အခန်း (၅၂၉-၅၃၀)
Vol. 35 Ch. 529-530
အခန်း (၅၂၉) : အဓိပ္ပါယ်မရှိသော အမှန်တရား (၁)
"ဂါတွန် ကြယ်စနစ်က သတင်းတွေ မင်းကြားပြီးပြီလား" ဝဝဖြိုးဖြိုး ဂိုဒိုရန်တစ်ဦးက ရယ်မောရင်း ပြောလိုက်သည်။ ကီဒန်သည် ဖော်ရွေသော မျက်နှာအမူအရာ ရှိသည်။ သူသည် တစ်ချိန်က ဂိုဒိုရာ၏ စုံစမ်းစစ်ဆေးရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော်လည်း ပေါ့ဆမှုကြောင့် အလုပ်ထုတ်ခံခဲ့ရသည်။ ထို့ကြောင့် သူသည် ထောင်ထဲတွင် နှစ်အနည်းငယ်ကြာ နေခဲ့ရသေးသည်။ ထောင်မှလွတ်ပြီးနောက် သူသည် ဂေါတင် ကိုလိုနီဂြိုလ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ထိုအချိန်မှစ၍ ထိုနေရာတွင် နေထိုင်ခဲ့သည်။ သူ့ဘေးရှိ အခြားနှစ်ဦးမှာ သူ၏သူငယ်ချင်းများ ဖြစ်ကြသည်။
"ကြားပြီးပြီ။" အခြားတစ်ယောက်က ခေါင်းခါလိုက်သည်။ "ကြယ်စနစ်ထဲက အဆင့်နိမ့် လူမှုအဖွဲ့အစည်း ဘယ်လောက်များများ ကပ်ဘေးတစ်ခု ခံစားနေရတယ်ဆိုတာ ရုပ်မြင်သံကြားက ကြေညာနေတယ်"
"ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူးလေ။ မင်းက ဘာလို့ ဒါကို လာပြောနေတာလဲ။ ငါတို့ အာရုံလွဲနေတုန်း မင်းက ဖဲတစ်ချပ် ခိုးမလို့လား"
"သွားစမ်းပါ" ကီဒန်က စိတ်မရှည်စွာ ပြောလိုက်ပြီးနောက် တိုးတိုးလေး မေးလိုက်သည်။ "ငါ မင်းတို့ကို ပြောပြထားတဲ့အကြောင်း မှတ်မိသေးလား"
"ဘယ်ကိစ္စလဲ"
"ငါ စုံစမ်းစစ်ဆေးရေးဌာနမှာ ရှိနေတုန်းက ကိစ္စလေ"
"ချီး၊ မင်း အဲ့ဒီကိစ္စကို ဘယ်နှခေါက်ရှိပြီလဲ ကြွားတာ၊ ငါတို့ နားထောင်ရတာ ပျင်းနေပြီ"
"မင်းသိလား၊ အဲ့ဒီဂြိုလ်က အခု ကပ်ဘေးကျရောက်နေတဲ့ ဂြိုလ်တွေစာရင်းထဲမှာ ပါနေတယ်" ကီဒန်က ရယ်မောလိုက်သည်။ "နှစ်တွေကြာလာတော့ အဲ့ဒီနေရာ ဘယ်လိုတိုးတက်ပြောင်းလဲသွားပြီလဲ ငါသိချင်တယ်။ ငါပြန်သွားပြီး ကြည့်ချင်တယ်။ မင်းတို့ ငါနဲ့ လိုက်ခဲ့ချင်လား"
"မင်း သေချာလို့လား။ အဲ့ဒီဂြိုလ်က အခု မလုံခြုံတော့ဘူး"
"အသက်ကြီးလာလေလေ၊ ကိုယ့်ရဲ့ အတိတ်က အောင်မြင်မှုတွေကို ပြန်ကြည့်ချင်လေလေပဲ" ကီဒန်က ရယ်မောလိုက်သည်။ "ဒါ့အပြင်၊ အဲ့ဒီနေရာမှာ ကျန်နေခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ငါ့မှာရှိတယ်၊ ဒါကြောင့် သူက ငါတို့ကို ကြိုဆိုပြီး လမ်းညွှန်လုပ်ပေးနိုင်တယ်။ ဒါ့အပြင် ကယ်ဆယ်ရေးအဖွဲ့လည်း အဲ့ဒီမှာ ရှိနေတယ်၊ ငါတို့က လာကြည့်တဲ့သူတွေအဖြစ် ဟန်ဆောင်လို့ရသလို ဒါမှမဟုတ် ဘေးအန္တရာယ်ကယ်ဆယ်ရေးကို ကူညီလို့လည်း ရတယ်"
ထိုစကားကို ကြားသောအခါ သူတို့နှစ်ဦး၏ လေသံများ ထူးဆန်းသွားသည်။
"ဒါက မဖြစ်နိုင်တာကြီး။ သူက အဲ့ဒီ ခေတ်နောက်ကျကျန်ရစ်တဲ့ ဂြိုလ်ပေါ်မှာ ရှိနေတုန်းလား။ သူ ပျင်းလို့ မသေသွားဘူးလား"
"မင်းက အရူးလား။ သူ့ရဲ့ အိပ်စက်ပြွန်ချောင်းက အင်တာနက်နဲ့ ချိတ်ဆက်လို့ရတယ်လေ၊ ပြီးတော့ ငါက သူနဲ့ အမြဲ အဆက်အသွယ်ရှိတယ်။ သူက..."
