စနစ်ဆုလာဘ်အသစ်
Vol. 46 Ch. 632-b
"ဘာလဲ၊ မင်းကလုပ်မပေးချင်တာလား" သွေးအရှင်၏ လေသံက ပိုမို အေးစက်လာသည်။
ရွှပ်ခနဲတစ်ချက်တွင် တောင်ကြီးတစ်လုံးကဲ့သို့ လေးလံဖိစီးသော အရှိန်အဝါတစ်ခုသည် ချင်းယန်မသေမျိုးအကြီးအကဲကို ချက်ချင်း ဝန်းရံဖိနှိပ်လိုက်၏။
တစ်ဖက်မှအင်အားပြလာချိန်တွင် ချင်းယန်အကြီးအကဲလည်း ငြင်းဆန်ဖို့မရဲစွာ ချွေးသံရွှဲရွှဲဖြင့် ဝပ်တွားလျက် ထပ်ခါတလဲလဲ ပြောလိုက်ရသည်။
"အရှင်၊ ဒေါသကိုလျှော့ပါ၊ ညွှန်ကြားတဲ့အတိုင်း အကုန်တသွေမတိမ်းလုပ်ပေးပါ့မယ်"
"ဒီလောက်တော့နားလည်တတ်လို့ တော်သေးတာပေါ့ အဘိုးကြီး"
သွေးအရှင်သည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ ကြိမ်းမောင်းလိုက်ပြီး သူ့မျက်လုံးထဲတွင် ကောက်ကျစ်သောအကြည့်တစ်ခုက လက်ခနဲဖြတ်ပြေးသွားသည်။
ဤသတင်း ပျံ့နှံ့သွားသည်နှင့်တပြိုင်နက် ပြင်ပလောကတွင် ဖြစ်ပေါ်လာမည့် ဝရုန်းသုန်းကားလှုပ်ခတ်မှုများကို သူအကြီးအကျယ် မျှော်လင့်နေမိလေပြီ။
မကြာမီတွင်၊
ချင်းယန်မသေမျိုးအကြီးအကဲသည် လုံအော်ထျန်း၏အမည်ဖြင့် မဟာမိတ်ခေါင်းဆောင် ရာထူးအတွက် သုံးလအကြာတွင် ယှဉ်ပြိုင်ပွဲကျင်းပမည်ဟု လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့သည်။ တစ်ဦးချင်းစိန်ခေါ်မှု ပြိုင်ပွဲပင်။
အုံး
ထိုကြေညာချက်ကို ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက်၊
မူလက စနစ်တကျနှင့် ငြိမ်းချမ်းသေဝပ်စွာ စည်ပင်လည်ပတ်နေခဲ့သော အလယ်ပိုင်းဒေသသည် တည်ငြိမ်နေသော ကန်ရေပြင်အလယ် ကျောက်တုံးကြီးတစ်လုံး ပြုတ်ကျသွားခဲ့သကဲ့သို့ လှိုင်းလုံးကြီးများ ဘောင်ဘတ်ခတ်ပျံ့နှံ့သွားပေတော့၏။
ကျင့်ကြံသူများအားလုံး အလွန်ပင်အံ့အားသင့်ကုန်ကြသည်။
လုံအော်ထျန်းဆိုတာ ဘယ်သူမလို့လဲ။
မဟာမိတ်ခေါင်းဆောင်ယဲ့ပြီးလျှင် အစွမ်းထက်ဆုံးဟု သတ်မှတ်ခြင်းခံထားရသော သတ္တဝါ။
