တော်ဝင်ခရီးထွက်းခြင်း
Vol. 17 Ch. 229
လီယုဟန်ထွက်သွားတာနဲ့ ရှကျိုးယွီ နောက်ထပ်အကြံအစည်တစ်ခုကို စဉ်းစားလိုက်သည်။ နှင်းနဂါးတောင်ပေါ်ကို သွားရောက်တဲ့ အစီအစဉ်ကျရှုံးခဲ့မှတော့ သူ့အနေနဲ့ ထိုင်နေလို့ မဖြစ်တော့ဘူး။ နောက်ထပ်တိုင်းပြည်ကို ဖျက်ဆီးနိုင်မယ့်နည်းလမ်းတစ်ခုကို စဉ်းစားမှရတော့မည်။ ထိုအချိန်မှာပဲ အပြင်ဘက်ကနေ အသံတစ်ခုကို ကြားလိုက်ရ၏။
“အရှင်မင်းကြီး၊ လီလင်ပုက တွေ့ခွင့်တောင်းနေပါတယ်”
ဝေ့ကျုံးရှန့်က လေးစားစွာ တင်ပြလာခဲ့သည်။
“လီလင်ပုဟုတ်လား။ မဟာတံတိုင်းစီမံကိန်းနဲ့ပတ်သတ်ပြီး တင်ပြတာပဲဖြစ်ရမယ်”
“ချက်ချင်း ဝင်ခိုင်းလိုက်”
ရှကျိုးယွီ တစ်ယောက် လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ စာလိပ်ကို မြေပြင်ပေါ်ပြန်ချလိုက်သည်။ အနားမှာရှိနေတဲ့ အစေခံလေးယောက်လည်း အလိုက်သိစွာဖြင့် မတ်တပ်ထရပ်လိုက်၏။
မကြာခင်မှာပဲ ဖုန်မှုန့်များပေကျန်နေတဲ့ လီလင်ပု အထဲကိုဝင်လာခဲ့သည်။ ရှကျိုးယွီကို မြင်တာနဲ့ လေးစားစွာ ခေါင်းငုံ့လိုက်၏။ မြေကြီးကို ထိလုမတက်ငုံ့ထားရင်း အရိုအသေပေးလိုက်သည်။
“အရှင်မင်းကြီးကို ကျွန်တော်မျိုးလီလင်ပု အရိုအသေပေးပါတယ်။ ကျွန်တော်လီလင်ပုရဲ့ တစ်ဘဝလုံးမှာ အရှင်မင်းကြီးလိုမျိုး ဉာဏ်ပညာကြွယ်ဝပြီး ကြိုမြင်နိုင်တဲ့ ပုဂ္ဂိုလ်မျိုး မတွေ့ခဲ့ဖူးဘူး။ အရှင်မင်းကြီးလို အဆုံးမဲ့တဲ့ ရှင်ဘုရင်တစ်ယောက်ကို ပိုင်ဆိုင်ထားရတာ တရှားတိုင်းပြည်အတွက် ကောင်းချီးတစ်ခုပါ”
လီလင်ပုက ဝင်ရောက်လာတာနဲ့ ချီုးကျူးစကားတွေ တသီတတန်းကြီးပြောလိုက်သည်။
ရှကျိုးရီရဲ့နှလုံးသားကတော့ ချက်ချင်းပဲ မသက်မသာဖြစ်လာလေရဲ့။
ဒီမေဘေး ဘာများလုပ်လာပြန်ပြီလဲ မသိဘူး။ ငါရင်တုန်လိုက်တာနော်..