ကီဒန်သည် စိတ်လှုပ်ရှားစွာဖြင့် သူ၏လက်ဖဝါးများကို ပွတ်သပ်ပြီး သူစကားဆက်ပြောမည့် အချိန်တွင် တံခါးဘဲလ် မြည်လာသည်။ ရုတ်တရက် တံခါးဘဲလ်မြည်သံကြောင့် သူတို့သုံးယောက်စလုံး ထိုင်ခုံမှ လန့်ပြီး ခုန်ထသွားကြသည်။
"ဘယ်သူက ဒီလိုအချိန်ကြီး လာရတာလဲ"
ကီဒန်သည် သံသယဖြစ်သော မျက်နှာထားဖြင့် တံခါးဆီသို့ လျှောက်သွားပြီး တံခါးမျက်လုံးပေါက်မှ ချောင်းကြည့်လိုက်သည်။ တံခါးအပြင်ဘက်တွင် ရပ်နေသော လူအနည်းငယ်ကို သူမသိပေ။ သူတို့အားလုံးသည် တိုက်ခိုက်ရေးဝတ်စုံများကို ဝတ်ဆင်ထားပြီး သူတို့၏ ရင်ဘတ်အလယ်တွင် ကွင်းပုံသဏ္ဍာန် တံဆိပ်တစ်ခု ရှိသည်။ ကီဒန်သည် ထိုတံဆိပ်ကို တစ်နေရာရာတွင် မြင်ဖူးသလို ခံစားလိုက်ရသည်။
တံခါးအပေါ်ဘက်ရှိ ပြတင်းပေါက်ငယ်ကို ဖွင့်လိုက်ပြီး ကီဒန်က သူ့မျက်နှာကိုပြကာ သတိဖြင့် မေးလိုက်သည်။ "မင်းတို့ ဘယ်သူ့ကို ရှာနေတာလဲ"
တစ်ဖက်လူက သူ့ကို အကဲဖြတ်ကြည့်ရှုပြီး "မင်းက ဂိုးလ်ဒင်း မစ်လန်းလား"
ထူးဆန်းလိုက်တာ၊ ဒီလူတွေက ငါ့ရဲ့ အင်တာနက်အကောင့် နာမည်ကို ဘယ်လိုသိနေတာလဲ။ ကီဒန်သည် တစ်ခုခုမှားနေပြီဟု ချက်ချင်း ခံစားလိုက်ရသည်။ သူက ဂိုးလ်ဒင်း မစ်လန်း မဟုတ်ကြောင်း ငြင်းဆိုပြီး ပြတင်းပေါက်ကို ချက်ချင်း ပိတ်ရန် ကြိုးစားလိုက်သည်။ ထိုအခိုက်အတန့်တွင် အပြင်ဘက်မှလူက လေဆာရိုင်ဖယ်တစ်လက်ကို မြှောက်လိုက်ပြီး ကီဒန်၏ ဦးခေါင်းကို တည့်တည့် ချိန်လိုက်သည်။
ကီဒန်၏ ခန္ဓာကိုယ်သည် နေရာတွင်ပင် တောင့်ခဲသွားပြီး အနည်းငယ်မျှပင် မလှုပ်ရဲတော့ပေ။ သူ၏ ခြေထောက်များ စတင်တုန်ယင်လာပြီး တစ်ဖက်လူက သူ့ကို ဓားပြတိုက်ချင်သည်ဟု ထင်လိုက်သည်။ သူက မသတ်ပါနှင့်ဟု မတောင်းပန်မီမှာပင်၊ တစ်ဖက်လူထံမှ နောက်ထပ်မေးခွန်းတစ်ခုကို ကြားလိုက်ရပြီး ၎င်းက သူ၏ ကျောရိုးတစ်ခုလုံးကို အေးစက်သွားစေသည်။
"မင်း အန်ဂိုရာကို မှတ်မိလား"
"ကျွန်... ကျွန်တော် သူ့ကို မသိဘူး..." ကီဒန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး နှုတ်ခမ်းများ တုန်ယင်လာသည်။ ထိုအခိုက်အတန့်တွင် သူခံစားလိုက်ရသော စိုးရိမ်ပူပန်မှုသည် လုံးဝ ကွဲပြားခြားနားသော အဆင့်တစ်ခုတွင် ရှိနေသည်။ ဤအမည်တွင် ကြောက်မက်ဖွယ်ကောင်းသော မှော်ပညာတစ်ခု ရှိနေသကဲ့သို့ပင်။
တံခါးအပြင်ဘက်မှလူက ခေါင်းခါလိုက်ပြီး "မင်း သူ့ကို မသိရင်လည်း ကိစ္စမရှိဘူး။ မင်း ဒုက္ခမခံချင်ရင် ငါနဲ့ လိုက်ခဲ့"
"ဘယ်... ဘယ်ကိုလဲ"
"ဘလက်စတားက မင်းကို တွေ့ချင်တယ်"
...
ရက်အနည်းငယ်ကြာပြီးနောက် ကောင်းကင်ကြိုးဝိုင်းတပ်ဖွဲ့ အာကာသယာဉ်သည် ရေပင်လယ်ဂြိုလ်၏ လေထုအပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ ဟန်ရှောင်းသည် မဟူရာအလင်း လျှို့ဝှက်ယာဉ်ကို မောင်းနှင်ပြီး သူတို့ကို ကြိုဆိုရန် တက်သွားသည်။
ထိန်းချုပ်ခန်းထဲတွင် အခြားလူနှစ်ဦးဖြစ်သည့် ဟန်းနက်စ်နှင့် ဘန်းနက်တို့သာ ရှိနေပြီး၊ ဤသည်မှာ သူတို့ အာကာသယာဉ်ဖြင့် စကြဝဠာထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်း ဖြစ်သည်။ သူတို့သည် ဤအသစ်အဆန်း အတွေ့အကြုံကို ခံစားရင်း အပြင်ဘက်ရှိ ရှုခင်းများကို ကြောင်ငေးကြည့်ရှုနေကြသည်။ သို့သော်လည်း မြေမျက်နှာပြင်မှ လေထုအပြင်ဘက်သို့ ရောက်ရှိရန် စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်ပြီး သူတို့ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် စကြဝဠာထဲသို့ ရောက်ရှိသွားသည်။
ဟန်ရှောင်းသည် အခြားသူများကို မြေပြင်ပေါ်တွင် စောင့်ဆိုင်းစေခဲ့သည်။ သူသည် ကောင်းကင်ကြိုးဝိုင်းတပ်ဖွဲ့ အဖွဲ့ဝင်များကိုသာ ကြိုဆိုနေခြင်းဖြစ်သောကြောင့် ကြီးကြီးကျယ်ကျယ် လုပ်ဆောင်ရန် မလိုအပ်ပေ။ ကောင်းကင်ကြိုးဝိုင်းတပ်ဖွဲ့က သူ့ထံ သတင်းကောင်းအချို့ ပေးပို့ခဲ့သည်၊ သူတို့သည် သူပေးခဲ့သော အချက်အလက်များမှတစ်ဆင့် အန်ဂိုရာ၏ သူငယ်ချင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုသူငယ်ချင်းကို ကီဒန်ဟု ခေါ်ပုံရပြီး သူသည် အန်ဂိုရာအကြောင်းကို သိပုံပေါ်သည်။
အာကာသယာဉ်နှစ်စီး ချိန်ညှိလိုက်ပြီး တံခါးပေါက် ပွင့်လာသည်။ ထိုအခိုက်အတန့်တွင် ဤဂိုဒိုရန်၏ မျက်နှာသည် စိုးရိမ်ပူပန်မှုများဖြင့် ရွှဲနစ်နေပြီး သူ၏မျက်လုံးများသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
"မကြောက်ပါနဲ့၊ ငါ မင်းဆီက သတင်းအချက်အလက်တချို့ပဲ လိုချင်တာ" ဟန်ရှောင်းက အန်ဂိုရာ၏ ပုံတူပန်းချီကို ထုတ်လိုက်ပြီး မေးလိုက်သည်။ "မင်း သူ့ကို သိတယ်မလား"
ကီဒန်သည် သူ့နှလုံးသားထဲတွင် လှိုင်းများထသွားသလို ခံစားလိုက်ရပြီး ခေါင်းကို ပြင်းထန်စွာ ခါယမ်းလိုက်သည်။
"ငါ သူ့ကို လိမ်ညာမှုစစ်ဆေးတဲ့စက်နဲ့ စစ်ကြည့်ပြီးပြီ။ သူလိမ်နေတာ" ကောင်းကင်ကြိုးဝိုင်းတပ်ဖွဲ့ ကြေးစားစစ်သားများက ဝင်ပြောလိုက်သည်။
"မင်း ဒီလောက်တောင် ကြောက်နေတာဆိုတော့၊ နောက်ကွယ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းသိနေပုံပဲ။ ငါ မင်းကို တိုက်ရိုက်မေးမယ်။ ရေပင်လယ်ဂြိုလ်ပေါ်က စစ်ပွဲနဲ့ မင်းပတ်သက်နေလား" ဟန်ရှောင်းက မျက်ခုံးပင့်လိုက်ပြီး သူကြိုးကိုင်သူကို ဖမ်းမိသွားနိုင်သည်ဟု သိလိုက်သည်။
"မဟုတ်ဘူး။ ငါ ရေပင်လယ်ဂြိုလ်အကြောင်း တစ်ခါမှ မကြားဖူးဘူး။ မင်းတို့ လူမှားဖမ်းမိပြီ" ကီဒန်သည် ပါးစပ်ပိတ်နေဆဲပင်။ သို့သော်လည်း မည်သူကမျှ သူ့ကို မယုံကြည်ကြပေ။
ဟန်ရှောင်းသည် လက်သည်းခွံအရွယ်ခန့်ရှိသော သတ္တုပြားငယ်တစ်ခုကို ထုတ်ပြီး ကီဒန်၏ လည်ပင်းပေါ်သို့ ကပ်လိုက်သည်။ ထို့နောက် သူ၏ ယန္တရားစွမ်းအားကို အသုံးပြု၍ သတ္တုပြားကို အသက်သွင်းလိုက်ရာ ကီဒန်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါလာသည်။ သူ၏ မျက်လုံးများ ဖြူသွားပြီး တစ်ကိုယ်လုံး တုန်ခါနေသည်။ သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် တွန့်လိမ်နေရင်း ချီးထွက်သွားတော့သည်။
"ဒီပစ္စည်းလေးကို မင်းနဲ့ မိတ်ဆက်ပေးမယ်" ဟန်ရှောင်းက သတ္တုပြားကို ညွှန်ပြလိုက်သည်။ "ဒီချစ်စရာကောင်းတဲ့ အကောင်လေး အသက်ဝင်လာတဲ့အခါ၊ သူက အားပြင်းပြင်းနဲ့ ဗို့အားကို ထုတ်ပေးတယ်။ မင်း ဒီခံစားချက်ကို ကြိုက်တယ်ဆိုရင်၊ မင်းပါးစပ်ကို ပိတ်ထားပြီး ဖြည်းဖြည်းချင်း ခံစားနိုင်တယ်"
လျှပ်စစ်ကုထုံးသည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် တူညီပြီး၊ ဂိမ်းမျက်နှာပြင်တွင် ကီဒန်သည် စူပါတစ်ယောက် မဟုတ်ဘဲ သာမန်လူတစ်ယောက်သာဖြစ်ကြောင်း ပြသနေသည်။
ကီဒန်သည် ရေပေါ်ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူ၏ခန္ဓာကိုယ်မှာ လူးလွန့်နေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက်၊ နောက်ဆုံးတွင် သူသည် မျက်ရည်များဖြင့် ပြိုလဲသွားပြီး သူသိသမျှ အားလုံးကို ပြောပါမည်ဟု ကတိပေးလိုက်သည်။
ထို့နောက် လူတိုင်းက ကီဒန်ကို ထူပေးပြီး စိတ်တည်ငြိမ်စေရန် ထိုင်ခုံပေါ်တွင် တင်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် လိမ်ညာမှုစစ်ဆေးသည့်ကိရိယာကို သူ့အပေါ်တွင် တပ်ဆင်လိုက်သည်။ ကီဒန်သည် တုန်ယင်နေဆဲဖြစ်ပြီး သူသိသမျှကို မပြောပြမီ ဟန်ရှောင်းကို အပြစ်ရှိသော အမူအရာဖြင့် ကြည့်လိုက်သည်။
"ကျွန်တော်က လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာတုန်းက ဂိုဒိုရာ စုံစမ်းစစ်ဆေးရေးဌာနရဲ့ အဆင့်နိမ့်အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက ဂိုဒိုရာက ရေပင်လယ်ဂြိုလ်ကို အခုမှ တွေ့ရှိခဲ့တာဖြစ်ပြီး၊ အဆင့်နိမ့် လူမှုအဖွဲ့အစည်းတစ်ခုအတွက် ပုံမှန်လုပ်ဆောင်မှုက သူတို့ရဲ့ တိုးတက်မှုကို လေ့လာဖို့ပါပဲ။ ကျွန်တော့်အလုပ်က ဒီလူမှုအဖွဲ့အစည်းသစ်ရဲ့ တိုးတက်မှုကို စောင့်ကြည့်ဖို့၊ သူတို့ကို အကဲဖြတ်မှုတစ်ခုပေးဖို့၊ ပြီးတော့ နိုင်ငံခြားရေးဌာန ဒါမှမဟုတ် စစ်ဗျူရိုကို အစီရင်ခံစာ တင်သွင်းဖို့ပါပဲ။ ဒီအလုပ်က အရမ်းလွယ်ကူပေမယ့် အရမ်းလည်း ပျင်းစရာကောင်းပါတယ်..."
"လိုရင်းကို ပြောစမ်း။ ရေပင်လယ်ဂြိုလ်က စစ်ပွဲက မင်းနဲ့ ဘယ်လိုပက်သက်လဲ" ဟန်းနက်စ်က ဖိအားပေးလိုက်သည်။
ကီဒန်သည် တုန်ယင်လာပြီး "ဒါ... ဒါက ကျွန်တော်လုပ်ခဲ့တာပါ။ ကျွန်တော် ရေပင်လယ်ဂြိုလ်ကို လူတစ်ယောက်လွှတ်ဖို့ ကျွန်တော့်အလုပ်ကို အသုံးချခဲ့ပြီး သူ့ကို တိတ်တဆိတ် စစ်ပွဲတစ်ခုဖြစ်အောင် လှုံ့ဆော်ခိုင်းခဲ့တယ်..."
"ဒါက ဂိုဒိုရာနဲ့ တကယ်ကို ပတ်သက်နေတာပဲ" ဟန်းနက်စ်သည် ဒေါသတကြီး ဖြစ်သွားပြီး ဘန်းနက်မှာ ထိုင်ခုံမှ ခုန်ထလိုက်သည်။
"မင်း အတိအကျ ဘာတွေ လုပ်ခဲ့တာလဲ" ဟန်ရှောင်းက ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။
ထို့နောက် ကီဒန်သည် ဖြစ်စဉ်ကို စတင်ပြောပြသည်။ အတိုချုပ်အားဖြင့်၊ သူသည် အဆင့်မြင့် လူမှုအဖွဲ့အစည်းတစ်ခုမှ ဧည့်သည်တစ်ဦးအဖြစ် ဟန်ဆောင်ခဲ့ပြီး အချို့သောနိုင်ငံများကို သီးသန့် ဆက်သွယ်ခဲ့သည်။ ထို့နောက် သူသည် ၎င်းတို့အား အဓိပ္ပါယ်မရှိသော ကတိအနည်းငယ် ပေးခဲ့သည် သို့မဟုတ် အချို့သော သီအိုရီများကို အလေးပေး ပြောကြားခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ထိုခေတ်နောက်ကျကျန်ရစ်သော ဌာနေတိုင်းရင်းသားများကို အဆင့်မြင့် လူမှုအဖွဲ့အစည်းမှ ဂြိုလ်သားတစ်ဦး၏ စကားကို နားထောင်စေရန် အလွန် လွယ်ကူခဲ့သည်။ ထို့နောက် သူသည် နောက်ကွယ်မှနေ၍ မီးမွှေးပေးခဲ့သည်။
ထိုအချိန်တွင်၊ ရေပင်လယ်ဂြိုလ်သည် ဂလက်ဆီထဲတွင် အဆင့်မြင့် လူမှုအဖွဲ့အစည်းတစ်ခု ရှိနေခြင်းကို အခုမှ သိရှိခဲ့ပြီး ကမ္ဘာတစ်ခုလုံး၏ အခြေအနေသည် ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ အကယ်၍ သဘာဝတရားကို ၎င်း၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းခွင့် ပေးခဲ့မည်ဆိုပါက၊ အခြေအနေသည် သူ့အလိုလို တည်ငြိမ်သွားနိုင်သည့် အခွင့်အလမ်းရှိခဲ့ပြီး၊ နိုင်ငံများသည် ငြိမ်းချမ်းရေးခေတ်သစ်ကို ကြိုဆိုရန် အတူတကွ လုပ်ဆောင်ခဲ့ကြလိမ့်မည်။ ဤသည်မှာ အကျိုးကြောင်းအသင့်ဆုံး ဖြစ်သည်။
သို့သော် အရေးကြီးသော အခိုက်အတန့်တွင်၊ ဂြိုလ်သားများသည် နိုင်ငံအသီးသီးကြားတွင် ပဋိပက္ခများ ဖန်တီးရန်နှင့် စစ်မီးကို တောက်လောင်စေရန် နောက်ကွယ်မှနေ၍ မီးမွှေးပေးခဲ့ကြသည်။ စစ်မတိုက်လိုသော နိုင်ငံများပင်လျှင် မုန်တိုင်းထဲသို့ ဆွဲသွင်းခံခဲ့ရပြီး ကြားနေအဖြစ် မနေနိုင်ခဲ့ပေ။
အဆုံးတွင်၊ ရေပင်လယ်ဂြိုလ်တွင် ကမ္ဘာစစ်ကြီးတစ်ရပ် ဖြစ်ပွားခဲ့ပြီး နိုင်ငံခြောက်နိုင်ငံသာ ကျန်ရစ်ခဲ့သည်။ စစ်ပွဲ၏ အရင်းအမြစ်မှာ သယံဇာတများ ကုန်ခန်းခြင်းကြောင့် ဖြစ်ခဲ့သော်လည်း၊ အရေးကြီးသောအချက်မှာ 'အဆင့်မြင့် လူမှုအဖွဲ့အစည်း၏ ကိုယ်စားလှယ်' က နိုင်ငံများကို စစ်ပွဲဆီသို့ ဦးဆောင်သွားခြင်း ဖြစ်သည်။
ဤမတိုင်မီက ဟန်းနက်စ်သည် ထိုသို့သော ခန့်မှန်းချက်တစ်ခု ပြုလုပ်ခဲ့ပြီးဖြစ်ရာ၊ သူ၏ ခန့်မှန်းချက်မှာ အတည်ပြုပြီးသကဲ့သို့ ခံစားလိုက်ရသည်။ ဘန်းနက်နှင့် ဟန်းနက်စ် နှစ်ဦးစလုံး အလွန်ဒေါသထွက်နေကြသည်။ သူတို့နှစ်ဦးစလုံး ကမ္ဘာစစ်ကို ဖြတ်သန်းခဲ့ရပြီး သူတို့၏ အရိုးများ အေးစက်သွားသည်ကို ခံစားနေရသည်။
လက်ရှိ ရေပင်လယ်ဂြိုလ်ကို ကူညီနေသော လူမှုအဖွဲ့အစည်းသည် ယခင်က သူတို့ကို ကြံစည်ခဲ့သော ကြိုးကိုင်သူ ဖြစ်နေသည်။ ကြယ်စင်စု လူမှုအဖွဲ့အစည်းတစ်ခုက အဘယ်ကြောင့် ဤသို့သော အရာကို လုပ်ဆောင်လိုရသနည်း။ သူတို့က ရေပင်လယ်ဂြိုလ်ကို မျိုချချင်တာလား၊ ဒါမှမဟုတ် အလားအလာရှိတဲ့ ရန်သူအားလုံးကို ရှင်းပစ်ချင်တာလား။
"အန်ဂိုရာကရော ဘယ်သူလဲ" ဟန်ရှောင်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"သူက ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းပါ၊ ပြီးတော့ ကျွန်တော်တို့က အစိုးရကျောင်းတစ်ခုတည်းမှာ အတူတူ ပညာသင်ခဲ့ကြတယ်။ ကျွန်တော့်ရဲ့ ရလဒ်တွေက ပိုကောင်းပြီး စုံစမ်းစစ်ဆေးရေးဌာနရဲ့ ကျောင်းတစ်ကျောင်းကို တက်ခွင့်ရခဲ့တာပဲ ကွာသွားတာ။ သူက မွေးရပ်ဂြိုလ်ကနေ ထွက်သွားပြီး ကျွန်တော် သူ့ကို အချိန်အတော်ကြာ မတွေ့ခဲ့ရဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အရမ်းကောင်းနေတုန်းပဲ၊ ပြီးတော့ ကျွန်တော် သူနဲ့ အတူတူ အလုပ်လုပ်ဖို့ သူ့ကို ဆက်သွယ်ခဲ့တယ်။ ကျွန်တော်က သူ့ကို ကိုယ်စားလှယ်တစ်ယောက်အဖြစ် ဟန်ဆောင်ခိုင်းခဲ့ပြီး ကျွန်တော့်ရာထူးကနေ သူ့ကို အကာအကွယ် ပေးခဲ့တယ်"
ဟန်ရှောင်း ခေါင်းညိတ်မည့် အချိန်တွင် တစ်ခုခု မှားနေသည်ကို သတိပြုမိလိုက်သည်။ သူ၏ မျက်လုံးများတွင် အေးစက်သော အကြည့်တစ်ချက် ဖြတ်ပြေးသွားပြီး "ဘာလို့ အန်ဂိုရာက ကိုယ်စားလှယ် အဖြစ် ဟန်ဆောင်ရတာလဲ။ သူက သာမန် နိုင်ငံသားတစ်ယောက်ပဲလေ"
သူ သံသယဖြစ်ဖွယ် အချက်တစ်ချက်ကို တွေ့ရှိခဲ့သည်။ အကယ်၍ ဂိုဒိုရာသာ ဤကိစ္စ၏ နောက်ကွယ်တွင် ရှိနေပါက၊ သူတို့သည် ကျွမ်းကျင်သူတစ်ဦးကို သေချာပေါက် စေလွှတ်လိမ့်မည်။ အန်ဂိုရာကဲ့သို့ တစ်စုံတစ်ဦးကို သူတို့ အဘယ်ကြောင့် ရွေးချယ်မည်နည်း။ အန်ဂိုရာတွင် အခြားသော လက္ခဏာတစ်ခု ရှိနေနိုင်သလား။
စာစဉ် (၃၅)၊ အခန်း (၅၂၉) ပြီး၏။
လင်းဆက်
+++++
အခန်း (၅၃၀) : အဓိပ္ပါယ်မရှိသော အမှန်တရား (၂)
ကီဒန်သည် မသက်မသာ တွန့်လိမ်သွားပြီးမှ "ကျွန်တော် ဒီကိစ္စကို သူ့ကို ပြောပြတော့ သူက ဒါကို အရမ်းစိတ်ဝင်စားခဲ့တယ်။ ဒါကြောင့် ကျွန်တော် သူ့ကို ခေါ်လာခဲ့တာ..."
ဟန်ရှောင်းသည် ဤကိစ္စမှာ တစ်စက္ကန့်ပြီးတစ်စက္ကန့် ပို၍ သံသယဖြစ်ဖွယ် ကောင်းလာသည်ဟု ခံစားလိုက်ရသည်။ "မင်း ဘာကိုဆိုလိုတာလဲ။ ဂိုဒိုရာက မင်းကို ဒီလိုလုပ်ဖို့ ညွှန်ကြားခဲ့တာ မဟုတ်ဘူးလား"
ကီဒန်သည် ခဏမျှ ရပ်တန့်သွားပြီး သူတို့ တစ်ခုခု နားလည်မှု လွဲနေသည်ကို သဘောပေါက်သွားသည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက်၊ သူသည် တစ်ဖက်လူ၏ ကြောက်မက်ဖွယ် စက်ပစ္စည်းများကို တွေးမိကာ တိုးတိုးလေး ပြောလိုက်သည်။ "မဟုတ်ဘူး၊ ဒါက ဂိုဒိုရာနဲ့ ဘာမှမဆိုင်ဘူး၊ ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အစီအစဉ်"
ဟန်းနက်စ်နှင့် ဘန်းနက် နှစ်ဦးစလုံး လုံးဝ ကြက်သေသေသွားကြသည်။
"ကျွန်တော့်လက်ထဲမှာ ဒီလောက် အခွင့်အာဏာ ရှိနေတော့၊ ကျွန်တော့်ရဲ့ နေ့စဉ်ဘဝက အရမ်း ပျင်းစရာ ကောင်းလွန်းတယ်။ ကျွန်တော် ရေပင်လယ်ဂြိုလ်ရဲ့ အခြေအနေကို လေ့လာနေတုန်း၊ ရုတ်တရက် အတွေးတစ်ခု ဝင်းခနဲ ပေါ်လာပြီး၊ ရေပင်လယ်ဂြိုလ်ကို ကျွန်တော် ကစားဖို့အတွက် သဲသောင်ပြင် ကစားကွင်းတစ်ခုလို သဘောထားချင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ်၊ ခေတ်နောက်ကျကျန်ရစ်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုကို ကျွန်တော့်စိတ်ကြိုက် ကစားရတာ အရမ်းလွယ်ကူပြီး ဘာအန္တရာယ်မှလည်း မရှိဘူးလေ။ အထက်လူကြီးတွေက အဆင့်နိမ့် လူမှုအဖွဲ့အစည်းတစ်ခုရဲ့ ပြည်တွင်းစစ်ကို ဂရုမစိုက်ကြတဲ့အတွက်၊ ကျွန်တော်က စစ်ပွဲတစ်ခု ဖန်တီးပြီး မင်းတို့အားလုံး ကျွန်တော့်ကြောင့် တိုက်ခိုက်နေကြတာကို ကြည့်ချင်ခဲ့တယ်။ ဒါက အရမ်း စိတ်ဝင်စားစရာကောင်းတယ်လို့ ကျွန်တော် ခံစားမိတယ်။ အဲ့ဒါကို တွေးပြီးတာနဲ့၊ ကျွန်တော် ချက်ချင်းပဲ ကျွန်တော့်အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့တယ်"
"အန်ဂိုရာက ဒီကိစ္စအတွက် ကျွန်တော်နဲ့ အတူတူ ပူးပေါင်းခဲ့ပြီး၊ အဆုံးမှာတော့ သူက ရေပင်လယ်ဂြိုလ်ပေါ်မှာ နေဖို့ ရွေးချယ်ခဲ့တယ်။ သူက ဂိုဒိုရာကို ပြန်သွားတာ ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ခံစားရပြီး သူ့လုပ်ရပ်တွေရဲ့ ရလဒ်ကို ကိုယ်တိုင် မျက်မြင်တွေ့ရဖို့ ဒီခေတ်နောက်ကျကျန်ရစ်တဲ့ ဂြိုလ်ပေါ်မှာ နေဖို့ ရွေးချယ်ခဲ့တယ်။ သူလည်းပဲ ဒါက အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတစ်ခုလို့ ခံစားခဲ့ရတယ်"
ကီဒန် စကားဆုံးသွားပြီးနောက် နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လိမ်ညာမှုစစ်ဆေးသည့်စက်က အချက်ပေးသံ မမြည်ခဲ့ပေ၊ ဆိုလိုသည်မှာ ကီဒန် ပြောသမျှအားလုံးသည် အမှန်တရား ဖြစ်သည်။
ဟန်းနက်စ်နှင့် ဘန်းနက်တို့မှာ လုံးဝကို မှင်သက်မိသွားကြသည်။
‘ဒါက ဂိုဒိုရန်လူမှုအဖွဲ့အစည်းရဲ့ အစီအစဉ် မဟုတ်ခဲ့ဘူးလား။ တကယ်ပဲ တစ်ယောက်ယောက်က ပျင်းနေတာကြောင့် သက်သက်ကြောင့်လား။’
"မဖြစ်နိုင်ဘူး" ဟန်းနက်စ် ထိန်းချုပ်မှု လွတ်သွားသည်။ "မင်းက သာမန်လူတစ်ယောက်ပဲ။ ဂိုဒိုရာသာ မပါဝင်ခဲ့ရင်၊ သာမန်လူနှစ်ယောက်က ဒီလိုကိစ္စမျိုးကို ဘယ်လိုအောင်မြင်အောင် လုပ်နိုင်မှာလဲ"
ကီဒန်က နောက်သို့ ကျုံ့သွားပြီး အားငယ်စွာ ပြောလိုက်သည်။ "တကယ်တော့ ဒါက အရမ်း ရိုးရှင်းပါတယ်။ ကျွန်တော်တို့က တကယ် ဂိုဒိုရန်တွေ ဖြစ်နေတော့ ကိုယ်စားလှယ်က အတုဖြစ်မယ်လို့ ဘယ်သူမှ သံသယ မဝင်ခဲ့ဘူး"
ဟန်းနက်စ် လုံးဝ ကြက်သေသေသွားသည်။ သူက သာမန်လူနှစ်ယောက်တည်းနဲ့ ဂြိုလ်တစ်ခုလုံးကို စစ်မီးထဲ ဆွဲသွင်းဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့သော်လည်း ဤအခိုက်အတန့်တွင် သူ စကားလုံးများ ပျောက်ဆုံးသွားသည်။
‘ဟုတ်တယ်၊ သူတို့က ဂိုဒိုရန်တွေလေ။ ဒါက လုံလောက်နေပြီ...’
ဂိုဒိုရာသည် အဆင့်မြင့် လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်သောကြောင့် ဂိုဒိုရန်များသည်လည်း 'အဆင့်မြင့်' ကြသည်။ ဘယ်သူက သူတို့ကို သံသယ ဝင်မှာလဲ။
ဘန်းနက်၏ မျက်နှာ အေးစက်သွားပြီး ကီဒန်၏ ကော်လံစကို ဆွဲကိုင်လိုက်သည်။ မရေမတွက်နိုင်သော မိသားစုများ စစ်ပွဲထဲတွင် ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ ဒါတွေအားလုံးသည် လူနှစ်ယောက်က ဒါကို ပျော်စရာကောင်းတယ်လို့ ထင်ခဲ့လို့ ဖြစ်သည်။ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နေသော်လည်း အပြစ်ရှိသလို ခံစားရသည့် အရိပ်အယောင် တစ်စက်မျှ မရှိသော ကီဒန်၏ မျက်လုံးများကို ကြည့်ရင်း ဘန်းနက်၏ ပါးစပ်မှ ထွက်လာမည့် စကားလုံးများကို ပြန်မျိုချလိုက်သည်။
ထိုအချိန်က ရေပင်လယ်ဂြိုလ်သည် ဂိုဒိုရန်များ၏ မျက်လုံးထဲတွင် ပုရွက်ဆိတ်အုံ တစ်ခုကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ပုရွက်ဆိတ်တွေကို ကစားတာက ဘယ်လိုလုပ် ရာဇဝတ်မှု ဖြစ်နိုင်မှာလဲ။
ဟန်ရှောင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး ဤအမှန်တရားသည် အလွန်အမင်း အဓိပ္ပါယ်မရှိလောက်အောင် ဆန်းကြယ်နေသည်ကို တွေ့ရှိလိုက်ရသည်။
သူက အမှောင်ထဲကနေ ဖရိုဖရဲဖြစ်အောင် လှုံ့ဆော်နေသော လျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်းတစ်ခု ရှိသည်ဟု ထင်ခဲ့သော်လည်း အမှန်တရားက သူ့မျှော်လင့်ချက်များနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ ရေပင်လယ်ဂြိုလ်လို အားနည်းသည့် လူမှုအဖွဲ့အစည်းတစ်ခုကို ကြံစည်ဖို့ စဉ်းစားမည့် အဖွဲ့အစည်း တစ်ခုတောင် မရှိခဲ့ပေ။ တစ်ခုတည်းသော အကြောင်းပြချက်က ရဲတင်းမိုက်မဲသည့် အရူးတစ်ယောက်က သူတစ်ပါး နာကျင်တာကို ကြည့်ပြီး ပျော်မွေ့တဲ့စိတ်ဓာတ် ရှိနေခြင်းကြောင့်ပင်။ ဘာကြံစည်မှုတွေ၊ လျှို့ဝှက်ပူးပေါင်းမှုတွေမှ မရှိခဲ့ချေ။ ဤသည်မှာ ဤမျှလောက် ရိုးရှင်းသည့် အကြောင်းပြချက်တစ်ခုသာ ဖြစ်သည်။
ဂိုဒိုရာမှ အရေးမပါသော လူတစ်ယောက်က ပျင်းလာပြီး သူ့ရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် စစ်ပွဲတစ်ခုကို လှုံ့ဆော်ခဲ့သည်။ ပွဲပြီးသွားသောအခါ သူသည် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေခဲ့သည်။ အဆုံးတွင်၊ သူ၏ အလုပ်တွင်ရှိသော အခွင့်အာဏာနှင့် ရေပင်လယ်ဂြိုလ်အပေါ် ဂိုဒိုရာ၏ ဂရုမစိုက်မှုတို့ကြောင့် သူသည် ဤကိစ္စကို ဆယ်စုနှစ်ပေါင်းများစွာ ဖုံးကွယ်ထားနိုင်ခဲ့သည်။
သူ့ကိုယ်ပိုင် လူ့အဖွဲ့အစည်းတွင် အသုံးမကျသည့် အန်ဂိုရာလို လူမျိုးက ခေတ်နောက်ကျကျန်ရစ်သည့် ဂြိုလ်တစ်ခုတွင် အားနည်းသူများကို အနိုင်ကျင့်ပြီး သူ့ရဲ့ သာလွန်မှုကို ပြသပြီး ပျော်ရွှင်ဖို့ ရွေးချယ်ခဲ့သည်။
ထိုလူနှစ်ဦး အားကိုးခဲ့သည့် တစ်ခုတည်းသောအရာမှာ သူတို့၏ ရွှေရောင်အသားအရေ ဖြစ်သည်။
အမှန်တရားသည် အလွန်ရိုးရှင်းပြီး အဓိပ္ပာယ်မရှိလွန်းလှသော်လည်း၊ အလွန် စိတ်ပျက်ဖွယ်ကောင်းလှသည်။
သူတို့ အားနည်းသောကြောင့်၊ ကစားစရာများ ဖြစ်ခဲ့ရသည်။
ဤအရာက ဟန်ရှောင်းကို ရေပင်လယ်ဂြိုလ်သည် ချမ်းသာသော မိသားစုမှ ဆိုးသွမ်းသော ကလေးတစ်ဦး၏ မုဒိမ်းကျင့်ခြင်းကို ခံလိုက်ရသော သီလရှိသော မိန်းမပျိုတစ်ဦးကဲ့သို့ ခံစားရစေပြီး ခုခံရန် အတွေးပင် မတွေးနိုင်ခဲ့ပေ။
ရေပင်လယ်ဂြိုလ်အတွက်၊ ဤသည်မှာ သူတို့နှင့် မထိုက်တန်သော ကပ်ဘေးတစ်ခု ဖြစ်သည်။
ဟန်ရှောင်းသည် ရေပင်လယ်ဂြိုလ်အပေါ်တွင် မည်သည့်တွယ်တာမှုမှ မရှိသလို စိတ်ခံစားမှုအရ ထိခိုက်မည့်သူ တစ်ဦးမဟုတ်သော်လည်း သူ တကယ်ကို အနည်းငယ် စိတ်ပျက်မိသည်။ သို့သော် သူ၏ စိတ်ပျက်မှုသည် ဂိုဒိုရာဆီသို့ ဦးတည်နေသည်။ ဘာပဲဖြစ်ဖြစ်၊ ဤကိစ္စတွင် ဂိုဒိုရန်လူမှုအဖွဲ့အစည်း၏ ရာဇဝတ်မှုမှာ သူတို့ အလွန်အင်အားကြီးမားလွန်းခြင်းကြောင့် ဖြစ်နိုင်သည်။ ဖြစ်နိုင်သည်မှာ သူတို့၏ ခွန်အားက သူတို့ကို သာလွန်သည်ဟူသော ခံစားချက်ကို ပေးခဲ့ခြင်း ဖြစ်သည်။
