အကွက်ဟောင်းတွေ
Vol. 17 Ch. 231
ကျူးကော့လုံရဲ့ မျက်နှာထားက အချိန်နှင့်အမျှ မဲမှောင် လာခဲ့သည်။ ခံစားချက် ပြင်းထန်နေခဲ့သောကြောင့် လီလင်ပုရဲ့ မျက်လုံးထဲက ထူးဆန်းမှုကို သတိမထားမိခဲ့ပေ။
အမတ်ကျူးကောလုံက တကယ်ကို အရှင်မင်းကြီးရဲ့ ဘက်တော်သားပါလား.. ရုံးတော်ထဲမှာ ရှိတဲ့ အမတ်တိုင်းရဲ့ လျှို့ဝှက်ချက်တွေကို သိထားတယ်။ သေးငယ်တဲ့ မိန်းမစိုး တစ်ယောက်ရဲ့ နာမည်ကိုတောင်မှ မှတ်မိနေသေးတယ်။
“အရှင်မင်းကြီးရဲ့ ဒီတစ်ခေါက် ခရီးစဉ်က တိုင်းပြည်နဲ့ ပြည်သူအတွက် ဘယ်လိုမှ မကောင်းနိုင်ဘူး ဆိုတာကို ကျွန်တော်ကော ခင်ဗျားကော သိတယ်။ အကယ်လို့ ဒီအခြေအနေတိုင်းပဲ ဆက်ရှိနေမယ် ဆိုရင် အရှင်မင်းကြီးကို ကျွန်တော်တော့ တားလို့မရတော့ဘူး။ ဒီအချိန်မှာ တားမြစ်နိုင်တဲ့ တစ်ဦးတည်းသော သူက အမတ်ချုပ် ကျူးကော့လုံပဲလို့ ထင်တယ်”
လီလင်ပုရဲ့ မျက်လုံးတွေက ရိုးသားနေခဲ့သည်။ သူပြောလိုက်တဲ့ စကားကလည်း အမှန်အတိုင်းပင်။
ရုံးတော်ထဲမှာရှိတဲ့ အမတ်အားလုံးထက် အရေးကြီးတဲ့သူက အမတ်ကျူးကော့လုံလို့ ပြောလို့ရသည်။ ကျူးကော့လုံသည် အမတ်ချုပ် တစ်ယောက် မဟုတ်ပဲ အရှင်မင်းကြီး ကိုယ်တိုင် ခန့်အပ်ထားတဲ့ ကျန်းပိုင်မင်းသား ဘွဲ့ရ ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်၏။ အမတ် ကျူးကော့လုံရဲ့ လက်အောက်က ပြည်တွင်းရေး အမတ်တွေ အားလုံး ပူးပေါင်းလိုက်မှသာ တော်ဝင်အာဏာကို ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည်။
လီလင်ပုရဲ့ စကားကြောင့် ကျူးကော့လုံ စကားပြောဖို့ ပြင်လိုက်သည်။ ဒါပေမဲ့ ဘာသံမှ ထွက်မလာခဲ့ပေ။ ကျူးကော့လုံရဲ့ ပါးစပ်က ပွင့်လိုက် ဟလိုက်နဲ့ စကားပြောဖို့ ခဲယဥ်းနေဟန်ပဲ။
ထို့အချက်ကြောင့် လီလင်ပု ပိုမို စိတ်လှုပ်ရှားလာခဲ့သည်။
“ကျန်းပိုင် မင်းသား ကျေးဇူးပြုပြီး တစ်ခုခု ပြောပါအုန်း အရှင်မင်းကြီး ခရီး ထွက်သွားမှာကို ကျွန်တော်တို့ ထိုင်ကြည့်နေလို့ မရဘူးလေ”
ကျူးကော့လုံက သူ့ရဲ့ အင်္ကျီလက်ကို ပင့်တင်လိုက်ရင်း........
