← Chapters

မျှော်လင့်ချက်၏ အင်အား

Vol. 60 Ch. 882

မျှော်လင့်ချက်၏ အင်အား

Vol. 60 Ch. 882

“ဘုန်း... ဘုန်း... ဘုန်း...”

လုန်ထယ်ဗိုလ်ချုပ်သည် ပြေးဝင်လာပြီးနောက် ယီထျန်းယွမ်အား တိုက်ရိုက် ဆက်တိုက် ထိုးနှက်တိုက်ခိုက်လိုက်သည်။ ဤသွေးကို သောက်သုံးပြီးနောက် ခန္ဓာကိုယ်၏ ခွန်အားသည် အလယ်အဆင့် နတ်ဘုရားလက်နက်အဆင့်နှင့် အပြိုင် ဖြစ်သွားခဲ့ခြင်းကြောင့်ပင်။

လက်နက် မသုံးဘဲ လက်သီးသက်သက်ဖြင့် ရိုက်ချခြင်းသည် အရှိန်ဖြစ်စေ၊ လျင်မြန်ခြင်းဖြစ်စေ လက်နက်ထက် ပို၍သာလွန်နေ၏။

ယီထျန်းယွမ်သည် ကြောက်ရွံ့ခြင်း မရှိဘဲ လက်သီးဖြင့် ရင်ဆိုင်လိုက်သည်။ လက်သီးတစ်ချက်ချင်းစီ ထိပ်တိုက်တွေ့ဆုံကြသည်။ သို့သော် သူသည် လက်သီးတစ်ချက်ပြီးတစ်ချက် ရိုက်နှက်ခံရပြီး နောက်သို့ ဆုတ်ခွာနေရသည်။ လက်ဖျံပေါ်ရှိ သွေးကြောများသည် ဖိနှိပ်မှုဖြင့် ပေါက်ကွဲသွားပြီး သွေးများ အဆက်မပြတ် စီးထွက်လာသည်။ လက်သီးဝှေ့ယမ်းသည့်တစ်ချိန်တည်းတွင် ပတ်ဝန်းကျင်သို့ သွေးများ လွင့်ကျသွားသည်ကို မြင်ရသည်မှာ ရင်ထဲတွင် တင်းမာစရာပင်။

၎င်းတို့၏ ရူးသွပ်သော တိုက်ခိုက်မှုကြောင့် ဤဧရိယာသည် ကြီးမားစွာ စတင် ပြိုကွဲပျက်စီးလာခဲ့သည်။ ရောက်ရှိရာ နေရာတိုင်း ပျက်စီးသွားခဲ့သည်။ ဤသို့ ဆက်လက် ဖြစ်ပေါ်ပါက အခြားအင်ပါယာနယ်မြေများကိုပါ ပျံ့နှံ့သက်ရောက်သွားမည်မှာ သေချာသည်။

ယီထျန်းယွမ်သည် သူ့ကို ဤနေရာတွင်သာ ဝန်းရံပြီး တိုက်ခိုက်နေရသည်။ ထို့ကြောင့် မြေပြင်သည် တစ်ကြိမ်ပြီးတစ်ကြိမ် ပျက်စီးသွားပြီး မြေပြင်ကိုပင် ထိုးဖောက်တော့မည်အလား ဖြစ်နေသည်။

သူသည် အသက်စွန့်၍ တိုက်ခိုက်နေသကဲ့သို့ အခြားသူများလည်း အလားတူပင် တိုက်ခိုက်နေကြသည်။ ၎င်းတို့သည် ရဲရင့်စွာ တိုက်ခိုက်နေကြပြီး ဤကျူးကျော်သူများကို သတ်ဖြတ်နေကြသည်။ တစ်ချိန်တည်းမှာပင် အတော် များသည် ဤဘက်ရှိ အခြေအနေကို စောင့်ကြည့်နေကြသည်။ ယီထျန်းယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးများ ပေကျံနေသည်ကို မြင်သောအခါ ၎င်းတို့၏ ရင်ထဲတွင် တင်းမာသွားခဲ့သည်။

“ထျန်းယွမ်ရယ်...”

