အကိုကြီး ပြန်လာခြင်း
Vol. 21 Ch. 278
ကွေးရေဓာတ် အဆိပ်မှို၊ တောင်ပြို ဝိညာဉ်အရိုး၊ မိုးပြာရောင်မီး ငရဲဂျင်ဆင်း...
စူးရှို့ယွီ ယူဆောင်လာသည့် တန်ဖိုးကြီး ပစ္စည်းမျိုးစုံကို ကြည့်ရင်း ကျန်းပေရန်သည် စိတ်ထဲတွင် အလွန်အမင်း ကျေနပ်နေမိသည်။
ဒါတွေအားလုံးက ကျန်းပေရန်က လျန်တိုင်းပြည်ရဲ့ ပူးပေါင်းဆောင်ရွက်သူတစ်ယောက်အနေနဲ့ တောင်းဆိုထားတာတွေဖြစ်ပြီး သူ့အတွက် ကိုယ်တိုင်ရယူလိုတဲ့ အကျိုးအမြတ်တွေ မဟုတ်ဘဲ ဂိုဏ်းချုပ်ကြီးတွေနဲ့ ဂိုဏ်းခေါင်းဆောင်အမျိုးမျိုးကို စည်းရုံးသိမ်းသွင်းဖို့ လိုအပ်တဲ့အရာတွေချည်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ထိုဂိုဏ်းချုပ်ကြီးတွေနဲ့ ဂိုဏ်းခေါင်းဆောင်တွေက အနည်းဆုံး အနက်ရောင်ဘုရင် အဆင့် ရှိကြသူတွေဖြစ်ရာ သာမန်ရတနာတွေကတော့ သူတို့ကို လာဘ်ထိုးလို့ ရနိုင်မှာ မဟုတ်ပေ။
ဒါကြောင့် ကျန်းပေရန်အတွက် ကောင်းကင်လောက်ထိ မျှော်မှန်းတောင်းဆိုတာက သဘာဝကျပြီး ကျိုးကြောင်းဆီလျော်မှု ရှိသည်။
ဒီရင်းနှီးမြှုပ်နှံမှုက ရှန့်တိုင်းပြည်ရဲ့ အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်ကြား သပ်လျှိုသွေးခွဲဖို့နဲ့ နောက်ဆုံးမှာ အဲ့ဒီတိုင်းပြည်ကို သိမ်းပိုက်ဖို့အတွက် ဖြစ်သည်။
စည်းစိမ်ဥစ္စာအများကြီး သုံးရတာ တန်သည်။
သိုလှောင်လက်စွပ် အနည်းငယ်ကို ဘေးတစ်ဖက်သို့ လှမ်းတင်လိုက်ရင်း ကျန်းပေရန်က ကျေနပ်စွာ ခေါင်းညိတ်ကာ ပြောလိုက်သည်။
"မင်းက အလုပ်ပြီးမြောက်အောင် လုပ်နိုင်တဲ့သူမှန်း တစ်ချက်ကြည့်ရုံနဲ့ ငါကိုယ်တော် သိနိုင်တယ် ဆက်ကြိုးစားပါ မင်းအတွက် အကျိုးအမြတ်တွေ နည်းလိမ့်မှာ မဟုတ်ဘူး"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
စူးရှို့ယွီက ဦးခိုက် အရိုအသေပေးလိုက်သည်။
"မင်း သွားလို့ရပြီ"
"ဟုတ်ကဲ့ပါ"
စူးရှို့ယွီက ပြန်ဖြေပြီးနောက် စာကြည့်ခန်း တံခါးဝသို့ နောက်ဆုတ်ကာ သူ၏ အရိပ်မဲ့ လဟာပြင်ထီးကို ဖွင့်ပြီး ထွက်ခွာသွားသည်။
လက်ဖက်ရည်ပူ တစ်ငုံ ထပ်သောက်လိုက်ပြီး ကျန်းပေရန်က သူ့ဘေးနားမှ မုယောင်ကို ကြည့်ကာ မေးလိုက်သည်။
"မင်း မကြာသေးခင်က နန်းတွင်းစာလွှာတွေ ပြန်စစ်ရင်း အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရသေးလား"
ဧကရာဇ်က ရုတ်တရက် သူမအပေါ် စိုးရိမ်ပူပန်မှုပြတာကို ကြားလိုက်ရချိန်မှာ မုယောင်၏ နှလုံးသားက ပျားရည်လို ချက်ချင်း ချိုမြသွားသော်လည်း သူမ၏ မျက်နှာထားကတော့ အလွန် မာနကြီးစွာဖြင့် ပြောလိုက်သည်။
"ဒီလို သေးငယ်တဲ့ ကိစ္စလေးက ဘယ်လိုလုပ် အနှောင့်အယှက် ဖြစ်စေနိုင်မှာလဲ"
"ကောင်းသားပဲ"
ကျန်းပေရန်က အတည်ပြု ခေါင်းညိတ်လိုက်သည်။
"ငါကိုယ်တော် ခဏလောက် အပြင်သွားရမယ် နန်းတော်ထဲက အရာအားလုံး မင်းလက်ထဲမှာပဲ"
ထိုသို့ပြောပြီး သူက နောက်ဖေး ခြံဝင်းဆီသို့ လျှောက်သွားသည်။
မုယောင်ကတော့ နေရာမှာတင် ကြက်သေသေလျက် အချိန်အတော်ကြာ ပြန်သတိမဝင်လာဘဲ မျက်လုံးများ ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ငါ သူ့အတွက် အလကား အလုပ်လုပ်ပေးရတဲ့ အလုပ်သမား ဖြစ်သွားပြီလား ဟု တွေးနေမိသည်။
နောက်ဖေး ခြံဝင်းထဲသို့ ရောက်သောအခါ ကျန်းပေရန်သည် အမြီးခြောက်ချောင်းနှင့် မြေခွေးက အစီအရင်၏ အကာအကွယ်ကို အဝေးမှ တွယ်ကပ်နေပြီး သူ၏ အမြီးခြောက်ချောင်းကို အရမ်းကာရော ယမ်းခါနေသည်ကို တွေ့လိုက်ရသည်။
