← Chapters

ပိုက်ဆံရှိလို့လား

Vol. 17 Ch. 234

ပိုက်ဆံရှိလို့လား

Vol. 17 Ch. 234

ရေကျသံတစ်ခုကပင် ရေပူစမ်းအတွင်းမှာ ကျယ်လောင်တဲ့ အသံကို ဖြစ်ပေါ်စေနိုင်သည်။

"အရှင်မင်းကြီး.."

ကိုယ်လုပ်တော်ကျင်း အံ့ဩတကြီး အော်ဟစ်လိုက်၏။ သူမက လင်းပိုင်တစ်ကောင်လိုမျိုး ရေ မျက်နှာပြင်ပေါ်ကို ပြန်တက်လာခဲ့သည်။

ထိုအချိန်မှာပဲ ရှကျိုးယွီရဲ့ အူလိုက်သဲလှိုက် ရယ်မောသံကို ကြားလိုက်ရ၏။

"ကိုယ်လုပ်တော်ကျင်းက အရည်အချင်းရှိသားပဲ"

သေချာပေါက် ရှကျိုးယွီက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပင်။

တရှားတိုင်းပြည်ရဲ့ အိမ်နီးချင်းတိုင်းပြည်ဖြစ်သော ဝေ့တိုင်းပြည်သည် ခြောက်သွေ့တဲ့ တိုင်းပြည်တစ်ခု ဖြစ်၏။ ပင်လယ်ကြီးမပြောနဲ့ တိုင်းပြည်အတွင်းမှာ မြစ်အနည်းငယ်သာ ရှိသည်။ ကိုယ်လုပ်တော်ကျင်းကလည်း ဝေ့တိုင်းပြည်ရဲ့ မင်းသမီးတစ်ယောက် အနေနဲ့ ရေကူးကျွမ်းကျင်မှာ မဟုတ်ပေ။ သူမသေချာပေါက် ကြောက်ရွံ့နေမှာပဲ။

ရှကျိုးယွီက ထိုအချိန်မှာ သူရဲကောင်း တစ်ယောက်လိုမျိုး ကိုယ်လုပ်တော်ကျင်းကို ကူညီပြီး ထူပေးလိုက်သည်။ သူမရဲ့ အဝတ်အစားက နွေရာသီရောက်နေ၍ ပါးလွှာပြီး ပေါ့ပါးတဲ့ အဝတ်အစားကိုသာ ဝင်ဆင်ထားသည်။ အခုတော့ ရေရဲ့ အစွမ်းကြောင့် ခန္ဓာကိုယ်မှာ စွဲကပ်သွားပြီး ထူးကဲတဲ့ အလှတရားတွေကို အထင်းသား ထွက်ပေါ်စေခဲ့သည်။ သူမရဲ့ ပတ်ဝန်းကျင်က ရေပြင်ကတော့ မြင့်လိုက် တက်လိုက်နဲ့ တောင်တစ်ခုလိုမျိုး လှုပ်ရှားနေ၏။

"ရှင်ဘာလုပ်တာလဲ။ ရှင်ကျွန်မကို စော်ကားချင်တာလား။ ဘ..ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ"

ကိုယ်လုပ်တော်ကျင်း လွန်စွာ ဒေါသထွက်နေခဲ့သည်။ သူမက ရှကျိုးယွီကို တစ်လမ်းလုံး လျစ်လျူရှုထား၏။ စကားအများကြီး မပြောခဲ့ပေ။ ဒါပေမဲ့ သူမရဲ့ နှလုံးသားထဲမှာ ဒေါသတို့ လောင်မြိုက်နေခဲ့သည်။ ဘယ်နေရာမှာ ပုံချရမလဲ မသိတော့ပေ။ အခုချိန်မှာတော့ သူမရဲ့ ဒေါသတွေကို မထိန်းချုပ်နိုင်စွာ ပေါက်ကွဲတော့၏။

" အရှင်မင်းကြီး ကျွန်တော်မျိုးမကို မကြိုက်ဘူးဆိုရင်လဲ အအေးနန်းတော်ထဲကို ပို့ပြီး အပြစ်ပေးလိုက်ပါလား။ ဒါမှမဟုတ်ရင်လည်း ကျွန်တော်မျိုးမကို သတ်ပစ်လိုက်၊ ခုလိုမျိုးကြီး အရှက်မခွဲပါနဲ့"

