← Chapters

အခန်း (၄၃၅-၄၃၆)

Vol. 31 Ch. 435-436

အခန်း (၄၃၅-၄၃၆)

Vol. 31 Ch. 435-436

အပိုင်း (၄၃၅)

ဝူပြည်နယ်ပဲဖြစ်ဖြစ် ရွှဲ့ပြည်နယ်မှာပဲဖြစ်ဖြစ် စကားလုံးတစ်ခုအတွက် မည်သူကမှ အပြစ်ပေးခြင်း ခံရလိမ့်မည် မဟုတ်ချေ။

သို့ပေမည့် ရှမ့်လန်နှင့် မင်းသမီးနင်ယန်တို့၏ ကိစ္စအား လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည့် အကြောက်အလန့် ကင်းမဲ့လွန်းသည့် အမှုထမ်းအရာရှိ တစ်ယောက်အကြောင်းကို မှတ်မိကြပေလိမ့်မည်။ ထိုသူ့ကြောင့်ပင် မင်းသမီးနင်ယန်က နေအိမ်အကျယ်ချုပ်ချထားခြင်း ခံခဲ့ရပြီး ယနေ့အချိန်အထိ အပြင်သို့ ထွက်ခွင့် မရှိချေ။

ထို့အပြင် ဤလုပ်ရပ်က တော်ဝင်မိသားစု၏ မျက်နှာကို ပြောင်ပြောင်တင်းတင်း ပိတ်ရိုက်လိုက်ခြင်းပင် ဖြစ်၏။ သို့ပေမည့် ဤအမှုထမ်းသည် လူမြင်ကွင်းတွင် အပြစ်ပေးခြင်းကို မခံရချေ။ ထိုအစား အကျင့်ပျက် ခြစားမှုဖြင့်သာ အပြစ်ပေးခြင်း ခံရ၏။

အမှုထမ်းတစ်ယောက်သည် လူများကို အော်ငေါက်ရန် ဩဇာအာဏာ ပိုင်ဆိုင်သည်ဟု အဓိပ္ပာယ် သတ်မှတ်၍ ရ၏။ သို့ပေမည့် ထိုကဲ့သို့ အော်ငေါက်သည့်နေရာမျိုးတွင်လည်း အခြေအနေ အချိန်အခါကို ကြည့်ရှုတတ်ရ၏။ ကျော်ကြားလွန်းသည့် လူတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ ဘုရင်မင်းမြတ်ကို ထိပ်တိုက် ရင်ဆိုင်ရသည့် အခြေအနေမျိုးသို့ မရောက်ရှိရန် ထိန်းထိန်းသိမ်းသိမ်း ပြုမူရပေမည်။

လက်ရှိအခြေအနေမှာတော့ သူတို့က ဆူငေါက်လျက် ရှိနေ၏။ မည်သူ့ကို ဆူငေါက်သနည်းဟု ပြောဆိုရမည် ဆိုလျှင် ရှမ့်လန်ပင် ဖြစ်၏။ ရှမ့်လန်က ကြီးမားလွန်းသည့် ပြစ်မှုကို ကျူးလွန်ခဲ့၏။ စုမိသားစု၏ အဓိက အင်အားစုကြီး တစ်ခုလုံးကို ဖျက်ဆီးခဲ့ပြီး ကောင်းချီးမင်္ဂလာကို ဖန်တီးသော်လည်း ချင်နိုင်ငံမှ မြင်းသည်တော်များကို နိုင်ငံအတွင်းသို့ ဆွဲခေါ်ခဲ့ပြီး အရာအားလုံးကို ဗြောင်းဆန်အောင် ပြုလုပ်ခဲ့သည်။

ကြီးမားလွန်းသည့် မုန်တိုင်းကြီးကို ဖန်တီးခဲ့ပြီး လွန်ခဲ့သည့်နှစ်ပေါင်းရာချီတုန်းက ဖြစ်ပျက်ခဲ့သည့် ကပ်ဆိုးကြီးသည် နိုင်ငံသူ၊နိုင်ငံသားတို့၏စိတ်ထဲတွင် ပြန်လည်ကာ ပေါ်ပေါက်လာသကဲ့သို့ပင်။

ကျန်းရှစ်စီရင်စု၏ ပုန်ကန်မှုကို ဖြေရှင်းပြီးသွားပြီ ဖြစ်၏။ ထို့ကြောင့် လက်ရှိအချိန်တွင် အသုံးမဝင်သည့် မြေခွေးကဲ့သို့သော လူများကို ဖြေရှင်းရမည်မှာ သဘာဝပင်။ သို့ပေမည့် အရူးရှမ့်လန်က ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှုးကို လူမြင်ကွင်းတွင် သတ်ဖြတ်ခဲ့၏။ ထို့အပြင် နိုင်ငံ၏ အမှုထမ်းစစ်သည်များကိုလည်း တိုက်ခိုက်ခဲ့၏။ သေလမ်းရှာနေသည်လား။ ရှမ့်လန်က သူတို့၏ ရှေ့သို့ ခေါင်းကို ထိုးထည့်ထားခဲ့ပြီ ဖြစ်၏။ သူတို့က အဘယ့်ကြောင့် မသတ်ဖြတ်ရမည်နည်း။

ထို့ကြောင့်ပင်လျှင် ဤလူငယ်အမှုထမ်းအားလုံးတို့သည် မြောက်ဘက်ပိုင်းရှိ ဘုရင်မင်းမြတ်၏ ခတ္တနန်းဆောင်သို့ ရောက်ရှိလာခဲ့ပြီး ရှမ့်လန်ကို သတ်ဖြတ်ရန် တွန်းအားပေးခဲ့ခြင်းဖြသ်သည်။ သို့ပေမည့် ဤလူများသည် အချိန်ကြာအောင်ပင် အော်ဟစ်တိုင်တန်းခြင်း အပြစ်ဒဏ်က သူတို့ပေါ်သို့ ကျရောက်ခဲ့ပြီ ဖြစ်၏။

လူငယ်အမှုထမ်းတစ်ယောက်က တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။ “အရှင်မင်းကြီး… ကျုပ်တို့က လူတွေအစား ပြောဆိုပေးနေတာပါ။ အရှင်မင်းကြီး…. အရှင်မင်းကြီးအနေနဲ့ သစ္စာဖောက်ကို မယုံကြည်သင့်ပါဘူး”

“အားလုံး… ကျုပ်တို့ ဒီနေ့ဒီလို တင်ပြနိုင်ဖို့အတွက် ၁၀ နှစ်လုံးလုံး စာပေကို လေ့လာသင်ယူခဲ့ကြတာ မလား။ ကျုပ်တို့ သစ္စာဖောက် ရှမ့်လန်ကို သတ်ဖြတ်ပြီးမှ သေလိုက်တာ ပိုကောင်းမယ်။ လောကကြီး ငြိမ်းချမ်းဖို့ ... လူတွေရဲ့ တရားမျှတမှုအတွက် အား..”

ထိုသူအားလုံးတို့သည် တုတ်ဖြင့် ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ ထိုသို့ ရိုက်နှက်ခြင်းကို ခံရသည့် အခြေအနေမျိုးတွင်ပင်လျှင် မှန်ကန်သည့်လုပ်ရပ်များကိုသာ ဦးစိုက်ပြုလုပ်တတ်သည့် သမာဓိရှင်များကဲ့သို့ သစ္စာစကားများကို ရေရွတ်နေသေး၏။

သို့ပေမည့် တုတ်ချက်၏ အဟုန်က အရှိန်ပြင်းပြင်းနှင့် ကျရောက်လာချိန်မှာတော့ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သိရှိလိုက်ရ၏။ အဘယ့်ကြောင့်ဆိုသော် တုတ်ချက်သည် သူတို့၏ ခါးဆီသို့ ရောက်ရှိ လာခဲ့သောကြောင့်ပင်။ ခါးတစ်ခုလုံးက ကြေမွသွားခဲ့၏။ ဒုတိယရိုက်ချက်က ပေါင်ရိုးကို ကျိုးသွားစေ၏။ တတိယရိုက်ချက်မှာတော့ ခြေသလုံးရိုးကို ကျိုးသွားစေခဲ့၏။ ပြီးနောက် သူတို့၏ ခါးအောက်ပိုင်းတွင် ရှိနေသည့် ခံစားချက်အားလုံး ပျောက်ဆုံးသွားခဲ့သည်။

