စောက်ပြဿနာကောင် လာပြန်ပြီ
Vol. 46 Ch. 632
"သခင်လေးစစ်ထူကတော့ ဒီနေရာမှာပဲ စောင့်နေပေးပါဦး။ နောက်တစ်ဆင့်အနေနဲ့ ကျွန်တော်က လုံအော်ထျန်းအဖြစ်နဲ့ အပြင်လောကကိုထွက်ပြီး အစီအစဥ်အတိုင်း ဆက်လက်လှုပ်ရှားပါ့မယ်"
သွေးအရှင်က လေးနက်စွာ ညွှန်ကြားလိုက်သည်။ "အမှောင်သွေးလက်စွပ်က မထိန်းနိုင်တော့တဲ့ အရိပ်အယောင်ပြလာရင် အရှင့်အနေနဲ့ လတ်လတ်ဆတ်ဆတ်သွေးကိုတိုက်ကျွေးပြီး သူ့ရဲ့ စွမ်းအားကို မြှင့်တင်နိုင်ပါတယ်။ ခြောက်လလောက်ကြာတဲ့အထိ တောင့်ခံနိုင်ပါလိမ့်မယ်"
ဤကာလအတွင်း စီစဥ်ထားသမျှသာ ချောမွေ့စွာအောင်မြင်မည်ဆိုပါက အလယ်ပိုင်းဒေသ တစ်ခုလုံးကို ဝရုန်းသုန်ကားမွှေနှောက်ပစ်ဖို့ လုံလောက်ပေမည်။
ရှေးဟောင်းစွမ်းအားရှင်အများစုနှင့် ယဲ့ကျွင်းလင်သာ မရှိတော့လျှင် ခွင်းလွင်ကမ္ဘာသည်လည်း အနှစ်မပါသောကြက်ဥခွံနှင့်မခြားတော့။
စစ်ထူယန်က ခေါင်းညိတ်သည်။ "ပူးပေါင်းလုပ်ဆောင်ရတာ ဝမ်းသာပါတယ်"
သူတို့မျိုးနွယ်ချင်း အရင်က မည်သို့ပင်နက်နဲသောရန်ငြိုးများ ရှိခဲ့စေကာမူ ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးသည် ပန်းတိုင်တစ်ခုတည်းကို ဦးတည်ချီတက်နေကြခြင်းပင်။
ထို့ကြောင့် လတ်တလောတော့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမည်သာ။
ထို့နောက် လုံအော်ထျန်းအသွင်ဆောင်ထားသော သွေးအရှင်သည် ကောင်းကင်သို့ ပျံတက်သွားပြီး သွေးရောင်ကြယ်တံခွန်တစ်ခုအလား မိုးကုတ်စက်ဝိုင်းဆီသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
"သခင်လေး၊ ကျွန်တော်တို့ရော ဘာဆက်လုပ်ကြမလဲ..." တာပူက တွန့်ဆုတ်ဆုတ်မေးလိုက်သည်။
စစ်ထူယန်က လက်ကိုသာဝှေ့ယမ်းပြလိုက်သည်။ "မင်း သူ့ကို စောင့်ကြည့်နေလိုက်၊ ငါ့ကို ဘာမဆိုသတင်းပို့ပါ"
ထိုသို့ပြောပြီးနောက် သူသည်လည်း လက်ခနဲ ပျောက်ကွယ်သွားပြီး ဂနာမငြိမ်ဖြစ်နေသော တာပူကိုသာ တစ်ယောက်တည်းချန်ထားရစ်ခဲ့လိုက်၏။
"ကျွတ် ကျွတ်၊ ကျွန်သပေါက်လေး"
လုံအော်ထျန်းက လှောင်အိမ်ထဲမှ လှောင်ပြောင်လိုက်သည်။
တာပူသည် စိတ်ကိုတည်ငြိမ်အောင်ပြန်ထိန်းလိုက်ပြီး ရင်ဘတ်ကိုကော့ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "သခင်လေးရဲ့အမိန့်ကို မြေဝယ်မကျ နာခံပါ့မယ်"
စစ်ထူယန်မကြားလိုက်မိမည်ကို ကြောက်ရွံ့သည့်အလား နားကွဲမတတ် အော်ဟစ်နေခြင်းပင်။
လုံအော်ထျန်း: "..."
ဟုတ်ပါပြီ မင်းတို့ပဲနိုင်ပါတယ်။
ဟွမ်ကျင်းကျိုးပြည်နယ်။
ချင်းယန်မသေမျိုးအကြီးအကဲသည် မိမိ၏ရပ်တည်ချက်ကို စောစီးစွာပိုင်းဖြတ်ကာ သူ၏ သစ္စာစောင့်သိမှုကို ကြေညာခဲ့သောကြောင့် သူသည် ယာအိုမျိုးနွယ်များကြားတွင် စံနမူနာပြ ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့ပြီး ကြီးမားသော ဩဇာအာဏာကို ကိုင်စွဲထားနိုင်ခဲ့သည်။
သူ တည်ထောင်ခဲ့သော ချင်းယန် တာအိုနန်းတော်သည်လည်း ယာအိုမျိုးနွယ် အင်အားစုများကြားတွင် ခေါင်းဆောင်အင်အားစုအဖြစ် မယိမ်းမယိုင် ရပ်တည်လျက်ရှိ၏။
ထိုနေ့တွင် နေရောင် တောက်ပနေပြီး လေထုသည် လတ်ဆတ်မွှေးပျံ့လျက်။
ချင်းယန်မသေမျိုးအကြီးအကဲသည် အမြဲတမ်းလိုလို ခန်းမဆောင်တွင်သာ စတည်းချနေထိုင်တတ်ကာ တရားထိုင်ဖျာထက် တည်ငြိမ်စွာထိုင်လျက် အမွှေးတိုင်ကိုကိုင်ဆောင်၍ တရားစာများ တတွတ်တွတ်ရွတ်ဖတ်နေတတ်လေ့ရှိသည်။ ကြင်လင်သန့်ရှင်းသော တာအိုစွမ်းအင်ကို ပြန့်ပွားစေပြီး ယာအိုမျိုးနွယ် အများအပြားကို ဉာဏ်အလင်းပေးလျက် သူ့ဘဝကို အေးချမ်းစွာ ဆက်လက်ဖြတ်သန်းနေခဲ့သည်။
ခန်းမဆောင်အပြင်ဘက်တွင် များပြားလှသော ယာအိုမျိုးနွယ် သတ္တဝါများသည် ရွတ်ဖတ်ပူဇော်သံကို တည်ငြိမ်စွာ တလေးတစား နားစိုက်ထောင်နေကြသည်။ တစ်ခါတစ်ရံတွင် ကံကောင်းထောက်မသော ယာအိုမျိုးနွယ်ဝင်တစ်ဦးဦးမှ ရုတ်ချည်း ဉာဏ်အလင်းပွင့်လန်းမှုကို ကြုံတွေ့လိုက်ရပါက ဝမ်းမြောက်ဝမ်းသာ ပြုံးရွှင်သောမျက်နှာထားဖြင့် ခန်းမဆောင်ရှိရာသို့ ဦးတည်ဦးချပေလိမ့်မည်။
ချင်းယန်မသေမျိုးအကြီးအကဲ၏ ကိုယ်ကျိုးမကြည့်သော မျှတသင့်လျော်သည့် လုပ်ရပ်များကြောင့် ဟွမ်ကျင်းကျိုးပြည်နယ်ရှိ ယာအိုမျိုးနွယ်တစ်စုလုံး၏ အလုံးစုံသော ခွန်အားနှင့်ဉာဏ်ရည်သည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး အလယ်ပိုင်းဒေသ တစ်ခုလုံးရှိ အရည်အသွေးအမြင့်ဆုံး ယာအိုမျိုးနွယ်အဖွဲ့အစည်း အဖြစ်ပင် သတ်မှတ်ခံခဲ့ရ၏။
ဤအကြောင်းကြောင့်ပင် ချင်းယန်မသေမျိုးအကြီးအကဲသည် ခေတ်ပြိုင် ယာအိုမျိုးနွယ်များကြားတွင် အလွန်ကောင်းမွန်သော ဂုဏ်သတင်းဖြင့် မွှေးပျံ့ကျော်ကြားသည်။
သို့သော် ရှေးဟောင်း ယာအိုမျိုးနွယ်များကြားတွင်မူ သူ၏ ဂုဏ်သတင်းမှာ အတော်လေးညစ်နွမ်းလှပါ၏။
အမြဲတစေ ရန်ဖြစ်ပြဿနာလုပ်ချင်နေတတ်သော ဆောင့်ကြွားကြွားရှေးဟောင်းယာအိုများမှာ ချင်းယန်မသေမျိုးအကြီးအကဲ၏ သတင်းပို့တတ်သောပါးစပ်ကို အတော်လေးကြောက်လန့်နေရသည်ပင်။
သူတို့သာ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း၏ အာဏာတည်မြဲရေးတပ်ဖွဲ့ထံမှ ပြစ်ဒဏ်တံဆိပ်ကပ်ခံရကာ ဖမ်းဆီးချုပ်နှောင်ခံရပါက အသေမသတ်လျှင်တောင် ဒုက္ခိတအဖြစ် ပြန်ထွက်လာရမည်မလွဲပင်။
လက်ရှိအခိုက်အတန့်တွင်၊
ချင်းယန်မသေမျိုးအကြီးအကဲသည် သူ၏ ကိုယ်ပိုင် တာအိုကမ္ဘာထဲတွင် နစ်မြှုပ်နေဆဲ ဖြစ်သည်။
ရုတ်တရက် ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခုသည် နန်းဆောင်အနီးသို့ လျင်မြန်စွာ ချဉ်းကပ်လာကာ ကောင်းကင်ယံသည် မိုးခြိမ်းသံများ တရကြမ်းမြည်ဟည်းလျက် မှောင်မဲသော တိမ်တိုက်များလည်း လျှပ်စီးတလက်လက်ဖြင့် အုံ့မှိုင်းအိကျလာတော့၏။
"ဒီအကြီးအကဲရဲ့ တာအိုနယ်မြေကို ဘယ်သူကများ ကျူးကျော်ရဲတာလဲ"
ချင်းယန်မသေမျိုးအကြီးအကဲသည် မျက်လုံးများကိုအသာဖွင့်ကာ မကျေမနပ် အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
ယခင်ကဆိုလျှင် သူသည် တိုက်ရည်ခိုက်ရည်ထက် ဉာဏ်ရည်ကျင့်ကြံမှုကို ပိုမိုအားပြုသောကြောင့် ပြင်ပအန္တရာယ်ဝင်လာပါက သေချာပေါက် စိုးထိတ်ကြောက်လန့်မိမည်သာ။
သို့သော် ယခုတွင် အားကောင်းသော နောက်ခံတစ်ဦး ရှိနေခြင်းကြောင့် ချင်းယန်မသေမျိုးအကြီးအကဲသည် ဤဖိတ်ခေါ်ခြင်းမရှိ ရောက်ရှိလာသော ဧည့်သည်ကို ကြောက်ရွံ့ခြင်းအလျဥ်းမရှိ။
သူသည် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းမှ ကိုယ်တိုင်ကိုယ်ကျ ခန့်အပ်ထားသော စံနမူနာကောင်း ယာအိုတစ်ဦးဖြစ်သည်ကို လူတိုင်းသိထားရမည်။
သူ့ကို ဒုက္ခပေးသူတိုင်းသည် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို ဆန့်ကျင်နေခြင်းသာဖြစ်ပြီး လက်ရှိ မဟာမိတ်ခေါင်းဆောင်ယဲ့ကို ဆန့်ကျင်နေသည်ဟု အဓိပ္ပာယ်သက်ရောက်သည်။
ထို့ကြောင့် ယခင်လို ခေါင်းငုံ့ခံနေတော့မည်မဟုတ်သော ချင်းယန်မသေမျိုးအကြီးအကဲသည် တစ်ဖက်မှ သတ္တိကောင်းနေသောကျင့်ကြံသူအား စူးစမ်းချင်လာမိ၏။
အုံး
ကြောက်မက်ဖွယ် သွေးရောင်မိုးကြိုးတစ်ချက်သည် ခန်းမဆောင်တံခါးဝရှေ့တွင် အုံးခနဲပစ်ချလိုက်ပြီး အဖြူရောင် အငွေ့တန်းများအဖြစ်သို့ ပေါက်ကွဲသွားကာ စုဝေးနေသော ယာအိုများလည်း ထိတ်လန့်တကြား အာမေဋိတ်ပြုကုန်ကြ၏။
"ဟမ့် လူကြီးမင်းက ဒီအကြီးအကဲရှေ့မှာ ကြွားလုံးထုတ်ဖို့ ကြိုးစားနေတာပါလား"
"ဒီလုပ်ရပ်အတွက် ဒီအကြီးအကဲကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်မပေးရင် ဒီကိစ္စကို မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို ချက်ချင်းအစီရင်ခံပြီး ရာဇဝတ်သားအဖြစ် သတ်မှတ်ခံရမယ်ဆိုတာ သိထားပါ"
ချင်းယန်မသေမျိုးအကြီးအကဲသည် ထင်းရှူးပင်ကဲ့သို့ ဖြောင့်တန်းနေသောနောက်ကျောဖြင့် မတ်မတ်ထရပ်လိုက်ပြီး လက်များကိုအနောက်သို့ပစ်ကာ တစ်ဖက်လူအား ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုလာ၏။
မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းတွင် လိုက်နာရမည့် ဥပဒေစည်းမျဥ်းများ တင်းကျပ်စွာထားရှိပြီး အမြဲတစေ အရေးယူ အကောင်အထည်ဖော်လေ့ရှိသည်ကို လူတိုင်း ကောင်းစွာသိရှိထားသည်။ ထို့ကြောင့် ချင်းယန်မသေမျိုးအကြီးအကဲသည် မိမိကိုယ်ကိုကာကွယ်ရန် ဥပဒေစည်းမျဥ်းများအား ရဲရဲဝံ့ဝံ့ အသုံးပြုပြောဆိုနိုင်ခြင်းပင်။
အဖြူရောင်အငွေ့တန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ထွားကျိုင်းပြီး ခမ်းနားသော ပုံသဏ္ဌာန်တစ်ခု ပေါ်လွင်လာတော့၏။
ထိုသူ၏ ဆံပင်နက်များသည် လေထဲ၌ လွင့်ခါနေလျက်ရှိကာ နဖူးထိပ်တွင် ဦးချိုနက်နှစ်ချောင်း ပါရှိသည်။ မျက်နှာသွင်ပြင်သည် စကျင်ကျောက်အား ထွင်းထုထားသကဲ့သို့ အချိုးအစားပြေပြစ်စွာ ကြည့်ကောင်းလှကာ တောင့်တင်းသန်မာသော လက်မောင်းများနှင့် ရင်ဘတ်များတွင် သြဇာအာဏာအပြည့်ရှိသော နဂါးအကြေးခွံများ ဖုံးလွှမ်းလျက်ရှိသည်။ အနောက်တွင် ထူထဲသောနဂါးအမြှီးတစ်ချောင်းက ယိမ်းနွဲ့လျက်။
ထိုအရပ်ရှည်ရှည် နဂါးလူသားသည် နှုတ်ခမ်းတို့က ခပ်ညစ်ညစ်တွန့်ကွေးလျက် လက်နှစ်ဖက်ကိုအနောက်ပစ်ကာ ရပ်နေသည်။ ထို့နောက် မထီမဲ့မြင်လေသံဖြင့် စကားဆိုလာ၏။
"မင်းပြောနေတာ ငါ့ကိုလား"
"ဟိုက်"
ချင်းယန်မသေမျိုးအကြီးအကဲ၏ မျက်လုံးများသည် အပြင်သို့ ထွက်ကျတော့မတတ် ပြူးကျယ်သွားရ၏။
ရောက်လာသူသည် မည်သူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ကြောက်လန့်လွန်း၍ နှလုံးပင်ရပ်လုနီးပါးဖြစ်သွားရသည်။
ဒီမိစ္ဆာကောင်က ဘယ်လိုလုပ် ငါ့နန်းတော်ကို ဒုတ်ဒုတ်ထိရောက်လာရတာလဲ။
ချင်းယန်မသေမျိုးအကြီးအကဲသည် ထိုနဂါလူသားမှ မဟာမိတ်ခေါင်းဆောင်ယဲ့နှင့် သိုင်းကွက်ပေါင်း ရာနှင့်ချီ၍ တိုက်ခိုက်ခဲ့ပြီးမှ ရှုံးနိမ့်ခဲ့သည်ဆိုသော အတွင်းသတင်းကို ကြားခဲ့ရသည်။
ရှုံးနိမ့်ခဲ့သော်လည်း သူ၏ ဩဇာအာဏာကတော့ မကျဆင်းသေးပေ။
ထိုသို့သောပုဂ္ဂိုလ်နှင့် ထိုသို့ပြင်းထန်သော တိုက်ပွဲကို လက်ရည်ယှဥ်တိုက်ခိုက်နိုင်ခြင်းသည်ကား စော်ကားဝံ့စရာမဟုတ်သော ဂုဏ်သတင်းကို ကိုယ်စားပြုပြီးနေပြီဖြစ်၏။
အပြင်လောကအတွက်မူ လုံအော်ထျန်းသည် မဟာမိတ်ခေါင်းဆောင်ယဲ့ပြီးလျှင် ဒုတိယလိုက်သော ပြိုင်ဘက်ကင်းစွမ်းအားရှင် ဖြစ်လေသည်။
ဆိုလိုသည်မှာ ထိုသူသည် ကမ္ဘာပေါ်တွင် ဒုတိယ အစွမ်းအထက်ဆုံး ဖြစ်သည်။
ထိုသို့ထူးခြားသော စွမ်းအားရှင်မျိုးကို မဟာမိတ်ခေါင်းဆောင်ယဲ့ ကိုယ်တိုင် ကြားဝင်ကိုင်တွယ်ဖြေရှင်းခြင်းမရှိလျှင် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း တစ်ခုလုံးပေါင်းလျှင်သော်မှ ထိုသူကိုဖိနှိပ်နိုင်မည်မဟုတ်။
ထိုအကြောင်းကြောင်းများကြောင့် ချင်းယန်မသေမျိုးအကြီးအကဲ ဤမျှထိတ်လန့်သွားရခြင်းပင်။
သူတကယ်ကို ကြောက်လန့်မိပါသည်။
"နဂါးတာအိုမိတ်ဆွေပါလား၊ ဒီအထိ ခရီးကြွရောက်လာကာ ဂုဏ်ယူစရာကောင်းလိုက်လေဗျာ။ ကျုပ် အပြင်ကအိမ်မြှောင်တွေက ဒီနေ့ဘာလို့ အရမ်းအော်နေကြပါလိမ့်လို့ စဉ်းစားနေသေးတာ"
ချင်းယန်မသေမျိုးအကြီးအကဲမှာ အကြီးအကဲတစ်ဦး၏အမူအရာပင် မရှိလေတော့ဘဲ ချက်ချင်းပင် ကျိုးနွံစွာ ခါးကိုကိုင်းညွှတ်၍ လက်နှစ်ဖက်ကို စိုးရိမ်တကြီးပွတ်သပ်ရင်း မျက်နှာပေါ်တွင် အစွမ်းကုန်မျက်နှာချိုသွေးထားသော အပြုံးတစ်ခုကို တပ်ဆင်ထားသည်။
ဤအခြေအနေတွင် မာနကြီးပြလို့မဖြစ်။
ဤအခြေအနေတွင် မဟာမိတ်အဖွဲ့အစည်း၏ ဥပဒေများအကြောင်း ထုတ်ပြောလို့မဖြစ်။
ဥပဒေဆိုသည်မှာ အင်အားနည်းသူများအား ဖိနှိပ်ချုပ်ကိုင်ရန် အင်အားကြီးသူများက ရေးဆွဲထားသော တစ်ဖက်သတ်စည်းမျဥ်းများသာဖြစ်၏။
သူ့အရှေ့ရှိနဂါးသည် ထိုဥပဒေများထက် သာလွန်သောအစွမ်းကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ သတင်းပို့တိုင်တန်းလည်း ဘာမှထူးခြားမည်မဟုတ်။
ချင်းယန်မသေမျိုးအကြီးအကဲ အထိတ်လန့်ဆုံးအချက်မှာ လုံအော်ထျန်း၏ စိတ်နေစိတ်ထားပင်။ ထိုသူ၏ စိတ်အခြေအနေမှာ အလွန်ခန့်မှန်းရခက်ကြောင်း သူ ကြားသိခဲ့ရဖူးသောကြောင့် တစ်ဖက်လူထုတ်ပြလာမည့် မျှော်လင့်မထားသောအပြုအမူများအား ကြိုတင်တွေးကြောက်နေရလေသည်။
သွေးအရှင်သည် တစ်ချက်လှောင်ရယ်ကာ ခန်းမဆောင်ထဲသို့ ခြေချလိုက်သည်။
"နဂါးတာအိုမိတ်ဆွေ၊ အရှင်..." ချင်းယန်မသေမျိုးအကြီးအကဲသည် ခေါင်းကိုတွင်တွင်ငုံ့လျက် မော့ကြည့်ဖို့ပင်မဝံ့ရဲဘဲ ချွေးသီးချွေးပေါက်များလည်း တတောက်တောက်စီးကျနေသည်။
သွေးအရှင်၏ မျက်လုံးများက တဖျတ်ဖျတ်လင်းလက်နေလျက်။
သူ မလာမီက အလယ်ပိုင်းဒေသရှိ အခြေအနေကို လေ့လာစုံစမ်းထားခဲ့ပြီး မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းမှ ကျောထောက်နောက်ခံပြုထားသော ချင်းယန်မသေမျိုးအကြီးအကဲတွင် ကျယ်ပြန့်သော ဩဇာအာဏာ လက်ကိုင်ထားနိုင်သည်ဟု ကြားသိခဲ့ရသည်။
ထို့ကြောင့် သူသည် ဤအဘိုးကြီးကို အသုံးချကာ မဟာမိတ်ခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ပွဲသတင်းကို ဖြန့်ဝေမည်ဖြစ်ပြီးပြီး ဟွမ်ကျင်းကျိုးပြည်နယ်တွင် နောက်ဆုံးပိတ်ယှဥ်ပြိုင်မှုကို ကျင်းပမည်ဖြစ်၏။
"အဘိုးကြီး ခင်ဗျားကျုပ်ကို မကြိုဆိုချင်တာ သိပါတယ်။" လုံအော်ထျန်း အယောင်ဆောင်ထားသော သွေးအရှင်သည် တစ်ဖက်လူ၏ပုခုံးကိုလှမ်းပုတ်လျက် မထီမဲ့မြင်ဆိုသည်။
ပုခုံးလေးတစ်ချက်ပုတ်လိုက်ရုံမျှဖြင့် ချင်းယန်အကြီးအကဲ တုန်တက်သွားရပြီး နေရာတွင် ဒူးထောက်အသနားခံမိတော့မတတ် ဖြစ်သွားရသည်။
ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိန်းမရအောင် တဆတ်ဆတ်တုန်ယင်လျက်။
"နဂါး... နဂါး တာအိုမိတ်ဆွေ၊ ကျွန်တော့်မှာ အဲ့လိုစိတ်လုံးဝမရှိပါဘူး"
ချင်းယန်မသေမျိုးအကြီးအကဲက ရှည်လျားစွာမေးခွန်းထုတ်လာသည်။ "ကျွန်တော် အရမ်းအံ့သြနေမိလို့ပါ။ ဘာလို့ အရှင်က ဘာအကြောင်းမှမရှိဘဲ ကျွန်တော့်တာအိုနယ်မြေကို ရုတ်တရက်ကြွရောက်လာရတာလဲ၊ ကျွန်တော် အရှင်ကို ဘယ်နေရာမှာများ စိတ်ဆိုးအောင် လုပ်ခဲ့မိဖူးပါသလဲ စဥ်းစားမရလို့ပါ။"
"ဟဲဟဲ"
သွေးအရှင်မှာ သူတစ်ပါးစိတ်ဒုက္ခရောက်နေပုံကိုကြည့်ကာ အူမြူးလာပြီး လှောင်ပြောင်လိုက်သည်။ "စိတ်ဆိုးအောင်လုပ်ဖူးတာတော့ မရှိပါဘူး၊ ဒါပေမဲ့ မင်းငါ့စကားကို နားမထောင်ဘူးဆိုရင်တော့ စိတ်ဆိုးစရာတွေ ရှိလာမယ်ထင်တယ်"
"အရှင်... အရှင့်မှာ ဘာညွှန်ကြားချက်တွေ ရှိပါသလဲ။ ကျွန်တော် လုပ်နိုင်သမျှ သေချာပေါက် အစွမ်းကုန် လုပ်ဆောင်ပေးပါ့မယ်။" အဓိကအချက်ကို ဖမ်းဆုပ်လိုက်မိသော် ချင်းယန်မသေမျိုးအကြီးအကဲသည် အလောတကြီး သဘောတူလာသည်။
"ကောင်းပြီ၊ ငါဒီမှာ ယဲ့ကျွင်းလင်ကိုစိန်ခေါ်ဖို့ အထူးပြိုင်ပွဲတစ်ခု သတ်မှတ်ကြေညာချင်တယ်။ မင်း ငါ့အတွက် သတင်းဖြန့်ပေးပါ၊ ပွဲစဉ်အချိန်ကတော့ နောက်သုံးလအကြာလို့ သတ်မှတ်လိုက်ရအောင်"
သွေးအရှင်၏ လေသံသည် မေးခွန်းပြန်ထုတ်စရာမရှိအောင် ပြတ်သား၏။
ထိုစကားကို ကြားသောအခါ ချင်းယန်မသေမျိုးအကြီးအကဲ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံနိုင်စွာ ကြောင်တက်တက်ငေးမောနေမိသည်။
ဘာတွေဖြစ်နေတာလဲ။
အရင်သင်ခန်းစာက မလုံလောက်သေးဘူးလား။ မဟာမိတ်ခေါင်းဆောင်ယဲ့ကို နောက်တစ်ခါ စိန်ခေါ်ချင်သေးတာလား။
ပြီးတော့ ဒီလောက်ခမ်းခမ်းနားနားကြီး တစ်လောကလုံးကို ကြေညာလိုက်ချင်သေးတာလား၊ မင်းရဲ့အရှက်သိက္ခာအတွက် လွတ်လမ်းလေးတောင် ချန်ထားမပေးတော့ဘူးလား။
ပြဿနာတော့ တက်လေပြီ။
သူသာ လုံအော်ထျန်းအမိန့်ကို နာခံလိုက်မည်ဆိုလျှင် ပြစ်မှုကျူးလွန်သူအဖြစ် သတ်မှတ်ခံရတော့မည်မဟုတ်လော။
ထိုအကြောင်းကို စဉ်းစားမိသောအခါ ချင်းယန်မသေမျိုးအကြီးအကဲသည် လျှို့ဝှက်စွာ ညည်းတွားလိုက်မိ၏။
ယာအိုတစ်ဦးရဲ့ဘဝမှာ အေးအေးချမ်းချမ်းနေဖို့ဆိုတာ သိပ်ကိုခက်ခဲတာပါပဲလား။