"သခင် သခင် သခင် သခင် နောက်ဆုံးတော့ ပြန်လာပြီ"
မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေသော မြေခွေးငယ်ကို ကြည့်ရင်း ကျန်းပေရန်က သူ၏ လက်စွပ်ထဲမှ ခရမ်းရောင် သလင်းကျောက်တစ်ခုကို တိုက်ရိုက်ထုတ်ကာ သူ့ဆီ ပစ်ပေးလိုက်သည်။
အမြီးခြောက်ချောင်းနှင့် မြေခွေးက မြင်သွားပြီး ခရမ်းရောင် သလင်းကျောက်ကို ဖမ်းရန် ပါးစပ်ဖွင့်ကာ ချက်ချင်း ခုန်တက်လိုက်သည်။
ဒါပေမဲ့ အဲ့ဒါကို ပျော်ရွှင်စွာ မျိုချတော့မလို့ လုပ်နေတုန်းမှာပဲ သူ့ဆီကို နောက်ထပ် သလင်းကျောက်တွေ ပစ်ချလာတာကို တွေ့လိုက်ရသည်။
ငါးတုံး ဆယ်တုံး အတုံးနှစ်ဆယ်...
သူ့ရှေ့မှ သလင်းကျောက် တောင်ငယ်လေးကို ကြည့်ရင်း အမြီးခြောက်ချောင်းနှင့် မြေခွေးသည် ထိတ်လန့်တကြားဖြင့် မေးရိုးပင် ပြုတ်ကျသွားပြီး ပါးစပ်ထဲမှ ခရမ်းရောင် သလင်းကျောက်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူ့ခန္ဓာကိုယ်လေးက တဖြည်းဖြည်း နောက်ဆုတ်သွားသည်။
"ဒါ... ဒါက ငါ့ရဲ့ နောက်ဆုံး ညစာများလား"
အမြီးခြောက်ချောင်းနှင့် မြေခွေးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ကျန်းပေရန် မဖြေခင်မှာပင် အမြီးခြောက်ချောင်းနှင့် မြေခွေးက စတင် ငိုယိုတော့သည်။
"အဲ့ဒီ အဘိုးကြီးက စောစော ရောက်လာတာလား သူ ငါ့ကို သတ်တော့မှာလား ရွှတ် အဟင့် အဟင့် သခင် ရှောင်ရှောင်က သခင့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေ သခင် ငါ့ကို ကယ်ရမယ် ရွှတ် အဟင့် အဟင့် ရှောင်ရှောင် မသေချင်ဘူး"
"ရှောင်ရှောင်... မင်း အဲ့ဒီနာမည်ကို ဘယ်တုန်းက စသုံးတာလဲ" ကျန်းပေရန်က မေးလိုက်သည်။
"အမေက ပြောတယ်... ချစ်စရာကောင်းပြီး နူးညံ့တဲ့ နာမည်က သခင်ရဲ့ ကာကွယ်လိုစိတ်ကို နှိုးဆွပေးလိမ့်မယ်တဲ့ သခင် ရှောင်ရှောင်ဆိုတဲ့ နာမည်က ချစ်စရာကောင်းတယ်လို့ ထင်လား သဘောမကျဘူးဆိုရင် ငါ နောက်တစ်ခါ ထပ်ပြောင်းလို့ရတယ် ဟွမ်ဟွမ် ရှောင်နီ ချိုင်ချိုင် သခင် ကြိုက်တဲ့နာမည်ကို သုံးပေးမယ်"
"မင်းအမေက မင်းကို အများကြီး သင်ပေးထားတာပဲ"
အစီအရင်ထဲသို့ သလင်းကျောက်တစ်တုံး ထပ်ပစ်ထည့်ရင်း ကျန်းပေရန်က ရှင်းပြလိုက်သည်။
"ဘယ်သူမှ မင်းကို လာမသတ်ဘူး ငါ မကြာသေးခင်က ဒီဘက်ကို လာဖို့ အချိန်မရှိလောက်ဘူး ထင်လို့ မင်းအတွက် အပိုအစားအစာတွေ ပြင်ဆင်ပေးထားတာ"
သူမ မသေနိုင်တော့ဘူးဆိုတာ ကြားလိုက်ရတော့ အမြီးခြောက်ချောင်းနှင့် မြေခွေးက နောက်ဆုံးတော့ သက်ပြင်းတစ်ချက် ချနိုင်ပြီး သူ့အမြီးတွေကို ပြန်ယမ်းခါလာသည်။
"သခင် အခက်အခဲများ ကြုံနေလို့လား ရှောင်ရှောင်ရဲ့ အကူအညီ လိုအပ်လား ရှောင်ရှောင် ဘာမဆို လုပ်နိုင်တယ်"
ဒါပေမဲ့ အဲ့ဒီစကားကို ပြောပြီးပြီးချင်းမှာပဲ အမြီးခြောက်ချောင်းနှင့် မြေခွေးက "အဲ့ဒီ အစီအရင်ပုံစံချတဲ့ အရာကြီး ဆွဲတာကလွဲရင် ကျန်တာ အကုန်ရတယ်" ဟု အလျင်အမြန် ထပ်ဖြည့်ပြောလိုက်သည်။
"မင်း သေချာလို့လား"
ကျန်းပေရန်က အမြီးခြောက်ချောင်းနှင့် မြေခွေးကို အကဲခတ်ရင်း မေးလိုက်သည်။
" မလုပ်တတ်ရင်တောင်... ရှောင်ရှောင်က အစွမ်းကုန် ကြိုးစား သင်ယူမှာပါ ရှောင်ရှောင်က အရမ်းတော်တယ် အမေက ရှောင်ရှောင်က အတော်ဆုံး ကလေးလို့ အမြဲပြောတယ်"
"မင်းသာ ဒီအစီအရင်ကို ကိုယ့်ဘာသာကိုယ် ဖျက်ထွက်နိုင်ရင် မင်းက ငါ့အတွက် အကူအညီ ဖြစ်နိုင်တယ်လို့ ယူဆလိုက်မယ်"
"ရှောင်ရှောင်... ရှောင်ရှောင်... အဟင့်..."
