← Chapters

အခန်း (၄၂၉-၄၃၀)

Vol. 31 Ch. 429-430

အခန်း (၄၂၉-၄၃၀)

Vol. 31 Ch. 429-430

အပိုင်း (၄၂၉)

ကျန်းယွမ်နယ်စားကြီး၏ အိမ်တော်ထဲမှာတော့ ...

ကျန့်ထော်နှင့် လျန်ယုံနင်တို့သည် ပျားရည်အိုးထဲသို့ ကျဆင်း သွားခဲ့သည့် ကြွက်များကဲ့သို့ပင် ဖြစ်နေ၏။ သူတို့က အဆုံးမရှိသော ဂုဏ်ကျက်သရေနှင့် ကြွယ်ဝချမ်းသာမှုကို ခံစားနေရ၏။ ရဲတိုက်ကြီးတွင် မရေတွက်နိုင်သည့် ရိက္ခာနှင့် မိန်းမလှလေးများ ရှိ၏။

ကျန့်ထော်က တကယ့်ကို သတိကြီး၏။ အစပိုင်းမှာတုန်းက သူတို့သည် ယူဆောင်လာသည့် ရိက္ခာနှင့် ရေများကိုသာ စားသုံးသည်။

အိမ်တော်ထဲရှိ ရိက္ခာအိတ်တိုင်းနှင့် အသားခြောက်တိုင်းကို ငွေအပ်ဖြင့် စစ်ဆေး၏။ လုံးဝ အဆိပ် မရှိချေ။ သို့ပေမည့် သူက ထိုအစားအစာများကို စားသုံးရန် စိုးရိမ်နေဆဲဖြစ်၏။

ကျန်းယွမ်နယ်စားကြီး၏ အိမ်ရှိ အသက်ကြီးသူ၊ အားနည်းသူ၊ အမျိုးသမီးနှင့် ကလေးများကို အရင်ဦးဆုံး စားသောက်စေခဲ့၏။ နှစ်ရက်ကြာကြာ စားသောက်ပြီး ဘာမှမဖြစ်သည်ကို မြင်ရသည့်အချိန်မှ သူက စိတ်အေးလက်အေးနှင့် စားသုံးရဲ၏။ ဝိုင်ကောင်းကောင်းများ၊ အစားအသောက်ကောင်းများနှင့် လုံးဝ ကြည့်မဝအောင် လှပလွန်းသည့် မိန်းကလေးများရှိ၏။ ဤသည်မှာ တကယ့်ကို ဇိမ်ကျသည့် ဘဝကို ဖြတ်သန်း နေရသကဲ့သို့ပင်။

အစပိုင်းမှာတော့ သူတို့၏ စစ်တပ်က ကျန်းယွမ်နယ်စားစံအိမ်ရှိ မိသားစုများကို မထိခိုက်အောင် ထိန်းသိမ်း ထားခဲ့၏။ ရက်အနည်းငယ်ကြာတဲ့အချိန်မှာတော့ မထိန်းချုပ်နိုင်ခဲ့တော့ချေ။

ထို့ကြောင့် ကျန်းယွမ် နယ်စားကြီး၏ အမျိုးသမီးအားလုံးက ကံဆိုးမိုးမှောင်ကျခဲ့၏။ ကျန့်ထော်နှင့် လျန်ယုံနင်တို့၏စစ်တပ်သည် ကျန်းယွမ်နယ်စားကြီးစံအိမ်၌ ချုပ်တည်းမှုမရှိသောဘဝကို ဖြတ်သန်း နေကြသည်။

…………

လွန်ခဲ့သည့် ရက်အနည်းငယ် ...

ဝူနှင့်ရွှဲ့ပြည်နယ် နယ်စပ်မှာတော့ အရေးကြီးသော အခြေအနေဆီသို့ ရောက်ရှိနေခဲ့ပြီး နင်ယွမ်ရှန်း၏ စစ်စခန်းအတွင်းရှိ လေထုက တိတ်ဆိတ်လျက် ရှိနေ၏။ ဝူဘုရင်ကလည်း တိုက်ခိုက်ရန် အလွန်ခက်ခဲနေ၏။ ပျံ့ရှောင်းသည် ဝူပြည်နယ်အတွင်းရှိ လူပေါင်းများစွာတို့ကို သတ်ဖြတ်ခဲ့ပြီဖြစ်သော်လည်း ဝူဘုရင်က အလျှော့မပေးခဲ့ချေ။ ထိုအစား စစ်သည်ပေါင်း တစ်သိန်းငါးထောင်ကို စုစည်းထား၏။

ရွှဲ့ဘုရင်က စစ်သည်ရှစ်သောင်းခန့်သာ ရှိ၏။ စစ်တပ်နှစ်ခုကြားအကွာအဝေးမှာ မီတာရာပေါင်းများစွာသာ ကျန်ရှိတော့၏။ နင်ယွမ်ရှန်းက ဖိအားများအောက်သို့ ရောက်ရှိနေ၏။ ရုတ်တရက် ထွက်ပေါ်လာခဲ့သည့် အသံဗလံများကပင်လျှင် ဝူဘုရင်၏ စစ်သည်တစ်သိန်းငါးသောင်း လာနေပြီဟု သူ့ကို ထင်မှတ်မှားစေခဲ့သည်။

တစ်သိန်းငါးသောင်းနှင့် ရှစ်သောင်း ... အင်အားအရ တကယ့်ကို ကွာခြားလျက်ရှိနေ၏။ ရွှဲ့ပြည်နယ်က ခုခံစစ်ဖြစ်ပြီး တစ်မြို့လုံး ခံစစ်စည်းတွင် ရှိ၏။ ရွှဲ့ဘုရင်က နေစဉ်နှင့်အမျှ ဝေဒနာကို ခံစားနေရ၏။ သူ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းမှာ ရဲရင့်သည်ဟု အဓိပ္ပာယ် ဖော်ဆောင်သော်လည်း တကယ်တော့ ကြောက်မက်ဖွယ်ရာကောင်းသည့် စွန့်စားမှုတစ်ခုကို ပြုလုပ်ခဲ့ခြင်း ဖြစ်၏။

ဘုရင်တစ်ပါးအနေနှင့် ပြိုကျတော့မည့် နံရံကို မှီခိုမနေသင့်ချေ။ သတင်းဆိုးများကလည်း တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့၏။ ချောင်ပြည်နယ်၏ စစ်တပ်က ကျုံးရန်၏ ခံတပ်စည်းကို ရူးသွပ်စွာ တိုက်ခိုက်လျက်ရှိနေပြီး ခံတပ်ဆယ်ခုထက် မနည်းကို သိမ်းပိုက်ကာ နယ်စပ်ဒေသ၏ သုံးလေးငါးမိုင်ခန့်ကိုပင် တိုက်ရိုက် သိမ်းပိုက်ထားပြီးဖြစ်သည်။

ဝူပြည်နယ်၏ စစ်သည်သုံးသောင်းကျော်ကလည်း နုရှောင့်မြို့ကို ကြမ်းတမ်းစွာ တိုက်ခိုက်လျက်ရှိနေ၏။ ကျင်းကျိုး လုပ်ကြံခံထားရပြီး နုရှောင့်မြို့ ကျဆုံးသွားခြင်းက ရှောင်လွှဲ၍ မရနိုင်သည့် အဆုံးသတ်တစ်ခု ဖြစ်လာပေလိမ့်မည်။

အကြီးမားဆုံးသော သတင်းဆိုးမှာတော့ ပိုင်ရီမြို့ဆီမှ ရောက်ရှိလာခဲ့သည့် သတင်းဖြစ်၏။ မင်းသမီးနင်ကျဲ့ ပေးပို့လိုက်သည့် နောက်ဆုံးလျှို့ဝှက်သတင်းအရ ရှမ့်လန်က ပေါ်ပေါက်မလာသေးချေ။ စုနန်က စစ်အင်အားထပ်တိုးပြီး ကျန်းချုံးမှာလည်း အပြင်းအထန် နာမကျန်းဖြစ်လို့နေခဲ့၏။ ပိုင်ရီမြို့က တကယ် မခံနိုင်တော့ချေ။ နောက်တစ်နေ့၌ တကယ်တမ်း ဆုံးရှုံးသွားပေလိမ့်မည်။

နင်ယွမ်ရှန်းသည် အဆိုးဆုံးသော အခြေအနေကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၏။ တတိယမင်းသား နင်ချီအား စစ်သည်သုံးသောင်းဖြင့် လျန်ခံတပ်ဆီသို့ ဦးဆောင် ပြန်သွားစေခြင်းမှာ တောင်ပိုင်းပြည်နယ် အစိတ်အပိုင်း အများစုကို စွန့်လွှတ်လိုက်ခြင်းလည်း ဖြစ်၏။

