← Chapters

ပြီးပြည့်စုံသော အဆင့်မြှင့်တင်မှု

Vol. 22 Ch. 290

ပြီးပြည့်စုံသော အဆင့်မြှင့်တင်မှု

Vol. 22 Ch. 290

သူမ၏ ခွက်ထဲမှ 'နဂါး အဖူး လက်ဖက်ရည်' နောက်ဆုံး တစ်ငုံကို သောက် ပြီးနောက် လင်ယုယန်သည် သူမ၏ နှုတ်ခမ်းကို ညင်သာစွာ သပ်လိုက်ပြီး သူမ၏ အကိုကြီးကို တိတ်တဆိတ် ခိုးကြည့်နေသည်။

"မင်း ဘာပြောချင်လို့လဲ"

အချိန်အတော်ကြာ အစိုက်ကြည့်ခံရပြီးနောက် ကျန်းပေရန်က မေးလိုက်သည်။

"အကိုကြီး... ကျွန်မ မေးခွန်းတစ်ခု မေးလို့ရမလား"

"မေးလေ"

ဒီစကားကို ကြားသောအခါ လင်ယုယန်၏ မျက်လုံးများသည် အမှောင်ထဲတွင် လင်းလက် တောက်ပသွားသည်။

[အကိုကြီး တကယ် သဘောတူလိုက်တာလား]

သူမသည် မူလက အဆူခံရမည့် စိတ်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်၊ ဘာကြောင့်လဲဆိုတော့ သူမ အကိုကြီး အမုန်းဆုံးမှာ လူတွေက သူ၏ ကိစ္စများကို စပ်စုခြင်း ဖြစ်ကြောင်း သူမ ကောင်းကောင်း သိသောကြောင့် ဖြစ်သည်။

ဒါပေမဲ့ ဒီတစ်ခါတော့ သူမ၏ စပ်စုစိတ်က သူမကို အနိုင်ယူသွားပြီး မမေးဘဲ မနေနိုင်တော့ပေ။ သူ တကယ် သဘောတူလိမ့်မည်ဟု သူမ၏ အဆိုးဆုံး အိပ်မက်ထဲတွင်ပင် မမျှော်လင့်ထားခဲ့ပေ။

[ဒါ... ဒါက အကိုကြီးက ငါ့ကို သူ့မိန်းမအဖြစ် အသိအမှတ်ပြုလိုက်ပြီလို့ အဓိပ္ပာယ်ရလား ဒါက လင်မယားတွေ အချင်းချင်း ဖွင့်ဟပြကြတယ် ဆိုတာမျိုးလား]

အဲ့ဒီ ချက်ချင်း အခိုက်အတန့်မှာပဲ လင်ယုယန်သည် သူမ၏ အကိုကြီးကို မယှဉ်နိုင်လောက်အောင် ခန့်ညားပြီး မယှဉ်နိုင်လောက်အောင် တည်ကြည်သည်ဟု တွေ့ရှိလိုက်သည်။ သူ၏ ခိုင်မာသော မျက်နှာက သူမကို "ယုယန် ငါတို့ အခုကစပြီး အတူတူ နေထိုင်ကြတော့မှာ ဖြစ်လို့ ငါတို့ အချင်းချင်း အရင် နားလည်ထားရမှာပေါ့ မင်း ဘာမေးချင်လဲ မေးသာ မေး" ဟု ပြောနေပုံရသည်။

[အာ အကိုကြီးရယ် ဒီ ဝိညာဉ်ရေးရာ ဖလှယ်မှု ပြီးတာနဲ့ ကျွန်မတို့ ခန္ဓာကိုယ်နဲ့ ဖလှယ်တာမျိုးကို ဆက်သွားသင့်တယ် မဟုတ်လား ငါသာ သိခဲ့ရင် ငါ့ရဲ့ အဝါရောင် အတွင်းခံကို ဝတ်ခဲ့သင့်တာ ဒါပေမဲ့ အနည်းဆုံးတော့ ငါ အပြင်မထွက်ခင် ရေချိုးခဲ့ပါတယ်... ငါ ပြန်ပြီး 'မက်မွန်ပန်း နှင်းရည်' နည်းနည်း ဖြန်းခဲ့သင့်လား]

လင်ယုယန်က သူမ၏ ဝိညာဉ် ထွက်သွားသလို ဖြစ်နေသည်ကို မြင်သောအခါ ကျန်းပေရန်က စားပွဲကို ခေါက်လိုက်ပြီး "မင်း ဒီလောက်ကြာအောင် စဉ်းစားဖို့ လိုလို့လား" ဟု ပြောလိုက်သည်။

စားပွဲခေါက်သံက လင်ယုယန်ကို သူမ၏ စိတ်ကူးယဉ်မှုများ……..သူမကို ဒီလိုပုံစံမျိုး ထားလိုက်၊ ဟိုလိုပုံစံမျိုး ထားလိုက် လုပ်နေပြီ ဖြစ်သော စိတ်ကူးယဉ်မှုများထဲမှ လန့်နိုးသွားစေသည်။

သူမ၏ ပါးစပ်ထောင့်ကို သုတ်လိုက်ပြီး သူမက ပြောလိုက်သည်။

"ကျွန်မ မေးချင်တာက... အကိုကြီးက ရှန့်တိုင်းပြည်မှာ တကယ် မွေးဖွား ကြီးပြင်းခဲ့တာလား"