ရှီရွှေယွမ်သည် နှုတ်ခမ်းကို တင်းတင်းဖိကိုက်ထားသည်။ ဓားရှည်ကို ဝှေ့ယမ်းကာ ယုံမင်နတ်ဆိုးတစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ဝေးကွာသောနေရာမှ အခြေအနေကို စောင့်ကြည့်နေသည်။ ၎င်းတို့သည် အရိပ်အယောင် ပုံရိပ်ကိုသာ မြင်နိုင်ကြပြီး တိုက်ခိုက်မှု၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။ ရပ်တန့်လိုက်သည့်အခါမှသာ အနည်းငယ် ရှင်းလင်းစွာ မြင်နိုင်ကြသည်။

ထိုဘက်မှ ပျံ့နှံ့လာသော စွမ်းအင်များကို ၎င်းတို့ ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။ ဤဘက်သို့ ဆက်လက် ရောက်ရှိလာပါက ၎င်းတို့အားလုံး သေဆုံးမည်မှာ သေချာသည်။

ယခုပင် နီးကပ်စွာ မရောက်သေးသော်လည်း ကောင်းကင်ယံသည် မှောင်မိုက်လာခဲ့ပြီး အာကာသသည် စတင် ပြိုကွဲပျက်စီးလာသည်။ မူလက ထိခိုက်မှုမရှိသော ဧရိယာများသည်ပင် စတင် နစ်ဝင်လာခဲ့သည်။

ဤသည်မှာ အာကာသ ပြိုကွဲခြင်း၏ ဆိုးကျိုးဖြစ်သည်။ ကမ္ဘာတစ်ခုလုံး၏ ပြောင်းလဲမှုများကို သက်ရောက်မှု ရှိသည်။ ပြိုကွဲပျက်စီးမှု အခြေအနေ ပိုမို ဆိုးရွားလာလေလေ ကမ္ဘာတစ်ခုလုံး၏ အခြေအနေသည် ဆိုးရွားလာလေဖြစ်ပြီး လူ့ဘုံလောကပင် ပျောက်ကွယ်သွားနိုင်သည်။

အာကာသ ပြိုကွဲပျက်စီးပြီးနောက် ပတ်ဝန်းကျင်ရှိ အရာများသည် ပြိုကွဲနေသော အာကာသအတွင်းသို့ တဖြည်းဖြည်း စုပ်ယူခံရမည်ပင်။ ဤသည်မှာ ဝါးမျိုခြင်း မဟုတ်ချေ။ ပြိုကွဲနေသော အာကာသကို ပြုပြင်ခြင်းသာ ဖြစ်သည်။ အကယ်၍ ပြိုကွဲနေသော အာကာသ ဧရိယာ သေးငယ်ပါက ပြဿနာမရှိချေ။ သို့သော် ဧရိယာ တအား ကြီးမားပါက ပြိုကွဲနေသော အာကာသကို ပြုပြင်ပြီးနောက် လူ့ဘုံလောက၏ တစ်ဝက်ကျော် ပျောက်ကွယ်သွားပေလိမ့်မည်။

ယီထျန်းယွမ်အတွက် ရှီရွှေယွမ်သည်သာမက အခြားသူများလည်း ထိုနည်းတူပင် စိုးရိမ်နေကြသည်။ သို့သော် ၎င်းတို့သည် အကူအညီပေးနိုင်ခြင်း မရှိချေ။ အကူအညီပေးနိုင်ခြင်းကို အပထား နီးကပ်သွားပါက ဤစွမ်းအင်ဖြင့် ချက်ချင်း ဖိနှိပ်ခံရမည်ဖြစ်သည်။

သို့သော် ၎င်းတို့သည် ခဏမျှပင် ပျင်းရိခြင်း မရှိဘဲ ဆင်းသက်လာသော ယုံမင်နတ်ဆိုးများကို ဆက်လက် ရင်ဆိုင်နေကြသည်။ ၎င်းတို့သည် စိတ်ဝိညာဉ်ဘုရင်နယ်ပယ်အဆင့် သန်မာသူများကို အဓိက သတ်ဖြတ်ကြသည်။ သူတော်စင်နယ်ပယ်အဆင့် သန်မာသူများကိုမူ ထျန်းယွမ်အင်ပါယာ၏ ကာကွယ်သူများအား လွှဲအပ်ထားခဲ့သည်။