“တော်ပါ။ ဆုံးဖြတ်ပြီးပြီဆိုမှတော့ ဒါက အရှင်မင်းကြီးရဲ့ အစီအစဉ်ပဲ။ ငါတို့ရဲ့ မဟာတံတိုင်း အစီအစဉ် ဘယ်လိုဖြစ်လာလဲဆိုတာကို မင်းမေ့သွားပြီလား။ အရှင်မင်းကြီးရဲ့ အမိန့်တိုင်းက ဟာချက် ရှိနေသလိုမျိုး ထင်ရတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဘယ်လောက်တောင် အရှင်မင်းကြီး အာရုံစိုက်ထား ခဲ့လဲဆိုတာကို မင်းမသိခဲ့လို့လား။ ငါတို့ရဲ့ အရှင်မင်းကြီးက တုံးအတဲ့ အုပ်ချုပ်သူ တစ်ယောက် မဟုတ်ဘူး။ အရှင်မင်းကြီးကိုသာ အရည်အချင်း မပြည့်မှီတဲ့ လူလို့ မင်းစဉ်းစားနေမယ်ဆိုရင် မင်းက သေချာပေါက် အမှားအယွင်း ရှိနေတာပဲ”
“ ငါတို့ရဲ့ အရှင်မင်းကြီးက နှစ်တစ်ထောင် အတွင်းမှာ ပထမဦးဆုံး ပေါ်ပေါက်လာတဲ့ အကောင်းမွန်ဆုံး ရှင်ဘုရင် တစ်ယောက်ပဲ။ အရှင်မင်းကြီးရဲ့ နာမည်ကို ငါတို့တွေ မျိုးဆက်လိုက် မျိုးဆက်လိုက် အမှတ်ရနေမယ်လို့ ပြောရင်တောင် လွန်ရာမကျဘူး။ ဒီနှစ်တွေထဲမှာ မြှင့်တက်သွားတဲ့ ကံကြမ္မာအမှတ်ကလည်း အရှင်မင်းကြီးရဲ့ ကြိုးစားမှုကြောင့်ပဲ ဆိုတာကို မင်းမေ့သွားပြီလား”
ကျူးကော့လုံ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။ ချက်ချင်းပဲ လီလင်ပုရဲ့ ခံစားချက်တွေ ရှုပ်ထွေးလာ၏။ သူ စကားတစ်ခွန်းမှ ပြန်မပြောနိုင်တော့ပေ။ အဆုံးမှာတော့ ကျူးကော့လုံက နူးညံ့စွာ သက်ပြင်း ချလိုက်သည်။ လီလင်ပုရဲ့ ပုခုံးကို ခပ်ဖွဖွ ပုတ်ပေးလိုက်ရင်း စိတ်လိုလက်ရ ပြောလိုက်၏။
“အမတ်လီ မင်းလည်း ရုံးတော်မှာ ရှိနေတာ အချိန်တော်တော် ကြာပါပြီ။ ဒါပေမဲ့ မင်းရဲ့ အနာဂတ်ကိုလည်း စဉ်းစားမှရမယ်။ မင်းရဲ့ အနာဂတ်က ဘယ်လိုမှ ငါ့ထက်တော့ မနှိမ့်ကျနိုင်ဘူး။ ဒါကြောင့် သေချာ စဉ်းစားပါ။ အရှင်မင်းကြီးရဲ့ ဉာဏ်ရည်က ငါတို့လုံးဝ တုနှိုင်းမှီတဲ့ အရာမဟုတ်ဘူး”
တဖြည်းဖြည်း အားဖျော့လာတဲ့ ကျူးကော့လုံရဲ့ ပုံစံကြောင့် လီလင်ပု ကူကယ်ရာမဲ့လာခဲ့သည်။ ကျူးကော့လုံ ပြောသွားတဲ့ စကားလုံးတွေက အကုန်အမှန်တွေပဲ။
