အလှလေး တကျီ
Vol. 17 Ch. 230
"အရှင်မင်းကြီး၊ အခုလိုမျိုး ကျန်းနန်မြို့ကို သွားရောက်လည်ပတ်ခြင်းက တိုင်းပြည်အတွက် အကျိုးမရှိနိုင်ပါဘူး။ အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ပြန်လည်စဉ်းစားပေးတော်မူပါ"
ထိုစကားသံဆုံးတာနဲ့ တော်ဝင်စာဖတ်ခန်းတစ်ခုလုံးသည် တိတ်ဆိတ်သွားလေ၏။ အထဲမှာရှိနေတဲ့ နန်းတွင်းအစေခံတစ်ယောက်မှ အသံမထွက်ရဲတော့ပေ။
မဟော်ဂနီရောင်သုတ်ထားတဲ့ နှစ်တစ်ထောင်သက်တမ်းရ တော်ဝင်စာဖတ်ခန်းအတွင်းက တိုင်လုံးကြီးများပင် တိတ်ဆိတ်စွာဖြင့် ရှိနေခဲ့သည်။
ရှကျိုးယွီရဲ့မျက်နှာထားက တစ်ဖြည်းဖြည်း မည်းမှောင်လာ၏။
"မင်းက ငါကိုယ်တော်ကို ဇိမ်ခံနေတယ်လို့ ပြောချင်တာလား။ ဒါဘယ်လိုဟာသလဲ"
"နယ်စပ်မှာ ပင်ပန်းစွာတိုက်ခိုက်ခဲ့ရတာကို ငါကိုယ်တော်က အနားမယူနိုင်ဘူးလား"
ထိုစကားလုံးက လီလင်ပုရဲ့နှလုံးသားကို ရိုက်ခတ်သွားလေ၏။
"အရှင်မင်းကြီးက ကြင်နာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဆိုရိုးစကားရှိတဲ့အတိုင်းပဲ တိုင်းပြည်နဲ့မြေကြီးအောက်က ရှင်ဘုရင်တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုက ကျယ်ပြောပါတယ်၊ ပြည်သူတွေသာမက နယ်မြေတစ်ခုလုံးက အရှင်မင်းကြီးရဲ့ ပိုင်ဆိုင်မှုပါပဲ။ ဒါကြောင့်မို့လည်း အရှင်မင်းကြီးအနေနဲ့ ပြန်လည်စဉ်းစားသင့်ပါတယ်"
"အရှင်မင်းကြီးအနေနဲ့ နန်းတော်ထဲကထွက်ပြီးတော့သွားရတဲ့ ခရီးစဉ်တိုင်းက ကြီးမားတဲ့ အရေးပါမှုတစ်ခုကို ကိုယ်စားပြုတယ်။ ဒါကြောင့် အရေးကြီးကိစ္စတစ်ခု မရှိဘူးဆိုရင် အရှင်မင်းကြီး မသွားရောက်ဖို့အတွက် ကျွန်တော်မျိုး အသက်နဲ့ရင်းပြီး တောင်းဆိုပါတယ်"
လီလင်ပုက ပြောပြီးတာနဲ့ ဒူးထောက်ချလိုက်သည်။
ရှကျိုးယွီရဲ့မျက်နှာထားက မည်းမှောင်နေ၏။
ကြည့်ရတာ သူကိုယ်တိုင်မဖြေရှင်းတာကြာတော့ လူတစ်ချို့က သူ့ရဲ့ကိုင်တွယ်ဖြေရှင်းတဲ့နည်းလမ်းကို မေ့သွားကြပုံပဲ။
