အခန်း (၄၂၅-၄၂၆)
Vol. 31 Ch. 425-426
အပိုင်း (၄၂၅)
နှစ်နှစ်၊ သုံးနှစ်။ ထိုအရာက မည်မျှတန်ဖိုးကြီးမားသနည်း။ သူ စုနန်သည် အသက် ၆၀ ရှိနေပြီဖြစ်၏။ သူ အသက်မည်မျှ ရှည်ကြာအောင် နေရမည်နည်း။ ဆက်ခံသူ စုကျန့်ထင်ကလည်း သေဆုံးသွားခဲ့ပြီဖြစ်၏။ သူ၏အတော်ဆုံးသား စုကျန့်ကျန်းကလည်း ယခုနှစ်တွင် အသက် ၁၈ နှစ်သာလျှင် ရှိသေး၏။ သူ့အနေနှင့် နှစ်အနည်းငယ်လောက် အခြေခံကို ပြန်လည်တည်ဆောက်ရန် လိုအပ်၏။
ထိုကဲ့သို့သော အခြေခံများကို ပြန်လည် တည်ဆောက်နေတုန်းမှာပဲ စုကျန့်ကျန်းကို ပြုစုပျိုးထောင်ရန် အချိန်အတော်ကြာ ကြိုးစားရပေဦးမည်။ သူ၏အချိန်က တကယ့်ကို ကျပ်တည်းလျက်ရှိ၏။ သူ ရွှေဒင်္ဂါးများကို ပိုမိုကာ လိုအပ်သည်။
ချင်ဘုရင် အာယုခန်၏ တစ်နှစ်ပတ်လုံး စုဆောင်းထားခဲ့သည့် ရွှေဒင်္ဂါးများသည် သူ့အား သွေးဆောင် ခေါ်ယူနေသည့် အရာများကဲ့သို့ပင်။ ထို့အပြင် ရွှေဒင်္ဂါးနှစ်သန်းဆိုသည်မှာ ရွှဲ့ပြည်နယ်၏ တစ်နှစ်လုံးစာ အခွန်အခ ထက်ပင် ပိုမိုကာများပြား၏။ သူ ထိုကဲ့သို့ပင် လက်လျှော့ပေးရမည်လား။
ထိုအချိန်မှာပဲ စုနန်က ဆုံးဖြတ်ချက်ကို မပြောင်းလဲချင်ပေ။ အနောက်ဘက်ဒေသဆီသို့ ထွက်ပြေးသွားရန် အာရုံစိုက်သင့်သည်ဟု ထပ်တလဲလဲ သူ့ကိုယ်သူ ပြောဆိုနေမိ၏။ သူ့အနေနှင့် ရွှေဒင်္ဂါးနှစ်သန်း တည်ရှိနေသည် ဆိုလျှင်တောင်မှ မယူသင့်ကြောင်း သတိပေးနေမိသည်။ သို့ပေမည့် သူ၏နှလုံးသားတွင် ရှိနေသည့်အရာတစ်ခု ကလည်း သူ၏ ဆုံးဖြတ်ချက်ကို ဆွဲထား၏။ လောဘတရားပင်။
သူ ရွှေဒင်္ဂါးများကို လိုချင်၏။ ချင်နိုင်ငံသည် သူနှင့် မိုင် ၂၀၀ ပတ်လည် အနီးနားတွင် တည်ရှိ၏။ ရွှေဒင်္ဂါးများသည် သူလက်လှမ်းမှီသည့် နေရာတွင် လွယ်လွယ်ကူကူ ရှိနေ၏။ သူ၏ပါးစပ်ထဲသို့ ရောက်ရှိတော့မည့် အစားအစာများ ဖြစ်သည်။ သူ အဘယ်ကြောင့် မစားရမည်နည်း။ လိုချင်လောဘကြီးမှု၊ အားကောင်းသည့် လိုချင်လောဘ ပေါ်လာချိန်မှာတော့ သူ ထိုအရာကို မည်သို့မှ မဖုံးကွယ်နိုင်ခဲ့တော့ချေ။
“အင်း.. ကင်းထောက်တွေ ဘယ်ရောက်သွားလဲ။ အနောက်ဘက်မှာ ရန်သူတွေ ပါသေးလား”
“သခင်ကြီး.. ကျုပ်တို့ရဲ့အနောက် မိုင် ၅၀၀ ပတ်လည်အတွင်းမှာ ဘယ်ရန်သူမှ မရှိပါဘူး”
စုကျန်က တုန်ယင်သွားမိ၏။ “အစ်ကိုကြီး.. သွားပြီးလုယူရအောင်။ ရွှေတွေရပြီဆိုတာနဲ့ ကျန်တဲ့ညီအစ်ကိုတွေ ဘာတစ်ခုမှ စောဒကတက်မှာ မဟုတ်တော့ဘူး”
စုရုံက ပြောလိုက်သည်။ “အရှင်... ရွှေတွေသာရမယ်ဆိုရင် အနောက်ပိုင်းဒေသမှာ ကျုပ်တို့က အချိန်အတိုဆုံးနဲ့ မြေပိုင်နက်တစ်ခုကို လွှမ်းမိုးနိုင်စွမ်း ရှိလိမ့်မယ်။ ဒါဆိုရင် ကျုပ်တို့ရဲ့ ဂုဏ်သတင်းကို ပြန်ပြီး တည်ဆောက်လို့ ရတယ်။ လုံလောက်တဲ့ ရွှေတွေရှိတယ်ဆိုရင် ဆောင်ဘုရင်တောင်မှ ကျုပ်တို့ကို စီရင်စုတစ်ခု ပေးလိမ့်မယ်”
ဤအရာက အမှန်ပင်ဖြစ်၏။ အနောက်တိုင်းဒေသတွင် အရာအားလုံးကို ပိုက်ဆံနှင့် ဝယ်ယူ၍ရ၏။ ရာထူးရာခံတစ်ခုကိုပင် ဝယ်ယူနိုင်စွမ်းရှိ၏။
စုနန်က အံကိုကြိတ်လိုက်မိသည်။ “မဖြစ်သေးဘူး။ ချင်နိုင်ငံကိုသွားလို့ မဖြစ်သေးဘူး။ အချိန်မဖြုန်းနဲ့တော့။ အရေးကြီးဆုံးက အနောက်ပိုင်းဒေသကို အရင်ဆုံးရောက်ဖို့ပဲ”
ပြီးနောက် စုနန်က ကျယ်လောင်စွာအမိန့်ပေးလိုက်၏။ “ကဲ… နားတာလုံလောက်ပြီ။ ခရီးဆက်ကြရအောင်။ အနောက်ဘက်ကို ဆက်ကြမယ်”
လောလောလတ်လတ် ရရှိခဲ့သည့်သင်ခန်းစာသည် တကယ့်ကို သူ့အား အကြီးအကျယ် ဒုက္ခပေးခဲ့၏။ စုနန်က ချင်နိုင်ငံဆီသို့ မသွားရန် ဆုံးဖြတ်လိုက်၏။ သို့ပေမည့် သူ အမိန့်ပေးလိုက်သည့် အချိန်တွင် အမိန့်ပေးသည့် စကားလုံးကို ရှိရှိသမျှအားအင် ညှစ်ထုတ်ကြီး အသုံးပြုခဲ့ရကြောင်း သူ နှင့် ကောင်းကင်သာလျှင် သိရှိသည်။
များပြားလွန်းသည့် ရွှေဒင်္ဂါးများက သူ့ကိုဆွဲဆောင်ခဲ့၏။ သို့ပေမည့် သူ ... စုနန်က အမိန့်ပေးခဲ့ပြီဖြစ်၏။ စုကျန်နှင့် စုရုံတို့ မည်ကဲ့သို့ စိတ်မပါသည်ဆိုသော်လည်း တာဝန်ကိုထမ်းဆောင်ရပေလိမ့်မည်။ သို့ပေမည့် စုကလန်၏ စစ်သည်များက ထွက်ခွာချင်စိတ် မရှိချေ။ သူတို့က အနောက်ဘက်ကို မသွားချင်ကြပေ။
စုနန်က ဒေါသထွက်သွား၏။ “ဘာလို့ မသွားချင်ရတာလဲ။ ရက်အနည်းငယ်ပဲ ရှိသေးတယ်။ ငါ့ရဲ့အမိန့်ကိုတောင် နားမထောင်တော့ဘူးလား”
စုရုံက ပြောလိုက်သည်။ “ညီအစ်ကိုတွေ တော်တော်များများက ချင်နန်းတော်ထဲမှာ ရွှေတွေရှိတယ်ဆိုတာကို သိတယ်။ ဒါကြောင့် မသွားခင် ယူချင်နေတာပါ”
စုနန်က အပြင်ဘက်သို့ လှမ်းလျှောက်လိုက်၏။ ချက်ချင်းပင် စုကလန်၏စစ်သည်ပေါင်း ထောင်ချီတို့က အသာတကြည် ဒူးထောက်ထိုင်ချလိုက်၏။
“အရှင်.. အနောက်မှာ လိုက်လာတဲ့သူတွေလည်း မရှိဘူး။ ချင်နန်းတော်ကလည်း လီနှစ်ရာ အဝေးမှာ ရှိနေတာ”
“အရှင်.. ကျုပ်တို့ အနောက်တိုင်းဒေသကို သွားမယ်ဆိုတာသိပါပြီ။ ဒါပေမဲ့ ကျုပ်တို့ ညီအစ်ကိုတွေက လက်ထဲ ဘာမှမပါလာတော့ စိုးရိမ်မိတယ်။ ရွှေတွေသာရှိမယ်ဆိုရင် ဒီညီအစ်ကိုတွေ အားလုံး စားစားသောက်သောက်နဲ့ နေလို့ရတယ်”