အပြင်ပိုင်းကို ကြည့်လိုက်ရင် ရှကျိုးယွီကို ဘုရင်ဆိုး တစ်ယောက်လို့ ထင်မှတ်နိုင်သည်။ ဒါပေမဲ့ ရှကျိုးယွီရဲ့ လုပ်ရပ်တွေက ဘယ်တုန်းကမှ စည်းဘောင်ကို မကျော်မလွန်ခဲ့ဖူးပေ။ တစ်ကယ်တော့ ရှကျိုးယွီက နောက်ကွယ်ကနေ အကုန်လုံးကို ဆန်းကြယ်စွာ ချုပ်ကိုင်နိုင်တဲ့ လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ လူတစ်ယောက်လို့ ပြောလို့ရသည်။ ကောက်ကျစ်တဲ့ အမတ်တွေ အားလုံးကို ပိပြားအောင် ချုပ်ကိုင်နိုင်၏။ ရှကျိုးယွီက အမြင့်ဆုံးနေရာမှာ ထိုင်နေရင်း တစ်ဖက်လူတွေရဲ့ လှုပ်ရှားမှုကို ပျော်ပျော်ကြီး စောင့်ကြည့် နေတတ်တဲ့ သူတစ်ယောက်ဖြစ်သည်။
လီလင်ပု အတွေးများသွားကာ အံကြိတ်လိုက်တော့၏။
“ကျန်းပိုင် မင်းသားက ဒီကိစ္စမှာ မပါဝင်ချင်ဘူး ဆိုမှတော့ ကျွန်တော်တစ်ယောက်ထဲပဲ လုပ်ရတော့မှာပေါ့။ ဒါဆိုရင် ကျန်းပိုင်မင်းသား ဒီနေ့ ကျွန်တော် လာတွေခဲ့တာကို လုံးဝမရှိခဲ့တဲ့ အရာတစ်ခုလို သတ်မှတ်လိုက်ပါ”
လီလင်ပုက ပြောပြီးတာနဲ့ တစ်ချက်တောင် လှည့်မကြည့်ပဲ စံအိမ်အတွင်းကနေ ထွက်သွားခဲ့သည်။ ကျူးကော့လုံ တစ်ယောက်ထဲကိုသာ ချန်ထားခဲ့ လိုက်တော့၏။
ရုံးတော်မှာ ဆယ်စုနှစ်တစ်ခု ကြာသည်အထိ ခိုင်မြဲတဲ့ အာဏာကို စုပ်ကိုင်နိုင်တဲ့ အမတ်အို တစ်ယောက်အနေနဲ့ ဖြတ်လတ်လှတဲ့ လီလင်ပုကို မတတ်နိုင်စွာသာ ကြည့်နေခဲ့သည်။
“လီလင်ပု လီလင်ပု ဒီကိစ္စက လွယ်ကူတဲ့ ကိစ္စ တစ်ခုမဟုတ်ဘူး။ မင်းတစ်ယောက်ထဲ တိုက်ခိုက်ဖို့ စဉ်းစားနေတာ.. ဒီလမ်းမှာ ဘယ်လောက်တောင် များပြားတဲ့ ဆူးငြောင့် ခလုတ်တွေ ဘယ်လောက် ရှိနေလဲဆိုတာ မင်းမသိဘူးလား”
တစ်ကယ်တော့ ကျူးကော့လုံလည်း ရုံးတော်ထဲက အမတ်အားလုံးကို ဆန့်ကျင်ဖူးသည်။ အမတ် တော်တော်များများနဲ့ ရန်ဖြစ်ဖူး၏။ အဆုံးမှာ အရှင်မင်းကြီးကိုပင် ဆန့်ကျင်ဖို့ စဉ်းစားခဲ့သည်။
အကယ်လို့ ဒီလမ်းက အဆုံးထိ မလျှောက်နိုင်ဘူး ဆိုရင် နောက်ဆုံးမှာ ကိုယ့်အတွက် ဘာမှကျန်ရစ် ခဲ့မှာ မဟုတ်ဘူး။ ဘက်တော်သား မရှိတဲ့ အမတ်တစ်ယောက်က အဆုံးသတ် မကောင်းနိုင်ဘူး။ ဒါပေမဲ့ လီလင်ပုက ထိုလမ်းကို သူကိုယ်တိုင် ရွေးချယ်ခဲ့သည်။ အမတ်လီက တရှားတိုင်းပြည်အတွက် ပေးဆပ်ချင်ဟန် ရှိ၏။
ကျယ်လောင်တဲ့ ကျေးငှက်သံတွေက တော်ဝင်ဆောင် စာဖတ်ခန်းထဲအထိ ကျရောက်နေခဲ့သည်။ မိုးပြာရောင် တောက်ပနေတဲ့ ကောင်းကင်ပေါ်က နေလုံးကြီးလည်း နွေးထွေးတဲ့ အနွေးဓာတ်များကို ထုတ်ပေးနေ၏။
