← Chapters

အကြံကိုယ်စီ

Vol. 46 Ch. 633

အကြံကိုယ်စီ

Vol. 46 Ch. 633

"ဒီတစ်ခါဆုလာဘ်က ဆယ်ပတ်လည်မသေမျိုးစက်ဝန်းဖြစ်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး"

လုံအော်ထျန်းနှင့် ကိုယ်တိုင်ကိုယ်ကျ တစ်ခါတိုက်ခိုက်ခဲ့ပြီးနောက်တွင် ဆယ်ပတ်လည်မသေမျိုးစက်ဝန်း၏တန်ဖိုးကို ယဲ့ကျွင်းလင် ကောင်းကောင်းသိရှိထားလေပြီ။

ကိုးပတ်လည်မသေမျိုးစက်ဝန်းသည်ပင် တစ်ဆင့်မျှကွာသော ဆယ်ပတ်လည်နှင့်နှိုင်းယှဥ်လျှင် ခွေးချီးအဆင့်မျှသာရှိ၏။

လယ်ဗယ်ကွာတယ်ဆိုတာ အဲ့ဒါပဲ။

မသေမျိုးဧကရာဇ်တစ်ပါးအနေဖြင့် အဆုံးစွန်သောနယ်ပယ်ကို ကျော်လွန်ဖောက်ထွက်နိုင်ခြင်းမှာ ငါးအဖြစ်မှ နဂါးအဖြစ်သို့ ကူးပြောင်းပုံသွင်းခံလိုက်ရသည့်အလား ပြိုင်ဘက်ကင်းတစ်ဦးဖြစ်စေဖို့ အကျိုးအမြတ်များစွာပေးစွမ်းနိုင်သည်။

အကောင်းဆုံးဆိုလျှင် အပြည့်အဝ အပြစ်အနာအဆာကင်းစင်သော အပြည့်စုံဆုံးကိုသာလိုချင်သည့် ယဲ့ကျွင်းလင်မှာတို့ ထိုဆုလာဘ်ကို အလွန်ခုံမင်တပ်မက်မိလေသည်။

OCD (အလွန်အကျွံ ပြည့်စုံချောမွေ့လိုသောလက္ခဏာ) ပိုင်ရှင်များ ဂိမ်းကစားသကဲ့သို့ပင် အပြည့်အစုံဖြစ်နေဖို့လိုအပ်သည်။ ကောင်းမွန်သည့်အရာဟူ၍ ဘာတစ်ခုမှ လစ်ဟာလွတ်ကင်းနေလို့မဖြစ်။

"လုံအော်ထျန်းက ဟွမ်ကျင်းကျိုးပြည်နယ်မှာ တစ်ဦးချင်းပြိုင်ပွဲကို အခြေစိုက်ကျင်းပမယ်လို့ ကြေညာထားတယ်။ သူ့နောက်ကနေ အကုန်စီစဥ်ထောက်ပံ့ပေးနေတဲ့လူက ချင်းယန်တာအိုနန်းတော်ရဲ့ နန်းတော်သခင်ပါတဲ့" လင်တုရှိုက သတင်းပေးလာသည်။

"ဟင် ငါမှတ်မိသလောက်ဆိုရင် အဲ့နန်းတော်က ချင်းယန်မသေမျိုးအကြီးအကဲရဲ့နယ်မြေမဟုတ်လား၊ ဆိုတော့ သူကလုံအော်ထျန်းနဲ့ပူးပေါင်းသွားပြီပေါ့။ ဒီလိုမှန်းသိရင် အဲ့ဆိတ်ကို စတွေ့ကတည်းကပေါ်ပြီး ဆရာတူအစ်မရှောင်ရှီးလက်စွမ်းနဲ့ ဆိတ်ကင်လုပ်ခိုင်းပစ်လိုက်ရမှာ"

လီဝူကျယ်က အံကြိတ်သံဖြင့် ကြိမ်းဝါးသည်။

"အဲ့လိုမပြောပါနဲ့၊ တာအိုရောင်းရင်းချင်းယန်လည်း ဖိအားပေးခံရပြန်ပြီနဲ့တူပါတယ်"

ကောင်းပုလီက သက်ပြင်းချပြီး ဝင်ရောက်ဖျောင်းဖျလာသည်။

"လုံအော်ထျန်းဆိုတဲ့ကောင်ကလည်း မွေးရာပါမာနကြီးတဲ့ကောင်၊ အရင်တစ်ခေါက်က မနိုင်တော့မှန်းသိလို့ အရှက်ကွဲခံလက်နက်ချသွားပြီး ကျင့်ကြံဆင့်မြင့်အောင် အပတ်တကုတ်ကြိုးပမ်းခဲ့ပုံပေါ်တယ်။ စစ်ပွဲကို ထင်းထင်းလင်းလင်းကြေညာလိုက်မှတော့ သူ့အတွက် နောက်ဆုတ်စရာလမ်းကို သူကိုယ်တိုင်ပိတ်လိုက်တဲ့သဘောပဲ၊ ဆိုလိုတာက အကြီးအကဲယဲ့ကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ချက်ရှိထားတယ်။ ဒီတိုက်ပွဲကတော့ သိပ်ပြီးနိမိတ်မကောင်းပေဘူး..."

