ခလုတ်ကန်သင်း နှစ်ခု)
Vol. 17 Ch. 226
ဟွမ်ပထျန်းရဲ့နှလုံးသား တစ်ခုလုံး လွန်စွာပျော်ရွှင်နေခဲ့သည်။ စိတ်ဝိဉာဏ်စွမ်းအင်ကျောက်တုံးငါးထောင်လုံးကို အိပ်ကပ်ထဲ ထည့်ထားနိုင်သည့်အတွက် သူ့ဘဝရဲ့အရေးပါဆုံးအခိုက်အတန့်ကို ရရှိသလိုမျိုးခံစားနေရ၏။
“ဟေး လီယုဟန် ဒီကိုလာခဲ့ဦး။ ငါမင်းကို ပြောစရာရှိတယ်”
နှင်းနဂါးမြို့ရဲ့မြို့ရိုးပေါ်မှာ လေပြေတစ်ချို့ တိုက်ခိုက်သွားသည်။ လမ်းမတစ်လျှောက်မှာ အစီအရီရှိနေတဲ့ ကုက္ကိုလ်ပင်များကြားကို ဖြတ်တိုက်သွားတဲ့လေပြေတွေကြောင့် အလင်းမှုန်များပင် အနည်းငယ်လှုပ်ခတ်သွား၏။ နှင်းနဂါးမြို့ရဲ့လှပတဲ့မြင်ကွင်းသည် တောင်ခြေရှိ ခြောက်ကပ်သော အလှတရားနှင့်နှိုင်းယှဉ်လိုက်ရင် များစွာအသက်ဝင်လှသည်။ ဟွမ်ပထျန်းရဲ့မျက်နှာက ဂုဏ်ယူမှုတို့ပြည့်နှက်နေ၏။ သူက လီယုဟန်ကို တိတ်တဆိတ်ခေါ်တွေ့လိုက်သည်။
“တကယ်လို့ တရှားတိုင်းပြည်ဘက်က ငါတို့နဲ့ငြိမ်းချမ်းရေးညှိနှိုင်းချင်တယ်ဆိုရင် မင်းဘယ်လိုထင်လဲ”
လီယုဟန်ရဲ့ လှပတဲ့မျက်လုံးတွေက ချက်ချင်းပဲအံ့ဩသွားလေရဲ့။
“ဆွေးနွေးမယ် ဟုတ်လား။ ဒီလိုမျိုး အရေးကြီးအခြေအနေရောက်မှလား။ ဒါပေမဲ့ ငါတို့က နှင်းနဂါးမြို့ကို အပိုင်သိမ်း နိုင်ပြီးသားလေ။ အခုချိန်ကျမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် သူတို့အတွက်အရေးမနိမ့်နိုင်ဘူးလား”
ဟိုအရင်ချိန်တွေတည်းက ငြိမ်းချမ်းရေးဆွေးနွေးချင်ရင် အနိုင်ရရှိသူကသာပြောဆိုရသည်။ သူမတို့အနေနဲ့ပြင်းထန်တဲ့ တိုက်ပွဲကြီးကို မကြုံတွေ့ရသေးဘူးဆိုပေမဲ့ သူမတို့ဘက်ကအနိုင်ရတဲ့ဘက်ဖြစ်၏။ ဒါကိုတရှားတိုင်းပြည်ဘက်က ငြိမ်းချမ်း ရေးအကြောင်း စတင်စကားစလာခြင်းသည် မဖြစ်နိုင်တဲ့အရာတစ်ခုပဲ။
ထို့ကြောင့် လီယုဟန် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
ဟွမ်ပထျန်း ခေါင်းယမ်းလိုက်ရင်း…
“မင်းဘာသိလို့လဲ။ ဒါက တရှားဘုရင်ကိုယ်တိုင်ပေးခဲ့တဲ့ ကတိပဲ”
ဟွမ်ပထျန်းရဲ့ ပြောင်းလဲလွယ်တဲ့ မျက်နှာထားက သူမအတွက်တော့ နားလည်ရန်ခဲယဥ်းခဲ့သည်။ ဒီလူ မျက်နှာပြောင်းတာ မြန်လိုက်တာ…..