ချက်ချင်းဆိုသလိုပဲ လူငယ်အမှုထမ်းအဖွဲ့သည် ကြောက်လန့်သွားခဲ့ကြ၏။ “အရှင်မင်းကြီး… အသက် ချမ်းသာပေးပါ”

“အရှင်မင်းကြီး…. အသက်ချမ်းသာပေးပါ။ ကျုပ်တို့ မှားပါပြီ”

မိန်းမစိုးလီစွမ်းသည် ထူးမခြားနားသကဲ့သို့ပင် သူ၏လက်ကို အသာမြှောက်လိုက်၏။ စစ်သည်တော်များသည် သစ်သားချောင်းများကို ကိုင်ဆောင်ကာဖြင့် ထိုလူငယ်အမှုထမ်းများ၏ ခေါင်းပေါ်သို့ ရိုက်နှက်လိုက်သည်။

ချက်ချင်း သတ်ဖြတ်ခြင်းပင်။ တည်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။

လီစွမ်းက လက်ကို ယမ်းခါလိုက်၏။ လူငယ်အမှုထမ်းလေးဦးတို့၏ အလောင်းများကို ခွေးသေများကဲ့သို့ပင် တရွတ်တိုက် ဆွဲခေါ်သွားခဲ့သည်။

…………

“အရှင်မင်းကြီး... သူတို့ သေသွားပါပြီ”

“အင်း”

နင်ယွမ်ရှန်းသည် ကောက်ညှင်းလုံးတစ်လုံးကို ပါးစပ်ထဲသို့ ပစ်ထည့်ပြီး သေသေချာချာ စားမြုံ့ပြန်နေ၏။ လူငယ်အမှုထမ်းလေးဦးတို့ကို သတ်ဖြတ်ပြီးချိန်မှာတော့ ယခင်ကလောက် ဒေါသမထွက်တော့ချေ။ အနည်းငယ် နေသာထိုင်သာ ရှိသွားပုံပေါ်၏။

ဘုရင်တစ်ယောက်အနေနှင့် သူသည် ဤကဲ့သို့သော အရာများကို များများစားစား မြင်တွေ့ဖူးပြီးဖြစ်၏။ ညီလာခံတွင်သာမက လောကကြီးတစ်ခုလုံးတွင်ပင် ဤကဲ့သို့သောအရာများက တည်ရှိနေသည်။။ လူတော်တော်များများ သည် လောဘတရားကြောင့် မျက်ကန်းကဲ့သို့ပင် ပြောင်းလဲသွားတတ်၏။ သူတို့၏ ပြုမူဆောင်ရွက်မှုများသည် အဓိပ္ပာယ်ရှိသလား၊ မရှိသလားဆိုသည်ကိုပင် ခွဲခြားနိုင်စွမ်း မရှိတော့ချေ။

“အဲဒီခွေးကောင် ရှမ့်လန်က သေအောင် ရိုက်သတ်ခံရသင့်တယ်”

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ပြောလိုက်သည်။ “သူက မောက်မာလွန်းတယ်လေ။ သူ့ကို ဘယ်လိုစကားလုံးမျိုးနဲ့ ဖော်ညွှန်းရမှာလဲ။ အရူးတစ်ယောက်လို့ ပြောရင် ကောင်းမလား”

လီစွမ်းက လက်ကို ဝှေ့ယမ်းလိုက်၏။ အစေခံများသည် အနောက်သို့ ဆုတ်ခွာသွားခဲ့ကြ၏။ အဘယ့်ကြောင့်ဆိုသော် သီးသန့်ပြောဆိုသည့်စကားလုံးများဖြစ်သောကြောင့် လူအများရှေ့တွင် ပြောဆို၍ မရနိုင်ချေ။

လီစွမ်းက ပြောလိုက်၏။ “အင်း... ကျိန်းသေပေါက်။ အရူးလို့ပဲ ပြောရမှာပါ”

“ဟုတ်တယ်။ အဲဒီစကားလုံးပဲ”

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “အဲခွေးကောင် ရှမ့်လန်က မောက်မာလွန်းတယ်။ လျန်ယုံနင်က သေဖို့ ထိုက်တန်တဲ့ အရူးတစ်ယောက်ပဲ။ ဒါပေမဲ့ သူ့အနေနဲ့ အနည်းငယ်လောက် သည်းခံထားလို့ မရဘူးလား။ ဘယ်လိုဖြစ်ပြီး လူမြင်ကွင်းမှာ သတ်ပစ်ရတာလဲ

ပြီးတော့ လျန်ယုံနင်ရဲ့ စစ်သည်ထောင်ချီကိုလည်း သတ်ဖြတ်ခဲ့သေးတယ်။ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ခေါင်းပေါ် အပြစ်ပုံချလာပြီဆိုတာနဲ့ ပြန်မငြင်းဘဲ တစ်ခါတည်း သတ်ဖြတ်ပစ်ခဲ့တယ်။ သူက ငါ့လိုမျိုး လုပ်နေတာလား။ ဒီကောင် တကယ့်ကို မောက်မာလွန်းတယ်”

လီစွမ်းက ပြုံးလိုက်၏။ “အရှင်မင်းကြီးလည်း ဒီလိုမျိုး ဖြေရှင်းတတ်တာပါပဲ။ လျန်ယုံနင်ကို အရှင်မင်းကြီး ဘယ်လိုသတ်မလဲဆိုတာ စိုးရိမ်စရာ မလိုတော့ဘူးပေါ့”

နင်ယွမ်ရှန်းက နှာခေါင်းရှုံ့လိုက်သည်။ “ငါက ဘာကို စဉ်းစားပြီး စိုးရိမ်နေရမှာလဲ။ လျန်ယုံနင်လို ခွေးကောင်မျိုး ကို မျက်လုံးမှိတ်ပြီးတောင် ငါသတ်နိုင်တယ်”

ပြီးနောက် နင်ယွမ်ရှန်းသည် ကောက်ညှင်းလုံးများကို ပါးစပ်ထဲသို့ ထပ်မံထည့်ကာ ဝါးလိုက်ပြန်၏။ “အခုတော့ အားလုံး အဆင်ပြေပြီ။ ငါ အဲခွေးကောင်ကို ဆုပေးချင်တယ်။ ဒါပေမဲ့ ဆုမပေးသေးဘူး။ သူပြန်လာရင် အနည်းငယ်လောက် ရိုက်နှက်လိုက်အုံးမယ်။ ငါ့ ခွင့်ပြုချက် မရှိဘဲနဲ့ အုပ်ချုပ်ရေးမှူးကို သတ်တဲ့ မကောင်းတဲ့ ပြစ်မှုကို ဒီကောင် ကျူးလွန်ထားခဲ့တယ်”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “သွား.. သူ့အတွက် အမိန့်တော်တစ်ခု ထုတ်ပြန်လိုက်။ ငါ့ရဲ့အမိန့်နဲ့ လျန်ယုံနင်ကို သတ်စေလို့”

လီစွမ်းက ဦးညွတ်ကာ ပြောလိုက်၏။ “ကောင်းပါပြီ”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ဒါပေမဲ့ အဲခွေးကောင်လေးက ငါ့ကို ကျေးဇူးတင်မှာ မဟုတ်ဘူး။ ပြီးတော့ သူက ဘာဆုကိုမှလည်း လိုချင်တဲ့ကောင်မျိုး မဟုတ်ဘူး”

လီစွမ်းက ပြန်လည်ကာ ပြောဆိုလိုက်၏။ “အဲလိုပဲ ဖြစ်ပါလိမ့်မယ်။ သူ့စကားလုံးတွေက ရှင်းလင်းပြီးသားပါ။ သူ ကျန်းရှစ်စီရင်စုဆီကို သွားခဲ့တယ်ဆိုတာ လက်စားချေချင်လို့ပဲ။ စုကလန်ကို ဖျက်ဆီးချင်လို့ပဲ။ နိုင်ငံအတွက် ကောင်းကျိုးပြုချင်တာ မဟုတ်ပါဘူး”