ယုံမင်နတ်ဆိုးများထဲတွင် သူတော်စင်နယ်ပယ်အဆင့် သန်မာသူ အများအပြား ရှိသော်လည်း ၎င်းတို့ စီစဉ်ထားသော မဟာဝင်္ကပါအစီအရင်များသည်လည်း အသုံးမဝင်သော အရာများ မဟုတ်ချေ။ အချို့သည် သူတော်စင်နယ်ပယ်အဆင့် သန်မာသူများကိုပင် ပိတ်လှောင်နိုင်ကြသည်။ ပိတ်လှောင်ပြီးနောက် သတ်ဖြတ်နိုင်ခဲ့သည်။

အရာအားလုံး လွန်စွာ လှပသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် အစောပိုင်းမှစ၍ သုံးဘုံလောက၌ ထိခိုက်သေဆုံးမှုများသည် ဆက်လက် မြင့်တက်နေသည်။ အင်အား ကွာခြားမှုများသည် လွန်စွာ ကြီးမားသောကြောင့် အခြားနည်းလမ်းများဖြင့် ဖြည့်ဆည်းနိုင်သော်လည်း ကျင့်စဉ်အဆင့်သည် ဆက်လက် ဖြည့်ဆည်းရန် ခက်ခဲသည်။

လူ့ဘုံလောကတွင်သာမက အခြား ဘုံလောက နှစ်ခု၌လည်း ထိခိုက်သေဆုံးမှုများ ဆက်လက် တိုးတက်နေသည်။ ဤသည်မှာ ၎င်းတို့အား စစ်မှန်သော သေမင်းတိုက်ပွဲဆိုသည်မှာ မည်သို့ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိရှိစေသည်။ နောက်တစ်ခဏတွင် ဝါးမျိုခံရနိုင်ခြင်း သို့မဟုတ် လက်ဝါးဖြင့် ရိုက်နှက်ခံရပြီး သေဆုံးရခြင်းများ ဖြစ်ပေါ်လာနိုင်သည်။

ပြင်းထန်သော သွေးနံ့သည် သုံးဘုံလောကတစ်ခွင် ပျံ့နှံ့နေသည်။ နေရာ တစ်နေရာ မကျန် ထောင့်တိုင်းတွင်ပင် ဤ ပြင်းထန်သော သွေးနံ့ကို ရရှိနိုင်သည်။

“သတ်ကြဟေ့... ကိုယ့်အိမ်ကို ကာကွယ်ရမယ်...”

“ဟုတ်တယ်။ ငါနဲ့အတူ လိုက်သတ်ကြ... သေရင်တောင် တစ်ယောက်တော့ ဆွဲခေါ်သွားရမယ်...”

“ခွေးမသားတွေ... မင်းတို့ တိရစ္ဆာန်တွေ အားလုံး သေကြစမ်း...”

တစ်ဦးချင်း မိမိ၏ အသက်ကို မဂရုစိုက်ဘဲ ရှေ့သို့ တဟုန်ထိုး သွားကြသည်။ ၎င်းတို့သည် ပုန်းအောင်းနေလျှင်လည်း နောက်ဆုံးတွင် သေဆုံးရမည်ကို သိရှိကြသည်။ ဤသို့ဆိုလျှင် အဓိပ္ပါယ်ရှိစွာ သေဆုံးခြင်းက ပို၍ ကောင်းမွန်သည်။ သို့သော် တိုက်ပွဲ မဝင်ဘဲ ပုန်းအောင်းနေသူများလည်း အတော် များသည်။ စစ်ပွဲအတွင်း မည်သူမဆို ရှိနေနိုင်ပြီး ကိုယ်ပိုင် စိတ်သဘောထား အားလုံး ဤနေရာတွင် ပေါ်ထွက်လာသည်။