ပြီးခဲ့သည့်တစ်ကြိမ်က ထိုသူ ရွှယ်ထျန်းသူတော်စင်နယ်မြေသို့ စိန်ခေါ်ရန် သွားရောက်ခဲ့ရာ ပြင်းထန်သော တိုက်ပွဲအပြီးတွင် အလူးအလဲ ရှုံးနိမ့်ထွက်ပြေးခဲ့ရကြောင်း အခိုင်အမာ ကြားသိထားကြသည်။ ထိုသို့ပင်ဖြစ်လင့်ကစား လက်ရည်ညီသောတိုက်ပွဲတွင် ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်ခဲ့ခြင်းသာဖြစ်ရာ ဤကမ္ဘာတွင် ဒုတိယအစွမ်းအထက်ဆုံးသော နာမည်ဂုဏ်ပုဒ်ကို ချန်ရစ်ထားနိုင်ခဲ့သည်။
မူလက သူတို့အမြင်တွင် လုံအော်ထျန်းတစ်ယောက် သင်ခန်းစာကောင်းကောင်းပေးခံလိုက်ရပြီး မာန်စွယ်ကျိုးကာ ငြိမ်ကျသွားလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း မကြာသေးလိုက်သော အချိန်အတွင်းမှာပင် ဤသို့ဂယက်တစ်ခုကို ပြန်လည်ဖန်တီးလိမ့်မည်ဟု မထင်ခဲ့မိပေ။
ထိုသူသည် မဟာမိတ်ခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်စိန်ခေါ်ပွဲကို လူသိရှင်ကြား တိုက်ရိုက်ကြေညာခဲ့ပြီး လက်ရှိ မဟာမိတ်ခေါင်းဆောင်ယဲ့ကို နာမည်တပ်၍ပင် အထူးတလည်ကြေညာခဲ့ခြင်းဖြစ်၏။
လူအများသည် လုံအော်ထျန်း၏ ပုံမှန်မဟုတ်သော အလောတကြီးပြုမူပုံကြောင့် မဟာမိတ်ခေါင်းဆောင်ကို ပလ္လင်ထက်မှ သေချာပေါက်ဆွဲချဖို့အတွက် အားကိုးစရာတစ်ခုခု ရှိနေ၍ပေလားဟု စတင်မှန်းဆတွေးတောလာကြသည်။
ထိုသူသာ တကယ်တမ်း နေရာအလှည့်အပြောင်းလုပ်နိုင်ခဲ့ပါက မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းသည် ပြောင်းလဲမှုအကြီးကြီးကို ထိပ်တိုက်ရင်ဆိုင်ရပေတော့မည်။
"ထူးဆန်းတယ်၊ လုံအော်ထျန်းတစ်ယောက် စိတ်လိုက်မာန်ပါလျှောက်လုပ်နေတာလား၊ ဒါမှမဟုတ် အားကိုးစရာတစ်ခုခုများ ရှိနေတာလား"
"မဟာမိတ်ခေါင်းဆောင်ယဲ့ကို တည့်တည့်ကြီးပစ်မှတ်ထားပြီး နှစ်ဦးကြားပြိုင်ပွဲကို ဒီလိုခမ်းခမ်းနားနားကြီးကျင်းပချင်တာက သိပ်တော့ရိုးရှင်းလိမ့်မယ်လို့မထင်ဘူး"
"ဟမ့် ဘာပဲဖြစ်ဖြစ် ငါကတော့ မဟာမိတ်ခေါင်းဆောင်ယဲ့ဘက်ပဲ"
"ငါရောပဲ"