အထိမခံနိုင်တဲ့နေရာကို ထိမိသွားသလို အမြီးခြောက်ချောင်းနှင့် မြေခွေး၏ မျက်လုံးများတွင် မျက်ရည်များ စတင် ဝဲတက်လာသည်။
ခေါင်းခါလိုက်ရင်း ကျန်းပေရန်က တိမ်လိပ်ကျည်တောက်ကို ထုတ်ကာ ကောင်းကင်တိမ်တိုက်တစ်ခုကို မှုတ်ထုတ်လိုက်သည်။
ကျန်းပေရန် တိမ်တိုက်ပေါ် တက်တော့မည်ကို မြင်သောအခါ အမြီးခြောက်ချောင်းနှင့် မြေခွေးက စိုးရိမ်တကြီး မေးလိုက်သည်။
"သခင် ဘယ်တော့ ပြန်လာမှာလဲ သခင် သခင်"
အမြီးခြောက်ချောင်းနှင့် မြေခွေး၏ ငိုသံများကြားတွင် ကောင်းကင်တိမ်တိုက်က လေထဲသို့ ပျံတက်သွားပြီး အရှေ့တောင်ဘက်သို့ ဦးတည် ပျံသန်းသွားသည်။
"ဝူး"
အမြီးခြောက်ချောင်းနှင့် မြေခွေးက ပက်လက်လန်ကျသွားပြီး ကောင်းကင်ကို မော့ကြည့်ရင်း အမေ ရှောင်ရှောင် ပြန်မလာနိုင်တော့မှာ ကြောက်တယ် အဟင့် အမေ ဘာလို့ သမီးကို အခုထိ လာမကယ်သေးတာလဲ ဟု တွေးနေမိသည်။
ကောင်းကင်တိမ်တိုက်ကို စီးနင်း၍ စိတ်နှလုံးပြန်ဂိုဏ်းသို့ ပြန်လာပြီးနောက် ကျန်းပေရန်သည် ' ငန်းပျံ တောင်ထိပ်' တွင် ဆင်းသက်လိုက်သည်။
ဟင်
ကျန်းပေရန်က သူ့တဲငယ်လေးဆီ ပြန်ကြည့်ရန် အလုပ်တွင် တံခါးဝတွင် ရတနာမြှုပ် ကျောက်စိမ်းစစ်တုရင်ခုံကို ကိုင်ကာ ထိုင်နေသော မော့ရှာကို တွေ့လိုက်ရသည်။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ"
သူ၏ အကိုကြီး အသံကို ကြားသောအခါ မော့ရှာသည် ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး ကျန်းပေရန်ကို အရိုအသေပြုလိုက်သည်။
"ကျွန်တော် ညပေါင်းများစွာ စောင့်ခဲ့ပေမယ့် အကိုကြီး ပြန်မလာလို့ နေ့ဘက်မှာ လာစစ်ကြည့်ဖို့ စဉ်းစားမိတာပါ... စိတ်ချပါ အကိုကြီး ကျွန်တော် စာတွေ လေ့လာပြီး ကျင့်ကြံတာတွေ ပြီးမှပဲ လာတာပါ ကျွန်တော် လုံးဝ ပျင်းရိမနေခဲ့ပါဘူး"
"ငါနဲ့ စစ်တုရင်ကစားဖို့ စောင့်နေတာလား"
ကျန်းပေရန်က ထိုနေရာသို့ လျှောက်သွားရင်း မေးလိုက်သည်။
အလျင်အမြန် ဘေးဖယ်ပေးရင်း မော့ရှာက ဦးညွှတ်လိုက်ပြီး "အကိုကြီး နောက်ဆုံး ရွှေ့သွားတဲ့ တစ်ကွက် ဆယ့်သုံး-ဆယ့်ခုနစ်... ကျွန်တော် ပြန်သွားပြီး အဲ့ဒီအကြောင်း အကြာကြီး စဉ်းစားခဲ့တယ် နောက်ဆုံးမှာ အဲ့ဒါကို တန်ပြန်တိုက်ခိုက်ဖို့ နည်းလမ်းတချို့ ရှာတွေ့ခဲ့တယ် ဒါကြောင့် အကိုကြီးနဲ့ နောက်တစ်ပွဲ ထပ်ကစားချင်ပါတယ် အကိုကြီး ကျွန်တော့်တောင်းဆိုမှုကို ခွင့်ပြုပေးပါ" ဟု ပြောလိုက်သည်။
"အိုး မင်းက အဲ့ဒါကို ဘယ်လို ဖောက်ထွက်ရမလဲဆိုတာ ရှာတွေ့သွားပြီလို့ ဆိုလိုတာလား" ကျန်းပေရန်က သစ်သားတံခါးကို တွန်းဖွင့်ရင်း ပြောလိုက်သည်။
မော့ရှာက အလျင်အမြန် ခေါင်းခါလိုက်သည်။
"ကျွန်တော် မဝံ့ရဲပါဘူး ကျွန်တော် ခံစားမိတာ... အနည်းငယ် ဖြစ်နိုင်ခြေ ရှိတယ်လို့ပါ"