အချို့သည် ယုံမင်နတ်ဆိုးမျိုးနွယ်များအား အသနားခံ နေကြသူများပင် ရှိသည်။ သို့မဟုတ် ၎င်းတို့၏ ကျေးကျွန် ဖြစ်ရန် ဆန္ဒရှိသူများလည်း ရှိသည်။ သို့သော် ဤ ယုံမင်နတ်ဆိုးမျိုးနွယ်များသည် လုံးဝ လက်မခံကြချေ။ မျိုးနွယ်တူ မဟုတ်သူများကို မြင်လျှင် သတ်ဖြတ်ခြင်း သို့မဟုတ် ဝါးမျိုခြင်းသာ လုပ်ဆောင်ကြသည်။ မည်သည့်စကား ပြောပြော ၎င်းတို့သည် လုံးဝ ဂရုမစိုက်ကြချေ။ "သတ်" ဟူသော စကားလုံးတစ်လုံးသာ သိကြသည်။

၎င်းတို့ လက်ခံရရှိသော အမိန့်သည် ဤနယ်မြေကို လုံးဝ သိမ်းပိုက်ရန် ဖြစ်သည်။ အညံ့ခံခြင်း သို့မဟုတ် အသနားခံခြင်းသည် ၎င်းတို့နှင့် မသက်ဆိုင်ချေ။ ဤနေရာကို လုံးဝ သိမ်းပိုက်ရန် ဆိုသည်မှာ သန်မာသူ အားလုံးကို သတ်ဖြတ်ခြင်း သို့မဟုတ် ဝါးမျိုခြင်းကို ဆိုလိုသည်။

အင်အားနည်းသူများ ရှိသော်လည်း ရဲရင့်သူများလည်း ရှိသည်။ ကံကောင်းထောက်မစွာဖြင့် ရဲရင့်သူများက ပိုများသည်။ ၎င်းတို့သည် သေခြင်းကို ကြောက်ရွံ့ကြသော်လည်း ဒူးထောက် အသနားခံရန် ဆန္ဒ မရှိချေ။ ဒူးထောက် အသနားခံခြင်းသည် အသုံးမဝင်သောကြောင့် ရလဒ်မှာ အသက်စွန့် တိုက်ခိုက်ခြင်းသာ ဖြစ်သည်။

သုံးဘုံလောကတခွင် ရူးသွပ်သော တိုက်ပွဲ ဖြစ်ပွားနေစဉ် ယီထျန်းယွမ်နှင့် လုန်ထယ်ဗိုလ်ချုပ်သည်လည်း ရူးသွပ်စွာ အပြင်းအထန် တိုက်ခိုက်နေကြသည်။ ကောင်းကင်နှင့် မြေကြီး ပျက်စီးမတတ် ဖြစ်နေသည်။ တစ်ချိန်တည်းတွင် ယီထျန်းယွမ်သည် လုန်ထယ်ဗိုလ်ချုပ်နှင့် တူညီသော အဆင့်သို့ ရောက်ရှိနေပြီး အနည်းငယ်သာ အရေးနိမ့်လျက်ရှိသည်။

သို့သော် သူ၏ ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ကြည့်ရသည်မှာ အလွန် ဆိုးရွားလှသည်။ သို့သော် သူသည် ခိုင်မာစွာ ဆက်လက် တောင့်ခံနေပြီး အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေသည်။

“ဟေး... ဘာလဲ... မသန်မာတော့ဘူးလား။ ဆက်ပြီး သန်မာပြစမ်းပါဦး၊ အမှိုက်ကောင်‌လေးရဲ့...”

လုန်ထယ်ဗိုလ်ချုပ်က ဆက်တိုက် ထိုးနှက်ရင်း လှောင်ပြောင်ပြောလိုက်သည်။

“ယခင်ကလို မာန်သိပ်တက်အုံးလေ... အခုကျ ဘာလို့ ပိုအားနည်းလာရတာလဲ။ မင်းတို့ သုံးဘုံလောကလည်း တဖြည်းဖြည်း ဝါးမျိုခံနေရပြီ။ ရှုံးတာ သေချာနေပြီ။ ဒီလို အချည်းနီး ရုန်းကန်နေတာတွေ ရပ်လိုက်တော့...”

“ဟုတ်လား... ငါ့အထင်တော့ အဲလို မဟုတ်ဘူးနော်...”