အသံလွှင့်သလင်းကျောက်ဌာနမှ ထိုအံ့သြထိတ်လန့်ဖွယ်သတင်းထူးကို ထုတ်လွှင့်ကြေညာလိုက်သည်နှင့်တစ်ပြိုင်နက် အလယ်ပိုင်းဒေသတစ်ခွင်ရှိ တာအိုပြည်နယ်များအားလုံး တစ်ယောက်မကျန်ကြားသိလိုက်ရကာ ကျားမကြီးငယ်မရွေး ပူပြင်းတက်ကြွစွာ ဆွေးနွေးငြင်းခုန်ကြလေတော့၏။ လတ်တလောတွင် ရေပန်းအစားဆုံး သတင်းတစ်ခုဖြစ်နေတော့မည် အသေအချာပင်။
"ဒီလုံအော်ထျန်းကတော့ ရသွားတဲ့ဒဏ်ရာလေး ကျက်သွားပြီဆိုတာနဲ့ ခံခဲ့ရတဲ့ဒဏ်ကို တန်းမေ့သွားပုံပဲ"
ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်တစ်ယောက်က စားပွဲကိုခပ်ပြင်းပြင်းရိုက်ချကာ ဒေါသတကြီး ဟစ်အော်လိုက်သည်။
"အမိန့်နာခံစမ်း၊ ဒီည ငါတို့ဂိုဏ်းညီကိုတွေအားလုံး မဟာမိတ်ခေါင်းဆောင်ယဲ့ကို အားပေးထောက်ခံဖို့အတွက် နဂါးအဆင့်ဝန်ဆောင်မှု မှာကြားတည်ခင်းကြမယ်"
"ဂိုဏ်းချုပ်ကတော့ ဉာဏ်ပညာနဲ့ ပြည့်စုံလှပါပေတယ်"
ငယ်သားများက စိတ်လှုပ်ရှားစွာ အော်ဟစ်ကြသည်။
နဂါးဆိုသည့်နာမည်ပါလာတိုင်း ဂိုဏ်းချုပ်က နဂါးဝန်ဆောင်မှုနှင့်ဆက်စပ်ကာ မကြာမကြာငွေကုန်ကြေးကျခံနေသည့်အတွက် သူတို့အတွက်တော့ အသားလွတ် ပွပေါက်တိုးခြင်းသာ။
ယီဟုန်ယွမ်ကဲ့သို့သော ဖျော်ဖြေရေးအဖွဲ့များဆိုလျှင် ယနေ့ညစင်မြင့်ထက် တိုက်ပွဲပြဇာတ်များ ဖျော်ဖြေကပြကုန်တော့မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းလို့ပင်ရနေလေပြီ။
နဂါးဝန်ဆောင်မှုနှင့် နဂါးတိုက်ပွဲပြဇာတ်များအကြောင်း လုံအော်ထျန်းသာကြားသိလျှင် ယမ်းပုံမီးကျ ဒေါသထွက်ပေရော့မည်။
မင်းတို့ကောင်တွေ ကျပ်မပြည့်ကြဘူးလား။
နဂါးအဆင့် ဝန်ဆောင်မှုလိုချင်တာများ ကိုယ့်အကြောင်းနဲ့ကိုယ်မှာလို့မရဘူးလား။
ငါတို့ရဲ့မြင့်မြတ်တဲ့ နတ်နဂါးမျိုးနွယ်နဲ့ မင်းတို့တည်းခိုခန်းက နဂါးဝန်ဆောင်မှုက ဘယ်တုန်းကများဆက်စပ်သွားတာလဲကွ။
ထိုအချိန်တွင်၊
မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းသည်လည်း စိတ်ဖိစီးနေကြလျက်ရှိသည်။
ယုတ္တိရှိရှိ ဆိုရလျှင် ဤကဲ့သို့ လူသိရှင်ကြား စစ်ကြေညာချက်တစ်ခုကို ခေါင်းဆောင်ဖြစ်သူ၏နာမည်ဖြင့် ထုတ်ပြန်ခံရပြီးနောက်တွင် မဟာမိတ်အဖွဲ့အစည်းအတွင်းရှိ သက်ဆိုင်ရာအဖွဲ့ဝင်များသည် တမုဟုတ်ချင်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်လေပြီ။