"ဘယ်လောက်... အဓိပ္ပာယ်မရှိလိုက်လဲ" ဟန်ရှောင်းသည် ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် ပြည့်နေသော သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်သည်။
သူသည် လျှို့ဝှက် အဆင့် အေ မစ်ရှင်ကို ပြီးမြောက်ခဲ့ကြောင်း သူ၏ ဂိမ်းမျက်နှာပြင်ပေါ်တွင် အသိပေးချက်တစ်ခု ပေါ်လာသော်လည်း ချက်ချင်း စစ်ဆေးရန် စိတ်မပါပေ။
ကောင်းကင်ကြိုးဝိုင်းတပ်ဖွဲ့မှ ကြေးစားစစ်သားများသည် ကီဒန်မပါဘဲ ထွက်ခွာသွားကြသည်။ သူသည် သတိလစ်သွားအောင် ထိုးနှက်ခံခဲ့ရပြီး လှောင်အိမ်တစ်ခုထဲတွင် သော့ခတ်ခံထားရသည်။ ထို့နောက် ဟန်ရှောင်းသည် ဘန်းနက်အား ကီဒန်ကို သူဆန္ဒရှိသလို စီရင်ခွင့် ပေးလိုက်သည်။
ဘန်းနက်နှင့် ဟန်းနက်စ် နှစ်ဦးစလုံးသည် ဤအမှန်တရားကို လက်ခံရန် အလွန် ခက်ခဲနေသည်ဟု ခံစားခဲ့ရသည်။ ရေပင်လယ်ဂြိုလ်ပေါ်ရှိ ဆယ်စုနှစ်များစွာကြာ ပြောင်းလဲမှုများသည် ဤအဓိပ္ပာယ်မရှိသော အကြောင်းပြချက်ကြောင့်သာ ဖြစ်ခဲ့သည်။ သူတို့ ဖြတ်သန်းခဲ့ရသော ဒုက္ခဆင်းရဲများ အားလုံးသည် ရုတ်တရက် အလွန် အဓိပ္ပာယ်မဲ့သွားပုံရသည်။ လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ဂြိုလ်သားနှစ်ယောက်က ကစားစရာအဖြစ် သဘောထားခဲ့သည်။
သူတို့၏ ဂြိုလ်သည် ဤထက် ပိုကောင်းမွန်နိုင်ခဲ့သည်။
"အရမ်းကြီး မတွေးပါနဲ့။ ဒါက အမှန်တရားဆိုရင်၊ ကျွန်တော်တို့ ဒါကို လက်ခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး" ဟန်ရှောင်းက ခေါင်းခါလိုက်သည်။
ဘန်းနက်သည် ခေါင်းငုံ့ထားပြီး ဘာပြောရမှန်း မသိဖြစ်နေသည်။ ထို့နောက် သူသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ဟန်ရှောင်းကို လေးလေးနက်နက် ကြည့်လိုက်သည်။
"မင်း နိုင်ငံ၆နိုင်ငံနဲ့ ညှိနှိုင်းနေတုန်းက ငါ မင်းကို ဝင်မနှောင့်ယှက်ခဲ့ပေမယ့်၊ ငါ့နှလုံးသားထဲမှာ မသက်မသာ ခံစားခဲ့ရတယ်။ ဒါပေမယ့် ငါမှားခဲ့တယ်" ဘန်းနက်က သူ၏ လက်သီးများကို တင်းတင်း ဆုပ်လိုက်သည်။ "မင်းရဲ့ ကြိုးစားအားထုတ်မှုတွေကို ငါ နောက်ဆုံးတော့ နားလည်သွားပြီ။ အားနည်းတာက ရာဇဝတ်မှုတစ်ခုပဲ။ မင်း စကြဝဠာထဲကို ကပ်ဘေးအတွက် ဖြေရှင်းချက်တစ်ခုတည်းကြောင့် သွားခဲ့တာ မဟုတ်ဘူး။ မင်း ရေပင်လယ်ဂြိုလ်ရဲ့ အနာဂတ်အတွက်လည်း စကြဝဠာထဲကို သွားခဲ့တာ။ မင်းက ငါ့ထက် အများကြီး ပိုမွန်မြတ်တယ်"
ဟန်ရှောင်း၏ ပါးစပ်များ တွန့်လိမ်သွားသည်။ သူက ဘယ်တုန်းက ဒီလို အတွေးမျိုးတွေ တွေးခဲ့လို့လဲ။
‘အလေးပေးမှု ပိုမြင့်လေလေ၊ လူတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းက ပိုပြီး ကွက်ကွက်ကွင်းကွင်း ဖြစ်လာလေလေလား။’
"မင်းသာ မရှိခဲ့ရင်၊ ဒီဂြိုလ်က အမှောင်ထဲမှာ ရှိနေတုန်းပဲ ဖြစ်မှာ။ ရေပင်လယ်ဂြိုလ်ကိုယ်စား ငါ မင်းကို ကျေးဇူးတင်ပါတယ်" ဘန်းနက်က ဦးညွှတ်လိုက်သည်။ ထိုစကားများကို ကြားသောအခါ ဟန်းနက်စ်သည်လည်း မတ်တပ်ထရပ်လိုက်ပြီး ဟန်ရှောင်းကို ဦးညွှတ်လိုက်သည်။
"ဒီလို မလုပ်ကြပါနဲ့... ဦးလေးတို့က ကျွန်တော့်ကို လူကောင်းတစ်ယောက်လို ခံစားလာအောင် လုပ်နေပြီ" ဟန်ရှောင်းက မျှော်လင့်ချက်မဲ့သော လေသံဖြင့် ပြောလိုက်သည်။ သူ၏ လုပ်ရပ်များသည် သူ၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ဖြစ်သော်လည်း မမျှော်လင့်ဘဲ ကောင်းမွန်သော ရလဒ်တစ်ခု ရရှိခဲ့သည်။
သူသည် သူ့ကိုယ်သူ လူကောင်းတစ်ယောက်ဟု ဘယ်သောအခါမျှ မခံစားခဲ့ရပေ။ အခုအချိန်မှာပင်၊ သူက ကီဒန်ကို ဘယ်လို အပြည့်အဝ အသုံးချရမလဲဆိုတာကို စဉ်းစားနေပြီဖြစ်သည်။
...