“အရှင် ချင်နန်းတော်က လီနှစ်ရာ အဝေးမှာရှိတယ်။ ရွှေဒင်္ဂါးပေါင်းသန်းချီကလည်း ကျုပ်တို့ရဲ့ လက်တစ်ကမ်းမှာပဲ။ ဘာလို့ သွားမယူရတာလဲ”
“အရှင်.. ရွှေတွေကိုသာ ရပြီးပြီဆိုရင် ကျုပ်တို့ညီအစ်ကိုတွေအားလုံးက ဒါကို ဆယ်ပုံပုံပြီး တစ်ပုံပဲယူမှာပါ။ ကျန်တာအားလုံးကို အရှင့်ရဲ့အခြေခံပိုပြီးကောင်းမွန်လာအောင် အသုံးပြုလို့ရပါတယ်”
“အရှင်... ကျေးဇူးပြုပြီး သနားညှာတာပေးပါ”
ကိုယ်ပိုင်စစ်သည်ပေါင်း ၄,၀၀၀ ကျော်တို့သည် ဒူးထောက်ပြီး စုနန်ကို သနားညှာတာပေးရန် တောင်းပန်နေ၏။ များပြားလွန်းသည့် ရွှေဒင်္ဂါးများကို ရရှိရမည့်အခြေအနေမျိုး၌ မည်သူမှသည် ဤလောဘတရားကို မခုခံနိုင်ခဲ့ချေ။
စုနန်၏ဟန်ချက်က အစောကြီးတည်းက ပြိုလဲလုပြီးသားဖြစ်၏။ ထိုအချိန်မှာတော့ သူသည် ရွေးချယ်ခွင့် မရှိတော့ဘဲ ထိုအရာကို ရယူရပေတော့မည်။
စုနန်က ဒေါသတကြီး ပြောလိုက်၏။ “မင်းတို့ကောင်တွေ”
ပြီးနောက် သူက အမိန့်ပေးလိုက်သည်။ “အားလုံးပဲ တောင်ဘက်ပိုင်းကိုဦးတည်မယ်။ အမြန်ဆန်ဆုံးနှုန်းနဲ့ ချင်နန်းတော်ထဲမှာ ရှိနေတဲ့ ရွှေတွေကို လုယူမယ်။ ပြီးရင် အနောက်ဘက်ခြမ်းကို ချက်ချင်းပြန်ကြမယ်”
“ကောင်းပါပြီ။ အရှင် သက်ရှည်ကျန်းမာပါစေ”
စုမိသားစု၏ ကိုယ်ပိုင်စစ်တပ်ကြီး၏ စိတ်ပိုင်းဆိုင်ရာများက စောဏတုန်းက နိမ့်ကျနေခဲ့၏။ ယခု ရုတ်တရက် ပြန်လည်ကာ တိုးတက်လာခဲ့၏။ ပြီးနောက် စုနန်သည် စစ်သည်ပေါင်း ၅,၀၀၀ ကျော်ကို ဦးဆောင်ကာဖြင့် တောင်ဘက်ပိုင်းဆီသို့ ဦးတည်၏။ ထိုနေရာတွင် ချင်နန်းတော် တည်ရှိနေ၏။
အထူးသဖြင့် လူသားတို့၏သဘာဝက အရာအားလုံးကို ပြောင်းလဲစေခဲ့၏။ အခြေအနေတစ်ခုလုံးက ရှမ့်လန် တွေးထင်ထားသကဲ့သို့ မဖြစ်ဘဲ လွှဲချော်ချင်သည်ဆိုလျှင်တောင်မှ ကပ်ခါသီကာ ဖြစ်ခဲ့သေးသည်။
ချင်နန်းတော် တစ်ခုလုံးတွင် ရွှေများဖြင့် ပြည့်နှက်နေ၏။ သို့ပေမည့် စုကလန်အတွက် ထိုအရာက ငရဲခန်းကြီးပင် ဖြစ်၏။ ရှမ့်လန် ကိုယ်တိုင် ဖောက်ထွင်း၍ မရနိုင်အောင် ဖန်တီးထားခဲ့သည့် ငရဲခန်းတစ်ခု ဖြစ်၏။
…..
ရှမ့်လန်က စစ်သည်များကို မြန်မြန်ဆန်ဆန်နှင့် ဦးဆောင်ခေါ်ဆောင်သွားခဲ့ခြင်း မရှိချေ။ ထိုအစား အလွန် ကျွမ်းကျင်သည့် သိုင်းပညာရှင် အနည်းငယ်ကို ချင်နန်းတော်ဆီသို့ အလျှင်အမြန် သွားရောက်ရန် စေလွှတ်လိုက်သည်။
သူတို့က စုနန်ထက် နှစ်ရက်၊ သုံးရက်ခန့် စောစွာဖြင့် ရှေ့ဆုံးမှ ဦးဆောင်ကာ ရောက်ရှိသွားကြ၏။
အာယုနာနာက ချင်နိုင်ငံ၏ ဘုရင်မ ဖြစ်၏။ ထို့ကြောင့် နန်းတော်ကြီးက သူမ ပိုင်ဆိုင်ရာပင်။ ချင်ဘုရင်မ ကိုယ်တိုင် ရောက်ရှိမလာသော်လည်း မိန်းမစိုးများနှင့် နန်းတော်တွင်းရှိ အစောင့်အားလုံးတို့သည် ဘုရင်မအပေါ် သစ္စာခံရန် ပြင်ဆင်ခဲ့ပြီးသား ဖြစ်၏။ မိန်းမစိုးများသည် ယေဘုယျအားဖြင့် ဘုရင်မရောက်ရှိလာသည်နှင့် တပြိုင်နက် တစ်နေ့လျှင် ဆယ်ကြိမ် ဘုရင်မအတွက် တောင်းဆု ပြုရမည်ဟုပင် စည်းကမ်းချမှတ်ထားသေးသည်။
အဘယ့်ကြောင့် ရှမ့်လန်က ချင်နန်းတော်ဆီသို့ လူများ စေလွှတ်လိုက်ရသနည်း။ ပြောရမည်ဆိုလျှင် နန်းတော်ကြီး တစ်ခုလုံးရှိ ရွှေများကို အဆိပ်သုတ်လိမ်းရန်။ ထိုအရာက ဖြစ်နိုင်သည်လား။ မဖြစ်နိုင်ချေ။ ချင်နန်းတော်ကြီးက ရွှဲ့ပြည်နယ်၏ နန်းတော်ကြီးလောက် မကြီးမားလျှင်တောင်မှ ဧက ရာနှင့်ချီ ကြီးမား၏။ မြေတည်နေရာနှင့် အမိုးအားလုံးက ရွှေများဖြင့် ဖုံးလွှမ်းနေ၏။
အဆိပ်ဆိုသည်မှာ ဤလောကကြီးတွင် အင်မတန် ရှားပါးသည့် အရာဖြစ်၏။ ဤကဲ့သို့ နန်းတော်ကြီး တစ်ခုလုံးကို အဆိပ်များဖြင့် သုတ်လိမ်းဖို့ ဆိုလျှင် မည်မျှများပြားသည့် အဆိပ်အရေအတွက် ကုန်ရမည်နည်း။
အဆိပ်ကို ကြိုတင်ကာ လိမ်းထားသည်ဆိုလျှင်တောင်မှ တစ်စုံတစ်ယောက်က သတိပြုမိမှာ သေချာ၏။ ထို့ကြောင့် သူက တခြားသောနည်းလမ်းတစ်ခုကို စဉ်းစားကာ ပြင်ဆင်ခဲ့သည်။
မကြာခင်တွင် ဘုရင်မ ဤနေရာသို့ ရောက်ရှိမှာဖြစ်၏။ ထိုသို့ဆိုလျှင် ဤနေရာတစ်ခုလုံးကို ဆေးကြောရ ပေလိမ့်မည်။ နံရံအမိုးများတင်သာမက မြေပြင်တစ်ခုလုံးကိုလည်း သန့်ရှင်းအောင် ဆေးကြောရပေလိမ့်မည်။ ဤအရာက ပုံမှန်ပင် ဖြစ်၏။ ဤကဲ့သို့သော နန်းတော်ကြီးတစ်ခုလုံးကို သန့်ရှင်းရန်အတွက် မည်ကဲ့သို့သော ရေမျိုးကို အသုံးပြုရမည်နည်း။
လူတော်တော်များများက ချင်နိုင်ငံထဲတွင် သေဆုံးခဲ့ကြ၏။ အထူးသဖြင့် လွန်ခဲ့သည့် လအနည်းငယ်က ကျောက်ရောဂါပိုးကြောင့် လူပေါင်းများစွာ သေဆုံးခဲ့၏။ လူတော်တော်များများသည် ထိုအလောင်းများကို မီးရှို့ သင်္ဂြိုဟ်ရန်ပင် အချိန်မရှိခဲ့ချေ။ ထို့ကြောင့် တွင်းကြီးတစ်ခုကို တူးပြီး ထိုထဲသို့ အလောင်းပေါင်းများစွာကို ပစ်ထည့်ခဲ့၏။ အလောင်းအားလုံးတို့သည် လက်ရှိအချိန်တွင် ပုပ်ပွကာ အရည်များပင် ထွက်နေကြပြီ ဖြစ်၏။