ထိုကြေညာချက်နောက်ကွယ်တွင် ပါဝင်နေသောလူတိုင်းကို ရှာဖွေစစ်ဆေး၍ ဖမ်းဆီးအပြစ်ပေးခြင်းပဲဖြစ်ဖြစ် ပြုလုပ်ရမည်မဟုတ်လော။ စိန်ခေါ်ခံရသည်မှာ သူတို့၏အထွဋ်အမြတ်ထားရာ မဟာမိတ်ခေါင်းဆောင်ကြီး ယဲ့ကျွင်းလင်ပင် မဟုတ်ပါလော။
သို့သော် ပြဿနာမှာ တစ်ဖက်ပြိုင်ဘက်သည်ကား ထိုကြောက်မက်ဖွယ် နဂါးအရှင်ဖြစ်နေခြင်းပင်။
လုံအော်ထျန်း၏စွမ်းရည်စွမ်းအား မည်မျှကြောက်စရာကောင်းကြောင်း သူတို့အားလုံး မျက်ဝါးထင်ထင် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပြီးလေပြီ။ ဤနယ်တစ်ခွင်တွင် မဟာမိတ်ခေါင်းဆောင်ယဲ့ပြီးလျှင် ဒုတိယလိုက်သော ပြိုင်ဘက်ကင်းစွမ်းအားရှင်။
ထိုအဆင့်ထက်မှ တည်ရှိမှုတစ်ခုကို သူတို့လည်း အာဏာတံဆိပ်တုံးပြကာ လက်လွတ်စပယ် သွားရောက်ထိပါးရန်ပြုခြင်းမပြုဝံ့။
လုံအော်ထျန်းကိုဝရမ်းထုတ်ကာ ဖမ်းဆီးဖို့အဖွဲ့တစ်ဖွဲ့ပြင်လိုက်မည်ဆိုလျှင် နောက်ဆက်တွဲပြဿနာများက ပိုလို့ဆိုးရွားပေတော့မည်။
အရေးကြီးဆုံးတစ်ချက်မှာ ဤတစ်ဦးချင်းယှဥ်ပြိုင်ပွဲကို လုံအော်ထျန်းကအနိုင်ရရှိသွားပါလျှင် ထိုသူသည် မဟာမိတ်ခေါင်းဆောင်နေရာကို လက်လွှဲယူပေတော့မည်။ ထို့ကြောင့် လူအများစုမှာ အခြေအနေကို နောက်ကွယ်မှ အသာစောင့်ကြည့်ကာ ဘာတစ်ခုမှ ပေါ်ပေါ်ထင်ထင် ဝင်ပြောရဲခြင်းမရှိကြသေး။
ရွှယ်ထျန်းသူတော်စင်နယ်မြေတွင်၊
လီဝူကျယ်သည် ခါးထက်ချိတ်ထားသောဓားကောက်ရှည်ကို ဒေါသတကြီးဆွဲထုတ်လိုက်ကာ စားပွဲကိုနှစ်ပိုင်းပိုင်းချလိုက်၏။
"ချီးပဲ၊ အဲ့ဒီလုံအော်ထျန်းက အတော်မောက်မာချင်နေတာပဲ၊ မကြာသေးခင်ကမှ ငါတို့ဆရာသခင်ဆီက မထနိုင်အောင်ရိုက်နှက်ခံလိုက်ရပြီး အခုတော့ပြန်ပြီးတော့တောင် စိန်ခေါ်ချင်နေပြီပေါ့။ ငါတို့ကိုနာမည်တပ်ပြီးတော့ပါ လူသိရှင်ကြား စိန်ခေါ်ရဲသေးတာ"
"ဒဏ်ရာပျောက်သွားတာနဲ့ အရိုက်ခံခဲ့ရတဲ့ အတိတ်ကိုပါမေ့သွားပုံပဲ၊ သူ့ကိုယ်သူ ဘာများလုပ်နိုင်ဦးမယ်ထင်နေတာလဲ ဟမ်"