အခန်းထဲသို့ လျှောက်ဝင်လာရင်း ကျန်းပေရန်က တစ်စုံတစ်ခု ထပ်ပြောမည့် အချိန်တွင် စားပွဲပေါ်ရှိ လက်ရေးလှ လေ့ကျင့်ထားသော စာရွက်တစ်ပုံ၏ ဘေးတွင် စက္ကူပါးလေး တစ်ရွက်ကို တွေ့လိုက်ရသည်။
အကိုကြီးပဲ
အလွန်အမင်း ပျော်ရွှင်သွားကာ ကျန်းပေရန်က ချက်ချင်း ရှေ့တိုးပြီး မှတ်စုကို ကောက်ယူလိုက်သည်။
ဒါက တကယ်ပဲ သူ့အကိုကြီးရဲ့ လက်ရေးဖြစ်နေတာကို တွေ့လိုက်ရသည်။
စာထဲမှာ သူပြန်ရောက်နေပြီ ဖြစ်ကြောင်းနဲ့ အကယ်၍ အချိန်ရရင် သူ့အခန်းကို ခဏလာတွေ့ဖို့ ပြောထားသည်။
မှတ်စုကို ခေါက်လိုက်ပြီး ကျန်းပေရန်က မော့ရှာ၏ ပခုံးကို ပုတ်ကာ "စစ်တုရင်ကစားပွဲအကြောင်း မနက်ဖြန်မှ ပြောကြတာပေါ့ မင်းအပြန် တံခါးပိတ်ဖို့ မမေ့နဲ့" ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီး သူက လှည့်ထွက်ကာ တဲထဲမှ ထွက်သွားသည်။
"အကိုကြီး... ကျွန်တော်..."
မော့ရှာ စကားမဆုံးခင်မှာပင် သူ့အကိုကြီးက မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
"တစ်ပွဲတည်းပါ တစ်ပွဲတည်း ကစားရရင်ကို ကျေနပ်ပါပြီ ဟူး..."
သက်ပြင်းချရင်း မော့ရှာက သူ၏ ရတနာမြှုပ် ကျောက်စိမ်းစစ်တုရင်ခုံကို ကိုင်ကာ တဲထဲမှ ထွက်လာပြီး သူ့နောက်မှ တံခါးကို ပိတ်လိုက်ကာ ထပ်မံ၍ ထိုင်ချလိုက်ပြီး သူ့အကိုကြီးသာ အမြန်ပြန်လာရင် သူတို့ တစ်ပွဲလောက် ကစားနိုင်သေးလိမ့်မည်ဟု တွေးနေသည်။
ကျန်းပေရန်က ပျံသန်း အမွေးအတောင် ခန်းမဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
သူ တပည့်များ နေထိုင်ရာ နေရာသို့ ဝင်လိုက်သည်နှင့် သူ့အကိုကြီးက သူ့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
"ဟော ပေရန် မင်း ပြန်ရောက်နေပြီ"
လုဘိုကွေးက ပြုံးလျက် နှုတ်ဆက်လိုက်သည်။
"အကိုကြီးကို အရိုအသေပြုပါတယ်"
ကျန်းပေရန်က ချက်ချင်း ရှေ့တိုးပြီး အရိုအသေပြုလိုက်သည်။
"အကိုကြီး အပြင်သွားမလို့လား"
"ဟုတ်တယ် ခန်းမသခင်နဲ့ တခြားသူတွေ ပြန်ရောက်နေပြီ ငါ သွားတွေ့ပြီး အရိုအသေပြုမလို့ ငါကြားတာ ကိစ္စကြီးတစ်ခု ဖြစ်ခဲ့တယ်ဆိုပဲ"
"စိတ်ချပါ အကိုကြီး ခန်းမသခင်ကျိုး ဘာမှမဖြစ်ပါဘူး"
"အိုး မင်းသိတာလား" လုဘိုကွေးက ပြောလိုက်ပြီးနောက် ပြုံးကာ သူ့နဖူးသူ ပုတ်လိုက်သည်။
"ငါ့မှတ်ဉာဏ်ကို ကြည့်ပါဦး မင်းက အခု ရှန့်တိုင်းပြည်ရဲ့ ဧကရာဇ်အသစ် ဖြစ်နေပြီလို့ ငါကြားတယ် ဟုတ်လား ဂုဏ်ယူပါတယ် မင်း တစ်နေ့နေ့မှာ ကောင်းကင်ထိ ပျံတက်မယ့်သူမှန်း မင်းအကိုကြီးက အစကတည်းက သိပြီးသားပါ"
"အကိုကြီးက ညီလေးကို မြှောက်လွန်းနေပါပြီ ညီလေးက အတင်းအကျပ် တွန်းတင်ခံလိုက်ရတာပါ"
"တော်တော် နှိမ့်ချတာပဲ ကဲပါ ခန်းမသခင် ဘာမှမဖြစ်ဘူးဆိုရင် ငါလည်း အလျင်မလိုတော့ဘူး ငါ့အခန်းကို လိုက်ခဲ့ပါ ဒီအချိန်အတွင်း မင်း ဘာတွေ ကြုံခဲ့ရလဲ ဆိုတာ ငါ နားထောင်ချင်တယ်"