ရှမ့်လန်က သူကိုယ်တိုင် ဖန်တီးထားသည့် ဓာတ်ငွေ့ကာ မျက်နှာဖုံးများကို သူ၏လူများဆီသို့ ပေးအပ်ထားခဲ့၏။ ထိုသူအားလုံးသည် မျက်နှာဖုံးများကို ဝတ်ဆင်ပြီးနောက် ထိုလူပေါင်းသောင်းချီ ပစ်ချထားသည့် တွင်းကြီးထဲမှ အရည်များအား ပုံးများဖြင့် ခပ်ထုတ်၏။ ပြီးနောက် ထိုပုံးများကို အသုံးပြုပြီး နန်းတော်ရှိ ရွှေများကို လိုက်လံ လောင်း၍ သန့်ရှင်းသည်။
ကျောက်ရောဂါပိုး မရှိတော့ချေ။ သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သို့ပေမည့် ဤရေသည် လောကတွင် အညစ်ပတ်ဆုံးသော ရေကဲ့သို့ပင်။ ဤရေတွင် မည်မျှ များပြားသည့် ပိုးများ တည်ရှိနေကြောင်း တိတိကျကျ မသိရှိခဲ့ချေ။ အနည်းငယ်လောက် ပါးစပ်ထဲ ဝင်သွားသည်ဆိုပါက မသေဆုံးလျှင်တောင် ဆိုးဆိုးဝါးဝါး ဝမ်းပျက်မှုကို ခံစားရပေလိမ့်မည်။
ငှက်ဖျားရောဂါဖြစ်ရန်လည်း အခွင့်အရေးများ၏။ ထို့အပြင် ချင်နိုင်ငံ၏ မြက်ခင်းပြင်များပေါ်တွင် ငှက်ဖျားရောဂါ ၏ ရောဂါပိုးဥများ တည်ရှိနေသောကြောင့်ပင်။ ထိုတင်သာမကသေးချေ။ ဝူလဲ့က စိန်အဆိပ် ကီလိုဂရမ်ပေါင်း များစွာကို ရေထဲသို့ ထပ်ထည့်ခဲ့၏။ ထိုအရာက ရှမ့်လန် စုစည်းခဲ့သမျှ စိန်အဆိပ် အားလုံးပင် ဖြစ်၏။ ထိုကဲ့သို့သော စိန်အဆိပ်ကို အသုံးပြုမှသာလျှင် လူသောင်းချီကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပေလိမ့်မည်။
အရာအားလုံး ပြုလုပ်ခဲ့ပြီးသား ဖြစ်၏။ ဝူလဲ့က သူ၏လူများကို ခေါ်ဆောင်၍ ပြန်လည်ထွက်ခွာသွားခဲ့၏။ နန်းတော်ကြီး တစ်ခုလုံးကို ကြည့်ရသည်မှာ အသစ်ကဲ့သို့ပင် တောက်ပလျက်ရှိနေသည်။ ရွှေရောင်ကလည်း ဝင်းနေ၏။ သူတို့သည် အသစ်ရောက်ရှိလာမည့် လူများကို ကြိုဆိုရန် အဆင်သင့်ပြင်ဆင်ပြီးဖြစ်သည်။
.......
ကျန့်ထော်နှင့် လျန်ယုံနင်တို့ဘက်တွင်တော့ ...
တကယ့်ကို မယုံကြည်နိုင်မှု၊ အံ့အားသင့်မှု၊ ဝမ်းသာမှုများနှင့် ရောပြွမ်းလျက်ရှိနေ၏။ မိမိကိုယ်ကိုယ် ကယ်တင်ရန် သူတို့နှစ်ယောက်က စစ်သည်ပေါင်း နှစ်သောင်းကျော်ကို ဦးဆောင်ပြီး ကျန်းယွမ်နယ်စားကြီး အိမ်တော်ဆီသို့ ချီတက်ခဲ့၏။
သူတို့အနေနှင့် ရူးသွပ်လွန်းသည့် သွေးခင်းသောတိုက်ပွဲတစ်ခုကို တွေ့ကြုံရလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ ထို့အပြင် ကျန်းယွမ်နယ်စားကြီး အိမ်တော်သည် အလွန်အန္တရာယ်များကြောင်း သိရှိပြီးသားဖြစ်၏။ ထိုအရာက ခုခံရန် လွယ်ကူပြီး တိုက်ခိုက်ရန် ခက်ခဲသည့်အရာမျိုးပင်။
သို့ပေမည့် စစ်သည်ပေါင်းများစွာကို ခေါ်ဆောင်ပြီး ကျန်းယွမ်နယ်စားအိမ်တော်ဆီသို့ ရောက်ရှိသည့် အချိန်မှာတော့ သူတို့က အလုံးစုံ ကြောင်အသွားခဲ့၏။ ရဲတိုက်ကြီးတစ်ခုလုံးက အစောင့်ရှိသည့်ပုံပင် မပေါ်ပေ။ ထို့အပြင် အထဲတွင် ရှုပ်ထွေးလျက် ရှိနေပြီး အားလုံးသောသူတို့က စိုးရိမ်ပူပန်စွာဖြင့် ဟိုပြေးဒီပြေးလုပ်နေ၏။
စုနန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ စုကလန်၏ တိုက်ရိုက်မျိုးဆက်အားလုံးကလည်း ပျောက်ကွယ် သွားခဲ့၏။ စစ်သည်အားလုံးကလည်း ပျောက်ကွယ်သွားခဲ့သည်။
ဟုတ်ပေ၏။ လူအိုများ၊ လူငယ်များ မိန်းမနှင့် ကလေးများသာလျှင် ကျန်ရှိခဲ့၏။
ထိုအရာက တစ်စုံတစ်ခု လွဲမှားလျက်ရှိနေ၏။ စုကလန်တစ်ခုလုံး ထွက်ပြေးသွားခဲ့ပြီဖြစ်ကြောင်း သိသာသွား၏။ ကျန်ရှိခဲ့သည့်လူများမှာ အသုံးမဝင်သည့် လူအနည်းငယ်သာလျှင် ဖြစ်၏။ ရဲတိုက်ကြီးသည် အပြင်ဘက်ထက် အထဲတွင် နေထိုင်ခြင်းက ပိုမိုကာ လုံခြုံကြောင်း အားလုံး ခံစားမိ၏။ ထိုသို့ဆိုလျှင် စုမျိုးနွယ်များ ဘာလုပ်ကြသနည်း။
ကျန့်ထော်နှင့် လျန်ယုံနင်တို့၏ ပထမဦးဆုံးသော တုံ့ပြန်မှုမှာတော့ အံ့အားသင့်မိနေကြခြင်းပင်။ ဤနောက်ကွယ်တွင် ဆိုးဝါးသည့်အရာတစ်ခု ရှိနေမည်ဖြစ်ကြောင်း သူတို့သတိပြုမိ၏။
သူခိုးကြီး စုနန် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းကြောင်း အားလုံးသောသူတို့က သိရှိ၏။ အဘယ့်ကြောင့် ရဲတိုက်ကြီးကို ဟာလာဟင်းလင်းနှင့် ထားခဲ့ရသနည်း။ ကျိန်းသေပေါက် အထဲတွင် ထောင်ချောက်တစ်ခုခု ရှိနေပေလိမ့်မည်။
သို့ပေမည့် ရဲတိုက်ကြီးက လွတ်ကင်းသောကြောင့် သူတို့ ကြောက်လန့်နေ၍တော့ မဖြစ်ချေ။ ထို့ကြောင့် ကျန့်ထော်သည် နယ်စားအိမ်တော်ထဲသို့ ဝင်ရောက်ရန် အသေခံတပ်ဖွဲ့ကို စေလွှတ်လိုက်၏။ သို့ပေမည့် ခဏအတွင်းမှာပဲ ရဲတိုက်ကြီးတစ်ခုလုံးကို အပိုင်သိမ်းနိုင်ခဲ့သည်။ အံ့အားသင့်စရာ ကောင်းလွန်းလှ၏။
ကျန်းယွမ်နယ်စားအိမ်တော်သည် တိုက်ခိုက်ရန် အခက်ခဲဆုံးသော အိမ်တော်များထဲမှ တစ်ခုဖြစ်၏။ ပိုင်ရီမြို့ထက်ပင် တိုက်ခိုက်ရန် ပိုမိုကာ ခက်ခဲလွန်း၏။ သာမန်အခြေအနေအရဆိုလျှင် စစ်သည်ပေါင်း တစ်သောင်းကျော်ကို အသုံးမပြုဘဲ၊ လအနည်းငယ်ကြာ တိုက်ခိုက်ခြင်းမရှိဘဲ ထိုအရာကို ရရှိနိုင်လိမ့်မည် မဟုတ်ချေ။