ရှကျိုးယွီသည် လက်နောက်ပစ်ရင်း တော်ဝင် ဥယျာဉ်တော်အတွင်း လှည့်ပတ်သွားလာ နေခဲ့သည်။ ရှကျိုးယွီရဲ့ နောက်ကနေ ဝေ့ကျုံးရှန့် လိုက်ပါလာ၏။ မြေကြီးနဲ့ ထိလုမတက် ခေါင်းကို ငုံ့ထားရင် ရှကျိုးယွီရဲ့ မေးခွန်းတွေကို ဖြေကြားနေခဲ့သည်။
“အရှင်မင်းကြီး ညွှန်ကြားထားတဲ့ အတိုင်း ကျွန်တော်မျိုး မြေပုံဆွဲပြီးပါပြီ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ခရီးစဉ် တစ်လျှောက်လုံးမှာ ဖြတ်သွားရမဲ့ နေရာတိုင်းရဲ့ အရာရှိတိုင်းကိုလည်း အသိပေးစာ ပို့ထားပြီးပါပြီ။ အရှင်မင်းကြီးရဲ့ ထွက်ခွာဖို့ အမိန့်ကို စောင့်ဆိုင်းဖို့ပဲ ကျန်ပါတော့တယ်”
ဝေ့ကျုံးရှန့်ရဲ့ မျက်နှာသည် တောက်ပတဲ့ အလင်းတန်း တစ်ခုလိုမျိုး လင်းလက်နေ၏။ သူ့ရဲ့ နှလုံးသား တစ်ခုလုံးလည်း အလွန်ပျော်ရွှင် နေခဲ့သည်။
ရှကျိုးယွီရဲ့ အစီအစဉ်ကို ဦးဆောင် ကိုင်တွယ်သူပေးက ဝေ့ကျုံးရှန့် ဖြစ်သည်။ ထို့ကြောင့် ဘယ်နေရာမှာ ခရီးနားမယ် ဘယ်နေရာမှာ ဘယ်သူနဲ့ တွေ့ဆုံမယ်ကို ဝေ့ကျုံးရှန့် အားလုံးသိသည်။
ထို့ကြောင့် အရာရှိတိုင်းအတွက် ဝေ့ကျုံးရှ့န်ရဲ့ တည်ရှိမှုက အလွန် အရေးပါလာခဲ့သည်။ အရာရှိတွေ အားလုံးက အရူးမဟုတ်ပေ။ အခွင့်အရေး ကြုံလာပြီဆိုရင် ဘယ်သူမဆို အဆင့်တက်နိုင်မဲ့ အခွင့်အရေးကို လိုချင်ကြ၏။ ထို့ကြောင့် ဝေ့ကျုံးရှန့်ကို ငွေတုံးများစွာ လာဘ်ထိုးကြရင်း အရှင်မင်းကြီးနဲ့ တွေ့ဆုံခွင့်ရနိုင်ဖို့ ကြိုးစားကြကာ သတင်းတစ်ချို့ ယူကြလေ၏။
ဝေ့ကျုံးရှန့်ကလည်း မငြင်းဆိုပါချေ။ ထို့ကြောင့် ဒီအတောအတွင်းမှာ ဝေကျုံးရှန့်ရဲ့ ငွေကြေး အခြေအနေက အလွန်မြင့်မားလာခဲ့သည်။
ထို့အချိန်မှာ ရှကျိုးယွီရဲ့ ပုံစံက လက်နောက်ပစ်ထားရင်း ဂုဏ်သိက္ခာရှိတဲ့ သခင်လေး တစ်ယောက်နဲ့ ဆင်တူနေသည်။ သူက စိတ်မဝင်စားဟန်နဲ့ ခေါင်းငြိမ့်ပြလိုက်သည်။
“ငါကိုယ်တော်ရဲ့ ခရီးစဉ်ကိစ္စကို မင်းတာဝန်ယူပေးနေတာ ငါကိုယ်တော် စိတ်ချမ်းသာရတယ်။ဒီလိုမှ မဟုတ်ဘူးဆိုရင် ကျောက်ကောင်းလည်း မရှိတော့ ငါဘယ်သူ့ကို သွားခိုင်းရမှာလဲ”
ဝေ့ကျုံးရှန့်ရဲ့ ဉာဏ်နီဉာဏ်နက် များမှုကို ရှကျိုးယွီ သတိထားမိပါသည်။ ဒါပေမဲ့ ဂရုမစိုက်ပါချေ။ ထိုအစား ခရီးစဉ်နဲ့ ပတ်သက်ပြီးသာ စိတ်လှုပ်ရှားနေခဲ့သည်။
မိန်းမစိုး တစ်ယောက်ကို လက်ထိုးတယ် ဆိုရင်တောင်မှ ငွေတုံး တစ်ရာလောက်နဲ့ ဘာလုပ်နိုင်မှာ မို့လို့လဲ။ အိမ်တစ်အိမ်တောင် ဝယ်လိုမရဘူး။