[ရွေးချယ်စရာတွေ ပေါ်မလာဘူးလား]

အတိတ်တုန်းက တစ်စုံတစ်ယောက်က သူ၏ နောက်ခံကို စုံစမ်းရန် ကြိုးစားပါက စနစ်သည် ချက်ချင်း ရွေးချယ်စရာများ ပေါ်လာလိမ့်မည်။တိုက်ရိုက် ငြင်းဆိုရန် သို့မဟုတ် ဝေ့လည်ကြောင်ပတ် လုပ်ရန် ဖြစ်သည်။

ဒါပေမဲ့ ဒီတစ်ခါတော့ ဘာမှ မရှိပေ။ ဒါက ပထမဆုံး အကြိမ်ပဲ။

[စနစ်က တိတ်တဆိတ် အဆင့်မြှင့်သွားတာ ဖြစ်နိုင်မလား]

အများကြီး တွေးမနေဘဲ ကျန်းပေရန်က သူ၏ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး "မင်းက ဘာလို့ အဲ့လို ပြောတာလဲ" ဟု မေးလိုက်သည်။

လင်ယုယန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး သတိကြီးစွာ မေးလိုက်သည်။

"တကယ်တော့... တကယ်တော့ ကျွန်မက အကိုကြီးကို အလယ်ပိုင်းဒေသက လှည့်လည် ကျင့်ကြံသူ တစ်ယောက်လို့ အမြဲ ထင်ခဲ့တာ"

"လှည့်လည် ကျင့်ကြံသူ"

ကျန်းပေရန်၏ မျက်နှာထားက ရှုပ်ထွေးသွားပြန်သည်။

"ဟုတ်တယ်"

လင်ယုယန်က ခေါင်းညိတ်လိုက်သည်။

"ဘာလို့လဲဆိုတော့ အကိုကြီးက ရှန့်တိုင်းပြည်က ရေတွင်းထဲက ဖားသူငယ်တွေနဲ့ ဘာမှ မတူလို့ပဲ အကိုကြီးက ကျင့်ကြံခြင်းအပြင် တခြား အရာတွေ အများကြီး သိတယ် အရာအားလုံး နီးပါးပဲ အကိုကြီးက အလယ်ပိုင်း ဒေသက ကျင့်ကြံသူတွေလိုပဲ ပညာတတ်ပြီး နက်နဲတယ် ဒါကြောင့်... ဒါကြောင့် ကျွန်မက အကိုကြီးက အဲ့ဒီက လှည့်လည် ကျင့်ကြံသူ တစ်ယောက် ဖြစ်နိုင်ပြီး အကြောင်းတစ်ခုခုကြောင့် ရှန့်တိုင်းပြည်ကို ရောက်လာတာလို့ ခန့်မှန်းခဲ့တာ ဒါပေမဲ့ အကိုကြီး ခုနက မေးခဲ့တဲ့ မေးခွန်းတွေအရ... အကိုကြီး တကယ် အလယ်ပိုင်း ဒေသကို မရောက်ဖူးဘူး ထင်တယ်"

သူမ စကားဆုံးသည်နှင့် ကျန်းပေရန် ရှေ့တွင် ရွေးချယ်စရာ သုံးခု ပေါ်လာသည်။

[ရွေးချယ်စရာ တစ်: "ငါ အလယ်ပိုင်း ဒေသကို တကယ် မရောက်ဖူးဘူး" ပြီးမြောက်ခြင်း ဆု: ပန်းထိုး တိမ်တိုက် ကူကောင် လက်စွဲကျမ်း (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]

[ရွေးချယ်စရာ နှစ်: "ဒါက မင်း စိုးရိမ်ရမယ့် ကိစ္စ မဟုတ်ဘူး" ပြီးမြောက်ခြင်း ဆု: ပြင်းထန်သော ဝိညာဉ် လျှို့ဝှက် အတတ်ပညာ (အနက်ရောင်အဆင့်၊ အဆင့်မြင့်)]

[ရွေးချယ်စရာ သုံး: "ငါ အရာတချို့ကို တကယ် မေ့သွားခဲ့တယ်" ပြီးမြောက်ခြင်း ဆု: ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]

[ကောင်းပြီလေ... ငါ့အပေါ်မှာ လျှို့ဝှက်ဆန်းကြယ် လုပ်ပြနေတာပေါ့ ဟုတ်လား]

ရွေးချယ်စရာ သုံး ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းသည်။ ဒါက "နက်နဲသော ပညာရှင်ကြီးတစ်ဦးအဖြစ် ဟန်ဆောင်ခြင်း" လမ်းကြောင်း ဖြစ်သည်။

[ဒါ ရုတ်တရက် စိတ်ဝင်စားဖို့ ကောင်းလာပြီ]

ရွေးချယ်စရာ သုံး ကို ရွေးချယ်လိုက်ပြီး ကျန်းပေရန်က လင်ယုယန်ကို နှစ်စိတ်၊ နက်နဲမှု သုံးစိတ် ၊လျှို့ဝှက်ဆန်းကြယ်မှုနှင့် ငါးစိတ် "လောကီကို ထွင်းဖောက် မြင်နိုင်မှု" ဖြင့် ကြည့်လိုက်ပြီး "ငါ အရာတချို့ကို တကယ် မေ့သွားခဲ့တယ်" ဟု ပြောလိုက်သည်။

[ရွေးချယ်မှု ပြီးမြောက်သည်။ ဆု: ဆွဲဆောင်မှု +၁]

[ဘာ...]