ကိုယ်လုပ်‌တော်ကျင်းရဲ့ မျက်လုံးများက ပြူးကျယ်နေခဲ့သည်။ ပူတင်းငါးတစ်ကောင်လိုမျိုး ဒေါသတကြီး ပြူးကျယ်နေရုံသာမကပဲ သူမရဲ့ နှုတ်ခမ်းကလည်း အနည်းငယ် ဆူနေသေး၏။ ဒေါသထွက်နေပုံရတဲ့ သူမရဲ့ ပုံစံက မာယာတို့ ကင်းစင်နေခဲ့သည်။

ရှကျိုးယွီ ပုံမှန်လိုပဲ သူမကို လက်မောင်းကြားထဲ ဆွဲသွင်းလိုက်သည်။

"ငါကိုယ်တော်က မင်းကို စနေတာပါ၊ ဘာလို့ဒီလောက်ကြီးထိ ဒေါသထွက်နေတာလဲ။ မင်းသာ အလိုရှိမယ်ဆိုရင် ဝေ့တိုင်းပြည်ရဲ့ ကံကြမ္မာက ငါကိုယ်တော်ရဲ့ လက်ထဲမှာပဲ ရှိတယ်၊ မင်းငါကိုယ်တော်ကို ကောင်းကောင်း ခစားမယ်ဆိုရင် နယ်စပ်မှာရှိတဲ့ ငါကိုယ်တော်ရဲ့ တပ်သားတွေကို ပြန်ဆုတ်ဖို့ အမိန့်ပေးရင်ပေးမှာပေါ့၊ မင်းသာ မခစားဘူးဆိုရင် မင်းအဖေရဲ့ခေါင်းကို နောက်တစ်ရက်မှာ မတွေ့စေရဘူး"

ကိုယ်လုပ်တော်ကျင်းရဲ့ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားခဲ့သည်။ သူမက မသိလိုက်ခင်မှာပဲ ရှကျိုးယွီရဲ့ လက်ကို ပြန်လည် တွယ်ဖက်လိုက်၏။ သူမ စကားတစ်ခွန်းမှမပြောခဲ့ပေ။ ခန္ဓာကိုယ်က အတောင့်လိုက်အတိုင်း ရှိနေပြီး မျက်ရည်များလည်း အဆက်မပြတ် စီးကျလာ၏။ ထိုမျက်ရည်တွေက ရေပူစမ်းထဲကို ပြုတ်ကျသွားခဲ့သည်။

ရှကျိုးယွီကတော့ သူရဲ့လက်မောင်းကြားထဲက နူးညံ့တဲ့ ကျောက်စိမ်း အလှလေးရဲ့ မွှေးရနံ့ကို ခံစားနေလေရဲ့။ သူရဲ့ မျက်နှာထက်မှာ ထိန်းမရတဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

ဗီလိန်ဖြစ်ရတာလည်း မဆိုးပါဘူး။ ငါလူတွေကို အာဏာနဲ့ အနိုင်ကျင့်ရတာ သဘောကျလိုက်တာ..

နောက်တစ်နေ့ မနက်မှာ ကိုယ်လုပ်တော်ကျင်းက အိပ်ယာထဲမှာ နိုးထလာခဲ့သည်။ သူမရဲ့ အဝတ်စားတွေ အားလုံးက စိတ်ဝိညာဉ်စွမ်းအင်ကြောင့် ခြောက်သွားခဲ့ပြီ။ ဒါပေမဲ့သူမ အဝတ် မလဲရသေးဘူး။ သူမ ခေါင်းလှည့်ကြည့်လိုက်တဲ့ အချိန်မှာ အိပ်ယာဘေးက လွတ်နေ၏။ မျက်လုံးနှစ်ဖက်ကို ပွတ်သပ်ရင်း အိပ်ချင်မူးတူး အခြေနေကနေ ရုန်းထွက်ဖို့ ကြိုးစားလိုက်သည်။ သူမ မတ်တတ်ထရပ်ပြီးချိန်မှာပဲ ဝေ့ကျုးရှန့်ရဲ့ အသံကို အပြင်ဘက်ကနေ ကြားလိုက်ရသည်။