တစ်ရက်သည် တစ်နှစ်ဟုပင် ခံစားရ၏။ နင်ယွမ်ရှန်းက မှန်ထဲသို့ ကြည့်လိုက်၏။ သူသည် တစ်နေ့တစ်ခြား ပိုမိုကာ ပင်ပန်းနွမ်းနယ်ပြီး အိုမင်းရင့်ရော်လာသလို ခံစားရ၏။ သူက သတင်းတစ်ပုဒ်ကို စောင့်မျှော်လျက် ရှိ၏။ အကောင်းဆုံးသတင်း သို့မဟုတ် အဆိုးဆုံးသတင်းလည်း ဖြစ်နိုင်၏။ သတင်းဆိုးမှာ ကျန်းချုံးသေဆုံးခြင်း၊ ပိုင်ရီခရိုင် ကျဆုံးခြင်းနှင့် စုနန်၏ စစ်တပ်က တောင်ပိုင်း ကျန်းရှစ်စီရင်စုတစ်ခုလုံးကို သိမ်းပိုက်လိုက်ခြင်းပင်။

ဤသတင်းဆိုးသာ ရောက်ရှိလာပါက ရွှဲ့ပြည်နယ်အနေနှင့် ဝူဘုရင်နှင့် ညှိနှိုင်းဆွေးနွေးဖို့သာ ကျန်ရှိတော့၏။ ထိုအချိန်တွင် သူက ဝူဘုရင်၏ ခြိမ်းခြောက်အကြပ်ကိုင်မှုကို ခံရပေလိမ့်မည်။ ခရိုင်နှစ်ခုကို ပေးအပ်ရခြင်း၊ စစ်လျော်ကြေးငွေအများအပြား ပေးအပ်ရခြင်း၊ ထိုအရာများကို ပေးဆပ်ရပေမည်မှာ သေချာ၏။ ကြီးမားသည့်တန်ဖိုးကို ပေးဆပ်ရမည်ဆိုလျှင်တောင်မှ ပေးဆပ်ရပေလိမ့်မည်။

တခြားသော နိုင်ငံသီးသီးတို့၏ ရန်ကို တွန်းလှန်ရန်အတွက် မိမိ၏အိမ်တွင်းရေးကို အရင်ဦးစွာ ဖြေရှင်းရ ပေလိမ့်မည်။ စုနန်ကြောင့် ရွှဲ့ပြည်နယ်က အလွန်အမင်း ထိခိုက်ပေလိမ့်မည်။ ထိုသို့သောအချိန်မှစ၍ ရွှဲ့နိုင်ငံတော်က ဂုဏ်သိက္ခာ အလွန်အမင်း ကျဆင်းလာခဲ့ပြီး ဝူပြည်နယ်က ပိုမိုကာ ကြီးထွားလာပေလိမ့်မည်။

သို့သော်ငြား နင်ယွမ်ရှန်း၏ နှလုံးသားထဲတွင် မျှော်လင့်ချက်တစ်ခု အမြဲတမ်း ရှိနေ၏။ တကယ့်ကို မဖြစ်နိုင်သည့် မျှော်လင့်ချက်တစ်ခုပင်။ ရှမ့်လန်က နောက်တစ်ကြိမ် အံ့အားသင့်စရာကိစ္စရပ်တစ်ခုကို ဖန်တီး ပြုလုပ်ခဲ့ခြင်းပင်။

ပြီးခဲ့သည့်အချိန်တုန်းက ကျင်းမိသားစုသည် အန္တရာယ် ကြီးကြီးမားမား ကျဆင်းနေခဲ့သော်လည်း ရှမ့်လန်က နုရှောင့်မြို့တစ်ခုလုံးကို သိမ်းပိုက်ခဲ့ပြီး အောင်ပွဲရယူနိုင်ခဲ့၏။ ကျန့်ထော်က အားကိုးရသည့် လူတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရှမ့်လန်ပင်ဖြစ်၏။

သို့ပေမည့် နင်ယွမ်ရှန်းက အရမ်းကြီးတော့ မမျှော်လင့်ထားချေ။ အဘယ်ကြောင့်ဆိုသော် မျှော်လင့်ချက် ကြီးမားလေ ခံစားရသည့် စိတ်ပျက်မှုက ပိုမိုကာကြီးမားလေ ဖြစ်သောကြောင့်ပင်။

ရှမ့်လန်က လူရာအနည်းငယ်ဖြင့် ချင်ဘုရင်ကို မည်သို့ သတ်ဖြတ်နိုင်မည်နည်း။ အခြေအနေကို မည်သို့ ပြောင်းလဲနိုင်မည်နည်း။

ဤကာလအတောအတွင်းမှာတော့ နင်ယွမ်ရှန်းက လူရှေ့ကို မထွက်ဘဲ စခန်းထဲတွင်သာ တိတ်တဆိတ် စောင့်ဆိုင်းလျက်ရှိနေ၏။ ရွှဲ့နိုင်ငံတော်၏ စစ်တပ်သည် အနည်းငယ်မျှပင် ရန်စခြင်း မရှိဘဲ သူတို့၏ စစ်စခန်းများထဲတွင် ပုန်းအောင်းလျက် ရှိနေကြ၏။

ဆန့်ကျင်ဘက်အားဖြင့် ဝူစစ်တပ်သည် ရူးသွပ်စွာဖြင့် ရန်စလျက်ရှိနေပြီး ပဋိပက္ခများ တိုးပွားလာရန် အကြိမ်ကြိမ်အခါခါ ဖန်တီးလျက် ရှိ၏။ ရွှဲ့စစ်တပ်ကြီးတစ်ခုလုံးက စိတ်ဓာတ်ကျဆင်းနေပြီ ဖြစ်၏။ ဝူစစ်တပ်မှာတော့ တိုက်ခိုက်ရေးစိတ်ဓာတ်အပြည့်နှင့် ရှိနေသည်။

ဝူဘုရင်က ဤအချိန်မှာ အနည်းငယ် စိုးရိမ်ပူပန်လျက်ရှိနေ၏။ ပျံ့ရှောင်းသည် ဝူပြည်နယ်၏ နယ်မြေထဲသို့ ဝင်ရောက်ပြီး သတ်ဖြတ်ပွဲကြီးကို ဆင်နွှဲလျက်ရှိ၏။ နေ့စဉ်နေ့တိုင်း ဝူပြည်နယ်၌ သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာတို့ကလည်း သေကြေနေကြ၏။

နုရှောင့်မြို့၏ ရလဒ်က ထွက်ပေါ်မလာသေးချေ။ နောက်ဆုံးရရှိသည့် သတင်းအချက်အလက် မှာ ပြင်းထန်သည့် တိုက်ပွဲအကြောင်းသာ ဖြစ်ပေလိမ့်မည်။ ဝူမု၏ လျှို့ဝှက်စာထဲတွင် တိုက်ပွဲကို အနိုင်ရမည်ဟု အခိုင်အမာ ဆိုထား၏။ ထို့ကြောင့် သူစောင့်မျှော်နေသည်မှာ ရွှဲ့နိုင်ငံတော် အနောက်ဘက်ရှိ တိုက်ပွဲ အခြေအနေ ဖြစ်သည်။

ပိုင်ရီမြို့သည် အဓိက အချက်အချာဖြစ်၏။ ကျန်းချုံး သေဆုံးသွားသည်နှင့် ပိုင်ရီမြို့တစ်ခုလုံး ကျရှုံးသွားမည် ဖြစ်ပြီး စုနန်၏ စစ်တပ်ကြီးကလည်း တည်နေရာတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ပေလိမ့်မည်။ ထိုအချိန်မျိုးတွင် နင်ယွမ်ရှန်းက အသနားခံရမှာဖြစ်ပြီး ပျံ့ရှောင်းကလည်း သူ၏ ဝူပြည်နယ်ထဲမှ ပြန်လည်ကာ ဆုတ်ခွာရပေလိမ့်မည်။

ဝူဘုရင်သည် ထိုအချိန်မျိုးတွင် လိုချင်သည့်အရာများကို တောင်းခံပေတော့မည်။ သို့တစေ လူငယ် ဝူဘုရင်သည် နုရှောင့်မြို့၏ တိုက်ပွဲကို အလွန်အမင်း စိုးရိမ်ခြင်း မရှိပေ။

......