ကျန့်ထော်အနေနှင့် စစ်သည်ပေါင်းရာချီကိုသာ စေလွှတ်ခဲ့ပြီး ဆယ့်ငါးမိနစ် မကြာခင်မှာပဲ ရဲတိုက်ကြီး တစ်ခုလုံးကို သိမ်းဆည်းထားခဲ့၏။ ကျိန်းသေပေါက် ထိုအရာ၏ နောက်ကွယ်တွင် မကောင်းသည့်အရာတစ်ခုခု ရှိနေနိုင်သည်။
ကျန့်ထော်က မပြေးခဲ့ချေ။ ထိုအစား လျန်ယုံနင်ကသာလျှင် ထွက်ပြေးခဲ့၏။ နောက်ဘက် မိုင်အနည်းငယ်ဆီသို့ ဆုတ်ခွာခဲ့ခြင်းပင်။ အဘယ့်ကြောင့်ဆိုသော် စုနန်က တကယ့်ကို အားကောင်းလွန်းသောကြောင့် စိတ်ထဲတွင် တကယ်ပဲ ကြောက်လန့်မိ၏။
ကျန့်ထော်မှာလည်း အထဲသို့ ကျိန်းသေပေါက် မဝင်သွားရဲချေ။ သူ၏စစ်တပ်ကြီးကိုလည်း အထဲသို့ မဝင်စေသေးချေ။ သူသည် ရဲတိုက်ကြီးကို စစ်ဆေးရန် အသေခံတပ်သား ထောင်ချီကို စေလွှတ်ခဲ့၏။ ကြီးမားသည့် ရဲတိုက်ကြီးထဲတွင် ထိုသူတို့က ထပ်တလဲလဲ သေသေချာချာ စစ်ဆေးခဲ့သည်။
အသေခံတပ်ဖွဲ့များ၏ သတင်းပို့ချက်အရဆိုလျှင် ကျန်းယွမ်နယ်စားကြီးအိမ်တော်တစ်ခုလုံးက ဗလာဟင်းလင်း ဖြစ်လို့နေ၏။ စုနန်သည် သူ၏မျိုးဆက်များနှင့်အတူ စစ်သည်ထောင်ချီကို ခေါ်ဆောင်ကာ ထွက်ပြေးသွားခဲ့ပြီ ဖြစ်၏။
ကျန့်ထော်သည် ရဲတိုက်ကြီးထဲသို့ မဝင်သေးချေ။ သို့ပေမည့် သူ၏သားကို အရင်ဆုံး စေလွှတ်ခဲ့ပြန်၏။ နာရီ အနည်းငယ် ကြာပြီးနောက် သူ၏သားသည် ကျန်းယွမ်နယ်စားအိမ်တော်တွင် မည်သည့်ထောင်ချောက်မှ မရှိကြောင်း ထွက်လာကာ သတင်းပို့သည်။
အထဲတွင် လူအိုများ၊ အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးများသာလျှင် ကျန်ရှိခဲ့၏။
ကျန့်ထော်နှင့် လျန်ယုံနင်တို့သည် စုနန် ထွက်ပြေးသွားခဲ့ပြီဖြစ်ကြောင်း သေချာသွားခဲ့၏။ သူတို့ နှစ်ယောက်လုံးသည် တကယ်ပင် ချီးကျူးမိ၏။ စုနန်က တကယ့်ကို စုနန်ပင် ဖြစ်၏။ အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ ကြီးမားသည့် ရဲတိုက်ကြီးကို ဤကဲ့သို့ပင် အဆုံးရှုံး ခံခဲ့သည်လား။ ကလန်သားများကို ခေါ်ဆောင်ကာ အနောက်ဘက်ဒေသဆီသို့ ပြေးခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
စုနန်သည် အခြေခံအသစ်တစ်ခုကို ပြန်လည် တည်ဆောက်ရန် ပြင်ဆင်နေခြင်းမှလွဲ၍ တခြား မဟုတ်နိုင်ချေ။ တခြားသော တစ်စုံတစ်ယောက်သာဆိုပါက ကျိန်းသေပေါက် ဤအရာကို နှမြောတသဖြစ်မှာ သေချာ၏။ စုနန်ကတော့ တကယ့်ကို သတ္တိကောင်းလွန်းလှ၏။ တခါတည်း စွန့်လွှတ်သွားခဲ့သည်၊
ကျန့်ထော်နှင့် လျန်ယုံနင်တို့သည် မည်သို့မှ မနေနိုင်ဘဲ ချီးကျူးမိကြ၏။ နယ်စားအိမ်တော်ကို ရရှိရန်အတွက် သူတို့က ကြီးမားသည့်တန်ဖိုးကို ပေးဆပ်ရလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ ဤမျှ လွယ်ကူလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
“ဟား ဟား ဟား ဟား ဟား။ ကောင်းကင်က ကျုပ်တို့နှစ်ယောက်ကို ကောင်းချီးပေးခဲ့ပြီ။ ရှမ့်လန်နဲ့ ကျန်းချုံးတို့ကတော့ ပိုင်ရီစီရင်စုကို နေ့နေ့ညည ခုခံခဲ့ရတယ်။ ဒါပေမယ့် ကျုပ်တို့နှစ်ယောက်က စုနန်ရဲ့ အဓိက အင်အားစုကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ပြီး ကျန်းယွမ်နယ်စားအိမ်တော်ကိုတောင် သိမ်းနိုင်ခဲ့တယ်။ ကျုပ်တို့ရဲ့ ကောင်းကျိုးပြုမှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရှမ့်လန်ရဲ့ ကောင်းကျိုးပြုမှုက ဘာလဲ။ ဘာမှမဟုတ်တော့ဘူး”
“ရှမ့်လန်.. မင်းက အရူးပဲ။ တကယ့်ကို ကျိန်းသေပေါက် အရူးပဲ။ မင်းက တောင်ပေါ်မှာထိုင်ပြီး ကျားတွေ တိုက်ခိုက်တာကို ကြည့်ချင်တာပဲ။ မင်းက ငါနဲ့ စုနန်နဲ့ တိုက်ခိုက်ပြီး နှစ်ဖက်လုံး ဒုက္ခရောက်တာကို ကြည့်မယ်။ ပြီးတော့ အကျိုးကျေးဇူးကို အပေါ်ကနေ ခူးခတ် စားချင်ခဲ့တာလေ။ အိမ်မက်သာ မက်ထားတော့။
စုနန်က ရဲတိုက်ကြီးတစ်ခုလုံးကို လက်လွှတ်ဆုံးရှုံးပေးပြီး ငါတို့နှစ်ယောက်ကို လွယ်လွယ်ကူကူနဲ့ ကျန်းယွမ်နယ်စားအိမ်တော်ကို ပေးလိမ့်မယ်လို့ မင်းဘယ်လိုလုပ် ထင်မိမှာလဲ။ ဘယ်သူကကော ထင်မိမှာလဲ။ စုမိသားစုကို ဖျက်ဆီးတယ်ဆိုတာ ကောင်းမွန်တဲ့ အကျိုးကျေးဇူးကို ပြုတဲ့အရာပဲ။ အခု စုနန် ပုန်ကန်မှုကို နှိမ်နင်းခဲ့တာလည်း ငါတို့နှစ်ယောက်ပဲ
ရှမ့်လန်က ကြိုးစားခဲ့တယ်ဆိုပေမဲ့ ဘာရခဲ့လဲ။ ဝူစစ်တပ်တွေက နုရှောင့်မြို့ကို တိုက်ခိုက်ခဲ့တယ်။ ကျင်းမိသားစုရဲ့ ဖျက်ဆီးခံရမှုက မကြာခင်ဖြစ်တော့မှာ။ ကျင်းမူလန်က သိုင်းပညာက ဖျက်ဆီးခံရပြီး အိမ်ရှေ့စံမင်းသားရဲ့ အိပ်ရာပေါ်ကို ပို့ခံရတော့မှာ။
ပြီးတော့ စုနန်ကို ဖျက်ဆီးခဲ့တာက ကျုပ်တို့ပဲ။ ရှမ့်လန်ကတော့ နှစ်ဆ ရှုံးပြီပဲ။ သူက ဉာဏ်ကောင်းတယ်လို့ ထင်နေသေးတာ။ ဒါပေမယ့် တကယ်တမ်းမှာတော့ သူက လူပြက်သာသာပဲလေ။ သူသာ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိမယ်ဆိုရင် စုနန်ရဲ့ခေါင်းကို ယူခဲ့တာ ကြာပြီပေါ့။ ဒါပေမယ့် စုနန်က အခု ထွက်ပြေးသွားခဲ့ပြီ။ အနောက်တိုင်း ဒေသဆီကို သွားနေတာ သေချာတယ်။ ဟား ဟား ဟား ဟား ဟား”
......................
