အခန်း (၄၃၇-၄၃၈)
Vol. 31 Ch. 437-438
အပိုင်း (၄၃၇)
ရှမ့်လန်ဘက်မှ လူအသေအပျောက်က မရှိသလောက် နည်းပါးပြီး ကျန့်ထော်ဘက်မှ ကပ်ဘေးမှာတော့ ကြီးမား၏။ အနည်းဆုံး လူ ၃၀၀ လောက် သေဆုံးခဲ့ပြီး ဖြစ်၏။ ကျန့်ထော်သည် စစ်သည်အင်အားအရ အခွင့်အရေးသာနေသည် ဆိုလျှင်တောင်မှ တိုက်ပွဲကို အနိုင်ရရှိရန် မဖြစ်နိုင်သေးချေ။
ကျန်းယွမ်နယ်စား၏ အိမ်တော်အတွင်းမှာတော့ ...
လက်သမားပေါင်း ရာချီတို့သည် လောက်လွဲကြီးများကို စတင်ကာ ပြင်ဆင်လျက် ရှိနေ၏။ စုနန်က အံ့အားသင့်စရာပင်။ ရဲတိုက်ကြီးတစ်ခုလုံးကို ဖောက်ထွင်း၍ မရနိုင်အောင် တည်ဆောက်ခဲ့သည်သာမက ရဲတိုက်ကြီး၏ထိပ်တွင် လောက်လွဲပေါင်း တစ်ဒါဇင်ကျော်ကိုလည်း တပ်ဆင်ထားခဲ့၏။ တကယ့်ကို ကြီးမားသည့် လောက်လွဲကြီးများဖြစ်ပြီး ပေ ၆၀၀ အကွာအဝေးကိုပင် လှမ်းကာ ပစ်နိုင်စွမ်း ရှိ၏။
ကျန့်ထော်သည် ရှမ့်လန်၏ နည်းဗျူဟာများကို ရွှံရှာနေပြီဖြစ်၏။ ထို့ကြောင့် သူက လောက်လွဲကြီးများကို ပြင်ဆင်ကာ ရှမ့်လန်၏ စစ်သည်များကို ပစ်ခတ်ရန် ပြင်ဆင်လိုက်၏။ ဤလောက်လွဲကြီးများသည် မြို့ကို တိုက်ခိုက်သည့် နေရာတွင် သို့မဟုတ် အလုံးအရင်း များပြားသည့် ရန်သူများကို ဖျက်ဆီးရန် လုံလောက်သည့် အရာမျိုး ဖြစ်၏။ ကျန့်ထော်က ဤကြီးမားလွန်းသည့် လောက်လွဲကြီး ၁၀ ခုကို အသုံးပြုပြီး ရှမ့်လန်၏ လူ ၂၀၀၀ ကို ဖျက်ဆီးရန် ပြင်ဆင်ခဲ့ပြီ ဖြစ်သည်။
အလုပ်ဖြစ်ပါမည်လား။ တကယ်တမ်း အလုပ်ဖြစ်နိုင်၏။ အဘယ်ကြောင့်ဆိုသော် ကျန်းယွမ်နယ်စား အိမ်တော်၏ မြေတည်နေရာက တစ်ဖက်လူများအနေနှင့် သိမ်းပိုက်ရန် ခက်ခဲလွန်း၏။ လမ်းကလည်း တစ်ခုတည်းသာလျှင် ရှိ၏။
လမ်းထိပ်တွင် ရှမ့်လန်၏ လူပေါင်း ၂၀၀၀ ကျော်တို့က တားဆီးပိတ်ပင်ထားခဲ့ပြီး ထိုနေရာကလည်း လူများ ပြည့်ကျပ်နေခဲ့သည်။
ကျောက်တုံးကြီး တစ်တုံးတုံးနှင့်သာ ထိမှန်သည်ဆိုပါက ကြီးကြီးမားမား သေဆုံးကြပေလိမ့်မည်။ လောက်လွဲများကို ပြင်ဆင်ခြင်းဆိုသည်မှာ အချိန်ကာလ ကြာလွန်းလှ၏။ သူတို့သည် ထိုအရာများအားလုံးကို တစ်စစီဖြုတ်ပြီးမှ ပြန်လည်ကာ တပ်ဆင်ရ၏။
ကျန့်ထော်က မေးလိုက်သည်။ “ဘယ်လောက်ကြာအုံးမှာလဲ”
လက်သမားများက ပြန်လည်ကာ ဖြေဆို၏။ “မကြာခင်ပါပဲ။ ၅ ရက်၊ ၆ ရက်လောက်ပဲ ကြာပါလိမ့်မယ်။ ကျုပ်တို့အားလုံး တစ်စစီ ပြန်တပ်နိုင်ပါတယ်”
ကျန့်ထော်၏သား ကျန့်လုံက ဒေါသထွက်သွားသည်။ “၅ ရက်၊ ၆ ရက် ဟုတ်လား။ ခင်ဗျားတို့ ချီးစားပြီး အလုပ်လုပ်နေကြတာလား”
အမှိုက်ရှမ့်လန်က မြင်းသည်တော်ပေါင်း ၂၀၀၀ ကျော်ကို ဦးဆောင်ပြီး လမ်းကို တားဆီးပိတ်ပင်ထားခဲ့၏။ နေ့စဉ်နေ့တိုင်း ဆိုသလို ရန်စဆဲဆိုလျက် ရှိနေ၏။ ကျန့်လုံသည် တစ်ဖက်လူကို အသက်ရှင်လျက် အရေခွံခွာချင်စိတ် ရှိ၏။ ဖြစ်နိုင်မည်ဆိုပါက တစ်ဖက်လူ၏ အရိုး၊ အကြောများကို ဆွဲထုတ်ရန် စိတ်ဆုံးဖြတ်ထား၏။
လောက်လွဲများကို ပြင်ဆင်ခဲ့ပြီး ထိုလမ်းတည်နေရာဆီသို့ ပစ်ချင်စိတ်က အဆမတန် တိုးတက်နေခဲ့၏။ သူတို့ တစ်ဖက်စစ်သည်များကို မသတ်ဖြတ်နိုင်ဘူးဆိုလျှင်တောင်မှ ထိုလမ်းကို လွယ်လွယ်ကူကူနှင့် ပြန်လည်ကာ ရရှိနိုင်၏။ ဤလမ်းထောင့်တည်နေရာကို ထိန်းချုပ်နိုင်စွမ်းရရှိမည်ဆိုလျှင် စစ်တပ်ကြီးသည် အလုံးအရင်း များများနှင့် တဖြည်းဖြည်း ရှမ့်လန်တို့အား နောက်သို့ တွန်းပို့နိုင်ပေလိမ့်မည်။
စစ်သည်ပေါင်း ၂၀၀၀၀ ကို သူတို့က ပိုင်ဆိုင်သည် ဆိုသော်လည်း ရှမ့်လန်၏ စစ်သည်ပေါင်း ၂၀၀၀ ကျော်ကို တိုက်ခိုက်သုတ်သင်ပစ်ရန် မြေတည်နေရာ ကြီးကြီးမားမား လိုအပ်၏။ သူတို့မှာ လောက်လွဲများ တည်ရှိသည် ဆိုပါက ရှမ့်လန်၏ အားကောင်းလှပါသည်ဆိုသော လူအားလုံးသည် နောက်သို့ ဆုတ်ခွာရပေမည်။
လက်သမား ခေါင်းဆောင်က ပြောလိုက်၏။ “ဆက်ခံသူ... ဒီလောက်လွဲတွေက တကယ့်ကို ကြီးမားတယ်။ ပြီးတော့ တစ်စစီ ဖြုတ်ရတာ အဆင်မပြေဘူး။ သေသေချာချာ ပြန်ပြီး လုပ်မှ ဖြစ်မယ်။ မဟုတ်ရင် ပစ်ခတ်နိုင်မှုအားက ကောင်းမှာမဟုတ်ဘူး။ ပြန်ပြီး တပ်လည်း အလကား ဖြစ်လိမ့်မယ်”
ကျန့်လုံက ပြောလိုက်သည်။ “ကောင်းပြီ၊ ကောင်းပြီ။ ၅ ရက် ဒါမှမဟုတ် ၆ ရက်အတွင်း ပြီးအောင်လုပ်ကြ”
၅ ရက်၊ ၆ ရက်ကို မဆိုနှင့်။ သူ့၌ ဤခွေးကောင်လေးကို တစ်စစီ ဖြုတ်ချင်စိတ် များပြားလျက် ရှိနေ၏။ ထိုကဲ့သို့သာ ပြုလုပ်နိုင်မည်ဆိုပါက လပေါင်းများစွာ စောင့်ဆိုလျှင်တောင် သူက ကောင်းကောင်း စောင့်နိုင်၏။