ရှကျိုးယွီရဲ့မျက်ခွံသည် အကြိမ်ပေါင်းများစွာ တုန်လှုပ်လာခဲ့သည်။ မျက်လုံးနှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း နှလုံးသားထဲက ခံစားချက်တွေကို အတင်း ထိန်းချုပ်လိုက်ရ၏။
“လီလင်ပု မတ်တပ်ရပ်ပါ။ ငါကိုယ်တော်နဲ့မင်းနဲ့ သိလာတာ ဒီလောက်ကြာပြီပဲ။ ငါတို့ရဲ့ဆက်ဆံရေးက ရှင်ဘုရင်နဲ့အမတ်တစ်ယောက်ဆိုတာထက် ညီအစ်ကိုတွေနဲ့တောင် တူတယ်မဟုတ်ဘူးလား။ ဒီလောက်ကြီးထိ ယဉ်ကျေးမှုပြနေစရာ မလိုပါဘူး”
ဒါပေမဲ့ လီလင်ပုက မတ်တပ်ရပ်ဖို့ ငြင်းဆန်ခဲ့လေ၏။ ထိုအစား ပိုမိုလေးစားတဲ့အသံနဲ့ ပြောလာခဲ့သည်။
“အရှင်မင်းကြီးနဲ့ မတ်တပ်ယှဉ်ရပ်ဖို့အတွက် ကျွန်တော်က မထိုက်တန်ပါဘူး။ အရှင်မင်းကြီးဆောက်လုပ်ခဲ့တဲ့ မဟာတံတိုင်းက တရှားတိုင်းပြည်အတွက် အရမ်းကိုအောင်မြင်စရာ အခြေခံတစ်ခု ဖြစ်လာလိမ့်မယ်”
ရှကျိုးယွီ ပိုမိုအံ့ဩသွားခဲ့သည်။ တကယ်တော့ မဟာတံတိုင်းက အရင်းအနှီးဖြုန်းတီးမယ့် အစီအစဉ်တစ်ခုသာဖြစ်၏။ ရှကျိုးယွီအတွက်တော့ ထိုအစီအစဉ်က တိုင်းပြည်အတွက် အကျိုးမရှိနိုင်သော အစီအစဉ်တစ်ခုဖြစ်သည်။
မင်းရဲ့ချီးကျူးစကားတွေက ငါနဲ့တင်မဟုတ်တော့ဘဲ မဟာတံတိုင်းအထိပါ ရောက်လာပြီလား။ ငါ့ရဲ့ကြိုးပမ်းထားမှုတွေကို မင်းသတိထားမိရဲ့လား..
“ဘာကိစ္စလဲ။ လှည့်ပတ်ပြီး ငါကိုယ်တော်ကို အံ့ဩအောင်လုပ်မနေနဲ့။ လိုရင်းကို တိုက်ရိုက်ပြောလိုက်တော့”
လီလင်ပု နောက်ဆုံးမှာတော့ မတ်တပ်ထရပ်လာခဲ့သည်။ သူ့ရဲ့ဒူးခေါင်းက ဖုန်တွေကို ခါလိုက်ပြီးတာနဲ့ စိတ်လှုပ်ရှားစွာပြောလိုက်၏။
“အရင်တုန်းက ကျွန်တော်မျိုး ရူးမိုက်ပြီး အရှင်မင်းကြီးရဲ့ကြိုးပမ်းမှုကို နားမလည်ခဲ့ပါဘူး။ တိုင်းပြည်နဲ့ ကုန်သွယ်တဲ့အချိန်မှာ တပ်သားတွေကို မခေါ်ဆောင်ခိုင်းတာက ရှုံးနိမ့်မှုတစ်ခုဖြစ်လာနိုင်မယ်လို့ ကျွန်တော်ယူဆခဲ့မိတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက ဒီလောက်ကြီးထိ ကြိုတင်တွက်ချက်နိုင်မယ်ဆိုတာကို ကျွန်တော်မျိုး နားမလည်နိုင်ခဲ့ဘူး။ အရှင်မင်းကြီးရဲ့လုပ်ရပ်ကြောင့်သာ တရှားတိုင်းပြည်ရဲ့ နဂါးသွေးကြောတည်နေရာကို ပြန်လည်သတ်မှတ်နိုင်ခဲ့တာပါ”
ရှကျိုးယွီ လွန်စွာအံ့ဩသွားခဲ့သည်။
“နဂါးသွေးကြောဟုတ်လား”