အပိုင်း (၄၂၆)
ချင်နိုင်ငံအတွင်းမှာတော့ ...
“သွား သွား” စုနန်သည် စစ်သည်ပေါင်း ငါးထောင်ကျော်ကို ဦးဆောင်ပြီး ရှေ့မှ သွား၏။ သူက တောင်ဘက်ပိုင်းဆီသို့လှည့်ကာဖြင့် ချင်တိုင်း ချင်နန်းတော်ဆီသို့ ဦးတည်ခဲ့ခြင်းပင်။ နန်းတော်နှင့် မိုင်ဒါဇင် အနည်းငယ်ဆီသို့ ရောက်သည့်အချိန်မှာတော့ အားလုံးသောသူတို့က လျင်လျင်မြန်မြန်နှင့် ဝင်ရောက်ခဲ့၏။
နန်းတော်ထဲတွင် ရှိနေသည့် မိန်းမစိုးနှင့် အစောင့်များအားလုံးတို့က ထွက်ပြေးသွားခဲ့၏။ မိုင်တစ်ရာအကွာအဝေး အတွင်းရှိ အားလုံးသောသူတို့က ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသည်။
စုနန်၏ စစ်သည်ပေါင်း ငါးထောင်ကျော်တို့က လွယ်လွယ်ကူကူပဲ ချင်နန်းတော်တစ်ခုလုံးကို အပိုင်သိမ်းခဲ့၏။ သူတို့က မြင်းကျောကုန်းပေါ်မှာသာ ရှိနေသေး၏။
စုနန်က အမိန့်ပေးလိုက်သည်။ “ကင်းထောက်တစ်ရာကျော်ကို စေလွှတ်ပြီး အရပ်လေးမျက်နှာကို စောင့်ကြပ်ခိုင်းထား။ ပြီးတော့ မိုင်ရာချီတဲ့ အကွာအဝေးအတွင်းက အရာအားလုံးကို ငါတို့သိဖို့ လိုအပ်တယ်”
“ကောင်းပါပြီ” ကင်းထောက်တစ်ရာကျော်တို့က တည်နေရာအနှံ့ဆီသို့ ပြေးထွက်သွားခဲ့ကြ၏။
ပြီးနောက် စုနန်က အမိန့်ပေးလိုက်သည်။ “စစ်သည်တစ်ဝက်လောက် မြင်းပေါ်ကဆင်းပြီး ရွှေတွေကို ခွာယူကြ။ အမြန်ဆုံးလုပ်။ ပြီးတော့ ဘယ်သူမှ ဒါတွေကို ဖွတ်မထားရဘူး။ ယူခဲ့တဲ့ ရွှေတွေအကုန်လုံးကို ပြန်ပေးရမယ်။ ပြီးမှ ပြန်ပြီး ခွဲဝေပေးမယ်။ စစ်သည်တစ်ဝက်လောက်ကတော့ တည်နေရာအပြည့် လုံခြုံရေးယူပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ထား”
စုနန် အမိန့်ပေးလိုက်ပြီးနောက် စစ်သည်ပေါင်း လေးထောင်ကျော်တို့သည် စိတ်လှုပ်ရှားစွာဖြင့် မြန်မြန်ဆန်ဆန် စတင်ကာ လှုပ်ရှားကြတော့၏။
“ကောင်းပါပြီ”
ပြီးနောက် စစ်သည်တော်ပေါင်း နှစ်ထောင်ကျော်တို့သည် သူတို့၏ဓားများကို ထုတ်ကာဖြင့် ချင်နန်းတော်၏ ရှေ့ဆီသို့ ပြေးသွား၏။ သူတို့အားလုံးသည် သိုးများ၊ ဆိတ်များကို သတ်ဖြတ်ပစ်တော့မည့် သားသတ်သမားများ ကဲ့သို့ပင်။
စစ်သည်ပေါင်း နှစ်ထောင်ကျော်တို့က ရိုးရှင်းသည့် အကာအကွယ်စည်းမျဉ်းတစ်ခုကို ဖန်တီးပြီး စောင့်ကြပ်လျက် ရှိနေ၏။ ရွှေများကို ခွာယူခြင်းဆိုသည်မှာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်း၏။ ဤကဲ့သို့ ပြုလုပ်ရခြင်းက ပျော်ရွှင်စရာလည်း ကောင်းလွန်း၏။ သစ်သီးဝလံများကို ခူးဆွတ်ရခြင်း ကပင်လျှင် အလွန်ပျော်ရွှင်စရာ ကောင်းသည့် ခံစားချက်ကို ရရှိသည် မဟုတ်ပါလား။ ရွှေဆိုလျှင် ပြောနေစရာပင် မလိုအပ်ချေ။
လူပေါင်းနှစ်ထောင်ကျော်တို့သည် ထောင့်တစ်နေရာချင်းစီတိုင်းကို သွားရောက်ပြီး သူတို့၏ဓားများဖြင့် ရွှေများကို ခွာယူလိုက်ကြ၏။ ဤအရာက ရွှေများပင် ဖြစ်၏။ သံထက်ပိုမိုကာ ပျော့ပြောင်း၏။
နာရီဝက် .... တစ်နာရီ .....
နှစ်နာရီနီးပါး ကြာမြင့်ပြီးနောက် ရွှေတော်တော်များများကို ခြစ်ထုတ်ပြီးပြီ ဖြစ်သည်။
ရွှေများကို ခွာလျက်ရှိနေသည့် စစ်သည်ပေါင်း နှစ်ထောင်ကျော်တို့သည် သူတို့ထင်ထားသလောက် ပျော်ရွှင်စရာ မကောင်းကြောင်း သိရှိ၏။ အဘယ့်ကြောင့်ဆိုသော် ရွှေများမှာ ဆေးရေးခြယ်ထားသောကြောင့်ပင်။ အမိုး၊ နံရံ တော်တော်များများက ရွှေနှင့် ပြုလုပ်ထားခဲ့ကြ၏။ သို့ပေမည့် တည်နေရာ တော်တော်များများတွင် ရွှေဆေးများ သုတ်ထားခြင်းသာ ဖြစ်၏။
ထိုသို့ဆိုလျှင်တောင်မှ သူတို့ ခြစ်ထုတ်၊ တူးထုတ်လိုက်ရသည့် ရွှေများက တကယ့်ကို များပြားလွန်းပြီး အနည်းဆုံး ကက်တီ သိန်းချီ တည်ရှိ၏။ ရွှေများကို ခြစ်ထုတ်ရသည့်အချိန်သည် အနည်းဆုံး နာရီပေါင်း သုံးနာရီခန့် ကြာမြင့်၏။ လူဦးရေ နှစ်ထောင်ကျော်တို့က ဆက်လက်ကာ မတ်မတ် မရပ်နိုင်တော့ချေ။ ထိုအရာများကို ခြစ်ထုတ်ရသည်မှာ အာရုံစိုက်ရလွန်း၏။ ထို့ကြောင့် မသက်မသာ ခံစားလာခဲ့ရသည်။
နွေရာသီစွန်းစွန်းဖြစ်သော်လည်း သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ နေက ခပ်ပြင်းပြင်းထိတွေ့နေ၏။ ထို့ကြောင့် ချွေးများ တဖြိုက်ဖြိုက် ကျဆင်းနေ၏။ ထို့ကြောင့် စုနန်သည် ကျန်သည့်စစ်သည်တော် နှစ်ထောင်ကျော်တို့နှင့် လူလဲရန် စဉ်းစားလိုက်၏။
ပြီးနောက် ရွှေခွာယူသည့်လူများက အကာအကွယ်တည်နေရာဆီသို့ ရောက်ရှိသွားခဲ့ကြပြီး ပထမ ကာကွယ်ရေး တာဝန်ယူထားရသည့် စစ်သည်များက ရွှေများကို သွားရောက်ကာ ခွာယူရသည်။
ချက်ချင်းပဲ အားလုံးသောသူတို့က ပျော်ရွှင်သွားခဲ့၏။ သူတို့က နေ့မှ ညအထိ ဤအတိုင်းပင် ရွှေများကို ခွာလျက်ရှိနေ၏။ လူပေါင်းများစွာတို့သည် အာယုခန်အား ဆဲဆိုလျက်ရှိနေ၏။ ရူးသွပ်နေသည်လား။ ခိုးထားသည့် ရွှေတွေကို အစောကြီးတည်းက အရည်ဖျော်ပြီး ဤအတိုင်း အတုံးလိုက် အိမ်ဆောက်လိုက်ရင် ပြီးပြီ မဟုတ်လား။ အဘယ့်ကြောင့် ဤကဲ့သို့ ကပ်ကပ်ရပ်ရပ်နှင့် လျှောက်ကာ ကပ်ထားရသနည်း။