ချင်နိုင်ငံ၏ ဘုရင်မ တပ်ကူများ စေလွှတ်လိုက်မည်ကိုတော့ သူ စိုးရိမ်မိ၏။ သို့ပေမည့် ရှမ့်လန်က အမှိုက်ကောင် ဖြစ်၏။ တစ်ယောက်တည်း ဝင့်ကြွားလျက် ရှိနေပြီး တပ်ကူများကို ခေါ်ဆောင်ရန် ရည်မှန်းချက်လည်း ရှိပုံ မပေါ်ချေ။
ရှမ့်လန်နှင့် ကျန့်ထော်တို့ တိုက်ခိုက်နေသည့် ၈ ရက်မြောက်နေ့မှာတော့ ဘုရင်မင်းမြတ်၏ လျှို့ဝှက် အမိန့်စာ ရောက်ရှိလာခဲ့၏။ ထိုအရာကို လာရောက်ပေးပို့သူက မင်းသမီးကြီး နင်ပုကျင်းဖြစ်၏။ ဟုတ်ပေ၏။ သူမက ရှမ့်လန်ကို တကယ်ပင် ချီးကျူးမိ၏။ သို့ပေမည့် သူတို့က တစ်ယောက်ကိုတစ်ယောက် မုန်းတီးသည်။
ရှမ့်လန်သည် သူမကို မြင်သည့်အချိန်မျိုးတွင် နှစ်ပေါင်းများစွာ အအေးခန်း သိမ်းဆည်းထားသည့် အသားတုံးတစ်ခုကို တွေ့နေရသလိုပင် ခံစားရ၏။ သူ့အနေနှင့် သူမကို ဝါးစားချင်စိတ် မရှိချေ။
နင်ကျဲ့က သူ့ကို မြင်ရသည့်အချိန်တိုင်းတွင် ရှမ့်လန်၏ လူရှုပ်လူပွေ အရှိန်အဝါမျိုးကြောင့် မသက်မသာ ခံစားရသည်။
“အရှင်မင်းကြီးဆီက အမိန့်တော်ပါတယ်” နင်ပုကျင်းက မဖတ်ပြခဲ့ချေ။ ဘုရင်မင်းမြတ်၏ အမိန့်တော်ကို တစ်ခါတည်း လှမ်းပစ်ပေးလိုက်၏။
ရှမ့်လန်က ထိုအရာကို ဖွင့်ကြည့်လိုက်၏။ သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်လျက် ရှိနေသည့် စာလုံး ၃ လုံး ကိုသာ သူမြင်ခဲ့ရသည်။ “ပြန်လာခဲ့”
မင်းသမီးကြီးနင်ကျဲ့သည် ရှမ့်လန်ကို လှမ်းကြည့်၏။ ပြီးနောက် ကျန်းယွမ်နယ်စား အိမ်တော်ဆီသို့ အသာ လှမ်းလျှောက်သွားခဲ့ပြီး ကျန့်ထော်အတွက် အမိန့်တော်ဟု အော်ဟစ်လိုက်၏။
ကျန့်ထော်သည် မင်းသမီးကြီးနင်ကျဲ့အား မယုံကြည်နိုင်လောက်သည့် အလေးအမြတ်ပြုမှုမျိုးနှင့် လာရောက်ကာ ကြိုဆို၏။ သူသည် အခြားသော အမှုထမ်းများထက် ပိုမိုကာ လေးစားသမှု ပြသည်။ “တော်ဝင်မင်းသမီး.. ဘုရင်မင်းမြတ် ညဘက် အိပ်ပျော်ရဲ့လား။ အစားရော ကောင်းကောင်းစားရဲ့လား။”
ကျန့်ထော်က မြေပေါ်တွင် ဒူးထောက်ပြီး အော်ဟစ်နေ၏။ သူသည် ဘုရင်မင်းမြတ်ဟု ထပ်တလဲလဲ ပြောဆိုလျက် ရှိနေ၏။ သူ့အနေနှင့် နင်ယွမ်ရှန်းအား အလုံးစုံ ယုံကြည်သည့် လူတစ်ယောက်ဖြစ်ကြောင်း ဖော်ကျူး ပြသနေခြင်း ပင်။
လွန်ခဲ့သည့် နှစ် ၂၀ တုန်းက ရှိရှိသမျှသော အမှုထမ်းတို့က နင်ယွမ်ဝူ၏နောက်သို့ လိုက်ပါသည် ဆိုသော်လည်း ကျန့်ထော်သည် နင်ယွမ်ရှန်းအပေါ်တွင် သစ္စာရှိခဲ့၏။ ထို့ကြောင့်ပင်လျှင် နင်ယွမ်ရှန်းနှင့် သူ၏ ဆက်ဆံမှုသည် အခြားသောသူများနှင့် ဆက်ဆံမှုနှင့် မတူညီချေ။
“ပထမဦးဆုံးအကြိမ် ဘုရင်မင်းမြတ်ကို တွေ့ခဲ့တာ လွန်ခဲ့တဲ့နှစ်ကလေ။ အင်း.. မိဖုရားခေါင်ကြီးရဲ့ မွေးနေ့ပွဲမှာပေါ့။ အဲတုန်းက အလျင်စလိုနဲ့ ပြန်လာခဲ့ရတာကြောင့် ဘုရင်မင်းမြတ်နှင့် ကောင်းကောင်း စကား မပြောခဲ့ရဘူး။ ဘုရင်မင်းမြတ် ကျန်းမာစေဖို့ ကျုပ် အမြဲတမ်း ဆုတောင်းနေပါတယ်။ ဘုရင်မင်းမြတ်ကို လွမ်းဆွတ်မိပါတယ်။ ဘုရင်မင်းမြတ် ကိုယ်အလေးချိန်များ ကျသွားသေးလား။ ကျုပ် စိုးရိမ်ပူပန်မိတယ်”
ကျန့်ထော်က မရပ်မနား ပြောဆိုလျက် ရှိနေ၏။ သူက ရဲရင့်လွန်းသည့် စစ်သူကြီးတစ်ယောက်ဖြစ်ပြီး သိုင်းပညာအဆင့်အတန်းကလည်း မြင့်မား၏။ စစ်တပ်ကြီးတွင် ဒုတိယတန်းစား ဂုဏ်ရှိန်ဂုဏ်ဝါနှင့် လူတစ်ယောက်ပင်။ သို့ပေမည့် ဤကဲ့သို့ပင် အော်ဟစ်ကာ ပြောဆိုလျက် ရှိနေ၏။
နင်ပုကျင်းက အဆင်မပြေသလို ခံစားလိုက်မိ၏။ ရှမ့်လန်နှင့် မျက်နှာချင်းဆိုင်သည့် နေရာတွင် သူမက မသက်မသာ ခံစားရ၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်၏ တဏှာရူးကဲ့သို့သော အရှိန်အဝါများက အလွန် အားကောင်းသောကြောင့်ပင်။ ရှမ့်လန်၏ ရှေ့သို့ရောက်ရှိပါက ၃ မီတာပတ်လည်အတွင်း ကိုယ်လုံးတီးနှင့် နေထိုင်ရသကဲ့သို့ ခံစားရသည်။
ကျန့်ထော်၏ ရှေ့သို့ရောက်ရှိသည့်အချိန်မှာတော့ အန်ချင်စိတ်ပင် ပေါက်မိနေ၏။ တကယ်တမ်း ပျို့အန်ချင်စိတ်ကို မနည်းပင် ထိန်းချုပ်ထားရ၏။ နင်ကျဲ့သည် ရှမ့်လန်၏ ရှေ့တွင် ဘာတစ်ခုကိုမှ ဖုံးကွယ် မထားနိုင်ခဲ့ချေ။ သို့ပေမည့် ကျန့်ထော်၏ ရှေ့တွင်တော့ သူမက ဖုံးကွယ်ထားနိုင်စွမ်း ရှိ၏။
“ပင်းရှစ်မြို့စားကြီးက ကြင်နာလွန်းနေပြီ”
မင်းသမီးကြီး နင်ကျဲ့က ပြောလိုက်သည်။ “အရှင်မင်းမြတ်က မေးခိုင်းလိုက်တယ်။ မကြာခင်တုန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး အခုပြန်ကောင်းလာခဲ့ပြီလားတဲ့”