"ငါ့ကိုလာမေးရင်တော့ အဲ့ကောင်ကို အခုချက်ချင်းသွားဆွဲခေါ်လာပြီး ဒီနေရာမှဒူးထောက်ချ၊ အပြစ်ဝန်ခံတောင်းပန်ခိုင်းသင့်တယ်လို့ ဖြေမှာပဲ"
ထိုကြိမ်းဝါးသံကိုကြားသော်၊
ကျန်သူများက သူ့ကို အထူးတဆန်းလှည့်ကြည့်လာသည်။ အံမယ် ဟုတ်လှချည်လား။
ငါတို့သာ သူ့ကိုသွားပြီးဆွဲခေါ်ဖို့ အရည်အချင်းပြည့်မီမယ်ဆိုရင် မင်းအဲ့နားမှာ လေကြီးဖင်ကျယ်လုပ်နေနိုင်ဦးမယ်ထင်လား။
စန်းလန်ကျွင်းသည် လက်ကိုင်ပုဝါတစ်ထည်ထုတ်ကာ နာမည်ကြားရုံဖြင့်စိမ့်ထွက်လာသော ချွေးအေးများကို သုတ်သင်ရင်း တဟီးဟီးရယ်သည်။
"မင်းတို့ကောင်တွေ သွားကြလေ၊ ငါတော့မလိုက်တော့ဘူး၊ ဒီရက်ပိုင်း အစားအသောက်များပြီး အစာမကြေဘူးထင်ပါရဲ့ကွာ၊ ဗိုက်သိပ်မကောင်းလို့"
ရွှယ်ထျန်းသူတော်စင်သခင် ကျန်းထျန်းမင်ကလည်း အလေးအနက်ပြောလာသည်။
"အကြီးအကဲမသွားရင် ကျွန်တော်လည်းမသွားတော့ပါဘူး၊ ဂိုဏ်းကိစ္စတွေက တအားရှုပ်ထွေးလွန်းလို့ နေရာခဏလပ်လို့တောင်မဖြစ်ဘူးဗျာ"
လင်တုရှိုကလည်း ရိုးသားစစ်မှန်စွာ ဝင်ပြောလာသည်။ "သူတော်စင်သခင်မသွားဘူးဆိုရင် ဒီတပည့်လည်းမလိုက်တော့ပါဘူးခင်ဗျာ၊ ဒီမှာပဲကျန်နေခဲ့ပြီး အတူကူညီလုပ်ကိုင်ပေးပါ့မယ်"
"စိတ်မကောင်းပါဘူးကွာ၊ ငါ့မွေးမြူရေးခြံထဲက ခုနှစ်ရောင်ချီ ဖီးနစ်အမြီးကြက်ကလေးကလည်း တလောကမှဥဥထားလို့၊ သူဥနေတဲ့အချိန် ငါကဘေးမှာရှိပေးနေဖို့လိုလို့ပါ။ ဒီတစ်ခေါက်တော့ တခြားကလေးတွေကိုပဲ နေရာပေးလိုက်ရမယ်နဲ့တူပါရဲ့"
လျိုချင်းမင်က ခေါင်းကိုခပ်ဖြည်းဖြည်းခါယမ်းကာ စိတ်မကောင်းသလို သက်ပြင်းချလျက်ဆိုသည်။
ကောင်းပုလီကလည်း အတူသက်ပြင်းလိုက်ချလာ၏။ "အေးကွာ ငါလည်းအသက်ကြီးနေပြီဆိုတော့ လှုပ်လှုပ်ရှားရှားမလုပ်နိုင်တော့ဘူး၊ စိတ်ထဲကတော့ အားပေးနေမယ်နော်"
လီဝူကျယ်: "…"
ဟေး ဟေး၊ ဆင်ခြေပေးချင်တယ်ဆိုလည်း အဲ့လောက်ကြီးမသိသာကြနဲ့လေ။
အထူးသဖြင့် ခင်ဗျား လျိုချင်းမင်၊ ကြက်ကဥဥတာကို သခင်ကဘေးမှာအဖော်လုပ်ပေးနေရမယ်လို့ ကျုပ်ဖြင့် တစ်ခါမှမကြားဖူးဘူး။