“နုရှောင့်မြို့ အခြေအနေ ဘယ်လိုရှိလဲ”

နင်ယွမ်ရှန်းသည် ကုတင်ပေါ်တွင် တိတ်ဆိတ်စွာဖြင့် ထိုင်လျက် ရှိပြီး လက်ထဲမှ ဗုဒ္ဓကျမ်းစာကို ဖတ်ရှုနေ၏။ ဤနည်းနှင့်သာ သူက တည်ငြိမ်သလို ခံစားရ၏။ သေခြင်းရှင်ခြင်းကိစ္စ မဟုတ်သော်လည်း သေခြင်းတရား၏ အဆုံးသတ်နားသို့ ရောက်ရှိနေသည်မှာတော့ သေချာ၏။

သတင်းကောင်း ရောက်ရှိလာပါက သူ ကောင်းကင်ဘုံသို့ တက်လှမ်းသွားမည် ဖြစ်၏။ သတင်းဆိုးသာ ရောက်ရှိပါက ငရဲပြည်ဆီသို့ ဇောက်ထိုးဆင်းသွားရပေလိမ့်မည်။ အလယ်အလတ်လမ်းဟူ၍ မရှိပေ။ အကောင်းဆုံးရလဒ် သို့မဟုတ် အဆိုးဆုံးရလဒ်၊ ထိုနှစ်ခုထဲမှ တစ်ခုသာ သူ ရရှိပေလိမ့်မည်။ သို့ပေမည့် နင်ယွမ်ရှန်းက မည်သို့ ဆုတောင်းရမည်ကို မသိချေ။ နတ်ဘုရားနှင့် ဗုဒ္ဓ မည်သူ့ကို တိုင်တည်ရမည်နည်း။

ဆုတောင်းခြင်းသာ အသုံးဝင်ခဲ့လျှင် ကျန်းလီ ထိုစဉ်က သေဆုံးလိမ့်မည် မဟုတ်ချေ။ ထို့အပြင် တော်ဝင်ချန်နိုင်ငံတော်ဆိုသည်မှာလည်း ရှုံးနိမ့်ခဲ့မည် မဟုတ်ချေ။ လောကကြီးတစ်ခုလုံးတွင် ကျန်းလီကို မချစ်ခင်၊ မနှစ်သက်သူဟူ၍ မည်မျှများများ ရှိမည်နည်း။ သူ့အတွက် ဆုတောင်းပေးသူ မည်မျှများများ ရှိမည်နည်း။ သို့ပေမည့် အဆုံးသတ်မှာတော့ ထိုပြိုင်ဘက်ကင်းမဲ့သည့် သူရဲကောင်းကြီးက ရုတ်တရက် သေဆုံးသွားခဲ့၏။

နင်ယွမ်ရှန်းက တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။ သူ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး အဆိုးဝါးဆုံးသော ရလဒ်များ ဖြစ်ပေါ်လိမ့်မည်ကို စောင့်မျှော်လျက် ရှိနေ၏။ ဝူဘုရင်နှင့် ညှိနှိုင်းဆွေးနွေးမည့် အကြောင်းအရာများကိုပင်လျှင် စတင်ကာ စဉ်းစားထားသည်။

အလျှော့ပေးသင့်သည့် အချိန်တွင် သေချာပေါက် အလျှော့ပေးရပေလိမ့်မည်။ လျော်ကြေးပေးရမည်ဆိုလျှင် သူ လျော်ကြေးပေးရပေလိမ့်မည်။ စွန့်လွှတ်ရမည်ဆိုလျှင် စွန့်လွှတ်ရပေလိမ့်မည်။ အရာအားလုံးအတွက် သူ အဆင်သင့် ပြင်ဆင်ထားခဲ့၏။

“ကဲ.. သတင်းဆိုး၊ မင်းအခု လာလို့ရပြီ။ လာခဲ့စမ်း”

ထိုအချိန်မှာပဲ မိန်းမစိုးရှောင်လီသည် အပြေးအလွှားဝင်ရောက်လာခဲ့သည်။ “မင်းကြီး... ဝမ်းသာပါတယ်။ ဝမ်းသာပါတယ်။ သတင်းကောင်းပါ မင်းကြီး။ ရှမ့်လန်က ချင်ဘုရင်ကို သတ်ဖြတ်ပြီး အာယုနာနာကို ဘုရင်မအဖြစ် ထောက်ခံပေးခဲ့တယ်။ ပြီးတော့ မြင်းစီးသူရဲကောင်း တစ်သောင်းကျော်ကို ဦးဆောင်ပြီး စစ်မြေပြင်ထဲ ဝင်ပြီးတိုက်ခိုက်ခဲ့တယ်။ ကျန်းချုံးနဲ့ အတွင်းအပြင်ညှပ်ပြီးတိုက်ခိုက်ပြီး အောင်ပွဲကြီး ရရှိခဲ့ပါတယ်။ စုမျိုးနွယ်ရဲ့ ပုန်ကန်သူ မဟာမိတ်တပ်ကြီးက အကုန်လုံး သေဆုံးကုန်ခဲ့ပါပြီ။ အားလုံးကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပါပြီ”

သတင်းကောင်းကို ကြားရသည့်အချိန်မှာတော့ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက အချိန်ခဏကြာ ဆွံ့အ သွားခဲ့မိ၏။ တကယ်ပင် အံ့အားသင့်စရာ အလှည့်အပြောင်းကို သူ မျှော်လင့်နေခဲ့သည်။ သို့ပေမည့် တကယ်တမ်း ရောက်ရှိလာချိန်မှာတော့ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တောင့်ကြီး ဖြစ်နေပြီး တစ်ချက်ကလေးမှ လှုပ်ရှား၍ မရနိုင်တော့ချေ။

သူ အံ့အားသင့်လျက် ရှိနေသည့်အချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးက အနည်းငယ် တုန်ယင်လျက် ရှိနေလေပြီး သူ့အနေနှင့် သေးပေါက်ချင်စိတ်ပင် ပေါက်လျက်ရှိနေ၏။ စိတ်ထဲတွင်တော့ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ဖြူလျော်သွားခဲ့လေပြီး အလုံးစုံ ဆွံ့အနေခဲ့၏။

နင်ယွမ်ရှန်းက တကယ့်ကို ယဉ်ကျေးသည့် လူတစ်ယောက်ဖြစ်ပြီး ရိုင်းစိုင်းသည့် စကားလုံးများကို ဘယ်သောအခါကမှ ထုတ်ဖော်ကာ အသုံးပြုခြင်း မရှိချေ။ သူသည် ထိုကဲ့သို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို တတ်သူများကိုလည်း ချစ်ခင်နှစ်သက်ခြင်းလည်း မရှိချေ။ အချိန်ခဏကြာပြီးနောက် သူက တစ်စုံတစ်ခုကို ပြောဆိုလိုက်မိသည်။ “ချီးထဲမှ..”

ပြောပြီးချင်းချင်းမှာပဲ သူသည် စိတ်ကို တစ်ခါတည်း ပြန်လည်ကာ ထိန်းချုပ်လိုက်၏။ သူက အားလုံးသောသူတို့ကို လျှပ်စီးပြက်သကဲ့သို့ မြန်ဆန်စွာဖြင့် လှည့်ကာ ကြည့်ရှုလိုက်၏။

အားလုံးသောသူတို့က ခေါင်းကို ငုံ့ထားပြီး မည်သည့်အရာကိုမှ မကြားသကဲ့သို့ပင်။

မှတ်တမ်းတင်သည့် အရာရှိ တစ်ယောက်တည်းကသာလျှင် ခက်ခဲသည့် အခြေအနေဆီသို့ ရောက်ရှိနေ၏။ သူက ဘုရင်မင်းမြတ် ပြောသည့် အရာအားလုံးကို မှတ်သားရသည့် တာဝန်ကို ယူရသူဖြစ်၏။ စကားလုံး တစ်ခုတစ်လေကိုမှ လွတ်ကင်းသွား၍ မရနိုင်ခဲ့ချေ။

မှတ်တမ်းအရာရှိအနေဖြင့် သူက တကယ့်ကို ဂုဏ်သိက္ခာကြီးမားပြီး အမှန်တရားကို ချစ်မြတ်နိုးသူ တစ်ယောက်ပင်။ သေဆုံးရမည်ဆိုလျှင်တောင်မှ သူသည် ဘုရင်မင်းမြတ်၏ စကားလုံးတိုင်းကို မှတ်တမ်းတင်တတ်သည့် လူဖြစ်၏။

သမိုင်းမှတ်တမ်းကို မှန်ကဲ့သို့ အသုံးပြုပြီး နောင်လာနောင်သားတို့ ပြန်လည် ကြည့်ရှုနိုင်ရန်။ လောကကြီး၏ မြင့်တက်ပုံ၊ နိမ့်ကျပုံများကို လေ့လာနိုင်ရန် သူက တာဝန်ကျေပွန်ရမည်။ သို့ပေမည့် သူက

“……” ဟူ၍သာ ရေးသားလိုက်မိသည်။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ မျက်လုံးများက နီရဲလျက် ရှိနေ၏။ သူ၏မျက်နှာကလည်း နီရဲနေ၏။ သူက ရုတ်တရက် မင်းသမီးနင်ကျဲ့ ပေးပို့လိုက်သည့် လျှို့ဝှက်စာကို အမြန်လှမ်းယူလိုက်၏။ အထဲတွင် စာလုံးရေ တစ်ရာကျော်ခန့် ရေးသားထား၏။ သို့ပေမည့် ထပ်တလဲလဲ ဖတ်ရှုနေမိ၏။

“ရှမ့်လန်သည် စစ်သည်တစ်ရာကျော်ကို ခေါ်ဆောင်ပြီး ချင်နိုင်ငံမှ မြင်းသည်တော်များကို ဝင်ရောက်ကာ တိုက်ခိုက်၏။ စုကလန်၏ အဓိကအင်အားစုကြီးကို အလုံးစုံ သုတ်သင်ခဲ့၏”

တကယ့်ကို ပြည့်စုံလွန်းသည့် အောင်ပွဲတစ်ခုပင် ဖြစ်၏။ စိတ်ကျေနပ်စရာ ကောင်းလွန်းလှ၏။ ဘုရင်မင်းမြတ် သည် ထိုသတင်းလွှာစာရွက်ကို မီးရှို့ပြီး အငွေ့ ရှူချင်စိတ်ပင် ပေါက်မိနေ၏။ သူက ဆယ့်ငါးမိနစ်တိတိ စိတ်လှုပ်ရှားခဲ့သည်။