“ခွေးကောင်လေး။ ဒါဘယ်လို ခွေးကောင်လေးလဲ”

နင်ယွမ်ရှန်းသည် ကောက်ညှင်းလုံးများကို တစ်ခုပြီးတစ်ခု ပါးစပ်ထဲသို့ ထည့်ကာ ဝါးလျက် ရှိနေသည်။ “ငါ့ရဲ့ ဆုလာဘ်ကိုတောင်မှ ဂရုမစိုက်ဘူး။ အံ့အားသင့်စရာပဲ”

ပြောနေရင်းမှာပဲ နင်ယွမ်ရှန်းသည် မည်သို့မှ မနေနိုင်ချေ။ ဒေါသများပင် ထွက်လာခဲ့၏။ ရှမ့်လန်ကဲ့သို့ ပါရမီရှင်အတွက် တစ်ခုတည်းသော ရည်မှန်းချက်က လက်စားချေခြင်း ဖြစ်လို့နေ၏။ ဂုဏ်သိက္ခာ သို့မဟုတ် ရာထူး သို့မဟုတ် ကြွယ်ဝချမ်းသာမှု ... ထိုအရာအားလုံးတို့က တစ်ဖက်လူကို တစ်ချက်ကလေးမှ မဆွဲဆောင်နိုင်ခဲ့ချေ။

ရွှမ်ဝူနယ်စားအိမ်တော်၏ သမက်တော်တစ်ယောက် ဖြစ်နေသည်ကလွဲလျှင် ရှမ့်လန်သည် မိမိကိုယ်ကို တိုးတက်ချင်သည့် စိတ်ဆန္ဒဟူ၍ တစ်ခုလေးမှ ရှိသည့်ပုံမပေါ်ပေ။

လီစွမ်းက ပြောလိုက်သည်။ “အရှင်မင်းကြီး... စုနန်က ချင်နိုင်ငံရဲ့ နိုင်ငံရေးတစ်ခုလုံးကို မောင်ပိုင်စီးပြီး ပုန်ကန်ခဲ့တယ်ဆိုတဲ့ သတင်း ကောလဟလလည်း ရှိသေးတယ်။ အခု ရှမ့်လန်က ချင်နိုင်ငံရဲ့ နိုင်ငံရေး ကိစ္စရပ်တွေကို မောင်ပိုင်စီးထားရုံသာမကဘူး ချင်နိုင်ငံရဲ့ စစ်တပ်ကြီး တစ်ခုလုံးကိုလည်း ပိုင်ဆိုင်နေပြီ။ သူ့ရဲ့ရည်မှန်းချက် ပိုကြီးလာမှာ စိုးရတယ်”

“ဟား ဟား ဟား ဟား ဟား”

နင်ယွမ်ရှန်းသည် လောကရှိ ရယ်ရွှင်စရာအကောင်းဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့ပင် အားရပါးရ ရယ်မောနေမိ၏။ “အင်း... ဒီခွေးကောင်လေး ရည်မှန်းချက် ရှိတယ်ဆိုရင် ကောင်းတာပေါ့။ ငါက တခြားသူတွေ ရည်မှန်းချက် ရှိမှာကိုပဲ စိုးရိမ်တာ။ ဒီခွေးကောင်လေးကတော့ ဘာမှမဟုတ်ဘူး။ ငါ့မှာ ဒင်း ရည်မှန်းချက် မရှိလို့ ရိုက်ချင်နေတာပဲ”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “အင်း... ဘာပဲဖြစ်ဖြစ် ဒီခွေးကောင်လေးကို အမြန်ဆုံး ပြန်လာဖို့ အမိန့်ပေးလိုက်။ ကျန့်ထော်ကို ထပ်ပြီး ပြဿနာ မရှာနဲ့တော့လို့။ အဲဒါက လျန်ယုံနင် မဟုတ်ဘူး။ ကျန့်ထော်က ကျန်းယွမ်နယ်စားအိမ်တော်ကို အပိုင်စီးထားခဲ့ပြီး စစ်သည်ပေါင်း နှစ်သောင်းကျော်လည်း ရှိသေးတယ်။ သူ့ကို ရင်ဆိုင်ဖို့ဆိုတာ မလွယ်ကူဘူး။ ဒီကိစ္စကို ငါ ဖြည်းဖြည်းချင်း စဉ်းစားပြီး ဖြေရှင်းရမယ်။

အခုအချိန်မှာ ပိုပြီးအရေးကြီးတာက ကျန်းရှစ်စီရင်စုတစ်ခုလုံးကို စုစည်းပြီး ချောင်ပြည်နယ်ရဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးအောင် လုပ်ဖို့ပဲ။ ပြီးရင် ငါတို့ ဝူပြည်နယ်နဲ့ ညှိနှိုင်းဆွေးနွေးရမယ်။ အဲခွေးကောင်လေး ရှမ့်လန်ကို အမြန်ဆုံး ပြန်လာဖို့ ပြောလိုက်။ သူ့ကို ထပ်ပြီး ဒုက္ခမပေးစေနဲ့တော့”

လီစွမ်းက ပြောလိုက်၏။ “ဒါဆိုရင် သူ့ရဲ့ ဂုဏ်သိက္ခာတရားက ဘာလဲ။ သူက နာမည်ပျက်နေပြီ။ ပြန်ပြီး မဖြေရှင်းတော့ဘူးလား။”

ရှမ့်လန်၏ ဂုဏ်သိက္ခာက လက်ရှိအချိန်တွင် ကျယ်ကျယ်ပြန့်ပြန့်နှင့် ပျံ့နှံ့လျက်ရှိပြီး လူပေါင်းများစွာတို့က သူ့ကို သတ်ဖြတ်ချင်နေသည်။

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဒီခွေးကောင်လေးက ဂုဏ်သိက္ခာတွေ၊ ဘာတွေ ဂရုစိုက်နေမယ်လို့ ထင်လို့လား”

လီစွမ်းသည် သဘောတူညီစွာ ခေါင်းညိတ်လိုက်မိ၏။ လူများကို လှည့်စားရန် အလို့ငှာ ဆောင်ကြာမြိုင်တို့ပင် သွားရောက်ရဲသည့် အရှက်တရား ကင်းမဲ့သည့် လူတစ်ယောက်၊ မိမိကိုယ်ကိုယ် အိပ်ရာထက်တွင် အားကောင်းသည့် လူမဟုတ်ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုတတ်သည့် လူတစ်ယောက်သည် အဘယ်သို့သော ဂုဏ်သိက္ခာတရားကို ဂရုစိုက်နေမည်နည်း။ ရှမ့်လန်ဆိုသည့် အကောင်၏ မျက်နှာအသားအရေက မြို့နံရံထက်ပင် ပိုမိုကာ ထူထဲလွန်းသည်။

နင်ယွမ်ရှန်းက ရုတ်တရက် ပြောလိုက်၏။ “လီစွမ်း.. နင်ယန် ကွာရှင်းပြီးရင် ရှမ့်လန်နဲ့ လက်ထပ် ပေးလိုက်ရမလား။ မင်း ဘယ်လိုထင်လဲ”

မိန်းမစိုးကြီးလီစွမ်းသည် ခေါင်းကို အသာငုံ့ကာ ပြောလိုက်သည်။ “ဒီကိစ္စကို ကျုပ် မပြောရဲပါဘူး”

နင်ယွမ်ရှန်းက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ “ထားတော့။ ဒီကိစ္စကို အခုမပြောသေးဘူး။ ဒီခွေးကောင် ရှမ့်လန်ကိုသာ အမြန်ဆုံး ပြန်လာခဲ့ဖို့ အမိန့်ပေးလိုက်။ ကျန့်ထော်ကို ငါ့အတွက် ထားခဲ့လို့”

“ကောင်းပါပြီ” လီစွမ်းက ပြောလိုက်သည်။

ခဏကြာပြီးနောက် ရေနက်တပ်ဖွဲ့မှ စစ်သည်တော်တစ်ယောက်က အပြေးအလွှား ဝင်ရောက်လာခဲ့၏။ “အရှင်မင်းကြီး... မင်းသမီးနင်ကျဲ့ရဲ့ လျှို့ဝှက်စာပါ”