စကားလုံးတစ်လုံးမှ မဆိုဘဲ ကျန့်ထော်က အဝတ်အစားများကို ဆွဲဖြဲလိုက်၏။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ များပြားလွန်းသည့် အမာရွတ်များကို ထုတ်ဖော်ပြသလိုက်၏။ ဒဏ်ရာတစ်ခုချင်းစီက ပြန်လည် ကောင်းမွန်ခြင်း မရှိသေးချေ။ ကြည့်ရှုရသည်မှာ တကယ့်ကို ဆိုးရွားလွန်း၏။
ဤပင်းရှစ်မြို့စားကြီးက တကယ့်ကို ကြမ်းတမ်းလွန်းလှချေ၏။ မိမိကိုယ်ကိုယ် ဤကဲ့သို့ပင် ပြုလုပ်ထား၏။ မင်းသမီးကြီး နင်ကျဲ့သည် အံကိုကြိတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမက အန်ချင်စိတ် ပေါက်လာသောကြောင့်ပင်။
သူမက မယုံကြည်နိုင်လောက်အောင် အေးစက်သည့် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး ရေနက်တပ်ဖွဲ့တွင် မြင့်မားသည့် ရာထူးနှင့် တာဝန်ထမ်းဆောင်ခဲ့ဖူး၏။ သူမ သတ်ခဲ့သည့် လူမည်မျှရှိသည်ကို မည်သူ သိရှိမည်နည်း။ သူမ သင်းကွပ်ခဲ့သည့် လူမည်မျှ များသနည်း။ သူမကိုယ်တိုင် အကျဉ်းသားများ၏ သုတ်သင်မှုကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရသည်မှာ အကြိမ်ပေါင်းမည်မျှ ရှိသနည်း။ တကယ့် ရက်စက်သည့် အပြစ်ပေးမှုများ ကိုလည်း စိတ်အေးလက်အေး ကြည့်ရှုနိုင်သည့်လူဖြစ်သည်။
ထိုသူများ၏ ဒဏ်ရာဒဏ်ချက်များက ကျန့်ထော်ထက် ပိုမိုကာ များပြား၏။ ပိုမိုလည်း ကြောက်မက်ဖွယ်ရာ ကောင်း၏။ ထိုကဲ့သို့သော အခြေအနေမျိုးမှာပင် နင်ကျဲ့က အန်ချင်စိတ် မရှိချေ။
သို့ပေမည့် ကျန့်ထော်၏အမူအရာနှင့် သရုပ်ပြမှုကို မြင်ရချိန်မှာတော့ တကယ်ပင် ရွံရှာဖွယ်ရာ ကောင်းကြောင်း သိမိ၏။
ကျန့်ထော်က ဦးညွှတ်ကာ ထပ်မံကာ အော်ဟစ်လိုက်သည်။ “ဘုရင်မင်းမြတ်က ကျုပ်ကို ဒီလိုမျိုး စိုးရိမ်ပူပန် နေခဲ့တာကိုး။ ကျုပ် အကြိမ်ပေါင်း ၁၀၀၀၀ လောက် သေရမယ်ဆိုရင်တောင်မှ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ကျိန်းသေပေါက် ဘုရင်မင်းမြတ်အတွက် ပေးဆပ်ပါ့မယ်”
မင်းသမီးကြီး နင်ကျဲ့က အချိန်အတော်ကြာသည်အထိ အံကိုကြိတ်ထားမိ၏။ ပြီးနောက် သူမက သက်ပြင်းရှည်ကြီး ချလိုက်၏။ “ပင်းရှစ်မြို့စားကြီးအတွက် မလွယ်ကူခဲ့ဘူးပေါ့”
ကျန့်ထော်က တုန်ယင်စွာဖြင့် ပြောလိုက်မိသည်။ “အင်း... ကျုပ်မှာရှိတဲ့ အရာအားလုံးက ဘုရင်မင်းမြတ် ပေးထားတာပါ။ စစ်သည်တွေ၊ ကျုပ်ရဲ့ အသက်၊ အရာအားလုံးက ဘုရင်မင်းမြတ်ပေးထားခဲ့တာပဲ။ ဒဏ်ရာ ရတာကို မဆိုနဲ့။ အစိတ်စိတ်အပိုင်းပိုင်း သတ်ဖြတ်ခံရမယ်ဆိုရင်တောင် ဘုရင်မင်းမြတ်ရဲ့ ကြင်နာမှုကို ပြန်လည် ပေးဆပ်ဖို့အတွက် မလုံလောက်သေးပါဘူး”
မင်းသမီးကြီး နင်ကျဲ့သည် အံကိုသာ ကြိတ်ထားမိ၏။ ရေနက်တပ်ဖွဲ့သည် လောကတွင် အကောင်းဆုံးဖြစ်၏။ ဘုရင်မင်းမြတ်၏ဓားသည် သူတို့၏ လက်ထဲတွင် တည်ရှိနေခဲ့၏။ သို့ပေမည့် လောကတွင် ရှမ့်လန်ထက် ပိုမိုကာ စိတ်ပျက်ဖွယ်ရာကောင်းသည့် တစ်စုံတစ်ယောက် ရှိလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်မှတ်ခဲ့ချေ။ ကျန့်ထော် ပြောဆိုနေသည့် စကားလုံးများက ရွံရှာဖွယ်ရာ ကောင်းလွန်း၏။
“အင်း... အရှင်မင်းကြီး အမိန့်တော်ပါတယ်။ ကျန့်ထော်.. ဒူးထောက်ပြီး လက်ခံပါ”
ကျန့်ထော်က မြေပေါ်တွင် ဒူးထောက်လျက် ရှိနေတုန်းပင်။ စကားကိုကြားချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးက ပိုမိုကာ ကုန်းဝပ်သွားခဲ့သည်။ “ကျန့်ထော်က အလုပ်ကောင်းကောင်း လုပ်ခဲ့ပြီး ကောင်းချီး မင်္ဂလာ ဖန်တီးပေးခဲ့တယ်။ ဒီတော့ ကျန်းယွမ်နယ်စားကြီး ဂုဏ်ထူးကို လွှဲပြောင်းပေးအပ်လိုက်မယ်။ ပြီးတော့ ကျန်းယွမ်အိမ်တော်ကြီးတစ်ခုလုံးကို ခဏတာ စောင့်ရှောက်ပေးထားရန်။”
အမိန့်တော် ထွက်လာသည့် အချိန်မှာတော့ ကျန့်ထော်၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သူက ထိုအမိန့်ကို မယုံကြည်နိုင်သလိုပင် ဖြစ်နေ၏။ သူ၏ ခန္ဓာကိုယ်တစ်ဝက်က အေးစက်ပြီး ခန္ဓာကိုယ်တစ်ဝက်က ပူလောင်လျက် ရှိ၏။
အေးစက်မှုသည် ဘုရင်မင်းမြတ်၏ နင်ယွမ်ရှန်း၏ အမူအကျင့်ကို ထိုးထွင်းကာ မြင်ရသောကြောင့်ပင်။ နင်ယွမ်ရှန်းအကြောင်းကို သူ ကောင်းကောင်းသိ၏။ နင်ယွမ်ရှန်း၏ အမိန့်သည် အလုံးစုံ ဆူငေါက်ခြင်း ဖြစ်ပါက အကောင်းဆုံး ဖြစ်လိမ့်မည်။ ဤကဲ့သို့ ကောင်းမွန်သည့် အရာမျိုးကို ပြောဆိုသည် ဆိုလျှင် ကျိန်းသေပေါက် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပါဝင်နေပြီ ဖြစ်၏။ ကျန့်ထော်သည် သူ ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း ကောင်းကောင်း နားလည်လိုက်သည်။
