← Chapters

တာအိုပညာရှင်ချီဝူ

Vol. 17 Ch. 233

တာအိုပညာရှင်ချီဝူ

Vol. 17 Ch. 233

ရှကျိုးယွီရဲ့ခရီးစဉ်က ကံကြမ္မာအမှတ်ကို ဖျက်ဆီးဖို့တစ်ခုတည်းမဟုတ်ပေ။ သူ့မှာ ပိုမို အရေးကြီးတဲ့ တာဝန်တစ်ခု ရှိနေသေး၏။ ထိုအရာက ထူးကဲပထမအဆင့်ကို တက်လှမ်းနိုင်ဖို့ပင်။

ရှကျိုးယွီရဲ့လက်ရှိ ကျင့်ကြံမှုက ပထမအဆင့်ကျင့်ကြံမှုရဲ့ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိနေခဲ့သည်။ ပထမအဆင့်ကို ကျော်လွန်တဲ့ ထူးကဲပထမအဆင့်ကို တက်လှမ်းနိုင်တာနဲ့ သူ့ရဲ့သန်မာမှုကို အဆပေါင်းများစွာ တိုးတက်စေလိမ့်မည်။ ဒါဆိုရင် ကံကြမ္မာအမှတ်ကို ဖျက်ဆီးနိုင်ဖို့ ပိုမိုလွယ်ကူသွားလိမ့်မည်။ ထူးကဲပထမအဆင့်ကို တက်လှမ်းနိုင်တဲ့ ကျင့်ကြံသူက သမိုင်းတလျှောက်လုံးမှာ လွန်စွာရှားပါး၏။ ထိုကဲ့သို့သော သူတစ်ဦးထွက်ပေါ်လာတိုင်း ကိစ္စကြီးတွေဖြစ်ပေါ်လာ တတ်သည်။

“အရှင်မင်းကြီး၊ အမတ်ချုပ် ကျူးကော့လုံက တွေ့ခွင့်တောင်းနေပါတယ်”

မိန်းမစိုးဝေ့ကျူံးရှန့်က လေးစားစွာပြောလိုက်သည်။ သူ့ရဲ့စူးရှတဲ့အသံက ရှကျိုးယွီရဲ့အတွေးကို ဖြတ်သွားလေရဲ့။ ထိုင်ခုံမှာ ထိုင်နေရင်း နန်းတွင်းအစေခံလေးယောက်ရဲ့ ခစားမှုမှာ ပျော်မွေ့နေတဲ့ ရှကျိုးယွီရဲ့မျက်နှာက ချက်ချင်းပဲ မျက်မှောင်ကြုတ် သွားခဲ့သည်။

“ကျူးကော့လုံ ဟုတ်လား။ သူ ဒီနေရာမှာ ဘာလုပ်နေတာလဲ။ ငါ ကိုယ်တော် သူ့ကို မတွေ့ချင်ဘူး”

ရှကျိုးယွီက ပြောပြီးတာနဲ့ မျက်လုံးပြန်မှိတ်လိုက်သည်။

ဝေ့ကျူံးရှန့် အနည်းငယ် ရှက်ရွံ့သွားသည်။ သူရဲ့မျက်နှာထားက တောင့်တင်းသွားလေကာ ဘာလုပ်ရမှန်း မသိတော့ပုံပဲ။

“ဒါဆိုရင် ကျွန်တော်မျိုး အမတ်ချုပ်ကျူးကော့လုံကို ပြန်လည်တင်ပြလိုက်ပါ့မယ်”

ဒါပေမဲ့ ဝေ့ကျူံးရှန့်ရဲ့စကားဆုံးတဲ့အချိန်မှာပဲ အပြင်ဘက်ကနေ အလောတကြီး အသံတစ်ခုကို ကြားလိုက်ရသည်။

“အရှင်မင်းကြီး ဘယ်မှာလဲ။ ငါ အရှင်မင်းကြီးကို တွေ့ချင်တယ်။ ဒီခရီးစဉ်ကို ကျွန်တော်တို့ အလောတကြီး လုပ်လို့ မရ ပါဘူး။ ဒီကိစ္စမှာ အရှင်မင်းကြီးကို လှည့်စားချင်တဲ့ မကောင်းတဲ့သူတစ်ယောက်ရဲ့ အကြံအစည်တွေပါဝင်နေမယ်လို့ ကျွန်တော်မျိုး ယူဆမိပါတယ်”

ကျူးကော့လုံရဲ့ အလောတကြီးအသံက ရှင်းလင်းတဲ့နန်းတော်တစ်ခုလုံးကို ပဲ့တင်ဖုံးလွှမ်းသွားဟန်ရှိ၏။ ရှကျိုးယွီရဲ့မျက်နှာ က အလွန်မပျော်ရွှင်စွာ ပျက်ယွင်းသွားခဲ့သည်။