ဘုရင်မင်းမြတ်က ကြောင်အသွားခဲ့၏။ နောက်ထပ် လျှို့ဝှက်စာတစ်ခု အဘယ့်ကြောင့် ရောက်ရှိလာသနည်း။ ထို့အပြင် စာနှစ်စောင်ပင် ပါဝင်၏။ သူက ပထမဦးဆုံးတစ်ခုကို ဖွင့်လိုက်၏။ ချက်ချင်း တုန်လှုပ်သွားခဲ့၏။ သူ့သည် မယုံကြည်နိုင်စွာဖြင့် အထဲမှ အကြောင်းအရာများကို ဖတ်ရှုလိုက်သည်။

‘ရှမ့်လန်သည် စုကလန်၏ အဓိကအင်အားစုများကို အနိုင်ယူတိုက်ခိုက်သည်။ ဒုတိယနေ့မှာတော့ စုနန်သည် စစ်သည်တော်ပေါင်း များစွာကို ခေါ်ဆောင်ပြီး အနောက်ပိုင်းဒေသဆီသို့ ထွက်ပြေးခဲ့၏။ ၂၅ နာရီကြာပြီးနောက် ရှမ့်လန်က ချင်နိုင်ငံ၏ မြင်းသည်တော်များနှင့်အတူ နောက်မှ လိုက်၏။ သူတို့ လိုက်မဖမ်းနိုင်ခဲ့ချေ။

သို့ပေမည့် ရှမ့်လန်က စုနန်၏ လောဘတရားကို အသုံးချပြီး ချင်နိုင်ငံ၏ ရွှေများကို ငါးစာအဖြစ် အသုံးပြုခဲ့၏။ စုကလန်က ရှမ့်လန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ခေါင်းပေါင်းများစွာတို့ကို ဤနေရာဆီသို့ လွှဲပြောင်းခဲ့၏။ စုကလန်က သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရသည်။’

သူက ထပ်တလဲလဲ ဖတ်ရှုနေခဲ့၏။ ဘုရင်မင်းမြတ်က တကယ်ပင် တုန်လှုပ်နေ၏။ စုနန် လွတ်မြောက်သွား ခဲ့၏။ ဟုတ်ပေ၏။ ထိုအရာနှင့် ပတ်သက်၍ သူ အနည်းငယ် နှမျောသလို ခံစားနေ၏။ သို့ပေမည့် စုနန်၏ လုပ်နိုင်စွမ်းရည်နှင့် ပတ်သက်၍ သူက သေသေချာချာ သိရှိပြီးသား ဖြစ်၏။ အနောက်တိုင်းဒေသဆီသို့ ရောက်ရှိပါက ကျိန်းသေပေါက် ထပ်မံကာ မြင့်မားလာမည့် မိသားစုတစ်ခုဖြစ်ပြီး အနာဂတ်တွင် ကြီးမားသည့် ဒုက္ခကြီး ဖြစ်ပေလိမ့်မည်။

သို့ပေမည့် အနောက်တိုင်းဒေသ နိုင်ငံများသည် သူ၏ လက်လှမ်းမီမှု အပြင်ဘက်တွင် ရှိနေ၏။ ထို့ကြောင့် လက်လွှတ်ထားရပေတော့မည်။ သို့ပေမည့် စုကလန် ရှမ့်လန်၏ သုတ်သင်ရှင်းလင်းမှုကို ခံရလိမ့်မည်ဟု မည်သူ ထင်မှတ်မိမည်နည်း။ ရှမ့်လန်နှင့် စုနန်တို့သည် ဤကဲ့သို့ဖြစ်ပွားလိမ့်မည်ဟု ဘုရင်မင်းမြတ်က တွေးပင်မတွေးမိခဲ့ပေ။ သို့ပေမည့် တကယ် ဖြစ်လာခဲ့၏။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သတင်းဆိုးများ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့၏။ ယနေ့အချိန်မှာတော့ သတင်းကောင်းများက ဆက်တိုက်ဆိုသလို ရောက်ရှိလာခဲ့သည်။

“ရှမ့်လန်… အဲဒီခွေးကောင်လေး တကယ့်ကို အားကောင်းလွန်းတယ်။ ခန့်မှန်းလို့ မရအောင် အားကောင်းလွန်းတယ်”

နင်ယွမ်ရှန်းက တခြားသော လျှို့ဝှက်စာကို ဖွင့်ကြည့်လိုက်၏။ ဤအချိန်မှာတော့ သူသည် ကြောက်လန့် တကြားဖြင့် တုန်ယင်သွားခဲ့၏။ ရှမ့်လန်က ချင်နိုင်ငံ၏ မြင်းသည်တော် ၂၀၀၀ ကို ဦးဆောင်ပြီး ကျန်းယွမ်နယ်စားအိမ်တော်နှင့် ကျန့်ထော်ကို တိုက်ခိုက်ခဲ့ခြင်းပင်။

နင်ယွမ်ရှန်း၏ ကျောရိုးမကြီးတစ်ခုလုံးက စိမ့်တက်သွား၏။ ဒီခွေးကောင်လေး ရူးသွပ်နေလေပြီလား။ ကျန်းယွမ်နယ်စားအိမ်တော် ဆိုသည်မှာ ထိုးဖောက်၍ မရနိုင်သည့် အရာတစ်ခုကဲ့သို့ပင် ဖြစ်၏။

ကျန့်ထော်၌ စစ်သည်ပေါင်း နှစ်သောင်းကျော် ရှိ၏။ ကျန့်ထော်သည် လျန်ယုံနင်ကဲ့သို့ အမှိုက်စတစ်ခု မဟုတ်ချေ။ နင်ယွမ်ရှန်း၏ အဆင့်မြှင့်တင်ပေးမှုကြောင့် ကျန့်ထော်၏ စစ်သည်အင်အားမှာကြီးမားပြီး အရည်အချင်းလည်း ပြည့်စုံသည်။ ထို့အပြင် ကျန့်ထော်သည် စစ်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့ဖူးသော စစ်ဘုရင် တစ်ပါး ဖြစ်သည်။

အပိုင်း (၄၃၆)

ကျန့်ထော်၏အမိန့်ပေးမှုအောက်ရှိ စစ်သည်များသည် ကျန်းရှစ်စီရင်စု၏ တကယ့် လက်ရွေးစင် စစ်သည်များ ဖြစ်ပြီး လျန်ယုံနင်၏ အသုံးမဝင်သည့် စစ်တပ်နှင့် နှိုင်းယှဉ်၍ မရချေ။ ကျန့်ထော်က ကျန်းယွမ်မြို့စား အိမ်တော်ထဲ တွင် စောင့်ကြပ်လျက်ရှိနေသောကြောင့် လူပေါင်း ၂၀၀၀ကို မဆိုနှင့် လူပေါင်း ၂ သောင်း၊ ၃ သောင်း လောက် ခေါ်ဆောင်သွားမည်ဆိုလျှင်တောင်မှ အိမ်တော်ကို အနိုင်တိုက်ဖို့ဆိုသည်မှာ မလွယ်ကူခဲ့ချေ။

ကျန်းယွမ်နယ်စားအိမ်တော်၏ ရဲတိုက်ကြီးကလည်း တိုက်ခိုက်ဖြိုဖျက်ရန် ခက်ခဲသော အရာများထဲမှာ တစ်ခုဟု ပြောစမှတ်တွင်၏။ ရှမ့်လန်၏ စစ်သည်တော် ၂၀၀၀ ကျော်တို့နှင့် တိုက်ခိုက်ခြင်းဆိုသည်မှာ မိမိကိုယ်ကိုယ် သတ်သေခြင်းကဲ့သို့ပင်။ ဤခွေးကောင်လေးက ရူးသွပ်လျက်ရှိနေ၏။ ထို့အတူ ဤခွေးကောင်လေးက အသုံးဝင်၏။ သို့ပေမည့် သူ ထိန်းချုပ်၍ မရချေ။