လီလင်ပုကတော့ အရှင်မင်းကြီးထံမှ စစ်ဆေးနေမှုကြုံနေရတာပဲဟု ထင်မှတ်သွားခဲ့သည်။ ထို့ကြောင့် လက်နှစ်ဖက်နောက်ပစ်ပြီး ခေါင်းအနည်းငယ်မော့လိုက်ကာ မျှော်လင့်တကြီးပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်တစ်ထောင်ခန့်က တာအိုဂိုဏ်းခေါင်းဆောင်တစ်ယောက်က တရှားတိုင်းပြည်ရဲ့ မြောက်ဘက်နယ်စပ်ကို ခရီးသွားခဲ့တယ်။ အဲဒီကျွမ်းကျင်ပညာရှင်က ပြောခဲ့ဖူးတယ်။ သူ့ရဲ့ပြောစကားအရ နဂါးသွေးကြောက တရှားတိုင်းပြည်ရဲ့ နယ်စပ်မှာ ရှိနေရုံတင်မကဘဲ တရှားရဲ့မြို့တော်ဖြစ်တဲ့ ထိုက်အန်းမြို့တော်ကို အဲဒီနဂါးရဲ့အစွယ်က ဦးတည်နေတာပါတဲ့။ အဲဒီနဂါးက အရမ်းကိုကြောက်မက်ဖွယ်ကောင်းတဲ့ နဂါးရိပ်တစ်ခုနဲ့ ဆင်တူတယ်လို့ပြောသွားတယ်”
“ဒါပေမဲ့ နောက်ပိုင်း အရှင်မင်းကြီးညွှန်ပြခဲ့တဲ့ လမ်းကြောင်းအတိုင်း ကျွန်တော်မျိုးသွားရောက်ခဲ့တယ်။ အဲဒီအချိန်မှာ အရှင်မင်းကြီးရဲ့ ကြိုးစားထားမှုကို ကျွန်တော်မျိုးနားလည်လာခဲ့တယ်။ ကျွန်တော်တို့ရဲ့မဟာတံတိုင်းက နဂါးသွေးကြောကို ပြန်လည်ဖော်ဆောင်နိုင်ခဲ့တာပဲ။ နဂါးအစွယ်အဖြစ် တစ်ခါက ကျွမ်းကျင်ပညာရှင်ပြောခဲ့ဖူးတဲ့ နေရာက အခုချိန်မှာ နဂါးချိုတစ်ခုဖြစ်လာခဲ့ပြီ။ အခုကျွန်တော်မျိုး ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ ဒါကြောင့် အဲဒီနဂါးသွေးကြောက ကျွန်တော်တို့ရဲ့ တရှားတိုင်းပြည်ကို ကြီးမားစွာထောက်ပံ့လာလိမ့်မယ်။ ကျွန်တော်မျိုးတို့ တရှားတိုင်းပြည်အတွက် မတွေးရဲလောက်အောင် ကြီးမားတဲ့ ပြောင်းလဲမှုကြီးတစ်ခုကို ယူဆောင်လာပေးမှာပါ”
လီလင်ပုသည် စိတ်အားထက်သန်စွာဖြင့်ပြောလိုက်သည်။ သူ့ရဲ့မျက်လုံးက မျက်ရည်များနှင့် ပြည့်နှက်လာ၏။ တော်ဝင်စာဖတ်ခန်းအတွင်းမှာ အရှေ့နဲ့အနောက်လျှောက်လှမ်းနေခဲ့သည်။
လီလင်ပုရဲ့ အားထက်သရောစကားတွေကြောင့် နန်းတွင်းအစေခံများပင် မှင်သက်သွားလေရဲ့။
ထိုအချိန်မှာ ရှကျိုးယွီရဲ့မျက်နှာထားကသာ မျိုးစုံပြောင်းလဲနေခဲ့သည်။
“ငါ..ကိုယ်တော်.. အထူး..ကျေနပ်မိတယ်”
တစ်ကယ်တော့ ထိုစကားလုံးငါးလုံးကို အံ့ကြိတ်ပြီး ရှကျိုးယွီပြောဆိုခဲ့ရတာပင်။ သူ့ရဲ့နှလုံးသားထဲမှာ ကြီးမားတဲ့ဆုံးရှုံးမှုကို ခံစားနေရ၏။ ဒါပေမဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုကို အတင်းအကြပ်တပ်ဆင်ထားရသည်။ သူ့ရဲ့နှလုံးသားလေးအတွက်ပင် ရှကျိုးယွီ လွန်စွာသနားမိသွား၏။ ဒါက ပြီးပြည့်စုံတဲ့ တန်ပြန်တိုက်ကွက်တစ်ခုပဲ။
ရှကျိုးယွီ ရင်မောစွာနဲ့ သက်ပြင်းရှည်ကြီးသာ ချလိုက်တော့သည်။