"အရှင်မင်းကြီး၊ အရှင်မင်းကြီးရေ မနက်စာ စားဖို့ အချိန်ရောက်ပါပြီ"

ကိုယ်လုပ်တော်ကျင်းက အဝတ်အစားကို သပ်ရပ်အောင် ဝတ်ဆင်ပြီးတာနဲ့ တံခါးဖွင့်လိုက်သည်။ ထို့နောက်မှာ အေးစက်စွာ ပြောလိုက်၏။

" အရှင်မင်းကြီးက မနက်အစာကတည်းက ထွက်သွားခဲ့ပြီ၊ နင်တို့အစေခံတွေ ဘာလုပ်နေတာလဲ။ ဒါလေးတောင် သတ်မထားမိဘူးလား”

ဝေ့ကျုံးရှန့် အံ့ဩသွား၏။ သူရဲ့ သေးငယ်တဲ့ ကျင့်ကြံမှုနဲ့ အရှင်မင်းကြီးရဲ့ တည်နေရာကို ဘယ်လိုလုပ် ခန့်မှန်းနိုင်မှာလဲ။ အရှင်မင်းကြီးသာ ဖုံးကွယ်ဖို့ စီစဉ်ထားမယ်ဆိုရင် သူ့အနေနဲ့ ဘယ်လိုမှ ခန့်မှန်းနိုင်မှာ မဟုတ်ပေ။

ဝေ့ကျုံးရှန့် ချက်ချင်းပဲ စိတ်လှုပ်ရှားသွားခဲ့သည်။ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်ပေမဲ့ ရှကျိုးယွီရဲ့ အရိပ်ယောင်ကိုမှ မတွေ့ရပေ။

တစ်ကယ်တော့ ရှကျိုးယွီက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ပြီး မြို့နယ်စုထဲမှာ လှည့်ပတ်သွားနေခဲ့တာပင်။ မနက်အစောပိုင်းတည်းက လမ်းတ‌စ်လျှောက်လုံးက တစ်ဖက် တစ်ချက်စီတိုင်းတွင် စားသောက်ဆိုင်များဖွင့်ထားပြီး စည်ပင်ကာ အသက်ဝင်နေခဲ့သည်။ ပြည်သူတစ်ချို့လည်း စားသောက်ပြီးတာနဲ့ လယ်ထဲဆင်းဖို့ရန် အလောတကြီး ထွက်သွားကြသည်။

"သခင်ကြီး ပေါက်စီလုံး သုံးဆောင်ချင်ပါသလား။ ခဏလောက် စောင့်ပေးပါနော်”

ရှကျိုးယွီ မြို့ထဲကို ဝင်လိုက်တာနဲ့ အမျိုးသမီးကြီး တစ်ယောက်ရဲ့ ခေါ်ယူခြင်းကို ခံလိုက်ရသည်။ ကြီးမားပြီး ဖြူဖွေးတဲ့ ပေါက်စီလုံးများရဲ့ ဆွဲဆောင်မှုကြောင့် ရှကျိုးယွီ ချက်ချင်းဘဲ ထိုင်ခုံမှာ ဝင်ထိုင်လိုက်၏။

" ကြက်ဥဟင်းရည် တစ်ပွဲနဲ့ ပေါက်စီလုံး နှစ်ပန်းကန်ချပေး"

"ကောင်းပြီ သခင်ကြီး၊ ကျေးဇူးပြုပြီး ခဏလောက် စောင့်ဆိုင်းပေးပါဦး"

မကြာခင်မှာပဲ စားပွဲထိုးလေးက ရှကျိုးယွီအတွက် ပေါက်စီလုံး နှစ်ပန်းကန်နဲ့ ကြက်ဥစွပ်ပြုတ်ကို လျင်မြန်စွာ ယူဆောင်လာခဲ့သည်။ ရှကျိုးယွီက ပုံမှန်လိုပဲ လက်ခံလိုက်၏။

" မြို့ထဲမှာ ဒီရက်ပိုင်း ထူးဆန်းတာတစ်ခုခု ဖြစ်နေတယ်လို့ ငါကြားထားတယ်၊ စပါးစိုက်ခင်းတွေက အကြောင်းအရင်း မရှိဘဲနဲ့ ခြောက်ကပ် သွားတယ်ဆို၊ အစိုးရက ဒီကိစ္စကို မဖြေရှင်းပေးဘူးလား"