ပြီးနောက် နင်ယွမ်ရှန်းက ပိုမိုကာ စိတ်လှုပ်ရှားသည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့၏။ စောဏတုန်းက စိတ်လှုပ်ရှားမှုဆိုသည်မှာ အပြင်ဘက်ပိုင်းမှ ဖြစ်တည်ခဲ့သည့်အရာဖြစ်ပြီး လက်ရှိ အခြေအနေမှာတော့ နှလုံးသားထဲတွင် ဖြစ်တည်နေသည့်အရာ ဖြစ်၏။ သူက လက်ထဲရှိ ဗုဒ္ဓကျမ်းစာကို ခပ်ဝေးဝေးဆီသို့ လှမ်းပစ်လိုက်၏။ သူ ဘာတွေ လျှောက်ကာ ရွတ်ဆိုနေမိသနည်း။ အသုံးမဝင်ချေ။ လူကသာ အရေးကြီး၏။

“ဝိုင်တွေပေး ... ဝိုင်တွေပေး ... ဝိုင်တွေပေးတော့”

အရေးကြီးသည့်အရာကို သူက သုံးကြိမ်တိုင်တိုင် ရေရွတ်လိုက်မိသည်။

မိန်းမစိုးကြီး လီစွမ်းသည် ရုတ်တရက် သူ၏ရှေ့၌ ပေါ်ပေါက်လာခဲ့၏။ လက်ထဲတွင်လည်း ဝိုင်ခွက်ကို ကိုင်ဆောင်ထားခဲ့၏။ ဘုရင်မင်းမြတ် ဘာတစ်ခုကိုမှ မပြောရသေးခင် သူက ကြိုတင် ပြင်ဆင်ခဲ့ပြီးသားဖြစ်၏။

ဘုရင်မင်းမြတ်သည် မျက်လုံးများကို ကျဉ်းမြောင်းစွာဖြင့် လီစွမ်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် လီစွမ်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ခွေးအိုကြီး.. ငါ့ဗိုက်ထဲမှာ အူဘယ်နှစ်ခွေ ရှိတယ်ဆိုတာ မင်း ဝင်ကြည့်ရဲတယ် ဟုတ်လား။ ငါ မင်းကို မသတ်ပစ်တာ ကံကောင်းနေပြီ”

ပြောပြီးနောက် သူက အကျယ်ကြီးထကာ အော်ဟစ် ရယ်မောလိုက်မိ၏။ ပြီးနောက် ဝိုင်ခွက်ကို လှမ်းယူကာဖြင့် အားရပါးရ မော့သောက်လိုက်၏။ တကယ့်ကို လှပလွန်းလှချေ၏။ မည်ကဲ့သို့ ဝိုင်မျိုး ဖြစ်သနည်း။ အရသာကလည်း ကောင်းမွန်လွန်း၏။ တူညီသည့်ဝိုင် ဖြစ်သည်ဆိုလျှင်တောင်မှ ယခုဝိုင်က ပိုမိုကာ ကောင်းမွန်သလို ခံစားမိ၏။

လွန်ခဲ့သည့်ညက သောက်ခဲ့ရသောဝိုင်သည် မြင်းသေးကဲ့သို့ အရသာမျိုးပင်။

သူသည် ဝိုင်သောက်လျက်ရှိနေတုန်းမှာပဲ သတင်းပို့ချက်ကို သေသေချာချာ ထပ်မံကာ ဖတ်ရှုနေ၏။ လေထဲတွင် လမ်းလျှောက်နေသကဲ့သို့ပင် ခံစားသွားမိ၏။ သူက ကဗျာတစ်ပုဒ်ကို ရွတ်ဆိုချင်စိတ်ပေါ်၏။ ပညာရှိများ စိတ်ကောင်းဝင်လျှင် ကဗျာများကို ရွတ်ဆိုတတ်၏။ သူကလည်း နှစ်တစ်ရာအတွင်း ရှားရှားပါးပါး ကြုံတွေ့ရသည့် စိတ်ချမ်းသာစရာအတွက် ကောင်းမွန်လွန်းသည့် ကဗျာကို စပ်ဆိုရန် အခွင့်အရေးကို ရရှိခဲ့ပြီဖြစ်သည်။

သို့နှင့် ဘုရင်မင်းမြတ်က ကဗျာရွတ်ဆိုရန် စတင်ကာ ပြင်ဆင်လိုက်၏။ သို့သော်ငြား မိနစ်အနည်းငယ် ကြာပြီးခဲ့သော်လည်း မည်သည့်စကားလုံးတစ်လုံးမှ ထွက်ပေါ်မလာခဲ့ချေ။

“ထားလိုက်ပါတော့။ ငါက စိတ်ကောင်းဝင်နေတယ်ဆိုပေမဲ့ ဘာလို့ကဗျာရွတ်ရမှာလဲ”

အသက်တစ်ရှိုက်စာအတွင်းမှာပဲ သူက ဝိုင်အိုး၏ တစ်ဝက်လောက်ကို သောက်သုံးခဲ့ပြီးပြီဖြစ်၏။ ဘုရင်မင်းမြတ်သည် သလွန်ပေါ်တွင် လှဲလျောင်းလိုက်ပြီး သက်ပြင်းကို ချလိုက်၏။ သူ အနည်းငယ် များအောင် သောက်မိခဲ့သည်။

“အံ့အားသင့်စရာပဲ။ တကယ့်ကို အံ့အားသင့်စရာပဲ”

“အံ့အားသင့်စရာပဲ။ တကယ့်ကို အံ့အားသင့်စရာပဲ”

သူ ထိုစကားကို နှစ်ကြိမ်တိတိ ထပ်မံကာ ပြောဆိုလိုက်ပြန်၏။

“ရှမ့်လန်က တကယ့်ကို အံ့အားသင့်ဖို့ ကောင်းတယ်။ ငါ သူ့အပေါ်မှာ မျှော်လင့်ချက်ဆိုလို့ အနည်းငယ်လေးပဲ ထားတာ။ သူ တကယ်တမ်း အောင်မြင်အောင် လုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ သူက လူလေး ရာဂဏန်းလောက်ကို ခေါ်သွားပြီး ချင်ဘုရင်ကိုသုတ်သင်တယ်။ အာယုနာနာကို နန်းပလ္လင်ပေါ်ကို ထိုးတင်ခဲ့ပေးတယ်။ ချင်နိုင်ငံတော်တစ်ခုလုံးက ရွှဲ့ပြည်နယ်ရဲ့ မဟာမိတ်ဖြစ်လာခဲ့တယ်။

အင်း… အနောက်ဘက်နယ်စပ်တစ်ခုလုံးက ရာစုနှစ် အနည်းငယ်လောက် တည်ငြိမ်သွားခဲ့ပြီ။ ငါသူ့ကို ပေးခဲ့တဲ့ တာဝန်က စုနန်ကို တစ်လ၊ နှစ်လလောက် ထိန်းချုပ်ထားဖို့ပဲ။ ဒါပေမဲ့ သူက စုနန်ရဲ့ အဓိက အင်အားစုကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။

ဒီခွေးကောင်လေးက ကောင်းကင်ပေါ်က ပေးလိုက်တဲ့ လက်ဆောင်တစ်ခုခုများလား။ အင်း… ငါ သူ့ကို သဘောကျတယ်။ ခွေးအိုကြီး.. ဒီရှမ့်လန်ဆိုတဲ့ ကောင်လေးက ငါနဲ့တူတယ်လို့ မထင်ဘူးလား။ ကျန်းချုံးကလည်း အံ့အားသင့်စရာ ကောင်းတယ်။

အင်း… တကယ့်ကို ထူးဆန်းတယ်။ အရင်တုန်းက ရှမ့်လန်က လူလေး တစ်ရာကျော်လောက်ကို ခေါ်ပြီး ချင်ဘုရင် အာယုထိုင်ကို သုတ်သင်ပစ်မယ်လို့ ပြောခဲ့တယ်။ ပြီးတော့ နင်ကျဲ့ကလည်း ဒါနဲ့ပတ်သက်ပြီး စောဒကတက်တဲ့ စာလုံးရေ တစ်ထောင်ကျော်လောက် ရေးပြီး ပေးပို့ခဲ့တယ်။ တစ်လောကလုံးကလည်း မယုံကြည်ကြဘူး။

အဆုံးသတ်မှာတော့ ကျန်းချုံးက ရှမ့်လန်ကို ယုံကြည်ခဲ့တယ်။ သူ့ရဲ့အသက်ကိုတောင်မှ ရဲရဲဝံ့ဝံ့ ပေးအပ်ပြီး ယုံကြည်ခဲ့တယ်။ ဒီနှစ်ယောက်က အရင်တုန်းက ရန်ဘက်တွေ၊ ပြိုင်ဘက်တွေပဲ။ ဒါပေမဲ့ အခုအချိန်မှာတော့ တကယ့်ကို ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်လာခဲ့ကြပြီ။ အံ့အားသင့်စရာပဲ။

“ငါနိုင်ခဲ့ပြီ။ ငါနိုင်ခဲ့ပြီပဲ”