“အရမ်းကောင်းတယ်။ လီလင်ပုကို ပထမအဆင့်အရာရှိတစ်ယောက်အဖြစ် ရာထူးတိုးမယ်။ ဒါ့အပြင် တတိယအဆင့် စံအိမ်သခင်ဆိုတဲ့ ဘွဲ့တော်ချီးမြှင့်မယ်။ ငွေတုံးနှစ်ရာ၊ အဆင့်မြင့်ပိုးသား၀ာစ်ရာနဲ့ အထူးပစ္စည်း ဆယ်ခုချီးမြှင့်စေ”
မထူးတော့တဲ့အခြေအနေကို ရောက်လာပြီးနောက်မှာ ရှကျိုးယွီ စိတ်ပိုင်းဖြတ်လိုက်တော့သည်။ လီလင်ပုရဲ့လုပ်ရပ်အတွက် အရင်ဦးဆုံး ဆုချီးမြှင့်ဖို့စဉ်းစားလိုက်၏။
ရှကျိုးယွီဘက်က ရက်ရောတဲ့ပေးကမ်းလာမှုကြောင့် လီလင်ပု ချက်ချင်းပဲ မြေပြင်ပေါ် ဒူးထောက်ချလိုက်သည်။ အလွန်ကျေးဇူးတင်စွာဖြင့် ကျယ်လောင်စွာပြောလိုက်၏။
“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာလည်း ကျွန်တော်မျိုး အလုပ်ကြိုးစားမှာပါ။ ကျွန်တော်မျိုးရဲ့ အသက်သေဆုံးသည်အထိ တရှားတိုင်းပြည်အတွက်ပဲ ကြိုးပမ်းသွားမယ်”
ရှကျိုးယွီ ကူကယ်ရာမဲ့စွာပဲ ခေါင်းငြိမ့်ပြလိုက်သည်။ ဒါပေမဲ့ မကြာခင်မှာပဲ အကြံအစည်တစ်ခုကို စဉ်းစားမိသွား၏။
“ငါကိုယ်တော်ရဲ့ အမတ်လီလည်း ခရီးအဝေးကြီးနှင်လာခဲ့ရတော့ ပင်ပန်းလာမှာပဲ။ ငါကိုယ်တော်လည်း နှင်းနဂါးတောင်ကနေ အခုမှ ပြန်ရောက်တာဆိုတော့ အနည်းငယ်မောပန်းနေတယ်။ ဒါကြောင့် အမတ်လီမှာ ငါကိုယ်တော်ရဲ့ မောပန်းမှုကိုဖြေဖျောက်နိုင်မယ့် နည်းလမ်းများရှိမလား”
ရှကျိုးယွီက လီလင်ပုကို လှမ်းကြည့်လိုက်သည်။
ရှကျိုးယွီရဲ့ဆိုလိုရင်းကို လီလင်ပု ချက်ချင်းပဲ သဘောပေါက်၏။ ခဏလောက်တွေးတောပြီးနောက်မှာ ပြောလိုက်သည်။
“အခုက နွေဦးကာလပါ။ အရှင်မင်းကြီးများ အပြင်ထွက်ပြီး ရှုခင်းကြည့်ဖို့ စိတ်ဝင်စားမလား။ အကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်မျိုး အရှင်မင်းကြီးနဲ့အတူ အဖော်ပြုပေးချင်ပါတယ်”
အခုအခြေအနေကို လီလင်ပု ကောင်းမွန်စွာနားလည်၏။ ဒါက သူ့ရဲ့တစ်ဘဝလုံးမှာ တစ်ကြိမ်သာ တွေ့ကြုံခွင့်ရနိုင်တဲ့ အခွင့်အရေးတစ်ခုပဲ။
ဆိုရိုးစကားတောင် ရှိသည်မလား.. မင်းရဲ့အထက်လူကြီးအတွက် တာဝန်ပေါင်းတစ်ထောင် ကိုယ်စားလုပ်ပေးခြင်းက မင်းရဲ့အထက်လူကြီးကိုယ်တိုင် သဘောတကျခိုင်းစေလာတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ခြင်းလောက် မကောင်းမွန်ဘူး။ အထက်လူကြီးရဲ့ ကျေနပ်မှုကိုရနိုင်မှသာ အဆင့်တက်ဖို့ အခွင့်အရေးရလာလိမ့်မည်။
လီလင်ပုက မြင့်မားတဲ့ရာထူးကို ရရှိထားတယ်ဆိုသော်ငြား အခွင့်အရေးရလာမယ်ဆိုရင် ပိုမိုမြင့်မားတဲ့နေရာကို မတက်ချင်တဲ့သူ ရှိပါ့မလား..