“နင့်ကို ဒီလိုဖြစ်အောင်လုပ်ဖို့ သူတို့ဘယ်လောက်တောင်ပေးလိုက်တာလဲ။ ငါ လီယုဟန် နင့်ကို နှစ်ဆပေးမယ်”
ဟွမ်ပထျန်း ချက်ချင်းပဲ အံ့ဩမှင်သက်သွားခဲ့သည်။
“ငါက မင်းထင်နေသလိုမျိုး အကျင့်ပျက် ယုတ်မာတဲ့သူ မဟုတ်ဘူးကွ။ လီယုဟန် မင်းစွပ်စွဲတာများသွားပြီ”
လီယုဟန်ရဲ့ စကားလုံးတစ်ချို့လောက်နဲ့ ဟွမ်ပထျန်းစိတ်မလှုပ်ရှားပေ။ တကယ်တော့ တရှားတိုင်းပြည်ဘက်က ကမ်းလှမ်းခဲ့တဲ့အရာသည် ငွေတင်သာမကဘူး ကြီးမားကျယ်ပြန့်တဲ့ ကတိစကားများဖြစ်၏။ လီယုဟန် ပေးနိုင်မှာ မလို့လား…
လီယုဟန် မျက်မှောင်ကြုတ်သွားခဲ့သည်။
“နင်သေချာပြောနေတာလား။ အရင်တုန်းက နင်က ပထမဦးဆုံးလူတစ်ယောက်အနေနဲ့ ပုန်ကန်မှုကို ထောက်ပံ့ပေးခဲ့တာနော်။ အခုကျမှ ဘာလို့ဒီစကားပြောနေရတာလဲ”
လီယုဟန်နဲ့ယှဉ်ပြိုင်စကားရည်လုမယ်ဆိုရင် ဘယ်လိုမှ မနိုင်နိုင်တာကို ဟွမ်ပထျန်းနားလည်၏။ ထို့ကြောင့် စကားပြော နေတာ ရပ်လိုက်တော့သည်။ လုပ်ရပ်နဲ့ပဲ သက်သေပြဖို့ဆုံးဖြတ်လိုက်၏။
လီယုဟန် အာရုံမစိုက်နေချိန်မှာ အခွင့်အရေးယူလိုက်သည်။ ဟွမ်ပထျန်းရဲ့ကြမ်းတမ်းတဲ့ ဓါးရိုးက လီယုဟန်ရဲ့ လည်ပင်းတည့်တည့်ကို ကျရောက်သွားလေရဲ့။
သူမ နေရာမှာတင် သတိမေ့သွားတော့သည်။ ပုံမှန်အခြေအနေတွင် ဟွမ်ပထျန်းက သူမအတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်ပေ။ ဒါပေမဲ့ အခုလိုမျိုး အနီးကပ်တိုက်ပွဲက ဟွမ်ပထျန်းရဲ့အရေးသာတဲ့ အနေအထားဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာသန်မာမှုအားဖြင့်လည်း ဟွမ်ပထျန်းက ပိုမိုမြင့်မားသည်။ ထို့ကြောင့် လီယုဟန်ကို သေချာပေါက် အနိုင်ရနိုင်သည်။
သူမ သတိမေ့သွားတာနဲ့ ဟွမ်ပထျန်းကချက်ချင်းပဲ ကြီးမားတဲ့အိတ်ကြီးတစ်ခုအတွင်းသို့ ထည့်လိုက်သည်။ ထို့နောက်မှာ လှည့်ထွက်သွားလိုက်တော့သည်။ ဂိတ်စောင့်တပ်သားတွေကို တံခါးဖွင့်ထားဖို့ ချက်ချင်းပဲအမိန့်ပေးလိုက်၏။ သူတို့အားလုံး အံ့ဩသွားခဲ့ပေမဲ့ ဘယ်သူကမှ အမိန့်မနာခံပဲမနေရဲပေ။