ရှကျိုးယွီရဲ့ စကားကို ကြားတာနဲ့ ထိုစားပွဲထိုးက ချက်ချင်းပဲ အပြင်ကို ချောင်းကြည့်လိုက်သည်။ ထို့နောက်မှာမှ ရှကျိုးယွီ အနားကို တိုးကပ်ပြီး ခပ်တိုးတိုးပြောလိုက်၏။

" သခင်ကြီးက ဒီကိစ္စကိုလည်း သိတာပဲလား။ ဒါဆိုရင် ကျွန်တော်တစ်ခုပြောရမယ်"

ရှကျိုးယွီရဲ့ အနားကို တိုးကပ်လာတဲ့ ထိုစားပွဲထိုး‌လေးရဲ့ ပုံစံက စိတ်လှုပ်ရှားလာဟန်ပဲ။

ရှကျိုးယွီ အနည်းငယ် အံ့ဩသွားခဲ့သည်။

ဒီကိစ္စက ပြည်သူတွေကြားထဲထိ ပျံ့နှံ့နေပါလား..

"သခင်ကြီး လွန်ခဲ့တဲ့ သုံးလလောက်က တာအိုပညာရှင်တစ်အုပ် ရွာထဲကို ရောက်လာခဲ့ပါတယ်၊ သူတို့ကိုယ်သူတို့ လူသားတွေအတွက် အကျိုးပြုဖို့ ရောက်လာခဲ့တာလို့ ပြောကြတယ်၊ အဲဒီအချိန်တုန်းက မြို့နယ်စုအုပ်ချုပ်ရေးမှူးက အရာရှိ အများကြီးကို ခေါ်ဆောင်ပြီး သူတို့ကိုတောင် ကြိုဆိုခဲ့သေးတယ်၊ ကျွန်‌တော်တို့လည်း ပျော်ရွှင်‌နေခဲ့တာ၊ ကောင်းကင်ဘုံရဲ့ ကောင်းချီးနဲ့ ကျွမ်းကျင်ဂိုဏ်းရဲ့ ကျင့်ကြံသူတွေ‌ ရောက်လာပြီးတော့ ကျွန်တော်တို့ကို အကျိုးအမြတ်တွေ ယူဆောင်လာပေးမယ်လို့ အားလုံးပဲ ထင်ခဲ့ကြတာပေါ့၊ ဒါပေမဲ့ အံ့ဩဖို့ကောင်းစွာပဲ လွန်ခဲ့တဲ့နှစ်လမှာ ကိစ္စတစ်ခု ဖြစ်ပေါ်ခဲ့တယ် "

ထိုစားပွဲထိုးက ပတ်ဝန်းကျင်ကို ထပ်မံ စစ်ဆေးလိုက်၏။ဘယ်သူမှ ရှိမနေတာ သေချာတဲ့ အချိန်ကျမှပဲ အဖြူရောင် လက်ကိုင်ပဝါနဲ့ သူရဲ့ မျက်နှာကို ကာကွယ်လိုက်သည်။ ထို့နောက်မှာ ရှကျိုးယွီရဲ့ ဘေးက ထိုင်ခုံပေါ်ကို ဝင်ထိုင်လိုက်၏။ ရှကျိုးယွီရဲ့ နားအနားကို လည်ပင်းဆန့်တန်းလာပြီးမှ ခပ်တိုးတိုး ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်လက ရွာအစွန်မှာ နေထိုင်တဲ့ အဘိုးကြီးကျန်းက လယ်ကွင်းထဲကို ညဘက်ကြီး ထွက်သွားခဲ့တယ်၊ အဲ့ဒီမှာ လယ်ကွင်းထဲမှာ ရှိတဲ့ ကောက်ပဲသီးနှံတွေက လုံးဝကြီး ပြောင်းလဲသွားတာကို ရှာတွေ့ခဲ့တယ်၊ အဲဒီတုန်းက အချိန်ကဗျာ.. ဆောင်းတွင်းကြီး၊ ဆောင်းတွင်းကုန်ခါနီး နွေဦးပိုင်းကို ရောက်နေတဲ့ အချိန်မှာ လယ်ကွင်းထဲမှာ အပင်ငယ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်၊ ဘာဆက်ဖြစ်မလဲ သခင်ကြီးပဲ ခန့်မှန်းကြည့်ဗျာ"