“ငါ ကိုယ်တော်ရဲ့ နန်းတော်ထဲကိုရောက်လာပြီး ဒီလိုမျိုးပြောဆိုနေရအောင် မင်းက ဘယ်သူမိုလို့လဲ။ ဘာလဲ ငါကိုယ်တော် က အမှားတစ်ခုလုပ်မိလိုက်လို့လား”

ရှကျိုးယွီရဲ့စကားလုံးတွေကနေ အလိုမကျမှုတွေကို ဘယ်သူမဆိုကြားနိုင်၏။ အရှင်မင်းကြီး လုပ်ချင်တဲ့အရာကို ဘယ်သူကများ အရဲစွန့်ပြီးတားရဲမှာလဲ။

ဒါပေမဲ့ အမတ်ချုပ်ကျူးကော့လုံကတော့ တပုံစံထဲပြုလုပ်လာခဲ့သည်။ ထို့အပြင် ကျူးကော့လုံက စစ်မှန်စွာ ပြောလိုက်သေး၏။

“အရှင်မင်းကြီး၊ တိုင်းပြည်ရဲ့အခြေအနေက အခုအချိန်မှာ အရေးကြီးနေပါတယ်။ အရှင်မင်းကြီး ဘာလို့ ခရီးသွားဖို့အတွက် အရမ်းစိတ်ပါဝင်စားနေရတာပါလဲ။ ကျွန်တော်မျိုးတို့ အခုရရှိလာတဲ့ ရလာဒ်က မရေမတွက်နိုင်တဲ့ ပြည်တွင်းရေးအမတ်တွေနဲ့ စစ်ရေးအမတ်တွေအားလုံး ပူးပေါင်းပြီး လုပ်ဆောင်လာခဲ့တဲ့ ရလာဒ်ဆိုတာ အရှင်မင်းကြီးမသိပါဘူးလား။ တစ်ကယ်လို့ အရှင်မင်းကြီးသာ ကျွန်တော်မျိုးတို့ရဲ့စကားကို နားမထောင်ပဲနဲ့ အရှင်မင်းကြီးသဘောအတိုင်း လုပ်နေမယ်ဆိုရင် ပြည်သူ တွေရဲ့ဘဝကို အများကြီးသက်ရောက်လာပါလိမ့်မယ်။ ဒါက ကိစ္စကောင်းတစ်ခု မဟုတ်ပါဘူး”

ရှကျိုးယွီ ရုတ်တရက်စိတ်ဆိုးသွားခဲ့သည်။ ပထမက လီလင်ပု၊ အခုတော့ ကျူးကော့လုံ ဘာလို့များ အရာရှိတွေအားလုံးက ခေါင်းကိုက်အောင်လုပ်နေရတာလဲ။

ရှကျိုးယွီချက်ချင်းပဲ နန်းတွင်းအစေခံမလေး ကိုင်ဆောင်ထားတဲ့ သစ်သီးပန်းကန်ကို မှောက်ချလိုက်လေ၏။

ခွမ်း….

ကျယ်လောင်တဲ့အသံတစ်ခုအပြီးမှာ ထိုကြွေပန်းကန်က အစိတ်စိတ် အမွှာမွှာကွဲကြေသွား၏။ ဖန်ကွဲစတွေရဲ့ကြားမှာ နီရဲ တဲ့ လိုင်ချီးသီးများအပြင် အစိမ်းရောင်စပျစ်သီးတို့ ပျံ့ကြဲနေခဲ့သည်။

တော်ဝင်စာဖတ်ခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ အပ်ကျသံတစ်ခုကိုပင် ကြားနိုင်လောက်အောင် ပတ်ဝန်းကျင် တစ်ခုလုံးအား တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့သည်။

“တစ်ယောက်ယောက် လာကြစမ်း။ ငါတို့ရဲ့ ဝန်ကြီးချုပ် ကျူးကော့လုံက အနည်းငယ် ပင်ပန်းနေပုံပဲ။ ဒါကြောင့် ငါ ကိုယ်တော်ရဲ့ပင်ပန်းမှုကိုပါ စိတ်ဝင်စားပေးနေပုံရှိတယ်။ ဒါပေမဲ့ ကျူးကော့လုံရဲ့ စိတ်ပူပေးမှုကြောင့် ငါ ကိုယ်တော် စိတ်မကြည်တော့ဘူး။ အမတ်ချုပ်ကျူးကော့လုံက မလိုအပ်တဲ့ စကားတွေအများကြီး ပြောနေတယ်ဆိုမှတော့ ငါ ကိုယ်တော် သူ့ကို သုံးလအနားယူခွင့် ပေးလိုက်မယ်။ မင်းရဲ့လုပ်ရပ်တွေအားလုံးကို နေအိမ်မှာ ပြန်စဉ်းစားနေလိုက်”

ရှကျိုးယွီရဲ့အမိန့်က အခန်းထဲမှာရှိနေတဲ့ လူတွေအားလုံးရဲ့ နှလုံးသားကို တုန်ယင်စေခဲ့သည်။

အားလပ်ရက်ပေးလိုက်မယ် ဟုတ်လား။ ဒါက အိမ်တွင်း အကျယ်ချလိုက်တာပဲ မဟုတ်ဘူးလား။ အရှင်မင်းကြီးက ရုံးတော်ရဲ့တားမြစ်လာတဲ့ အမတ်တွေအားလုံးကို အပြတ်အသတ် ရိုက်ချနေတာပါလား။

ဝေ့ကျူံးရှန့် လွန်စွာပျော်ရွှင်သွားခဲ့သည်။ အရှင်မင်းကြီးကသာ အပျော်လိုက်စားနေဖို့ စိတ်ဆန္ဒရှိနေသရွှေ့ သူ့အတွက် ပိုက်ဆံရလာနိုင်တဲ့ အခွင့်အရေးများစွာရှိသည်လေ။

တိုင်းပြည်ရဲ့ သစ္စာရှိပြီး အကူအညီပေးနိုင်ဆုံး အမတ်ချုပ်ကျူးကော့လုံကို အရှင်မင်းကြီးရဲ့အမိန့်တစ်ခုတည်းနဲ့ နေအိမ် အကျယ်ချုပ်ချခံလိုက်ရတာ မြင်တဲ့အချိန်မှာ ဝေ့ကျူံးရှန့်တစ်ယောက် သူ့ရဲ့နွေဦးနေ့ရက်တွေ နောက်ဆုံးတော့ ရောက်လာ ပြီဟု ခံစားလိုက်ရသည်။

“အရှင်မင်းကြီး ကျွန်တော်တို့ အချိန်ဆွဲနေလို့ မရပါဘူး။ အတတ်နိုင်ဆုံး အမြန်ဆုံး ထွက်သွားကြတာပေါ့”

ဝေ့ကျူံးရှန့်က ရှကျိုးယွီရဲ့အနားကို တိုးကပ်သွားလိုက်ကာ အရိုအသေပေးရင်း ခပ်တိုးတိုးပြောလိုက်၏။ ထို့နောက်မှာ တော်ဝင်အစောင့်နှစ်ယောက်က ကျူးကော့လုံကို အခန်းထဲဝင်လာပြီး ဆွဲခေါ်သွားတာကို ကြည့်နေခဲ့သည်။

ရှကျိုးယွီ ခေါင်းငြိမ့်လိုက်သည်။

“မင်းပြောတာ မှန်တယ်။ တကယ်ပဲ အချိန်ကျပြီပဲ။ ဒီရုံးတော်ရဲ့ အရူးတစ်သိုက်က ငါ ကိုယ်တော်ကို စိတ်ပျက်စေလိုက်တာ”

ဒီလိုနဲ့ပဲ နွေဦးရဲ့ ပထမဦးဆုံးလမှာ တရှားတိုင်းပြည်ရဲ့ရှင်ဘုရင်သည် နန်းတော်ကနေ ထွက်ခွာသွားခဲ့သည်။ သမိုင်း မှတ်တမ်းအဖြစ် ရှကျိုးယွီရဲ့ခရီးစဉ်ကို နတ်နဂါးရဲ့ တောင်ဘက်အရပ်သို့ လှည့်လည်ခြင်းဟု ခေါ်တွင်ခဲ့သည်။

လမ်းတစ်လျှောက်ကို ဖြတ်သန်းသွားလာတဲ့ ကြီးမားတဲ့ယဉ်တန်းကြောင့် ပြည်သူအများကြီးရဲ့ အာရုံကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ ဘယ်အရေးပါတဲ့ ပုဂ္ဂိုလ်က ခရီးသွားနေလို့ ဒီလိုမျိုးများပြားတဲ့ သုံးစွဲမှုကို အသုံးပြုနိုင်တာလဲဟု ပြည်သူတွေ စဉ်းစားနေကြ၏။

ရှကျိုးယွီရဲ့ ခရီးထွက်တဲ့ဖြစ်စဉ်ကို ပြည်သူတွေအနေနဲ့ မသိရှိကြသေးပေ။ ရုံးတော်ထဲက အမြင့်မားဆုံးရာထူးကို ပိုင်ဆိုင်ထားတဲ့ အဆင့်တစ်နဲ့အဆင့်နှစ် အရာရှိတွေသာ သိထားကြ၏။

“အရှင်မင်းကြီးအတွက် ကျိကျီမြို့နယ်စု အုပ်ချုပ်ရေးမှူး ဆောက်လုပ်ထားတဲ့ ကွမ်ယမ်နန်းတော်က အရှေ့မှာပါ”

ရှကျိုးယွီလိုက်ပါလာတဲ့ နဂါးမြင်းလှည်းကို ဝေ့ကျုံးရှန့်က မြင်းမောင်းသူအနေနဲ့ တာဝန်ယူထား၏။

နွေရာသီသို့ ဝင်ရောက်လာပြီဖြစ်၍ နေမင်းကလည်း အစွမ်းကုန် ထွန်းလင်းတောကပနေ၏။ ပြင်းထန်တဲ့ နေအပူရှိန် ကြောင့် လမ်းတစ်လျှောက်ရှိ စိမ်းစိုတဲ့မြင်ကွင်းများပင် အနည်းငယ် ခြောက်သွေ့နေသလိုမျိုး ခံစားရသည်။ လမ်းတစ်လျှောက် လုံးမှာလည်း ငှက်များ၏ တကျီကျီမြည်သံကိုကြားနိုင်၏။

နဂါးမြင်းလှည်းအတွင်းက ကျယ်ပြန့်တဲ့အိပ်ရာပေါ်မှာ ရှကျိုးယွီ လှဲလျောင်းပြီး လိုက်ပါနေခဲ့သည်။ သူ့ရဲ့ဘေးမှာ ကိုယ်လုပ်တော်ကျင်းရှိနေ၏။ သူမရဲ့မျက်နှာထားက သတိထားနေဟန်ရှိပေမဲ့ ဘာခံစားချက်ကိုမှ ထုတ်မပြခဲ့ပေ။

“ကွမ်ယန်နန်းတော် ဟုတ်လား။ ဒီ ကျိကျွီမြို့နယ်ကို ငါကိုယ်တော် ပထမဦးဆုံးရောက်ရှိတာပဲ။ မြို့သခင်က ဘယ်လို တာဝန် ထမ်းဆောင်ထားလဲဆိုတာကို ငါကိုယ်တော်သိချင်မိတယ်”

ရှကျိုးယွီရဲ့အသံကိုကြားမှသာ အပြင်ဘက်မှာရှိနေတဲ့သူတွေအားလုံး စိတ်သက်သာရာရသွားခဲ့သည်။ ဘာလို့လဲဆိုရင် အရှင်မင်းကြီးက အစောပိုင်းက ဖြတ်သန်းခဲ့တဲ့ ကျစ်ဟောင်းနန်းတော်ကို ဝင်ရောက်ဖို့ငြင်းဆိုခဲ့၏။ ထိုအချက်ကြောင့် ကျီးလင်မြို့နယ်စုရဲ့ အုပ်ချုပ်ရေးမှူးကို မကျေမနပ်ဖြစ်စေခဲ့မိသည်။

အရှင်မင်းကြီးက ဘာလို့များ ကျစ်ဟောင်းနန်းတော်မှာ နှစ်ရက်လောက်မနားရတာလဲ.. အလကားဆောက်လုပ်ထားမိတဲ့ နန်းတော်ကို အချိန်ခဏလောက်အဖြစ် နေလိုက်သင့်တယ်။ သူတို့အနေနဲ့ အရှင်မင်းကြီးပေးထားတဲ့ လစာတွေကို အသုံးပြု ပြီး ဆောက်လုပ်ထားတဲ့ နန်းတော်ပဲလေ။ အခုလိုမျိုး ဝင်မလည်ဘူးဆိုတော့ အဲ့ဒီပိုက်ဆံတွေ အလကားမဖြစ်ရဘူးလား…

အပြင်ဘက်က တပ်သားတွေအားလုံး လွန်စွာစိတ်ပျက်နေခဲ့သည်။ ဒီရက်ပိုင်းအတွင်း ရာသီဥတုက ပြင်းထန်၏။ အရှင်မင်းကြီးသာ အလွန်ကြီးမားကျယ်ပြန့်တဲ့ နဂါးမြင်းလှည်းကို ပိုင်ဆိုင်ထားသည်။ ထိုမြင်းလှည်းထဲမှာ အိပ်ရာလည်းပါဝင်၏။ ဒါပေမဲ့ သူတို့ကတော့ နေ့တိုင်း မြင်းစီးနေရသည်။ ဒီလိုမျိုး မြင်းစီးရခြင်းက အကျည်းထောင်ထဲမှာ နေရတာထက် ပိုမိုနှိပ်စက်နိုင်တာကို အရှင်မင်းကြီးမသိဘူးလား…

ထို့ကြောင့် အရှင်မင်းကြီးရဲ့ ကွမ်ယန်နန်းတော်မှာ ခဏတဖြုတ်အနားယူမယ်ဆိုတဲ့ စကားက အကုန်လုံးကို စိတ်လှုပ်ရှားသွားစေခဲ့သည်။

