“ပထမဆုံး ယှဉ်ပြိုင်တိုက်ခိုက်မှု”
Vol. 5 Ch. 50
ထိုအချိန်တွင် စွန်းယန်ဝမ် သည် သူ့၏ခြံဝန်းအတွင်း ရွှေအရွတ် မရီဒန် ကျင့်စဉ်ကို ကျင့်ကြံနေရာမှ ရုတ်တရက် တစ်စုံတစ်ဦးက သူ့အား စူးစိုက်ကြည့်နေသလို ခံစားရသောကြောင့် လေ့ကျင့်နေမှုကို ရပ်တန့်လိုက်သည်။
သူရုတ်တရက် လှည့်ကြည့်လိုက်သောအခါ အထက်တန်းလွှာများသာ ဝတ်ဆင်နိုင်သည့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သွယ်လျသော မျက်နှာနှင့် ခပ်အေးအေးပုံသဏ္ဍာန်ရှိသော မိန်းမပျို တစ်ဦးကို တွေ့လိုက်ရသည်။
သူမ၏ မျက်နှာထက်တွင် အံ့အားသင့်နေသည့် အရိပ်အယောင်က အလွန်ထင်ရှားစွာ ပေါ်လွင်နေခဲ့၏။
စွန်းယန်ဝမ် သည် နန်မန်ကုန်း ကို နှစ်ကြိမ်တိုင် မြင်ဖူးထားပြီး အထူးသဖြင့် လွန်ခဲ့သည့် နာရီပိုင်းကမှ ထိပ်တိုက်တွေ့ခဲ့သော်လည်း မည်သူကမျှ မိတ်ဆက်ပေးခြင်း မရှိသောကြောင့် ထိုမိန်းမပျိုသည် နန်မန်ညီအစ်မကိုးဦး အနက်မှ တစ်ဦးဖြစ်ကြောင်းကိုသာ သိခဲ့ပြီး အခြားဘာမှ မသိတော့ပေ။
သူက ဦးညွှတ်ဂါရဝပြုလိုက်ပြီး နှုတ်ခွန်းဆက်စကား အနည်းငယ် ပြောလိုက်သည်။
“နန်မန်သခင်မလေးက ဘိုးဘေးသုံးဦးကို လာပြီး ဂါရဝပြုတာလား…”
နန်မန်ကုန်း စိတ်ထဲတွင် အတွေးများ ယောက်ယက်ခပ်သွားပြီး သိချင်စိတ်ကို မည်သို့မျှ ထိန်းချုပ် မထားနိုင်တော့ပေ။
“စီမာဘုန်းတော်ကြီးက နင့်ကို ဒီနေရာကို လာခိုင်းထားတာလား….”
ရုတ်တရက် မေးခွန်းက စွန်းယန်ဝမ် ကို ကြောင်တောင်တောင် ဖြစ်သွားစေပြီး သူ့ကိုယ်သူပင် မနည်း ပြန်စဉ်းလိုက်ရ၏။
“ဒါက စီမာအစ်ကိုကြီးနဲ့ ဘာဆိုင်လို့လဲ…”
“ဒါမှမဟုတ် စီမာအစ်ကိုကြီးရဲ့ နာမည်ကိုများ မှားပြီး ပြောနေတာလား….”
