စိတ်မပူပါနဲ့
Vol. 17 Ch. 235
ရှကျိုးယွီ ဘာပြန်ပြောရမလဲ မသိတော့ပေ။ သူ့အနေနဲ့ ငါကဘုရင်မင်းကြီးလို့ ပြောလိုက်မယ်ဆိုရင် ထိုသူက ယုံပါ့မလား။ သေချာပေါက် အရှင်ဘုရင်တစ်ယောက်အနေနဲ့ တံခါးစောင့်နဲ့ အချင်းများစရာ မလိုအပ်ဘူး။ ထို့ကြောင့် ရှကျိုးယွီ ရိုးရှင်းစွာ ပြောလိုက်သည်။ ဒါပေမဲ့ သူ့ရဲ့လေသံက အနည်းငယ် အေးစက်နေ၏။
"အကယ်လို့ အရေးကြီးကိစ္စကို ကြန့်ကြာသွားစေမယ်ဆိုရင် မင်း တာဝန်ယူနိုင်မှာလား”
"အဲ့နေရာမှာ ဘာရပ်လုပ်နေသေးတာလဲ”
ထိုတံခါးစောင့် အံ့ဩသွားဟန်ပင်။ ချက်ချင်းပဲ ရှကျိုးယွီကို ကြည့်တဲ့အကြည့်တွေ ပြောင်းလဲသွားခဲ့သည်။ သူရန်မစရဲတဲ့ အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်ကို ကြည့်နေရသလိုမျိုး ချက်ချင်းပဲ ခေါင်းငုံ့လိုက်၏။ တောင့်တင်းစွာဖြင့် အုပ်ချုပ်သူစံအိမ်အတွင်းကို လှည့်ဝင်သွားခဲ့သည်။ မကြာခင်မှာပဲ ရှကျိုးယွီ ရှိရာသို့ ပြန်လည်ရောက်ရှိလာ၏။ ထိုသူရဲ့ခေါင်းက ငုံ့ထားဆဲပင်။
"သခင်ကြီး၊ အုပ်ချုပ်ရေးမှ စောင့်နေပါတယ်”
ရှကျိုးယွီက ထိုတံခါးစောင့်ကို ကြည့်တောင်မကြည့်ပေ။ အတွင်းအိမ်ထဲသို့ တိုက်ရိုက်ပဲ ဝင်သွားလိုက်၏။ အထဲကိုရောက်တာနဲ့ အုပ်ချုပ်ရေးမှူး ဆိုသောပုဂ္ဂိုလ်က သူ့ကိုနောက်ကျောပေးထားပြီး အခန်းထဲက ပန်းပင်တွေကို ကြည့်ရှုနေတာကို မြင်လိုက်ရသည်။
"မင်းက ဘယ်သူလဲ။ အရေးကြီးကိစ္စဆိုတာ ဘာကိစ္စလဲ။ အကယ်လို့ အရေးကြီးကိစ္စ မဟုတ်ဘူးဆိုရင် ငါ့အချိန်ကို လာဖြုန်းတဲ့အတွက် ရလာမယ့်အကျိုးဆက်ကို မင်း စဉ်းစားဖူးလား"
ဒီလိုနဲ့ပဲ အဆင့်ရှစ် မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ရဲ့ အာဏာပြခြင်းကို ရှကျိုးယွီ ခံလိုက်ရသည်။ ထိုသူရဲ့အသံက ရေခဲတမျှ အေးစက်နေ၏။ ရှကျိုးယွီ ရုံးတော်ထဲမှာ ပုံမှန်ပြောနေကြ စကားထက်ပင် အေးစက်နေသေးသည်။
ဒါပေမဲ့ ရှကျိုးယွီကတော့ ပုံမှန်လူတစ်ယောက်လို ဟန်ဆောင်နေဆဲပင်။ ထို့နောက်မှာ ကျယ်လောင်စွာ ပြောလိုက်သည်။
"ကျွန်တော် မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို ရောက်လာတာက မေးခွန်းတစ်ချို့ ရှိလို့ပါ၊ အဲဒီမေးခွန်းတစ်ချို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ကျေးဇူးပြုပြီး ဖြေကြားပေးနိုင်မလား"