"လာကြစမ်း၊ ဒီသစ္စာဖောက်ကို ခေါ်ထုတ်သွားလိုက်ကြ၊ သူ့ကို ကြိမ်ဒဏ်သုံးရာပေးပြီး အဆင့်သုံးအရာရှိအဖြစ် အခုပဲ ရာထူးချမယ်၊ လစာခြောက်လ ဆိုင်းငံ့စေ"
ဒီလိုနဲ့ပဲ လီလင်ပု ရရှိထားသမျှ ဆုလာဘ်တွေအားလုံး ဆုံးရှုံးလိုက်ရသည်။
လီလင်ပုအနေနဲ့ မဟာတံတိုင်းဆောက်လုပ်တဲ့ စီမံကိန်းမှာ ရာထူးဆုံးရှုံးလိုက်ရရုံတင်သာမကဘဲ ပြင်းထန်စွာအပြစ်ပေးခံလိုက်ရ၏။
အခန်းထဲမှာရှိနေတဲ့ နန်းတွင်းအစေခံတွေသာမက၊ မိန်းမစိုးတွေအားလုံး ကြောက်ရွံ့စွာ ခေါင်းငုံ့လိုက်ကြသည်။ ရှကျိုးယွီရဲ့ တဇွတ်ထိုးဆန်မှုကို အကုန်လုံး နားလည်ထား၏။ ထို့ကြောင့် လီလင်ပုအတွက် ဘယ်သူကမှ ရှေ့ထွက်ပြီး မပြောရဲကြပေ။
ဒီလိုနဲ့ လူအများရဲ့ စိုက်ကြည့်မှုကြားမှာပဲ လီလင်ပုကို တော်ဝင်အစောင့်နှစ်ယောက်က ဆွဲခေါ်သွားကြသည်။
"ဝေ့ကျုံးရှန့် ဒီနေရာမှာရှိသေးလား”
ရှကျိုးယွီရဲ့အကြည့်က တော်ဝင်စာဖတ်ခန်းအတွင်းသို့ ပျံ့နှံ့သွားခဲ့သည်။ အဆုံးမှာတော့ ထောင့်တစ်ထောင့်မှာရပ်နေတဲ့ မိန်းမစိုးငယ်တစ်ယောက်အပေါ်ကို ကျရောက်သွား၏။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးရှိပါတယ်။ အရှင်မင်းကြီး၊ ဘာများညွန်ကြားချင်လို့ပါသလဲ"
ဝေ့ကျုံးရှန့်က နှစ်တစ်ထောင်သက်တမ်းရ မြေခွေးအိုကြီးတွေလိုမျိုး ဉာဏ်ပညာမထက်မြက်ပေ။ ဒါပေမယ့် အသက်သုံးဆယ်လူတစ်ယောက်အနေနဲ့ တစ်ဖက်လူရဲ့မျက်နှာထားကို ကောင်းမွန်စွာ ဖတ်တတ်ပါ၏။ ရှကျိုးယွီဘက်က သူ့ရဲ့တင်ပြချက်ကို စိတ်ဝင်စားနေတာကို သူကောင်းကောင်း နားလည်ထားသည်။
ရှကျိုးယွီ တကယ်လည်းပဲ စိတ်ဝင်စား၏။ ဝေ့ကျုံးရှန့်လိုမျိုး တိုင်းပြည်ကို ဂရုမစိုက်ဘဲ လုပ်ချင်ရာသာလုပ်တတ်တဲ့ ပညာရှင်မျိုးကို သူလိုအပ်နေတာလေ။
"ကျန်းနန်းမြို့မှာ ဘာကောင်းကျိုးတွေရှိနေလဲ ပြောစမ်း၊ မင်း ဘာကိစ္စ ကျန်းနန်မြို့ကို ညွှန်ကြားချက်ပေးရတာလဲ။ လူတိုင်းက ကျန်းနန်မြို့က ကောင်းမွန်တဲ့မြို့တစ်ခုလို့ ပြောတယ်၊ ဒါပေမယ့် ငါကိုယ်တော် နားမလည်ဘူး"