ရှကျိုးယွီ ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။ ချက်ချင်းပဲ တွေးမိသွား၏။
ငါကိုယ်တိုင် ခန့်အပ်ထားတဲ့ အမတ်တစ်ယောက်ဆိုတဲ့ အတိုင်းပါပဲလား။ သူ့မှာအရည်အချင်းမပြည့်မှီမှုတစ်ခုတော့ ရှိနေတာပဲ။ ကောင်းတယ် လီလင်ပု မင်းက တော်သေးတယ်..
ဒါပေမဲ့ ရှကျိုးယွီက ခံစားချက်တစ်ခုကိုမှ ထုတ်မပြခဲ့ပေ။ သူ့ရဲ့စိတ်ထဲက စကားလုံးတွေကိုထိန်းသိမ်းထားလိုက်၏။
“ဒီတူညီတဲ့ မြင်ကွင်းတွေကိုပဲ မြင်တွေ့နေရတာ ငါကိုယ်တော် စိတ်ကုန်နေပြီ။ ငါ့အတွက် အမြင်ဆန်းတစ်ခုကိုပေးနိုင်မယ့် နေရာတစ်ခုခုကိုများ အမတ်လီ စဥ်စားမိသလား”
လီလင်ပု မျက်မှောင်ကြုတ်သွားခဲ့သည်။ အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ကို နားလည်ပါ၏။ အရှင်မင်းကြီးက ခရီးထွက်ဖို့ ဆန္ဒရှိနေတာပဲ။
ဒါပေမဲ့ အခုလိုမျိုး တိုင်းပြည်ရဲ့ကံကြမ္မာက တဟုန်တိုး တိုးတက်လာတဲ့အချိန်မှာ လုပ်စရာများစွာလည်း ပေါ်လာခဲ့သည်။ အရှင်မင်းကြီးသာ ခရီးသွားမယ်ဆိုရင် အရှင်မင်းကြီးသွားရောက်လည်ပတ်တဲ့ နေရာတိုင်းမှာ နန်းတော်တစ်ခုကို ဆောက်လုပ်ရလိမ့်မည်။ ဒါက သေးငယ်တဲ့ ကိစ္စတစ်ခုမဟုတ်ဘူး။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေ ကုန်ဆုံးနိုင်သည်။
ကူကယ်ရာမဲ့စွာနဲ့ပဲ လီလင်ပုတစ်ယောက် မျက်နှာပေါ်က ခါးသက်တဲ့အပြုံးကို လူမမြင်အောင်ဖုံးကွယ်လိုက်၏။
“အရှင်မင်းကြီးက ကျွန်တော်မျိုးကို ခက်ခဲတဲ့အခြေအနေကို တွန်းပို့နေတာပါလား။ ကျွန်တော်မျိုးက ပုံမှန်အားဖြင့် နန်းတော်ထဲမှာပဲ ရိုးရှင်းတဲ့အလုပ်တွေကို လုပ်ခဲ့ပါတယ်။ တိုင်းပြည်အတွက် အချိန်ပေးဆပ်ခဲ့တာမို့ အရှင်မင်းကြီး သဘောကျနှစ်ခြိုက်မယ့်နေရာကို ကျွန်တော်မျိုးမစဉ်းစားတတ်ပါဘူး”
လီလင်ပုစကားဆုံးတဲ့အချိန်မှာပဲ ဘေးကနေ ကျောက်ရုပ်တစ်လိုမျိုး တစ်ချိန်လုံးနားထောင်နေတဲ့ ဝေ့ကျုံးရှန့် ရုတ်တရက်ပြောလိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုး နေရာကောင်းတစ်ခုကို တွေ့ထားပါတယ်”
ရှကျိုးယွီရဲ့မျက်လုံးတွေက ချက်ချင်းပဲ တောက်ပသွားလေရဲ့။
ကောင်းတယ် ဝေ့ကျုံးရှန့်။ မင်းက ငါ့ရဲ့ဘက်တော်သားပဲ..