မြို့နယ်အုပ်ချုပ်ရေးမှူးက မျက်စိရှေ့က လူကို သတ္တိရှိတဲ့လူတစ်ယောက်ဟုသာ သတ်မှတ်ခဲ့သည်။ အုပ်ချုပ်ရေးမှူး စံအိမ်ထဲသို့ ရောက်လာပြီး လက်နက်တစ်ခုတောင် ယူမလာခဲ့ဘူး။ ထိုသူက သေချာပေါက် သတ္တိတော့ ရှိသားပဲ။ ဒါပေမဲ့ ထိုသူရဲ့ ယုံကြည်မှုရှိတဲ့ စကားတွေကို ကြားရပြီးနောက်မှာ သူ့ရင်ထဲက အနည်းငယ် လေးလံလာ၏။
"ဘာလဲ။ ဘာမေးခွန်းလဲ"
ထိုအချိန်မှာ ရှကျိုးယွီက မျက်ခုံးတစ်ဖက် ပင့်ပြီး အေးစက်စွာ မေးလိုက်သည်။
"စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်နဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ခုခု သိထားပါသလား"
စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းသော အစီအရင်ဟု ပြောလိုက်တာနဲ့ ထိုသူရဲ့မျက်လုံးက ကျဉ်းမြောင်းသွားခဲ့သည်။
"ငါ ဘာအစီအရင်ကိုမှ မသိဘူး၊ ဒီအရေးမပါတဲ့လူက ဘယ်နေရာကနေ ရောက်လာခဲ့တာလဲ။ ငါ့ရဲ့အချိန်တွေကို နှောင့်ယှက်နေတယ်၊ ငါ့ရဲ့အလုပ်ကို နှောင့်ယှက်နေတာပဲ၊ လာကြစမ်း ချက်ချင်းပဲ ဒီလူကို ခေါ်ထုတ်သွားကြ"
ဒီလိုနဲ့ပဲ အားနည်းတဲ့ တပ်သားနှစ်ယောက် ရှကျိုးယွိ အနောက်ကို ချက်ချင်း ရောက်ရှိလာခဲ့သည်။ ထိုသူနှစ်ယောက်က ရှကျိုးယွီကို စိုက်ကြည့်နေကြ၏။
ရှကျိုးယွီရဲ့ နှုတ်ခမ်းတွေက အနည်းငယ် ပြုံးသွားခဲ့သည်။ ကြည့်ရတာ သူ့ရဲ့ ရွေးချယ်မှု မှန်ကန်သွားပုံပဲ။
လယ်ကွင်းတွေရဲ့ ကောက်ပဲသီးနှံ ခြောက်သွေ့မှုမှာ ဒီမြို့နယ်အုပ်ချုပ်ရေးမှူးက တိုက်ရိုက် မပါဝင်ပေမဲ့ သေချာပေါက် တစ်နည်းနည်းနဲ့ ဆက်သွယ်နေတာပဲ။ ဒီလူက အနှောင့်အယှက် ပြုလုပ်နိုင်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားသည်။
ထို့နောက်မှာ ရှကျိုးယွီ ဆက်ပြောလိုက်သည်။
"အကယ်လို့ ကျွန်တော်က စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းနိုင်တဲ့ အစီအရင်ကို သန်မာအောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းရှိတယ်လို့ ပြောရင် ကျွန်တော့်ကို မောင်းထုတ်ဦးမှာပဲလား။ ကျွန်တော် နားလည်ရသလောက် စိတ်ဝိညာဉ်စွမ်းအင်ရဲ့ အစီအရင်က အခုထိ မပြီးသေးဘူး ဟုတ်တယ်မလား”
ထိုမြို့နယ်အုပ်ချုပ်ရေးမှူး ထပ်မံ ထိတ်လန့်သွားခဲ့သည်။
မထင်ထားစွာပင် ဒီသူစိမ်းက ဒီအချက်ကိုတောင် သိနေတာလား.. တကယ်ကို စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်က မပြီးမြောက်သေးပေ။
ထိုအချက်ကို တာအို ဆရာသခင်ကလည်း သေချာပေါက် ရှင်းပြထား၏။