“ဒီခွေးကောင်လေး.. ငါ့ကို ရက်အနည်းငယ်လောက် နားခွင့်ပေးစမ်းပါအုံး။ ဘယ်လိုဖြစ်ပြီး ကိုယ်ဘာသာ လုပ်ချင်ရာတွေ လုပ်နေရတာလဲ။ ငါ ကျန့်ထော်နဲ့ ရင်ဆိုင်မယ်လို့ ပြောပြီးပြီလေ” နင်ယွမ်ရှန်းက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

လီစွမ်းသည် အသာလှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “အရှင်မင်းကြီး... သခင်လေးရှမ့်က ကျန်းရှစ်စီရင်စုကို တစ်ချိန်တည်း အပြီးသတ် ရှင်းလင်းချင်တဲ့ပုံပေါ်တယ်။ စုနန်ရဲ့စစ်တပ်ကြီးကို ဖျက်ဆီးပြီးတဲ့နောက်မှာ ကျန့်ထော်ရဲ့စစ်တပ်ကြီးက သူဖြေရှင်းမယ့် နောက်ဆုံးသော အရာတစ်ခုဖြစ်လာခဲ့ပြီ”

နင်ယွမ်ရှန်းက တုန်ယင်သွားခဲ့မိ၏။ “ဒါက စွန့်စားလွန်းတယ်။ ဒါ စွန့်စားလွန်းတယ်။ ငါက ရွေးချယ်ခွင့် မရှိလို့ စွန့်စားမှုကို ပြုလုပ်တာ။ အဓိကသော့ချက်အားဖြင့် ရလဒ်ကိုလည်း ငါက သိရှိပြီးသား။ ဒါပေမဲ့ သူ ဘာလို့ ဒီလောက်ကြီး စွန့်စားရတာလဲ။ ကျန့်ထော်က သူ့ကို တကယ်ပဲ သတ်ပစ်နိုင်တယ်။ ငါ့ကို ယုံကြည်လိုက်။ ငါက ကြမ်းတမ်းတဲ့ လူတစ်ယောက်ပဲ။ ငါ အခွင့်အရေးကို အရယူပြီး ကျန့်ထော်ကို သတ်မယ်လို့ ပြောပြီးပြီ မဟုတ်လား”

လီစွမ်းက ပြောလိုက်သည်။ “အရှင်မင်းကြီး... စိုးရိမ်လွန်းနေပါပြီ။ စုနန်တောင်မှ ရှမ့်လန်ကို မသတ်ဖြတ်နိုင်ပါဘူး။ ဒီတော့ ကျန့်ထော် ဘယ်လောက် အားကောင်းတယ်ဆိုဆို စုနန်ကို နှိုင်းယှဉ်လို့ရတဲ့ လူမျိုးမှ မဟုတ်တာ”

နင်ယွမ်ရှန်းသည် ဒေါသတရားဖြင့် တုန်ယင်လျက်ရှိနေ၏။ ရလဒ်ကို ဆုံးဖြတ်ခဲ့ပြီဖြစ်၏။ သို့ပေမည့် လက်ရှိအခြေအနေတွင် နောက်ထပ် ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့၏။

“ဖြစ်နိုင်သမျှ အမြန်ဆုံး ကျန့်ထော်ဆီကို သတင်းပေးပို့လိုက်။ သူ့ကို ကျန်းယွမ်နယ်စားကြီး ဘွဲ့ထူး ပေးအပ်တယ်လို့”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ပြီးတော့ ရှမ့်လန်ကို ပြန်လာခိုင်းလိုက်။ ဒီလောက်ကြီး စွန့်စားစရာ မလိုဘူး”

လီစွမ်းက ပုခုံးတွန့်လိုက်မိ၏။ ကျန်းယွမ်နယ်စားကြီးဆိုသည့် ဘွဲ့ထူးကို ကျန့်ထော်ဆီသို့ ပေးအပ်ခြင်း ဆိုသည်မှာ တကယ့်ကို စိတ်ကူးယဉ်ဖွယ်ရာပင် ဖြစ်၏။ ကျန့်ထော်က ပင်းရှစ်မြို့စားကြီးဟူသည့် နာမည်ကို ရရှိခဲ့ပြီး တော်ဝင်မျိုးနွယ်အသစ်ဖြစ် ဖြစ်တည်ခဲ့ပြီးသား ဖြစ်၏။ သို့ပေမည့် သူ့၌ မြေပိုင်နက် မရှိသလို သီးသန့် ကိုယ်ပိုင်စစ်တပ်လည်း မရှိချေ။ သို့ပေမည့် ကျန်းယွမ်နယ်စားကြီးဆိုသည့် နာမည်ကို အသုံးပြုလိုက်မည် ဆိုလျှင်တော့ ထိုအရာအားလုံးကို ရရှိလာနိုင်၏။

ကျန့်ထော်က တွေးတောပေလိမ့်မည်။ သူ့အား စုနန်နေရာ အစားထိုးပေးအပ်ခဲ့ခြင်းလား။

အဓိကသော့ချက်အားဖြင့် ကျန့်ထော်ကလည်း ထိုအရာကို လိုချင်၏။ နင်ယွမ်ရှန်း၌ တခြားသော ရည်မှန်းချက်များ ရှိနေသည်ကို သိရှိလျှင်တောင်မှ .... ထိုအရာက ငါးစာဖြစ်မှန်း သိလျှင်တောင်မှ ကျိန်းသေပေါက် ကိုက်ရပေလိမ့်မည်။

လီစွမ်းက တီးတိုးပြောလိုက်သည်။ “အရှင်မင်းကြီး... ကျန်းယွမ်နယ်စားအိမ်တော်ဆီကို ရောက်ရှိဖို့အတွက် အမိန့်တော်က အနည်းဆုံး ငါးရက်လောက် ကြာလိမ့်မယ်။ ဒီတော့ နောက်ကျသွားပါလိမ့်မယ်။ ရှမ့်လန်က အရမ်းကို အားကောင်းတယ်။ မပြင်ဆင်ဘဲ ဘယ်တော့မှ တိုက်ခိုက်မှာ မဟုတ်ဘူး”

နင်ယွမ်ရှန်းက ဒေါသတကြီး ဆူငေါက်လိုက်၏။ “ခွေးကောင်လေး… ၁၅ မိနစ်လောက်အတွင်းမှာပဲ ငါ့ကို အံ့အားသင့်စရာတွေ ပေးနေတယ်။ နောက်ထပ် ၁၅ မိနစ်အတွင်းမှာပဲ ငါ့ကို ဒုက္ခတွေ ပေးနေတယ်။ ဘာလို့ အခြေအနေ ကောင်းမွန်နေတဲ့ဟာကို စွန့်စားရတာလဲ။ သူက လူ ၂၀၀၀ လောက်ကို အသုံးပြုပြီး ကျန်းယွမ်နယ်စားအိမ်တော်ကို တိုက်ခိုက်ဖို့ ဘာ့ကြောင့် စဉ်းစားရတာလဲ။ တကယ်လို့ သူသာ ရှုံးသွားခဲ့ရင်၊ သေသွားခဲ့ရင် ..... မြန်မြန် အမိန့်တော် ပို့လိုက်၊ အမိန့်တော် ပို့စမ်း”

နင်ယွမ်ရှန်းသည် ကျန့်ထော်အား ကျန်းယွမ်နယ်စားကြီး ဘွဲ့ထူးကို ပေးအပ်သည့် အမိန့်တော်ကို ရေးသားနေ၏။ ပြီးနောက် ရှမ့်လန်ဆီသို့လည်း အမိန့်တော်တစ်ခုကို ရေးသားခဲ့၏။ စာလုံးသုံးခုတည်းသာလျှင်။

‘ပြန်လာခဲ့’

“မြန်မြန်… ကျန်းယွမ်နယ်စားကြီးအိမ်တော်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပို့။ ငါးရက်အတွင်း ရောက်အောင် ပို့။ ငါးရက်ထက် နှစ်နာရီလောက် နောက်ကျရင်တောင် ငါ မင်းကို သတ်မယ်”

ရေနက်တပ်ဖွဲ့မှ စစ်သည်တော်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းပါပြီ”

လီစွမ်းသည် လျှို့ဝှက်အမိန့်စာနှစ်ခုကို ဖြစ်နိုင်သမျှ အမြန်ဆုံး စည်းခတ်လိုက်၏။ ပြီးနောက် ဖယောင်းစည်းဖြင့် ပိတ်လိုက်၏။ ရေနက်တပ်ဖွဲ့မှ စစ်သည်တော်ဆီသို့ ကမ်းပေးလိုက်သည်။