"ကောင်းပါပြီ"
ကျန်းပေရန်က ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။
လုဘိုကွေး၏ တဲငယ်လေးသို့ ရောက်သောအခါ လုဘိုကွေးက 'နှင်းဖူး' လက်ဖက်ရည်တစ်အိုး ဖျော်ကာ ကျန်းပေရန်အတွက် တစ်ခွက် ငှဲ့ပေးပြီး "ငါတို့ လျှို့ဝှက်လမင်းဂိုဏ်းရဲ့ လူငယ်သူရဲကောင်းပြိုင်ပွဲ မတိုင်ခင်က ခွဲခွာခဲ့ကြပြီးကတည်းက မတွေ့ကြတော့တာ ဟုတ်လား ဒါဆို တစ်နှစ်နီးပါး ရှိသွားပြီပဲ" ဟု ပြောလိုက်သည်။
"ဟုတ်တယ် ဆယ့်တစ်လ ရှိပါပြီ"
ကျန်းပေရန်က ခေါင်းညိတ်လိုက်သည်။
လုဘိုကွေးက ရယ်မောလိုက်သည်။
"ဒီနှစ်ဝက်အတွင်း အများကြီး ဖြစ်ပျက်ခဲ့တာပဲ တောင်ထွတ်ပြည်နယ်က အခြေအနေတွေက အရမ်းကို တုန်လှုပ်စရာ ကောင်းနေတာ မင်းအတွက် ဧကရာဇ် ဖြစ်ရတာ လွယ်ကူမှာ မဟုတ်ဘူး မဟုတ်လား"
သက်ပြင်းချရင်း ကျန်းပေရန်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ် အဲ့ဒီ လူကြီးတွေကြားထဲမှာ ညပ်နေရတာ တကယ်ကို ပင်ပန်းလွန်းပါတယ်"
"ဒါပေမဲ့ ဧကရာဇ်ရာထူးအတွက် မင်း အရွေးခံရလိမ့်မယ်လို့လည်း ငါ မမျှော်လင့်ထားမိဘူး မင်းအကိုကြီးက မင်းအကြောင်းကို လုံလုံလောက်လောက် မသိသေးဘူးလို့ပဲ ထင်ရတယ် ဟားဟားဟား"
"မဟုတ်တာ မဟုတ်တာပါ အကိုကြီး အမှား မဟုတ်ပါဘူး ညီလေး ကိုယ်တိုင်တောင် မမျှော်လင့်ထားမိဘူး"
ခေါင်းကို အကြိမ်ကြိမ် ခါယမ်းပြီးနောက် ကျန်းပေရန်က "ညီလေး ထီးနန်းတက်ခဲ့ရတာက လုံးဝ မတော်တဆမှုတစ်ခုပါ လူငယ်သူရဲကောင်းပြိုင်ပွဲတုန်းက ဂိုဏ်းချုပ်ယင်ကို မရည်ရွယ်ဘဲ အသေးအဖွဲ အကူအညီတစ်ခု ပေးမိရာကနေ သူက ညီလေးကို လက်မလွှတ်တော့တာပါ" ဟု ရှင်းပြလိုက်သည်။
"ဟားဟားဟား"
လုဘိုကွေးက အကြိမ်အနည်းငယ် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကျန်းပေရန်၏ ခွက်ထဲသို့ လက်ဖက်ရည် ထပ်ဖြည့်ပေးသည်။
"ငါ့ကို ရှင်းပြဖို့ မလိုပါဘူး မင်း ဘာပဲဖြစ်နေဖြစ်နေ မင်းအကိုကြီး မျက်စိထဲမှာတော့ မင်းက အမြဲတမ်း ကျင့်ကြံလို့ မအောင်မြင်နိုင်တဲ့ ညီလေး တစ်ယောက်ပဲ နောင်အနာဂတ်မှာ အကူအညီ တစ်ခုခု လိုအပ်ရင် ငါ့ကိုသာ ပြော မင်းအကိုကြီးက မင်းကို ကူညီဖို့ နည်းလမ်း ရှာပေးမှာ သေချာတယ်"
"ကျေးဇူးတင်ပါတယ် အကိုကြီး" ကျန်းပေရန်က အရိုအသေပြုလိုက်သည်။
"အော် ဟုတ်သား မင်း အရင်က ပေးထားတဲ့ အဆောင်လက်ဖွဲ့တွေ ငါ အများစု သုံးပစ်လိုက်ပြီ ဆေးလည်း ပုလင်းအနည်းငယ်ပဲ ကျန်တော့တယ် အဲ့ဒါတွေက တကယ် အသုံးဝင်တာပဲ အဲ့ဒီ ဂိုဏ်းချုပ်ယင်က မင်းရဲ့ ဒီဘက်နယ်ပယ်က အရည်အချင်းကို မြင်သွားလို့ မင်းကို သဘောကျသွားတာလား"
"အဲ့ဒါလည်း ပါတာပေါ့"
ပြောပြီးနောက် ကျန်းပေရန်က သူ၏ ဝတ်ရုံထဲမှ သိုလှောင်လက်စွပ် နှစ်ကွင်းကို ချက်ချင်း ထုတ်ကာ သူ့အကိုကြီးထံ ပေးလိုက်သည်။