တစ်ချိန်တည်းမှာပင် အနက်ရောင်တစ္ဆေ ခိုလှုံရေးစခန်းတွင်၊ ကစားသမားများသည် ဘေးအန္တရာယ် ကယ်ဆယ်ရေးမစ်ရှင်များကို စိတ်လှုပ်ရှားစွာ လုပ်ဆောင်နေကြပြီး ဘလက်စတား ကြေးစားတပ်ဖွဲ့ ရွေးချယ်မှုလည်း လုပ်ဆောင်နေသည်။ တိုက်ခိုက်သံများနှင့် အားပေးသံများကို အဝေးမှ ကြားနေရသည်။ ဖိနှိပ်ဆေး ထိုးနှံခံထားရသော ဒုက္ခသည်အများအပြားသည် နောက်ဆုံးတွင် ဘဝအတွက် မျှော်လင့်ချက်များ ပြန်လည် ရရှိလာကြသည်။ ဂြိုလ်သည် ကပ်ဘေးဖြင့် လွှမ်းမိုးနေသော်လည်း ခိုလှုံရေးစခန်းတစ်ခုလုံး စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်ယံတွင် ဂိုဒိုရာ အာကာသယာဉ် အနည်းငယ် ပျံဝဲနေပြီး နာဂါကင်သည် အတွေးနက်နက်ဖြင့် ရင်ပြင်ကို ငုံ့ကြည့်နေသည်။
သူ့ဘေးရှိ လက်ထောက်က မေးလိုက်သည်။ "လူကြီးမင်း နာဂါကင်၊ ဒီလူသားမဟုတ်သူတွေကို ဘယ်လိုထင်လဲ"
"အလားအလာ အပြည့်ပဲ" နာဂါကင်က ခေါင်းညိတ်လိုက်သည်။ ရက်အနည်းငယ်ကြာ လေ့လာပြီးနောက်တွင် သူသည် ကစားသမားများ၏ အလားအလာကို သတိပြုမိသွားခဲ့ပြီဖြစ်သည်။ အစပိုင်းတွင် သူ ၎င်းတို့အား အနည်းငယ် အရေးပါသည်ဟု သတ်မှတ်ခဲ့ရာမှ ယခုအခါ သူသည် အနီးကပ် အာရုံစိုက်လာသည်။
လူသားမဟုတ်သူများ၏ မမျှော်လင့်ထားသော အံ့အားသင့်ဖွယ်ရာများနှင့်အတူ၊ နာဂါကင်သည် သူ၏ မစ်ရှင်၏ ရည်ရွယ်ချက်မှာ ဘေးအန္တရာယ် ကယ်ဆယ်ရေး မဖြစ်သင့်ဟု ခံစားလိုက်ရသည်။
ဂိုဒိုရာသည် ရေပင်လယ်ဂြိုလ်ကို ကူညီရန် တပ်ဖွဲ့များ စေလွှတ်ခဲ့သော်လည်း၊ ဤအရာက သူတို့သည် ရေပင်လယ်ဂြိုလ်ကဲ့သို့ အဆင့်နိမ့် လူမှုအဖွဲ့အစည်းတစ်ခုတွင် အလွန်အကျွံ ရင်းနှီးမြှုပ်နှံမည်ဟု မဆိုလိုပေ။ နာဂါကင် မြင်သည့်ပုံစံအရ၊ ထိုလူသားမဟုတ်သူများက သူ့အတွက် ပိုမို ကြီးမားသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးနိုင်လိမ့်မည်။
"လူသားမဟုတ်သူတွေ အများကြီးရှိတယ်၊ ဂြိုလ်တစ်ခုလုံးမှာ တစ်သန်းကျော် ရှိနေတယ်။ စူပါတွေ အများကြီးပဲ၊ ပြီးတော့ သူတို့အားလုံးမှာ ကြီးထွားလာနိုင်တဲ့ အလားအလာတွေ ရှိနေတယ်။ ဒါက လျှော့တွက်လို့ မရတဲ့ အင်အားစုတစ်ခုပဲ" လက်ထောက်က ပြောလိုက်သည်။
"ဒါမှန်တယ်။ ငါတို့ လူသားမဟုတ်သူတွေနဲ့ စတင် ထိတွေ့ဆက်ဆံသင့်တယ်... သူတို့ကို ဆွဲသွင်းရတာ တန်ဖိုးရှိတယ်"
"လူကြီးမင်း ဘာလုပ်ချင်ပါသလဲ"
"ဘလက်စတားလိုပဲ ခေါ်ယူမှု ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်။ ဂိုဒိုရာက ကြေးစားတပ်ဖွဲ့ တစ်ခုတည်းထက် အများကြီး ပိုပြီး ဆွဲဆောင်မှု ရှိသင့်တယ်"
နာဂါကင် သူ၏ ဆုံးဖြတ်ချက်ကို ချလိုက်သည်။ သူသည် ဘလက်စတား၏ ခွန်အားကို လေးစားသော်လည်း၊ သူ၏ မျက်စိရှေ့တွင် ဤမျှ ကြီးမားသော စူပါအုပ်စုကြီး ရှိနေသဖြင့်၊ သူသည် လျစ်လျူမရှုနိုင်ဘဲ ကိတ်မုန့်၏ အပိုင်းတစ်ပိုင်းကို လိုချင်နေသည်။
လူသားမဟုတ်သူများသည် ဘလက်စတား၏ ဇာတိမြို့မှ ဖြစ်နေလျှင်ပင်၊ နာဂါကင်သည် ဘလက်စတားအား ကိတ်မုန့်တစ်ခုလုံးကို တစ်ယောက်တည်း မျိုချခွင့် ပြုမည် မဟုတ်ပေ။
စာစဉ် (၃၅)၊ အခန်း (၅၃၀) ပြီး၏။
လင်းဆက်
+++++