ရေနက်တပ်ဖွဲ့မှ စစ်သည်တော်က တရှိန်ထိုး ထွက်ခွာသွားခဲ့၏။ ပြီးနောက် ရေနက်တပ်ဖွဲ့သည် သူတို့၏ လူအင်အားကို အသုံးပြုပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး အမိန့်တော်ကို ပေးပို့ရန် ပြင်ဆင်ကြ၏။

နင်ယွမ်ရှန်းက ဒေါသတကြီး ဖြစ်လို့နေခဲ့၏။ ထို့ကြောင့် သူက ကျန်ရှိနေသေးသည့် ကောက်ညှင်းလုံးနှစ်လုံးကို ကောက်ယူကာဖြင့် စားပွဲပေါ်တင်ကာ ချေမွလိုက်၏။ ပြီးနောက် ပါးစပ်ထဲ ထိုးထည့်လိုက်ပြန်သည်။

“ဒီခွေးကောင်ရှမ့်လန်… ပြန်လာတဲ့အချိန်ကျရင် ငါသူ့ကို ချုပ်ထားရအုံးမယ်။ ဒီကောင် ငါ့ကို ဘာပြဿနာမှ ထပ်ပြီး မပေးနိုင်အောင် လုပ်ရမယ်။ ပြဿန ဘယ်လိုရှာမရမလဲများ တနေကုန် ထိုင်စဉ်းစားနေလားမသိဘူး။ ဒီလို ပြဿနာရှာတာက မွေးသန္ဓေလည်း ဖြစ်နိုင်တယ်။ သူက လယ်သမားတစ်ယောက်ရဲ့သားဆိုတာကို ဘယ်သူမှ ယုံကြည်မှာ မဟုတ်ဘူး။ သောက်တလွဲ ကျန့်ထော် .... ချီးပဲ.. ချီးပဲကွ”

လီစွမ်းသည် ရှေ့ဆီသို့ လှမ်းတက်ပြီး ကွဲကြေလျက်ရှိနေသည့် ပန်းကန်များကို သေသေချာချာ သန့်ရှင်းလိုက်၏။ ပြီးနောက် သူက သက်ပြင်းချလိုက်မိ၏။ သူ့သခင်၏ အမူအကျင့်ကို သူ ကောင်းကောင်းနားလည်၏။ သူက အလွန်အမင်း သစ္စာရှိသည့် လူတစ်ယောက်ဖြစ်ပြီး အလွန်အမင်း ရိုးသားသည့် လူတစ်ယောက်ဖြစ်သည် ဆိုသော်လည်း ဤဘုရင်က အလုပ်အကျွေးပြုရ ခက်သူပင်။

ထို့အပြင် ကျေးဇူးတရားကိုလည်း သိတတ်သူတစ်ယောက် မဟုတ်ချေ။ မိမိ၏ ကိုယ်ပိုင်ကလေးများကိုပင် ဂရုစိုက်သည့် လူမျိုး မဟုတ်ပေ။ တခြားသောသူများဆိုလျှင် ပိုဆိုး၏။ ဤဘုရင်မင်းမြတ် ချစ်ခင်နှစ်သက်သည့်လူများက မိဖုရားကြီးပျံ့၊ အိမ်ရှေ့စံမင်းသား၊ တတိယမင်းသား၊ မင်းသမီးနင်ယန်နှင့် တခြားသောသူ အနည်းငယ်သာလျှင် ရှိ၏။ သူ၏စိတ်ထဲတွင် နောင်တတရားများနှင့် ပြည့်နှက်နေသောကြောင့် မင်းသမီးနင်ယန်ကို အနည်းငယ် ပိုမိုကာ ချစ်ခင်၏။ သနားစိတ်လည်း ပါဝင်၏။

လက်ရှိအချိန်တွေမှာတော့ ဘုရင်မင်းမြတ်က ရှမ့်လန်ကြောင့် စိုးရိမ်ပူပန်နေ၏။ မဟုတ်ပါက ဘုရင်မင်းမြတ်၏ အမူအကျင့်အရဆိုလျှင် အဘယ်သို့ ကျန့်ထော်အား နယ်စားဘွဲ့ ပေးမည်နည်း။ ကျန့်ထော်ကို အစိတ်အပိုင်း တစ်သောင်းလောက် ဆုတ်ဖြဲချင်သည့် စိတ်မှလွဲ၍ တခြားစိတ် ရှိမည် မဟုတ်ချေ။ သို့ပေမည့် ရှမ့်လန်အတွက် အံကိုကြိတ်ကာဖြင့် ကျန်းယွမ်နယ်စားကြီးဆိုသည့် ဘွဲ့ထူးကိုပင် ပေးအပ်ခဲ့၏။ ထိုမှသာလျှင် ကျန့်ထော်က ရှမ့်လန်ကို မသတ်ဖြတ်ပစ်မှာပင်။

လူများကြားထဲတွင် ကံတရားက အရေးကြီးလွန်း၏။ တစ်ဖက်လူကို နှစ်သက်သည်ဆိုလျှင် ဘုရင်မင်းမြတ်က တကယ်ပင် နှစ်သက်၏။ မုန်းတီးသည်ဆိုလျှင်လည်း အလွန်တရာ မုန်းတီးတတ်သည်။

ကျန်ချုံးက ကြီးမားသည့် ကောင်းကျိုး ပြုခဲ့၏။ ဘုရင်မင်းမြတ်သို့ စိတ်ထဲတွင် တကယ် ရောက်ရှိခဲ့၏။ သို့ပေမည့် နုရှောင့်မြို့ တိုက်ပွဲပြီးသည့်နောက် ဘုရင်မင်းမြတ်၏ စိတ်ထဲမှ ကျန်းချုံး၏ တည်ရှိမှုအားလုံးက ပျောက်ကွယ်သွားခဲ့၏။

ယခုရှမ့်လန်ပေါ်တွင်တော့ ထိုသို့မဟုတ်ပေ။ သံယောဇဉ်ကြီးပုံပင်ပေါ်သည်။ ရှမ့်လန်အတွက် အောက်ခြေ စည်းမျဉ်းကို ကျော်လွန်ကာပင် လိုက်လျောပေးနေသည်။

လီစွမ်းက ထိုအရာကို ကောင်းကောင်းမြင်ရ၏။ သူ၏သခင်သည် စိုးရိမ်ပူပန်လွန်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ရှမ့်လန်က တကယ့်ကို ကောက်ကျစ်သည့် လူတစ်ယောက်ဖြစ်၏။ ဤသို့သောလူမျိုးသည် တိကျသည့် ယုံကြည်ချက်မရှိဘဲ ကျန့်ထော်ကဲ့သို့သောလူကို အဘယ့်သို့ တိုက်ခိုက်မည်နည်း။

ကြည့်ရသည်မှာ တစ်စုံတစ်ခု စီစဉ်ထားပုံပေါ်၏။ ရှမ့်လန်က လူဦးရေ ၂၀၀၀ ထဲကို အသုံးပြုကာဖြင့် ကျန့်ထော်၏ စစ်သည်ပေါင်း ၂ သောင်းကျော်ကို တိုက်ခိုက်ရန် ပြင်ဆင်ခဲ့၏။ ကျန်းယွမ်နယ်စားအိမ်တော်သည် ဖောက်ထွင်း၍ မရနိုင်သည့် အရာတစ်ခု ဖြစ်၏။ သို့ပေမည့် ရှမ့်လန်ကဲ့သို့သော မကောင်းဆိုးဝါး မလုပ်နိုင်သည့် အရာဟူ၍ အဘယ်မှာ ရှိမည်နည်း။

.......