ဘုရင်မင်းမြတ်က ထိုစကားကို ပြောသည့်အချိန်မှာတော့ သူ၏အသံများက စို့နင့်လျက် ရှိ၏။ မျက်လုံးအစုံတွင်လည်း မျက်ရည်ဝိုင်းများပင် ဝိုင်းလျက်ရှိနေ၏။ ဤအတောအတွင်း ကြီးမားလွန်းသည့် ဖိအားဒဏ်ကို ခံစားရသူက ကျန်းချုံး မဟုတ်ချေ။ ရှမ့်လန်လည်း မဟုတ်ချေ။

သူ ...နင်ယွမ်ရှန်းသာလျှင် ဖြစ်၏။

အဆိုးဆုံး ကျန်းချုံးက သေဆုံးသွားနိုင်၏။ အဆိုးဆုံး ရှမ့်လန်ကလည်း ရှုံးနိမ့်သွားနိုင်၏။ သူ နင်ယွမ်ရှန်းက နိုင်ငံတစ်ခုလုံး၏ အောင်မြင်ခြင်း၊ ကျရှုံးခြင်းကို တာဝန်ယူထားရသည့် လူတစ်ယောက် ဖြစ်၏။ နေ့စဉ်နေ့တိုင်းသည် တစ်နှစ်ကဲ့သို့ပင် ကြာရှည်လွန်းခဲ့၏။ နေ့စဉ်နေ့တိုင်း သူက အဆိုးဆုံးကို ကြိုတင် ပြင်ဆင်ထားခဲ့ပြီး အကြိမ်ပေါင်းများစွာတိုင် ညဘက်အိပ်မက်ဆိုးများကြောင့် နိုးထလာခဲ့ရ၏။

လက်ရှိအချိန်မှာတော့ သူ အနိုင်ရရှိခဲ့ပြီဖြစ်၏။ ပြည့်စုံလုံလောက်သည့် အောင်ပွဲတစ်ခု မဟုတ်သော်လည်း သူ အနိုင်ယူ နိုင်ခဲ့၏။ နင်ယွမ်ရှန်း ထိုစကားကိုပြောဆိုပြီးသည့်နောက်မှာတော့ လက်ထဲမှ ဝိုင်ခွက်က မြေပေါ်သို့ ကျဆင်းသွားခဲ့၏။ ပြီးနောက် သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့သည်။

အပိုင်း (၄၃၀)

မိန်းမစိုးကြီး လီစွမ်းက ရှေ့ဆီသို့ လှမ်းတက်ပြီး ဘုရင်မင်းမြတ်၏ ခန္ဓာကိုယ်ပေါ်သို့ ပါးလွှာသည့် ခြုံစောင်တစ်ထည်ကို လွှမ်းခြုံပေးလိုက်၏။ နယ်စပ်အမဲလိုက်ပွဲ ရှုံးနိမ့်ခဲ့စဉ်က ဘုရင်မင်းမြတ်သည် လေးရက်နှင့် သုံးညတိတိ လုံးလုံး အိပ်စက်ခဲ့ခြင်း မရှိခဲ့ချေ။

သို့ပေမည့် လက်ရှိအခြေအနေမှာတော့ သူက နေ့စဉ်နေ့တိုင်း အိပ်မောကျသည့်ပုံ ပေါ်သော်လည်း တကယ့် အစစ်အမှန်တရားမှာတော့ တစ်စက်ကလေးမှ အိပ်မပျော်ခဲ့ချေ။ နေ့စဉ်နေ့တိုင်းဆိုသလိုပဲ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေခဲ့ပြီး ဆံပင်များပင်လျှင် ကျွတ်ကျခဲ့၏။ အဆိုးဆုံးကို ကြိုတင်ကာဖြင့် ပြင်ဆင်ထားခဲ့မိသေး၏။

ဝူဘုရင်ကို တောင်းပန်ရန် စာလုံးများကိုပင် တွေးတောခဲ့သေးပြီး မည်သည့်စီရင်စုများကို ပေးရမည် ဆိုသည်ကိုပင် တွက်ချက်ခဲ့၏။ အဆိုးဆုံးသောအရာများ ဖြစ်ပွားသည်ဆိုသည်နှင့် နင်ယွမ်ရှန်း၏ ဂုဏ်သိက္ခာ သည် အဖက်ဆယ်၍ ရနိုင်တော့မည် မဟုတ်ပေ။

လီစွမ်းသည် လီအန်းအား နှုတ်အမူအရာဖြင့် လှမ်းကာ ပြောဆိုလိုက်၏။ “ကြည့်ထား။ ငါ ခဏလောက် သွားအိပ်လိုက်အုံမယ်”

လီစွမ်းသည် တကယ်ပင် မခံနိုင်တော့ချေ။ သူက သစ္စာရှိသည့် အစေခံတစ်ယောက်ဖြစ်၏။ သူ၏သခင် စိုးရိမ်ပူပန်သည့်အချိန်တွင် သူက သူ၏သခင်ထက်ပင် ပိုမိုကာ စိုးရိမ်ပူပန်၏။ သူ၏သခင် ပျော်ရွှင်နေသည့်အချိန်တွင် သူက သူ၏သခင်ထက် ပိုမိုကာ ပျော်ရွှင်၏။ ဤရက်အတောအတွင်း သူသည်လည်း လုံးဝ မအိပ်ခဲ့ရချေ။

နင်ယွမ်ရှန်းက သူ့ကို မအိပ်ခိုင်းခြင်း မဟုတ်ချေ။ သို့ပေမည့် သူ လီစွမ်းသည် တစ်ချိန်လုံး နတ်ဘုရားပေါင်း များစွာတို့ကို တောင်းဆုပြုလျက် ရှိနေ၏။ သတင်းကောင်း ရောက်ရှိလာသည့်အချိန်မှာတော့ လီစွမ်း၏ ခန္ဓာကိုယ်တစ်ခုလုံးက အားနည်းသွားသလိုပင် ခံစားနေမိ၏။ သူ ပျော်ရွှင်မိသည်ဆိုသော်လည်း ခန္ဓာကိုယ် တစ်ခုလုံးတွင် မည်သည့်အားအင်မှ မရှိတော့ပေ။

…..

ဝူဘုရင်၏ စစ်တပ်စခန်းအတွင်းမှာတော့ လူငယ် ဝူဘုရင်သည် ထိုင်လျက် ရှိနေ၏။ သူ့ဆီသို့ အဘယ့်ကြောင့် သတင်း ရောက်ရှိမလာရသနည်း။ ကျန်းရှစ်စီရင်စု၏ တိုက်ပွဲသတင်းအချက်အလက်က နောက်ဆုံး ရောက်ရှိထားခြင်းဖြစ်သည်။

စုကလန်မှ ပေးပို့လိုက်သည့် သတင်းပို့ချက်များအရ ဆိုလျှင် ကျန်းချုံးက ဖျားလျက် ရှိနေပြီး စုကလန် ကလည်း ကျန်းချုံး၏ သားနှင့်မြေးတို့ကို ဖမ်းဆီးထားခဲ့၏။ ထို့ကြောင့် ပိုင်ရီမြို့ အခြေအနေတစ်ခုလုံးက အဆုံးသတ်သွားပြီ ဖြစ်၏။ တိုက်ပွဲသတင်းအချက်အလက်က မကြာခင်မှာ ရောက်ရှိလာပေတော့မည်။

ဝူကျိက ပြောလိုက်၏။ “အရှင်မင်းကြီး စိတ်မပူနဲ့။ ရလဒ်က ပေါ်ထွက်နေခဲ့ပါပြီ”

ဝူကျိသည် ဝူဘုရင်၏ဦးလေး၊ အိမ်ရှေ့စံမင်းသား၏ ဆရာ၊ နိုင်ငံ၏သံတမန်ချုပ်တစ်ယောက်လည်း ဖြစ်၏။ သူက တကယ့်ကို အမှုထမ်းအိုကြီး တစ်ယောက်ဖြစ်ပြီး ဝူဘုရင်၏ အကြံအစည်နှင့် တခြားသော လုပ်ဆောင်မှုများကို သဘောမတွေ့သော်လည်း ကျိန်းသေပေါက် ဝူဘုရင်၏ ဘေးတစ်ဖက်တွင် မားမားမတ်မတ် ရပ်ကာဖြင့် ထောက်ပံ့မှုကို ပြုလုပ်ခဲ့သည်။

ဝူဘုရင်က ခေါင်းကို အထပ်ထပ် ညိတ်လိုက်၏။ “အင်း…”

ရလဒ်ကို ဆုံးဖြတ်ခဲ့ပြီးပြီ ဖြစ်၏။ ကျန်းချုံးက ကျိန်းသေပေါက် သေဆုံးရမှာဖြစ်ပြီး စုနန်က ကျန်းရှစ်စီရင်စု တစ်ခုလုံးကို သိမ်းဆည်းနိုင်ပေလိမ့်မည်။ ထိုအချိန်ဆိုလျှင် သူတို့၏ ဝူနိုင်ငံက အရှက်သိက္ခာတရားများ ဖယ်ရှားနိုင်ပြီး ကြီးမားသည့် ဂုဏ်သိက္ခာကို ပြန်လည် ရရှိပေလိမ့်မည်။