သူမ၏ မေးခွန်းတွင် ရှင်းရှင်းလင်းလင်း မဖြစ်နိုင်သည့် အချက်များက လွန်စွာ များပြားနေပြီး ဘဲဥအစရှာမရသလို အဆုံးမဲ့နေသောကြောင့် စွန်းယန်ဝမ် ပါးစပ်ကို ဟစိဟစိနှင့် အကြိမ်ပေါင်း များစွာလုပ်နေမိသည်။
မည်သည့်စကားသံမျှတော့ ထွက်မလာခဲ့ပေ။
သူ့ပုံစံကို မြင်သောအခါ နန်မန်ကုန်း သည် မည်သည့်စကားမျှ ထပ်မံပြောဆိုခြင်း မရှိဘဲ ‘’ချာ”ခနဲ လှည့်ကာ ပြန်ထွက်သွားသည်။
ကျောင်းပေါက်ဝသို့ ရောက်သောအခါ ရုတ်တရက် နောက်ပြန်လှည့်လာပြီး စကားတစ်ခွန်း ပြောလိုက်၏။
“နင်က ဆောင်ယန်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်တဲ့အတွက် ဒီနေရာဟာ သိပ်ကိုကြီးမြတ်တဲ့ ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ချောင် နေခဲ့တဲ့နေရာ ဆိုတာကိုတော့ သတိရသင့်တယ်….”
ထို့နောက် သူမထံတွင် ဆက်ပြောစရာ စကားမကျန်တော့သဖြင့် ပြောစရာစကား ရှာနေဟန်ဖြင့် တိတ်ဆိတ်သွား၏။
စီမာအားလုံ သည် ဆောင်ယန်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ဝမ်ရွှမ်ကွေ့ ၏ တပည့်ရင်းဖြစ်သည်။
ဝါစဉ်အရ တွက်မည်ဆိုလျှင် သူသည် မြေးတပည့် အဆင့်တွင်သာ ရှိနေပြီး ထိုကဲ့သို့သူ တစ်ဦးက ဤကဲ့သို့ နေရာမျိုးတွင် လာရောက်လေ့ကျင့်နေခြင်းမှာ ဝမ်ရွှမ်ကွေ့ က ခွင့်ပြုထားသည် ဆိုလျှင်ပင် မည်သို့မျှ မလုပ်သင့်သော အခြေအနေ ဖြစ်သည်။
နန်မန်ကုန်း သည် ထိုစကားကို ပြောဆိုပြီးနောက် အခြားပြောစရာ စဉ်းစားမရတော့သောကြောင့် တောင်ပေါ်မှ ချက်ခြင်း ပြန်ဆင်းသွားသည်။
သူမသည် ဝိညာဉ်ဓားတောင်ထိပ်၏ အခြားလှပသော ရှုခင်းများကို ဆက်ကြည့်ရန်ပင် စိတ်မဝင်စားတော့ပေ။
စွန်းယန်ဝမ် တီးတိုးပြောလိုက်မိ၏။
“ခင်ဗျားမပြောလည်း ကျုပ်ကသိပြီးသားပါ…. ဒီနေရာက ကျွန်တော့်ဆရာရဲ့ နေရာမှန်း တစ်လောကလုံးလည်း သိတယ်…”
“ဒါနဲ့ နေပါဦး…. သူမက ဘယ်နေရာကနေ ဝင်လာတာလဲ….”
“အိုက်ယား….. တိုင်ရီကျောင်းတော်မှာ သာမန် ရွှမ်ဟွမ်ဂိုဏ်းသားတွေပဲ ရှိတယ်… ငါနဲ့ အစ်ကိုကြီးက လွဲရင် တခြားကျင့်ကြံသူက တစ်ယောက်မှ မရှိဘူး… အဲဒီတော့ လူတွေ ဝင်ထွက်သွားလာရတာက တော်တော်လေး လွယ်ကူနေတာပဲ ဖြစ်ရမယ်….”