ဒါပေမဲ့ လီရှီကတော့ အံ့ဩစွာဖြင့်မေးလာခဲ့သည်။
“ဟွမ်ပထျန်း ဘာလို့မြို့ဂိတ်ကိုဖွင့်ရတာလဲ။ ဒါက ကျွန်တော်တို့တွေ အန္တရာယ်ကိုဖိတ်ခေါ်သလိုမျိုး မဖြစ်နိုင်ဘူးလား”
ဟွမ်ပထျန်းသည် သူ့ရဲ့ဓါးရိုးကိုနောက်တကြိမ် ထပ်မံအသုံးပြုလိုက်သည်။ လီရှီလည်း မေ့လဲသွား၏။
“ချီးပဲ ပြဿနာများလိုက်တာအေ”
ဘေးမှာရပ်နေတဲ့ တပ်သားတွေအားလုံး ပြူးကျယ်စွာ ကြည့်နေလေရဲ့။ သူတို့ရဲ့မျက်လုံးများက အပြင်ကို ပေါက်ထွက် တော့မတတ် ပြူးကျယ်နေသည်။ အခုလိုမျိုး ကြမ်းတမ်းတဲ့သူတစ်ယောက်ကို သူတို့တစ်ခါမှ မတွေ့ခဲ့ဘူးပေ။
ထိုအချိန်မှာပဲ ဟွမ်ပထျန်းက တပ်သားအားလုံးကို အော်ဟစ်လိုက်သည်။
“ဒီနေ့ ငါက တရှားတိုင်းပြည်နဲ့ငြိမ်းချမ်းရေးဆွေးနွေးမယ်။ ဒီနေရာမှာနေဖို့ ဆန္ဒရှိတဲ့သူတွေအားလုံး ရာထူးတိုးခံရမယ်။ တော်ဝင်လစာကိုလက်ခံရရှိပြီး နှင်းနဂါးမြို့ရဲ့တရားဝင်တပ်သားတွေအဖြစ် ထမ်းဆောင်ခွင့်ရမယ်။ ဒါပေမယ့် ထွက်သွား ချင်တဲ့သူတွေအတွက်တော့ ငါခက်ခဲအောင်လုပ်မှာမဟုတ်ဘူး။ မင်းတို့အားလုံး အိမ်ပြန်လို့ရတယ်”
ဟွမ်ပထျန်းသည် တိုက်ပွဲအခြေအနေတွေအားလုံးကို တစ်ယောက်ထဲနဲ့ ပြောင်းလဲလိုက်၏။ တပ်သားတွေအားလုံး လွန်စွာ ထိတ်လန့်သွားခဲ့သည်။
“လက်ထောက်ခေါင်းဆောင်ဟန် တကယ်ပဲ အမှန်တိုင်းပြောနေတာလား။ ကျွန်တော်တို့တော်ဝင်ရုံးတော်ကို အရှုံးပေး တော့မှာလား”
ခေါင်းဆောင်ငယ်တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် မေးလာခဲ့သည်။ ဟွမ်ပထျန်း လက်တစ်ဖက်သာယမ်းပြလိုက်၏။
“လုံပင်း မင်းက ခေါင်းဆောင် ကိုယ်တိုင် ခန့်အပ်ခဲ့တဲ့သူတစ်ယောက်ပဲ။ ငါက မင်းကို ဘယ်လိုလုပ် လှည့်စားရမှာလဲ။ စစ်မှန်တဲ့ သူတစ်ယောက်ရဲ့စကားလုံးတွေက ကောင်းမြတ်မှုကိုပဲဦးတည်တယ်”
တစ်ကယ့်စစ်မှန်သူတွေသာ ဟွမ်ပထျန်းရဲ့စကားကို ကြားခဲ့လို့ကတော့ နေရာမှာတင် သတ်သေပစ်လောက်သည်။