"အကိုကြီး အဝေးကို အကြာကြီး ထွက်သွားရတော့ ဒီလို သုံးစွဲရတဲ့ ပစ္စည်းတွေ အများစု ကုန်လောက်ပြီလို့ ညီလေး တွေးမိတာနဲ့ ဒီတစ်ခါ အကိုကြီးအတွက် အပိုတွေ ပြင်ဆင်လာခဲ့တယ်"
"ညီလေးက တော်တော် စဉ်းစားပေးတတ်တာပဲ"
ကျန်းပေရန်ထံမှ လက်စွပ် နှစ်ကွင်းကို ယူရင်း လုဘိုကွေးကလည်း ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်လိုက်သည်။
"ဒါက 'အရိပ်လမင်း အဆောင်' က အဆောင်သခင်မက ငါတို့ သူပုန်တွေ ရှင်းလင်းတုန်းက ကူညီခဲ့တာကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးလိုက်တဲ့ သူတို့ အဆောင်သီးသန့် ဆေးလုံးပဲ အနှစ်သာရ မူလ ဆေးလုံးလို့ ခေါ်တယ် သူပြောတာတော့ လူတစ်ယောက်ရဲ့ ပင်ကိုယ်စွမ်းရည်ကို လှုံ့ဆော်ပေးနိုင်တယ်တဲ့ ငါထင်တာတော့ ဒါက မင်းနဲ့ တော်တော်လေး သင့်တော်တယ် ပြီးတော့ ပင်ကိုယ်စွမ်းရည်ကို မလှုံ့ဆော်နိုင်ရင်တောင် ဒီဆေးလုံးက စိတ်ကို လန်းဆန်းစေတဲ့ အာနိသင်လည်း ရှိတယ် မင်းက အခု တိုင်းပြည်ရေးရာတွေနဲ့ အရမ်း အလုပ်များနေတော့ ဒီဆေးက မင်းအတွက် အရမ်း သင့်တော်တယ်"
"ကျေးဇူးတင်ပါတယ် အကိုကြီး"
"ဒါလည်း ယူဦး"
လုဘိုကွေးက သူ၏ ကမ္ဘာလောကဓာတ် လက်စွပ်ထဲမှ ပျော့ပျောင်းသော သံချပ်ဝတ်တန်ဆာ တစ်ခုကို ထုတ်ရင်း ပြောလိုက်သည်။
"မင်းမှာ အခု ဒီလို ပစ္စည်းတွေ မရှားတော့ဘူး ဆိုပေမယ့် ဒီသံချပ်ဝတ်တန်ဆာက အနက်ရောင်ဝိညာဉ် အဆင့်အောက် အနက်ရောင် စွမ်းအင် တိုက်ခိုက်မှုတွေကို ပိတ်ဆို့နိုင်တယ် ငါထင်တာတော့ ဒါက မင်းနဲ့ တော်တော် သင့်တော်တယ် ဒါကြောင့်..."
"လိုတာပေါ့ ညီလေး လိုတာပေါ့" ကျန်းပေရန်က သံချပ်ဝတ်တန်ဆာကို ချက်ချင်း လက်ခံလိုက်သည်။
"အဲ့ဒီ လူကြီးတွေက ညီလေးကို အလုပ်ခိုင်းဖို့ပဲ သိတာ ဧကရာဇ် တစ်ယောက်အနေနဲ့ တစ်နေ့လုံး စိတ်တွေ တထိတ်ထိတ်နဲ့ နေနေရတာ ဒီသံချပ်ဝတ်တန်ဆာက ကာကွယ်ပေးထားရင် ညီလေးလည်း ပိုပြီး စိတ်အေးရတာပေါ့"
"မင်း သဘောကျလို့ ငါ ဝမ်းသာပါတယ်"
လုဘိုကွေးက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။
သံချပ်ဝတ်တန်ဆာကို သိမ်းဆည်းပြီးနောက် ကျန်းပေရန်က လက်ဖက်ရည်ပူ တစ်ငုံ သောက်လိုက်ပြီး "အကိုကြီး အပြင်မှာ ဒီလောက်ကြာကြာ နေပြီး အများကြီး ကြုံတွေ့ခဲ့ရတော့ အကိုကြီးရဲ့ ကျင့်ကြံမှုက တိုးတက်လာပြန်ပြီလား" ဟု မေးလိုက်သည်။
လုဘိုကွေးက ခေါင်းညိတ်လိုက်သည်။
"ငါ အနက်ရောင်ဝိညာဉ် နယ်ပယ်ကို အနိုင်နိုင် ဖောက်ထွက်နိုင်ခဲ့တယ်"
"ဒါ တကယ် အံ့ဩစရာပဲ" ကျန်းပေရန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"အကိုကြီးရဲ့ အရည်အချင်းက ဘယ်သူနဲ့မှ မတူဘူးဆိုတာ ညီလေး သိပြီးသားပါ"
လုဘိုကွေးက ခေါင်းခါလိုက်သည်။