“အမြန်တင်ပြစမ်း”
ဝေ့ကျုံးရှန့်ရဲ့ ကျဉ်းမြောင်းတဲ့မျက်လုံးထဲမှာ အရောင်တစ်ချို့ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက်မှာ သူက ပြောလိုက်၏။
“ကျွန်တော်မျိုးတို့ရဲ့တရှားတိုးင်ပြည်က ကျယ်ပြောပြီး အရင်းအမြစ်ပေါကြွယ်ဝတယ်။ တိုင်းပြည်အတွင်းက မြို့တစ်မြို့စီတိုင်းကလည်း ထူးကဲတဲ့ ဂုဏ်ဒြပ်နဲ့ အလှတရားကို ပိုင်ဆိုင်ထားတယ်။ ကျန်းနန်မြို့အဝင်လမ်းရဲ့ နွေဦးမြင်ကွင်းက အထူးလှပတဲ့မြင်ကွင်းတစ်ခုပဲ။ အရှင်မင်းကြီးများ ကျန်းနန်မြို့ကိုသွားရောက်ချင်မလား ကျွန်တော်မျိုးသိချင်မိတယ်။ ကျွန်တော်မျိုးတို့ တရှားပြည်သူတွေအတွက်လည်း အရှင်မင်းကြီးရဲ့ ကြီးမြတ်မှုကို ကိုယ်တိုင်မြင်တွေ့ဖူးသွားတာပေါ့”
လီလင်ပု ချက်ချင်းပဲ တားမြစ်ဖို့ပြင်လိုက်သည်။ သူ့ရဲ့မျက်နှာက လွန်စွာပျက်ယွင်းနေ၏။
“အသုံးမကျတဲ့ကောင် အရှင်မင်းကြီးနဲ့ငါ စကားပြောနေတယ်လေ။ မင်းမှာ ဖြတ်ပြောပိုင်ခွင့်ရှိလို့လား”
ဝေကျုံးရှန့်သည် သေးငယ်တဲ့ မိန်းမဆိုးတစ်ယောက်သာဖြစ်၏။ ချက်ချင်းပဲ ခေါင်းငုံ့လိုက်ကာ ခြေလှမ်းများစွာ နောက်ဆုတ်လိုက်သည်။
ဒါပေမဲ့ မထင်မှတ်ထားစွာဘဲ ရှကျိုးယွီဘက်က စိတ်ဝင်စားမှုပြလာလေရဲ့။
“ကျန်းနန်မြို့လမ်းဟုတ်လား။ စိတ်ဝင်စားစရာပဲ”
တစ်ကယ်တော့ ဘယ်နေရာကိုပဲ သွားရပါစေ ရှကျိုးယွီ ဂရုမစိုက်ဘူး။ သူ့အနေနဲ့ ပိုက်ဆံဖြုန်းချင်တာပဲ သိသည်။
ဒါပေမဲ့ ကျန်းနန်မြို့ကို စိတ်ဝင်စားသွားရခြင်းက တရှားတိုင်းပြည်ရဲ့ ဘဏ္ဍာငွေ ခြောက်ဆယ်ရာခိုင်နှုန်းလောက်ကို ကျန်းနန်မြို့ရဲ့ စီးပွားရေးအခွန်ကနေ ရယူထားခြင်းကြောင့်ဖြစ်သည်။ အကယ်လို့ ဒီခရီးစဉ်ကိုသာသွားရောက်ပြီး အတတ်နိုင်ဆုံး ငွေဖြုန်းလိုက်မယ်ဆိုရင် တိုးတက်နေတဲ့ ကံကြမ္မာအမှတ်ကို တိုက်ခိုက်နိုင်မည်မဟုတ်လား။ ရှကျိုးရီရဲ့ မျက်နှာက ချက်ချင်းပဲ ပြုံးရွှင်သွားခဲ့သည်။
“ကောင်းတယ်။ မင်းက ကျောက်ကောင်းညွှန်းပေးထားတဲ့သူဆိုတဲ့အတိုင်းပဲ စွမ်းဆောင်ရည်ရှိတာပါလား။ ငါကိုယ်တော် ဆုံးဖြတ်ချက်ချပြီးပြီ။ နောက်လထဲမှာ ကျန်းနန်မြို့ကို ထွက်ခွာမယ်”
……..