"ကဲ ဒါဆိုရင် ကျုပ်တို့ အထဲသွားပြီး အခါးရည် သောက်ရင်း စကားပြောကြမယ်လေ"
ထိုအချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ စကားသံက အနည်းငယ် ပျော့ပျောင်းသွားခဲ့သည်။
ရှကျိုးယွီ ခပ်ဖွဖွ ပြုံးလိုက်၏။
ထို့နောက်မှာ လက်တစ်ဖက် ရှေ့တိုးလိုက်ပြီး အရင်ဝင်ပါဟု အရိပ်အကဲ ပြလိုက်သည်။
ဒီလိုနဲ့ပဲ ဝင်လာတဲ့ တပ်သားနှစ်ယောက် တိတ်တဆိတ် ပြန်လည်ထွက်ခွာသွား၏။
ရှကျိုးယွီကို မြို့နယ်အုပ်ချုပ်ရေးမှူးက အတွင်းခန်းထဲကို ခေါ်ဆောင်သွားလိုက်သည်။ အတွင်းခန်းထဲ ဝင်လိုက်တာနဲ့ ရှကျိုးယွီ မနေနိုင်အောင် ချီးကျူးချင်သွား၏။ ဒီအတွင်းခန်းကို ရှေးဟောင်းပုံစံ ပြင်ဆင်ထားသည်။ နံရံတစ်လျှောက်လုံးမှာ နာမည်ကြီး ပန်းချီကားချပ်များ ချိတ်ဆွဲထားပြီး တုနှိုင်းမရှိတဲ့ အနုပညာလက်ရာကို ခံစားရစေသည်။ အထဲမှာ အသုံးပြုထားတဲ့ ပရိဘောဂတွေကလည်း အပြင်မှာ ဝယ်ယူနိုင်တဲ့ ဈေးပေါတဲ့ ပစ္စည်းတွေလိုမျိုး မဟုတ်ပေ။ အဖိုးတန်တဲ့ လက်ရာမြှောက် ဖန်တီးမှုတွေပဲ။
ဒီမြို့နယ်အုပ်ချုပ်ရေးမှူးက တော်တော်လေး ငွေဖြုန်းနိုင်တာပဲ။ ငါ့ရဲ့အကြိုက်နဲ့ ကိုက်ညီနေပြီ..
ပထမတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ မျက်နှာပေါ်မှာ တစ်ဖက်လူကို အထင်သေးဟန်များ ရှိသည်။ တစ်ကယ်တော့ အခန်းထဲမှာရှိတဲ့ ပရိဘောဂတွေအားလုံးက အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေပဲ။ ရှကျိုးယွီကို အတွင်းခန်းထဲ ဖိတ်ခေါ်လိုက်ခြင်းကလည်း သူ့ရဲ့ချမ်းသာမှုကို ကြွားလုံးထုတ်ချင်လို့သာ။
ဒါပေမဲ့ ရှကျိုးယွီရဲ့ သာမန်လိုမျိုး ခေါင်းညိတ်လာတာကို မြင်ရပြီးနောက်မှာ အနည်းငယ် အံ့ဩသွား၏။ သူ မနေနိုင်စွာပင် လေးစားမိသွားသည်။
"ဒီပုဂ္ဂိုလ်ရဲ့ နေရပ်ကို ကျုပ် မေးလို့ရမလား"
"ကျုပ်ရဲ့နာမည်က ယန် ပါ၊ သခင်ယန် လို့ အတိုကောက် ခေါ်လို့ရပါတယ်"
မြို့နယ်အုပ်ချုပ်ရေးမှူးက ချက်ချင်းပဲ အရာရှိတစ်ယောက်နှင့် သိုင်းအကြီးအကဲတစ်ယောက်ရဲ့ကြားက ညီမျှချက်ကို ဖော်ထုတ်ဖို့ ကြိုးစားလိုက်သည်။ မျက်စိရှေ့က ပုဂ္ဂိုလ်ရဲ့အသက်အရွယ်က အသက် ၃၀ နီးပါး ရှိလောက်၏။ သူက သေချာပေါက် ထိုပုဂ္ဂိုလ်ထက် အသက်ကြီးနိုင်သည်။ ထို့ကြောင့် သူ့အနေနဲ့ အထက်က ပြောဆိုလည်း ပြဿနာ မရှိနိုင်ပေ။