ဘုရင်မင်းမြတ်၏ ဆူငေါက်သည်ကို ခံရလျှင် သူ ပျော်ရွှင်မည်။ သို့ပေမည့် လက်ရှိ ဆူငေါက်မှုမလာဘဲ ချီးမြှောက်မှု ဖြစ်လို့နေခဲ့၏။ ထိုသို့သော ချီးမြှောက်မှုသည် သူ၏ ခန္ဓာကိုယ်ကို တစ်ဝက်လောက်ကိုပင် အေးစက်သွားစေ၏။ ဘုရင်မင်းမြတ်၏ သတ်ဖြတ်လိုခြင်းဆန္ဒများသည် ကျန့်ထော်အပေါ်သို့ ရောက်ရှိလာခဲ့ပြီး ကောင်းကင်တစ်ခုလုံးသို့ပင် ပျံ့နှံ့သွားခဲ့၏။
ထိုတင်သာ မကသေးချေ။ ဘုရင်မင်းမြတ်သည် သူ့ကို ကျန်းယွမ်နယ်စားကြီး ဆိုသည့် ဘွဲ့ထူးကိုပင် ပေးအပ် ခဲ့၏။ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ကျန့်ထော်သည် အိပ်မက်ထဲတွင်ပင်လျှင် ထိုဘွဲ့ထူးကို လိုချင်စိတ် ရှိ၏။ သို့ပေမည့် ထိုအရာကို ရရှိဖို့ဆိုသည်မှာ တကယ့်ကို ကြိုးစားရမည့် အရာမျိုး ဖြစ်၏။ ဘုရင်မင်းမြတ် လွယ်လွယ်ကူကူ ပေးရလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
အဘယ်ကြောင့်နည်း။ ရှမ့်လန်အတွက်လား။ ဘုရင်မင်းမြတ်သည် ကျန့်ထော်ကို စိတ်အေးချမ်းသာ ရှိစေချင်ပြီး ရှမ့်လန်ကို လက်လွှတ်ပေးစေချင်သည်လား။ အဘယ်ကြောင့်နည်း။
‘ဘာကြောင့်လဲ’ ကျန့်ထော်၏ စိတ်တစ်ခုလုံးသည် မနာလိုဝန်တိုမှုများနှင့် ပြည့်နှက်သွားခဲ့သည်။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်း မည်မျှ ကျေးဇူးတရား ကင်းမဲ့ကြောင်းကို သူ ကောင်းကောင်းသိ၏။ သာမန် ရှမ့်လန်ကဲ့သို့သော လူတစ်ယောက်အတွက် ဤကဲ့သို့ ကြီးမားသည့် ဂုဏ်ထူးတစ်ခုကိုပင် သူ့အား ပေးအပ်ခဲ့၏။ ထိုအရာက စိုးရွံ့စရာပင်။ ရှမ့်လန်သည် ဘုရင်မင်းမြတ်ဆီမှ ဤကဲ့သို့ ဆက်ဆံမှုကို ခံရရန် ထိုက်တန်သည့် လူတစ်ယောက် ဖြစ်နေသည်လား။
ဘုရင်မင်းမြတ်၌ သားပေါင်းများစွာ ရှိ၏။ ထိုသူတို့ကိုပင် သေသေချာချာ ချစ်ခင်ခြင်း မရှိချေ။ အဘယ်ကြောင့် ရှမ့်လန်အပေါ်တွင် ကောင်းမွန်နေရသနည်း။ ကျန့်ထော်သည် သွေးအန်လုမတတ်ပင် မနာလိုဝန်တို ဖြစ်မိ၏။
သို့ပေမည့် တစ်ချိန်တည်းမှာပဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကျွမ်းလောင်နေ၏။ ကျန်းယွမ်နယ်စားကြီး ဆိုသည့် ဘွဲ့ထူးသည် သူအစဉ်အမြဲ အိပ်မက်မက်ခဲ့သည့် အရာဖြစ်၏။ ထိုအရာက ဘာကိုဆိုလိုသနည်း။ ကျန်းယွမ်နယ်စား အိမ်တော်ထဲတွင် နေထိုင်ခွင့် ရရှိသည်ဆိုသော အဓိပ္ပာယ်ဖြစ်ပြီး စုမိသားစု၏ မြေပိုင်နက်တစ်ခုလုံးကို အုပ်ထိန်းခွင့် ရရှိမည်ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
စုကလန်၏ နေရာကို အစားထိုးဝင်ရောက်ခဲ့ခြင်း။ ဟုတ်ပေ၏။ ဘုရင်မင်းမြတ်၏ သတ်ဖြတ်လိုခြင်းဆန္ဒများသည် သူ့ဆီသို့ ကျဆင်းလာကြောင်း သူသိရှိ၏။
သို့ပေမည့် ဟိုတစ်ချိန်တုန်းက ဘုရင်မင်းမြတ်၏ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ရှမ့်လန်နှင့် ကျင်းကျိုးတို့အပေါ်သို့ ရောက်ရှိခဲ့၏။ သို့ပေမည့် ကျင်းကျိုးကိုလည်း ရွှမ်ဝူ နယ်စားကြီးဆိုသည့် ဘွဲ့ထူး ပေးအပ်ခဲ့သည် မဟုတ်ပါလား။
အခြေအနေက အရာအားလုံးကို ပြောင်းလဲနိုင်စွမ်းရှိနေ၏။ ဘုရင်မင်းမြတ်၏ အမိန့်တော်တွင် အေးစက်သည့် သတ်ဖြတ်လိုခြင်း အငွေ့အသက် ပါဝင်နေသည်ဆိုလျှင်တောင်မှ ကျန့်ထော်က အိပ်မက်မက်လို့ နေတုန်းပင်။ ဘုရင်မင်းမြတ်၏ အမိန့်တော်ဖြင့် သူက စုကလန်တစ်ခုလုံး၏ မြေပိုင်နက်ကို သေသေချာချာ ထိန်းချုပ် ပိုင်ဆိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။
ရှမ့်လန်သည် ဘုရင်မင်းမြတ်၏ တာဝန်ကို အကျိုးထူးထမ်းဆောင်ခဲ့ပြီး ကျင်းကျိုးအား နယ်စားကြီးဘွဲ့ ပေးအပ်စေခြင်း၊ နုရှောင့်မြို့ကို ကျင်းမိသားစုအား ပေးအပ်စေခြင်း စသည့် အရာများကိုပင် ပြုလုပ်နိုင်ခဲ့၏။
ထိုသို့ဆိုလျှင် သူ ကျန့်ထော်ကလည်း ထိုအရာများကို ပြုလုပ်ရပေလိမ့်မည်။ ထိုငါးစာထဲတွင် ဖုံးကွယ်ထားသည့် ဓားသွားများရှိသည်ဆိုလျှင်တောင် ကျန့်ထော်က ကျိန်းသေပေါက် မျိုချရပေလိမ့်မည်။ သူ မျိုချဖို့ပင် မစောင့်နိုင်တော့ချေ။
ချက်ချင်းပဲ ကျန့်ထော်က ထကာ အော်ဟစ်လိုက်၏။