ခွန်အား၊ သွက်လက်မှု၊ နှင့် ခန္ဓာကိုယ် တို့ကို တွေ့မြင်နေကျ ဖြစ်နေသော ကျန်းပေရန်သည် လန့်ပြီး ခုန်မတတ် ဖြစ်သွားသည်။

ခြောက်နှစ်အတွင်း ဒါက သူ 'ဆွဲဆောင်မှု' တိုးလာတာကို ပထမဆုံး တွေ့မြင်ဖူးခြင်း ဖြစ်သည်။

[စနစ်... မင်း တကယ်ပဲ ငါ့နောက်ကွယ်မှာ အဆင့်မြှင့်လိုက်တာလား ဒီလိုဆိုရင် ငါ့ကို အရိပ်အယောင် ပြစမ်း]

ဒါပေမဲ့ ထုံးစံအတိုင်း စနစ်က ဘာ တုံ့ပြန်မှုမှ မပေးခဲ့ပေ။

ဒါပေမဲ့ အခြေအနေ အရပ်ရပ်က စနစ်သည် ယခင်ကနှင့် မတူတော့ဘူး ဆိုသည့် အချက်ကို ညွှန်ပြနေသည်။

ကျန်းပေရန် တုန်လှုပ်နေဆဲမှာပင် လင်ယုယန်သည် နောက်တစ်ကြိမ် ပီတိ ဖြစ်ခြင်းထဲသို့ ကျရောက်သွားပြန်သည်။

[ငါက အကိုကြီးရဲ့ လျှို့ဝှက်ချက်ကို သိတဲ့ ပထမဆုံး လူ ဖြစ်ရမယ် ဖြစ်နိုင်မလား... သူ နောက်ဆုံးတော့ ငါ့ဆီကို သူ့နှလုံးသားကို ဖွင့်ပြတော့မှာလား ပြီးတော့ ငါတို့ ချစ်သူ ငှက်လေး တစ်စုံလို အတူတူ ပျံသန်းကြတော့မှာလား ငါတို့ရဲ့ ပထမဆုံး ကလေးကို ဘယ်လို နာမည်ပေးသင့်လဲ ယောက်ျားလေး ဆိုရင် ကျန်းရှောင်ယွီ မိန်းကလေး ဆိုရင်...]

သူမ သူတို့၏ သမီးအတွက် နာမည်များ စိတ်ကူးယဉ်နေစဉ် ရုတ်တရက် သတိပြန်ဝင်လာပြီး သူ့ကို ပြောလိုက်သည်။

"အကိုကြီး စိတ်မပူပါနဲ့ ကျွန်မ ဒါကို ဘယ်သူ့ကိုမှ ဘယ်တော့မှ မပြောဘူးလို့ ကျိန်ဆိုပါတယ်"

ကျန်းပေရန်က အဲ့ဒါကို တုံ့ပြန် မနေတော့ဘဲ ဆက်ပြောသည်။

"မင်းက ငါ့ကို အလယ်ပိုင်း ဒေသက လှည့်လည် ကျင့်ကြံသူ တစ်ယောက်လို့ ဘယ်တုန်းက စ တွေးခဲ့တာလဲ"

"အကိုကြီးက အရာအားလုံးကို လုပ်နိုင်တယ်လို့ ကျွန်မ သိလိုက်ရတဲ့ အချိန်ကစပြီး"

"အသေးစိတ် ရှင်းပြ"

"ကျွန်မ ခုနက ပြောခဲ့သလိုပဲ ရှန့်တိုင်းပြည်က ကျင့်ကြံသူတွေ အားလုံးက ရေတွင်းထဲက ဖားသူငယ်တွေပဲ သူတို့က ကျင့်ကြံခြင်းကိုပဲ သိတယ် ဒါပေမဲ့ ကျင့်ကြံခြင်း တစ်ခုတည်းက အသုံးမဝင်ဘူးဆိုတာ မသိကြဘူး အကိုကြီးလို 'လျှို့ဝှက်တံခါးရဲ့ အတတ်ပညာ ဆယ့်ခြောက်ပါး' မှာ ကျွမ်းကျင်တဲ့ သူတစ်ယောက်တည်းကသာ စစ်မှန်တဲ့ အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်မှာ"

[လျှို့ဝှက်တံခါးရဲ့ အတတ်ပညာ ဆယ့်ခြောက်ပါး...]