ရွှေများကို ခွာယူရခြင်းက တကယ့်ကို လက်ဝင်သည့်အလုပ်ပင် ဖြစ်၏။ ညသို့ရောက်သည့်ချိန်မှာတော့ စုနန်က တဖြည်းဖြည်းနှင့် စိုးရိမ်လာမိ၏။ သူက နန်းတော်၏ အမြင့်ပိုင်းတည်နေရာဆီသို့ ခုန်တက်ပြီး နေရာ အနှံ့ကို ကြည့်ရှုနေ၏။ နားကိုလည်း စွင့်ကာ ရန်သူ၏ ခြေသံကို နားထောင်သည်။ သို့ပေမည့် မည်သည့်ထူးခြားချက်မှ မရှိချေ။
ပြီးနောက် စုနန်သည် နန်းတော်အတွင်း လှည့်လည်ကာ သွားကြည့်၏။ ခြစ်ထုတ်ယူထားသည့် ရွှေပမာဏက တိုးတက်လာခဲ့၏။ ရွှေတောင်ကုန်းကြီးတစ်ခုကဲ့သို့ပင်။ မီးဖိုကြီးတစ်ခုကို ဘေးတစ်ဖက်တွင် ထွန်းညှိထားခဲ့၏။ ထို့ကြောင့် ရွှေရောင် တဝင်းဝင်းနှင့် တောက်ပလျက်ရှိနေ၏။
ပြီးနောက် သူတို့အားလုံးသည် ရွှေကိုစတင်၍ အရည်ဖျော်ရန် စဉ်းစားလိုက်ကြ၏။ ရွှေများကို အရည်ဖျော်ပြီးနောက် ရွှေတုံးပေါင်းများစွာ ဖြစ်လာခဲ့သည်။ စုနန်က အရည်ဖျော်ပြီးထားသော ရွှေတုံးတစ်တုံးကို ကောက်ယူလိုက်၏။ မီးရောင်အလင်းရောင်အောက်တွင် ထိုအရာက ဆွဲဆောင်မှု ရှိလွန်းလှသည်။
“အင်း.... အရှင် ဒီရွှေပမာဏက တွေးထင်ထားတာထက် ပိုပြီးများတာပဲ။ ပြောရမယ်ဆိုရင် ရွှေဒင်္ဂါး တစ်သန်းထက်တောင် ပိုပြီးများမယ်နဲ့တူတယ်။ ဒီရွှေတွေနဲ့ဆိုရင် အရှင့်အနေနဲ့ အနောက်တိုင်းဒေသမှာ ခြေကုတ်ယူဖို့ ပိုပြီးလွယ်ကူလာလိမ့်မယ်။ စီရင်စုတစ်ခုရဲ့ အုပ်ချုပ်ရေးမှူးနေရာကို ရဖို့ဆိုတာ လွယ်လွယ်လေးပဲ”
“နှစ်အနည်းငယ်ကြာပြီးသွားရင် ကျုပ်တို့ စုမိသားစုတစ်ခုလုံးက ထပ်ပြီးတော့ ကြီးမားကျယ်ပြန့်လာမှာပဲ။ ရွှဲ့ပြည်နယ်တစ်ခုလုံး ရှုပ်ထွေးနေတဲ့အချိန်မှာ ကျုပ်တို့အိမ်ကိုပြန်မယ်။ ပြီးတော့ လမ်းမှာရှိတဲ့ လူတွေအားလုံးကို သတ်မယ်။ အဲဒီနိုင်ငံကို ရအောင်ပြန်ယူမယ်။ ပြီးရင် ကျုပ်တို့ ရှမ့်လန်နဲ့ ကျင်းမိသားစုတစ်ခုလုံးကို သုတ်သင် ရှင်းလင်းပစ်မယ်။ အားလုံးကို သတ်မယ်”
“အရှင်... သက်ရှည်ကျန်းမာပါစေ။ စုမိသားစုတစ်ခုလုံး သက်ရှည်ကျန်းမာပါစေ”
ခဏအတွင်းမှာပင် ရွှေများက အနှိုင်းမဲ့ကဲ့သို့ပင် များပြားလာခဲ့၏။ သူတို့သည် အနောက်ပိုင်းဒေသသို့ပင် မရောက်ရှိသေးချေ။ ရွှေပေါင်းများစွာကို မြင်ရသည့်အချိန်မှာတော့ သူတို့၏ စိတ်ဓာတ်များက ပိုမို တိုးတက်လာခဲ့၏။
ညအမှောင်သို့ ရောက်ရှိလာခဲ့၏။ သို့သော်ငြား ရွှေခြစ်ထုတ်ခြင်း လုပ်ငန်းစဉ်ကို ဆက်လက်ကာ ပြုလုပ်နေကြသည်။
စုနန်က တည်နေရာအနှံ့ကို လှည့်လည်ကာ သွားလာလျက်ရှိနေပြီး စစ်သည်တစ်ယောက်ချင်းစီတိုင်းကို သေသေချာချာ ဂရုစိုက်ကြည့်ရှုနေ၏။
“သတိထားကြ။ အောက်ကို ပြုတ်မကျစေနဲ့။ ပြီးတော့ မီးတုတ်တွေနားကို အရမ်းမကပ်ကြနဲ့။ ဆံပင်တွေလည်း မီးလောင်ကုန်အုံးမယ်”
စုနန်သည် လူများ၏နှလုံးသားကို ရယူသည့်နေရာတွင် ဤကဲ့သို့ လှည့်ကွက်များကို အသုံးပြုတတ်သည့် သူတစ်ယောက် ဖြစ်သည်။
အားလုံးသောသူတို့က သူတို့၏ အရှင်သည် သူတို့ကို စိုးရိမ်ပူပန်လျက်ရှိနေကြောင်း ခံစားမိရ၏။ လူပေါင်း များစွာတို့၏ ပထမဦးဆုံး တုံ့ပြန်မှုက ဤကဲ့သို့ပင် ဖြစ်၏။
ရွှေများကို ခွာယူပြီးသည့်နောက် လူတိုင်းလုပ်ရသည့် အလုပ်သည် ထိုရွှေများကို ကိုက်ကာ ရွှေစစ်မစစ် စမ်းသပ်ကြည့်ခြင်းပင် ဖြစ်၏။ ထိုအရာက ရှောင်လွှဲ၍ မရနိုင်သည့်အလုပ်မျိုးပင်။
စုနန်က ကြင်နာစွာ ပြောလိုက်သည်။ “ရွှေတွေက လေနဲ့ နေနဲ့ ကြားထဲမှာ ရှိနေတာဆိုတော့ သန့်ရှင်းတဲ့အရာတွေ မဟုတ်ဘူး။ ဒါတွေကို ပါးစပ်ထဲ လျှောက်မထည့်နဲ့”
သို့ပေမည့် သူက အသေးစိတ် အရာအားလုံးကို လိုက်လံတားဆီး၍ မဖြစ်နိုင်ချေ။ လူတော်တော်များသည် ရွှေကိုမြင်သည်ဆိုပါက ပါးစပ်ထဲထည့်ကာ ကိုက်ကြည့်သည့် အကျင့်ရှိကြ၏။
ဝူလဲ့နှင့် တခြားသောသူများသည် ညစ်ပတ်လွန်းလှပါသည်ဆိုသော အရည်များကို အသုံးပြု၍ ထိုရွှေများပေါ်သို့ သုတ်ထားခဲ့၏။ ထိုထဲတွင် မည်မျှများပြားသည့် ပိုးများတည်ရှိနေကြောင်း မည်သူမှ မသိနိုင်ချေ။
ထို့အပြင် စိန်အဆိပ်များကိုလည်း သုတ်လိမ်းထားခဲ့၏။ စိန်အဆိပ်က နည်းပါးသည်ဆိုလျှင်တောင်မှ ရွှေနှင့် ထိတွေ့ပြီးသည့်နောက် တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေတစ်ခုအဖြစ် ရောက်ရှိနေ၏။ ပါးစပ်ထဲသို့ ထည့်လိုက်သောကြောင့် တစ်ချိန်ချိန်တွင် ထကာ ဒုက္ခပေးပေလိမ့်မည်။
ရွှေများကို ခြစ်ထုတ်သည့် အလုပ်က အနုပညာတစ်ခုကဲ့သို့ပင် ခက်ခဲ၏။ ထို့ကြောင့် စုနန်၏စစ်တပ်ကြီးက ချင်နန်းတော်ထဲတွင် ရက်အနည်းငယ်ကြာ နေထိုင်ခဲ့၏။ ထိုသို့ဆိုလျှင်တောင်မှ ချင်နိုင်ငံထဲတွင် ရှိနေသည့် ရွှေများအားလုံးကို အလုံးစုံ ခြစ်ထုတ်၍ မရနိုင်ခဲ့ချေ။
ရွှေများက ကီလိုဂရမ် တစ်သိန်းခွဲနီးပါးခန့် ရှိပြီး ရွှေဒင်္ဂါးအဖြစ် တွက်ကြည့်မည်ဆိုလျှင် တစ်သန်းထက်ပင် ပိုသေး၏။ သူတို့အတွက် ကြီးမားသည့် ကံတရားပင်။
စုမိသားစုအနေနှင့် မြန်မြန်ဆန်ဆန် အနောက်ပိုင်းဒေသတစ်ခုလုံးတွင် အခြေချနိုင်ရန် လုံလောက်သည့် ပမာဏမျိုးပင် ဖြစ်၏။ ထိုနေရာမှ မိုင်ရာချီ အကွာအဝေးအတွင်း မည်သည့်ရန်သူစစ်သည်မှ မရှိချေ။ စုမိသားစု တစ်ခုလုံးက စိတ်အေးချမ်းသာစွာ ရှိနေခဲ့၏။