"နောက်တစ်နေ့ မနက်လည်းရောက်ရော အဲဒီအပင်ငယ်တွေကနေ အသီးအနှံတွေ ဖြစ်ထွန်းနေတာပဲ"

ပေါက်စီလုံးတချို့ကို စားနေရင်း ရှကျိုးယွီ မျက်မှောင်ကြုတ်သွားခဲ့သည်။ မယုံကြည်နိုင်စွာဖြင့် ထပ်မံ မေးခွန်းထုတ်လိုက်၏။

" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းငါ့ကို လာနောက်နေတာလား"

ရှကျိုးယွီရဲ့ အမေးကြောင့် ထိုစားပွဲထိုးရဲ့ မျက်လုံးက ပိုမိုကျယ်သွားလေရဲ့။

" သခင်ကြီး ကျွန်တော် ဘယ်လိုလုပ် လိမ်ရမှာလဲဗျာ၊ ဒါပေမဲ့ ဒီကိစ္စကို အုပ်ချုပ်ရေးမှူးနဲ့ ရွာထဲက အရှင်တွေက လုံးဝ မပြောဆိုခိုင်းဘူး၊ အဲဒါကြောင့်မလို့ ဘယ်သူကမှ ဒီကိစ္စကို မပြောရဲကြဘူး၊ ဒီကိစ္စဖြစ်ပြီး မကြာခင်မှာပဲ ကျန်တဲ့ လယ်ကွင်းတွေက ကောက်ပဲသီးနှံတွေက တစ်ဖြည်းဖြည်းနဲ့ ခြောက်သွေ့လာခဲ့တယ်၊ ဒါပေမဲ့ အုပ်ချုပ်ရေးမှူးက ရာသီဥတုမကောင်းလို့ ကောက်ပဲသီးနှံတွေ မဖြစ်ထွန်းရတာဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော်တို့ရဲ့ သီးနှံတွေ အားလုံးကို ရိတ်သိမ်းပစ်ဖို့ အမိန့်ထုတ်ခဲ့တယ်၊ နောက်ကွယ်က အကြောင်းရင်းကို ဒီလိုနဲ့ပဲ ဘယ်သူကမှ မပြောရဲကြတော့ဘူး"

ထိုစားပွဲထိုးက ပြောပြီးတာနဲ့ မောသွားဟန်ဖြင့် ရေတစ်ငုံ ထည့်သောက်လိုက်သည်။ ထို့နောက်မှာ စကားဆက်ဖို့ ပြင်လိုက်၏။ ထိုအချိန်မှာပဲ ရှကျိုးယွီကို ဖိတ်ခေါ်ခဲ့တဲ့ အဘွားအိုက အမြန်ရောက်ရှိလာကာ ထိုစားပွဲထိုးရဲ့ လည်ပင်းကနေ ဆွဲမပြီး အဝေးကို ခေါ်ထုတ်သွားခဲ့သည်။

ရှကျိုးယွီတစ်ယောက်ပဲ ပေါက်စီစားနေရင်း စားပွဲဝိုင်းမှာ ကျန်ရစ်ခဲ့၏။ ရှကျိုးယွီ တွေးတောနေခဲ့သည်။

ကြည့်ရတာ ဒီရွာရဲ့ မြို့နယ်စုအုပ်ချုပ်ရေးမှူးက အရည်ချင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ စားနပ်ရိက္ခာဆိုတာ ပြည်သူတွေအတွက် အရေးကြီးဆုံး အရာတစ်ခု ဖြစ်သည်။ အခုလိုမျိုး ရုတ်တရက် လျော့ပါးလာခြင်းက သေးငယ်တဲ့ ကိစ္စတစ်ခု မဟုတ်ဘူး။ဒါပေမဲ့ ဒီလိုကိစ္စကြီးကိုတောင်မှ ရအောင်ဖုံးကွယ်နိုင်ခဲ့သည်။ဒီလူက ဖုံးကွယ်တဲ့နေရာမှာ ဆရာတစ်ဆူပဲ။