ထိုအချိန်မှာပဲ ရှကျိုးယွီက သူ့ရဲ့ပတ်ဝန်းကျင်မှာ ပျံ့နှံ့လာတဲ့ စိတ်ဝိဉာဏ်စွမ်းအင်တစ်ချို့ကို အာရုံခံမိလိုက်သည်။

“ရပ်စမ်း”

ဝေ့ကျုံးရှန့် မြင်းလှည်းတံခါးကို ဆွဲမပြီး ချောင်းကြည့်လာသည်။

“အရှင်မင်းကြီး ဘာများ ညွှန်ကြားချင်လို့ပါလဲ”

ရှကျိုးယွီ ချက်ချင်းပဲပြောလိုက်သည်။

“ဒီကနေ အနောက်ဖက်အရပ်ကို သုံးမိုင်လောက်သွားလိုက်ရင် ရွာတစ်ရွာကိုတွေ့လိမ့်မယ်။ အဲ့ဒီကိုသွားပြီး စစ်ဆေးလိုက်။ တစ်ခုခုတော့ လွဲနေတယ်”

ရှကျိုးယွီရဲ့မျက်လုံးထဲမှာ ဒေါသတို့ဝင်ရောက်နေခဲ့သည်။

တရှားတိုင်းပြည်အတွင်းမှာ စိတ်ဝိဉာဏ်စွမ်းအင်စုဆောင်းနိုင်သော အစီအရင်တွေကို ဖန်တီးဖို့ ကျန်းဖူရှန်က တာဝန်ယူ ထား၏။ ဒါပေမဲ့ ယန်ကျစ်မြစ်တစ်လျှောက်ကို စိတ်ဝိဉာဏ်စွမ်းအင် စုဆောင်းနိုင်သော အစီအရင်မတည်ဆောက်ရသေးဘူး။ ထို့ကြောင့် ဒီနေရာမှာရှိတဲ့ စိတ်ဝိဉာဏ်စွမ်းအင်လှိုင်းက မတည်မငြိမ်ဖြစ်နေသင့်သည်။ ဒါပေမဲ့ ရှကျိုးယွီအာရုံခံ လိုက်တဲ့ အချိန်မှာ စိတ်ဝိဉာဏ်စွမ်းအင် ဝဲဂယက်တစ်ခုလိုမျိုး အာရုံခံမိလိုက်၏။ ထိုအရာက စိတ်ဝိဉာဏ်စွမ်းအင် စုဆောင်းနိုင်တဲ့ အစီအရင်နဲ့လွန်စွာဆင်တူနေခဲ့သည်။

ဝေ့ကျုံးရှန့် အမိန့်ကိုရတာနဲ့ တပ်ဖွဲ့နှစ်ခုကိုဦးဆောင်ပြီး ချက်ချင်း ထွက်ခွာသွားခဲ့သည်။ ထို့နောက်မှာ လျင်မြန်စွာဖြင့် များစွာတဲ့ တာအိုပညာရှင်များကို ရွာအတွင်းကနေ ခေါ်ဆောင်လာပြီး ပြန်လည်ရောက်ရှိလာခဲ့သည်။

“အရှင်မင်းကြီးက တကယ်ကို အမြင်စူးရှပါတယ်။ အခုလိုနေရာမှာ ဒီလိုသူခိုးတွေနဲ့ တွေ့ရလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး”

ဝေ့ကျုံးရှန့်က မြင်းလှည်းဘေးမှာရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ထို့အပြင် ကျိကျွီမြို့သခင်ကိုလည်း စိတ်ထဲကနေ အကြိမ်ပေါင်းများစွာ ဆဲရေးလိုက်၏။

ဒီအသုံးမကျတဲ့ မြေခွေးအိုကတော့ ငါ အကြိမ်တစ်ထောင် အကြိမ်တစ်သောင်းမကပြောခဲ့တယ်။ လမ်းတစ်လျှောက်လုံးမှာ ဘာသူခိုးမှ မရှိစေပါနဲ့ဆိုတာကို။ အခုအရှင်မင်းကြိးကိုယ်တိုင် ဖမ်းမိသွားခဲ့ပြီ။ အရှင်မင်းကြီးသာ ဒီအတွက် ငါ့ကို အပြစ်တင် လာမယ်ဆိုရင် မင်း သေချာပေါက် မလွတ်စေရဘူး။

ပူပြင်းတဲ့နွေရာသီကြောင့် ဝေ့ကျူံးရှန့်ရဲ့ နောက်ကျောတစ်ခုလုံး ချွေးများစိုစွတ်နေခဲ့သည်။

“မင်းရဲ့ နာမည်ကဘာလဲ။ မင်းက အဆင့်လေး ကျင့်ကြံသူတစ်ယောက်ပဲ။ ဒီလိုမျိုး သေးငယ်တဲ့မြို့တစ်ခုမှာ နေထိုင်နေတယ် ဆိုတော့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ”