“သတင်းပို့တယ်၊ သတင်းပို့တယ်။ အမြန်... အမြန်... အမြန်” ရုတ်တရက် အလောတကြီး အသံများက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

ဝူဘုရင်က ရုတ်တရက် မတ်တပ်ထရပ်ကာ ထွက်လိုက်၏။ ဝူနိုင်ငံ၏ ရေနက်တပ်ဖွဲ့မှ စစ်သည်တော်များက အထဲသို့ လျှောက်ဝင်လာခဲ့ပြီး ဝူဘုရင်၏ရှေ့ဆီသို့ ဒူးထောက်ထိုင်ချကာ တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး.. နုရှောင့်မြို့ရဲ့ တိုက်ပွဲသတင်းပို့ချက်ပါ”

ဝူဘုရင်က ကြောင်သွားခဲ့၏။ ကျန်းရှစ်စီရင်စုရဲ့ တိုက်ပွဲသတင်းပို့ချက် မဟုတ်ပေဘူးလား။ နုရှောင့်မြို့၏ သတင်းပို့ချက်က ဘာကောင်းမည်နည်း။ ကျင်းရှိယန်က ကျင်းကလန်ကို သစ္စာဖောက်ခဲ့ပြီဟု ဆို၏။ ထို့ကြောင့် နုရှောင့်မြို့ကို ကျိန်းသေပေါက် လွယ်လွယ်ကူကူနှင့် သူတို့ ရရှိပြီဖြစ်သည်။

လူများ၏သဘာဝက ထိုကဲ့သို့ပင် မည်သည့်အံ့အားသင့်စရာမှ မရှိသည့် သတင်းရလဒ်ကို မည်သူကမှ လိုချင်စိတ်မရှိပေ။ အံ့အားသင့်စရာ ကောင်းလှသည့်အရာမျိုးကိုသာ သိရှိကြ၏။

စုနန်က ကျန်းရှစ်စီရင်စုတစ်ခုလုံးကို သိမ်းဆည်းပြီး ရွှဲ့ပြည်နယ်သည် အနောက်ဘက်ပိုင်းတွင် ရှုံးနိမ့်ရပြီ ဖြစ်၏။ ထိုအရာကသာလျှင် ဝူဘုရင်အတွက် အံ့အားသင့်စရာကောင်းသည့် သတင်း ဖြစ်ပေလိမ့်မည်။

သို့ပေမည့် ဘာပဲပြောပြော သတင်းကောင်းက သတင်းကောင်းသာလျှင်ဖြစ်သည်။

ဝူဘုရင်က သတင်းပို့ချက်ကို လှမ်းကာ ယူလိုက်၏။ စာရွက်ပေါ်တွင် ကျီးကန်းတောင်ပံမွေးသုံးခု တည်ရှိနေ၏။ သူ မျက်မှောင်ကြုတ်လိုက်မိ၏။ ဝူမူက ငယ်ရွယ်လွန်၏။ နုရှောင့်မြို့ကို သိမ်းဆည်းပြီး နုရှောင့်မြို့က အိတ်ထဲသို့ ရောက်နေသည့် အရာဖြစ်သည်ဆိုလျှင်တောင်မှ ထိုကဲ့သို့သော အမှတ်အသားများ ကို ပြုလုပ်ကာ ပေးပို့လျက် ရှိနေသေး၏။ စာအုပ်ကြီးသမား တစ်ယောက်လိုပင်။

သူက သတင်းပို့ချက်ကို အသာပင် ဖွင့်ကြည့်လိုက်၏။ ပထမဦးဆုံး ရေးသားထားသည်မှာ

“အရှင်မင်းကြီး.. ကျုပ်က တကယ့်ကို ညံ့ဖျင်းခဲ့ပါတယ်။ နုရှောင့်မြို့ရဲ့ တိုက်ပွဲက ရှုံးနိမ့်ခဲ့ပါပြီ”

ချက်ချင်းပဲ ဝူဘုရင်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် တွေတွေကြီး ဖြစ်သွားခဲ့၏။ သူက မားမားမတ်မတ် ရပ်လျက် ရှိနေ၏။ သို့ပေမည့် သူ၏လက်များက တုန်ယင်လျက် ရှိနေသည်။ သတင်းပို့ချက်ထဲတွင် ရှိနေသည့် စာလုံးများသည် သူ၏လက်များကို ပိုမိုကာ တုန်ယင်စေခဲ့၏။ သူသည် ထိုအပေါ်တွင် ရေးသားထားသည့် စာလုံးတစ်ခုချင်းစီတိုင်းကို မှတ်မိ၏။ ထိုအရာက ဝူမူ ရေးသားထားသည့် စာတမ်းများပင်။

ဘာဖြစ်ရသနည်း။ ဘာကြောင့် ဤကဲ့သို့ ဖြစ်ရသနည်း။ ဝူဘုရင်သည် မျက်လုံးကို မှိတ်လိုက်၏။ သူက အသက်ကို ပြင်းပြင်းရှူပြီး မျက်လုံးကို ပြန်လည်ကာ ဖွင့်ကြည့်လိုက်၏။ ပြီးနောက် ဝူမူ ပေးပို့လိုက်သည့် သတင်းပို့ချက်ကို ပြန်လည်ကာ ဖတ်ရှုပြန်၏။ သတင်းပို့ချက်က အသေးစိတ်ဆန်လွန်း၏။ အထဲတွင် စာလုံးရေ တစ်ထောင်နီးပါးခန့် ရှိ၏။

ဝူမူက မည်သည့်အကြောင်းအရာကိုမှ ဖုံးကွယ်မထားချေ။ နုရှောင့်မြို့၏ တိုက်ပွဲအကြောင်းကို သေသေချာချာ အသေးစိတ် ရေးသားထားခဲ့၏။ အရာအားလုံးမှာ ဘုရင်မင်းမြတ်၏ အပြစ်မဟုတ်ဘဲ သူ၏အပြစ်များသာ ဖြစ်ကြောင်း ဝန်ခံရေးသားထားသည်။

ထိုစကားလုံးများကို ဘေးတစ်ဖက်မှာ ကြည့်ရှုပြီးသည့်နောက် ဝူကျိသည် ဘုရင်မင်းမြတ်၏ ခန္ဓာကိုယ်ထဲရှိ ကိုယ်တွင်းကလီစာများ တောက်လောင်လျက် ရှိနေသည်ကိုပင် မြင်နေရ၏။

“ဦးရီးတော်… ကြည့်ပါအုံး”

ဝူဘုရင်သည် ဘေးတစ်ဖက်ဆီသို့ လှမ်းကာ ပေးပို့လိုက်၏။ တစ်ဖက်လူက ဖတ်ရှုပြီးဖြစ်သည်။ သို့ပေမည့် စာရွက်ကို ယူပြီး ထပ်မံ ဖတ်ရှုလိုက်သည်။

နုရှောင့်မြို့တိုက်ပွဲက ရှုံးနိမ့်ခဲ့ပြီ။ လေ့ကျိုးကျွန်းစုရဲ့ မဟာဗျူဟာကလည်း ကျရှုံးခဲ့ပြီ။ သူတို့ ဘယ်လောက် ပေးအပ်လိုက်ရသနည်း။

ဘုရင်မင်းမြတ်၏အနေနှင့် တောင်ဘက်ပိုင်းဆီသို့ စစ်သည်ပေါင်း တစ်သိန်းရှစ်သောင်းကို ခေါ်ဆောင်ခဲ့ပြီး ရွှဲ့ပြည်နယ်၏ နယ်စပ် တည်နေရာဆီသို့ ချဉ်းကပ်ခဲ့၏။ ထိုအရာအားလုံးက နုရှောင့်မြို့ကို အပိုင် သိမ်းနိုင်ရန် လှည့်စားခဲ့ခြင်းသာ ဖြစ်၏။ ဝူဘုရင်သည် နန်းပလ္လင်ကို ဆက်ခံခဲ့ပြီးနောက် ပထမဦးဆုံးအနေဖြင့် ကြီးမားသည့် စစ်ဆင်ရေးတစ်ခုကို စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ ထိုစစ်ဆင်ရေးက ကျရှုံးခဲ့သည်။

“ကျင်းရှိယန်… ကျင်းရှိယန်” ဝူဘုရင်က အံကို ကြိတ်ထား၏။ သူက ကျင်းရှိယန်ဆိုသည့် နာမည်ကို ဆက်တိုက် အော်ဟစ်လျက် ရှိနေ၏။

ကျင်းရှိယန်သာ ထိုသို့မလုပ်ခဲ့ပါက ဝူနိုင်ငံအနေနှင့် အဘယ်သို့ ရှုံးနိမ့်မည်နည်း။ ဝူနိုင်ငံက မိန်းမလှထောင်ချောက်ကို အသုံးပြုခဲ့၏။ တစ်ဖက်လူက ထိုနည်းအတိုင်း လိုက်ပါလာခဲ့သည်။ သို့ပေမည့် နောက်ဆုံးအချိန်မှာတော့ ဝူနိုင်ငံကသာ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့၏။ စစ်သည်ပေါင်း သုံးသောင်းကျော် ထုတ်သုံးခဲ့ပြီး သောင်းရှစ်ထောင်လောက် သေဆုံးခဲ့သည်။

