အရမ်းကောင်းတဲ့ မြေတူးစက်
Vol. 26 Ch. 360
အပြေးစွမ်းရည်မသုံးပဲနဲ့ကို လိပ်ကြီးရဲ့ အရှိန် က အရမ်းမြန်ဆန်နေပြီး တစ်စက္ကန့်ကို မီတာတစ်ရာကျော် သေချာပေါက် ရှိနေသည်။
ဒီဧရာမရေဘဝဲကလည်း ခွန်အားအပြည့်အစုံနဲ့ပြေးဝင်လာ၏။
နှစ်ဖက်စလုံး အချေအတင်ပါပဲ ။
လိပ်ကြီးရဲ့ လှံက ရှေ့တည့်တည့်ကို ထိုးထွက်သွားပြီး ဧရာမရေဘဝဲ၏ ခန္ဓာကိုယ်ကို ချိန်ရွယ်လိုက်သည်။
ဧရာမရေဘဝဲရဲ့ လက်တံများနဲ့ခြေတံ များက ထူလွန်းပြီး လက်တံတစ်ချောင်းစီဟာ မီတာနှစ်ရာနီးပါးရှည်ပေသည်။ဒါက တစ်လက်မရှည်လေ တစ်လက်မ အားကြီးလေဆိုသလိုပင်။
ရေဘဝဲကြီးက အရင်ဆုံး လက်တံများနဲ့လိပ်ကြီးကို ရစ်ပတ်လိုက်သည်။
လက်တံခြေတံအပေါ်မှ စုပ်ခွက်များဖြင့် လိပ်ကြီးရဲ့ ခန္ဓာကိုယ်ကို စုပ်ယူလိုက်သည်။အဲ့ဒါက လိပ်ကြီးရဲ့ ကျောပေါ်တွင် ကြီးမားတဲ့ သံချပ်ကာနှင့် တွယ်ကပ်နေသလို ဖြစ်နေခဲ့သည်။
ရေဘဝဲကြီးက စုတ်ယူကာ ခိုင်ခိုင်မာမာ ရစ် ပတ် ပြီးတာနဲ့ လိပ်ကြီးကို သွားများဖြင့် ကိုက်ရန် သူ ပြင်ဆင်ခဲ့သည်။
ဒါပေမဲ့ အပိုပါပဲ။
ဧရာမရေဘဝဲက လိပ်ကြီးရဲ့ တိုက်ခိုက်ရေးစွမ်းအားကို အလေးအနက်မထားပဲ လျှော့တွက်မိသွား၏။ ရေဘဝဲ၏ လက်တံများ ရစ်ပတ်ရန် အချိန်မရသေးမီတွင် လှံကြီးရဲ့ လှံထိပ်ဖျားက သူ့ရဲ့ကိုယ်ထဲကို ထိုးဖောက်ဝင်ရောက် သွားသည်။
"ဖောက်ခနဲ "
လိပ်ကြီးရဲ့ လှံထိပ်ဖျားက ထိုးဖောက်ဝင်ရောက်သွားပြီး တစ်မီတာ၊ နှစ်မီတာ၊ သုံးမီတာ... ဆယ်မီတာ၊ မီတာနှစ်ဆယ် အထိ ဝင်ရောက်သွားခဲ့သည်။
လှံကြီး ထိုးဖောက်ဝင်ရောက်သွားတဲ့ လုပ်ငန်းစဉ်မှာ တစ်စက္ကန့်ပင် မကြာခဲ့ပေ။ အရှိန်အရမ်းမြန်လှသည်။
မျက်စိတစ်မှိတ်အတွင်းတွင်ပဲ လှံကြီးက မီတာ ၂၀ ကျော်အနက်အထိ ထိုးဖောက်ဝင်ရောက်သွားပြီး ဧရာမရေဘဝဲကို ထုတ်ချင်းပေါက်လုနီးပါး ဖြစ်သွားသည်။
အစက လိပ်ကြီးရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ထားတဲ့ လက်တံများနဲ့ ခြေတံများကလည်း တ ဖြည်းဖြည်လျော့ကျလာခဲ့သည်။ ဒီဧရာမရေဘဝဲရဲ့ အသက်ဓာတ်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး စက္ကန့်အနည်းငယ်အတွင်းမှာပဲ လုံးဝသေဆုံးသွားသည်။