ထို့နောက်မှာ ရှကျိုးယွီက ကြက်ဥစွပ်ပြုတ်ကို တစ်ငုံ ခပ်သောက်လိုက်၏။ ပြီးတာနဲ့ အုပ်ချုပ်ရေးမှူးရုံးတော်ရှိရာသို့ ဦးတည်လေတော့သည်။

" ဟေ့သခင်ကြီး အခုထိ ငွေမရှင်းရသေးဘူးနော်၊ သခင်ကြီး မသွားနဲ့ဦး"

အစောပိုင်းက စားပွဲထိုးက အလျင်အမြန်ပြေးလာပြီး ခက်ထန်

နေတဲ့ မျက်နှာနဲ့ ရှကျိုးယွီကို တားမြစ်လိုက်သည်။

ရှကျိုးယွီ ထိုအချိန်ကျမှ ပြန်လှည့်ကြည့်လိုက်၏။

"ငွေပြား ငါးပြားတော့ ပေးရမယ်လေဗျာ"

ထိုစားပွဲထိုးက ချက်ချင်းပဲ သတိပေးလိုက်သည်။

ရှကျိုးယွီပင် အနည်းငယ် ရှက်ရွံ့သွား၏။ အပြင်ထွက်လာပေမဲ့ သူရဲ့ ခန္ဓာကိုယ်မှာ ရွှေပဲပါလာခဲ့သည်။‌ ငွေတောင် ပါမလာခဲ့ဘူး။ ငွေပြားဆိုတာ ပြောမနေနဲ့တော့..

" သခင်ကြီး ကျွန်တော်တို့ကို အကြွေးထား ထားမှာတော့ မဟုတ်ဘူးမို့လား။ ကျွန်တော်မြင်ပါတယ် သခင်ကြီးရဲ့ အဝတ်စားတွေက လုံးဝရိုးရှင်းတဲ့ အရာမဟုတ်ပါဘူး၊ ငွေလေးတော့ ရှင်းပေးလေဗျာ"

ထိုစားပွဲထိုးက သံသယမျက်လုံးများနဲ့ ကြည့်လာခဲ့သည်။

"ရော့ ဒီမှာယူလိုက် "

ရှကျိုးယွီ ကူကယ်ရာမဲ့လာ၏။ လက်မအရွယ်ခန့်ရှိတဲ့ ရွှေတုံးတစ်တုံးကို ထုတ်ယူကာ စားပွဲထိုး‌လေးကို ပစ်ပေးလိုက်သည်။

ထိုစားပွဲထိုးရဲ့ပုံစံက နေရာမှာတင် ကျောက်ရုပ်ဖြစ်သွားပုံပဲ။ အချိန်တစ်ခု ကြာသည်အထိ အံ့ဩမှင်သက်နေခဲ့သည်။

"ကောင်းကောင်းသွားပါ ကျွန်တော့်ရဲ့ ဘိုးဘေးကြီး၊ နှုတ်ဆက်ပါတယ်"

အုပ်ချုပ်သူ ရုံးတော်အရှေ့မှာ ရှကျိုးယွီ လက်နောက်ပစ်ထားပြီး ဝင်ပေါက်ကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။ ဝင်ပေါက်မှာ စောင့်ကြပ်နေတဲ့ တပ်သားတစ်ယောက်မှမရှိဘူး။ ရှကျိုးယွီ ပြုံးကာ အထဲ ဝင်လာလိုက်၏။ အထဲရောက်တာနဲ့ တပ်သားတစ်ယောက်ရဲ့ တားမြစ်ခြင်းကို ခံလိုက်ရသည်။

" မင်းဘာလုပ်နေတာလဲ။ ဒါက အုပ်ချုပ်ရေးမှူးရုံးတော်ပဲ ခွင့်မရှိဘဲနဲ့ ဘယ်သူမှ ဝင်လို့မရဘူးကွ"

ရှကျိုးယွီ ထိုသူကို စိုက်ကြည့်လိုက်သည်။

"မင်းတို့ရဲ့ အုပ်ချုပ်ရေးမှူး ဘယ်မှာလဲ။ ငါတွေ့ချင်တယ်"

ဒါပေမဲ့ ထိုအရာရှိက အထင်သေးစွာ မဲ့ပြုံးပြုံးလာ၏။

"တွေ့ချင်တယ် ဟုတ်လား။ မင်းက အဲ့လောက်တောင် ချမ်းသာလို့လား”

……….

All Chapters