တစ်ကယ်တော့ ရှကျိုးယွီရဲ့ ရည်ရွယ်ချက်က ကျန်းနန်မြို့ရဲ့ တိုးတက်နေတဲ့ အခြေအနေကို နားထောင် ရန်ဖြစ်သည်။ ရှင်းပြချက်ကို နားထောင်ရင်း ထိုသူရဲ့ အရည်အချင်းကို ခန့်မှန်းလို့ရနိုင်သည်လေ။
ရှကျိုးယွီရဲ့ တော်ဝင်ဆန်တဲ့မျက်နှာကို ဝေ့ကျုံးရှန့် တောင့်တင်းစွာကြည့်လိုက်၏။ ရှကျိုးယွီရဲ့ မျက်နှာပေါ်မှာ ဒေါသရိပ်ယောင်တွေ မရှိတော့တာကို ခံစားမိလိုက်သည်။ ထိုအချိန်မှသာမချင့်မရဲပြောဆိုလိုက်သည်။
"ကျန်းနန်မြို့မှာ ကောင်းမွန်တဲ့ အခြေအနေသုံးရပ်ရှိတယ်။ လှပတဲ့တောင်တန်း၊ လှပတဲ့ရေပြင်နဲ့ လှပတဲ့မိန်းကလေးတွေပဲ။ ပထမဦးဆုံးအချက်အနေနဲ့ ကျန်းနန်မြို့မှာရှိတဲ့ ယန်ကျစ်မြစ်က ကြည်လင်သန့်ရှင်းပြီး အရင်းအမြစ်ပေါကြွယ်ဝတယ်။ ကျန်းနန်မြို့မှာ တရှားတိုင်းပြည်ရဲ့ မြောက်ဘက်နယ်စပ်လိုမျိုး ခမ်းနားတဲ့မြင်ကွင်းမျိုး မရှိဘူး၊ ဒါပေမယ့် သူတို့ရဲ့ရှုခင်းကလည်း တစ်နည်းတစ်ဖုံ ဆန်းကြယ်ပါတယ်"
"ဒုတိယအချက်အနေနဲ့ ယန်ကျစ်မြို့ရဲ့ရေပြင်က အစိမ်းရောင်လေးသမ်းနေတယ်၊ လက်ချောင်းစိမ်လိုက်တာနဲ့ အေးမြတဲ့ရေကို ထိတွေ့နိုင်ရုံတင်သာမကဘဲ ကြည်လင်သန့်ရှင်းတဲ့မြင်ကွင်းကို မြင်တွေ့နိုင်တယ်။ အဲဒါက တုနှိုင်းမမှီတဲ့ အလှတရားတစ်ခုပဲ"
"တတိယတစ်ချက်ကတော့..."
ဝေ့ကျုံးရှန့်က ရှကျိုးယွီကို ထပ်မံကြည့်ရှုလိုက်သည်။ ရှကျိုးယွီရဲ့ မျက်နှာပေါ်က စိတ်ဝင်စားမှုကို မြင်တဲ့အချိန်မှသာ ခပ်ဖွဖွပြောလိုက်၏။ အရှင်မင်းကြီးနဲ့ပတ်သက်ပြီး အနည်းငယ်နားလည်သလိုမျိုး ခံစားလိုက်ရတာကြောင့် ခပ်ဖြည်းဖြည်းဆက်ပြောလိုက်သည်။
"ကျန်းနန်မြို့ရဲ့ မိန်းကလေးတွေက ကျောက်စိမ်းလိုမျိုး နူးညံ့ကြတယ်၊ သူတို့တွေက ဆွဲဆောင်မှုရှိပြီး လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတယ်။ အဲ့လိုအလှတရားမျိုးက ကောင်းကင်ကိုတောင် တုန်လှုပ်စေနိုင်တယ်။ ကျန်းနန်မြို့ရဲ့မိန်းကလေးတွေက တခြားမြို့တွေနဲ့မတူညီဘူး၊ သူတို့ဆီမှာ အများနဲ့မတူဘဲ ထူးကဲတဲ့ အလှတရားရှိနေတာပါ"