ဒါက ကျန်းပေရန် ဒီ ဝေါဟာရကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ခဏတာ တွေးတောပြီးနောက် သူက မေးလိုက်သည်။

"ဘာတွေက 'လျှို့ဝှက်တံခါးရဲ့ အတတ်ပညာ ဆယ့်ခြောက်ပါး' လဲ"

ဒီမေးခွန်းကို မျှော်လင့်ထားသလို လင်ယုယန်က ချက်ချင်း ကျွမ်းကျင်စွာ ရွတ်ဆိုလိုက်သည်။

"သားရဲ သခင်၊ အဆောင်လက်ဖွဲ့ သခင်၊ ဝိညာဉ် ဝိုင် သခင်၊ ဆေးဖော် သခင်၊ ပိုးကောင် သခင်၊ ဝိညာဉ် လက်ဖက်ရည် သခင်၊ လျှို့ဝှက်ဆန်းကြယ် အထည်အလိပ် သခင်၊ လျှို့ဝှက်ဆန်းကြယ် ဗိသုကာ၊ ကမ္ဘာလောကဓာတ် သခင်၊ အစီအရင် သခင်၊ ယန္တရား သခင်၊ ပစ္စည်း သန့်စင်သူ၊ လျှို့ဝှက်ဆန်းကြယ် ပုံစံ သခင်၊ ကျောက်စိမ်း သန့်စင်သူ၊ အယောင်ပြ သခင်၊ နဲ့ လျှို့ဝှက်ဆန်းကြယ် ဂီတ သခင် ပါ"

"စုစုပေါင်း အတတ်ပညာ ဆယ့်ခြောက်ပါး……စုပေါင်းပြီး 'လျှို့ဝှက်ဆန်းကြယ် အတတ်ပညာများ' လို့ ခေါ်ပါတယ် အလယ်ပိုင်း ဒေသမှာ ကျင့်ကြံသူတိုင်းက ဒီ အတတ်ပညာတွေကို တတ်နိုင်သလောက် များများ သင်ယူဖို့ ကြိုးစားကြတယ် ဘာလို့လဲဆိုတော့ တစ်ခုချင်းစီက 'အထွတ်အထိပ် တာအို လမ်းစဉ်ကြီး' ကို နားလည် သဘောပေါက်သွားစေနိုင်လို့ပဲ"

[ဒီလိုကိုး...]

'အတတ်ပညာ ဆယ့်ခြောက်ပါး' ၏ အမည်များကို ကြားရုံဖြင့် ကျန်းပေရန်သည် စနစ်က သူ့ကို ယခင်က ပေးခဲ့သော ကျွမ်းကျင်မှု အမှတ်များ အားလုံးသည် ဤအရာအတွက် အခြေခံ ချပေးနေခြင်း ဖြစ်ကြောင်း အကြမ်းဖျင်း အတည်ပြုနိုင်လိုက်သည်။

ပြီးတော့ အခု... စနစ်က သူ အဆင့်တက်ဖို့ အချိန်တန်ပြီဟု ထင်နေပုံရသည်။

[ဒါပေမဲ့ ငါက လူသစ် ရွာမှာ ခဏလောက် ထပ် ဆော့ချင်သေးတာ]

ဒီ အတတ်ပညာ ဆယ့်ခြောက်ပါးရဲ့ အသံကနေပဲ ကျန်းပေရန်က အလယ်ပိုင်း ဒေသက နိုင်ငံတွေနဲ့ ရှန့်တိုင်းပြည်က ကမ္ဘာနှစ်ခုလောက် ကွာခြားတယ်ဆိုတာ ပြောနိုင်တယ်။

အကယ်၍ ချီတိုင်းပြည်က ခေတ်မီ မက်ထရိုပိုလစ် မြို့ကြီးတစ်မြို့ ဆိုရင် ရှန့်တိုင်းပြည်က ပဒေသရာဇ် ခေတ်နောက်ကျ နေရာတစ်ခုပဲ…. မဟုတ်ဘူး လက်တွေ့မှာ ရှေးကျတဲ့ မျိုးနွယ်စု တစ်စုပဲ

သူ၏ နှာတံကို ပွတ်သပ်ရင်း ကျန်းပေရန် ခေါင်းကိုက်လာသည်ကို ခံစားလိုက်ရသည်။ သတင်းအချက်အလက် ပမာဏက အရမ်း များလွန်းတယ်။

သူက ချီတိုင်းပြည်သည် ရှန့်တိုင်းပြည်ထက် ထိပ်တန်း ပညာရှင်များ ပိုမို များပြားပြီး ပိုမို အင်အားကြီးသော နိုင်ငံတစ်ခုဟု ထင်ခဲ့သော်လည်း ယခုအခါ သူ လေ့လာရန် များစွာ ကျန်ရှိနေသေးပုံရသည်။

ကိုယ့်ကိုယ်ကိုယ် ရေနွေးပူ တစ်ခွက် ငှဲ့လိုက်ပြီး သူ၏ စိတ်ခံစားချက်ကို အနည်းငယ် တည်ငြိမ်အောင် လုပ်လိုက်ကာ မေးလိုက်သည်။

"ဒါဆို မင်းက ဘာလို့ စိတ်နှလုံးပြန်ဂိုဏ်းကို လာခဲ့တာလဲ"

ဒီမေးခွန်းအတွက် စနစ်က ဘာ ရွေးချယ်စရာမှ ပေါ်မလာတာကို မြင်တော့ ကျန်းပေရန်က သူ လူသစ် ရွာ၏ သံကြိုးများမှ လွတ်မြောက်သွားပြီး ပိုမို ကြီးမားသော စင်မြင့်တစ်ခုဆီသို့ ဦးတည်နေပြီ ဖြစ်ကြောင်း သိလိုက်သည်။