ရှကျိုးယွီ လိုက်ကာစကိုမပြီး မြင်းလှည်းအပြင်ကို တစ်လှမ်းချင်းထွက်လာခဲ့သည်။ သူ့ရဲ့မျက်လုံးက အဖမ်းခံ ထားခဲ့ရတဲ့ တာအိုပညာရှင်အပေါ်မှာ ကျရောက်နေ၏။

“အရှင်မင်းကြီး ကျွန်တော်မျိုးက ချီဝူပါ။ ကျွန်တော်က ဒီနေရာကို ကျွန်တော်တို့ရဲ့ ဂိုဏ်းခေါင်းတောင် ကျန်းဖူရှန်ရဲ့ အမိန့် အရ စိတ်ဝိဉာဏ်စွမ်းအင်စုဆောင်းနိုင်တဲ့ အစီအရင်ဖန်တီးဖို့အတွက် ရောက်လာခဲ့တာပါ”

ပြောပြီးတာနဲ့ ထိုသူက လက်တစ်ဖက်ကို ရင်ဘတ်ပေါ်မှာတင်ပြီး အနည်းငယ်ဦးညွှတ်ရင်း အရိုအသေပေးလိုက်သည်။

“ကျန်းဖူရှန်က မင်းကို ဒီနေရာကို စေလွှတ်လိုက်တယ်ဟုတ်လား။ မင်း ငါ ကိုယ်တော်ကို မလေးမစားလုပ်နေတာလား။ ဒါမှမဟုတ် မင်းရဲ့ဂိုဏ်းကို မလေးမစားလုပ်ချင်လို့ လိမ်ပြောနေတာလား”

ထို မပီပြင်တဲ့အလိမ်အညာကို ရှကျိူးယွီချက်ချင်းပဲ ရိပ်မိသွားခဲ့သည်။ စိတ်ဝိဉာဏ်စွမ်းအင်ဖန်တီးဖို့ဆိုရင် ကျန်းဖူရှန်က သေချာပေါက် တိကျတဲ့နေရာကို ပြောပေးလိမ့်မည်။ ဒါပေမဲ့ အခုတော့ ထိုသူက သေးငယ်ပြီး လူသူကင်းမဲ့တဲ့ရွာတစ်ခုမှာ ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။ ဒါက သေချာပေါက် သံသယဝင်စရာကောင်းလှ၏။

တာအိုပညာရှင်က အလျင်မလိုပေ။ သူ့ရဲ့ခန္ဓာကိုယ်မှာ ပေကျံနေတဲ့ဖုန်တွေကို ဖယ်ပြီးတာနဲ့ တည်ငြိမ်စွာပြောလိုက်သည်။

“ဒီ စိတ်ဝိဉာဏ်စွမ်းအင် စုဆောင်းနိုင်တဲ့ အစီအရင်ကို ဖန်တီးတဲ့ကိစ္စက ကျွန်တော်တို့ တာအိုဂိုဏ်းအတွင်းက အတွင်းကိစ္စ တစ်ခုပါ။ ကျွန်တော်မျိုးတို့ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာက အရှင်မင်းကြီး စိတ်ပူရမဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။ အရှင်မင်းကြီးကသာ ဝင်ပါဖို့ စိတ်ကူးမယ်ဆိုရင် ကျွန်တော်မျိုးအနေနဲ့ ငြင်းဆိုလို့တော့မရနိုင်ပါဘူး”

ထိုသူရဲ့စကားလုံးတွေက ကြိမ်ဒဏ်တောင်းဆိုနေဟန်ရှိသည်။ ဝေ့ကျုံးရှန့် နားထောင်နေရင်း သတ်ပစ်ချင်လာ၏။

ဒါပေမဲ့ ရှကျိုးယွီကတော့ နားလည်ပါသည်။ သူ့အနေနဲ့ လူသတ်ရတာ လွယ်ကူသည်။ ဒါပေမဲ့ ဒီကိစ္စရဲ့နောက်ကွယ်က အဓိပ္ပွါယ်က မရိုးရှင်းဘူး။ ဒါကြောင့် အခုချိန်မှာ သတ်လို့မရသေးဘူး။

“ကောင်းပြီ။ မင်းဘက်က ဒီလိုပြောလာမှတော့ ငါကိုယ်တော်အနေနဲ့ဝင်ပါစရာ အကြောင်းမရှိဘူးပေါ့။ ဒါဆိုရင် မင်းဘာလို့ ငါကိုယ်တော်နဲ့အတူ ရှေ့မှာရှိနေတဲ့နန်းတော်မှာ အတူမနားရမှာလဲ”