ဒါပေမယ့် ဟွမ်ပထျန်းကတော့ ဘာကိုမှ မကြောက်ရွံ့ပါချေ။ လုံလောက်တဲ့ အရေပြားကိုပိုင်ဆိုင်ထားသ၍ ဘာကိုမှ ကြောက်စရာမလိုအပ်ဘူး။
ဟွမ်ပထျန်းရဲ့ဘဝမှာ အရေးပါတဲ့စကားတစ်ခုသာရှိသည်။ လူတစ်ယောက်က ကိုယ့်အတွက်မှ မကြိုးစားဘူးဆိုရင် ကောင်းကင်နှင့်မြေကြီးကအပြစ်ပေးလိမ့်မည်။
တပ်သားတွေအားလုံး စတင်ဆွေးနွေးတော့၏။ တကယ်တော့ သူတို့အနေနဲ့ တောပုန်းဓါးပြသာ ဖြစ်လာခဲ့ရတာ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဖြစ်လာခဲ့ရခြင်းမဟုတ်ပေ။ အများစုသည် အတင်းအကျပ်ဖိအားပေးခံရလို့ ပူးပေါင်းလာရခြင်း ဖြစ်သည်။ အစက တော်ဝင်ရုံးတော်အပေါ်မှာ သူတို့အနေနဲ့ အမုန်းတရားအများကြီးမရှိခဲ့ပေ။ ဒါပေမဲ့ ချန်ပန်နဲ့လီရှီက တာအိုပညာကိုအသုံးပြုပြီး သူတို့ရဲ့ရင်ထဲက ခံစားချက်တွေကို မွှေနှောက်ခဲ့၏။ ထို့ကြောင့်ပဲ တပ်စခန်းနဲ့ပူးပေါင်းဖို့ ဖြစ်လာခဲ့သည်။ အခုလို လစာကိုလက်ခံရရှိမယ့်အပြင် ငြိမ်းချမ်းတဲ့ဘဝကိုပါ ရနိုင်ဦးမည်ဆိုတော့ ဘာကြောင့် ငြင်းဆိုနေရဦးမှာလဲ…
ဒီလိုနဲ့ပဲ ဟွမ်ပထျန်းရဲ့အမိန့်တစ်ခုတည်းနဲ့ ဂိတ်တံခါး ပွင့်သွားခဲ့သည်။ ပြင်ဆင်ထားတဲ့ လက်ရွေးစင် တပ်သားတွေက နှင်းနဂါးမြို့အတွင်းသို့ အလုံးအရင်းနဲ့ဝင်ရောက်လာ၏။ တပ်ဖွဲ့နှစ်ခုကို ရှင်းလင်းစွာ ရပ်နေပေမဲ့ နှစ်ဖက်စလုံးက ကောင်းမွန် စွာ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့များဖြစ်သည်။
ဟူယူရဲ့အနောက်က လိုက်ပါလာတဲ့ ကျောက်ကောင်းက ဟွမ်ပထျန်းရဲ့ဘေးရှိ ကြီးမားတဲ့အိတ်ကြီးနှစ်လုံးကို ခပ်ပြုံးပြုံး ကြည့်လိုက်သည်။ သူ့ရဲ့မျက်နှာက ရှုပ်ထွေးနေဟန်ပဲ။
“လက်ထောက်ခေါင်းဆောင်ဟန် အဲ့ဒါက ဘာများလဲ”
ဟွမ်ပထျန်းရဲ့မျက်နှာက အနည်းငယ်ခက်ထန်သွား၏။
“အား သူတို့လား သူတို့က ငြိမ်းချမ်းရေးမှာ ပိတ်ပင်နေတဲ့ ခလုပ်ကန်သင်းနှစ်ခုပါ”
“သခင်ကျောက် စိတ်မပူပါနဲ့”
ကျောက်ကောင်း အရိုအသေပေးလိုက်ရင်း ဆက်ပြောလိုက်သည်။
“ဒီလိုဆိုရင် လက်ထောက်ခေါင်းဆောင်ဟန် ကျွန်တော်နဲ့အတူလိုက်ပြီးတော့ အုပ်ချုပ်သူစံအိမ်မှာ စကားပြောကြရအောင် လေ”