သို့ပေမည့် အနည်းငယ်တော့ စိုးရိမ်ပူပန်နေသေးသည်။
အဘယ့်ကြောင့်ဆိုသော် စုမိသားစုထဲတွင် ဝမ်းပျက်သည့်လူများ ပေါ်လာခဲ့ကြ၏။ ညနက်သန်းခေါင် ရောက်ရှိခဲ့ပြီးနောက် သူတို့က ပထမဦးဆုံး သတိမပြုမိခဲ့ကြချေ။ တောရိုင်းထဲမှာဖြစ်ပြီး ရာသီဥတုကလည်း ပူသောကြောင့် ဝမ်းပျက်ခြင်းဆိုသည်မှာ လူများအတွက် သာမန်ပင် ဖြစ်၏။
သို့ပေမည့် စစ်သည်များသည် ပိုမိုကာ ဝမ်းပျက်လာခဲ့၏။ ဝမ်းပျက်မှုက ပိုမိုကာ ဆိုးဝါးလာခဲ့၏။ ဤအရာက ငှက်ဖျားပိုးထက် ပိုမိုကာ ဆိုးဝါးသည့် ဝမ်းပျက်မှုမျိုးပင်။
နောက်ဆုံးတနေ့မှာတော့ စုစစ်သည် တော်တော်များများက ဖျားနာနေခဲ့ကြ၏။ ခန္ဓာကိုယ်က ခြစ်ခြစ်တောက် ပူလျက်ရှိနေလျှင်တောင်မှ သူတို့အားလုံးက အေးစိမ့်ကာ တုန်ယင်လျက်ရှိနေ၏။ ခန္ဓာကိုယ်တွင် ရှိနေသည့် အပူဓာတ်ကလည်း ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေဆီသို့ တိုးတက်နေ၏။ ဝမ်းပျက်မှုကလည်း ပိုမိုကာ လေးနက်လာခဲ့၏။
အဆုံးသတ်မှာတော့ စစ်သည် တော်တော်များများတို့က အော့အန်ပြီး ဝမ်းပျက်နေခဲ့ကြ၏။ အဆုံးသတ်မှာတော့ သွေးဝမ်းများပင် ကျကြသည်။
ထိုမြင်ကွင်းကို မြင်သည့်အချိန်မှာတော့ စုနန်၏ ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်သွား၏။ မကောင်းတော့ချေ။ ဤရွှေများက သန့်ရှင်းသည့်အရာမျိုး မဟုတ်ချေ။ မျက်နှာပြင်ထက်တွင် သန့်စင်လျက် ရှိနေသည် ဆိုလျှင်တောင်မှ ဤအရာက ညစ်ပတ်သည့် အရာများသာ ဖြစ်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် တစ်စုံတစ်ယောက် စီစဉ်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။ မည်သူက စီစဉ်ထားသနည်း။ ကျိန်းသေပေါက် ရှမ့်လန်ပင် ဖြစ်ရပေလိမ့်မည်။ သို့ပေမည့် ဤအရာက ကြောက်လန့်စရာ အကောင်းဆုံးအချက် မဟုတ်သေးချေ။
ရှမ့်လန်သည် ချင်နိုင်ငံတွင် ရှိနေသည့် ရွှေများကို ဤကဲ့သို့ လာရောက်ကာ ပြုပြင်ထားခဲ့သောကြောင့် စုစစ်တပ်ကြီးတစ်ခုလုံး ချင်နန်းတော်ဆီသို့ ရောက်ရှိလာခဲ့မည်ဖြစ်ကြောင်း ကြိုတင်ကာ တွက်ချက်ပြီး ဖြစ်ပုံပေါ်၏။ ဆိုလိုသည်မှာ ချင်စစ်တပ်ကြီးတစ်ခုလုံးက မနီးမဝေးတွင် တည်ရှိနေပေလိမ့်မည်။
“မကောင်းတော့ဘူး။ မကောင်းတော့ဘူး။ ရှမ့်လန်ရဲ့စစ်သည်တွေ လာတော့မယ်။ သူတို့ ဘယ်လောက်များ လဲတောင် မသိဘူး။ မြင်းသည်တော် တစ်သောင်းလောက် ရှိမလား။ မဟုတ်သေးဘူး။ အဲထက်လည်း ပိုပြီးများနိုင်တယ်”
အာယုနာနာက ချင်နိုင်ငံ၏ ဘုရင်မအသစ် ဖြစ်လာခဲ့၏။ ထို့ကြောင့် သူမ သွားရာနေရာတိုင်းတွင် မြင်းသည်တော် တပ်ဖွဲ့များက လိုက်ပါလာမှာ သေချာ၏။ ချင်နိုင်ငံတစ်ခုလုံးတွင် မြင်းသည်တော် အနည်းဆုံး နှစ်သောင်းနီးပါးခန့် ရှိ၏။
စုနန်က ဝမ်းပျက်မှုကြောင့် မြေပေါ်တွင် လူးလိမ့်လျက်ရှိနေသည့် စစ်သည်များကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဤလူများက ဝမ်းပျက်မှုကြောင့် အားနည်းလျက် ရှိနေ၏။ အဘယ်သို့ ပြန်လည် တိုက်ခိုက်မည်နည်း။ ရင်ဆိုင်တိုက်ခိုက်သည်နှင့် တစ်ခါတည်း သုတ်သင်ရှင်းလင်းခြင်းကို ခံရပေလိမ့်မည်။
စုနန်သည် သွေးအန်လုမတတ်ပင် နောင်တတရားများကို ခံစားနေ၏။ လောဘတရားက သူ့ကို မျက်လုံးကန်း စေခဲ့၏။ သူ့ကို တကယ်ပင် မျက်လုံးကန်းစေခဲ့၏။
‘ဘာကြောင့်လဲ။ ငါ အစောကြီးတည်းက အနောက်ဘက်ကို တစ်ခါတည်းသွားမယ်လို့ စဉ်းစားခဲ့တယ်လေ။ ဒါပေမယ့် ငါ ဘာလို့ အာရုံပျောက်ခဲ့မိတာလဲ။ ရွှေဒင်္ဂါး နှစ်သန်းဆိုတဲ့ ပမာဏ ရှိတယ်ဆိုရင်တောင် ငါ အာရုံမပျောက်သင့်ခဲ့ဘူး။ ငါ ဘာကြောင့် အခုချိန်ထိ လောဘကြီးခဲ့ရတာလဲ’
စုနန်က အကြီးအကျယ် ထကာ အော်ဟစ်လိုက်၏။ သူသည် ခေါင်းကို ခပ်ပြင်းပြင်း ပုတ်လိုက်မိ၏။ ရှမ့်လန်က တကယ့်ကို ရက်စက်လွန်း၏။ ထို့အပြင် ဉာဏ်ကောင်းလွန်း၏။ သူတို့ တစ်ရက်နှစ်ရက် ကြိုတင်ကာ သွားခဲ့သည် ဆိုလျှင်တောင်မှ ချင်နန်းတော်ထဲတွင် ထောင်ချောက်ကို လာရောက် ဖန်တီးနိုင်ခဲ့သည်။
စုရုံသည် တုန်ယင်လျက် ရှိနေ၏။ “အရှင်.. ရှမ့်လန်ရဲ့စစ်တပ်က လိုက်မီသွားမယ်ဆိုရင်တောင်မှ အဲလောက်ကြီး မြန်မှာ မဟုတ်ဘူး။ မိုင်အနည်းငယ်အတွင်းမှာလည်း ကျုပ်တို့ ဘယ်စစ်တပ်ကိုမှ မတွေ့ဘူး။ တကယ်လို့ ရှိတယ်ဆိုရင်တောင် ကင်းထောက်တွေက သတင်းပို့ပြီးတာ ကြာပေါ့။ သူတို့ အနည်းဆုံး ကျုပ်တို့ကို လိုက်မီဖို့အတွက် ရက်အနည်းငယ်လောက် လိုအုံးမယ်။ ကျုပ်တို့ လွတ်နိုင်ပါသေးတယ်”
စုကျန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ အခု ရွှေတွေကို ယူနေတာ ရပ်လိုက်ကြတော့။ အားလုံး မြင်းပေါ်ကို တက်ပြီး ပြေးကြမယ်”
“သွားကြ သွားကြ” စုနန်က အမိန့်ပေးလိုက်၏။
အားလုံးသောသူတို့က မြင်းပေါ်သို့ ခုန်တက်၏။ နေမကောင်းခြင်း ၊ ကောင်းခြင်း၊ ထိုအရာက အရေးမကြီးတော့ချေ။ လက်ကျန်ရွှေများကို ခွာထုတ်ရန်လည်း မည်သူမှ စိတ်မဝင်စားတော့ချေ။ ရွှေများကို တတ်နိုင်သလောက် ရယူခဲ့ပြီးပြီ ဖြစ်၏။ ထို့ကြောင့် သူတို့ လူဦးရေ ငါးထောင်လောက်သည် အနောက်ဘက်ပိုင်း ဆီသို့ ပြေးရပေလိမ့်မည်။