ဝေ့ကျုံးရှန် လေးစားစွာ ဖြေကြားလိုက်သည်။
“အရှင်မင်းကြီးကို တာဝန်ထမ်းဆောင်ခွင့်ရတာ ကျွန်တော်မျိုးအတွက် ကောင်းချီး တစ်ခုပါပဲ။ အရှင်မင်းကြီးက သခင်ကျောက်ရဲ့ လုပ်ဆောင်ပေးမှုကို ပိုသဘောကျတာများလား။ ဒါဆိုရင် ကျွန်တော်မျိုး သခင်ကျောက်ကို သွားခေါ်လိုက်ရမလား”
ဝေ့ကျုံးရှန့်က ထိုသို့ပြောလိုက်ပေမဲ့ သူ့ရဲ့ မျက်နှာပေါ်မှာ လေးနက်တဲ့ အမုန်းတရားတို့ ရှိနေခဲ့သည်။ နေရာမှာတွင် ငိုတော့မတတ် အပြစ်တင်နေဟန် ရှိ၏။
ဒါပေမဲ့ ထိုမျက်နှာထားက လျိုချင်းချန်နဲ့ လီယုဟန် ဆိုရင်တောင်မှ အသုံးဝင်အုန်းမည်။ ဒါပေမဲ့ ဝေ့ကျုံးရှန့်ရဲ့ မို့အစ်နေတဲ့ မျက်နှာကြီးနဲ့ ချွဲနွဲ့ခံရခြင်းက ရှကျိုးယွီကို အလွန် စိတ်ပျက်စေသည်။
ဘယ်လိုတောင် ကျက်သရေတုံးတဲ့ ဝက်လဲ..
ရှကျိးယွီ နှလုံးသားထဲကနေ ဆဲရေးလိုက်သည်။
“အရေးမကြီးဘူး ဘယ်သူလုပ်ပေးပါစေ ငါ့အတွက် ကိစ္စမရှိဘူး”
ရှကျိုးယွီ ဝေ့ကျုံးရှန့်ကို လုံးဝထပ်မကြည့်တော့ဘဲ အရှေ့ကိုသာ ဆက်လျှောက်သွားလိုက်သည်။
ထိုအချိန်မှာ ဝေ့ကျုံးရှန့်ကတော့ ဆုလာဘ်တစ်ခု ချီးမြှင့်ခံရသလိုမျိုး ခံစားလိုက်ရသည်။ သူ့ရဲ့ အရှိန်ကို မြှင့်တင်လိုက်ပြီး မျက်နှာပေါ်မှာလည်း ကျယ်လောင်တဲ့ အပြုံးတစ်ခုကို တပ်ဆင်လိုက်၏။ ရှကျိုးယွီရဲ့ ဘေးကနေ နီးကပ်စွာ လိုက်ပါ လာခဲ့သည်။
“ဒီရက်ပိုင်း အရာရှိတစ်ချို့နဲ့ မင်းအဆက်အသွယ် လုပ်နေတယ်လို့ ငါကိုယ်တော် ကြားထားတယ်။ အခြေအနေ ဘယ်လိုရှိလဲ”
ဝေ့ကျုံးရှန့် ချက်ချင်းပဲ အက်ရှနေတဲ့ အသံနဲ့ ဖြေကြားလိုက်သည်။
“အဲ့ဒီ အရာရှိတွေအားလုံးက အရှင်မင်းကြီး လာရောက်တာကို အလွန်ကြိုဆို ချင်နေကြပါတယ်။ သူတို့ထဲမှာ ကျန်းနန်ရဲ့လမ်းကို စောင့်ကျပ်ရတဲ့အရာရှိက အရှင်မင်းကြီးနဲ့ တွေ့ဖို့အတွက် အလွန်စိတ်အား ထက်သန်နေပါတယ်။ သူက အရှင်မင်းကြီးအတွက် ခမ်းနားတဲ့ အဆောက်အဦး တစ်ခုတောင် အထူးဆောက်လုပ်ထားခဲ့တယ်”
ဝေ့ကျုံးရှန်ရဲ့ မျက်လုံးတွေက မြှောက်ပင့်မှုတို့ ပြည့်နှက်နေခဲ့သည်။ သူကထိုအရာရှိနဲ့ ပတ်သက်ပြီး ပိုပိုသာသာ ပြောပေးလိုက်၏။
ရှကျိုးယွီရဲ့ စိတ်ထဲမှာ ကျေနပ်သွားခဲ့သည်။
မှန်တယ် ဒါမှငါရွေးချယ်ထားတဲ့ ပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်မှာ။ မှန်တယ်၊ ဒီလိုရွံစရာ ကောင်းအောင် လုပ်နေသင့်တာ…