ရှမ့်လန်ကို သူ သတ်ပစ်ရမည်လား။ ကျန့်ထော်က ခဏလောက် တွန့်ဆုတ်လျက် ရှိ၏။ ဟုတ်ပေ၏။ သူ့အနေနှင့် မလုပ်ရဲသလို၊ လုပ်ရဲသလို အခြေအနေ ဖြစ်လို့နေ၏။ အဓိက အကြောင်းအရာအားဖြင့် တစ်ဖက်လူကို သတ်ဖြတ်ခြင်းအားဖြင့် အကျိုးဆက်များစွာ တည်ရှိ၏။ သို့တစေ ဂရုမစိုက်ပေ။

ဘုရင်မင်းမြတ်က ရက်စက်ပြီး ကြမ်းတမ်းလွန်းလှသည့် လူတစ်ယောက်ဖြစ်ကြောင်း သူသိ၏။

ရှမ့်လန်ကဲ့သို့ လူတစ်ယောက်ကို သတ်ဖြတ်ခြင်းဆိုသည်မှာ ကိစ္စကြီးကြီးမားမား တစ်ခု မဟုတ်နိုင်ချေ။ ထို့အတူ ရှမ့်လန်သည် ချင်နိုင်ငံမှ မြင်းသည်တော်များကို ဦးဆောင်ကာဖြင့် နိုင်ငံထဲသို့ ဝင်ရောက်လာခဲ့ပြီး မြို့သူမြို့သားများကို သတ်ဖြတ်ခဲ့၏။ ထိုအရာ၏ အနှစ်ချုပ်က ကြီးမားပြီး ရေဖြင့် သန့်စင်၍ ရနိုင်သည့် အရာမျိုး မဟုတ်ခဲ့ချေ။

ထို့အပြင် ရှမ့်လန်က ကျန်းရှစ်စီရင်စု အုပ်ချုပ်ရေးမှူး လျန်ယုံနင်ကို လူမြင်ကွင်း၌ တစ်ခါတည်း သတ်ဖြတ်ပစ်ခဲ့၏။ ထိုအရာကလည်း ကြီးမားလွန်းသည့် ကိစ္စရပ်ကြီး တစ်ခုပင်။

ကျန့်ထော်သည် စုကလန်၏ ပုန်ကန်မှုကို ဖြေရှင်းရင်း နိုင်ငံသူရဲကောင်းကြီးတစ်ယောက် ဖြစ်လာခဲ့၏။ ရှမ့်လန်ကဲ့သို့ သစ္စာဖောက် တစ်ယောက်နှင့် ရင်ဆိုင်သည့်နေရာ၌ သူဘာလုပ်ရမည်နည်း။ သတ်ပစ်ရပေလိမ့်မည်။

ဟုတ်ပေ၏။ တစ်ခုတည်းသော ကြောက်စရာကောင်းသည့် အကျိုးဆက်မှာ ချင်နိုင်ငံမှ ရှုပ်ထွေးခြင်းပင် ဖြစ်၏။ ချင်နိုင်ငံ၏ ဘုရင်မသည် ရှမ့်လန်၏မရီး ဖြစ်ကြောင်း ကျန့်ထော်က ကြားခဲ့ဖူး၏။ သို့ပေမည့် ကျန့်ထော်က ဤအရာကို အစစ်အမှန်ဖြစ်လိမ့်မည်ဟု မထင်ခဲ့ချေ။ ရှမ့်လန်သည် အရှက်ကင်းမဲ့ပြီး ချောမောသည့် လူငယ်တစ်ယောက်ဖြစ်၏။ ထို့ကြောင့် ဘုရင်မနှင့် တစ်စုံတစ်ခု ပတ်သက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ရှမ့်လန်၏ အစ်ကိုဆိုသူမှာတော့ တကယ့်ကို အရူးတစ်ယောက်ကဲ့သို့ပင်။ အဘယ်သို့သော မိန်းမ တစ်ယောက်က ထိုသူ့ကို နှစ်သက်မည်နည်း။ ကျိန်းသေပေါက် တစ်ဖက်လူကို နွားကျထားခြင်းသာ ဖြစ်ပေလိမ့်မည်။

တစ်ဖက်လူ ဘာတွေတွေးနေသည်ကိုသာ ရှမ့်လန်သိသည်ဆိုပါက ကျိန်းသေပေါက် ပါးစပ်ကို ကော်နှင့် ပိတ်ရုံဖြင့် မကျေနပ်သေးဘဲ အပ်နှင့်ထပ်မံချုပ်၍ သင်းကွပ်ပစ်မှာ သေချာ၏။

အာယုနာနာသာ သူ တွေးနေသည်ကို သိရှိသည်ဆိုပါက ကျိန်းသေပေါက် အသက်ရှင်လျက် အရေခွံခွာကာဖြင့် ထိုအရာကို စစ်စည်ကြီးအဖြစ် အသုံးပြုမှာ သေချာ၏။ ရှမ့်လန်က ချောမောသည့် လူတစ်ယောက် ဖြစ်သည်။ သူမက ရှမ့်လန်ကို မိသားစုတစ်ယောက်အဖြစ် သတ်မှတ်ရုံသာရှိ၏။ ရှမ့်လန်နှင့် အဘယ်သို့ ပတ်သက်ရမည်နည်း။

ချောမောသည့် လူသားဆိုသည်မှာ သူမအတွက်တော့ ပဲညောင့်လေးတစ်ခုကဲ့သို့ပင် အသုံးမဝင်ချေ။ သူမ အာယုနာနာသည် အဘယ်သို့ ရှမ့်လန်ကို နှစ်သက်ရမည်နည်း။ သူမ အာယုနာနာဆိုသည့် မိန်းမသည် အရူးကြီးကဲ့သို့ ကြီးမားဝင့်ထည်လွန်းသည့် ယောက်ျားတစ်ယောက်ကိုသာ ချစ်ခင်မြတ်နိုး၏။

သူသည်သာ ရှမ့်လန်ကို သတ်ဖြတ်ခဲ့ပါက ချင်နိုင်ငံဘုရင်မက ကျိန်းသေပေါက် လက်စားချေ လိမ့်မည်ဟု ကျန့်ထော်က ခံစားမိ၏။ ချင်နိုင်ငံဆီမှ စစ်သည်ပေါင်း သောင်းချီတို့ မကြာခင် ဝင်ရောက်လာနိုင်၏။

သို့ပေမည့် ချင်နိုင်ငံစစ်သည်များသည် ကုန်းမြေပိုင်းတွင် နေထိုင်သည့် လူများဖြစ်ပြီး ကြမ်းတမ်းလွန်းလှချေ၏။ သူတို့၏ မြင်းသည်တော်များက ရဲရင့်ပြီး တိုက်ခိုက်ရာ၌လည်း တော်လွန်း၏။ သို့သော်ငြား မြို့ကဲ့သို့ပင် ခိုင်မာသည့် ရဲတိုက်ကြီးတစ်ခုကို တစ်ခါမှ မတိုက်ခိုက်ခဲ့ကြဖူးချေ။

ကျန်းယွမ်နယ်စား အိမ်တော်ဆိုသည်မှာ မြင့်မားလွန်းသည့် တောင်ကြီးပေါ်၌ တည်ဆောက်ထားပြီး ရဲတိုက်ဆီသို့ တက်ရောက်ရာ လမ်းကလည်း တစ်ခုတည်းသာလျှင် ရှိ၏။ စစ်သည်ပေါင်း သောင်းချီကို ခေါ်ဆောင်လာခဲ့မည် ဆိုလျှင်တောင် အိမ်တော်ကို ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ချင်နိုင်ငံ၏ စစ်သည်များအနေနှင့် နယ်စားကြီးအိမ်တော်ကို ချိုးဖျက်ဖို့ဆိုသည်မှာ မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

ထိုအချိန်မှာတော့ ကျန့်ထော်သည် ကျိန်းသေပေါက် မဟာမိတ်အဖွဲ့အားလုံး၏ ကျူးကျော်မှုကို ခုခံနိုင်ခဲ့သည့် နိုင်ငံ၏သူရဲကောင်းကြီးတစ်ယောက် ဖြစ်လာပေလိမ့်မည်။ ကျန်းယွမ်နယ်စား အိမ်တော်ကို အပိုင်စီးပြီးနောက် သူက ပိုင်ရီခရိုင်ကြီး တစ်ခုလုံးကို ထိန်းချုပ်ကာကွယ်နိုင်သည့် လူအဖြစ် နာမည်ကြီး လာပေလိမ့်မည်။

