်း ဖြစ်သောကြောင့် တစ်နှစ်ပတ်လုံး ဘုရားဖူး ဧည့်သည်များဖြင့် မပြတ်စည်ကားသည့် နေရာလည်းဖြစ်သည်။

ဘုရားဖူးဧည့်သည်များ မပြတ်သောကြောင့် ကျောင်းတော်တိုင်း၏ နှစ်စဥ် ဝင်ငွေကလည်း လွန်စွာ များပြားသည်။

စွန်းလင်အာ သည် လျှောက်သွားနေရင်းမှ သူမ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသော နေရာသို့ ရောက်ရှိလာပြီး လှပသပ်ရပ်စွာ ဆောက်လုပ်ထားသည့် ကျောင်းသင်္ခမ်းငယ် တစ်ခုကို တွေ့သောကြောင့် ရည်ရွယ်ချက်မရှိဘဲ ဝင်လာခဲ့မိ၏။

သူမ ကျောင်းပေါက်ဝသို့ ရောက်သည့်အချိန်တွင် သူတော်စင်မလေးတစ်ဦး ထွက်လာပြီး သူမကို ဂါရဝပြု ကြိုဆိုကာ ပြောလိုက်သည်။

“အလှူ့ရှင်လေးရှင့်…. လင်ရှန်းကျောင်းတော်က ကိုယ်ပိုင် ဆောက်လုပ်ထားတဲ့ ကျောင်းတော် တစ်ခုဖြစ်လို့ ပြင်ပဧည့်သည်တွေ လက်မခံပါဘူး…”

“ပြီးတော့ အထဲမှာ ကျွန်မတို့ သခင်မလေး ကျင့်ကြံနေတဲ့အတွက် ဆက်မဝင်ဖို့ မေတ္တာရပ်ခံပါတယ်…”

စွန်းလင်အာ အလွန် အားနာသွားပြီး အလျင်အမြန် ပြန်ပြောလိုက်၏။

“တောင်းပန်ပါတယ်ရှင်… ဒါက ကိုယ်ပိုင်ကျောင်းတော်ဆိုတာ ကျွန်မ တကယ်မသိခဲ့လို့ပါ…”

သူမသည် ချက်ခြင်း နောက်ပြန်လှည့်ရန် ပြင်လိုက်စဉ် ကျင်းချင်းရှီ သည် ထိုကျောင်းအတွင်း ဝင်လာသည်ကို မြင်လိုက်ရသောကြောင့် ရင်ထဲတွင် သိန်းဆုကြီးပေါက်သွားသလို အလွန်အမင်း ဝမ်းသာ ပျော်ရွှင်သွားတော့သည်။

သူမ အိန္ဒြေမဆည်နိုင်စွာ လှမ်းခေါ်လိုက်မိ၏။

“ကိုယ်တော်လေး… ကိုယ်တော်လေး… ကျွန်မကို မှတ်မိသေးလားရှင့်…”

ကျန်းချင်းရှီ က သူမကို အသာအယာပြုံးပြရင်း ဖြေသည်။

“ကျုပ်မှတ်မိပါတယ်…”

စွန်းလင်အာ သည် ကျန်းချင်းရှီ ပြန်ထွက်သွားမည်ကို စိုးရိမ်သောကြောင့် သူမသိချင်သည့် အကြောင်းအရာကိုသာ တိုက်ရိုက် မေးလိုက်သည်။

“စွန်းယန်ဝမ် ကို ဘာဖြစ်လို့ မတွေ့ရတာလဲ…”

ကျန်းချင်းရှီ က ဖြေသည်။

“သူက အခု ပြိုင်ပွဲကျင်းပတဲ့ နေရာမှာ အကူအညီ ပေးနေရတယ်လေ…”

စွန်းလင်အာ အလွန်ဝမ်းသာစွာဖြင့် ကျင်းချင်းရှီ ကို ဦးညွှတ်အရိုပေးကာ နှုတ်ဆက်လိုက်ပြီး အမြန်ဆုံး ထွက်ခွာ သွားတော့သည်။

ကျန်းချင်းရှီ သည် သူမထွက်ခွာသွားသည်ကို ကြည့်နေပြီးမှ နောက်သို့ ပြန်လှည့်လိုက်သောအခါ မိန်းမပျို သူတော်စင်တစ်ဦး ကျောင်းဝန်းအတွင်းမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