"ဟားဟား ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့နောက်တစ်နပ်စာပဲ "
လိပ်ကြီး ဒီလို တွေးလိုက်ရင်း ရေဘဝဲရဲ့ကိုယ်ထဲက လှံကြီးကို ဆွဲထုတ်ပြီးတာနဲ့ ရေဘဝဲရဲ့ လက်တံကြီးကို ပါးစပ်ဖြင့်ကိုက်ပြီး ချိုင့်ဝှမ်းထဲမှ မြန်မြန်ကူးထွက်လာလိုက်သည်။
ဂူထဲ လိပ်ကြီး ပြန်ရောက်တဲ့အခါ ရေဘဝဲကိုချပြီး တစ်ကိုက်ချင်း စားတော့သည်။
" ဝိုး အရသာ ရှိလိုက်တာ "
" ပျော်စရာကောင်းလိုက်ပါပေစွ.. "
ဧရာမရေဘဝဲကို လိပ်ကြီး စိတ်ကျေနပ်စွာ အားရပါး စားလိုက်သည်။
အရင်က ဂူထဲတွင် မြေကြီးများနဲ့ ပြည့်နေခဲ့ပေမဲ့ အခုတော့ သန့်ရှင်းနေသည်။ အရင်က အကြမ်းခန်း ဆိုပါက ခုတော့ အကောင်းစားအခန်း ဖြစ်သွား၏။
လိပ်ကြီး ခြေတံကြီးနှစ်ချောင်းကို ဆက်စားလိုက်သည်။
"ဂေ့စ် အိုး ငါ ဗိုက်ပြည့်ပြီ အလုပ်လုပ်ဖို့အချိန်ရောက်ပြီ... "
ဂူထဲမှ လိပ်ကြီး ကူးထွက်လာပြီးနောက် တောင် ခြေရင်းကို ရောက်လာသည်။ပြီးနောက် လျူယောင်ရဲ့ ညွှန်ကြားချက်အတိုင်း တူးဖော်ရေးသမားတစ်ယောက်လို သူ အလုပ်စလုပ်တော့သည်။
လိပ်ကြီးရဲ့ လက်သည်းကြီးလေးချောင်းမှာ အကောင်းဆုံး တူးဖော်ရေးကိရိယာများ ဖြစ်ခဲ့သည်။ မြေသားအလွှာ ဘယ်လောက်ပဲ မာနေနေ မြေသားအလွှာက မထူဘူးဆိုရင် လက် သည်းတစ်ချောင်းနဲ့တင် ထိုအလွှာကို တူးလို့ရသည်။
မြေသားအလွှာက အတော်လေး ထူနေတယ်ဆိုရင်တောင် အကြိမ်အနည်းငယ်တူးလိုက်ရုံဖြင့် မြေသားထူထူအလွှာမှာ ဖွာထွက်လာပြီး အောက်က မီးခိုးနက်ရောင် သတ္တုများပေါ်လာ၏။
လိပ်ကြီး အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်လျက်ရှိသည်။
.......
Universal တာဝါတွင်...
လျူယောင် သူ့ရဲ့ ရုံးခန်းကြီးထဲကို ဝင်လာသည်။ ကျိုးယန်အပါအဝင် လူအချို့ကလည်း နောက်ကနေ လိုက်ပါလာကြသည်။
" ဘယ်လိုထင်လဲ သူဋေး.. တိုးတက်အောင် လုပ်ရမဲ့ နေရာများ ရှိသေးလား..."
လျူယောင် ရုံးခန်းကြီးကို ကြည့်လိုက်ပြီး စိတ်ထဲကနေ ကျေနပ်စွာ ရေရွတ်လိုက်သည်။
" ဒီလို.. ဧရိယာကျယ်ပြီး ဒီလိုအဆင့်အတန်းမြင့်တဲ့.. ရုံးခန်းက ဒီ.. ဟွားဟိုင်မြို့မှာ အများကြီးရှိမှာ မဟုတ်လောက်ဘူး..."
ဒီ ဧရာမရုံးခန်းက အလွန်ဇိမ်ရှိ၏။ ထိပ်တန်းအဆင့် စားပွဲကြီးနဲ့ ဒေါ်လာသန်းချီတန်တဲ့ ဆိုဖာများက လူများဝင်လာတာနဲ့ အဆင့် အတန်းမြင့်တယ်ဆိုတာကို ခံစားရစေသည်။
လျူယောင် ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး စားပွဲကြီးရဲ့ ထိပ်ကို လက်နဲ့ ထိလိုက်သည်။
"အင်း အရမ်းကောင်းတယ် ..ငါ ကျေနပ်တယ် တိုးတက်အောင် လုပ်စရာ ဘာမှမရှိဘူး..."
လျူယောင် ကျေနပ်စွာ ပြန်ဖြေလိုက်၏။
ယခုချိန်တွင် ရုံးခန်းကြီးရဲ့ အပြင်အဆင် ပြီးစီးရုံတင် မကဘဲ အထပ် ၉၁ မှ ၉၈ အထိ ကိုလည်း အကုန်အလှဆင်ပြီးစီးသွားပြီပဲ ဖြစ်သည်။
"သူဋေး ဒါဆို ကျွန်တော်တို့.. ဒီကိုပြောင်းပြီး အလုပ်စလုပ်လို့ရပြီလား..."
ကျိုးယန် ခွင့်တောင်းလိုက်သည်။
Universal ရဲ့ လက်ရှိရုံးခန်းနေရာက ငှားထားတာ ပဲ ဖြစ်၏။
ဘယ်လိုပဲဖြစ်ဖြစ် တခြားသူရဲ့ နေရာသာ ဖြစ်ပြီး ဒီ Universal တာဝါကသာ မိမိကိုယ်ပိုင်နေရာ ဖြစ်သည်။
လျူယောင် ခဏ စဥ်းစားကာ ပြောလိုက်၏။
"အစောပိုင်းမှာ ဒီကိုပြောင်းပြီး အလုပ်လုပ်တာက ပြဿနာမရှိဘူးလို့ ငါ ထင်တယ်..."
Universal အဆောက်အအုံရဲ့ အထပ် ၉၁ မှ ၉၈ အထိ အလှဆင်ခြင်း ပြီးစီးသွားခဲ့ပြီး တခြားအထပ်များရဲ့ အလှဆင်ခြင်းကလည်း နောက်ဆုံးအဆင့်ကို ရောက်လာခဲ့သည်။Universal ဝန်ထမ်းများက ဒီ နေရာတွင် အလုပ်လုပ်ဖို့ဆိုတာက အခြေခံအားဖြင့် ရင့်ကျက်နေပေသည်။
လျူယောင် သဘောတူတာကို မြင်တဲ့ အခါ ကျိုးယန်နဲ့ အခြားသူများ ပျော်ရွှင်သွားကြသည်။ လျူယောင်နဲ့ ပြောင်းရွှေ့ရန်အကြောင်း ပြောဆိုပြီးနောက် အကုန်လုံး ရုံးခန်းထဲမှ ထွက်လာခဲ့ကြသည်။
လျူယောင် တစ်ယောက်တည်း ရုံးခန်းထဲတွင် ကျန်နေခဲ့ပြီး ဟိုဟိုဒီဒီ ကြည့်နေသည်။သူ ကြည့်လေလေ ကျေနပ်လေလေ ဖြစ်ရသည်။
ကြမ်းပြင်မှ မျက်နှာကျက်အထိ ကာထားတဲ့ မှန်ပြတင်းပေါက်များရှေ့တွင် သူ ရပ်နေမိသည်။ ဖန်သားပြင်ကိုဖြတ်ပြီး အပြင်ဘက်အခြေအနေကို ကြည့်လိုက်ရာ သူ့ ပုံစံက အထက်စီးကနေ ကြည့်ပြီး မာနကြီးနေပုံ ပေါက်လာသည်။
ရုံးခန်းအသစ်တွင် လျူယောင် ခဏနေပြီးမှ ထွက်လာကာ ချန်းဟူအား လက်ဝှေ့ယမ်း ပြလိုက်သည်။
" ကမ်းခြေနားက ဂိုဒေါင်ကို သွားရအောင်.."
ချန်းဟူက ကားမောင်းလာ၏။ Universal တာဝါ မှ ပင်လယ်ကမ်းခြေ ဂိုဒေါင်ကို အကွာအဝေး ပိုနီးပေသည်။ကားကို မိနစ် ၃၀ ၄၀ လောက်ကြာအောင် မောင်းလာပြီးနောက် သူတို့ ပင်လယ် ကမ်းခြေဂိုဒေါင်ကို ရောက်ရှိလာပြီး ဂိုဒေါင်ထဲ ဝင်လာခဲ့သည်။
ဂိုဒေါင်ရဲ့ အလယ်တွင် ထူထဲတဲ့ မီးခိုးနက်ရောင် သတ္တုချောင်းများ ရှိနေပြီး တစ်ချောင်းချင်းစီက ရာနှင့်ချီ တဲ့ ကီလိုဂရမ် အလေးချိန်ရှိသည်။
အရင်တစ်ခါတုန်းက မီးခိုးနက်ရောင် သတ္တု တန်ဒါဇင်ချီ လိပ်ကြီး သယ်လာခဲ့သည်။ ၁၀ တန်ကို လျန်ဝမ်ချန်းကို ရောင်းလိုက်ပြီး ကျန်တာများကို အချောင်းများအဖြစ် လျူယောင် ပြုပြင်လိုက်သည်။ စုစုပေါင်း တန်ဒါဇင်နဲ့ချီ ရှိနေသည်။
ဒီသတ္တုချောင်းများကို ကြည့်လိုက်ပြီး လျူယောင် စိတ်ထဲမှ တွေးလိုက်သည်။
"နောက်ထပ် အများကြီး ကျန်သေးတယ်..ငါ လိပ်ကြီးကို သယ်ခိုင်းရင်ကောင်းမလား"
"အင်း..ခဏစောင့်လိုက်ပါအုံးမယ် လိပ်ကြီးရဲ့ အလုပ်က ပင်လယ်ကြမ်းပြင်မှာရှိနေတဲ့ တောင်ကြီးကို ဖုံးလွှမ်းထားတဲ့ ရွှံ့နဲ့ကျောက်တုံးတွေကို ရှင်းလင်းဖို့ပဲ..."
.....
နှစ်ရက် သုံးရက်လောက်ကြာတဲ့အခါ လိပ်ကြီးက မတူညီတဲ့ နေရာများကို တူးဖော် ရှင်းလင်းလိုက်သည်။လိပ်ကြီးက မြေကြီး တန်ချိန် သိန်းနှင့်ချီ တူးဖော်ပြီး ရှင်းလင်းခဲ့တာပဲ ဖြစ်၏။
လျူယောင်က ပင်လယ်ဘေး ဂိုဒေါင်ထဲတွင်ရှိနေပြီး စိတ်ထဲကနေ လိပ်ကြီးကို တွေးလိုက်မိတာကြောင့် တတိယအမြင်ကို ရိုးရိုးလေးပင် ဖွင့်လိုက်သည်။ မီတာ ၃၀၀၀ ကျော်နက်တဲ့ ရေအနက်တွင် လိပ်ကြီးတူးနေတာကို သူ တွေ့လိုက်ရသည်။
"ဟင်...ဘာလဲဟ.."