“နောက်ဆိုရင် ကျင့်ကြံသူ တပည့်တွေ များများခေါ်ထားပြီး ငါတို့ကျောင်းတော်ကိုလည်း စည်စည်ကားကားလေး ဖြစ်အောင် လုပ်ထားမှ ရတော့မယ်…”
နောက်တစ်နေ့တွင် ကျန်းချင်းရှီ သည် သူ့ကို စောစောစီးစီး လာနှိုးကာ ရေချိုးခိုင်းပြီးနောက် ဘုန်းတော်ကြီး ဝတ်ရုံ အသစ်တစ်စုံကို လဲလှယ်ဝင်ဆင်စေသည်။
ဆောင်ယန်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ကျန်းချင်းရှီ ထံတွင် မည်သည့် ပစ္စည်းမဆို အဆင်သင့် ရှိနေပြီ ဖြစ်သဖြင့် စွန်းယန်ဝမ် အတွက် အဝတ်အစားများကို ကြိုတင်ပြင်ဆင် ပေးထားခြင်းက အခက်အခဲ မဟုတ်ပေ။
စွန်းယန်ဝမ် သည် ဆောင်ယန်ဂိုဏ်းသားတစ်ဦး ဖြစ်လာသော်လည်း ဘုန်းတော်ကြီး ဝတ်ရုံကို ဝတ်ဆင်သည့် အချိန်က အလွန်ရှားသည်။
တိုင်ရီကျောင်းတော်တွင် ရှိစဉ်က ဘုန်းတော်ကြီး ဝတ်စုံကို ဝယ်ယူဝတ်ဆင်ခဲ့ဖူးသည်။
ထို့နောက် စီမာကျိယန် ကိုယ်တိုင် ချုပ်ပေးသော ဝတ်စုံသစ်ကို သူ့ဘာသာ ပြန်လည်ဖာထေးပြီး ဝတ်ဆင်ခဲ့သည်။
စီမာကျိယန် ချုပ်ပေးသော ဝတ်ရုံသည် အလွန်လက်ရာ ကောင်းမွန်သောကြောင့် နာမည်ကြီး အပ်ချုပ်ဆိုင်များမှ ချုပ်ပေးသော အဝတ်အစားများထက်ပင် ပို၍ သက်သောင့်သက်သာ ဖြစ်စေသည်။
ယခု သူဝတ်ဆင်မည့် ဝတ်စုံသည် ကျန်းချင်းရှီ မှ အပ်ချုပ်သူကို ကိုယ်တိုင်ခေါ်ကာ ချုပ်လုပ် ခိုင်းထားသော ဝတ်စုံဖြစ်သည်။
ဆောင်ယန်ဂိုဏ်းသည် အလွန်ချမ်းသာကြွယ်ဝသော ဂိုဏ်းကြီးတစ်ခု ဖြစ်သောကြောင့် အဝတ်အစား တစ်စုံစာအတွက်ပင် များစွာ အကုန်အကျ ခံနိုင်သည်။
ကျန်းချင်းရှီ ခေါ်ဆောင်လာသည့် အပ်ချုပ်သမားသည် ဤအင်ပါယာ တစ်ခုလုံးတွင် နာမည်အကြီးဆုံး ဖြစ်ပြီး သူချုပ်သည့် ဝတ်ရုံတိုင်းက ခန္ဓာကိုယ်နှင့် တစ်ထပ်တည်း ကျသလို၊ အလွန်လှပသပ်ရပ်ကာ၊ ပေါ့ပေါ့ပါးပါးနှင့် အထက်တန်းကျသည်။
ထိုအရည်အသွေးက ကမ္ဘာပေါ်မှ ဖက်ရှင်ဒီဇိုင်နာများ ချုပ်လုပ်သော လက်ရာမြောက် အဝတ်အစားများ အောက်ကို လုံးဝ နိမ့်ကျခြင်း မရှိပေ။
အဝတ်အစားများအပြင် ဓားတစ်လက်ကိုလည်း အစ်ကိုကြီးက အဆင်သင့် ပြင်ဆင်ပေးထား၏။