ရှကျိုးယွီကပြောပြီးတာနဲ့ မြင်းလှည်းအတွင်းသို့ဝင်ရောက်ကာ ပြန်လည်အနားယူလိုက်သည်။ ထိုစကားတွေကြောင့် ချီဝူ ရဲ့ တည်ငြိမ်တဲ့မျက်နှာက အနည်းငယ်ပျက်ယွင်းသွား၏။ ဒါပေမဲ့ သူ့ရဲ့မျက်နှာကို အချိန်မှီ ပြန်လည်ထိန်းသိမ်းလိုက်သည်။ ဒါပေမဲ့ သူ့အနေနဲ့ စကားမစရသေးခင်မှာပဲ ဝေ့ကျုံးရှန့်ရဲ့ဖိတ်ခေါ်မှုကြောင့် ကျယ်ပြန့်တဲ့မြင်းလှည်းအတွင်းသို့ ရောက်ရှိ သွားခဲ့သည်။

“တကယ်လို့ အရှင်မင်းကြီးဘက်က ကျွန်တော်မျိုးမကို ခိုင်းစေ စရာရှိတယ်ဆိုရင် ကျေးဇူးပြုပြီး ပြောဆိုပေးပါ”

ကြီးမားတဲ့ ဇိမ်ခံမြင်းလှည်းအတွင်းမှာ ထိုင်နေရင်း ကိုယ်လုပ်တော်ကျင်း တည်ငြိမ်စွာပြောလိုက်လေ၏။

သူမက ရှကျိုးယွီကို ဘယ်တုန်းကမှ မခစားချင်ခဲ့ပေ။ အပြင်ဘက်က အချင်းများသံကို နားထောင်ရသလောက် သူမအတွက် အခွင့်အရေးရောက်လာဟန်ရှိသည်။ ထို့ကြောင့် အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး ဒီချောမောပေမဲ့ နားလည်ရခက်တဲ့မျက်နှာပိုင်ရှင် အရှင်မင်းကြီးထံကနေ အဝေးကိုသွားရောက်ချင်မိသည်။

“ငါကိုယ်တော်ကြည့်ရသလောက် ကိုယ်လုပ်တော်ကျင်းက တော်တော်လေးရဲတင်းနေတာပဲ။ ဒါဆိုရင် တိုင်းပြည်ကိုလည်း ဂရုမစိုက်လောက်ဘူးထင်ပါတယ်။ ပြန်ချင်လည်းပြန်လေ။ မင်းရဲ့အဖေဘုရင်က သေချာပေါက်အပြစ်တင်မှာ မဟုတ်ပါဘူး”

ရှကျိုးယွီက အရာအားလုံးကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်၏။ သူမနဲ့လှပတဲ့စကားတွေ ပြောနေဖို့အချိန်မရှိဘူး။ ထို့ကြောင့် သူကအဖက်မလုပ်စွာနဲ့ပဲ ပြောလိုက်တော့သည်။

ကိုယ်လုပ်တော်ကျင်း နှုတ်ခမ်းကိုက်ရင်း တိတ်တဆိတ်ပဲဒေါသထွက်စွာ မြင်းလှည်းရဲ့ဒေါင့်အတွင်းသို့ ပြန်လည်ဝင်ရောက် သွားသည်။

ဝေ့တိုင်းပြည်ကိုပြန်ဖို့က လွယ်ကူ၏။ သေချာပေါက် သူမရဲ့ခမည်းတော်က ရှကျိုးယွီကို ဘာမှပြောမှ မဟုတ်ပေ။ ဒါပေမဲ့ သူမရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်ကြောင့်သာ တိုင်းပြည်ကြားက ဆက်ဆံရေးကို ပျက်ယွင်းစေပြီး မထင်မှတ်ထားတဲ့အရေးကိစ္စတွေ ဖြစ်ပေါ်လာမည်ဆိုရင် သူမရဲ့ဖခမည်းတော်က သေချာပေါက် ရှင်လျက်နဲ့အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိမ့်မည်။

…….

ကြီးမားတဲ့ ကွမ်ယန် နန်းတော်ကို လုပ်သားတစ်သောင်းလောက်နဲ့ အားကုန်သုံးပြီး လဝက်ခန့် မရပ်မနား တည်ဆောက် ထားရသည်။ ဒီကွမ်ယန်နန်းတော်ကို မြို့တော်မှာရှိတဲ့တော်ဝင်နန်းတော်နဲ့ ဒီဇိုင်းဆင်တူအောင် ဆောက်လုပ်ထား၏။

ဒီနန်းတော်ရဲ့ထူးခြားချက်က ဇိမ်ခံပစ္စည်းများမဟုတ်ပေ။ နန်းတော်ရဲ့အလယ်တည့်တည့်တွင် ကြီးမားတဲ့ ရေပူစမ်းတစ်ခု ပါဝင်၏။ ဒီကျိကျွီမြို့နယ်စုကလည်း ရေပူစမ်းများကြောင့် ကျော်ကြားသောမြို့နယ်စု တစ်ခုဖြစ်သည်။