သူမသည် ရိုးရှင်းသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း အထက်တန်းကျကာ နူးညံ့သိမ်မွေ့ပြီး အလွန်စွဲဆောင်မှုရှိသည့် အလှတရားမျိုးဖြင့် ပြည့်စုံနေသည်။

လူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး စိုက်ကြည့်နေသော်လည်း မည်သည့်စကားကိုမျှ ပြောဆိုခြင်း မရှိပေ။

ကျန်းချင်းရှီ က အသက်တစ်ရှိုက် ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူမကို ဦးညွှတ်အရိုအသေပေးလိုက်၏။

သူ ခေါင်းပြန်မော့လိုက်သောအခါ သူမ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သူသည် ချက်ခြင်း နောက်သို့ ပြန်လှည့်ကာ ထိုနေရာမှ ထွက်ခွာလာပြီး မကြာမီ ပျောက်ကွယ်သွားလေ တော့သည်…

စွန်းလင်အာ သည် ပြိုင်ပွဲကျင်းပသည့် နေရာသို့ အလွန်လျင်မြန်စွာ ရောက်ရှိလာသောအခါ သူတော်စင်မလေး ယန်ရှင်းအာ နှင့် နန်မန်ညီအစ်မများကို ချက်ခြင်းပင် တွေ့လိုက်ရသည်။

စွန်းယန်ဝမ် ပြန်လည်ထွက်ခွာသွားသည့် အချိန်တွင် ကျင့်ကြံခြင်းလောကမှ သူရဲကောင်း မိန်းမပျို အချို့သည် သူမတို့ အဖွဲ့များနှင့်အတူ ဤနေရာကို ထပ်မံ ရောက်ရှိလာကြသည်။

သူတို့အဖွဲ့များသည် အချင်းချင်း မသိကြသော်လည်း နာမည်များကို ကြားဖူးနေသောကြောင့် အလျင်အမြန်ပင် မိတ်ဆွေများ ဖြစ်သွားကြပြီး တခစ်ခစ် ရယ်သံလေးများက လေထဲတွင် အဆက်မပြတ် ပျံ့လွင့်လာခဲ့သည်။

နန်မန်ကျူ သည် အဝေးမှ လာနေသော စွန်းလင်အာ ကို မြင်သောအခါ လက်ဝှေ့ရမ်းပြပြီး ဝမ်းသာအားရ အော်ပြောလိုက်သည်။

“လိပ်ပြာလေး… နင်က ဘာဖြစ်လို့ ဒီလောက်တောင် အိပ်ပုတ်ကြီးနေတာလဲ… တော်တော်တောင် နောက်ကျနေပြီ…”

မည်သို့ပင်ဆိုစေ စွန်းလင်အာ သည် မိန်းကလေးတစ်ဦး ဖြစ်နေသောကြောင့် ဤရက်များအတွင်း ကျီယိုကျောင်းတော်သို့ မကြာခဏ သွားရောက်ခဲ့သည့် အကြောင်းကို မည်သူ့ကိုမျှ မသိစေချင်ပေ။

ထို့ကြောင့် သူမက အိပ်ချင်သည်ဟုသာ အကြောင်းပြထားခဲ့သည်။

ယခု သူငယ်ချင်းများနှင့် ဆုံတွေ့ရပြီ ဖြစ်သော်လည်း စွန်းယန်ဝမ် ကို မတွေ့ရသေးသောကြောင့် အနည်းငယ် စိတ်ပျက်သွားပြီး ပျင်းရိသည့် လေသံဖမ်းကာ ဖြေလိုက်သည်။

“အခုထိ စိတ်မကြည်သေးပါဘူး… ဒါနဲ့ နင်တို့ ဒီကို စရောက်လာတုန်းက ဘယ်သူတွေနဲ့ တွေ့ခဲ့ပြီးပြီလဲ…”

နန်မန်ကျူး က တခစ်ခစ်ရယ်လိုက်ပြီး ဖြေသည်။

“အင်း တကယ်ပဲ တစ်ယောက်ယောက်နဲ့တော့ တွေ့ခဲ့ရတယ်… အဲဒါက နင့်ကို လိုက်ကပ်နေတဲ့ ဟို စွန်း ဘယ်သူဆိုလား… အဲဒီကောင်လေးကိုပဲ… အခု သူက တခြား ဘုန်းတော်ကြီးတွေကို ဦးဆောင်ပြီး ဒီနေရာမှာ လိုက်စစ်ဆေးနေတာ… စောစောကပဲ ရှင်းအာ က ကြည့်မရလို့ ပြန်လွှတ်လိုက်ပြီ…”