ဟွမ်ပထျန်းသိပါသည်။ ဖူမဲ့က အခု မြို့ရိုးမှာမရှိဘူး။ သူကအုပ်ချုပ်သူ စံအိမ်အတွင်းမှာပဲ။ ထိုအချက်ကို ကောင်းမွန်စွာသိထားသည့် အတွက်သာ ဟွမ်ပထျန်း အခုလိုမျိုးအကြောက်အလန့်မရှိ လုပ်ရဲခဲ့တာပင်။
ခေါင်းဆောင်ဖူမဲ့ရဲ့ အရှေ့ကို တိုက်ရိုက် ခေါ်သွားပေးလိုက်ရင် ဘာမှလုပ်လို့မရတော့ဘူးလို့ ဟွမ်ပထျန်း ယုံကြည်သည်။ ဆွေးနွေးမှု ပြီးမြှောက်သည့်အတွက် မြို့တပ်သားများစွာက မြို့ထဲပြန်ဝင်လာခဲ့ပြီ။ ထို့ကြောင့် ခေါင်းဆောင်ဖူမဲ့ ငြင်းလို့ မရနိုင်တော့ဘူး။
အချိန်ကျလာရင် ခေါင်းဆောင်ဖူမဲ့ကို မြို့သခင်ရာထူးပေးအပ်လိုက်မည်။ ဒါဆိုရင် ဟွမ်ပထျန်းလည်း ခေါင်းဆောင်ဖူမဲ့အတွက် အလုပ်လုပ်ပေးခဲ့ဟုဆိုနိုင်သည်မလား။
သူတို့နှစ်ယောက်သည် ယှဉ်တွဲပြီး လျှောက်လာခဲ့သည်။ ကျောက်ကောင်းနဲ့ဟွမ်ပထျန်းက အရှေ့မှဦးဆောင်ပြီးလျှောက်နေ၏။ မြို့ထဲကို ပြန်ရောက်လာတဲ့ မြို့တပ်သားတွေနဲ့မြို့ခံတွေသည် ထူးဆန်းတဲ့မြင်ကွင်းကို အံ့ဩစွာကြည့်နေခဲ့သည်။ ဒါတွေအားလုံးက သူတို့တွေအတွက်တော့ အိမ်မက်တစ်ခုလိုပဲ။ ကိစ္စတွေအများကြီးဖြစ်ပျက်သွားပေမဲ့ မြို့သခင်ကလွဲရင် ကျန်တာဘာမှမပြောင်းလဲခဲ့ဘူး။
“လက်ထောက်ခေါင်းဆောင်ဟန် ဒီနေ့ရဲ့အဖြစ်အပျက်က အရှင်မင်းကြီးရဲ့ကျေးဇူးကြောင့်ပါ။ အရှင်မင်းကြီးရဲ့အမိန့်သာ မရှိဘူးဆိုရင် ကျွန်တော်တို့ဘက်ကလည်းဒါမျိုး ကမ်းလှမ်းရဲမှာမဟုတ်ဘူး”
ကျောက်ကောင်းကချက်ချင်းပဲ အရှင်မင်းကြီးကိုခိုင်းစေသူအဖြစ် ပြောဆိုလိုက်သည်။
ဟွမ်ပထျန်းစဉ်းစားမိသွား၏။ တရှားတိုင်းပြည်ရဲ့ဘုရင်က ဖူမဲ့ပြောခဲ့သလိုမျိုး ဆိုးရွားတဲ့သူတစ်ယောက်မဟုတ်ပါလား..
အနည်းဆုံးတော့ သူ့ရဲ့တပ်သားတွေအတွက် စဉ်းစားပေးသေးသည်။ အထူးသဖြင့် သူကမ်းလှမ်းလာတဲ့ အခြေအနေ တွေက အရမ်းကိုပြီးပြည့်စုံလွန်းသည်..
တရှားတိုင်းပြည်ရဲ့ဘုရင်က ဆွေးနွေးဖို့ထိုက်တန်တဲ့သူတစ်ယောက်ပဲ..