ညနေပိုင်းတွင် ကောင်းကင်တစ်ခုလုံးကို ကြယ်ရောင်များက နေရာယူထား၏။

“ကိုယ်လုပ်တော်ကျင်း လာ။ မင်းလဲ တစ်နေကုန်ပင်ပန်းနေမှာပဲ။ ဘာလို့ ဒီမှာလာပြီး အနားမယူရမှာလဲ”

ရေပူစမ်းအတွင်းက ရှကျိုးယွီရဲ့ခိုင်မာတောင့်တင်းတဲ့ ရင်ဘတ်ကိုအထင်းသားမြင်နေရသည်။ မနက်ခင်းက အဖြစ်အပျက်ကြောင့် ရှကျိုးယွီရဲ့ရင်ထဲမှာ အနည်းငယ်ချဉ်တူးနေ၏။ ထို့ကြောင့် ကိုယ်လုပ်တော် တစ်ယောက် ရဲ့အကူအညီနဲ့ သူ့ရဲ့မောပန်းမှုတွေကို ဖြေလျော့ချင်ခဲ့သည်။

ထိုအချိန်မှာ ကိုယ်လုပ်တော်ကျင်းက ရေပူစမ်းဘေးမှာရပ်နေရင်း ရှကျိုးယွီရဲ့နဂါးဝတ်ရုံတော်ကို စောင့်ကြပ်ပေးနေသည်။ သူမက ခေါင်းငုံ့ထားပြီး အသံမထွက်ပေ။

ရှကျိုးယွီ အနည်းငယ် စိတ်မရှည်ဖြစ်လာတော့၏။

“မင်းက ငါကိုယ်တော်ရဲ့ ကိုယ်လုပ်တော်ကော ဟုတ်သေးရဲ့လား။ တရှားတိုင်းပြည်ကိုမပို့ခင် မင်းရဲ့ဖခမည်းတော်က သေချာမရှင်းပြ ထားဘူးလား”

ရှကျိုးယွီအနည်းငယ် မကျေနပ်တော့ပေ။ ဒီစိတ်ဝိဉာဏ်စွမ်းအင်စုဆောင်းသော အစီအရင်နဲ့ပတ်သက်ပြီး သေချာပေါက် နောက်ကွယ်မှာ ဒုတိယအဆင့် သို့မဟုတ် ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ရှိနေနိုင်သည်။ မဟုတ်ရင် စိတ်ဝိဉာဏ်စွမ်းအင်အစီအရင်ကို သေချာပေါက်ဖန်တီးနိုင်မှာမဟုတ်ဘူး။

စတင်တည်ဆောက်စဉ်က ကျန်းဖူရှန်ရဲ့ရှင်းပြမှုကို ရှကျိုးယွီမှတ်မိသေးသည်။ ဒီအစီအရင်ရဲ့ရည်ရွယ်ချက်က စိတ်ဝိဉာဏ် စွမ်းအင်တွေရဲ့ ပြင်းအားကို ဖိနှိပ်ဖို့အတွက်ပဲ။ ထိုသို့ဆိုရင် စိတ်ဝိဉာဏ်စွမ်းအင်ကျောက်တုံးတွေကို တစ်ဖြေးဖြေး အချိန် ကြာလာတာနဲ့အမျှ ဖန်တီးနိုင်လိမ့်မည်။

ရှိကျိုးယွီ တွေးထားပြီးသားပင်။ ဒီလိုမျိုး ကြီးမားပြီး အောင်မြင်နိုင်ချေအများကြီးရှိတဲ့ ကိစ္စကရှုပ်ထွေးတဲ့ပြဿနာ အများကြီးကို ခေါ်ဆောင်လာနိုင်မှာပဲ။

ထိုအချိန်မှာ ကိုယ်လုပ်တော်ကျင်းက တိတ်တဆိတ်ချဉ်းကပ်လာခဲ့သည်။ သူမက ရေပူစမ်းအတွင်းကို ဖြူဖွေးပြီးနူးညံ့တဲ့ခြေထောက်နှစ်ဖက်ကို အရင်ချလိုက်၏။ ထို့နောက်မှာ တစ်ဖြေးဖြေးနဲ့ ဝင်ရောက်လာပြီး တွန့်ဆုတ်စွာ ထိုင်ချလိုက်သည်။

ရှကျိုးယွီရဲ့မျက်လုံးတွေက ချက်ချင်း ကျဉ်းမြောင်းသွားလေရဲ့။ ထို့နောက်မှာ လက်တစ်ဖက် မြှောက်လိုက်ပြီး ကိုယ်လုပ်တော်ကျင်းကို ရေထဲဆွဲချလိုက်တော့သည်။

………..

All Chapters