လင်ယုယန်သည် ဒီမေးခွန်းကို ကြားသောအခါ သူမ၏ မျက်လုံးများ စိုစွတ်လာသည်ကို ခံစားလိုက်ရသည်။

[အကိုကြီး... အကိုကြီးက ငါ့ရဲ့ နောက်ခံ အကြောင်း မေးနေတာ... သူက တောင်းရမ်း လက်ထပ်ဖို့ လာတော့မှာလား၊ ငါ့ကို တရားဝင် ပုံစံနဲ့ လက်ထပ်ဖို့လား... အကိုကြီး... ယုယန်က အသက်ရှင်စဉ်မှာ အကိုကြီးရဲ့ လူပါ၊ သေရင်လည်း အကိုကြီးရဲ့ တစ္ဆေ ဖြစ်ပါ့မယ်]

မျက်ရည်များ ပေါက်ကွဲ ထွက်ကျလိုစိတ်ကို ချိုးနှိမ်ရင်း လင်ယုယန်က တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။

"အကိုကြီးရဲ့ ကျွန်မအပေါ် စိုးရိမ်မှုက ကျွန်မကို တကယ် လွှမ်းမိုးသွားတယ် ဒါပေမဲ့ တောင်းပန်ပါတယ်... ကျွန်မ အဖေက ကျွန်မကို ဘာလို့ ဒီကို လွှတ်လိုက်လဲ ဆိုတာ ကျွန်မ မသိဘူး"

"မင်းက ဘာမှ မသိဘဲ ဒီကို အလွှတ်ခံလိုက်ရတာလား"

"ဟုတ်တယ်"

လင်ယုယန်က ခေါင်းညိတ်လိုက်သည်။

"လွန်ခဲ့တဲ့ ခြောက်နှစ်က အဖေက ရုတ်တရက် ကျွန်မကို ရှန့်တိုင်းပြည်ကို လွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ် ကျွန်မ အမေနဲ့ မိသားစုဝင် အားလုံးက ဘာကြောင့်မှန်း နားမလည်ခဲ့ကြဘူး ဒါပေမဲ့ ကျွန်မတို့ မိသားစုမှာ အဖေ့ရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်သူမှ မနာခံဘဲ မနေရဲဘူး ဒါကြောင့် ကျွန်မက ကြောင်တောင်တောင်နဲ့ ဒီကို အပို့ခံလိုက်ရတာ"

ထိုသို့ပြောပြီးနောက် လင်ယုယန်က ကျန်းပေရန်ကို တိတ်တဆိတ် ခိုးကြည့်လိုက်ပြီး စိတ်ထဲတွင် ကျေနပ်နေသည်။

[အဖေက ကျွန်မကို ဒီကို လွှတ်လိုက်တာ ကံကောင်းတာပဲ ဟီးဟီး... အဖေက တကယ် ဘယ်တော့မှ မမှားဘူး]

[လွန်ခဲ့တဲ့ ခြောက်နှစ်က... ပြီးတော့ သူက ငါနဲ့ တူညီတဲ့ စမ်းသပ်မှုမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဝင်ပါခဲ့တယ်...]

အဲ့ဒီ အခိုက်အတန့်မှာ ကျန်းပေရန် သေချာသွားသည်။ လင်ယုယန်ကို ကောင်းကင်ဘုံ တာအို လမ်းစဉ်က သူ့ကို ဒုက္ခပေးဖို့ စေလွှတ်လိုက်တာပဲ ဒါပေမဲ့ အခုတော့ သူမက သူ၏ လမ်းညွှန် ဖြစ်လာခဲ့ပြီ။

[သူမက မြေကမ္ဘာအဆင့် ရွေးချယ်စရာတွေကို ဒီလောက် လွယ်လွယ်ကူကူ ဖြစ်ပေါ်စေနိုင်တာ အံ့ဩစရာ မရှိတော့ဘူး... သူမရဲ့ နောက်ခံ တစ်ခုတည်းနဲ့တင် အဲ့ဒါနဲ့ ထိုက်တန်နေပြီ ငါသာ အစောကြီးက သူမနဲ့ အရမ်း ရင်းနှီးသွားခဲ့ရင် ဒါက ယူဆောင်လာမယ့် ဘေးအန္တရာယ်တွေက စိတ်ကူးလို့တောင် မရနိုင်ဘူး...]

[မဟုတ်သေးဘူး အခုချိန်မှာတောင် သူမနဲ့ အရမ်း ရင်းနှီးသွားတာက ကြီးမားတဲ့ ဘေးဒုက္ခတွေကို ယူဆောင်လာနိုင်သေးတယ်]

[ကြောက်စရာကောင်းတယ်... တကယ် ကြောက်စရာကောင်းတယ်]

သူ့ကို ပြီးပြည့်စုံအောင် ထောင်ချောက် ဆင်ထားမှန်း သဘောပေါက်လိုက်ရသောအခါ ကျန်းပေရန်သည် သူ ဘယ်တုန်းကမှ မောက်မာမှု မရှိခဲ့ဘဲ စနစ်က ပေးသော "အကောင်းဆုံး" ရွေးချယ်စရာများကို အမြဲတမ်း လိုက်နာခဲ့သည့်အတွက် ဝမ်းသာမိသွားသည်။