ယန်ရှင်းအာ မျက်လုံးပြူးသွားပြီး ချက်ခြင်း ပြောသည်။

“ကျွန်မက သူ့ကို အနားယူဖို့ ပြောလိုက်တာပါ… ရှင်ပြောသလို မောင်းထုတ်တာ မဟုတ်ရပါဘူး…”

နန်မန်ကျူက သဘောကျစွာ ရယ်ပြီး ပြောသည်။

“တော်ပြီ… သူ့အကြောင်းကို မပြောတော့ဘူး… မနက်ဖြန်ဆိုရင် ဆောင်ယန်ဂိုဏ်းရဲ့ မျိုးဆက်သွေး ခုနှစ်မျိုး သိုင်းပြိုင်ပွဲကြီးက စတော့မယ်… နင်တို့အားလုံးက ဘယ်သူ့ကို အခွင့်အရေး အများဆုံးလို့ ထင်လဲ…”

ချက်ခြင်းဆိုသလိုပင် မိန်းကလေးများသည် ယခုတစ်ကြိမ် ဆောင်ယန်ဂိုဏ်း၏ ပြိုင်ပွဲတွင် မည်သူက အခွင့်အရေး အများဆုံး ဖြစ်ကြောင်းကို ဆက်ရက်အုပ် ဆင်းလာသကဲ့သို့ ဆူညံစွာ ဆွေးနွေးကြတော့သည်။

ထိုအချိန်တွင် ပစ္စည်းများစွာကို သယ်ဆောင်လာသော အစေခံအုပ်စုများ ရောက်ရှိလာသည်။

နန်မန်ကျူ ၏ မျက်နှာထက်တွင် ဝမ်းသာပျော်ရွှင်သွားသော အရိပ်အယောင်များ ဖြစ်ပေါ်လာပြီး ချက်ခြင်း ပြောလိုက်၏။

“မိသားစုကြီးတွေက သူတို့ငှားထားတဲ့ ရောင်စုံအဆောက်အဦတွေမှာ လာပြီးနေရာချနေကြတာပဲ… ငါတို့ နန်မန်မိသားစုက လူတွေလည်း ရောက်လာပြီ…”

ထိုစဉ် မျက်နှာထား ခပ်တင်းတင်းနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက နန်မန်ကုန်း နှင့် နန်မန်ကျူ တို့ ညီအစ်မကို မြင်သောအခါ လက်သီးဆုပ်ဂါရဝပြုရင်း ပြောသည်။

“သခင်မလေးတို့ကလည်း ဒီနေရာမှာ ရှိနေတာပေါ့… ကျွန်တော်က ရောင်စုံ အဆောက်အဦထဲမှာ နေရာထိုင်ခင်းတွေ စီစဉ်ရဦးမှာမိုလို့ သခင်မလေးတို့ကို အဖော်ပြုမပေးနိုင်တာ ခွင့်လွှတ်ပါ…”

နန်မန်ကျူ က တခစ်ခစ်ရယ်လိုက်ပြီး ပြောသည်။

“ကျွန်မတို့က အကြီးအကဲ အိမ်တော်ထိန်းရဲ့ အဓိကလုပ်ငန်းတာဝန်ကို အနှောင့်အယှက် မပေးရဲပါဘူး… ဒီနေ့ ပြင်ဆင်မှု မပြီးရင် မနက်ဖြန်ကျ အစ်မကြီးတွေရဲ့ ဆူပူမှုကို ကျွန်မတို့ သေချာပေါက် ခံရလိမ့်မယ်…”

ဤသက်လတ်ပိုင်းအရွယ် အမျိုးသားသည် နန်မန်မိသားစု၏ အိမ်တော်ထိန်းဖြစ်ပြီး နာမည်က ယုဝမ်ဟွာ ဖြစ်သည်။

သူ့၏ ရုပ်ခန္ဓာစွမ်းအားနှင့် ကျင့်စဉ်အဆင့်အတန်းက လွန်စွာမြင့်မားသည်။

ယခင်က သူသည် ကျင့်ကြံခြင်း လောကတွင် လှည့်လည်သွားလာနေသူ တစ်ဦး ဖြစ်သော်လည်း သူ့ထက် ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသူ တစ်ဦးကို ရန်စစော်ကား မိခဲ့သောကြောင့် မတတ်သာသည့်အဆုံး နန်မန်မိသားစုထံတွင် ပုန်းခိုနေထိုင်ခဲ့ရသည်။