“အဲဒီလင်ရှီးဓားက လက်နက်ကောင်းတစ်ခု ဆိုပေမယ့် ဟွမ်ယွမ်ဓားကွက်တွေနဲ့ လုံးဝ မကိုက်ညီဘူး… ဒီဓားကတော့ တောင်ပေါ်မှာ ငါ လေ့ကျင့်တုန်းက အသုံးပြုခဲ့တဲ့ လက်နက်ပဲ… မင်းရဲ့ ဓားနေရာမှာ ဒီဓားကို အစားထိုးသုံးပါ…”
ကျန်းချင်းရှီ က ပြောသည်။
စွန်းယန်ဝမ် သည် ဓားကိုကောက်ယူလိုက်ပြီး ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်သောအခါ အေးစက်သည့် အလင်းတန်းတစ်ခု “လက်”ခနဲ တောက်ပသွားပြီး ကျောထဲ “စိမ့်”ခနဲပင် ခံစားလိုက်ရသည်။
ဓားကိုယ်ထည်သည် ကန်ရေပြင်ကဲ့သို့ ကြည်လင်နေပြီး လျှပ်စီးကဲ့သို့ တောက်ပနေကာ နတ်ဆိုးသတ်ဓား၊ လင်ရှီးဓားတို့ထက် အရည်အသွေး ပိုမို မြင့်မားသည်။
သူ အကြီးအကျယ် အံ့အားသင့်သွားပြီး အစ်ကိုကြီးထံတွင် ဤမျှ တန်ဖိုးကြီးသည့် ဓားတစ်လက် ပိုင်ဆိုင်ထားသည်ကို မည်သို့မျှ မယုံကြည်နိုင်အောင် ဖြစ်နေသည်။
ဓားအိမ်ပေါ်တွင် အလွန်လှပစွာ ရေးထိုးထားသည့် ရိုင်းစိုင်းသောနဂါး ဟူသော စာသားများ ရှိနေပြီး ယင်းက ဓားကို ကိုင်လိုက်ချိန်တိုင်း နဂါးတစ်ကောင်ကဲ့သို့ ကြမ်းတမ်းသော စိတ်ခံစားချက်ကို ဖြစ်ပေါ်လာစေသည်။
ညီအစ်ကိုနှစ်ဦး ယှဉ်တွဲပြီး ဝိညာဉ်ဓားတောင်ထိပ်မှ ဆင်းလာချိန်တွင် စွန်းယန်ဝမ် ၏ စိတ်ထဲ၌ အနည်းငယ် စိုးရိမ်စိတ်များ ဝင်နေပြီး တိတ်တဆိတ် စဉ်းစားနေမိ၏။
“ဒီရက်ပိုင်း အလုပ်တွေ ရှုပ်နေတာနဲ့ ငါ့ကျင့်ကြံမှုကိုတောင် ကောင်းကောင်း အာရုံမစိုက်နိုင်ခဲ့ဘူး… ပြိုင်ပွဲကျရင်ကော ဘယ်လိုထိပ်သီးပြိုင်ဘက်မျိုးနဲ့ လာဆုံဦးမလဲ မသိဘူး…”
“ဖွဟဲ့… လွဲပါစေ… ဖယ်ပါစေ… ပထမဆုံးပွဲမှာတော့ ရှုံးလို့မဖြစ်ဘူး…”
သူသည် အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို အကြိမ်ပေါင်းများစွာ လှည့်ပတ်နေသော်လည်း နောက်တစ်ဆင့်ကို တက်မည့် လက္ခဏာက အနည်းငယ်ပင် ပေါ်မလာခဲ့ပေ။
အကယ်၍ ပြိုင်ပွဲမစခင် နောက်တစ်ဆင့်သို့ တက်သွားမည်ဆိုလျှင် အလွန်ကောင်းမည်ဟု သူက ကြိတ်ဆုတောင်းနေခဲ့သည်။
“ဒါပေမဲ့… နောက်တစ်ဆင့်ကို တက်သွားရင်တောင် သွေးကြောခုနှစ်ခုပဲ ပွင့်လာဦးမှာဆိုတော့ ထိပ်သီးကျင့်ကြံသူ တစ်ယောက် ဘယ်နည်းနဲ့မှ ဖြစ်လာမှာမဟုတ်သေးဘူး…”