ဒါပေမဲ့ ရှကျိုးယွီက သူ့ရဲ့ခံစားချက်တွေကို ထုတ်မပြပါချေ။ ထိုအစား ခပ်ဖွဖွ ခေါင်းငြိမ့်လိုက်၏။
“ကောင်းပြီ အဲ့ဒီအရာရှိက ကြည့်ရတာ မင်းကို ငွေအများဆုံး ပေးထားတယ်နဲ့တူတယ်။ တရှားတိုင်းပြည်ရဲ့ အခွန်ငွေအရဆုံး နေရာတစ်ခုဆိုတဲ့ အတိုင်းပဲ ငွေပေါကြတာကိုး”
ထိုအချိန်မှာပဲ ရှကျိုးယွီက စ နောက်တဲ့ အကြည့်နဲ့ ဝေ့ကျုံးရှန့်ကို လှမ်းကြည့်လိုက်သည်။
ဝေ့ကျုံးရှန့် ချက်ချင်းပဲ ဒူးထောက်ချလိုက်၏။ သူ့ရဲ့ မျက်နှာတစ်ခုလုံး ချွေးများနဲ့ ပြည့်နှက်လာခဲ့သည်။ သူ့ရဲ့ အသံကလည်း ခြင်တစ်ကောင်လိုမျိုး တုန်ယင်လာ၏။
“အရှင်မင်းကြီး ကျွန်တော်မျိုး အပြစ်ကို သိပါပြီ ကျွန်တော်မျိုး အပြစ်ကို သိပါပြီ”
“ကျွန်တော်မျိုး လောဘကြီးတာ မဟုတ်ပါဘူး။ အဲ့ဒီ အဆင့်မြင့် အရာရှိတွေကို ကျွန်တော်မျိုး မငြင်းဆိုရဲလို့ပါ”
ဝေ့ကျုံးရှန့်က ရှကျိူးယွီရဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ တစ်ကယ်ကို ထိုက်တန်သည်။ ချက်ချင်းပဲ သူ့ရဲ့ မျက်နှာ တစ်ခုလုံး မျက်ရည်များနဲ့ ပြည့်နှက်လာ၏။ သနားစရာကောင်းအောင် မျက်ရည်တွေက တာကျိုးသလိုမျိုး စီးဆင်းလာခဲ့သည်။ မြင်တွေ့လိုက်တဲ့ ဘယ်သူမဆို ရင်ထဲမှာ သနားကရုဏာသက်သွားမှာပဲ။ ဒါပေမဲ့ ထိုအထဲမှာ ရှကျိုးယွီ မပါခဲ့ပေ။
တစ်ချက် ကြည့်လိုက်တာနဲ့ ဝေ့ကျုံးရှန့်ရဲ့ စစ်မှန်တဲ့ အတွေးတွေကို ရှကျိုးယွီ မြင်နေရသည်။
ဒါပေမဲ့ သူ ဂရုမစိုက်ပါချေ။ ထိုအစား မျက်စိရှေ့က မက်မွန်သစ်ပင်ကနေ သစ်ကိုင်းတစ်ချို့ကို ခူးယူလိုက်ပြီး ဝေ့ကျုံးရှန့်ရဲ့ လက်ထဲသို့ ထည့်ပေးလိုက်သည်။
“ငါကိုယ်တော်က ပုံမှန်အတိုင်းပဲ ပြောလိုက်တာပါ။ မင်းလက်ထဲမှာ ရှိနေတဲ့ အရာက မင်းရဲ့အပိုင်ပဲ။ မလိုအပ်တဲ့ နေရာမှာ ယဉ်ကျေးမှုပြနေစရာ မလိုအပ်ဘူး”
တစ်ကယ်တော့ ရှကျိုးယွီဘက်က အားပေးစကား ပြောလိုက်တာပင်။ ဝေ့ကျုံးရှန့် အနေနဲ့ လာဘ်ယူတာကို ရှကျိုးယွီ လိုချင်သည်။
ဒါပေမဲ့ မထင်ထားစွာပဲ ဝေ့ကျုံးရှန့်က နားလည်မှု လွဲသွားလေရဲ့။ သူ့ရဲ့ ခန္ဓာကိုယ်က ပိုမို တုန်ယင်သွားခဲ့သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးက သေဖို့ထိုက်တန်ပါတယ်။ ကျွန်တော်မျိုး သေသင့်ပါတယ်”
………..