နန်မန်မိသားစုတွင် ခုနှစ်နှစ်၊ ရှစ်နှစ်ခန့်ကြာသည်အထိ အိမ်တော်ထိန်းတာဝန်ကို ထမ်းဆောင်ပြီးနောက် နန်မန်မိသားစု၏ ယုံကြည်မှုကို အပြည့်အဝ ရယူနိုင်ခဲ့သည်။

အစောပိုင်းက စကားများ ပြောဆိုနေကြသော မိန်းကလေးများအတွင်းမှ အချို့သည် ယုဝမ်ဟွာ ၏ အခြားသူများကို ခေါ်ဆောင်ကာ အနီရောင် အဆောက်အဦပေါ်သို့ တက်သွားသည့် မြင်ကွင်းကို ကြည့်နေကြပြီး သူမတို့ မျက်ဝန်းများအတွင်း အားကျသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာကြသည်။

ဤလောကတွင် စွမ်းအားကြီးသော မိသားစုကြီးများ မရေမတွက်နိုင်အောင် ရှိနေသော်လည်း ထိပ်သီးဂိုဏ်းကြီးများနှင့် တန်းတူယှဉ်ပြိုင်နိုင်သည့် မိသားစုကြီးများက လက်ချိုးရေတွက်နိုင်ရုံသာ ရှိသည်။

နန်မန်မိသားစု ဆိုသည်မှာ ယနေ့ခေတ်၏ အထွဋ်အထိပ် မိသားစုကြီး ငါးခုအနက်မှ တစ်ခု အပါအဝင် ဖြစ်သည်။

ကောင်းကင်ယန္တရားဂိုဏ်း စွန်းမိသားစုသည် အထွဋ်အထိပ် ကျင့်ကြံသူများ ရှိသော်လည်း ဂိုဏ်းချုပ် အဆင့် ကျင့်ကြံသူ မရှိတော့သောကြောင့် နန်မန်မိသားစုအောက် တစ်ဆင့်နိမ့်သည့် နေရာကို လျှောကျသွားခဲ့သည်။

နန်မန်မိသားစုသည် ဂိုဏ်းချုပ်အဆင့် ကျင့်ကြံသူတစ်ဦးကို ပိုင်ဆိုင်ထားသော အထွဋ်အထိပ် မိသားစုကြီး တစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် နန်မန်မိသားစုသည် အရှေ့ဘက် တောင်စောင်းပေါ်ရှိ အနီရောင် အဆောက်အဦ တစ်လုံးကို ရယူထားနိုင်ခြင်း ဖြစ်သည်။

ဆောင်ယန်ဂိုဏ်းသည် အဆင့်အတန်း ခွဲခြားခြင်း မရှိဘဲ မည်သူမဆို လွတ်လပ်စွာ ငှားရမ်းနိုင်သည်ဟု အပြင်တွင် ကြေညာထားသော်လည်း ကျင့်ကြံခြင်းလောက၏ ထိပ်သီးဂိုဏ်းကြီးများ သို့မဟုတ် အထွဋ်အထိပ် မိသားစုကြီးများ မဟုတ်ပါက ဤအရှေ့ဘက်တောင်စောင်းများပေါ်ရှိ ရောင်စုံ အဆောက်အဦများကို မျက်စောင်းထိုး ကြည့်ရန်ပင် မဖြစ်နိုင်ကြောင်း လူတိုင်း နားလည်ကြသည်။

အခြားအစေခံ အဖွဲ့အချို့ကလည်း ပစ္စည်းများကို သယ်ဆောင်လာကြပြီး တတိယအဆင့်နှင့် စတုတ္ထအဆင့် ရောင်စုံ အဆောက်အဦများဆီသို့ တက်လာသောကြောင့် ဩဇာတိကမချင်း နှိုင်းယှဉ်မည်ဆိုလျှင် ၎င်းတို့သည် နန်မန်မိသားစုထက် တစ်ဆင့် နိမ့်ကျနေသည်ဟု ဆိုနိုင်သည်။

ထိုသူများသည် ပစ္စည်းများ သယ်ဆောင်ထားသည့် အချိန်မှာပင် နန်မန်မိသားစုမှ လူများကို တွေ့သောအခါ လမ်းဖယ်ပေးကြသည်။

ထိုကဲ့သို့ ပြုလုပ်ခြင်းကြောင့် နန်မန်မိသားစု၏ အစေခံများသည် အခြားမိသားစုမှ အစေခံများထက် ပိုမို အဆင့်မြင့်မားသူများ အဖြစ်ကို အလိုအလျောက် ရောက်ရှိသွားစေသည်။

နန်မန်ကုန်း သည် သူ့ညီမလေးနှင့်အတူ လျှောက်သွားနေပြီး ခဏကြာသောအခါ သူမ အလွန် စိတ်ပျက်လာ၏။

သူမ၏ စရိုက်သည် အေးချမ်းဆိတ်ငြိမ်မှုဖြင့် တစ်ကိုယ်တည်း နေရသည်ကို ပိုမိုနှစ်သက်သူ ဖြစ်သည်။

အော်မေနဂါးနှိမ်နင်းသူထံတွင် တပည့်ခံယူပြီးနောက် သူမ၏ မိသားစုဆီကိုပင် မကြာခဏ ပြန်ဖြစ်ခြင်း မရှိတော့ပေ။

ယခု သူ့၏ အချိန်အတော်ကြာသည်အထိ မတွေ့ဖြစ်ခဲ့သော ညီမဖြစ်သူအား အချိန်ပေးချင် သောကြောင့်သာ သူမနှင့်အတူ ထွက်လာခဲ့ခြင်း ဖြစ်သည်။

လူများသည် တဖြည်းဖြည်း ပိုမိုများပြားလာနေပြီး မကြာမီ ပစ္စည်းမျိုးစုံ သယ်ဆောင်ကာ တဖွဲဖွဲ ဝင်ရောက်လာသော အခြားအစေခံများဖြင့် ရှုပ်ထွေးသွားတော့သည်။

ရောင်စုံ အဆောက်အဦများအတွင်း နေရာထိုင်ခင်းများ ပြင်ဆင်နေမှုက အလွန်အမင်း ဆူညံပွက်လောရိုက်နေသလို အလွန်လည်း စည်ကားသက်ဝင်လျက် ရှိလေသည်။

သူမက နန်မန်ကျူ ကို ပြောလိုက်၏။

“ညီမလေး… နင့်ဘေးမှာ လင်အာ လည်း ရောက်နေပြီဆိုတော့ မမ အရင်ဆုံး ပြန်နှင့်တော့မယ်…”

နန်မင်ကျူသည် အစ်မဖြစ်သူကို လှမ်းဖက်လိုက်ပြီး ချွဲနွဲ့လိုက်သော်လည်း အစ်မဖြစ်သူမှာ အမှန်တကယ်ပင် စိတ်ရှုပ်ထွေးနေသည်ကို မြင်သောအခါ သူမ ဆက်လက် မတောင်းဆိုရက်တော့ပေ။

သူမက စွန်းလင်အာ ၏ လက်ကို ချက်ခြင်းလှမ်းဆွဲပြီး ပြောသည်။

“လိပ်ပြာလေး… ဒီနေ့တော့ နင် ငါ့ကို ပစ်ထားခဲ့လို့ မရဘူးနော်…”

စွန်းလင်အာ တခစ်ခစ်ရယ်ရင်း ပြောသည်။

“အပြင်ထွက်ဖို့က နင်ကိုယ်တိုင်ပဲ အတင်းအကျပ် တောင်းဆိုခဲ့တာ မဟုတ်ဘူးလား… ဒီနေ့ ဝေသူတော်စင်အစ်မက ဓားကျင့်စဉ်တစ်ခု သင်ပေးမယ်လို့ ငါတို့အားလုံးကို ပြောထားတာ ရှိတယ်လေ…”

“တခြားအစ်မတွေ အကုန်လုံး အသည်းအသန် လေ့ကျင့်နေတဲ့ အချိန်မှာ နင်က အပြင်ကို ခိုးထွက်လာတယ်ပေါ့ ဟုတ်လား…”

“ဆွေးမြေ့နေတဲ့ သစ်သားတုံးတစ်ခုက တကယ်ပဲ ဘယ်လိုမှ ထွင်းထုလို့ မရနိုင်တော့ပါလား…”

နန်မန်ကျူ က ချစ်စရာကောင်းစွာ နှုတ်ခမ်းလေး စူလိုက်ပြီး ပြန်ပြောသည်။

“အဲဒါက ဆောင်ယန်ဂိုဏ်းရဲ့ မဟာကျင့်စဉ်ကြီး ငါးခုနဲ့ အထွဋ်အထိပ်ကျင့်စဉ် ဆယ့်သုံးခုထဲက တစ်ခုမှ မှ မဟုတ်တာ… ပြီးတော့ ဓားကျင့်စဉ် ၁၉ မျိုးထဲကလည်း မဟုတ်ဘူး…’’

“ဝေသူတော်စင်အစ်မ သူ့ဘာသာ ဖန်တီးထားတဲ့ ဓားကျင့်စဉ်တစ်ခုပဲလေ…. နောက်ပြီး ပြည့်စုံမှုလည်း မရှိသေးဘူး… အခုမှ ဓားကွက် ဆယ့်ခုနှစ်ကွက်ပဲ ဖန်တီးနိုင်သေးတာကို ငါက ဘာဖြစ်လို့ သင်ရမှာလဲ…”

"ငါတို့ နန်မန်မိသားစုပိုင် လျှို့ဝှက်ကျင့်စဉ်တွေနဲ့တင် ငါ့အတွက် သင်ယူဖို့ အချိန် မလုံလောက်ဘူး…”

နန်မန်ကုန်း သည် ပြိုင်ပွဲကျင်းပရာ နေရာမှ အလျင်အမြန် ထွက်ခွာလာခဲ့ပြီး ခြေဦးတည့်ရာ လျှောက်သွားနေရင်းမှ မထင်မှတ်စွာ ဝိညာဉ်ဓားတောင်ထိပ်ကို ရောက်ရှိလာသည်။

သူမစိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ဖြစ်ပေါ်လာပြီး ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။

“အစ်မခုနှစ်က ဓားနတ်ဘုရားငယ်လေး အကြောင်းကို အမြဲတမ်း ပြောတယ်… အဲဒီ ဓားနတ်ဘုရားငယ်လေး ဆိုတာက ဘယ်လိုလူမျိုးလဲ မသိဘူး….”

“ငါ ကြားဖူးသလောက်တော့ ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ချောင် က ဝိညာဉ်ဓားတောင်ထိပ်မှာ နေခဲ့ဖူးတယ်တဲ့… သူနဲ့ သူ့တပည့်က တောင်ပေါ်က ဆင်းသွားပြီဆိုပေမယ့် သူတို့ကိုယ်တိုင် နေခဲ့ဖူးတဲ့နေရာကို သွားကြည့်တာကလည်း ထူးခြားတဲ့ ခံစားချက် တစ်ခုပါပဲလေ….”

နန်မန်ကုန်း သည် ငှက်ကလေး တစ်ကောင်ကဲ့သို့ ပေါ့ပါးစွာ ပျံဝဲပြီး ဝိညာဥ်ဓားတောင်ထိပ်ကို တက်လာခဲ့သည်။

သူမတောင်ထိပ်သို့ ရောက်သည်နှင့် ဆိုင်းဘုတ်အသစ် တစ်ခုကို မြင်ရသောကြောင့် ဖတ်ကြည့်ရင်း အနည်းငယ်လည်း အံ့အားသင့်နေမိသည်။

“တိုင်ရီကျောင်းတော်….”

ကျောင်းသည် ကန့်သတ်နယ်မြေ မဟုတ်သောကြောင့် သူမက အထဲထိ တိုက်ရိုက်လျှောက်ဝင်လာပြီး ဟိုကြည့်သည်ကြည့် လိုက်ကြည့်ရင်း စိတ်ထဲတွင်လည်း တွေးလိုက်မိသည်။

“ဘာဖြစ်လို့ တိုင်ရီကျောင်းတော် ဖြစ်သွားရတာလဲ မသိဘူး… ကျင့်ကြံခြင်းလောက တစ်ခုလုံးက ဒီနေရာကို ဝူလုံ (နဂါးနက်) ကျောင်းတော်လို့ပဲ သိထားတာ မဟုတ်ဘူးလား…”

“ဒါဆို မကြာသေးခင်က နာမည်ပြောင်းပစ်တာ ဖြစ်နိုင်လောက်တယ်… ဘာပဲဖြစ်ဖြစ် တိုင်ရီကျောင်းတော် ဆိုတဲ့ နာမည်က ဝူလုံကျောင်းတော် ဆိုတာထက်တော့ ပိုကောင်းတာ သေချာတယ်…”

“သူ့နေရာကို သူ့အစ်ကိုကြီးက ​နာမည်ပြောင်းပစ်တာသာ ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ချောင် သိရင် သူဘယ်လိုများ လုပ်မလဲမသိဘူး…”

All Chapters