ညီအစ်ကိုနှစ်ဦးသည် အစောကြီးကတည်းက ထခဲ့ကြသော်လည်း တစ်ကိုယ်ရေ ပြင်ဆင်မှုများကြောင့် အချိန်များ ကုန်ခဲ့ပြီး လမ်းခရီးကလည်း အနည်းငယ် လှမ်းသောကြောင့် အနည်းငယ် နေမြင့်မှသာ ပြိုင်ပွဲနေရာသို့ ရောက်လာကြသည်။
ဝတ္ထုများထဲတွင် တစ်နေရာမှ တစ်နေရာသို့၊ သို့မဟုတ် တောင်တစ်ခုမှ တစ်ခုသို့ အလွန်လျင်မြန်စွာ ရောက်နေကြသော်လည်း တောင်တက်ဖူးသူတိုင်း သိပေလိမ့်မည်။
တောင်တစ်လုံးထက်မှ ဆင်းလာပြီး အခြားတောင်တစ်လုံးသို့ တက်ရန်ဆိုသည်က တစ်နေ့တာပင် ကုန်ဆုံးနိုင်ဖွယ်ရှိသည်။
အလွန်မတ်စောက်သော တောင်မျိုးဆိုပါက ဆိုဖွယ်ရာပင် မရှိတော့ပေ။
သူတို့နှစ်ဦးစလုံးတွင် ပေါ့ပါးဖျတ်လတ်သော လှုပ်ရှားမှုစွမ်းရည်များ ရှိသော်လည်း နတ်ဘုရား အဆင့်များကဲ့သို့ ပျံသန်းနိုင်ခြင်း မရှိသေးသောကြောင့် ဝိညာဉ်ဓားတောင်ထိပ်မှ ဆင်းရသည့် အချိန်ကပင် အနည်းငယ် ကြာမြင့်နေသည်။
သူတို့ ရောက်ရှိလာသောအခါ တစ်ယောက်စ နှစ်ယောက်စ စတင်ယှဉ်ပြိုင်နေပြီ ဖြစ်သည်။
တောင်ကြားအတွင်း လူများ ပြည့်ကျပ်ညှပ်နေပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်ကဲ့သို့ ကွင်းလုံးပြည့် အနေအထားနှင့်ပင် အနည်းငယ် ဆင်တူနေသည်။
တောင်ကြားအတွင်း စားစရာ၊ သောက်စရာများ ရောင်းချနေသည့် ဈေးသည်များ၊ ပြိုင်ပွဲအချိန်ဇယားနှင့် စည်းမျဉ်းစည်းကမ်းများကို လက်ကမ်းရောင်းချနေသည့် ရွှမ်ဟွမ်ဘုန်းတော်ကြီးများ၊ တိုးတိုးတိတ်တိတ် လောင်းကြေးများဖွင့်ပြီး ဒိုင်ကိုင်နေသည့် ဂိုဏ်းများကိုလည်း တွေ့ရသည်။
ဤဂိုဏ်းများသည် ဆောင်ယန်ဂိုဏ်း၏ လက်အောက်ခံများ ဖြစ်သောကြောင့် ဆောင်ယန်ဂိုဏ်းက သိသာသိစေ မမြင်စေနဲ့ဟူသော မူကို ကိုင်စွဲကာ မျက်ကွယ်ပြုထားခြင်း ဖြစ်နိုင်သည်။
ပုံမှန်အားဖြင့် ဤသူများ အားလုံးထဲတွင် လောင်းကစား လုပ်ငန်းကို လုပ်ကိုင်သူများကသာ လုပ်ငန်း အလွန်ကောင်းကြသူများ ဖြစ်သည်။