ခင်ဗျားနဲ့ရတဲ့ဥတွေမလို့လား။
ချီးတဲ့မှ
ခဏတာမျှ အတွင်းစိတ်ထဲ ဆူညံပွက်လောရိုက်အောင် ပြစ်တင်နေပြီး လီဝူကျယ်လည်း ရှက်ကိုးရှက်ကန်းဖြင့် ထုတ်ထားသောဓားကို ဓားအိမ်ထဲအသာပြန်ထည့်လိုက်သည်။
"ခင်ဗျားတို့အကုန်မလိုက်ကြဘူးဆိုတော့ ကျွန်တော်လည်း မသွားတော့ပါဘူး"
သူ့တွင် မသေမျိုးဧကရာဇ်တစ်ယောက်ကို ခုတ်ပိုင်းဖြိုလဲနိုင်သည့်အင်အား ပိုင်ဆိုင်ထားပြီဆိုသော်ငြား လုံအော်ထျန်းလို မကောင်းဆိုးဝါးတစ်ကောင်ကို ရင်ဆိုင်ရတော့မည်ဆိုလျှင် ကြားထဲတွင် မကျော်လွှားနိုင်သောကွာဟချက်တစ်ခု ရှိနေမည်ဖြစ်ကြောင်း သူကောင်းကောင်းသိပါသည်။ သူ၏အားသာချက်ဖြစ်သော ရူးသွပ်နတ်ဆိုးသွေးကို ထုတ်သုံးလျှင်ပင် ထိုကွာဟချက်အား ဖြည့်ဆည်းနိုင်မည်မဟုတ်။
"မလုပ်နိုင်ဘူးဆိုလည်း လေမကြီးနဲ့လေ"
လီဝူကျယ်၏ ရှက်ကိုးရှက်ကန်းအသွင်ကိုမြင်သော် ဟုန်ချန်ယဲ့က လှမ်းသရော်လာသည်။
ထိုစကားကိုကြားသော် ငြိမ်ကျသွားသောလီဝူကျယ်မှာ ဝုန်းခနဲပြန်ထတောက်လာတော့၏။
"မင်းကများ ဒီစကားမျိုးပြောရဲသေးတယ်ပေါ့၊ မင်းသာ လုံအော်ထျန်းကိုလွှတ်ပေးဖို့ ဆရာသခင်ဆီ ဒူးဖက်မတောင်းပန်ခဲ့ရင် အဲ့ကောင်ဒီလိုမျိုး မာန်ကြွနေနိုင်ဦးမလားကွ"
ဟုန်ချန်ယဲ့၏မျက်လုံးများ ဖျတ်ခနဲ ဒေါသရောင်လက်သွားပြီး ဝတ်ရုံလက်စကို အားရပါးရခေါက်တင်ကာ ရှေ့တိုးလာလျက် မေးခွန်းထုတ်သည်။
"မင်းကအခု ငါ့အပြစ်လို့ပြောနေတာလား"
"မဟုတ်လို့လား ကျားကိုတောင်ပေါ်ပြန်လွှတ်လိုက်တာ မင်းပဲမဟုတ်လား"
"ဒီလောက်ဖြစ်ပြီးတာတောင် မင်းကြောင့်ဆိုတာ မစဥ်းစားတတ်သေးဘူးလား"
ဤသို့ဖြင့် မျက်နှာတစ်ပြင်လုံး နီရဲတက်လာသည်အထိ နှစ်ယောက်သား ဆက်လက်ငြင်းခုန်ကြတော့သည်။
"နားငြီးတယ် နှစ်ကောင်လုံးပါးစပ်ပိတ်"
ယဲ့ကျွင်းလင် နားထောင်ရင်းစိတ်တိုလာဟန်ဖြင့် ထိုင်ခုံထက်မှဆတ်ခနဲထရပ်ကာ ပိတ်အော်လိုက်သည်။
ဟုတ်ခနဲ ငြိမ်ကျသွားလေတော့၏။