"အများကြီး လိုပါသေးတယ် ကြယ်တာရာရှုပ်ထွေးခန်းမက ဝူချင်းစစ်ကမှ တကယ့် ကောင်းကင်က ချီးမြှင့်တဲ့ အရည်အချင်းရှင်ပဲ သူက လူငယ်သူရဲကောင်းပြိုင်ပွဲကို အနိုင်ရရုံတင်မကဘူး သူပုန်တွေ နှိမ်နင်းတဲ့ စစ်ဆင်ရေးအတွင်းမှာလည်း အတောက်ပဆုံး တစ်ယောက် ဖြစ်ခဲ့တယ် ငါခန့်မှန်းရသလောက်တော့ သူလည်း မကြာခင် အနက်ရောင်ဝိညာဉ် နယ်ပယ်ကို ဖောက်ထွက်တော့မယ့်ပုံပဲ ပြီးတော့ သူက အသက် နှစ်ဆယ်ပဲ ရှိသေးတယ် တကယ့်ကို ကြောက်စရာကောင်းတဲ့ ဂျူနီယာပဲ"
"ဝူချင်းစစ် ဟုတ်လား သူက မကောင်းပါဘူး အကိုကြီးနဲ့ ယှဉ်ရင် သူက အများကြီး လိုပါသေးတယ်"
"ဟေ့" လုဘိုကွေးက ဒီစကားကို ကြားကြားချင်း လက်ကာပြလိုက်သည်။
"မဟုတ်တာ မပြောစမ်းပါနဲ့ မျက်စိစုံမှိတ် မာနမကြီးတာက ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ထားအတွက် အရမ်း အရေးကြီးတဲ့ အစိတ်အပိုင်းပဲ အဲ့ဒီ ဝူချင်းစစ်က တကယ် အရည်အချင်း ရှိတာ မှန်တယ် မင်းမှာ အခွင့်အရေး ရှိရင် သူနဲ့ ပိုပြီး ဆက်ဆံကြည့်သင့်တယ် ငါထင်တာတော့ သူက အနာဂတ်မှာ ငါတို့ဂိုဏ်းရဲ့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာ သေချာတယ်"
"အကိုကြီးလည်း အရမ်း နှိမ့်ချစရာ မလိုပါဘူး ညီလေး ထင်တာတော့ အကိုကြီးက အနာဂတ်မှာ စိတ်နှလုံးပြန်ဂိုဏ်းရဲ့ တိုင်ထိပ်မဏ္ဍိုင် ဖြစ်လာမှာပါ"
ပြောပြီးနောက် ကျန်းပေရန်က သူ၏ ဝတ်ရုံထဲမှ "မြောက်အရပ် ကြယ်ခုနစ်လုံး ဝိညာဉ် အတတ်ပညာ" ကို ချောမွေ့စွာ ထုတ်ကာ သူ့အကိုကြီးထံ ပေးလိုက်သည်။
"အကိုကြီး ဒီကျင့်စဉ်က အကိုကြီး အတွက်ပဲ အကိုကြီး ကျင့်ဖို့ သင့်တော်ရဲ့လား ကြည့်ကြည့်ပါ"
"ကျင့်စဉ် ဟုတ်လား" လုဘိုကွေးက ကျန်းပေရန်ကို အံ့ဩတကြီး ကြည့်လိုက်ပြီး "မြောက်အရပ် ကြယ်ခုနစ်လုံး ဝိညာဉ် အတတ်ပညာ" ကို ယူလိုက်သည်။
"ဒါက ဘာအဆင့်လဲ"
ကျန်းပေရန်က ဖုံးကွယ်မထားဘဲ တိုက်ရိုက် ပြန်ဖြေလိုက်သည်။ "
အဝါရောင်အဆင့် အလယ်အလတ် ကျင့်စဉ်ပါ"
"အဝါရောင်အဆင့် အလယ်အလတ်"
ဒီစကားကို ကြားသောအခါ လုဘိုကွေး၏ မျက်နှာထားက ပို၍ပင် အံ့အားသင့်သွားသည်။
"မင်းမှာ ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်း ဘယ်လို ရှိနေရတာလဲ မြန်မြန် သိမ်းလိုက် မင်းအကိုကြီးက ဒီလောက် ကြီးကျယ်တဲ့ လက်ဆောင်ကို လက်မခံနိုင်ဘူး"
သူ့အကိုကြီးက ကျင့်စဉ်ကို ပြန်တွန်းပေးသည်ကို မြင်သောအခါ ကျန်းပေရန်က အလျင်အမြန် ပြောလိုက်သည်။
"အကိုကြီးလည်း သိသားပဲ ညီလေးက ဒီလို ကျင့်စဉ်မျိုးကို ကျင့်လို့မှ မရတာ ညီလေး ဆီမှာ ရှိနေတာက အလကား ဖြုန်းတီးရာ ရောက်ပါတယ် ယူထားလိုက်ပါ အကိုကြီး ကျင့်တာက ညီလေး ကျင့်တာနဲ့ အတူတူပဲ မဟုတ်လား နောင်အနာဂတ်မှာ ညီလေး အကိုကြီးကို အကူအညီ တောင်းတဲ့အခါ ပိုပြီး ယုံကြည်မှု ရှိတာပေါ့"
"ဒါ... ကောင်းပြီလေ ဒါပေမဲ့ ဒီကျင့်စဉ် ဘယ်က လာသလဲဆိုတာ မင်း အရင် ရှင်းပြရမယ်"