မင်းသမီးကြီး နင်ကျဲ့သည် အထိတ်တလန့်ဖြင့် ထကာ ခုန်မိမတတ်ပင်။ ကျန့်ထော်၏ သရုပ်ဆောင်မှုက ပိုမိုကာ ကြီးမားလာခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သည်အထိ ငိုကြွေးနေ၏။ မြေပေါ်သို့ လူးလိမ့်လျက် ရှိနေပြီး ထပင် မထတော့ချေ။
“အရှင်မင်းကြီး၊ အရှင်မင်းကြီး.. ဒီလို ကြီးမားတဲ့ ကောင်းချီးတွေ ကျုပ်ကို ပေးလိမ့်မယ်လို့ မထင်မှတ်ခဲ့ပါဘူး။ အရှင်မင်းကြီးရဲ့ကြင်နာမှုအတွက် ကျေးဇူးပါပဲ။ ကျေးဇူးတင်ပါတယ်” ကျန့်ထော်သည် နဖူးနှင့် မြေပြင်နှင့် တိုက်၍ သွေးများထွက်သည်အထိ တဆတ်ဆတ်နှင့် ဦးတိုက်လျက် ရှိ၏။ လက်များလုံးကလည်း တုန်ယင်လျက် ရှိနေ၏။
အပိုင်း (၄၃၈)
ဘုရင်မင်းမြတ်၏ အမိန့်တော်ကို ထပ်တလဲလဲ ဖတ်ရှုရင်း စိတ်လိုလက်ရ ငိုယိုလျက်ရှိ၏။ နောက်ဆုံးမှာတော့ ဘုရင်မင်းမြတ်၏ အမိန့်တော်ကို စင်မြင့်တစ်ခုပေါ်သို့ အသာတင်ပြီး ထိုဘေးတစ်ဖက်တွင် အမွှေးတိုင်ပင် ထွန်းညှိလိုက်သေးသည်။ “မင်းသမီးကြီး... ကျေးဇူးပြုပြီး ထိုင်ပါအုံး”
မင်းသမီးကြီး နင်ကျဲ့သည် မထိုင်ခင် အချိန်အတော်ကြာ နောင့်နှေးလျက် ရှိနေ၏။ သူမအနေနှင့် သန့်ရှင်းမှုကို တကယ်ပင် နှစ်သက်၏။ ထို့ကြောင့် ကျန့်ထော်၏ အခန်းထဲမှ မည်သည့်အရာကိုမှ ထိတွေ့ချင်စိတ် မရှိချေ။
ကျန့်ထော်က ပြောလိုက်၏။ “အကြီးဆုံးမင်းသမီး.. ဒီသူခိုးရှမ့်လန် ဘာတွေလုပ်ခဲ့တယ်ဆိုတာ အရှင်မင်းကြီး သိပါရဲ့လား”
နင်ကျဲ့က ပြောလိုက်သည်။ “သိတယ်လေ။ ကျွန်မတောင်မှ ဒေါသထွက်နေမိတယ်”
ကျန့်ထော်က ပြောလိုက်၏။ “အင်း.. ရှမ့်လန်က ဒီလို ရူးသွပ်တဲ့ကိစ္စရပ်တွေ လုပ်မယ်လို့ ကျုပ် မထင်မှတ်ခဲ့ဘူး။ သူက ချင်နိုင်ငံရဲ့ မြင်းသည်တော်တွေကို နိုင်ငံထဲ ခေါ်ဆောင်လာခဲ့ပြီး ရွဲ့ပြည်နယ်ရဲ့ အပြစ်မဲ့လူကို သတ်ဖြတ်ခဲ့တယ်။ ပြီးတော့ ကျန်းရှစ်စီရင်စုရဲ့ အုပ်ချုပ်ရေးမှူးကိုလည်း ခေါင်းဖြတ်သတ်ခဲ့တယ်။ လူသိရှင်ကြား အားလုံးရှေ့မှာ စစ်သည်တွေကို သတ်ဖြတ်ပစ်ခဲ့တာ။ ဒါတကယ့်ကို လူသားမဆန်ဘူး။
အရှင်မင်းကြီးအတွက် ကျုပ် တကယ့်ကို အားနာမိပါတယ်။ အရှင်မင်းကြီးက သူ့အပေါ်မှာ ဘယ်လောက် ကြီးမားတဲ့ကြင်နာမှုကို ပြသတယ်ဆိုဆို ဒီခွေးသူခိုးလေးက အရှင်မင်းကြီးအပေါ် ဘာတွေပြန်ပြီးပေးဆပ်ခဲ့လဲ။ သူက သစ္စာမရှိမှု၊ စည်းမျဉ်းစည်းကမ်း မလိုက်နာမှု၊ လူသားမဆန်မှုတွေကိုပဲ ပြန်လည် ပေးဆပ်ခဲ့တာ မဟုတ်လား။ သူက ခွေးလိုကောင်မျိုးပဲ။
“စိတ်မပူပါနဲ့ မင်းသမီးကြီး... ကျုပ် ဒီခွေးကောင်ကို သုတ်သင်ရှင်းလင်းပြီးရင် ကျန်းရှစ်စီရင်စုက လူတွေအတွက် တရားမျှတမှုကို ယူဆောင်ပေးပါ့မယ်။ အရှင်မင်းကြီးကိုလည်း ဖြေရှင်းချက် ကောင်းကောင်း ပေးပါ့မယ်။ ရွဲ့ပြည်နယ်ရဲ့ နန်းမြို့တော်ထဲကို ကျုပ် ကျိန်းသေပေါက် လာပြီး ဒူးထောက် တောင်းပန်ပါအုံးမယ်”
မင်းသမီးကြီး နင်ကျဲ့သည် ထိုအရာကို တုံ့ပြန်နိုင်စွမ်း မရှိချေ။ ထို့အတူ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ဖြူလျော်သွားခဲ့၏။ အချိန်အတော်ကြာပြီးသည့်နောက် နင်ကျဲ့က ပြောလိုက်၏။ “အရှင်မင်းကြီးက အရမ်းကို ဒေါသထွက်နေတယ်။ ဒီတော့ သူ့ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ဖို့ အမိန့်ပေးခဲ့တယ်။ အရှင်မင်းကြီး ကိုယ်တိုင် သူ့ကို စီမံဆောင်ရွက်လိမ့်မယ်”
ထိုစကားလုံး ထွက်ပေါ်လာသည့်အချိန်မှာတော့ ကျန့်ထော်၏ မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ယင် သွားခဲ့၏။ သေချာပေ၏။ ရှမ့်လန်အတွက် ရောက်ရှိလာခဲ့ခြင်းသာလျှင် ဖြစ်၏။ ဘုရင်မင်းမြတ်သည် ရှမ့်လန်၏ အသက်ကို ကယ်တင်ရန် သူ ကျန့်ထော်အား နယ်စားကြီးဘွဲ့ကို ပေးအပ်ခဲ့ခြင်းဖြစ်၏။ သို့ပေမည့် သူ ကျန့်ထော်သည် ရှမ့်လန်ကို သတ်ပစ်ရန် စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်သည်။ ဟုတ်ပေ၏။ ဤခွေးကောင်လေးကို ပြန်မလွှတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ထိုကဲ့သို့သော တည်နေရာတွင် မေးစရာရှိသည်မှာ ရှမ့်လန်က ကျန့်ထော်ကို အပြစ်ပြုခဲ့သည်လား။ ရှမ့်လန်က လူပေါင်းများစွာတို့ကို ထိခိုက်နာကျင်အောင် လုပ်ခဲ့၏။ သို့ပေမည့် ကျန့်ထော်ကို တစ်ချက်ကလေးမှ ထိခိုက် နာကျင်အောင် မလုပ်ခဲ့ချေ။ ထိုအစား ကျန့်ထော်ကသာလျှင် ရှမ့်လန်ကို ထပ်တလဲလဲ အပြစ်ဟူသမျှ ခေါင်းပေါ်တင်ခဲ့ခြင်း ဖြစ်၏။ အဆုံးသတ်မှာတော့ ကျန့်ထော်၏ ရှမ့်လန်အပေါ်တွင် တည်ရှိနေသည့် အမုန်းတရားအားလုံးက ကောင်းကင်ယံသို့ပင် ထိုးတက်လျက် ရှိနေ၏။
ဤလောကကြီးက တကယ့်ကို ထူးခြားလွန်းလှ၏။ ပိုင်ရီစီရင်စုမှ လူပေါင်းများစွာတို့သည် အပြစ်ကင်းစင်သည့် လူအားလုံးကို သတ်ဖြတ်ခဲ့သည်မှာ ကျန့်ထော်ဖြစ်ပြီး ရှမ့်လန်က အပြစ်ကင်းစင်ကြောင်း သိရှိကြ၏။ သို့ပေမည့် ထိုသူတို့အားလုံးက ရှမ့်လန်ကို မုန်းတီးခဲ့ကြပြီး ရှမ့်လန်ကိုသာ အရေခွံခွာချင်စိတ် ရှိနေ၏။ တစ်ခါတစ်ရံတွင် လူသားတို့၏ လောကသဘာဝက ရက်စက်လွန်းပေ၏။ ပြောရမည်ဆိုလျှင် ရှမ့်လန်သည် ထိုသူတို့အားလုံးကို ဝက်လို၊ ခွေးလိုပင် သဘောထားခဲ့သည်မှာ အံ့အားသင့်စရာမဟုတ်တော့ပေ။
အကြီးဆုံးမင်းသမီး နင်ကျဲ့က ပြောလိုက်သည်။ “ကျွန်မ နန်းမြို့တော်ဆီ ရှမ့်လန်ကို ခေါ်သွားရမယ်။ အင်း..... ကျန်းယွမ်နယ်စားကြီးက ဘာပြောချင်ပါသေးလဲ”
ဤအရာက တိုက်ရိုက်မေးမြန်းခြင်း ဖြစ်၏။ ကျန့်ထော်က တကယ်ပင် ဆွံ့အသွားခဲ့၏။ ဟုတ်ပေ၏။ သူ ရှမ့်လန်ကို အစိတ်စိတ်အပိုင်းပိုင်း ပြုလုပ်ချင်၏။ သို့ပေမည့် နင်ယွမ်ရှန်း၏အမိန့်ကို သူ မလိုက်နာ၍ မဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် နင်ယွမ်ရှန်းသည် သူ့ကို ကျန်းယွမ်နယ်စားကြီး ဆိုသည့် ဘွဲ့ထူးကို ပေးအပ်ခဲ့ သောကြောင့်ပင်။
သို့ပေမည့် အစစ်အမှန် နယ်စားကြီး အိမ်တော်ကို ပေးအပ်ခဲ့ခြင်း မဟုတ်ခဲ့ချေ။ စုမိသားစုကို ပေးအပ်ခဲ့ခြင်း မဟုတ်သလို စုမိသားစု၏ မူလမြေပိုင်နက်များ အားလုံးကိုလည်း တရားဝင် ပေးအပ်ခဲ့ခြင်း မဟုတ်ချေ။ ပါးစပ်ထဲသို့ မုန်လာဥနီ တစ်ချောင်းကို ထိုးထည့်ထားခဲ့ခြင်းသာဖြစ်ပြီး တစ်ဝက်က ပါးစပ်ထဲရောက်နေသည် ဆိုလျှင်တောင် အခြားတစ်ဖက်က အပြင်ဘက်တွင် တည်ရှိနေ၏။
ဟုတ်ပေ၏။ ရှမ့်လန်ကို လက်လွှတ်ပေးလိုက်သည် ဆိုသည်နှင့် ဘုရင်မင်းမြတ်သည် အပြင်ဘက်တွင် တည်ရှိနေသည့် မုန်လာဥတစ်ဝက်ကို သူ့အား ပေးတော့မည်မဟုတ်ကြောင်း ကျန့်ထော်က ကောင်းကောင်း သိ၏။ သို့ပေမည့် ဘုရင်မင်းမြတ်၏ သဘောတူညီမှုကိုသာ မလိုက်နာပါက ပါးစပ်ထဲမှ မုန်လာဥတစ်ဝက်ကလည်း လုယူခြင်းကို ခံရပေလိမ့်မည်။
သို့နှင့် သူက သက်ပြင်းရှည်ကြီးကိုသာ ချလိုက်မိသည်။
“အင်း”
ကျန့်ထော်က ပြောလိုက်၏။ “အရာအားလုံးက ဘုရင်မင်းမြတ်ပေးထားတဲ့ အရာကြီးပါပဲ။ ဒီတော့ ဘုရင်မင်းမြတ် ဘာကိုပဲပြောပြော ကျုပ် နားထောင်ရတော့မှာပဲ။”
ထိုစကားကို ကြားသည့် အချိန်မှာတော့ နင်ကျဲ့၏ နှလုံးခုန်သံက မြန်ဆန်သွားခဲ့၏။ ဘုရင်မင်းမြတ်၏ လက်ဆောင်ကြောင့် ရှမ့်လန်ကို မသတ်ခြင်းဟု ပြောဆိုနေခြင်းပင်။ ဤလောကကြီးက တကယ့်ကို ဆန်းပြားလွန်းသုည်။ စုနန်က ပုန်ကန်ရန် စီစဉ်ခဲ့၏။ သို့ပေမည့် အဆုံးသတ်မှာတော့ အကျိုးကျေးဇူး အရာအားလုံးကို ခံစားရသည့် သူက ကျန့်ထော် ဖြစ်နေသည်။ ထို့အပြင် ကျန့်ထော်က ဘုရင်မင်းမြတ် ယုံကြည်ရသည့်ဘက်ခြမ်းတွင် ရှိသည့် လူတစ်ယောက် ဖြစ်၏။ ကံကြမ္မာတရားသည် တကယ့်ကို အလှည့်အပြောင်း များလွန်းသည်။
ကျန့်ထော်က ဆက်လက်ကာ ပြောလိုက်၏။ “ရှမ့်လန်က ကြီးမားတဲ့ မကောင်းမှု ပြစ်ဒဏ်ကို ပြုလုပ်ခဲ့တယ်။ သူက လူသားမဆန်ဘူး။ သားရဲထက်တောင် ပိုပြီး ဆိုးရွားတယ်။ မူလအားဖြင့် ကျုပ်က နိုင်ငံအတွက် ဒီလို သစ္စာဖောက်ကို သုတ်သင်ရှင်းလင်းပစ်ချင်တာ။ အရှင်မင်းကြီးအတွက်၊ နိုင်ငံအတွက်ပေါ့။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ အမိန့်တော်က ရောက်ရှိလာခဲ့ပြီဆိုတော့ အရှင်မင်းကြီး သဘောအတိုင်းပါပဲ”
မင်းသမီးကြီး နင်ကျဲ့က ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင် ကျန်းယွမ်နယ်စားအိမ်တော်က စစ်သည်တွေ အကုန်လုံး နောက်ကို ပြန်ဆုတ်ကြတော့”
ကျန့်ထော်က ပြောလိုက်၏။ “အဲလိုတော့ မဟုတ်သေးပါဘူး မင်းသမီးကြီး။ ရှမ့်လန်က ခွေးလိုဝက်လို ဆိုးရွားတဲ့ လူတစ်ယောက်လေ။ တကယ်လို့ ကျုပ်ရဲ့ စစ်တပ်တွေသာ သူ့ဘေးနားမှာ ရှိမယ်ဆိုရင် သူ့ကို ထိန်းချုပ်ထားသလို ဖြစ်လိမ့်မယ်။ ကျုပ်ရဲ့ စစ်တပ်တွေက နောက်ကို ပြန်ဆုတ်ချင်တယ်ဆိုရင်တော့ ဆုတ်လို့ မဖြစ်နိုင်ပါဘူး။ ဒီကိစ္စက အရှင်မင်းမြတ်အပေါ်မှာ ရိုင်းပြသလိုများ ဖြစ်သွားမလား”
ချက်ချင်းပဲ မင်းသမီးကြီး နင်ကျဲ့သည် ဓားကို ဆွဲထုတ်ကာ ကျန့်ထော်ကို သတ်ဖြတ်ချင်စိတ်ပေါက်မိ၏။ သို့ပေမည့် ကျန့်ထော်၏ သိုင်းပညာက တကယ့်ကို မြင့်မားလွန်း၏။ အခန်း၏ အပြင်ဘက်တွင်လည်း အနည်းဆုံး ကျွမ်းကျင်သူ ၁၀၀ ကျော်တို့က စောင့်ဆိုင်းလျက် ရှိနေ၏။ ထို့အပြင် သူမကို မြားပေါင်း ၁၀၀ ကျော်တို့နှင့်လည်း တိတ်တဆိတ် ချိန်ရွယ်ထားသေးသည်။
နင်ကျဲ့က ပြောလိုက်၏။ “ကောင်းပြီ။ ဒါဆိုရင် ရှမ့်လန်ကို အမိန့်တော် သွားပေးလိုက်အုံးမယ်။ နှုတ်ဆက်ပါတယ်”
ကျန့်ထော်က မြေပေါ်တွင် ဒူးထောက်လိုက်၏။ ပြီးနောက် လေးလေးစားစားနှင့် ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ် အရှင်မင်းသမီး”
ပြီးနောက် သူက ဦးကိုငုံ့ကာဖြင့် မင်းသမီး နင်ကျဲ့ကို အပြင်ဘက်ဆီသို့ လိုက်ပါပို့ဆောင်၏။ နင်ကျဲ့တစ်ယောက် ရှမ့်လန်၏ စစ်စခန်းဆီသို့ ဝင်ရောက်သွားသည်ကို သူက ကြည့်ရှုနေ၏။
ကျန့်လုံသည် ချက်ချင်းပဲ အပြင်ဘက်သို့ ထွက်လျှောက်လာသည်။ “အဖေ.. လောက်လွှဲတွေ အားလုံးကို မကြာခင် ပြင်ဆင်ပြီး ဖြစ်လိမ့်မယ်။ ဒါဆိုရင် ရှမ့်လန်ရဲ့ စစ်တပ်ကြီးကို လှမ်းပစ်လို့ရပြီ။ ကျုပ်တို့ မြေပြင်တည်နေရာ အကျယ်အဝန်းကို အနောက်ဘက်ထိရောက်အောင် တွန်းပို့နိုင်မယ်ဆိုရင် ကျုပ်တို့ စစ်တပ်က သူတို့ထက် ဆယ်ဆပိုပြီး များတယ်။ ဒါဆိုရင် လွယ်လွယ်ကူကူ သတ်ပစ်လို့ရပြီ။ ဒီခွေးကောင်လေးကို လွယ်လွယ်ကူကူ လက်လွှတ်ပေးရမှာလား”
ကျန့်ထော်သည် အမိန့်တော်ကို အသာ ကောက်ကိုင်၏။ ပြီးနောက် ထပ်မံကာ ဖတ်ရှု၏။ “နင်ယွမ်ရှန်း.. မင်းက တကယ့်ကို ငကြောက်ပဲ။ ဒီနှစ်ပိုင်းအတွင်းမှာ မင်းကို ငါ သေသေချာချာ ကြည့်ရှုခဲ့ပြီးပြီ။ တိုက်ပွဲတောင် မစသေးဘူး။ ရှမ့်လန်အတွက် မင်းက ငါ့ကို ကျန်းယွမ်နယ်စားကြီး ဆိုတဲ့ ဘွဲ့ထူးကိုတောင် ပေးအပ်ခဲ့တာလား။ ဒါ တကယ့်ကို ငါ တမ်းတနေတဲ့ အရာပဲ။ ဒါပေမဲ့ အခုအချိန်မှာ ငါတို့က ဘာကို ဂရုစိုက်ရတော့မှာလဲ။ ဒါနဲ့ ငါ့သား… မင်းကြောက်လား”
ကျန့်လုံက နှာခေါင်းရှုံ့လိုက်သည်။ “ကျုပ်တို့ ကျန်းချုံးကို သွားပြီးတော့ မကူညီတည်းက ဘုရင်မင်းမြတ်ကို ရန်စခဲ့ပြီး ဖြစ်နေပြီ။ ဘာကို ကြောက်နေရမှာလဲ။ ပြီးတော့ ကျုပ်တို့ဆီမှာ စစ်သည်ပေါင်း နှစ်သောင်းကျော် ရှိနေတယ်။ ကျန်းယွမ်မြို့တော်ကို စောင့်ကြပ်ပြီး နေထိုင်မယ် ဆိုရင် နင်ယွမ်ရှန်းက စစ်သည်တော် ငါးသောင်း၊ ခြောက်သောင်းလောက်ကို ပေးပို့လိုက်မယ် ဆိုရင်တောင် လာပြီး တိုက်ခိုက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။
ပြီးတော့ သူက တခြား စစ်သည်တွေကို ရွှေ့လျား စေလွှတ်ဖို့ အခွင့်အရေး ရှိနေလို့လား။ တောင်ပိုင်းနိုင်ငံရဲ့ စစ်ပွဲက သူ့ကို တကယ့်ကို စိုးရိမ်ပူပန်စေတယ်။ သူ့အနေနဲ့ ကျုပ်တို့ကို ဘာတွေများ လုပ်နိုင်မှာမလို့လဲ။ နှစ်သိမ့်ရမှာပဲ။ နှစ်သိမ့်မှု တစ်ခုပဲ ရှိတယ်။ မဟုတ်ရင်လည်း အံကြိတ်ပြီးသာ ခံပေါ့”
ကျန့်ထော်က နှာခေါင်းရှုံ့လိုက်၏။ “သိပ်မှန်တယ်။ တကယ်လို့ ငါတို့ကျန့်မိသားစုကသာ ကောင်းကင်က ပေးပို့လိုက်တဲ့ အခွင့်အရေးကို လက်ဆုပ်လက်ကိုင် မရယူနိုင်ဘူးဆိုရင် လောကမှာ တကယ့်ကို ရယ်ရွှင်စရာ အကောင်းဆုံး လူရွှင်တော်တွေ ဖြစ်ကုန်လိမ့်မယ်။
အင်း.. ပြီးတော့ နင်ကလန်က အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်ထားခဲ့တယ်။ ဒါဆိုရင် တခြား မိသားစု ကလန်တွေကရော ဘာလို့ အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ခွင့် မရှိရမှာလဲ”
ကျန့်လုံက ပြောလိုက်သည်။ “စုကလန်က ကျဆင်းသွားခဲ့ပြီ။ ဒီတော့ ကျန့်မိသားစု ဗိုက်ပြည့်အောင် စားရမယ့် အချိန်ရောက်ပြီ”
“ဟား ဟား ဟား။ အမှန်ပဲ၊ အမှန်ပဲ”
ကျန့်ထော်က ပြောလိုက်၏။ “ဒါ စစ်ပွဲကြီးတစ်ခု စတင်ဖို့ ကြီးမားတဲ့ အစပျိုးမှုပေါ့”
ကျန့်လုံက ပြောသည်။ “ဒီကိစ္စ စတင်သင့်တာ ကြာခဲ့ပြီ အဖေ။ အဓိက အကြောင်းအရင်းအားဖြင့် ကျုပ်တို့က နေရာလဲလိုက်တာပဲပေါ့။ ဘုရင်မင်းမြတ်နားက သစ္စာရှိ စစ်သူကြီးတွေအကုန်လုံးကို ဖယ်ရှားပစ်ရမယ်”
ကျန့်ထော်က ပြောလိုက်၏။ “နင်ယွမ်ရှန်းရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အမူအကျင့်တွေက ခွေးချေးလိုပဲ။ တစ်စုံတစ်ယောက်ကို မုန်းရင် တစ်ခါတည်း သေဆုံးအောင် ပြုလုပ်ချင်စိတ်ရှိတယ်။ တစ်စုံတစ်ယောက်ကို ကြိုက်နှစ်သက်ပြီ ဆိုရင်တော့ အရမ်းကို ယုံကြည်တတ်တယ်။ ငါ့လို ရည်မှန်းချက် ကြီးမားတဲ့လူမျိုးကို သူ ဘယ်လို ဖြစ်ပြီး ယုံကြည်ရတာလဲ။ ဟား ဟား ဟား ဟား”
…..
နင်ကျဲ့သည် ရှမ့်လန်၏ စစ်စခန်းဆီသို့ ရောက်ရှိနေ၏။
“သွားကြရအောင်။ အခုသွားမယ်။ ကျန့်ထော်က အခုအချိန်မှာ နောက်က လိုက်နိုင်မှာ မဟုတ်ဘူး။ ရက်အနည်းငယ် ကြာပြီးရင် သူ စိတ်ပြောင်းသွားလိမ့်မယ်”
မင်းသမီး နင်ကျဲ့က ပြောလိုက်၏။ “နန်းမြို့တော်ကို ငါနဲ့ အတူ လိုက်ခဲ့တော့”
ရှမ့်လန်သည် ဘုရင်မင်းမြတ် ပေးထားခဲ့သည့် အမိန့်တော်ကို လက်ထဲတွင် ဆော့ကစားကာဖြင့် အမှတ်မထင် ပြောလိုက်သည်။ “အရှင်မင်းမြတ်ရဲ့ လက်ရေးက တကယ့်ကို လှတယ်။ ဒါပေမဲ့ ဒီနေရာမှာ လုံလောက်တဲ့ တော်ဝင်ဆန်မှုမျိုး မရှိသေးဘူး။ ဒီတော့ တစ်နေ့ကျရင် ကျုပ် သူ့ကို လက်ရေးလှရေးနည်း သူ့ကို သင်ပေးရအုံးမယ်။ အရမ်းကို တော်ဝင်ဆန်တဲ့ လက်ရေး ဖြစ်ရမယ်လို့ အာမခံတယ်”
နင်ကျဲ့၏ လက်များက လှုပ်ရှားရန် ပြင်လိုက်၏။ သူ တစ်ဖက်လူကို ပိတ်ရိုက်ချင်စိတ် ပေါက်မိ၏။ သို့ပေမည့် သည်းခံထားရချေ၏။ သူမ အနေနှင့် သည်းမခံ၍လည်း မဖြစ်ချေ။ ဤခွေးကောင်လေးက တကယ့်ကို အားနည်းလွန်းလှ၏။ သူမ တစ်ချက်လောက် ရိုက်လိုက်လျှင် သေသွားမှာလည်း စိုးရသေး၏။
“အင်း… မင်းနဲ့ ဆော့ကစားနေဖို့ အချိန်မရှိဘူး။ မြန်မြန်သွားကြရအောင်။ ငါပြောတာ ကြားလား”
နင်ကျဲ့က ပြောလိုက်သည်။ “မြန်မြန်… နန်းမြို့တော်ကို ပြန်ကြမယ်။ ကျန့်ထော်က လောက်လွှဲတွေကို ပြန်ပြီး တပ်နေကြပြီ။ ဒါဇင်နဲ့ချီတဲ့ လောက်လွှဲတွေ ရှိနေတယ် ဆိုတော့ ဒီကျဉ်းမြောင်းတဲ့ တည်နေရာထဲမှာရှိတဲ့ မင်းတို့ကို လွယ်လွယ်ကူကူနဲ့ ပစ်ခတ်နိုင်တယ်။ မင်းတို့သာ နောက်ကိုဆုတ်ပြီး မြေပြန့်ကျယ်ကြီးထဲကို ရောက်သွားမယ်ဆိုရင် လူပေါင်း နှစ်သောင်းကျော်တို့က လိုက်လာမှာ။ မင်းတို့ဆီမှာ လူ နှစ်ထောင်ကျော်ပဲ ရှိတယ် မလား”
အသက်တစ်ရှိုက်စာအတွင်း စကားလုံးများစွာကို ပြောဖို့ဆိုသည်မှာ သူမအတွက် လွယ်ကူသည့်အရာမျိုး မဟုတ်ချေ။ ထိုသို့ ဆိုလျှင်တောင်မှ ပြောနေရ၏။
ရှမ့်လန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ ကျုပ်သွားမှာ မဟုတ်ဘူး။ ကျုပ် ကျန့်ထော်ကို သတ်ရအုံးမယ်။ ကျန့်ထော်ရဲ့ စစ်တပ်ကြီး နဲ့ မိသားစု တစ်ခုလုံးကိုလည်း သတ်ရအုံးမယ်။ ကျန့်ဟုန်ရှန်းက လွဲရင် အကုန်လုံးကို သတ်ရမှာ”
နင်ကျဲ့က ကြောင်အသွားမိ၏။ ကျန့်ထော်၏သမီးနှင့် ဘာများ သက်ဆိုင်နေသနည်း။
ရှမ့်လန်က ပြောလိုက်၏။ “အရမ်းကြီး မတွေးနဲ့အုံး။ ကျန့်ဟုန်ရှန်းက ကျုပ်တို့ ကျင်းမိသားစုရဲ့ ချွေးမ ဖြစ်နေပြီ။ မူလအားဖြင့် ကျုပ်က ကျန့်ထော်ကို မဟာမိတ်အဖြစ် သတ်မှတ်ချင်ခဲ့တာ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူက စုနန်ထက်တောင် ပိုပြီး ရွံစရာ ကောင်းသေးတယ်။ သူ့ရဲ့ မိသားစု တစ်ခုလုံးကိုသာ ကျုပ် မသတ်ဖြတ်နိုင်ဘူး ဆိုရင် နှလုံးသားထဲမှာ ရှိနေတဲ့ အမုန်းတရားကို ဘယ်လိုမှ ဖြေလျော့နိုင်မှာ မဟုတ်ဘူး”
နင်ကျဲ့သည် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။ “ချင်ဘုရင်မက စစ်သည်တွေ ထပ်ပြီး ပို့ပေးမှာလား”
ရှမ့်လန်က ပြောလိုက်၏။ “မပို့ပါဘူး။ ချင်ဘုရင်မက ကျုပ်ရဲ့မရီးဆိုပေမဲ့ သူက တကယ့်ကို အမှီခိုကင်းကင်းနဲ့ နေထိုင်တဲ့ လူပဲ။ သူမရဲ့ စစ်တပ်က သူမရဲ့ စစ်တပ်ပေါ့။ ကျုပ်ဟာမှ မဟုတ်တာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ် ရှင်းရှင်းလင်းလင်း နားလည်ထားခဲ့တယ်။ ကျုပ် ဘောင်ကျော်လို့ မဖြစ်ဘူး။ ဘောင်ကျော်ရင် စိတ်တိုစရာပဲလေ”
နင်ကျဲ့က ပြောလိုက်သည်။ “ကိုယ့်ရဲ့ အကန့်အသတ်ကိုတော့ ကိုယ်သိသေးတာလား”
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းသမီး… အရှင်မင်းသမီးနဲ့ ကျုပ်က တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးနေတယ် ဆိုတော့ အရမ်းကြီး စေသနာထားဖို့ မလိုပါဘူး။”
နင်ကျဲ့က ပြောလိုက်သည်။ “ချင်ဘုရင်မက စစ်သည်တွေထပ်ပြီး မပို့ဘူးဆို မင်းက ကျန့်ထော်ကို လူနှစ်ထောင်နဲ့ တိုက်ခိုက် ဖျက်ဆီးချင်နေတာလား။ ကျန်းယွမ်နယ်စားကြီး အိမ်တော်ကို လူနှစ်ထောင်နဲ့ ချိုးဖျက် ဖျက်ဆီးနိုင်လိမ့်မယ်လို့ စိတ်ကူးယဉ်နေတာလား”
ရှမ့်လန်က ပြောလိုက်၏။ “အကြီးဆုံး မင်းသမီး… ဒီကိစ္စမှာ ကျုပ် ဘယ်သူ့ကို ယုံကြည်လို့ ဒီလောက်ထိ လိုပ်နေတာလဲ ခန့်မှန်းကြည့်ပါလား”
နင်ကျဲ့က ပြောလိုက်သည်။ “ကျန်းချုံးလား”
ရှမ့်လန်က ပြောလိုက်၏။ “မဟုတ်ဘူး။ ကျန်းချုံးက ဒုတိယပဲ ရှိတယ်။”
နင်ကျဲ့သည် ခေါင်းကို ခါယမ်းလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “စုနန်ပဲ။ ဒီခွေးသူခိုးကြီးက တကယ့်ကို အားကောင်းလွန်းတယ်။ လောဘတရားကြောင့်သာ မဟုတ်ရင် လွယ်လွယ်ကူကူနဲ့ ကျုပ် အနိုင်ယူနိုင်ခဲ့မှာ မဟုတ်ဘူး။ သူက ကျန့်ထော်ကို ရဲတိုက်ကြီးတစ်ခုလုံး အလကား ပေးလိုက်မှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်မိတယ်။ ဒီထဲမှာ တွင်းကြီးတစ်ခု ရှိပြီးတော့ ကျိန်းသေပေါက် ကျန့်ထော်ကို နှစ်မြှုပ်ပစ်လိမ့်မယ်”
နင်ကျဲ့က ပြောလိုက်သည်။ “မင်း ဘယ်လို သိတာလဲ”
ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်၏။ “အင်း… သေသေချာချာတော့ မသိဘူး”
နင်ကျဲ့က ပြောလိုက်သည်။ “ဒါကြောင့် မင်းက ဒီခန့်မှန်းမှုလေးတစ်ခုကို အခြေခံပြီး ကျန်းယွမ်နယ်စားကြီး အိမ်တော်ကို တိုက်ခိုက်ဖို့ လူပေါင်း နှစ်ထောင်ကို ခေါ်ဆောင်လာရဲတာပေါ့။ မင်းက ကျန့်ထော်ရဲ့ စစ်သည်တော် နှစ်သောင်းကျော်ကို ဒီခန့်မှန်းမှုလေးတစ်ခုကြောင့် တိုက်ခိုက်ဖို့ စဉ်းစားနေခဲ့တာပေါ့”
ရှမ့်လန်က ပြောလိုက်၏။ “ဒါက ခန့်မှန်းမှု မဟုတ်ဘူး။ သေချာတဲ့ အရာတစ်ခုပဲ။ ဒါကို ခင်ဗျား နားလည်မှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ခင်ဗျားက မိန်းမတစ်ယောက် ဖြစ်နေလို့ပဲ။ ခင်ဗျားနဲ့ ခင်ဗျားနဲ့ရန်သူကြားမှာ ရှိနေတဲ့ နည်းဗျူဟာအရ နားလည်မှုကို နားလည်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး”
နင်ကျဲ့သည် မည်သို့မှ မနေနိုင်တော့ချေ။ ထို့ကြောင့် တစ်ဖက်လူကို ရိုက်နှက်လိုက်၏။
“ဘုတ်”
ဟူသည့် အသံနှင့်အတူ ရှမ့်လန် က မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။