သူသာ တစ်ကြိမ်တည်း မောက်မာခဲ့မိလျှင် ကောင်းကင်ဘုံ တာအို လမ်းစဉ်က သူ့ပတ်ဝန်းကျင်တွင် ထောင်ထားသော ဒီ ဝှက်ထားတဲ့ မိုင်းဗုံးများ အားလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားနိုင်လောက်သည်။

ကောင်းကင်ကို မော့ကြည့်ရင်း သူ တွေးလိုက်သည်။

[ငါ့မှာ မင်းက ငါ့ကို ဒီလို ပစ်မှတ်ထားရလောက်အောင် ဘယ်လို အရည်အချင်းတွေ ရှိနေလို့လဲ ငါက ကမ္ဘာကူးပြောင်းလာသူ ဖြစ်ချင်ခဲ့တာမှ မဟုတ်တာ]

စိတ်တည်ငြိမ်အောင် ရေနွေးပူ တစ်ငုံ ထပ် သောက်လိုက်ပြီး ကျန်းပေရန်သည် သူ၏ နှလုံးသားထဲမှ မုန်တိုင်းကို ချိုးနှိမ်လိုက်ကာ မေးလိုက်သည်။

"မင်း အဖေက မင်း ဘယ်တော့ ပြန်ရမယ်လို့ ပြောခဲ့သေးလား"

"အဖေက ပြောတယ် ကျွန်မ ပြန်ရမယ့် အချိန်တန်ရင် ပုံမှန်အတိုင်း ပြန်လာရလိမ့်မယ်တဲ့"

ဒီစကားကို ကြားသောအခါ ကျန်းပေရန်သည် ခြေထောက်နှစ်ချောင်းကြားတွင် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

[အချိန်တန်ရင် ဆိုတာ ဘာ အဓိပ္ပာယ်လဲ မဟုတ်မှလွဲရော... အဲ့ဒါက ဒီတစ်ခေါက်...]

ကောင်းကင်ဘုံတာအို လမ်းစဉ်၏ လက်မရွံ့တပ်သားအဖြစ် ဆောင်ရွက်နိုင်သော အဲ့ဒီ အဖေ အကြောင်း တွေးလိုက်ရုံမျှဖြင့် ကျန်းပေရန် တုန်လှုပ်သွားသည်။

သူသာ အဲ့ဒီ လူနှင့် တိုက်ရိုက် ရင်ဆိုင်ရမည် ဆိုလျှင် ကောင်းကင်ဘုံ တာအို လမ်းစဉ်သည် သူ့ကို ညှဉ်းပန်းရန် နောက်ထပ် လှည့်ကွက်များစွာကို သေချာပေါက် ထုတ်လာနိုင်လောက်သည်။

[ကျစ်... ငါ တကယ်ပဲ "ငါ့ကံကြမ္မာက ငါ့ဟာ၊ ကောင်းကင်ဘုံရဲ့ အပိုင် မဟုတ်ဘူး" လို့ အော်ဟစ်ရတော့မှာလား]

သူမ၏ အကိုကြီး မျက်မှောင်ကြုတ်သွားသည်ကို မြင်သောအခါ လင်ယုယန်သည် သူမ၏ နှလုံးသား တစ်ချက် ခုန်သွားသည်ကို ခံစားလိုက်ရသည်။

သူမ၏ စိတ်ထဲတွင် သူမ၏ အကိုကြီးသည် အမြဲတမ်း တည်ငြိမ် အေးဆေးပြီး သူ့ရှေ့တွင် တောင်တစ်လုံး ပြိုကျလာလျှင်တောင် တုန်လှုပ်ခြင်း မရှိဘဲ အရာအားလုံး သူ၏ လက်ထဲတွင် ရှိနေသကဲ့သို့ ဖြစ်သည်။

ဒီလို ယောက်ျားတစ်ယောက်က မျက်မှောင်ကြုတ်တယ် ပြီးတော့ သူမ အတွက်

"အာ"

လင်ယုယန်၏ ချောမောသော မျက်နှာသည် ချက်ချင်း နီရဲသွားသည်။

[အကိုကြီးက ငါ့ကို တကယ် ချစ်တာပဲ]

စိတ်လှုပ်ရှားမှုများ လွှမ်းမိုးသွားပြီး သူမ ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်ပြီး မျက်မှောင်ကြုတ်နေသော သူမ၏ အကိုကြီးဆီသို့ လျှောက်သွားကာ သူ့ကို နွေးထွေးသော ပွေ့ဖက်မှုတစ်ခု ပေးပြီး "ငါ ရှိနေသရွေ့ အကိုကြီးကို ထိခိုက်စေရဲတဲ့ ဘယ်သူမဆို ပြာကျသွားစေရမယ်" ဟု ပြောလိုက်ချင်သည်။

ဒါပေမဲ့ သူမ လက်နှစ်ဖက်ကို ဖွင့်လိုက်သည်နှင့် ကျန်းပေရန်က သူမကို မော့ကြည့်ပြီး "ပြန်သွား ထိုင်နေ" ဟု ပြောလိုက်သည်။

"အိုး..."