ယီထျန်းယွမ်၏ မျက်လုံးများတွင် ခိုင်မာသော အကြည့်ဖြင့် ကြည့်သည်။ သူတို့ ရှုံးနိမ့်သွားပြီဟု သူ မယူဆချေ။ သူ၏ နားတွင် စနစ်၏ အသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဆက်လက် တိုက်ခိုက်နေကြသည်။ လူအများအပြားသည် တိုက်ခိုက်နေကြသည်။ သူ ဘာကြောင့် အသက်စွန့်ပြီး မတိုက်ခိုက်ဘဲ ရှိရမည်နည်း။

“သေခါနီးပြီကို ပါးစပ်က မာနေသေးတာလား။ အမှိုက် လူသား... ငါ့လက်ထဲ အခုချက်ချင်း သေလိုက်စမ်း...”

လုန်ထယ်ဗိုလ်ချုပ်၏ တိုက်ခိုက်မှုသည် ပို၍ လျင်မြန်လာခဲ့ပြီး ယီထျန်းယွမ်အား မြေပြင်ပေါ်သို့ ဖိနှိပ်လိုက်သည်။

ယီထျန်းယွမ်သည် ဆက်လက် ခုခံနေသည်။ လက်သီးချင်း ထပ်မံ ထိတွေ့ကြသည်။ ပတ်ဝန်းကျင်ရှိ မြေပြင်သည် လုံးဝ ပျက်စီးသွားခဲ့သည်။ ကျန်ရှိသော အရာသည် အလွန် နက်ရှိုင်းသော ချိုင့်ကြီးသာ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် အရိုးများ မည်မျှ ကျိုးပဲ့သွားသည်ကို သူ မသိချေ။ သို့သော် သူသည် ခိုင်မာစွာ တောင့်ခံနေသည်။ မျှော်လင့်ချက်သည် ကျန်ရှိနေသေးသည်။

“တင် - ကစားသမား ‘ယီထျန်းယွမ်’ သည် နတ်ဘုရားနယ်ပယ်အဆင့် (၄) သို့ အောင်မြင်စွာ ထိုးဖောက်တက်လှမ်းပြီးစီးသည် -”

သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။ ဤသည်မှာ သူ စောင့်ဆိုင်းနေသော မျှော်လင့်ချက် ဖြစ်သည်။

“ဖယ်စမ်း...”

ယီထျန်းယွမ်သည် ဒေါသဖြင့် ဟစ်အော်လိုက်သည်။ ဤ ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုတွင် တိုက်ခိုက်နိုင်စွမ်းသည် ထပ်မံ ပေါက်ကွဲထွက်လာသည်။

၄၁,၀၀၀ ဘီလီယံ ...

၄၂,၀၀၀ ဘီလီယံ ...

၄၅,၀၀၀ ဘီလီယံ ...

...

၄၉,၈၀၀ ဘီလီယံ တိုက်ခိုက်နိုင်စွမ်း။

ကျင့်စဉ်အဆင့်တစ်ဆင့် တိုးတက်ပြီးနောက် တိုက်ခိုက်နိုင်စွမ်းသည် လေးဆယ့်ငါးဆ ပေါင်းစည်းမှုအောက်တွင် ချက်ချင်း တိုးတက်လာခဲ့သည်။ ကျင့်စဉ်အဆင့် တိုးတက်မှုသည် ဘီလီယံ ၂၀၀၀ ကျော် တိုးတက်လာခဲ့သည်။

“ဘုန်း...”

လက်သီးချင်း ထိပ်တိုက် တွေ့ဆုံလိုက်သည်။ တောက်ပသော အလင်းတန်း တစ်ခုသည် သူ၏ လက်သီးမှ ထုတ်လွှတ်လာပြီး မျှော်လင့်ချက်ရောင်ခြည် အလင်းတန်းသည် ကောင်းကင်သို့ ထိုးတက်သွားသည်။ လက်သီးဖြင့် ကောင်းကင်ကို ရိုက်ခွဲလိုက်သည်။

အခန်း (၈၈၂) ပြီးပါပြီ။

All Chapters