ထိုအရာက အကုန်မဟုတ်သေးချေ။ အဓိကသော့ချက်အားဖြင့် နုရှောင့်မြို့ကို အချိန်ကြာမြင့်စွာ ဝိုင်းပတ်ထားသည် ဆိုလျှင်တောင် နုရှောင့်မြို့ကို သိမ်းဆည်းနိုင်ခြင်း မရှိပေ။ ထို့ပြင် ယင်ယွမ်အဖွဲ့အစည်းနှင့် သူတို့၏ ဆက်ဆံရေးက အပေါ်ယံသာ ကောင်းမွန်နေခြင်းဖြစ်၏။

တိုက်ပွဲရှုံးနိမ့်သည်ဆိုသည်နှင့် ယင်ယွမ်အဖွဲ့အစည်းမှ ချေးယူထားခဲ့သည့် ရွှေသန်းနှင့်ချီသည့် အရာများကို ပြန်လည်ကာ ပေးဆပ်ရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာအားလုံး ကုန်ဆုံးသွားခဲ့ သောကြောင့်ပင်။

ဝူဘုရင်၏ ဦးရီးတော်ဖြစ်သော ဝူကျိသည် သတင်းပို့ချက်ကို ဖတ်ရှုပြီးနောက် ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွားခဲ့၏။ သို့ပေမည့် သူက နန်းအမှုထမ်းအိုကြီးဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးကို တောင့်ခံထားနိုင်စွမ်း ရှိသည်။

“အရှင်မင်းကြီး..... ကိုယ့်စိတ်ကိုယ် ထိန်းပါအုံး”

ဝူကျိက ပြောလိုက်၏။ “အခြေအနေက အဆိုးဆုံးတော့ မဟုတ်သေးဘူး။ ကျန်းရှစ်စီရင်စုဆီက သတင်းပို့ချက် မကြာခင် ရောက်လာလိမ့်မယ်။ ကျန်းချုံးသာ ဖျက်ဆီးခံရပြီး စုနန်ကသာ ကျန်းရှစ်စီရင်စုတစ်ခုလုံးကို သိမ်းဆည်းနိုင်ခဲ့မယ်ဆိုရင် နင်ယွမ်ရှန်းက ကျိန်းသေပေါက် လိုက်လျောရလိမ့်မယ်။ အဲအချိန်ကျရင် ကျုပ်တို့နဲ့ ကျိန်းသေပေါက် ညှိနှိုင်းရမှာပဲ။ ဒါဆိုရင် ကျုပ်တို့ စီရင်စုသုံးခုကို ပြန်ပြီး ရနိုင်သေးတယ်။ တိုက်ပွဲက ကြီးမားတဲ့ အောင်ပွဲတစ်ခုအဖြစ် ဖြစ်တည်နေအုံးမှာပဲ”

“အရှင်မင်းကြီး… နေထွက်ချိန်မှာ ရှုံးနိမ့်ခဲ့တယ်ဆိုရင်တောင် နေဝင်ချိန်မှာ ပြန်နိုင်မှာပါ။”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ဝူဘုရင်က ချက်ချင်းပဲ မိမိစိတ်ကို ပြန်လည်ကာ တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ ဟုတ်ပေ၏။ အခြေအနေက အဆိုးဆုံး မဟုတ်သေးချေ။ ဝူပြည်နယ်သည် နုရှောင့်မြို့ကို တိုက်ခိုက်ရာတွင် ရှုံးနိမ့်ခဲ့ခြင်းသာ ဖြစ်၏။ ထိုအရာက သီးခြားရှုံးနိမ့်မှုတစ်ခုသာ ဖြစ်ပြီး စစ်သည်အနည်းငယ် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်၏။ ရွှဲ့ပြည်နယ် အနေမှာတော့ တကယ့်ကို ဖျက်ဆီးခံရခြင်းနှင့် ကြုံဆုံနေရသည်။

ဝူနိုင်ငံက မရှုံးနိမ့်သေးချေ။ ကျန်းရှစ်စီရင်စု၏ တိုက်ပွဲရလဒ်သာ ပေါ်ပေါက်လာပါက နင်ယွမ်ရှန်းက ကျိန်းသေပေါက် ပူးပေါင်းဆောင်ရွက်ရပေလိမ့်မည်။ သို့ကြောင့် ဝူဘုရင်က ခန္ဓာကိုယ်ကို မတ်ကာ ပြောလိုက်၏။

“ဦးရီးတော်... တူတူစောင့်ကြရအောင်။ ကျန်းရှစ်စီရင်စုက တိုက်ပွဲသတင်းကို စောင့်ကြမယ်။ နင်ယွမ်ရှန်း အနေနဲ့ ကျုပ်တို့ကို သနားညှာတာပေးဖို့ တောင်းပန်ရလိမ့်မယ်။ ပြီးတော့ သူက မဖြစ်မနေ ကျုပ်တို့နဲ့ ပူးပေါင်း ပေးရလိမ့်မယ်။ ကျုပ်တို့ မရှုံးသေးဘူး။ ကျုပ် လုံးဝမရှုံးသေးဘူး”

ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ မြင်းခွာသံများ ပေါ်ပေါက်လာသည်။ “အလျင်လိုပါတယ်။ သတင်းပို့ချက်၊ သတင်းပို့ချက်ပါ”

လျှို့ဝှက်သူလျှိုများသည် စစ်စခန်းရှေ့၌ ပေါ်ပေါက်လာခဲ့၏။

“အရှင်မင်းကြီး... ပိုင်ရီမြို့တိုက်ပွဲ ပြီးသွားခဲ့ပါပြီ။ စုကလန်ရဲ့စစ်တပ်က ရှုံးနိမ့်သွားခဲ့ပြီ။ အကုန်လုံး သေဆုံးသွားခဲ့ကြတယ်”

မိုးကြိုးပစ်သံများသည် တည်နေရာအနှံ့၌ ပေါ်ပေါက်လာသကဲ့သို့ပင်။ ဝူဘုရင်သည် အိပ်မက် မက်နေသကဲ့သို့ပင် ခံစားနေမိသည်။

“ဘာ... ဘာပြောလိုက်တယ်”

“အရှင်မင်းကြီး... စုကလန်ရဲ့ အဓိကအင်အားစုတွေက ရှုံးနိမ့်သွားခဲ့ပါပြီ။ စစ်တပ်ကြီးတစ်ခုလုံးက သုတ်သင်ခံရလုနီးပါးပဲ”

ဝူဘုရင်၏ မျက်လုံးများက နီရဲသွားခဲ့၏။ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အမွေးပေါင်းများစွာက ရုတ်တရက် ထောင်ထသွားသကဲ့သို့ပင်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ စုကလန်ရဲ့ လျှို့ဝှက်သတင်းပို့ချက်တွေအရဆိုရင် ကျန်းချုံးက ပြင်းပြင်းထန်ထန်နဲ့ ဖျားနာနေပြီး သေတော့မှာ မဟုတ်လား။ ပြီးတော့ သူတို့က ကျန်းချုံးရဲ့ သားနဲ့မြေးကိုလည်း ဖမ်းထားခဲ့သေးတယ်။ ပိုင်ရီမြို့က အိတ်ထဲကို ရောက်ဖို့ လက်တစ်ကမ်းအကွာ ရောက်နေပြီ မဟုတ်လား။ ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာတွေ ဖြစ်ခဲ့တာလဲ”

ထိုလျှို့ဝှက်သူလျှိုက လျှောက်တင်လိုက်သည် “ရှမ့်လန်က ချင်နိုင်ငံရဲ့ မြင်းသည်တော်တွေကို ခေါ်ဆောင်လာခဲ့ပြီး ရုတ်တရက် နောက်က ဝင်တိုက်ခိုက်ခဲ့တယ်။ စုကလန်ရဲ့ အဓိကအင်အားစုကြီးက အလစ်အငိုက် မိခဲ့တယ်။ နေ့ဝက်အတွင်းမှာပဲ အားလုံးရှုံးနိမ့်ခဲ့တယ်”

ဝူဘုရင်က ရုတ်တရက် တွန့်သွားမိ၏။ “ရှမ့်လန်”

ထပ်ပြီး ရှမ့်လန်ပင် ဖြစ်ပြန်သေးသည်လား။ သို့နှင့် သူ၏ခြေထောက်များက အားပျော့လာခဲ့၏။ မတ်မတ်ပင် မရပ်နိုင်တော့ချေ။ သူက ဆက်တိုက်ဆိုသလို နောက်ကိုဆုတ်ပြီး ထိုင်ခုံတစ်လုံးပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ တကယ့်ကို ဆိုးရွားလွန်းသည့် သတင်းတစ်ခုပင်။