ချက်ချင်း စိတ်ဓာတ် ကျသွားပြီး လင်ယုယန် ပြန်ထိုင်လိုက်သည်၊ ဒါပေမဲ့ သူမ စိတ်ထဲတွင် သူမ သိသည်။ ဒါက သူ၏ ဟန်ဆောင်မှု သက်သက်သာ ဖြစ်သည်။

[ဟီးဟီး]

"ငါတို့ ဒီအကြောင်းကို ပြောနေကြမှတော့ မင်း မိသားစုအကြောင်း ငါ့ကို ပြောပြ၊ ဒါမှ ငါက အန္တရာယ်တွေကို အကဲဖြတ်နိုင်မှာ"

အောင်သွယ်တစ်ယောက် မကြာခင် တံခါး လာခေါက်တော့မည်ဟု တွေးရင်း လင်ယုယန် အနည်းငယ် ရှက်သွားသည်။

"ကျွန်မ... ကျွန်မ မိသားစုက တော်တော် ရှုပ်ထွေးတယ် အကိုကြီးက ဘယ်အပိုင်းကို အရင် သိချင်တာလဲ"

"မင်း အဖေရဲ့ ကျင့်ကြံမှု အဆင့်၊ သူရဲ့ ဂိုဏ်းဂဏ၊ ပြီးတော့ သူ့ရဲ့ အသေးစိတ် အဆက်အသွယ် ကွန်ရက်"

သူမ၏ အနည်းငယ် ပူနွေးနေသော ပါးပြင်များကို တို့ထိရင်း လင်ယုယန်က ပြန်ဖြေလိုက်သည်။

"အကိုကြီး ကျွန်မ မပြောပြခင် ရှင်းရှင်းလင်းလင်း ပြောထားရမယ်။ ဒီ သတင်းအချက်အလက်က လျှို့ဝှက်ချက်လို့ သတ်မှတ်တယ် ဒါကို သိရုံသက်သက်နဲ့တင် တော်တော်လေး အန္တရာယ် ရှိတယ် အကိုကြီး တကယ် သိချင်တာ သေချာလို့လား"

ကျန်းပေရန်က တကယ် ဆက် မမေးချင်တော့သော်လည်း ဒီအခြေအနေတွင် သူက ကျားစီးသလို ဖြစ်နေပြီး ဆင်းလို့ မရတော့ပေ။

သူ ဒီ ဒေါ်လေးကို ဘယ်လိုနည်းနဲ့မဆို ကယ်တင်ရမည်။

ဒါက ဘယ်လိုပဲ ဖြစ်ဖြစ် ဒုက္ခများမယ့် ကိစ္စ ဖြစ်နေမှတော့ သူက စနစ်က ရွေးချယ်စရာတွေ ပေါ်မလာခင်မှာ တတ်နိုင်သလောက် ကြိုတင် ပြင်ဆင်မှုတွေ စုဆောင်းထားတာက ပို ကောင်းသည်။

"ငါ နားလည်တယ် ဆက်ပြော"

သူ၏ ခံစားချက်ကင်းမဲ့သော အဖြေကို ကြားသောအခါ လင်ယုယန်သည် သူမကိုယ်သူမ သူ့အပေါ် ထပ်မံ ကျရှုံးသွားပြန်သည်ဟု ခံစားလိုက်ရသည်။

သူမ၏ တုန်လှုပ်နေသော နှလုံးသားကို တည်ငြိမ်အောင် ရင်ဘတ်ကို ဖိထားရင်း သူမက ပြောလိုက်သည်။

"အကိုကြီးက ကောင်းကင်ဂူတွေနဲ့ ကောင်းချီးမြေတွေအကြောင်း သိမှတော့ အကိုကြီးက ကြယ်တာရာ နယ်မြေတွေနဲ့ လျှို့ဝှက် နယ်မြေတွေအကြောင်းလည်း သိသင့်တယ်"

"ဟုတ်တယ် ငါ ကြားဖူးတယ်"

ကျန်းပေရန်က ခေါင်းညိတ်လိုက်သည်။

"ပထမဆုံး အနေနဲ့ ကြယ်တာရာ နယ်မြေတွေနဲ့ လျှို့ဝှက် နယ်မြေတွေက တကယ် ရှိတယ် ဒါပေမဲ့ သူတို့က ရှန့်တိုင်းပြည်က ကောလာဟလတွေနဲ့ လုံးဝ ကွဲပြားတယ်"

"အိုး"

'ကြယ်တာရာ နယ်မြေများ' နှင့် 'လျှို့ဝှက် နယ်မြေများ' နှင့် ပတ်သက်ပြီး ကျန်းပေရန်က ကြားဖူးနားဝ သက်သက်သာ ကြားဖူးခဲ့သည်။ တကယ်တော့ သိုင်းလောက အတင်းအဖျင်းတွေပေါ့။

ဘာပဲဖြစ်ဖြစ် ရှန့်တိုင်းပြည်လို မွဲခြောက်နေတဲ့ နေရာမှာ လျှို့ဝှက် နယ်မြေတွေ ဒါမှမဟုတ် ကြယ်တာရာ နယ်မြေတွေ မပြောနဲ့ ဂူစံအိမ်တွေတောင် မရှိဘူး။