"အရှင်မင်းကြီးသာ စိတ်မရှိဘူးဆိုရင် ကျွန်တော်မျိုးအနေနဲ့ ပါရမီရှိလှတဲ့ မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးနိုင်ပါတယ်"
ရှကျိုးယွီ မျက်မှောင်ကြုတ်သွားခဲ့သည်။
"ငါကိုယ်တော်ရဲ့အစေခံက ခန္ဓာကိုယ်ပိုင်းချို့ယွင်းချက်ရှိနေပေမယ့် ဦးနှောက်တော့မချို့ယွင်းဘူးပဲ။ ပြောစမ်း၊ မင်း ဘယ်လိုမိန်းကလေးကို ကိုယ်တိုင်ကိုယ်ကျညွှန်းဆိုချင်တာလဲ"
ရှကျိုးယွီရဲ့ တစ်စတစ်စမြင့်မားလာတဲ့ စိတ်ဝင်စားမှုကြောင့် ဝေ့ကျုံးရှန့် လွန်စွာပျော်ရွှင်သွားခဲ့သည်။
"အရှင်မင်းကြီး၊ အဲဒီမိန်းကလေးက ကျန်းနန်မြို့တစ်ခွင်လုံးမှာ လွန်စွာကျော်ကြားတယ်၊ ချမ်းသာတဲ့ယောက်ျားအများစုက သူမကိုတွေ့ဖို့အတွက်နဲ့ ရွှေထောင်ချီကမ်းလှမ်းရတယ်။ ဒါပေမယ့် တစ်ခါမှ တွေ့ခွင့်မရခဲ့ကြဘူး၊ သူမက အရှင်မင်းကြီးကို ခစားနိုင်ဖို့ စောင့်ဆိုင်းနေတာပဲ မဟုတ်ဘူးလား"
ထိုအချိန်မှာပဲ နန်းတွင်းအစေခံမလေးတစ်ယောက်က လိုင်ချီးသီးကိုယူလိုက်ကာ ရှကျိုးယွီရဲ့ပါးစပ်နားကို တေ့ပေးလိုက်သည်။
ထိုအချိန်မှာပဲ ထိုအစေခံမလေးရဲ့လက်အတွင်းက လိုင်ချီးသီးခွံကို ရှကျိုးယွီ လမ်းယူလိုက်ပြီး ဝေ့ကျုံးရှန့်ရဲ့ မျက်နှာတည့်တည့်ကို ပစ်ပေါက်လိုက်၏။
"အရေးမပါတဲ့စကားတွေ ရပ်လိုက်တော့၊ မင်း ဘာကိုပြောချင်နေတာလဲ"
ဝေ့ကျုံးရှန့် တကယ်တော့ စိတ်မဆိုးပါပေ။ သူက ပိုလို့ပျော်ရွှင်သွားလေ၏။
အရှင်မင်းကြီးရဲ့တုံ့ပြန်မှုက သူ့ရဲ့စကားလုံးတွေကို မကျေနပ်လို့မဟုတ်ဘူး၊ ထိုမိန်းကလေးအတွက် စိတ်လှုပ်ရှားသွားလို့ပဲ မဟုတ်ဘူးလား..
"အရှင်မင်းကြီး၊ အဲဒီမိန်းကလေးရဲ့နာမည်က တကျီပါ"
လီလင်ပု နန်းတော်အတွင်းက ထွက်သွားပြီးတာနဲ့ တရားရုံးဆီသွားကာ ကြိမ်ဒဏ်ခံယူခဲ့သည်။ သူက မြင့်မားတဲ့ သိုင်းပညာရှင်တစ်ဦးဖြစ်၏။ ဒါပေမယ့် အရှင်မင်းကြီးဘက်ကလည်း ကြိမ်ဒဏ်သုံးရာ အပြစ်ဒဏ်ပေးခဲ့သည်။ ထိုကြိမ်ဒဏ်သုံးရာက သိုင်းပညာရှင်တွေအတွက် အထူးသတ်မှတ်ထားတဲ့ ပြစ်ဒဏ်ပဲ။
ကြိမ်ဒဏ်ပြစ်ဒဏ်ပေးရာတွင် အသုံးပြုတဲ့ သစ်သားတုတ်က ပေါင်တစ်ရာခန့် အလေးချိန်ရှိသည်။ ထိုသစ်သားတုတ်နဲ့ အကြိမ်သုံးရာအရိုက်ခံရခြင်းက လီလင်ပုအတွက်တော့ မလွယ်ကူခဲ့ဘူး။
"အမတ်လီ၊ ကျွန်တော်တောင်းပန်ပါတယ်”
တရားသူကြီးအမတ်ချုပ်က လီလင်ပုရဲ့ အခန်းတံခါးဆီသို့လာရောက်ကာ တောင်းပန်ခဲ့သည်။
"အာ မလိုပါဘူး၊ အရှင်မင်းကြီးက အမိန့်ပေးခဲ့တာပဲ"
လီလင်ပုသည် တရှားတိုင်းပြည်အတွက် လွန်စွာစိတ်ပူနေခဲ့သည်။ တိုင်းပြည်ရဲ့ကံကြမ္မာအမှတ် တိုးတက်လာမှုကို မြင်တွေ့ခဲ့ရ၏။ ဒါပေမယ့် အရှင်မင်းကြီးက နောက်ထပ်ခရီးထွက်ဖို့ ပြင်ဆင်နေခဲ့သည်။ အဲဒီအချက်က အမတ်တိုင်းအတွက် လက်ခံဖွယ်ရာ အချက်တစ်ခုမဟုတ်ပေ။ ကောင်းမွန်တဲ့စဉ်းစားနိုင်စွမ်းရှိတဲ့ ဘယ်သူမဆို ဒီအခြေအနေမှာ လည်ပတ်ခြင်းက ကိစ္စကောင်းတစ်ခု မဟုတ်ဘူးဆိုတာကို ပြောဆိုနိုင်၏။
တရားသူကြီးအမတ်ချုပ်က နေရာမှာတင် ရပ်တန့်နေခဲ့သည်။ ရှည်လျားတဲ့ မုတ်ဆိတ်မွေးအဖြူများကို စဉ်းစားနေဟန်ဖြင့် ပွတ်သပ်နေ၏။
"အမတ်လီ၊ အခုလိုမျိုး အရေးကြီးအခြေအနေမှာ ကျန်းပိုင်မင်းသား ပြန်မလာသေးဘူးလား”
လီလင်ပု ချက်ချင်းပဲ မော့ကြည့်လိုက်သည်။
"ဟုတ်သားပဲ၊ ငါဘာလို့ မေ့နေခဲ့တာလဲ။ သတိပေးတာတစ်ကယ် ကျေးဇူးပါ"
လီလင်ပု ပျော်ရွှင်စွာဖြင့် တရားသူကြီးအမတ်ကို အရိုအသေပေးလိုက်သည်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ဒဏ်ရာတွေ ပျောက်ကင်းသွားသလိုမျိုး ချက်ချင်းပဲ အားအင်ပြည့်ဝလာ၏။ လီလင်ပု စိတ်လှုပ်ရှားစွာ ပင့်သက်ရှိုက်လိုက်သည်။
"ဒီကိစ္စကို အမတ်ကျူးကော့လုံနဲ့ ချက်ချင်းပဲ ဆွေးနွေးလိုက်မယ်"
လီလင်ပုရဲ့စာစောင်ကို လက်ခံရပြီးတာနဲ့ ကျူးကော့လုံ ချက်ချင်းပဲ မြို့တော်ကို ခရီးနှင်လာခဲ့သည်။
...