အသင့်ပြင်ထားပြီးသား ကျန်းပေရန်က မြူခိုးငွေ့ ကိစ္စနှင့် အထွတ်အထိပ် ပညာရှင် လေးယောက်လုံး မဝင်သင့်ကြောင်း သူ၏ အကြံပြုချက်ကို ချက်ချင်း ပြန်ပြောပြလိုက်သည်။
"ဒီလိုကိုး ဒါဆို ဂိုဏ်းချုပ်ယင်က မင်းကို တကယ်ပဲ အထင်ကြီးနေပုံရတယ်"
"ဟုတ်ပါတယ် အဲ့ဒီ ဂိုဏ်းချုပ်ယင်က ညီလေး အပေါ် တကယ် ကောင်းပါတယ်"
"ဒီကျင့်စဉ်က ဂိုဏ်းချုပ်ယင်ဆီက လက်ဆောင် ဖြစ်နေတာ ငါ ကျင့်ဖို့ သိပ်မသင့်တော်လောက်ဘူး"
လျှို့ဝှက်ဆန်းကြယ် နဂါးတိုက်ကြီးတွင် ဂိုဏ်းတိုင်းနှင့် အဖွဲ့အစည်းတိုင်းက သူတို့၏ ကျင့်စဉ်များကို အလွန် တင်းတင်းကျပ်ကျပ် စောင့်ကြပ်ကြသည်။
အကယ်၍ သူတို့ဂိုဏ်း၏ ကျင့်စဉ်ကို ပြင်ပလူတစ်ယောက် သင်ယူသွားကြောင်း တွေ့ရှိပါက သူတို့က သေချာပေါက် ဇစ်မြစ်ထိတိုင်အောင် စုံစမ်းစစ်ဆေးလိမ့်မည် ဖြစ်သည်။
"ကိစ္စမရှိပါဘူး ဂိုဏ်းချုပ်ယင်က ညီလေးကို ပေးတုန်းက သူက ညီလေး သဘောရှိ သုံးလို့ရတယ်လို့ ပြောခဲ့တယ် ညီလေးက ဒီကျင့်စဉ်ကို အကိုကြီး တစ်ယောက်တည်းကိုပဲ ပေးဖို့ ရည်ရွယ်ထားတာပါ ဂိုဏ်းချုပ်ယင်က ကန့်ကွက်စရာ ရှိမှာ မဟုတ်ဘူးလို့ ညီလေး ယုံကြည်တယ်"
"ဒီလိုဆိုရင်တော့... ကောင်းပြီလေ ဒါဆို အကိုကြီး မင်းဆီက ဒီကျေးဇူးကို လက်ခံလိုက်မယ်"
ထိုသို့ပြောပြီးနောက် လုဘိုကွေးက "မြောက်အရပ် ကြယ်ခုနစ်လုံး ဝိညာဉ် အတတ်ပညာ" ကို သူ၏ လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်သည်။
သူ့အကိုကြီး လက်ခံလိုက်သည်ကို မြင်သောအခါ ကျန်းပေရန်က ပျော်ရွှင်စွာ ပြောလိုက်သည်။
"ဒါက 'နှလုံးသား' ကျင့်စဉ် ဖြစ်သင့်တယ် အကိုကြီး ဒါကို ကျွမ်းကျင်သွားတဲ့အခါ အဲ့ဒီ ဝူချင်းစစ်က အကိုကြီးရဲ့ ပြိုင်ဘက် လုံးဝ ဖြစ်မှာ မဟုတ်တော့ဘူး"
"မင်းအကိုကြီးက သူနဲ့ ယှဉ်ပြိုင်ဖို့ စိတ်ကူး မရှိပါဘူး ငါတို့က ကိုယ့်အကောင်းဆုံး လုပ်နိုင်ဖို့ပဲ လိုတာပါ"
"ဟုတ်ကဲ့ ညီလေး မှတ်သားထားပါ့မယ်"
ကျန်းပေရန်က အရိုအသေပြုလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်သည် မွန်းလွဲပိုင်း တစ်ခုလုံး စကားစမြည် ပြောကြရင်း ပြီးခဲ့သည့် နှစ်ဝက်အတွင်း သူတို့ တစ်ယောက်ချင်းစီ ကြုံတွေ့ခဲ့ရသည်များကို အပြန်အလှန် ပြောပြနေကြသည်။
ကျန်းပေရန်က အသေးစိတ် အချက်အလက်အချို့မှလွဲ၍ ဇာတ်လမ်း၏ ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို သူ့အား အခြေခံအားဖြင့် ပြောပြခဲ့သည်။
လုဘိုကွေး အနေနှင့်မူ သူသည် နှစ်၏ ပထမနှစ်ဝက်တွင် သူပုန်များကို လိုက်လံ ရှာဖွေ သုတ်သင်ခဲ့ပြီး ဒုတိယ နှစ်ဝက်တွင် အနက်ရောင်ဝိညာဉ် နယ်ပယ်သို့ ဖောက်ထွက်ရန် တံခါးပိတ် ကျင့်ကြံနေခဲ့သည်။
သူသည် သူ၏ တံခါးပိတ် ကျင့်ကြံမှုမှ ထွက်လာသည်မှာ မကြာသေးပေ။