ဒီနေရာက နည်းနည်းကွာခြားပုံရ၏။ လိပ်ကြီးနဲ့ ဆက်သွယ်ဖို့ လျူယောင် အချိန်မရသေးမှီတစ်ဖက်မှ မြင်ကွင်းကိုမြင်တဲ့အခါ သူ ချက်ချင်းအံ့သြသွားသည်။
လိပ်ကြီးက ဖုံးအုပ်ထားတဲ့ မြေသားအလွှာကို တူးဖော်ပြီး ရှင်းလင်းလိုက်တာနဲ့ အောက်တွင် ကြီးမား ပြီးပြည့်စုံသော မီးခိုးနက်ရောင် သတ္တုများ ပေါ်လာခဲ့သည်။
ထူထဲတဲ့ မြေအလွှာအောက်တွင် မီးခိုးနက်ရောင် သတ္တုမှာ ပြီးပြည့်စုံမနေဘဲ အပိုင်းအစများ ဖြစ်နေသည်။
ဥပမာအားဖြင့် လိပ်ကြီး တူးဖော်ကာ ရှင်းလင်းတဲ့လုပ်ငန်းစဉ်တွင် အရွယ်အစားအမျိုးမျိုးရှိတဲ့ မီးခိုးနက်ရောင် သတ္တုများကို ဆက်တိုက် ရှင်းလင်းထား၏။
တချို့က တန်အနည်းငယ် အလေးချိန်ရှိကြပြီး တချို့ကတော့ တန် ဒါဇင်ချီ ဒါမှမဟုတ် တန်ရာနဲ့ချီရှိနေသည်။ ဒီသတ္တုများကို ရှင်းလင်းပြီးနောက် မလှမ်းမကမ်းက ပြန့်ပြူးတဲ့ နေရာကို လိပ်ကြီး သယ်သွားသည်။
အခု လိပ်ကြီးက ပိုကြီးတဲ့ သတ္တုအပိုင်းအစကို ရှင်းလင်းနေပြီး အလေးချိန်မှာ တန် လေးငါးထောင်လောက်ရှိမယ်လို့ ခန့်မှန်းရသည်။
ကြီးမားတဲ့ သတ္တုမျက်နှာပြင်ကို ဖုံးအုပ်ထားတဲ့ ဖုန်များကို ရှင်းလင်းလိုက်ပြီးနောက် အဲဒါကို လိပ်ကြီး မရွှေ့ရန် ကြိုးစားနေသည်။
"ငါ့ကောင်ကြီးရေ..."
မိနစ်အနည်းငယ်လောက် လျူယောင် ကြည့်ပြီးနောက် လိပ်ကြီးကို စတင်စကားပြောလိုက်သည်။
"ဘာတုန်း သခင်ရ ကျွန်တော် ဒီသတ္တုအပိုင်းအစကို ရွှေ့တော့မလို့ဟာ.. "
လျူယောင် ခေါင်းညိတ်လိုက်ကာ ပြောလိုက်၏။
"အင်း မင်း ကြိုးစားကြည့်လို့ရတယ်.. "
သတ္တုအပိုင်းအစက အနည်းဆုံး တန် လေးငါးထောင် အလေးချိန်ရှိပေမဲ့ လိပ်ကြီးက ရွှေ့နိုင်လိမ့်မည်ဟု ထင်မိသည်။
တစ်ဖက်မှာ လိပ်ကြီးတွင် ကြီးမားတဲ့ ခွန်အားများရှိပြီး နောက်တစ်ဖက်မှာတော့ ဒါက ပင်လယ်ကြမ်းပြင်ဖြစ်တာမို့ ပင်လယ်ရေရဲ့ ရေပေါ်ပေါ်ခြင်း ဂုဏ်သတ္တိလည်း ရှိနေသည်။
ရေပေါ်ပေါ်ခြင်းစွမ်းအားကြောင့် ဒီသတ္တုအပိုင်းအစက သုံးပုံတစ်ပုံကျော် ပိုပေါ့နေလိမ်မည်။ဒါက တန်ချိန် နှစ်ထောင်မှ သုံးထောင်လောက်ရှိနေတာမို့ ရွှေ့လို့ရလောက်သည်။
ဒါပေမဲ့ လိပ်ကြီး ကြိုးစားကြည့်ပေမဲ့ သတ္တုအပိုင်းအစက လုံးဝ ရွေ့လို့ မရပေ။ လိပ်ကြီး ခဏတာ တုန်လှုပ်သွားရသည်။
သူ ဒါကို မရွှေ့နိုင်ဘူးဆိုတာ မယုံကြည်နိုင်တာမို့ သူရဲ့ အကြီးဆုံးခွန်အားကို သုံးလိုက်သော်လည်း မရွှေ့နိုင်သေးပေ။
"ဟူး သခင်.. ကျွန်တော် မရွှေ့နိုင်ဘူးဗျာ .."
ဒီမြင်ကွင်းကို အဆက်မပြတ်ကြည့်နေတာကြောင့် ဒီသတ္တုအပိုင်း အစကို လိပ်ကြီး မရွှေ့နိုင်ဘူးဆိုတာ သူ သိလိုက်ရ၏။