တစ်ဖက်လူရဲ့ အကြီးအကဲတစ်ယောက်အဖြစ် ခိုင်းနှိုင်း ပြောဆိုလာမှုကြောင့် ရှကျိုးယွီ အနည်းငယ် ပျော်ရွှင်သွားခဲ့သည်။ ဒါပေမဲ့ သူ့ရဲ့ရင်ထဲက ခံစားချက်တွေကို ထုတ်မပြောပါချေ။ ခဏလောက် စဉ်းစားပြီးနောက်မှာ တည်ငြိမ်စွာ ပြောလိုက်၏။
"ကျွန်တော့်နာမည်က ဖူမဲ့ ပါ၊ ကျွန်တော်က ဘယ်သူမှ မဟုတ်ပါဘူး"
မြို့နယ်အုပ်ချုပ်ရေးမှူးယန် ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ကျုပ်အနေနဲ့ သခင်ဖူမဲ့ အစောပိုင်းတုန်းက စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းနိုင်တဲ့ အစီအရင်ကို ပြီးပြည့်စုံတဲ့ နည်းလမ်းရှိတယ်ဆိုတဲ့ စကားကို အတည် မှတ်ယူလို့ရမလား။ သခင်ဖူမဲ့က အစီအရင်နဲ့ ပတ်သက်ပြီး နားလည်တယ်ဆိုမှတော့ ဒီအချက်ကိုလည်း နားလည်မယ် ထင်ပါတယ်၊ ကျွန်တော်တို့ရဲ့ လက်ရှိအရှင်မင်းကြီးက ဒီကိစ္စကို အရမ်း တန်ဖိုးထားတယ်၊ ဒီတော့ လူကြားထဲ ထုတ်ပြလို့ မရဘူး"
မြို့နယ်အုပ်ချုပ်ရေးမှူးယန်က ဖူမဲ့ရဲ့ စွမ်းဆောင်မှုကို စစ်ဆေးချင်ခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်ကို ပြုပြင်ချင်ရင် သေချာပေါက် အရည်အချင်း ရှိဖို့ လိုအပ်၏။ တာအိုပညာရှင် တစ်ယောက်အနေနဲ့ အရည်အချင်း ပြည့်ဝမှသာ ပြုပြင်နိုင်မည် ဖြစ်သည်။ ဒါပေမဲ့ ရုံးတော်နဲ့ ဆက်စပ်မှု မရှိဘူးဆိုရင် ဒီပုဂ္ဂိုလ်က ဘယ်လောက်ပဲ အရည်အချင်း ရှိနေပါစေ သူ့ရဲ့ အရည်အချင်းတွေကို ထုတ်ပြခွင့် ရမှာ မဟုတ်ဘူး။
ထိုအချိန်မှာ ရှကျိုးယွီက လက်ဖက်ရည် တစ်ငုံ သောက်လိုက်၏။
"ကျွန်တော် ခန့်မှန်းတာသာ မှန်မယ်ဆိုရင် ဒီလက်ဖက်ရည်က ချင်းလွင်ပွဲတော်တုန်းက တည်ခင်းခဲ့တဲ့ တော်ဝင်လက်ဖက်ရည်လို့ အမည်ရတဲ့ အခါးရည် မဟုတ်လား။ ဒီလက်ဖက်ခြောက်ကို ဝယ်ယူချင်ရင် လင်းနန်စီရင်စုနဲ့ ဖူစီရင်စုမှာပဲ ဝယ်ယူနိုင်တယ်၊ ဒါပေမဲ့ သူတို့ကတောင်မှ နှစ်စဉ် ကီလိုဂရမ် ၁၀၀ ပဲ ထုတ်လုပ်ကြတာ၊ ကျွန်တော် ခန့်မှန်းတာ မှန်ရဲ့လား”
ရှကျိုးယွီက ပုံမှန်ကိစ္စတစ်ခုကို ပြောနေသလိုမျိုး သာမန်ဆန်စွာ ပြောလိုက်သည်။ ဒါပေမဲ့ သူ့ရဲ့ ထိုစကားလုံးတွေက အဆင့်ရှစ် မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ကို အံ့ဩသွားစေ၏။
သူက ဘယ်လိုလုပ် တော်ဝင်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ကောင်းကောင်း နားလည်နိုင်ရတာလဲ။ အခါးရည်ရဲ့ လာရင်းဇစ်မြစ်ကိုတောင်မှ ဖော်ထုတ်နိုင်ခဲ့တယ်။ သူ ငါ့ကို ခြောက်လန့်ဖို့ ကြိုးစားနေတာလား..