“ဟုတ်ပြီ။ ငါ နန်းတော်ထဲဝင်လို့ရခဲ့ရင် သေချာပေါက် သခင်ကျောက်ကို ရက်ရက်ရောရောကျေးဇူးတင်မှာပါ”
ဟွမ်ပထျန်းကတော့ လုံးဝသတိမထားမိပဲ ကျောက်ကောင်းရဲ့လှည့်ဖျားမှုထဲသို့ အပြည့်အဝကျ ရောက်သွား၏။ ကျောက်ကောင်းက ဟွမ်ပထျန်းလောက်မသန်မာပေမဲ့ နည်းဗျူဟာပိုင်းနဲ့ပတ်သက်လာရင် သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းက ဟွမ်ပထျန်းထက် အကြိမ်တစ်သောင်းလောက်များပြားသည်။
ဒီလိုနဲ့သူတို့နှစ်ယောက်သည် ပျော်ရွှင်စွာ စကားစမြည်ပြောရင်း လမ်းတစ်လျှောက် ဖြတ်သန်းလာခဲ့သည်။ မကြာခင်မှာပဲ အုပ်ချုပ်သူစံအိမ်ရှိရာသို့ ရောက်လာလေ၏။
“သခင်ကျောက် ကျေးဇူးပြုပြီးဝင်ပါ”
“မဟုတ်သေးဘူး လက်ထောက်ခေါင်းဆောင်ဟန် အား မှားလို့ မြို့သခင်ဟန် ကျေးဇူးပြုပြီးအရင်ဝင်ပါ”
“အိုး သခင်ကျောက်ကလည်း ဘာတွေပြောနေတာလဲ။ သခင်ကျောက်သာ အရင်ဝင်ပါ”
“မဟုတ်ဘူး မြို့သခင်ဟန်က ခေါင်းဆောင်ပဲလေ မင်းက ပိုင်ရှင်ပဲ။ သေချာပေါက် အရင်ဝင်ရမှာပေါ့”
မြေခွေးအိုနှစ်ယောက်က အသည်းအသန်ငြင်းဆိုနေလေရဲ့…
တစ်ယောက်ကမှ အလျော့မပေးချင်ကြပေ။ တကယ်တော့ သူတို့နှစ်ယောက်လုံးရဲ့ အကြံဉာဏ်ကတူညီနေ၏။ တစ်ယောက်က အရှင်မင်းကြီးကိုတွေ့ရမှာ ကြောက်ရွံ့နေခဲ့ပြီး တစ်ယောက်က ခေါင်းဆောင်ဖူမဲ့ကို တွေ့ရမှာကြောက်ရွံ့နေလို့ပင်။ ဒါပေမဲ့ ဟွမ်ပထျန်းမသိသည်က ခေါင်းဆောင်ဖူမဲ့နဲ့ အရှင်မင်းကြီးက လူတစ်ယောက်ထဲ ဆိုတာကိုပဲ။
အပြင်ဘက်ကစကားပြောသံတွေကြောင့် အထဲမှာရှိနေတဲ့ ရှကျိုးယွီအနည်းငယ် အံ့ဩသွား၏။ ထိုအသံနှစ်ခုလုံးကို သူ လွန်စွာ ရင်းနှီးနေသည်လေ။ သူ ချက်ချင်းပဲ စံအိမ်အပြင် ထွက်သွားလိုက်သည်။
စံအိမ်အပြင်ဘက်တွင်ရှိနေသော ဟွမ်ပထျန်းနဲ့ကျောက်ကောင်းက အချင်းချင်းရဲ့ လက်ကိုဆုပ်ကိုင်ထားခဲ့သည်။ သူတို့ နှစ်ယောက်ရဲ့ပုံစံက အချိန်အကြာကြီးဝေးကွာခဲ့ရတဲ့ ချစ်သူစုံတွဲတွေ လိုမျိုးပဲ…
ရှကျိုးယွီတစ်ယောက်သာ ထိုမြင်ကွင်းကြောင့်မှင်သက်နေလေရဲ့…..
……….