သူတို့သည် မရေမတွက်နိုင်သော လူများကို လောင်းကစားရန်အတွက် တိုးတိုးကြိတ်ကြိတ် လိုက်လံစည်းရုံးနေကြပြီး လောင်းကစားမည့်သူ၏ နာမည်နှင့် ငွေပမာဏကို မှတ်သားထားကာ အနိုင်ရပါက အမြတ်ငွေကို ထိုသူဆီသို့ ချက်ခြင်းလာရောက် ပို့ဆောင်ပေးသည်အထိ ဝန်ဆောင်မှုက ကောင်းလွန်းသည်။
စွန်းယန်ဝမ် အနေဖြင့် ဤမျှများပြားသော ကျင့်ကြံသူများကို ယခုမှသာ ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
သူက လူအုပ်ကြားထဲသို့ တိုးဝှေ့ရင်း သူ့၏ ဝိညာဉ်ဓား အဆောက်အဦဆီသို့ သွားရန် ပြင်ဆင်နေစဉ် ကြေညာသံတစ်ခု ထွက်ပေါ်လာသည်။
“ဝိညာဉ်ဓားတောင်ထိပ်မှ စွန်းယန်ဝမ် နဲ့ ဆောင်ယန်တောင်ထိပ်မှ ကောင်းယွမ် တို့ စင်မြင့်ပေါ်ကို တက်ခဲ့ပါ…”
ကျန်းချင်းရှီ က သူ့ညီလေး၏ ပခုံးကို ပုတ်လိုက်ပြီး ပြောသည်။
“သွားတော့…”
စွန်းယန်ဝမ် အသက်တစ်ချက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး နဂါးရိုင်းဓားကို ကိုင်ကာ လူအုပ်ကြားထဲမှ တိုးဝှေ့ရင်း ပြိုင်ပွဲစင်မြင့်ထက်သို့ တက်လာခဲ့သည်။
စင်မြင့်၏ အကျယ်အဝန်းသည် ခြေလှမ်း ဒါဇင်ပေါင်းများစွာ ကျယ်ဝန်းပြီး လူကြီးတစ်ဦး၏ ရင်ဘတ်လောက် အမြင့်ရှိသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှ လူအားလုံး ရှင်းရှင်းလင်းလင်း မြင်နိုင်သော အနေအထားမျိုး ဖြစ်ပြီး အရှေ့ဘက် ရောင်စုံအဆောက်အဦများနှင့် အနောက်ဘက် အဝါရောင် အဆောက်အဦများမှ ကြည့်ရှုနေသူများအတွက် အကောင်းဆုံး မြင်ကွင်းများကို မြင်ရသည်။
ထိုအချိန်တွင် ခက်ထန်ကြမ်းတမ်းသော သက်လတ်ပိုင်းအရွယ် လူတစ်ဦး စင်မြင့်ထက်သို့ ခုန်တက်လာ၏။
စွန်းယန်ဝမ် မည်သို့မျှ မနေနိုင်တော့ဘဲ ချက်ခြင်း မေးခွန်းထုတ်တော့သည်။
“ခင်ဗျားက ဒီလောက်ထိ အသက်ကြီးနေတာကို ဘာဖြစ်လို့ အုပ်စု “ဂ”မှာ လာပြိုင်ရတာလဲ…”
ထိုကြမ်းတမ်းသော လူက အားတုံ့အားနာ ပြုံးလိုက်ပြီး ဖြေသည်။
“ဆရာဦးလေးငယ်လေးကို ဂါရဝါပြုပါတယ်… ကျွန်တော် ဆောင်ယန်ဂိုဏ်းရဲ့ တပည့်ဖြစ်တဲ့ အချိန်ကာလက တစ်နှစ်ကျော်ပဲ ရှိသေးတာကြောင့် အုပ်စု “ဂ”ကို ရွေးချယ်တာက ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာ မကျပါဘူး…”