သူ၏ စိတ်ဝင်စားမှုကို မြင်သောအခါ လင်ယုယန်က အလျင်အမြန် ဆက်ပြောသည်။

"ကောလာဟလတွေ မှန်တဲ့ တစ်ချက်က ကြယ်တာရာ နယ်မြေတွေက တခြား ကမ္ဘာတစ်ခုကို ချိတ်ဆက်ထားတာပဲ ဒါပေမဲ့ အဲ့ဒီ ကမ္ဘာက ပုံပြင်တွေထဲကလို မှော်ဆန်မနေဘူး။ အဲ့ဒီက လူတွေက ငါတို့လိုပဲ နေထိုင်ပြီး ကျင့်ကြံကြတယ်"

[ကောင်းပြီလေ... ဒါဆို ငါတို့ရဲ့ ဇာတ်လမ်းထဲမှာ အပြိုင် ကမ္ဘာတွေလည်း ပါလာပြီပေါ့]

သူ၏ ဦးနှောက် ပေါက်ကွဲတော့မလို ခံစားရပြီး ကျန်းပေရန်က ခေါင်းညိတ်ကာ မေးလိုက်သည်။

"မင်း မြင်ဖူးလား"

"မမြင်ဖူးဘူး"

လင်ယုယန်က ခေါင်းခါလိုက်သည်။

"ကျွန်မ အဖေက အဲ့ဒီကို ရောက်ဖူးတယ် တစ်ခါတည်းလည်း မဟုတ်ဘူး"

[ရှီး...]

ကျန်းပေရန် အသက်ရှူ မှားသွားသည်။

သူမ၏ မိသားစုက ကြောက်စရာကောင်းမှန်း သူ ခန့်မှန်းခဲ့ပြီးသား ဖြစ်ပေမယ့် သူတို့က 'ကြယ်တာရာ နယ်မြေ' ကို အကြိမ်များစွာ ရောက်ဖူးလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ပေ။

ဒါက ထိပ်တန်း အဆင့် ကံကောင်းမှုပဲ

[ဒါမှမဟုတ်... ကြယ်တာရာ နယ်မြေက ကောလာဟလတွေ ပြောသလောက် မှော်မဆန်တာ ဖြစ်နိုင်မလား]

"'ကြယ်တာရာ နယ်မြေ' မှာ... ဒီကမ္ဘာလိုမျိုး တခြား ကမ္ဘာတစ်ခု ရှိနေတာလား"

ကျန်းပေရန်က မေးလိုက်သည်။

"တချို့ အပိုင်းတွေက တူတယ်... တချို့က လုံးဝ ကွဲပြားတယ်"

လင်ယုယန်က ခဏ ရပ်လိုက်ပြီး ဆက်ပြောသည်။

"အလယ်ပိုင်း ဒေသမှာ လူတွေက ဒီနေရာတွေကို 'နက်မှောင်သော နယ်မြေများ' လို့ ခေါ်ပြီး သူတို့က အကြမ်းဖျင်း အမျိုးအစား ခွဲခြားထားကြတယ်"

"နက်မှောင်သော နယ်မြေ အမျိုးအစား တစ်ခုက ရှေးယခင်က ရှုံးနိမ့်သွားတဲ့ အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်က ဟင်းလင်းပြင်ကို အတင်းအကျပ် ဖြဲခွဲပြီး သူ့ မျိုးနွယ်စု ဒါမှမဟုတ် သူ့ တိုင်းပြည် တစ်ခုလုံးနဲ့ အထဲမှာ ပုန်းအောင်းကာ လက်စားချေဖို့ အခွင့်အရေးကို စောင့်ဆိုင်းရင်း ဖွံ့ဖြိုးတိုးတက်နေကြတာ"

[အတင်းအကျပ်... ဟင်းလင်းပြင်ကို ဖြဲခွဲတယ်]

သူ ဝန်ခံရမည်မှာ ဒါက ကျန်းပေရန်ကို အဲ့ဒီ ထိပ်တန်း ပညာရှင်တွေအပေါ် နားလည်မှု အသစ်တစ်ခုလုံး ရရှိသွားစေသည်။

ဒီလို စွမ်းရည်မျိုးက ကြောက်စရာ ကောင်းလွန်းတယ်။

"နောက် နက်မှောင်သော နယ်မြေ အမျိုးအစား တစ်ခုက ငါတို့ ကမ္ဘာနဲ့ ဘာမှ မဆိုင်တဲ့ ကမ္ဘာတွေကို ချိတ်ဆက်ထားတယ် သူတို့ရဲ့ ကျင့်ကြံခြင်း စနစ်တွေက ငါတို့နဲ့ လုံးဝ ကွဲပြားနိုင်တယ် ဒါပေမဲ့ အနှစ်သာရကတော့ အတူတူပဲ"

"သူတို့အားလုံးက ကျင့်ကြံသူတွေလား တခြား ယဉ်ကျေးမှု အမျိုးအစားတွေ ဖွံ့ဖြိုးတိုးတက်လာတာမျိုးရော ရှိလား"

ကျန်းပေရန်က အနည်းငယ် မျှော်လင့်တကြီး မေးလိုက်သည်။

"တခြား ယဉ်ကျေးမှုတွေ ဟုတ်လား ကျွန်မ... ကျွန်မ ကြားဖူးတယ် မထင်ဘူး"

လင်ယုယန်က ခေါင်းခါလိုက်သည်။

သူ၏ စိတ်ပျက်မှုကို ဖုံးကွယ်ရင်း ကျန်းပေရန်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ဆက်ပြော"

All Chapters