မျှော်လင့်စရာနှစ်ခုရှိသည်။ ထိုနှစ်ခုလုံး ရှုံးနိမ့်ခဲ့၏။ နုရှောင့်မြို့ တိုက်ပွဲကလည်း ရှုံးနိမ့်ခဲ့၏။ ပျံ့ရှောင်းက ဝူနိုင်ငံထဲသို့ ဝင်ရောက်ပြီး ဆိုးဆိုးရွားရွား သတ်ဖြတ်လျက်ရှိနေ၏။ သို့ပေမည့် သူက ထိုသူ့ကို မတားဆီးနိုင်သေးချေ။ ယခု နင်ယွမ်ရှန်းကလည်း ကျန်းရှစ်စီရင်စု၏ တိုက်ပွဲကို အောင်မြင်ခဲ့ပြီး စုကလန်၏ အဓိကအင်အားစုကြီးကလည်း ဖျက်ဆီးခံရ၏။

ထိုကဲ့သို့ ကြီးမားသည့် အောင်ပွဲ၌ နင်ယွမ်ရှန်းသည် ငရဲခန်းဆီမှ ကောင်းကင်ဘုံသို့ တိုက်ရိုက်ဆိုသလိုပဲ တက်လှမ်းသွားခဲ့၏။ သူ ... ဝူဘုရင်မှာတော့ ကောင်းကင်ဘုံမှ ငရဲခန်းဆီသို့ ထိုးဆင်းသွားခဲ့သည်။

အဘယ့်ကြောင့် ဖြစ်ရသနည်း။ သူ ... ဝူဘုရင် ဘာတွေများ မှားယွင်းတာ လုပ်ခဲ့သနည်း။ အဘယ့်ကြောင့် ကောင်းကင်က သူ့ကို ဤသို့ ဆက်ဆံရသနည်း။

ဝူဘုရင်၏ မျက်ရည်များသည် မျက်လုံးထောင့်စွန်းဆီမှ ကျဆင်းလာခဲ့၏။ ဝူဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် နွေးထွေးမှုဟူ၍ မရှိတော့ချေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ထုံကျင်လျက် ရှိနေပြီး ခံစားချက် အနည်းငယ်မှပင် ပေါ်ပေါက်မလာတော့ချေ။ သူ .. မည်ကဲ့သို့သော အကျိုးဆက်များကို ထပ်မံကာ ရင်ဆိုင်ရမည်နည်း။ ပျံ့ရှောင်းက အောင်ပွဲကြောင့် ဆက်လက်ကာ မွှေနှောက် တိုက်ခိုက်ပေတော့မည်။

နင်ယွမ်ရှန်းသည် ကြီးမားလွန်းသည့် တန်ကြေးကို တောင်းခံတော့မှာဖြစ်၏။ သူ၏ တခြားသော စီရင်စုများကို လက်လွှဲပေးရတော့မည်လား။ သူ ဝူဘုရင်က နန်းတက်ကာစပင် ရှိသေး၏။ ထိုကဲ့သို့ အရှက်ခွဲခြင်းကို ခံရတော့မည်လား။

ဝူဘုရင်က တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်၏။ “ဦးရီးတော်.. ကျုပ်က လုံလောက်အောင် မတော်ခဲ့ဘူး။ ကျုပ်က ဒီနန်းပလ္လင်ပေါ်မှာ ထိုင်ဖို့အတွက် သင့်တော်တဲ့ လူတစ်ယောက် မဟုတ်ဘူး”

ထိုစကားထွက်ပေါ်လာသည့်အချိန်မှာတော့ ဝူကျိက ရုတ်တရက် မြေပေါ်တွင် ဒူးထောက်ထိုင်ချလိုက်၏။ ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်သည်။ “အရှင်မင်းကြီးက သူရဲကောင်းဆန်တယ်။ ပြီးတော့ သတ္တိကောင်းတဲ့ လူတစ်ယောက်ပါပဲ။ ဘုရင်ဖြစ်ဖို့ အရှင်မင်းကြီးကသာ မထိုက်တန်ဘူးဆိုရင် လောကကြီးထဲမှာ ဝူဘုရင်ဖြစ်ဖို့ ဘယ်သူကများ ထိုက်တန်တော့မှာလဲ”

ဝူဘုရင်က ပြောလိုက်၏။ “ဒါ... ဒါဆိုရင် ဘာကြောင့် ကျုပ်က နန်းတက်ပြီးတဲ့နောက် မကြာသေးခင်မှာပဲ ကြီးကြီးမားမား ရှုံးနိမ့်ခဲ့ရတာလဲ”

ဝူကျိက ပြောလိုက်သည်။ “အရှင်မင်းကြီး.. တစ်ခါတလေ အောင်မြင်မှု၊ ရှုံးနိမ့်မှုဆိုတာ ကောင်းကင်က ဆုံးဖြတ်ပေးခဲ့တာပဲ။ ဘုရင်တွေက ဒီလိုမျိုး ကပ်ဆိုးတွေ၊ ဘေးအန္တရာယ်တွေကို ရင်ဆိုင်ပြီးတော့မှ အတွေ့အကြုံတွေ များပြားလာခဲ့ကြတာပဲ။

အရှင်မင်းကြီးက ကိုယ့်ဘဝသက်တမ်းရဲ့ အဆုံးဘက်ကို ရောက်နေတာ မဟုတ်ဘူး။ ဒီတော့ အရှင်မင်းကြီးက ဆိုးဝါးတဲ့ လူတစ်ယောက်လို့ သုံးသပ်လို့ မရသေးဘူး။ အရှင်မင်းကြီးက တကယ့်ကို ထက်မြက်တဲ့ လူတစ်ယောက်ပဲ။ အခုထိလည်း ထက်မြက်နေတုန်းပါပဲ”

ဝူကျိသည် ရှေ့သို့ ဒူးထောက်ကာ လှမ်းလျှောက်ရင်း ကျယ်လောင်စွာ အော်ဟစ် လိုက်၏။ “စကား အနည်းငယ်လောက် ထပ်ပြီး ပြောပါရစေ။ ဒီအချိန်မှာ ဝူဘုရင်က ရှုံးနိမ့်ခဲ့တယ်ဆိုပေမဲ့ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့တာ မဟုတ်ဘူး။ ရန်သူက အရမ်းကြီး အားကောင်းခဲ့လို့သာ ကျုပ်တို့ ရှုံးနိမ့်ခဲ့တာပဲ”

“ပြီးတော့ ဝူမူကို သေသေချာချာ လေ့ကျင့်ပေးလိုက်မယ်ဆိုရင် ကျော်ကြားတဲ့ စစ်သူကြီးတစ်ယောက် ဖြစ်လာမှာ။ အရှင်မင်းကြီးက သူ့ကို ယုံကြည်ခဲ့တယ်။ သူကလည်း တကယ့်ကို ယုံကြည်ထိုက်တဲ့ လူတစ်ယောက် ပဲ”

“အရှင်မင်းကြီး... ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီတစ်ကြိမ် နင်ယွမ်ရှန်းနဲ့ တိုက်ပွဲမှာ အရှင်မင်းကြီးက အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်။ အမှားအယွင်း လုပ်ခဲ့တာတစ်ခုဆိုလို့ နင်ယွမ်ရှန်းရဲ့ ဗျူဟာအတိုင်း လိုက်လုပ်မိတာပဲ ရှိတယ်။

အရှင်မင်းကြီးက မူလ မဟာဗျူဟာကို ဖယ်ရှားပြီး ဘုရင်နှစ်ပါး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မယ့် အခြေအနေဆီ ပြောင်းလဲခဲ့တယ်။ ပြီးတော့ အနောက်ဘက်ပိုင်းမှာ ရှိတဲ့ စစ်သည်တွေကို ဒီနေရာဆီ ဆင့်ခေါ်ခဲ့တယ်။ ဒါကြောင့် ပျံ့ရှောင်းရဲ့ မြင်းသည်တော်တွေက အထဲကိုဝင်ပြီး စိတ်လိုလက်ရ သတ်ဖြတ်၊ လုယက်တဲ့အလုပ်ကို လုပ်နိုင်ခဲ့တာပေါ့။

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။ အချိန်တော်တော်များများမှာ အောင်မြင်မှု၊ ရှုံးနိမ့်မှုဆိုတာ နတ်ဘုရားတွေရဲ့ စိတ်ဆန္ဒပဲ အရှင်မင်းကြီး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး အပြစ်တင်စရာ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း သံသယရှိနေစရာ မလိုဘူး။

မင်းမှုထမ်းအိုကြီးတွေရဲ့ တန်ပြန်တိုက်ခိုက်မှုတွေ အတွက်လား။ အရှင်မင်းကြီး စိတ်ချထားပါ။ ကျုပ်ရှိနေသရွေ့ ဘယ်သူကမှ မျက်လုံးတောင် ရဲရဲမဖွင့်ရဲစေရဘူး။ ကျုပ် သူတို့ရဲ့ မိသားစုအကုန်လုံးကို သတ်ပစ်မယ်။

အရှင်မင်းကြီး... ကိုယ့်စိတ်ကို ထိန်းချုပ်ပါ။ နင်ယွမ်ရှန်းရဲ့ နောက်မျိုးဆက်တွေက အရှင်မင်းကြီး ယှဉ်နိုင်မှာ မဟုတ်ဘူး။ အရှင်မင်းကြီးက ငယ်ပါသေးတယ်”

All Chapters