“အရင်တုန်းကတော့ ဟူနန်လမ်းကြားမှာ ကြေးစားတစ်ဦး ဖြစ်ခဲ့ဖူးသလို တောင်ပေါ်မှာ အခြေချပြီး လူတွေကို အမိန့်ပေး စေခိုင်းခဲ့ဖူးတယ်… ကျွန်တော့်ဆရာက ကျွန်တော့်မှာ အခြေခံကောင်းလေး နည်းနည်းလောက် ရှိပြီးတော့ မကောင်းမှု ဒုစရိုက်လုပ်ငန်းတွေ အများကြီး မလုပ်ခဲ့ဖူးတာကို သိတဲ့အတွက် တပည့်အဖြစ် လက်ခံပေးထားတာပါ…”
စွန်းယန်ဝမ် စိတ်ထဲတွင် ချက်ခြင်း တွေးလိုက်မိသည်။
“ဒါမျိုးလည်း ရတာပဲလား…”
“ဒါပေမဲ့ ဒီလူရဲ့ ကျင့်ကြံမှုက အနှစ်နှစ်ဆယ်တောင် ကျော်နေလောက်ပြီထင်တယ်… အဲဒါကို ငါက ဘယ်လို တိုက်ခိုက်ရမှာလဲ…”
ကြမ်းတမ်းသော အမျိုးသားမှာလည်း စွန်းယန်ဝမ် ၏ နောက်ခံမှာ သာမန်မဟုတ်ကြောင်း တစ်ဆင့်စကား တစ်ဆင့်နားများမှတစ်ဆင့် တိမ်လိုမြူလို ကြားဖူးထားသည်။
သို့သော် သူ့၏ အဆင့်က အောက်ဆုံးအနေအထား ဖြစ်သောကြောင့် တိကျခိုင်မာသည့် သတင်းမျိုး မဟုတ်ခဲ့ဘဲ သူ့နားသို့ ရောက်လာသော သတင်းအားလုံးက အလွန်ပဟေဠိဆန်ကာ ထူးဆန်းသည့် အရာများ ဖြစ်နေခဲ့သည်။
ထိုအထဲတွင် အထူးဆန်းဆုံး သတင်းက စွန်းယန်ဝမ်သည် သူတို့ဂိုဏ်း၏ အထွဋ်အထိပ် ဖြစ်သော ဆရာအဘိုး ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ချောင် ၏ တရားမဝင် မြေးအရင်း ဖြစ်သည်ဆိုသော ကောလဟလကြီး ဖြစ်သည်။
ထို့ကြောင့် ကောင်းယွမ် သည် တိုက်ပွဲတွင် မည်သည့်ရလဒ် ထွက်ပေါ်သည်ဖြစ်စေ စွန်းယန်ဝမ် အား ခြစ်ရာပင် မထင်မိစေရန် အထူးဂရုစိုက်ရမည်ဟု သံန္နိဌာန် ချထားလိုက်၏။
ထိုသို့မဟုတ်ပါက သူသည် မည်ကဲ့သို့ သေသွားမှန်းပင် မသိလိုက်ရမည်ကို အလွန်စိုးရိမ်ပူပန် နေမိသည်။
ထိုသို့မဟုတ်ဘဲ အထက်အကြီးအကဲ တစ်ဦးဦးက သူ့အား ဒေါသတကြီးနှင့် ဂိုဏ်းမှ မောင်းထုတ်လျှင် သူမည်သည့်အရပ်ကို သွားရပါမည်နည်း။
သောင်ပြင်တွင် လွှတ်ထားသော လင်းဠတစ်ကောင်ဘဝ ရောက်သွားနိုင်သည်။
ဆောင်ယန်ဂိုဏ်းတွင် တပည့်တစ်ဦး ဖြစ်လာရခြင်းမှာ ဘဝပေါင်းမည်မျှက ကုသိုလ်ကောင်းမှုများကို စုဆောင်းထားရမှန်း မသိသောကြောင့် ဤအခွင့်အရေးကိုတော့ သူ လုံးဝလက်လွတ်မခံနိုင်ပေ။
သူ့အနေအထားနှင့် ယန်နတ်ဆေးလုံးလည်း ရမည့်ပုံလည်း မပေါ်ပေ။