ခရီးစဉ်တစ်ခုလုံးက တကယ့်ကို ညစ်ပတ်နံစော်လျက်ရှိနေ၏။ လူပေါင်းများစွာတို့က ဝမ်းပျက်မှုကို ခံစားနေရပြီး တချို့ဆိုလျှင် မြင်းပေါ်မှာထိုင်လျက်ပင် ဝမ်းသွားမိကြ၏။
စုနန် ချင်နန်းတော်ဆီမှ ထွက်ခွာသွားခဲ့သည်မှာ နှစ်ရက်ကြာမြင့်ပြီ ဖြစ်၏။ သူတို့အနေနှင့် နှစ်ရက်အတွင်း မိုင်နှစ်ရာနီးပါး ခရီးသွားလာခဲ့သည်။
စစ်တပ်ကြီးတစ်ခုလုံးက ဖျားလို့နေခဲ့၏။ စုနန်၏စစ်တပ်ထဲမှ လူတော်တော်များများသည် နေမကောင်း ဖြစ်နေကြ၏။ အဆုံးသတ်မှာတော့ လူတစ်ဝက်လောက်က နေမကောင်းဖြစ်လာခဲ့ကြ၏။
ပြီးနောက် ကြောက်မက်ဖွယ်ရာ သတင်းတစ်ခုက ကင်းထောက်များဆီမှ ရောက်ရှိလာခဲ့၏။ ချင်နိုင်ငံ၏ မြင်းသည်တော်များ တောင်ဘက်ပိုင်းဆီမှ ရောက်ရှိလာခဲ့ကြောင်းပင်။ အနောက်ဘက်မှ မဟုတ်ချေ။ တောင်ဘက်ပိုင်းဆီမှ ဖြစ်သည်။
စုနန်က တုန်ယင်သွား၏။ သေချာပေသည် ရှမ့်လန်သည် တောင်ဘက်ပိုင်းဆီမှ လိုက်ပါလာကာဖြင့် သူ့ကို ဝါးမြို တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ခြင်းပင်။ အခု သူ၏စစ်သည်အားလုံးတို့က နေမကောင်းဖြစ်နေ၏။ အဘယ်သို့ ပြန်လည်ကာ တိုက်ခိုက်ရမည်နည်း။
စုကျန်က သူ၏မျက်နှာကို ပိတ်ရိုက်ကာဖြင့် အော်ဟစ်လိုက်၏။ “အရှင်.. ဒါတွေအားလုံးက ကျုပ်ရဲ့အပြစ်ပါပဲ။ ကျုပ်ရဲ့အပြစ်ပါပဲ။ ကျုပ် လောဘမကြီးခဲ့သင့်ဘူး။ အစောကြီးတည်းက ရွှေတွေအကြောင်း မပြောခဲ့သင့်ဘူး။ ဒီနေ့ ကပ်ဘေးကြီးက ကျုပ်ကြောင့် ဖြစ်လာတာပါပဲ”
စုရုံကလည်း သူ၏ခေါင်းမှ သွေးထွက်သည်အထိ ဦးတိုက်လျက် ရှိနေ၏။ ချင်နန်းတော်ထဲတွင် ရှိနေသည့် ရွှေများအကြောင်းကို ပထမဦးဆုံး စတင်ကာ ပြောဆိုခဲ့သည့်လူမှာ သူဖြစ်သောကြောင့်ပင်။
စုနန်သည် တကယ့်ကို ခေါင်းကိုက်လျက်ရှိနေ၏။ သို့ပေမည့် သူက အလုံးစုံ တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ သူသည် သုတ်သင်ရှင်းလင်းခံရမည့် ကပ်ဘေးကြီးနှင့် ထပ်မံကာ ရင်ဆိုင်တွေ့ရပြန်၏။ ဘာလုပ်ရမည်နည်း။
အကယ်၍ သူတို့သည်သာ ထိုအရာကို မဖြတ်သန်းနိုင်ပါက စုကလန် တစ်ခုလုံး ဖျက်ဆီးခံရပေမည်။ လောဘတရားက သူ့ကို သတ်ဖြတ်ခဲ့၏။ လောဘတရားက သူ့ကို မျက်လုံးကန်းစေခဲ့၏။ သူဘာလုပ်ရမည်နည်း။
စုကလန်က ဤကဲ့သို့ ဖျက်ဆီးမခံရသင့်ပေ။ တခြားသောနည်းလမ်းတစ်ခု ရှိရပေလိမ့်မည်။ ကျိန်းသေပေါက် နည်းလမ်းတစ်ခု ရှိရပေလိမ့်မည်။
စုကျန်က ပြောလိုက်၏။ “အစ်ကိုကြီး ဒီမှာ လူဦးရေ ရာချီ ရှိတယ်။ အနောက်ပိုင်းဒေသကို အမြန်ဆုံး လွတ်အောင် သွားရမယ်။ ကျုပ်က ဒီနေရာမှာ ခုခံစစ်အနေနဲ့ ကျန်ခဲ့မယ်။ ကျုပ်ကြောင့် ဒီကပ်ဘေးကြီးက ဖြစ်လာခဲ့တာ။ ပြီးတော့ ကျုပ်သေရင် သေပလေ့စေ။ ဒီကိစ္စကို ကျုပ်ကိုယ်တိုင် ဦးဆောင်ပြီး လုပ်မယ်”
စုရုံက ပြောလိုက်သည်။ “အရှင်... ကျုပ်လည်း ဒီမှာ နေခဲ့ပါ့မယ်။ သခင်လေးကိုခေါ်ပြီး အမြန်ဆုံး ထွက်သွားတော့”
စုနန်က ခေါင်းကို ခါယမ်းလိုက်၏။ “မဟုတ်ဘူး မဟုတ်ဘူး။ ရှမ့်လန်က အနောက်ဘက်ပိုင်းမှာ ချုံခိုပြီး စောင့်နေတာမို့ သူ့အနေနဲ့ ငါတို့ အနောက်ဘက်ပိုင်းကို သွားမယ်ဆိုတာကို ခန့်မှန်းပြီး ဖြစ်လိမ့်မယ်။ ပြီးတော့ ငါတို့က ရက်အနည်းငယ်လောက် ချင်နန်းတော်ထဲမှာ နှောင့်နှေးခဲ့ကြတာ။ ဒီတော့ သူက သူ့ရဲ့ အကောင်းဆုံး လက်ရွေးစင် စစ်သည်တွေကို ခေါ်ဆောင်ပြီး အရှေ့က ပိတ်စောင့်နေလောက်ပြီ။ ရှေ့ကိုဆက်ပြီး သွားမယ်ဆိုရင် သူ့ရဲ့ထောင်ချောက်ထဲကို ရောက်သွားမှာ သေချာတယ်။ ဒီလိုမျိုး လုံးဝလုပ်လို့မဖြစ်ဘူး”
စုနန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “စုရုံ.. ငါ့အတွက် မင်း တကယ်သေပေးချင်လား”
စုရုံက ဦးတိုက်လိုက်၏။ “တကယ့်ကို သေပေးချင်စိတ် ရှိပါတယ်”
စုနန်က ပြောလိုက်သည်။ “ဒါဆိုရင် ငါ့ရဲ့ဝတ်စုံကိုဝတ်။ ငါ့ရဲ့ အလံတော်ကိုကိုင်။ ပြီးတော့ အနောက်ဘက်ပိုင်းကို သွားပြီး ရှမ့်လန်ရဲ့ အဓိကအင်အားစုတွေကို အာရုံလွှဲသွား။ ချင်နိုင်ငံတစ်ခုလုံးက တောင်တွေ၊ ချောင်းတွေနဲ့ ရှိနေတာ။ အဲဒီတောင်တွေချောင်းတွေကနေဖြတ်ပြီး အနောက်ဘက်ပိုင်းကို သွားရမယ်။ ရှမ့်လန်က ကျိန်းသေပေါက် အရှေ့မှာရှိနေတဲ့ လမ်းကို ချုံခိုတိုက်ခိုက်ဖို့ စောင့်နေမှာပဲ။ မင်းက သူတို့ကို ငါးစာလုပ်ရမယ်”
“ငါကတော့ လူပေါင်းရာချီကိုခေါ်ပြီး မြောက်ဘက်ပိုင်းကို ဦးတည်မယ်”
စုရုံက ပြောလိုက်၏။ “အင်း.. မြောက်ဘက်ပိုင်းက ချောင်ပြည်နယ်ဆီကို သွားမှာလား”
စုနန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ ငါတို့ ချောင်ပြည်နယ်ကို ဖြတ်သန်းပြီး အနောက်ဘက်ဒေသကိုပဲ ဦးတည်မှာ”
စုရုံက ဦးညွတ်လိုက်၏။ “ကောင်းပါပြီ အရှင်”
စုနန်သည် သူ၏ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ “စုရုံ.. ငါ့အတွက် မင်း အရမ်းကို ခက်ခဲခဲ့ပြီ”
စုရုံက ငိုရှိုက်ရင်း ပြောလိုက်၏။ “အရှင့်အတွက် သေဆုံးရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ”