← Chapters

အခန်း (၄၃၉-၄၄၀)

Vol. 31 Ch. 439-440

အခန်း (၄၃၉-၄၄၀)

Vol. 31 Ch. 439-440

အပိုင်း (၄၃၉)

အရူးကြီးက အထဲသို့ လှမ်းဝင်လာ၏။ သို့ပေမည့် ဘာလုပ်ရမှန်း မသိတော့ချေ။ ခဏလောက်ကြာပြီးနောက် သူက ပြောလိုက်၏။

“မင်းသမီးနင်ကျဲ့… အရူးလေးကို မရိုက်နဲ့။ မဟုတ်ရင် ကျုပ် ဒေါသထွက်လိမ့်မယ်”

နင်ကျဲ့သည် တစ်ဖက်လူကို လှမ်းကြည့်လိုက်၏။ ပြီးနောက် အရူးကြီးအပေါ်ကို ကြည့်ရှုသည့် အကြည့်များ မှာတော့ နူးညံ့လို့နေသည်။ “ကောင်းပြီ။ ငါတောင်းပန်ပါတယ်။ ငါမှားသွားတယ်။ ငါထပ်ပြီး မလုပ်တော့ဘူး”

အရူးကြီးသည် ရှမ့်လန်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ဒဏ်ရာမရှိသည်သေချာတော့မှ အပြင်ဘက်သို့ ပြန်လည် ထွက်ခွာသွားခဲ့၏။

ပေါက်ကရလေးဆယ် ပါးစပ်သည် ဤကဲ့သို့ ရိုက်နှက်ခံရရန် သင့်တော်သည်။

ရှမ့်လန်က မြေပေါ်မှ မတ်တပ်ထရပ်ပြီး သက်ပြင်းချလိုက်၏။ “အင်း.. ကြည့်ရတာ ခင်ဗျားအပေါ်မှာ ကျုပ် မှားယွင်းဆက်ဆံမိတဲ့ပုံပဲ။ တကယ်တော့ ခင်ဗျားက အဲလို မိန်းမမျိုးတောင် မဟုတ်တဲ့ပုံပဲ”

နင်ကျဲ့က လက်သီးကို ဆုပ်လိုက်၏။ သူ၏ သတ်ဖြတ်လိုခြင်း ဆန္ဒများက ထကြွလာခဲ့သည်။

အရူးကြီး၏ အသံက အပြင်ဘက်ဆီမှ ထွက်ပေါ်လာခဲ့၏။ “အရူးလေးကို မရိုက်နဲ့”

သူ သည်းခံလျက် ရှိနေ၏။ အကြီးဆုံး မင်းသမီး နင်ကျဲ့က ပြောလိုက်သည်။ “ရှမ့်လန်… အခု သွားမှာလား မသွားဘူးလား။ အရှင်မင်းကြီးရဲ့ မင်းအပေါ်မှာထားတဲ့ စိတ်ကောင်းစိတ်မြတ်က အာမခံနိုင်တဲ့အရာ မဟုတ်ဘူးနော်”

ရှမ့်လန်က လေးလေးနက်နက် ပြောလိုက်၏။ “အရှင်မင်းကြီးကို ကျုပ်အစား ကျေးဇူးတင်ကြောင်း ပြောပေးပါအုံး။ ကျုပ် ကျန့်ထော်ကို မသတ်ရမချင်း ဒီနေရာက သွားမှာ မဟုတ်ဘူး”

နင်ကျဲ့က ပြောလိုက်သည်။ “မင်း အမိန့်တော်ကို ပုန်ကန်နေတာလား”

ရှမ့်လန်က လေးလေးနက်နက် ပြောလိုက်၏။ “စစ်သူကြီးတွေက အပြင်ဘက်ကိုရောက်ရင် ဘုရင်မင်းမြတ် အမိန့်ကို လက်ခံချင်စိတ် မရှိတော့ဘူးလေ”

သူ လက်မခံခြင်း မဟုတ်ပေ။ နန်းမြို့တော်ထဲက ထွက်ခွာသွားခဲ့ပြီးတည်းက ဘုရင်မင်းမြတ်၏ အမိန့်တော် ဆိုသည့် အရာအား ကောင်းကင်ကြီး တစ်ဖက်ဆီသို့ ပစ်လွှတ်ခဲ့ပြီးသား ဖြစ်၏။ သူက ဤမျှရိုးရှင်းသည်။

နင်ကျဲ့က အေးစက်စက် ပြောလိုက်သည်။ “သေချင်တယ် ဆိုရင်လည်း မင်းသဘောပဲ။ အချိန်ရောက်လာပြီဆိုမှ ငါ့ကို ကယ်ပါဆိုပြီး လာမတောင်းပန်နဲ့”

ရှမ့်လန်က ပြုံးကာ ပြောလိုက်၏။ “ကျုပ်ရဲ့ ပုဂ္ဂိုလ်ရေးရာနဲ့ ပတ်သက်ပြီး ဘာကိစ္စပဲဖြစ်ဖြစ် မင်းသမီးကြီးကို လာ တောင်းပန်မှာ မဟုတ်ပါဘူး”

ထိုစကားလုံး ထွက်ပေါ်လာသည့် အချိန်မှာတော့ နင်ကျဲ့၏ မျက်ခမ်းများက တုန်ယင်သွားခဲ့၏။ ရှမ့်လန်သည် ထိုစကားကို ပြုံးကာ ပြောခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဟယ်ဝမ်ဝမ် ကိစ္စရပ် ဖြစ်ပွားခဲ့တုန်းက မင်းသမီး နင်ယန်သည် ရေနက်တပ်ဖွဲ့မှ လူများ ရှမ့်လန်ကို မနှိပ်စက်စေရန် နင်ကျဲ့ဆီသို့ လာရောက်ကာ တောင်းပန်ခဲ့ဖူး၏။ ထိုကဲ့သို့သောအချိန်မျိုးတွင် နင်ကျဲ့က ငြင်းပယ်ခဲ့သည်။ ဘာမှ မသက်ဆိုင်သည့် အကြောင်းကိုသာ ပြောဆိုခဲ့သည်။

နင်ကျဲ့သည် လက်ကို ဆန့်တန်းကာ ပြောလိုက်၏။ “ငါတောင်းပန်ပါတယ်။ ခုဏက မင်းကို ရိုက်ခဲ့မိတယ်။ ငါ အလျင်လိုသွားခဲ့တာပဲ။ ငါတို့ ကြားထဲမှာ ရင်းနှီးပတ်သက်မှုမှ မရှိတာ။ အနာဂတ်မှာ ရန်သူဖြစ်လာခဲ့မယ် ဆိုရင်တောင်မှ တကယ်လို့ ငါမင်းလက်ထဲမှာ သေရမယ် ဆိုရင်တောင်မှ ငါဒီလို စကားမျိုး မပြောခဲ့သင့်ဘူး”

ပြီးနောက် နင်ကျဲ့က ထွက်ခွာသွားခဲ့၏။ နင်ကျဲ့ ထွက်ခွာပြီး ရှမ့်လန် ထွက်ခွာ မသွားခဲ့ချေ။

ချက်ချင်းပဲ ကျန့်ထော်က စိတ်အားတက်ကြွလာခဲ့၏။ “ဟား ဟား ဟား။ ဟိုခွေးကောင်လေး ရှမ့်လန်က တကယ်ပဲ ထွက်မသွားခဲ့ဘူး။ အထဲမှာ နေပြီး သေမှာကို စောင့်နေတာပဲ”

တကယ်ကို ကောင်းမွန်၏။ ဤခွေးကောင်လေးက သေမှာ သေချာ၏။ နင်ယွမ်ရှန်းက ရယ်ရွှင်ဖွယ်ရာပင်။ သူ့ကို ကျန်းယွမ်နယ်စားကြီး ဘွဲ့ထူး ပေးအပ်ခဲ့၏။ ထိုအရာက ဘာတစ်ခုမှ အကျိုးကျေးဇူး မရှိခဲ့ချေ။ အဆုံးသတ်မှာတော့ ရှမ့်လန်ကိုလည်း ကယ်တင်နိုင်စွမ်း မရှိတော့ချေ။ တစ်ဖက်လူ၏ စိတ်ကောင်း စိတ်မြတ် အားလုံးတို့သည် မြည်း၏အသည်းနှင့် အဆုပ်ကဲ့သို့ပင် ဆက်ဆံခံခဲ့ရ၏။

“ဟား ဟား ဟား.. လောက်လွှဲတွေ အကုန်လုံး အဆင်သင့်ဖြစ်ပြီလား” ကျန့်ထော်က အမိန့်ပေးလိုက်၏။

“နယ်စားကြီး.. လောက်လွှဲ ၁၃ ခုကို စပြီး တပ်ဆင်ပြီးခဲ့ပါပြီ။ သေသေချာချာ စစ်ဆေးနေပါတယ်။ နှစ်ရက်အတွင်း ပြီးစီးပါလိမ့်မယ်”

ကျန့်ထော်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ကောင်းပြီ။ နှစ်ရက်အတွင်း ငါတို့ ရှမ့်လန်ကို တိုက်ခိုက်ကြမယ်။ ဒီလမ်းဆုံလမ်းခွ တည်နေရာကို အပိုင်စီးယူပြီး သူတို့ကို မြေပြင်တည်နေရာ အကျယ်ထဲ မောင်းထုတ်ပစ်ရမယ်။ ပြီးရင် အားလုံးကို သတ်ပစ်ရမယ်။ ဟား ဟား ဟား ဟား။ ဒီခွေးကောင်လေးက လုံးဝ သေရမယ်။ လုံးဝ သေရမယ်”

ထိုအချိန်မှာပင် စစ်စခန်းဆီမှ သမားတော်တစ်ယောက်က ရောက်ရှိလာခဲ့၏။ “နယ်စားကြီး.. တစ်စုံတစ်ခုတော့ ဖြစ်နေပြီ။ ကျောက်ရောဂါက ကျုပ်တို့ စစ်သည်တွေကြားထဲ ဖြစ်ပွားနေတယ်”

ကျန့်ထော်သည် ထိုအရာကို ကြားသည့်အချိန်မှာတော့ တုန်ယင်သွားခဲ့၏။ ပြီးနောက် လှမ်းကာ မေးမြန်းလိုက် သည်။ “ဘယ်လို ဖြစ်နိုင်မှာလဲ။ ရောဂါပိုး ကူးစက်နိုင်တဲ့ အရင်းအမြစ်လည်း မရှိဘဲနဲ့ ကျောက်ရောဂါက ဘယ်လို ဖြစ်ပြီး ဖြစ်ရတာလဲ။ ကျောက်ရောဂါ ဖြစ်နေတဲ့ စစ်သည်တွေ အကုန်လုံးကို သတ်ပြီးမီးရှို့ပစ်လိုက်”

ကျန့်ထော်၏ အမြင်အရ ဆိုလျှင် ကျောက်ရောဂါ ဖြစ်သည့် အစပိုင်းမှာ လူအနည်းငယ်သာ ရှိ၏။ ထိုလူများကို အချိန်မီ သတ်ဖြတ်ကာ မီးရှို့ခဲ့သည် ဆိုပါက ကျောက်ရောဂါကို တားဆီးနိုင်စွမ်း ရှိပေလိမ့်မည်။

သမားတော်က ပြောလိုက်၏။ “နယ်စားကြီး… စစ်စခန်းမှာရှိတဲ့ လူတွေအကုန်လုံး ကျောက်ရောဂါ ကူးစက်နေခဲ့ကြပြီ။ အားလုံးပဲ။ စစ်တပ်ကြီးတစ်ခုလုံး ကူးစက်နေခဲ့ကြပြီ”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ကျန့်ထော်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် တည်နေရာတွင် မတ်မတ်ရပ်ပြီး ကြက်သေ သေမိနေသည်။

.........

ကျောက်ရောဂါပိုး ကူးစက်သည့် အချိန်ကာလက ဆယ်ရက်နီးပါးခန့် ကြာမြင့်၏။ အချက်အလက်အားဖြင့် လွန်ခဲ့သည့်နှစ်ရက်တည်းက လူပေါင်းများစွာတို့ကို ကူးစက်ခဲ့ပြီးပြီဖြစ်၏။

သို့တစေ သူတို့အားလုံးက ကျောက်ရောဂါကူးစက်နေသည်ဟု မိမိကိုယ်ကိုယ် မထင်ခဲ့ကြချေ။ သာမန်အနာ ပေါက်လာခဲ့ခြင်းသာဟု ထင်မှတ်ခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ရဲတိုက်ထဲတွင် စစ်သည်ပေါင်း နှစ်သောင်းကျော် ရှိ၏။ ထိုစစ်သည်အားလုံး သန့်ရှင်းကြသည် မဟုတ်ချေ။ ထို့ကြောင့် အနာ၊ ဝဲများ ပေါက်ခြင်းဆိုသည်မှာ စစ်စခန်းအတွင်း သာမန်ပင် ဖြစ်သည်။

နေ့စဉ်နေ့တိုင်းဆိုသလို ထိုကဲ့သို့သော လူပေါင်းဒါဇင်ချီ ပေါ်ပေါက်တတ်၏။ မနေ့ကတော့ များများစားစား ပေါ်ပေါက်လာခဲ့၏။ ထိုအရာက စစ်တပ်၏သမားတော်များကို အာရုံစိုက်စေခဲ့၏။ သူတို့က တစ်ချက် ကြည့်ရှုလိုက်ရုံဖြင့် ကျောက်ရောဂါဖြစ်ကြောင်း သိရှိနိုင်၏။

ထိုသူတို့အားလုံးသည် ကူးစက်ခြင်းခံရမည်ကို ကြောက်ရွံ့သောကြောင့် ထိတ်လန့်နေမိ၏။ သို့ပေမည့် ဤသမားတော်များက ဉာဏ်ကောင်း၏။ ကျောက်ရောဂါဖြစ်ကြောင်း သတင်းအချက်အလက်ကို အပြင်ဘက်သို့ ထုတ်ဖော်မပြောခဲ့ချေ။ ထိုအစား ကျန့်ထော်ဆီသို့ တိုက်ရိုက် သတင်းပေးပို့ခဲ့သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ရှမ့်လန်.. အဲဒါ ဟိုခွေးသူတောင်းစား ရှမ့်လန်ရဲ့ မိစ္ဆာအကြံအစည်ပဲ ဖြစ်ရမယ်။ မဟုတ်သေးဘူး။ ရှမ့်လန် မဟုတ်နိုင်ဘူး။ ဒါ စုနန်ပဲ ဖြစ်ရမယ်။ ကျိန်းသေပေါက် စုနန်ပဲ ဖြစ်ရမယ်။ ဟုတ်တယ်။ ဒီရဲတိုက်ကြီးကို လွယ်လွယ်ကူကူ ဘာကြောင့်ပေးခဲ့တာလဲဆိုပြီး ငါစဉ်းစားရခက်နေတာ။”

ကျန့်ထော်သည် ခေါင်းတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ပင် ခံစားနေမိ၏။ သူက အသေခံတပ်သားများကို စေလွှတ်ပြီး သတိအပြည့်ဖြင့် ကြည့်ရှုစောင့်ကြပ်ခဲ့ပြီးသားဖြစ်၏။ ပြီးသည့်နောက် သူ၏သား ကျန့်လုံ ကလည်း ဝင်ရောက်ကြည့်ရှုခဲ့ပြန်၏။ နောက်ဆုံးမှာမှ သူကိုယ်တိုင် ဝင်ရောက်ခဲ့ခြင်းဖြစ်၏။

ထို့အပြင် တည်ရှိနေကြသော ဟင်းသီးဟင်းရွက်များ၊ အသီးများ၊ ဆန်များ၊ အသားများ ... အရာအားလုံးတို့အား အိုမင်းရင့်ရော်နေသည့်သူများ၊ အားနည်းသည့်လူများ၊ မိန်းကလေးနှင့် ကလေးများကို အရင်ဆုံး ပေးကျွေးခဲ့၏။ ထို့ပြင် ရေများကိုလည်း အရင်ဆုံး ပေးတိုက်ခဲ့၏။ နှစ်ရက်၊ သုံးရက်ခန့် မည်သည့် ပြဿနာမှ မရှိကြောင်း စောင့်ကြည့်ပြီးမှသာ သူ၏စစ်တပ်ကြီးသည် နယ်စားစံအိမ်ထဲမှ အရာများကို စားသောက်ခဲ့ခြင်းဖြစ်သည်။

ကျန့်ထော်သည် ကျောက်ရောဂါပိုးနှင့် ပတ်သက်၍ အလုံးစုံ ခုခံကာကွယ်နိုင်မှု မရှိချေ။ နယ်စားစံအိမ်၏ ထောင့်တည်နေရာတစ်နေရာလုံးကို စစ်ဆေးကြည့်ရှုပြီးသည့်နောက် ကျောက်ရောဂါပိုး အစပျိုးနိုင်သည့် နေရာမျိုး မရှိကြောင်း သိရှိထား၏။

“ငါ တကယ့်ကို မောက်မာခဲ့တယ်။ ငါ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့တာပဲ”

ကျန့်ထော်က သူ၏ခေါင်းကို လက်ဖြင့် ပိတ်ရိုက်နေမိ၏။ သူ ထိုအရာကို အစောကြီးတည်းက တွေးတောထားသင့်၏။ စုနန်သည် သူ့ကို အဘယ်ကြောင့် ရဲတိုက်ကြီးတစ်ခုလုံးကို လွယ်လွယ်ကူကူ ပေးခဲ့မည်နည်း။ ထိုအရာကို သူ အစောကြီးတည်းက သိရှိသင့်၏။ သို့ပေမည့် သူ ပေါ့ဆခဲ့သည်။

ကျန့်မိသားစုသည် တော်ဝင်မျိုးနွယ် အမျိုးအစားအသစ် ဖြစ်၏။ သို့ပေမည့် သူတို့၌ မြေပိုင်နက်နှင့် ရဲတိုက် ဟူ၍ မရှိချေ။ ထို့ကြောင့် ကျန်းယွမ်နယ်စားကြီး အိမ်တော်ဆီသို့ ရောက်ရှိသည့်အချိန်၊ လောကကြီး၏ ထိပ်တန်းရဲတိုက်များထဲက တစ်ခုသို့ ရောက်ရှိသည့်အချိန်တွင် သူ၏မာန်မာနများက အဆုံးစွန်ထိ တိုးတက်သွားခဲ့၏။

ချင်တော်ဝင်နန်းတော်၏ ရွှေများက စုနန်ကို ဆွဲဆောင်မှုဖြစ်စေခဲ့၏။ ကျန်းယွမ်နယ်စားကြီး၏ ရဲတိုက်ကြီးသည် ကျန့်ထော်ကို ဆယ်ဆမက ပိုမိုကာ ဆွဲဆောင်စေခဲ့သည်။

ဟုတ်ပေ၏။ ကျန့်ထော်နှင့် ကျန့်လုံတို့က စိုးရိမ်ပူပန်မှု မရှိကြချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ကျောက်ရောဂါနှင့် ပတ်သက်၍ အစောကြီးတည်းက ဆေးထိုးထားခဲ့ပြီးဖြစ်သောကြောင့်ပင်။ စစ်သည်အားလုံးဆီသို့ မပြန့်ပွားရန်ကိုသာ မျှော်လင့်ရပေမည်။

ချင်နိုင်ငံနှင့် စုမိသားစုတို့မှလွဲလျှင် ဤကဲ့သို့ များများစားစား ဆေးထိုးထားသည့် အခြေအနေမျိုး မရှိခဲ့ချေ။ စစ်တပ်ကြီးတစ်ခုလုံးကို ဆေးထိုးခြင်းဆိုသည်မှာ ကျိန်းသေပေါက် သူ့ကဲ့သို့ သာမန် စစ်သူကြီး တစ်ယောက် ဆုံးဖြတ်၍ ရနိုင်သည့် အရာမျိုးမဟုတ်ချေ။ ညီလာခံအဆင့်ဆင့်ကို တင်ပြပြီးမှသာ ပြုလုပ်နိုင်ပေမည်။

ထို့အပြင် ရွှဲ့ပြည်နယ်၏ ညီလာခံက တကယ်ကို ရှုပ်ထွေး၏။ ဆေးထိုးမည့် အကြောင်းအရာနှင့် ပတ်သက်၍ မည်သူက ဂရုစိုက်မည်နည်း။ ပြောရမည်ဆိုလျှင် ကျောက်ရောဂါပိုးက ချင်နိုင်ငံတွင် ကြီးကြီးမားမား ပျံ့နှံ့ခဲ့ပြီးသားဖြစ်၏။ သို့ပေမည့် ရွှဲ့ပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်း မရှိချေ။ ထို့ကြောင့် ဆေးထိုးမည့် ကိစ္စကို မည်သူမှလည်း စကားမစကြပေ။

ဘာလုပ်ရမည်နည်း။ သူ ဘာဆက်လုပ်ရမည်နည်း။ ကျန့်ထော်က တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ပင် ခံစားနေမိ၏။ မထင်မှတ်ထားသည့် ကပ်ဘေးကြီးကို ကြုံဆုံနေရ၏။

“လက်ရှိအချိန်မှာ ဒီလူတွေကို ခွဲထုတ်လိုက်ဖို့ နောက်ကျနေပြီလား” ကျန့်ထော်က မေးမြန်းလိုက်သည်။

သမားတော်ကြီးသည် ခေါင်းညိတ်လိုက်၏။ စစ်တပ်ထဲတွင် ကျောက်ရောဂါသည်များ ရှိနေခဲ့၏။ အားလုံးသော သူတို့က ကူးစက်ခံခဲ့ရပြီဖြစ်ကြောင်း အခြေခံအားဖြင့် သိသာ၏။ ထိုအရာက ကြီးကြီးမားမား အပြင်ဘက်သို့ ပျံ့နှံ့ခြင်း မရှိသေးလျှင်တောင်မှ သိသိသာသာ ပျံ့နှံ့နေသည်မှာတော့ အမှန်ပင်။

လူတချို့သည် ယခင်တုန်းက ကျောက်ရောဂါကို ခံစားခဲ့ဖူး၏။ ထို့ကြောင့် သူတို့က ထိုပိုးကို ခုခံနိုင်စွမ်း ရှိပေလိမ့်မည်။ သို့ပေမည့် အရေအတွက်တော့ နည်းပါး၏။

ကျန့်ထော်က မေးမြန်းလိုက်သည်။ “လူဘယ်လောက်လောက် သေနိုင်လဲ”

သမားတော်ကြီးက ပြောလိုက်၏။ “ချင်နိုင်ငံမှာ ကူးဆက်ခံရသူ ၈၀ နဲ့ ၉၀ ရာခိုင်နှုန်းလောက်က သေသွားခဲ့ကြတာပဲ။ ပိုင်ရီခရိုင်တစ်ခုလုံးဆိုရင် ကူးဆက်ခံရသူ ၇၀ ရာခိုင်နှုန်းလောက် သေဖို့ရှိတယ်။ ဒါပေမယ့် ကျုပ်တို့ဆီမှာတော့ တစ်ဝက်လောက် အသက်ရှင်နိုင်လိမ့်မယ်”

ကျောက်ရောဂါသည်များသည် ကံကြမ္မာအပေါ် မူတည်၍သာ အသက်ရှင်နိုင်စွမ်း ရှိ၏။ သူတို့အားလုံးသည် ကျောက်ရောဂါ၏ အားကောင်းသည့် ရောဂါဒဏ်ကို ခံနိုင်မည်လား၊ မခံနိုင်ဘူးလားဆိုသည်ကို ပထမဦးဆုံး သုံးသပ်ရပေလိမ့်မည်။

ဒုတိယအားဖြင့် ဆေးပညာနှင့် ပတ်ဝန်းကျင်ကောင်းကို ပိုင်ဆိုင်ရပေမည်။ လုံလောက်သည့်ဆေးနှင့် လုံလောက်သည့် ပတ်ဝန်းကျင်တစ်ခုသာ တည်ရှိသည်ဆိုပါက သေဖို့ရာခိုင်နှုန်းက လျော့ကျသွားပေလိမ့်မည်။ ပြောရမည်ဆိုလျှင် ဤအရာနှင့်ပတ်သက်၍ ကျန်းယွမ်နယ်စား အိမ်တော်က တကယ်ပင် ကောင်းမွန်၏။

“တစ်ဝက်လောက် သေဆုံးမယ်လား” ကျန့်ထော်က မျက်လုံးကို မှိတ်လိုက်၏။ ဤရလဒ်ကလည်း မဆိုးချေ။ ထို့ပြင် ကျောက်ရောဂါ ကူးစက်သည့် အချိန်ကာလက တိုတောင်းလွန်း၏။ မကြာခင် သတင်းကောင်းတစ်ခု ပေါ်ပေါက်လာနိုင်၏။ ထိုသို့ဆိုလျှင် သူ၌ စစ်သည်ပေါင်း တစ်သောင်းကျော် ကျန်ရှိနေပေဦးမည်။

စစ်သည်ပေါင်း တစ်သောင်းကျော်ဆိုသည်မှာ ကျန်းယွမ်နယ်စားကြီး အိမ်တော်တစ်ခုလုံးကို ခုခံကာကွယ်ရန် လုံလောက်သည်ထက်ပင် ပိုသေး၏။ ရက်ဒါဇင်ကျော် အနည်းငယ်မှာပဲ နင်ယွမ်ရှန်းသည် သူ့ကို ဖျက်ဆီးပစ်ရန် စစ်သည်စေလွှတ်ရန် အချိန်လုံလောက်ဦးမည် မဟုတ်ပေ။

ပိုမို၍ အရေးကြီးမားသည်မှာ ရှမ့်လန်ကို ချက်ချင်း ဖျက်ဆီးသုတ်သင်ပစ်ရန်ပင်။ မဟုတ်ပါက သူတို့ ကျောက်ရောဂါပိုး ကူးစက်ခံနေရကြောင်း အပြင်ဘက်သို့ သတင်းပေါက်ကြားသွားပါက ရှမ့်လန်က အခွင့်အရေးကို အရယူပြီး ကျိန်းသေပေါက် ပြဿနာရှာပေလိမ့်မည်။

ထို့အပြင် ကျောက်ရောဂါပိုးအကြောင်း သတင်းပျံ့နှံ့သွားလျှင် စစ်သည်စစ်သားအားလုံးတို့သည် ခန္ဓာကိုယ်များ ယားယံပြီး အဖျားကြီးပေလိမ့်မည်။ ထိုသို့ဆိုလျှင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

ကျန့်ထော်က မေးမြန်းလိုက်၏။ “ကျောက်ရောဂါပိုး ကူးစက်ခံထားရပြီး လက်ရှိ ပိုးအစွမ်းပြနေတဲ့လူတွေ ဘယ်လောက်များများ ရှိလဲ”

သမားတော်က ပြန်လည်ကာ ဖြေဆိုသည်။ “စုစုပေါင်း လူရာချီလောက်တော့ ရှိနေပြီ။ အရေအတွက်က ဆက်ပြီး တိုးနေတုန်းပဲ”

ကျန့်ထော်က ပြောလိုက်၏။ “ဒါဆိုရင် အားလုံးကို မပြောနဲ့အုံး။ ကူးစက်ခံထားရတဲ့ လူတွေအကုန်လုံးကို ဝဲတွေလို့ ပြောထားလိုက်။”

“ကောင်းပါပြီ”

ကျန့်ထော်က အော်ဟစ်လိုက်သည်။ “အင်း… လောက်လွှဲတွေ ပြင်ဆင်ပြီးသွားပြီလား”

ကျန့်လုံက ပြောလိုက်၏။ “အင်း.. နောက်နှစ်ရက်လောက်ဆိုရင် ရပါပြီ”

ကျန့်ထော်က အေးစက်စက်နှင့် ပြောလိုက်သည်။ “မနက်ဖြန် ဒါတွေအကုန်လုံးကို အပြီးတပ်ဆင်လိုက်။ မဟုတ်ရင် ဒီလက်သမားတွေအကုန်လုံးကို သတ်ပစ်မယ်လို့ ပြောလိုက်။ တော်တော်ညံ့တဲ့ လူတွေ”

“ကောင်းပါပြီ”

“ငါတို့ဆီမှာ တစ်ရက်ပဲ အချိန်ရတယ်။ မနက်ဖြန် ရှမ့်လန်နဲ့ ငါတို့တိုက်ခိုက်ရမယ်။ ငါတို့ အဲခွေးသူတောင်းစားကို သတ်ကိုသတ်မှဖြစ်မယ်”

……………

သတ်မိန့် ကျရောက်လာပြီဖြစ်သောကြောင့် လက်သမားတစ်ရာကျော်တို့က မြန်မြန်ဆန်ဆန် ပိုမိုကာ အလုပ် လုပ်လျက် ရှိနေ၏။ နောက်တစ်ရက်မှာပဲ လောက်လွှဲဒါဇင်ကျော်တို့က အပြည့်အဝ တပ်ဆင်ခဲ့ပြီးသား ဖြစ်၏။

ကျန့်ထော်သည် ကျောက်ရောဂါကူးစက်ခံထားရသည့် စစ်သည်စစ်သားအားလုံးတို့ကို နောက်ဘက် တပ်စခန်းတွင် အနားယူရန် အမိန့်ပေးခဲ့၏။ သူ ကိုယ်တိုင်မှာတော့ စစ်သည်ပေါင်း ငါးထောင်ကျော်ကို ခေါ်ဆောင်လာခဲ့ပြီး ရဲတိုက်နံရံကြီး၏ရှေ့ လောက်လွှဲဒါဇင်ချီရှိရာ တည်နေရာကို ကာကွယ်ထားသည်။

ဤနေရာက အရေးကြီးဆုံး တည်နေရာပင် ဖြစ်၏။ ရဲတိုက်၏ အပြင်ဘက် တောင်အဆင်းလမ်းတွင် လမ်းတစ်ခုတည်းသာလျှင် ရှိ၏။ ထိုလမ်းကို လောက်လွှဲများနှင့် ချိန်ရွှယ်ထားလိုက်၏။

ထို့အပြင် စစ်သည်ပေါင်း ငါးထောင်ကျော်တို့ဆိုသည်မှာ အလုံးအရင်း စုစည်းနေခြင်း မဟုတ်ပေ။ ကျန့်ထော်က လက်ရွေးစင် စစ်သည်ပေါင်း တစ်ထောင်ကျော်တို့ကို ပြန်လည်ကာ ခွဲထုတ်ပြီး ကျန်လောက်လွှဲများကို ကာကွယ်ရန် တာဝန်ပေးထားသည်။

အပိုင်း (၄၄၀)

လောက်လွှဲဆယ်ခုကို သေသေချာချာ စီစဉ်ထားခဲ့ပြီးနောက် သူတို့သည် အားကုန်ထုတ် တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့၏။ တိုက်ခိုက်ဖို့စီစဉ်ရသည်မှာ လွယ်ကူသည့်အရာ မဟုတ်ချေ။ ဤနေရာက တကယ်ကို ကျဉ်းမြောင်းလွန်း၏။ ခရုအခွံထဲတွင် ဘုရားကျောင်းတစ်ခု တည်ဆောက်ရသကဲ့သို့ပင်။ လောက်လွှဲ တပ်ဆင်မှု ပြီးစီးပြီးနောက် တိုက်ခိုက်ရန် အချိန် ရောက်ရှိလာခဲ့၏။

အရှေ့ဘက် လမ်းဆုံလမ်းခွ တည်နေရာမှာတော့ ရှမ့်လန်၏ စစ်သည်များက မတ်မတ်ရပ်လျက် ရှိ၏။ ထိုအရာအားလုံးဆီသို့ လောက်လွှဲမှ ကျောက်တုံးကြီးများသာ ကျဆင်းလာခဲ့ပါက အားလုံး သေဆုံးပေလိမ့်မည်။

“အဆင်သင့်ပြင်ကြ” ကျန့်လုံက အမိန့်ပေးလိုက်၏။

လောက်လွှဲအားလုံးတို့ကို နောက်ဆုံးတစ်ကြိမ် ပြန်လည် စစ်ဆေးခဲ့ပြီးဖြစ်သည်။ အားကောင်းမောင်းသန် လူများသည် လောက်လွှဲအပေါ်သို့ ကျောက်တုံးကြီးများကို တင်၏။ ကျောက်တုံးများကို ပစ်ခတ်ရန် ပြင်ဆင်ကြသည်။

သို့ပေမည့် ဤအချိန်မှာပဲ ရုတ်တရက် ဝီစီသံများသည် ရှမ့်လန်၏ စစ်တပ်ဘက်မှ ထွက်ပေါ်လာခဲ့၏။ ပြီးနောက် အားလုံးသောသူတို့က မြန်မြန်ဆန်ဆန်နှင့် တည်နေရာကို ဖြန့်ကျက်ကာ ထွက်ပြေးသွားခဲ့၏။ သူတို့ အားလုံးတို့သည် လောက်လွှဲများ ပစ်ခတ်နိုင်ရာ တည်နေရာ၏ နောက်ဘက်ဆီသို့ လှမ်းဆုတ်သွားခဲ့ကြ၏။ သို့ပေမည့် သူတို့က ထိုနေရာဆီမှသည် အနောက်ဘက်လမ်းဆုံနေရာတစ်ခုဆီသို့ သွားပြီး ခုခံကာကွယ်ရန် စခန်းချပြန်၏။

“ချီးတဲ့မှ”

ကျန့်လုံက အော်ဆဲလိုက်၏။ “ရှေ့ကို ခြေလှမ်းသုံးရာ ထပ်တိုးမယ်။ လောက်လွှဲတွေ အကုန်လုံးကို ခဏပြန်ချ”

ပြီးနောက် ကျန့်စစ်တပ်ကြီးသည် ရှေ့လှမ်းပေါင်းသုံးရာခန့် ရှေ့ဆီသို့ လှမ်းတက်လိုက်ကြ၏။ လောက်လွှဲပေါင်း ဒါဇင်ကျော်တို့ကလည်း တည်နေရာ ရွှေ့ပြောင်းရပြန်၏။ ထိုအရာကို ဖွင့်ပြီး ထပ်မံပစ်ခတ်ရန် ပြင်ဆင်ကြ၏။ ကျောက်တုံးများကို ပြန်လည် တင်ရပြန်သည်။

သို့ပေမည့် ရှမ့်လန်၏စစ်တပ်ကြီးက နောက်တစ်ကြိမ် လူစုကွဲသွားပြန်၏။ နောက်ထပ် ခပ်လှမ်းလှမ်း လမ်းဆုံတစ်ခုထိ ဆုတ်ခွာသွားခဲ့ပြန်၏။

ကျန့်စစ်တပ်ကြီးက ရှေ့ကို တိုးသည်။ ရှမ့်လန်၏ စစ်သည်များက မြှားနှင့် ပစ်ကြပြန်သည်။ ကျန့်စစ်တပ်က လောက်လွှဲပေါ်မှ ကျောက်တုံးများကို ပြန်ချပြီး နောက်ပြန်ဆုတ်၏။ ရှမ့်စစ်တပ်က ရှေ့ပြန်တိုးသည်။

ကျန့်စစ်တပ်က လောက်လွှဲနှင့် ပစ်ရန် ကျောက်တုံးများ တင်ပြန်သည်။ ရှမ့်လန်တို့က နောက်သို့ ဆုတ်ပြန်၏။ ဤကဲ့သို့ပင် သံသရာလည်လျက် ရှိနေ၏။

ကျန့်စစ်တပ်၏ တည်နေရာရွေ့ပြောင်းမှုတွင် လောက်လွှဲများပေါ်မှ ကျောက်တုံးများ အတင်အချ ပြန်လုပ်နေရခြင်းက တပန်းရှုံးနေသည်။

ကျန့်ထော်နှင့် ကျန့်လုံတို့သည် ဒေါသတရားများဖြင့် ပေါက်ကွဲလုမတတ် ဖြစ်နေကြ၏။ ရှမ့်လန်၏ စစ်သည်များက သူတို့ကို ဆော့ကစားနေသကဲ့သို့ပင်။

ဆယ်နာရီ၊ ဆယ့်နှစ်နာရီနီးပါးခန့် ကြာပြီးသည့်နောက် သူတို့က လောက်လွှဲဖြင့် လေးကြိမ်၊ ငါးကြိမ်နီးပါးခန့် ပစ်ခတ်ရန် ပြင်ဆင်ခဲ့ပြီးသားဖြစ်၏။ သို့ပေမည့် တစ်ချက်ကလေးမှ မပစ်ခဲ့ရချေ။ သူတို့က တစ်နေ့လုံးလုံး အချိန်ဖြုန်းခဲ့ပြီး ဖြစ်၏။ သူတို့အားလုံးက ရူးသွပ်နေသည့် လူများကဲ့သို့ပင် ခေါင်းကိုပင် ကုတ်မိနေ၏။

သို့ပေမည့် ရွေ့လျားနိုင်မှုကို အဆင့်မြင့်တင်နိုင်ပြီ ဆိုပါက ရှမ့်လန်တို့အား အနောက်ဘက် မြေပြင်ကျယ်ဆီသို့ တွန်းပို့နိုင်မှာ သေချာသည်။ ထိုသို့ဆိုလျှင် သူတို့ အောင်ပွဲဆင်နိုင်ပြီဖြစ်သည်။ သို့သော်ငြား ယခုတော့ ပြုလုပ်၍ မရနိုင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ညရောက်၍ မှောင်မဲနေပြီ ဖြစ်သောကြောင့်ပင်။

ကျန့်ထော်က စစ်သည်ပေါင်း ငါးထောင်ကျော်တို့ကို တည်နေရာတွင် တပ်စခန်းချစေပြီး ကျန်သည့်စစ်သည်များ ကိုတော့ အဝေးတစ်နေရာတွင် အနားယူစေခဲ့၏။ ကျန့်စစ်သည် တစ်သုတ်ပြီးတစ်သုတ်သည် ရဲတိုက်ထဲမှ ထွက်ပေါ်လာခဲ့ကြပြီး အပြင်ဘက် တည်နေရာ တောင်ခြေတွင် စုစည်းလာခဲ့ကြ၏။

အဆုံးသတ်မှာတော့ စစ်သည်ပေါင်း တစ်သောင်းခွဲဆိုသည်မှာ ရှမ့်လန်၏ မြင်းသည်တော် နှစ်ထောင်ကျော် ထက်တော့ အဆမတန်များပြားလွန်းနေသေး၏။ သူတို့အားလုံးသည် နေထွက်သည်နှင့်တပြိုင်နက် ရှမ့်လန်ကို တိုက်ခိုက်ပေလိမ့်မည်။

အချက်အလက်အားဖြင့် ကျန့်ထော်၏ မြင်းသည်တော် လေးထောင်ကျော်တို့က အချိန်မရွေး စတင်လှုပ်ရှားရန် ပြင်ဆင်ခဲ့ပြီးပြီဖြစ်၏။

ကျန့်လုံက ပြောလိုက်သည်။ “အဖေ.. ရှမ့်လန် မနက်ဖြန် ထွက်ပြေးမှာလား”

ကျန့်ထော်က ပြောလိုက်၏။ “အင်း… သူပြေးဖို့ပဲ မျှော်လင့်မိတယ်။ မဟုတ်ရင် ငါတို့ ကျန့်မိသားစုရဲ့ စစ်သည်တွေအကုန်လုံး ကျောက်ရောဂါဘေးကြောင့် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။”

ချင်နိုင်ငံမှ မြင်းသည်တော်များက အားသာချက်ရှိနေ၏။ သူတို့က မြင်းစီးပြီး မြားပစ်သည့်နေရာတွင် အလွန်တော်လွန်း၏။ သို့ပေမည့် သူတို့၏ စစ်မြင်းများက အရပ်ပု၏။ အရပ်မြင့်မြင့်နှင့် အားကောင်းမောင်းသန် မြင်းများသာဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ လက်ရှိအခြေအနေမှာတော့ ဒူပေဒါပေခံမှုနှင့် အမြန်နှုန်း တွင် ချင်စစ်သည်တို့၏ စစ်မြင်းများက နိမ့်ကျလျက် ရှိနေသည်။

သို့ပေမည့် ရွှဲ့ပြည်နယ်၏ အဓိက မြင်းသည်တော်များမှာတော့ မြင်းများက အရပ်မြင့်မား၊ ရှည်လျားပြီး အမြန်နှုန်းကလည်း မြန်ဆန်၏။ ကျန့်ထော်၏အဓိက မြင်းသည်တော်အားလုံးသည် ထိုအရာ၌ အခွင့်သာလျက် ရှိနေ၏။

ချင်နိုင်ငံမှ မြင်းသည်တော်များသည် ကျန့်ထော်၏ မြင်းသည်တော်နှင့် တိုက်ခိုက်သည်ဆိုပါက အောက်စီးသို့ ရောက်မှာ သေချာ၏။ ထို့ကြောင့် ရှမ့်လန်၏ မြင်းသည်တော်များသည် ချင်စစ်တပ်နှင့် ခပ်လှမ်းလှမ်း နေထိုင်ကြခြင်းပင်။

သတင်းဆိုးသည် ကျန့်ထော်၏ စစ်စခန်းဆီသို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့ကြ၏။ ကျောက်ရောဂါ ဖြစ်ပွားမှုနှုန်းသည် ပိုမို များပြားလာခဲ့ပြီး အားလုံးသောသူတို့ အာရုံစိုက်စရာ ဖြစ်လာခဲ့၏။ ယခင်တုန်းက လူပေါင်း သုံးရာကျော်လောက်သာ ကူးဆက်ခဲ့သော်လည်း ယနေ့အချိန်မှာတော့ လူထောင်ကျော်ပင် ကူးစက်လာခဲ့သည်။

ထို့အပြင် မနက်ဖြန်တွင် ယခုထက် ပိုမိုကာ များလိမ့်မည်ဖြစ်ကြောင်း ကျန့်ထော်အား သမားတော်ကြီးက ပြောဆိုခဲ့၏။ သူတို့သည် ကျောက်ရောဂါ ကူးစက်တတ်သည့် အချိန်ကာလကို နားလည်ခြင်း မရှိသည် ဆိုလျှင်တောင်မှ ဤအရာက သာမန်မဟုတ်ကြောင်း သိရှိနားလည်ခဲ့ပြီးသား ဖြစ်၏။ သမားတော် တော်တော်များများတို့က ကျောက်ရောဂါနှင့် ထိတွေ့ခဲ့သောကြောင့် ကြောက်လန့်စရာကောင်းသည့် အခြေအနေမျိုးသို့ ရောက်ရှိနေ၏။

ကျန့်ထော်သည် ထပ်တလဲလဲ မှာကြားခဲ့၏။ အားလုံးသောသူတို့ ကြောက်လန့်စေရန် ခြိမ်းခြောက်ခြင်းမျိုး မလုပ်ဖို့နှင့် နှစ်သိမ့်ထားဖို့ပင်။ ထိုသို့ဆိုလျှင်တောင်မှ စစ်တပ်ထဲတွင် အလွန်အမင်း ကြောက်လန့်နေသည့် တချို့သောလူများ တည်ရှိလာခဲ့ကြသည်။

......

ထိုအချိန်မှာပဲ ရှမ့်လန်၏ စစ်စခန်းဆီမှ ကျယ်လောင်သည့်အော်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ “ကျန့်ထော်ရဲ့ စစ်သည်တွေ... မင်းတို့ ကျောက်ရောဂါကူးစက်ခံထားရပြီ”

ထိုအသံက အရူးကြီး၏ အသံဖြစ်သည်။

ချက်ချင်းပဲ လူနှစ်ထောင်တို့က သံပြိုင်ဆိုသလို အော်ဟစ်လိုက်ကြ၏။ “မင်းတို့ ကျောက်ရောဂါ ကူးစက်နေကြပြီ။ မင်းတို့ ကျောက်ရောဂါ ကူးစက်နေခဲ့ကြပြီ”

ကျန့်ထော်၏ စစ်သည်များက တကယ်ပင် ရှုပ်ထွေးသွားခဲ့၏။ တချို့သော စစ်သည်များက ကြောက်ရောဂါကြောင့် သေရမည်ကို ကြောက်လန့်ကြ၏။ သူတို့အားလုံးက ကျောက်ရောဂါ ကူးစက်ခံထားရပြီဖြစ်ကြောင်း အစောကြီး တည်းက သံသယဝင်ခဲ့ပြီးသား ဖြစ်၏။ သို့ပေမည့် ရှမ့်လန်၏ စစ်သည်များက လှမ်းကာ အော်လိုက်သည့် အချိန်မှာတော့ သူတို့က အသိအမှတ်ပြုလိုက်ကြသည်။ ခန္ဓာကိုယ်တစ်ခုလုံး၌ ကြောက်လန့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။

ကျန့်ထော်ကလည်း တုန်လှုပ်သွားခဲ့၏။ ဤခွေးသူတောင်းစား ရှမ့်လန်က အဘယ့်ကြောင့် ထိုအကြောင်းကို သိရှိရသနည်း။ သူခေါ်ဆောင်လာခဲ့သည့် စစ်သည်များက ကျန်းမာရေးကောင်းသည့် လူများဖြစ်၏။ အားလုံးသော သူတို့က ကျောက်ရောဂါကူးစက်ရသည့် အရိပ်အရောင်မျိုး မထင်ပေါ်ချေ။

အရူးကြီးသည် ရှမ့်လန်၏ စစ်စခန်း အတွင်းဆီမှ လှမ်းကာအော်ဟစ်လိုက်၏။ “စုနန်က ရဲတိုက်ထဲမှာ ရှိတဲ့ ရေတွေ၊ အစားအစာတွေ အကုန်လုံးကို အဆိပ်ခတ်ခဲ့တာပဲ။ ခင်ဗျားတို့တွေအားလုံး ကျောက်ရောဂါ ကူးစက်ခံထားနေရပြီ။ ဒီထက်လည်း ပိုပြီးတော့ များလာအုံးမယ်”

ခင်ဗျားတို့ တစ်ယောက်ချင်းစီက ကျန်းယွမ်နယ်စားကြီး အိမ်တော်ထဲမှာ ရှိတဲ့ ရေတွေကိုသောက်၊ အစားအစာတွေကို စားခဲ့ကြတယ် မဟုတ်လား။ ခင်ဗျားတို့ တစ်ယောက်ချင်းစီတိုင်းက ရောဂါကူးစက်ခံနေရပြီ။ ကျောက်ရောဂါ ကပ်ဘေးကြီးက ချင်နိုင်ငံမှာ ဘယ်လောက်အထိ ဆိုးရွားခဲ့လဲ သိလား။ အဲဆိုးရွားပါတယ်ဆိုတဲ့ ရောဂါကို ဘယ်သူကုသပေးနိုင်ခဲ့လဲ သိလား။ အဲဒါက ရှမ့်လန်ပဲ။

ကျန့်ထော်စစ်တပ်က ညီအစ်ကိုတွေ အသက်ရှင်ချင်လား။ ရိုးရှင်းတယ်။ ခင်ဗျားတို့ ချပ်ဝတ်တွေကို ချွတ်၊ ရှိသမျှလက်နက်တွေ အကုန်လုံးကို လွှတ်ပစ်ပြီး ဒီဘက်ကိုလာခဲ့။ ကျုပ်က ခင်ဗျားတို့ကို ကျောက်ရောဂါ ကုသပေးမယ်”

အရူးကြီးက ရှမ့်လန် ပြောခိုင်းသည့်အရာအားလုံးကို အော်ဟစ် ပြောဆိုလျက်ရှိနေ၏။

ထိုအတောအတွင်း ကျန့်ထော်သည် ရှမ့်လန်တို့ အော်ဟစ်နေသည်များမှာ ကောလဟလများ ဖြစ်ကြောင်း ငြင်းဆန်လျက် ရှိသည်။ “ညီအစ်ကိုတို့… ရှမ့်လန်ရဲ့ လှည့်စားမှုထဲ မရောက်သွားစေနဲ့။ မင်းတို့ဖြစ်နေတာ ကျောက်ရောဂါ မဟုတ်ဘူး။ သာမန် ဝဲတွေပဲ။ ကျောက်ရောဂါသာဆိုရင် ဘယ်လိုလုပ် ငါ ကျန့်ထော်က မကြောက်လန့်ဘဲ နေမှာလဲ။ ငါ ထွက်ပြေးရမှာပေါ့”

သူ့စကားကိုကြားသည့်အချိန်မှာတော့ အားလုံးသောသူတို့က စိတ်သက်သာရာရသွားခဲ့၏။ သို့ပေမည့် ခဏအကြာမှာပဲ ရှမ့်လန်၏ အသံက ထပ်မံ ထွက်ပေါ်လာခဲ့၏။

“ဟုတ်တယ်။ ကျန့်ထော်နှင့် ကျန့်လုံတို့က ကျောက်ရောဂါကို ကြောက်မှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ သူတို့က အစောကြီးထဲက ကျောက်ရောဂါ ကာကွယ်ဆေးကို ထိုးပြီးသားပဲ။ ခင်ဗျားတို့ ကာကွယ်ဆေး မထိုးထားဘူး မလား။

ကျန့်ထော်စစ်တပ်က ညီအစ်ကိုတို့.. ခင်ဗျားတို့ခေါင်းဆောင် ကျန့်ထော်က အမှန်တရားကို ဖုံးကွယ်ပြီး ခင်ဗျားတို့ကို ငြင်းဆန်နေတယ်။ ခင်ဗျားတို့ကို သေစေချင်နေတာပဲ”

အစောကြီးတည်းက ကြောက်လန့်နေပြီဖြစ်သော ကျန့်ထော်၏ စစ်သည်များသည် ပိုမိုကာ ကြောက်လန့် လာခဲ့၏။ ပြီးနောက် ရှမ့်လန်၏ စစ်စခန်းဆီမှ လူနှစ်ထောင်လုံးက တပြိုင်တည်းဆိုသလို အော်ဟစ်လိုက်ကြ၏။ “ကျောက်ရောဂါ၊ ကျောက်ရောဂါ၊ ကျောက်ရောဂါ”

ကျန့်ထော်သည် မည်သို့မှ မနေနိုင်တော့ချေ။ ထကာ အော်ဟစ်လိုက်၏။ “မြင်းသည်တော်တွေ အကုန်လုံး မြင်းပေါ်ကိုတက်၊ ရှမ့်လန်ကို သွားပြီးသတ်ကြမယ်”

ကျန့်လုံက ပြောလိုက်သည်။ “အဖေ.. ညအချိန်ကြီး တိုက်ခိုက်ဖို့ဆိုတာ ကောင်းတဲ့အရာ မဟုတ်ဘူး”

ကျန့်ထော်က ပြောလိုက်၏။ “ငါ ဘယ်လိုလုပ် မသိဘဲနေမှာလဲ”

သို့ပေမည့် လက်ရှိအခြေအနေ၌ စစ်တပ်ထဲမှ လူပေါင်းများစွာတို့က ကြောက်လန့်နေခဲ့ကြပြီဖြစ်၏။ နောက်ဆုံးအကြိမ် တိုက်ခိုက်ရန် စိတ်ဆန္ဒကိုသာ အခွင့်ကောင်း မယူပါက မနက်ဖြန်တွင် ပိုမိုကာ ဆိုးရွားပေလိမ့်မည်။ ထို့အပြင် ကျောက်ရောဂါပိုးက မနက်ဖြန်တွင် ပိုမိုကာ ဆိုးရွားလာမှာ သေချာသည်။

သို့သော်ငြား ကျန့်ထော်၏ မြင်းသည်တော်များ စတင်စုဝေးလာခဲ့သည့် အချိန်မှာပဲ ရှမ့်လန်၏ဘက်ခြမ်းဆီ၌ များပြားလွန်းသည့် မီးအိမ်များ ထွန်းညှိလာခဲ့ကြ၏။ ချင်နိုင်ငံမှ စစ်သည်များသည် မြင်းပေါ်သို့ တက်ကာ ထပ်မံ၍ နောက်ဆုတ် ပြေးထွက်သွားရန် ပြင်ဆင်ခဲ့ကြ၏။

“လိုက်ကြ၊ လိုက်ကြတော့” ကျန့်ထော်က အမိန့်ပေးလိုက်၏။ မြင်းသည်တော်ပေါင်း လေးထောင်ကျော်က အနောက်မှလိုက်၏။ သူတို့၏ စစ်မြင်းများက အရပ်ရှည်၏။ ထို့အပြင် အမြန်နှုန်းကလည်း မြန်ဆန်၏။ သို့ပေမည့် ညအချိန်သို့ရောက်နေသောကြောင့် မြင်းများက လမ်းကို သေသေချာချာ မမြင်ရချေ။ ထို့ကြောင့် အရမ်းကြီး အမြန်နှုန်းဖြင့် မောင်းနှင်၍ မရနိုင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် ရှမ့်လန်၏ စစ်သည်တော်များက ခပ်ဝေးဝေးသို့ရောက်ရှိနေပြီဖြစ်သည်။ ကျန့်ထော်၏ မြင်းတပ်က တဖြည်းဖြည်းနှင့် နီးကပ်လာခဲ့သည်ဆိုလျှင်တောင်မှ မြင်းများက အားအင်ကုန်ခမ်းကုန်၏။ ညအမှောင် စမ်းတဝါးဝါး လာရသည်မို့ အရှိန်လျော့ကျလာခဲ့၏။

အလွန်လည်လှပါသည်ဆိုသော ရှမ့်လန်သည် ကျန့်ထော်၏ မြင်းသည်တော်များ အရှိန်လျော့ကျလာသည်ကို မြင်သည့်အချိန်မှာကတော့ သူကလည်း အရှိန်ကို ထိန်းသိမ်းလိုက်၏။ သို့သော်ငြား နှစ်ဖက်ကြားတွင် တိကျသေချာသည့် အကွာအဝေးတစ်ခုကို ဆက်လက်ကာ ထိန်းချုပ်ထားခဲ့၏။ ပြီးနောက် စစ်သည်ပေါင်း နှစ်ထောင်ကျော်တို့က သံပြိုင်ဆိုသလို အော်ဟစ်လိုက်ကြပြန်သည်။ “ကျောက်ရောဂါ၊ ကျောက်ရောဂါ၊ ကျောက်ရောဂါ”

မြင်းသည်တော်ပေါင်း လေးထောင်ကျော်တို့သည် ကျောက်ရောဂါ ဖြစ်ပွားခဲ့ခြင်း မရှိသေးချေ။ သို့ပေမည့် သူတို့၏ ခန္ဓာကိုယ်တွင် ကျောက်ရောဂါပိုးက ကူးစက်နေခဲ့ပြီး ဖြစ်၏။ ရှမ့်လန်၏ ကျောက်ရောဂါဆိုသည့် ထပ်တလဲလဲ အော်ဟစ်နေမှုသည် သူတို့၏ စိတ်နှလုံးတစ်ခုလုံးကို အမှောင်ဖုံးသွားစေခဲ့၏။ တော်တော်များများက ယားသလိုပင် ခံစားနေမိ၏။ ခန္ဓာကိုယ်ကို ကုတ်လိုက်သည့် အချိန်တိုင်း၌ ခန္ဓာကိုယ်တွင် အနီကွက်များ ထွက်ပေါ်လာသည်ကို တွေ့ရ၏။ သူတို့က ကြောက်လန့်သွားခဲ့ကြ၏။

ခဏလောက်အနားယူပြီးနောက် ကျန့်ထော်က မြင်းသည်တော်အားလုံးကို ရှမ့်လန်တို့နောက်သို့ လိုက်ရန် အမိန့်ပေးလိုက်၏။ သို့ပေမည့် ရှမ့်လန်၏ စစ်သည်များက စတင်ကာ ပြေးခဲ့ပြီးဖြစ်၏။ သူတို့က တိုက်ခိုက်ရန် ငြင်းဆန်ခဲ့၏။ ထိုကဲ့သို့ပင် လိုက်ရင်းပြေးရင်း ပြုလုပ်နေပြီး တစ်ညလုံး တူတူပုန်းတိုင်း ကစားသကဲ့သို့ပင်။

ကျန့်ထော်၏ မြင်းတပ်ကြီးက ကီလိုမီတာ ရာချီအကွာအဝေးဆီမှ လိုက်ပါလျက် ရှိ၏။ သို့ပေမည့် တကယ်တမ်း မည်သည့် တိုက်ပွဲကိုမှ မတိုက်ခဲ့ရသေးချေ။ နှစ်ဖက်လုံးမှ စစ်သည်များက မောပန်းလျက် ရှိနေ၏။ သို့ပေမည့် ရှမ့်လန်၏ စစ်သည်များက ဆော့ကစားခြင်းကို ပြုလုပ်လျက် ရှိနေပြီး ကျန့်ထော်၏ စစ်သည်များမှာတော့ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်ကာ ပြိုလဲလုမတတ်ဖြစ်နေ၏။

မကြာခင်တွင် နေထွက်တော့မှာ ဖြစ်၏။ ရှမ့်လန်၏ စစ်သည်များသည် ကျန့်ထော်၏ မြင်းသည်တော်များကို စနောက်ခြင်းကို ရပ်တန့်လိုက်၏။ ပြီးနောက် တည်နေရာတစ်ခုသို့ အသာပင် လှမ်းသွားခဲ့ကြ၏။

“အဖေ…. ကျုပ်တို့ ဆက်လိုက်ရမှာလား” ကျန့်လုံက မေးမြန်းလိုက်သည်။

ကျန့်ထော်က ခေါင်းကို ခါယမ်းလိုက်၏။ “မဖြစ်ဘူး။ မကြာခင် နေထွက်တော့မယ်”

နေထွက်လာသည်နှင့် တပြိုင်နက် သူ၏မြင်းသည်တော်များ အားလုံးသည် ခန္ဓာကိုယ်နှင့် မျက်နှာပေါ်တွင် ကျောက်များ ပေါက်နေကြေင်း မြင်တွေ့သွားကြပေလိမ့်မည်။ ထိုသို့ဆိုလျှင် အားလုံးသောသူတို့က ကြောက်လန့် သွားပေလိမ့်မည်။ စိတ်ဓာတ်ပိုင်းဆိုင်ရာအကုန်လုံးက ပြိုလဲသွားမှာ သေချာသည်။

“မြန်မြန် မြန်မြန်၊ ပြန်ဆုတ်မယ်” ကျန့်ထော်က ပြောလိုက်၏။ သူက ဒေါသကြောင့် တုန်ယင်လျက် ရှိနေ၏။ သူ အရှုံးမပေးချင်ပေ။ သို့ပေမည့် တစ်ညလုံး သူ၏ဒေါသများကို ဖိနှိပ်ထားခဲ့ရ၏။

“ခွေးကောင်လေး ရှမ့်လန်… ငါမင်းကို အစိတ်စိတ်အပိုင်းပိုင်း ပိုင်းဖြတ်နိုင်မယ့် တစ်နေ့ ရောက်လာပြီဆိုရင် သေတာထက် ဆိုးတာမျိုး မင်းခံစားရမယ်”

“စစ်စခန်းကိုပြန်မယ်၊ စစ်စခန်းကိုပြန်ကြမယ်” ကျန့်ထော်က အမိန့်ပေးလိုက်၏။ မောပန်းနွမ်းနယ်လျက် ရှိနေသည့် မြင်းသည်တော်လေးထောင်ကျော်တို့သည် စစ်စခန်းဆီသို့ ဖြည်းညင်းစွာ ပြန်သွားခဲ့သည်။

ခဏလောက်ကြာချိန်မှာတော့ နေထွက်လာပြီဖြစ်၏။

မြင်းသည်တော် တော်တော်များများတို့သည် သူတို့၏ မျက်နှာပေါ်တွင် ကျောက်များပေါက်နေကြောင်း ထိတ်လန့်မှုအပြည့်ဖြင့် မြင်တွေ့ခဲ့ရသည်။

“မင်း မျက်နှာမှာ ကျောက်တွေ”

“မင်းမှာလည်း ရှိနေတာပဲ။ ကောင်းကင်ဘုံ”

“ခင်ဗျား မျက်နှာပေါ်မှာလည်း အများကြီးပါလား”

“ဒါကျောက်ရောဂါ၊ ဒါကျောက်ရောဂါတွေပဲ”

“ကောင်းကင်ဘုံ”

ကျောက်ရောဂါကူးစက်မှု အချိန်ကာလ ပြီးဆုံးသွားခဲ့ပြီး ဖြစ်သောကြောင့် တော်တော်များများတို့က ကျောက်ရောဂါ လက္ခဏာများ ပေါ်ပေါက်လာခဲ့ခြင်းပင်။

All Chapters