ထို့နောက် ဘေးပတ်ပတ်လည်ရှိလူအကုန်ကို လှည့်ပတ်ကြည့်ပြီး ယဲ့ကျွင်းလင် ဒေါသတကြီးကြိမ်းမောင်းလိုက်သည်။
"အဲ့လောက်ဖြစ်နေကြဖို့လိုလား၊ ငါတောင်မစိုးရိမ်ရသေးဘူး မင်းတို့ကောင်တွေက ဘာလို့အဲ့လောက်ကြောက်နေကြတာလဲ"
"နောက်ပြီး ရှောင်လုံ့ကို ပြန်စိန်ခေါ်ဖို့ ငါကိုယ်တိုင်ခွင့်ပြုချက်ပေးခဲ့တာပဲ။ သူဒီတစ်ခေါက်လုပ်တာက နည်းနည်းကြီးကျယ်သွားရုံတင်ပါ"
လုံအော်ထျန်း၏ ရုတ်တရတ်ဆန်ဆန်စိန်ခေါ်မှုတွင် ယဲ့ကျွင်းလင် တအံ့တသြဖြစ်ရသလို ဝမ်းလည်းသာရ၏။
ဆိုသလိုသည်မှာ လုံအော်ထျန်းသည် ကျင့်ကြံဆင့်တက်လာ၍သာ သူ့ကိုစိန်ခေါ်ယှဥ်ပြိုင်ရဲခြင်းဖြစ်ပြီး သူကိုယ်တိုင်လည်း ထိုတိုက်ပွဲမှတစ်ဆင့် အမြတ်ထုတ်နိုင်တော့မည်ဟူ၍ပင်။
ပွဲကတော့ တော်တော်မိုက်နေပြီ။
လုံအော်ထျန်းကို ပြန်လွှတ်လိုက်သည့်ရည်ရွယ်ချက်မှာလည်း ကျင့်ကြံဆင့်ပြန်လည်တိုးတက်လာပြီး သူ့ကိုပါ တစ်ပါတည်းဆွဲခေါ်သွားပေးနိုင်ဖို့ မဟုတ်ပေလော။
သို့သော် ဤကြေညာထုတ်ပြန်ချက်ကတော့ အတော်လေးခေါင်းစားစရာကောင်းသည်ဟု သူလည်းထင်မိ၏။ တစ်ကမ္ဘာလုံးကို အသိပေးချင်ရလောက်အောင် သူ့ကိုယ်သူ သေချာပေါက်နိုင်မယ်တွက်ထားတာလား။
မထွက်ခွာခင် ပြသသွားသော လေးစားရိုကျိုးဟန်အမူအရာကို ထည့်တွက်ရလျှင် ဤသို့တစ်ဖန်ပြန်လည်ရိုင်းစိုင်းသွားမည်ဟု မထင်လောက်စရာ။
အကြောင်းရင်းမည်မည်ရရမရှိပါသော်ငြား ယဲ့ကျွင်းလင်ကတော့ တစ်ခုခုမသင်္ကာစရာကောင်းနေသလို ခံစားမိဆဲဖြစ်၏။
ထို့နောက်၊
စနစ်၏သတိပေးသံတစ်ချက်ကို သူကြားလိုက်ရသည်။
"တင် ဆိုင်းအင်တာဝန်တစ်ခုကို အသက်သွင်းလိုက်နိုင်တဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်၊ သတ်မှတ်ထားတဲ့နေရာကို သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အရောက်သွားနိုင်ပြီဆိုတာနဲ့ ဆုလာဘ်ကို လက်ခံရရှိပါလိမ့်မယ်၊ ဆုလာဘ်ကတော့ ဆယ်ပတ်လည်မသေမျိုးစက်ဝန်းပဲ ဖြစ်ပါတယ်ရှင့်"
ဆုလာဘ်အကြောင်းကြားလိုက်ရချိန်တွင် ယဲ့ကျွင်းလင်ဆတ်ခနဲဖြစ်သွားသည်။ ထို့နောက် သူ့မျက်လုံးများ အရောင်တောက်လာတော့၏။