တစ်ကယ်တော့ တော်ဝင်လက်ဆောင်တွေကို အလွန်အကျွံ ဖြုန်းတီးခြင်းက သေးငယ်တဲ့ကိစ္စတစ်ခု ဖြစ်သလို တစ်ချိန်တည်းမှာပဲ ကြီးလေးတဲ့ အပြစ်ဒဏ်အဖြစ် သက်ရောက်နိုင်သည်။ ထိုလက်ဖက်ခြောက်ကို တော်ဝင်လက်ဆောင်အဖြစ် မြို့နယ်နှစ်ခုက နှစ်စဉ် ကီလိုဂရမ်တစ်ရာ ဆက်သကြသော်ငြား တော်ဝင်မြို့တော်ဆီ မရောက်ခင် ဖြတ်သွားရတဲ့ လမ်းတစ်လျှောက်က မြို့နယ်အသီးသီးက အနည်းငယ်စီ ခွဲဝေ ယူဆောင်ထားကြသည်။ သေးငယ်တဲ့ ပမာဏသာ ယူထားကြသဖြင့် ဘယ်သူကမှ သတိမထားမိကြပေ။ ဒါပေမဲ့ ထိုသူက တိုက်ရိုက်ကို ပြောဆိုနိုင်ခဲ့၏။
"သခင်ဖူမဲ့က တစ်ကယ်ကို အမြင်ကောင်း ရှိတာပဲ"
မြို့နယ်အုပ်ချုပ်ရေးမှူးယန် အတင်းအကြပ် ပြုံးလိုက်ရသည်။
"တစ်ကယ်တော့ ဒီလက်ဖက်ခြောက်ကို မိတ်ဆွေတစ်ယောက်က လက်ဆောင်ပေးခဲ့တာပါ၊ တစ်ကယ်လို့ သခင်ဖူမဲ့ သောက်ချင်တယ်ဆိုရင်တောင်မှ ကျုပ် ပေးလို့မရဘူး"
မြို့နယ်အုပ်ချုပ်ရေးမှူးယန်က လက်ဖက်ရည်အိုးကို အကြောင်းအရင်းမရှိ ဘေးသို့ ချလိုက်သည်။ ထို့နောက်မှာ သူ့ရဲ့မျက်နှာကို ကယ်တင်ဖို့ ကြိုးစားလိုက်၏။ ရှကျိုးယွီကတော့ အများကြီး ဂရုမစိုက်ပါချေ။ တစ်ငုံ သောက်လိုက်တာနဲ့ လက်ဖက်ရည်ရဲ့ အကြောင်းကို ခန့်မှန်းနိုင်တာမို့ သာမန်လိုမျိုး ပြောလိုက်ခြင်းသာ ဖြစ်သည်။ သူ့အနေနဲ့ အများကြီး မစဉ်းစားခဲ့ချေ။ ထို့ကြောင့် သာမန်လိုမျိုး ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပါပြီ၊ အကယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးယန် ကြိုက်တယ်ဆိုရင် ကျွန်တော် အရှင်မင်းကြီးကို အနည်းငယ် ပို့ပေးဖို့ တောင်းဆိုလို့ ရတယ်၊ ဒါနဲ့ ကျွန်တော်တို့ရဲ့ စကားကို ဆက်ပြောကြမယ်ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူး ယန် အနေနဲ့ ကျွန်တော့်ကို စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းနိုင်တဲ့ အစီအရင် ရှိရာကို ပို့ပေးလို့ ရမလား"
မြို့နယ်အုပ်ချုပ်ရေးမှူးယန်ရဲ့ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားခဲ့သည်။
"ကောင်းပြီ သခင်ဖူမဲ့၊ ကျွန်တော် ချက်ချင်းပဲ ပို့ပေးပါမယ်"