လူနှစ်ဦးသည် ဓလေ့ထုံးစံများအတိုင်း အချင်းချင်း အရိုအသေပေး နှုတ်ဆက်ကြပြီးနောက် စွန်းယန်ဝမ် သည် ဟွမ်ယွမ်ဓားကျင့်စဉ်မှ သိုင်းကွက်တစ်ခုကို အသုံးပြုကာ နဂါးရိုင်းဓားကို ကောင်းကင်ထက်သို့ မြှောက်လိုက်ပြီး လျှပ်တပြက် ခုတ်ချလိုက်သည်။
အမှန်တော့ ဤ ကောင်းကင်သို့ ပျံတက်ခြင်း ဟု နာမည်ပေးထားသော ဓားကွက်သည် သူကျွမ်းကျင်သည့် ဓားကွက်များထဲမှ မဟုတ်ပေ။
တစ်ဖက်ရန်သူကို လှည့်စားနိုင်ရန် ဟန်ပြမျှသာ ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
ကောင်းယွမ် သည် သူ့၏ ဓားကို ချက်ခြင်း ဆွဲထုတ်ပြီး စွန်းယန်ဝမ် ၏ ဓားကို လမ်းကြောင်း ပြောင်းကာ တိုက်ခိုက်မှုအား ပျက်ပြယ်သွားစေရန် ကြိုးစားလိုက်၏။
စွန်းယန်ဝမ် ၏ မျက်လုံးများအတွင်း အလင်းတန်းတစ်ခု “လက်”ခနဲ တောက်ပသွားပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။
“သူ့ဓားကွက်မှာ အားနည်းချက်တွေ ရှိနေတယ်…”
သူသည် ဟွမ်ယွမ်ဓားကျင့်စဉ်နှင့် နတ်ဆိုးသတ်ဓားကျင့်စဉ်တို့ကို ကျင့်ကြံထားသူ ဖြစ်သောကြောင့် ဓားလမ်းစဉ်နှင့် ပတ်သက်လျှင် သူ့၏အခြေခံက အတော်လေး ခိုင်မာသည်ဟု ပြောနိုင်သည်။
ထို့အပြင် ကျန်းယွမ်ချောင်၊ ကျန်းချင်းရှီ တို့၏ စဉ်ဆက်မပြတ် သွန်သင်ညွှန်ပြမှုများကို ရရှိထားသောကြောင့် သူ့၏ အားသာချက်က အလွန်ကြီးမားသည်။
သို့သော် ဤကဲ့သို့ လူပေါင်းများစွာ၏ ရှေ့တွင် နတ်ဆိုးသတ်ဓားကွက်များကို ဖော်ထုတ်၍ မရသော်လည်း ရန်သူအပေါ် သူ့၏ နားလည်သိမြင်မှုက အနည်းငယ်မျှ ကျဆင်းမသွားပေ။
သူက ဓားကွက်များကို အလျင်အမြန် ပြောင်းလဲလိုက်ပြီး ခုတ်ချလိုက်သော အခြေအနေမှ အလျားလိုက် ပြေးဝင်သွားသော အနေအထားသို့ ချက်ခြင်း ရောက်ရှိသွားသည်။
ထိုအချိန်တွင် နန်မန်ကုန်း သည် စိတ်များ အလွန်ရှုပ်ထွေးနေ၏။
“ငါက တကယ် အရူးတစ်ယောက်ပဲ… အမှန်တရားက မျက်စိရှေ့မှာတင် ရှိနေတာကို ဘာဖြစ်လို့ တုံ့ပြန်မှုက ဒီလောက်တောင် နှေးနေရတာလဲ… တစ်ခုကံကောင်းသွားတာက နည်းနည်း အချိန်မီသေးတာပဲ…”
“လိပ်ပြာလေးရေ… ငါ တကယ်တောင်းပန်ပါတယ်…”