ချင်နိုင်ငံမှ ကျူးကျော်မှုကို ကာကွယ်ရန်အလို့ငှာ ဘုရင်မင်းမြတ်သည် ကျန့်ထော်အား ပိုင်ရီခရိုင်ကြီး တစ်ခုလုံးကို အုပ်စိုးခွင့် အခွင့်အရေးပင် ပေးရပေလိမ့်မည်။ ပိုမို၍ အရေးကြီးမားသည်မှာ ကျန်းရှစ်စီရင်စု တစ်ခုလုံးက ရှုပ်ထွေးလျက် ရှိနေ၏။ ဝူပြည်နယ်နှင့် ချောင်ပြည်နယ်တို့ကလည်း ကျိန်းသေပေါက် ဆက်လက်ကာ ပူးပေါင်းနေဦးမှာ သေချာသည်။ ထို့သို့ဆိုလျှင် ရွဲ့ပြည်နယ်က ကြီးမားသည့် ဘေးအန္တရာယ်အတွင်းသို့ သက်ဆင်းနေတုန်းပင်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူ ကျန့်ထော်သည် ကျိန်းသေပေါက် ကြီးမားသည့် ကောင်းချီးကို ဖန်တီးပြီး စုနန် အစား နယ်စားကြီးတစ်ယောက် ဖြစ်လာနိုင်၏။ သူက ကြီးမားလွန်းသည့် မြေပိုင်နက်ကို ပိုင်ဆိုင်လာမည်ဖြစ်ပြီး စုကလန်ထက် ပိုမိုကာ များပြားသည့် စစ်သည်များကိုပင် ပိုင်ဆိုင်လာလိမ့်မည်။

ထိုသို့ဆိုလျှင် ပျံ့ရှောင်းနှင့် ကျုံးကလန်တို့ပြီးနောက် ရွဲ့ပြည်နယ်၏ တတိယ အားအကောင်းဆုံးသော စစ်ဘုရင် ဖြစ်လာပေလိမ့်မည်။ ထိုအချိန်သို့ရောက်သည်ဆိုပါက သူ၏ ဘဝတစ်ခုလုံးက ထိပ်ဆုံး အခြေအနေဆီသို့ ရောက်ရှိသွားခဲ့ပြီး သူ ကျန့်ထော်သည် မိုးနှင့်လေကိုပင် ဆင့်ခေါ်နိုင်သည့်လူ ဖြစ်လာပေလိမ့်မည်။

ရွဲ့ပြည်နယ်တစ်ခုလုံး အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသည်ဆိုလျှင်တောင်မှ ကျန့်ကလန်သည် မိမိဘာသာ ရပ်တည်နိုင်မှာဖြစ်ပြီး တော်ဝင်ရန်နိုင်ငံတော်၏ အသက်သွေးကြောတစ်ခုအဖြစ် ကျန်ရှိနေပေဦးမည်။ ထို့ကြောင့် ရှမ့်လန်ကို သတ်ဖြတ်ခြင်းဆိုသည်မှာ မကောင်းမှုထက် ကောင်းကျိုးက ပိုမိုကာ များပြား၏။ ထို့ကြောင့် သတ်ပစ် ရပေလိမ့်မည်။

စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ခဲ့ပြီးနောက် ကျန့်ထော်က ရှမ့်လန်ကို တိုက်ခိုက်ရန် အမိန့်ပေး လိုက်၏။ စစ်တပ်ကြီးတစ်ခုလုံးက စုစည်းလာခဲ့ပြီး တကယ်ပင် တိုက်ပွဲကြီးတစ်ခုကို စတင်ပေတော့မည်။ ရှမ့်လန်နှင့် ကျန့်‌ထော်တို့က သုံးညတိုင်တိုင် တိုက်ခိုက်ခဲ့၏။ တိုက်ပွဲက တကယ့်ကို အလှည့်အပြောင်း များပြားလွန်းလှ၏။

ရှမ့်လန် ဤခွေးကောင်လေးသည် ကျန်းယွမ်နယ်စားအိမ်တော်ကို တစ်ခါတည်း မတိုက်ခိုက်ခဲ့ချေ။ ထိုအစား ကျန်းယွမ်နယ်စားအိမ်တော်၏ အရှေ့ဘက် လမ်းကို တားဆီးပိတ်ပင်ထားခဲ့၏။ ပြီးနောက် အိမ်တော်နံရံ၏ ၂ မိုင်အဝေးတွင် တည်ရှိသော လမ်းဆုံလမ်းခွ နေရာတွင် တပ်ဆွဲထားသည်။

စစ်သည်ပေါင်း ၂၀၀၀ ကျော်သည် ကျန့်ထော်၏ စစ်သည်များကို နေ့စဉ်နေ့တိုင်းဆိုသလို ရန်စ၏။ လူတစ်ယောက်ချင်းစီတိုင်းအား ယောက်ျားဖာသည်များဟုပင် အော်ဟစ်လျက်ရှိ၏။ “ကိုယ့်လူတို့ လာခဲ့စမ်းပါ၊ သွေးရှိရင် လာခဲ့စမ်းပါ။”

ကျန့်ထော်သည် သူ၏ စစ်သည်များကို စေလွှတ်ကာ တစ်ဖက်လူကို သွားရောက် သတ်ဖြတ်စေ၏။ သို့ပေမည့် ကျန်းယွမ်နယ်စားအိမ်တော်၏ အရှေ့မြေမျက်နှာပြင် ကွက်လပ်ကြီးက အန္တရာယ်များလွန်း၏။ စစ်သည်များကို ဤနေရာမှ ကျော်ဖြတ်ကာ သွားစေ၍ မဖြစ်ချေ။ ၁၀၀၊ ၁၀၀၀၊ ၁၀၀၀၀ ထိုအရေအတွက်ကို စေလွှတ်မည် ဆိုလျှင်တောင် ရလဒ်က တူတူပင် ဖြစ်ပေမည်။ လမ်းဆုံလမ်းခွ နေရာ၌ လမ်းက ကျဉ်းလွန်းသောကြောင့် အများဆုံး လူပေါင်းရာချီတို့သာ ဝင်ရောက်တိုက်ခိုက်နိုင်မည်ဖြစ်ပြီး ကျန်လူများက အနောက်မှ ရပ်ကျန်ကာ ကြည့်ရပေမည်။

ရှမ့်လန်၊ ဤခွေးကောင်လေးသည် တကယ်ပင် လမ်းကို ပိတ်ပင်ထားခဲ့၏။ ချင်နိုင်ငံမှ မြင်းသည်တော်များသည် မြားအတတ်တွင် ထူးချွန်ကြ၏။ ရှမ့်လန်ကလည်း ကျင်းမိသားစု၏ အလုပ်ရုံမှ အားကောင်းလွန်းသည့် လေးမြားများစွာကို ထောက်ပံ့ထာ၏။ ထို့ကြောင့် အဝေးရှိ ကျန့်ထော်၏ စစ်တပ်ကြီးကို ဒုက္ခကောင်းကောင်း ပေးနိုင်လေ၏။

ဝူလဲ့၏ အမိန့်ပေးမှုအောက်တွင် ရှိနေသည့် အမျိုးသမီး စစ်သည် ၁၀၀ ကျော်တို့သည် တကယ့်ကို လေးလံလွန်းသည့် ချပ်ဝတ်များကို ဝတ်ဆင်ထားခဲ့ပြီး သံမဏိဓားမော့များကို ကိုင်ဆောင်ထား၏။ သူတို့က လမ်းထိပ်တွင် ပိတ်ရပ်ကာဖြင့် ကြီးမားသည့် အရှိန်အဝါကို ထုတ်ဖော်ပြသထားသည်။

ကျန့်ထော်၏ စစ်သည်ပေါင်း ၂၀၀၀၀ ကျော်တို့က ကျဉ်းမြောင်းလွန်းသည့် တည်နေရာထဲသို့ တိုးဝင်လာ၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် တိုက်ပွဲက သုံးရက်နှင့် သုံးည ကြာမြင့်ခဲ့သည့်တိုင် ကြီးကြီးမားမား ရလဒ်ပြောင်းလဲခြင်း မရှိခဲ့ချေ။

All Chapters