သူ့အနေနဲ့ မျက်စိရှေ့ကပုဂ္ဂိုလ်ကို ပုံမှန်လို မဆက်ဆံရဲတော့ပေ။ အရှင်မင်းကြီးကိုတောင်မှ လက်ဖက်ရည် ဆက်သဖို့ ပြောဆိုရဲတဲ့သူက သေချာပေါက် သာမန်သူတစ်ယောက် မဖြစ်နိုင်ဘူး။ သူ့ရဲ့မျက်လုံးထဲမှာ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ယောက်လိုမျိုး တစ်ဖြေးဖြေး ကြီးမားလာတဲ့ မျက်စိရှေ့က ပုဂ္ဂိုလ်ကြောင့် နှလုံးသား တစ်ခုလုံး တုန်ယင်လာပြီး မတ်တပ်ရပ်ဖို့ပင် မနည်း ကြိုးစားလိုက်ရသည်။
သူက အရှင်မင်းကြီးနဲ့ အဆက်အသွယ်ရှိတဲ့သူပဲ။ တစ်ကယ်လို့ သူသာ စိတ်အခြေအနေ မကောင်းရင် ငါ့ရဲ့ အရာရှိရာထူးကို အချိန်မရွေး ကန်ထုတ်ပစ်နိုင်လောက်တယ်။
လမ်းတစ်လျှောက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးယန်က အလွန် သတိထားနေခဲ့ပြီး ပြဿနာတစ်ခုမှ မရှာခဲ့ပေ။ ရှကျိုးယွီကိုပဲ လမ်းတစ်လျှောက်လုံး ဦးဆောင်ခေါ်သွား၏။ မကြာခင်မှာပဲ လယ်ကွင်းတွေ ကြားထဲကို သူတို့ ရောက်ရှိလာခဲ့သည်။ သူတို့ရဲ့ မျက်စိရှေ့မှာ တာအိုအစွမ်းနဲ့ ဖုံးကွယ်ထားတဲ့ ကြီးမားတဲ့ တဲတစ်ခု ရှိ၏။ ရှကျိုးယွီအတွက်တော့ မြင်နိုင်တဲ့အရာတစ်ခု ဆိုပေမဲ့ သာမန်ရွာသားများအတွက်တော့ ဖုံးကွယ်နေသည်။
ရှကျိုးယွီ ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။
ဒီမြို့နယ်အုပ်ချုပ်ရေးမှူးက အရည်အချင်း ရှိရုံတင်မကဘဲ သတိကြီးတဲ့ ပုဂ္ဂိုလ်ပါလား။ မဆိုးဘူး ပါရမီရှင်ပဲ။
မြို့နယ်အုပ်ချုပ်ရေးမှူးယန်က ပတ်ဝန်းကျင်ကို အရင် စစ်ဆေးလိုက်သည်။ ထို့နောက်မှာ ရှကျိုးယွီကို ပြုံးပြလိုက်၏။ ပြီးတဲ့အချိန်မှသာ ခါးမှာ ချိတ်ဆွဲထားတဲ့ ကျောက်စိမ်းပြားကို တစ်ချက် နှိပ်လိုက်သည်။ တဲကို ကာရံထားတဲ့ တာအိုအစွမ်းက ရေပြင်လိုမျိုး လျှောကျသွားခဲ့သည်။ လူနှစ်ယောက် ဝင်ရောက်ရုံ လုံလောက်တဲ့ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာ၏။
"သခင်ဖူမဲ့ ကျေးဇူးပြုပြီး အထဲကို ဝင်ပါ"
မြို့နယ်အုပ်ချုပ်ရေးမှူး ယန်က အလွန် အရေးကြီးနေတဲ့ လေသံမျိုးနဲ့ ပြောလိုက်သည်။
"အထဲကို ရောက်တယ်ဆိုရင်တောင်မှ သခင်ဖူမဲ့ ဒီကိစ္စကို လျှို့ဝှက်ထားပေးဖို့ မျှော်လင့်ပါတယ်၊ ဒါတွေအားလုံးက အရေးကြီးကိစ္စတွေပဲ၊ တော်ဝင်ရုံးတော်ကသာ ရှာတွေ့သွားမယ်ဆိုရင် အကျိုးဆက်ကို ကျွန်တော်တို့ မထိန်းချုပ်နိုင်လောက်ဘူး"
ရှကျိုးယွီ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ဒီကိစ္စကို စိတ်မပူပါနဲ့၊ တရှားရဲ့ ဘုရင်မှာ အဆက်အသွယ်ကောင်းတွေ ရှိတယ်ဆိုပေမဲ့ သူက ဘာကိုမှ သတိမထားမိဘဲ ဒီနေရာကို ရောက်လာခဲ့တာပါ"
……..