ကျူးကော့လုံရဲ့ စံအိမ်အတွင်းက ရေကန်ငယ်သည် ကြည်လင်လှပသလို၊ ဘေးကဝန်းရံထားတဲ့ အပင်စိမ်းများကလည်း စိမ်းစိုနေ၏။ လီလင်ပု အလျင်အမြန် စံအိမ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
"အမတ်ကျူးကော့လုံ”
လီလင်ပု ချက်ချင်းပဲ အရိုအသေပေးလိုက်သည်။
ထိုအချိန်မှာ ကျူးကော့လုံက လက်တစ်ဖက်ယမ်းပြလိုက်၏။
"အမတ်လီ၊ ငါတို့က ရုံးတော်မှာရှိနေတာ မဟုတ်ဘူးလေ၊ ဒီလိုမျိုး ယဉ်ကျေးနေဖို့ မလိုပါဘူး။ လာပါ၊ ထိုင်ပါဦး။ မင်းစာထဲမှာပြောထားခဲ့တာ အရှင်မင်းကြီးက လိမ်ညာလှည့်ဖြားတတ်တဲ့ မိန်းမစိုးတစ်ယောက်ထံကနေ လှည့်ဖြားခံလိုက်ရပြီး ကျန်းနန်မြို့ကိုလည်ပတ်ဖို့ ကြိုးစားနေတယ်ဆို၊ အခု အခြေအနေ ဘယ်လိုရှိပြီလဲ"
ထိုကိစ္စနဲ့ပတ်သက်ပြီး ကျူးကော့လုံလည်း စိတ်လှုပ်ရှားနေခဲ့သည်။ မဟာတံတိုင်းစီမံကိန်းက တရှားတိုင်းပြည်ရဲ့ ကံကြမ္မာကို တကယ်ပဲ ပြောင်းလဲနိုင်၏။ ဒါပေမယ့် မဟာတံတိုင်းဖြစ်ပေါ်လာစေရန် ပြည်သူပေါင်းများစွာသည် သွေးနဲ့ချွေးနဲ့ရင်းပြီး ကြိုးစားခဲ့ရသည်။ သူတို့ရဲ့ကြိုးပမ်းမှုကို လျှော့တွက်လို့မရဘူး။ ထို့ကြောင့် ပင်ပန်းဆင်းရဲခဲ့တဲ့ ပြည်သူတွေကို ပြန်လည်ဖြည့်တင်းဖို့ အနည်းဆုံး ငါးနှစ်လောက်တော့ အချိန်ယူသင့်သည်ဟု ထင်မိသည်။
ဒါပေမယ့် ဒီလိုအခြေအနေမှာ ပိုက်ဆံဖြုန်းပြီး တိုင်းပြည်အတွင်း လှည့်ပတ်သွားလာနေမယ်ဆိုရင်...
"အရှင်မင်းကြီးက ဒီကိစ္စကို ဆုံးဖြတ်ပြီးလို့ ပြင်ဆင်မှုတွေတောင် လုပ်နေခဲ့ပြီ။ မိန်းမစိုးတစ်ယောက်ကို ဒီကိစ္စကို ကိုင်တွယ်ခိုင်းထားတယ်၊ အဲဒီမိန်းမစိုးရဲ့နာမည်က..."
လီလင်ပုရဲ့ စကားမဆုံးခင်မှာပဲ ကျူးကော့လုံက ဖြတ်ပြောလာခဲ့သည်။
ကျူးကော့လုံရဲ့ မျက်လုံးထဲမှာ အေးစက်မှုတစ်ချို့ ဝင်ရောက်လာ၏။
"ဝေ့ကျုံးရှန့်မလား"
လီလင်ပု ချက်ချင်းပဲ မျက်ခုံးပင့်သွားကာ ခက်ထန်တဲ့အသံနဲ့ ပြောလိုက်သည်။
"အတိအကျသူပဲ"
ကျူးကော့လုံရဲ့မျက်နှာထားက ပိုမိုစိတ်ပူလာဟန်ရှိသည်။
"ငါ သူနဲ့ပတ်သက်ပြီး ကြားဖူးတယ်၊ သူနဲ့ဟူယူက မိန်းမစိုးကျောက်ရဲ့ လက်အောက်က လုပ်နိုင်စွမ်းရှိတဲ့ သူနှစ်ယောက်ပဲ။ ငါတစ်ခါမှ မမျှော်လင့်ထားမိဘူး၊ ကျောက်ကောင်းက နှင်းနဂါးမြို့မှာ ကိစ္စတွေ ကိုင်တွယ်နေရတဲ့အတွက် မြို့တော်ကို အချိန်တစ်ချို့အတွင်း မလာနိုင်သေးဘူးလို့ ငါထင်ထားခဲ့တာ။ ဒါပေမယ့် သူက သူရဲ့လက်အောက်ခံတွေကို အရှင်မင်းကြီးရဲ့ဘေးမှာ ရအောင်ထားနိုင်သေးတာပဲ။ ငါ ဒါကို လုံးဝမမျှော်လင့်ထားမိဘူး၊ ကျောက်ကောင်းက တော်တော် ကိုင်တွယ်ဖို့ခက်တဲ့ လူတစ်ယောက်ပဲ”
……..