ထိုသုံးသပ်ချက်ကိုကြားလိုက်ချိန်တွင် လီဝူကျယ်မှာ မကျေမနပ်ဖြင့် မျက်နှာကြီးမည်းသွားပြီး ပြန်ပြောသည်။ "အဘိုးကြီးကောင်း ခင်ဗျားဘာကိုဆိုလိုတာလဲ။ ကျုပ်ဆရာသခင် ရှုံးလိမ့်မယ်ဆိုတဲ့သဘောလား။ ခင်ဗျားတစ်ချိန်လုံးဝါးနေတဲ့ အဲ့အရိုးကို ဘယ်သူကပေးထားသလဲဆိုတာ မေ့သွားပြီလား"

ကောင်းပုလီမှာ မျက်နှာလေးငယ်ကျသွားလျက် ခပ်တိုးတိုးပြန်ပြောလာသည်။

"မိတ်ဆွေလေးလီက ကျုပ်စကားကို အထင်လွဲသွားတဲ့ပုံပေါ်ပါတယ်။ ကျုပ်ပြောချင်တာက လုံအော်ထျန်းဆိုတဲ့ကောင်က နိမိတ်မကောင်းနေဘူးလို့ပါ"

လီဝူကျယ်: “?”

ကောင်းပြီ ခွေးအိုကြီး၊ သတိရှိသေးတဲ့အတွက် လွှတ်ပေးလိုက်မယ်။

"အားလုံးပဲ၊ ရှောင်လုံ့ဘက်က ငါ့ကို စိတ်ရင်းမှန်နဲ့ စိန်ခေါ်လာတာဖြစ်တဲ့အတွက် ဖိတ်ကြားချက်ကို လက်ခံလိုက်ပါ့မယ်။ ငါ့ကိုယုံပါ၊ ဒီတိုက်ပွဲက မြန်မြန်ပဲအဆုံးသတ်လိမ့်မယ်"

ထို့နောက် ယဲ့ကျွင်းလင် ခဏတုံ့သွားပြီးမှ ဆိုလာသည်။

"အရင်တစ်ခေါက်ကထက် ပိုမြန်ချင်လည်းမြန်နိုင်တယ်"

"အကြီးအကဲယဲ့ကတော့ ဘယ်ကိစ္စကိုမဆို မြန်မြန်ဆန်ဆန်အဆုံးသတ်နိုင်တာပဲ။ တကယ်လေးစားမိပါတယ်" လျိုချင်းမင်က အာမေဋိတ်ပြုလာသည်။

ယဲ့ကျွင်းလင် နှုတ်ခမ်းနည်နည်းတွန့်သွားသည်။ ဒီစကားကြီးက တစ်မျိုးပဲနော်။

မဟုတ်မှ နောက်တစ်ခါကျ စည်းချက်ညီညီနဲ့ ဖြည်းဖြည်းမှန်မှန်လေးသွားသင့်သလား။

ယောက်ျားတစ်ယောက်အနေနဲ့ ကိစ္စတိုင်းမှာမြန်နေလို့ မသင့်တော်ဘူးလေ။

"ဆရာသခင်လိုသာ အစွမ်းထက်နေမယ်ဆိုရင် ငါလည်း တစ်ဖက်ရန်သူကဘယ်လောက်သန်မာနေပါစေ မြန်မြန်ဆန်ဆန်ရှင်းထုတ်ပစ်လိုက်မှာပဲ"

လီဝူကျယ်က အားကျနေဟန်ဖြင့် ခပ်လေးလေးပြောလာသည်။

ဆရာသခင်ဖြစ်သူ စွမ်းအားအစစ်အမှန်ကို အကုန်အစင်ထုတ်သုံးကာ လုံအော်ထျန်းကို ပြတ်ပြတ်သားသားအနိုင်ပိုင်းပစ်လိုက်သည့် အဆုံးသတ်ပုံရိပ်က သူ့အတွေးပုံရိပ်ဝယ် ယခုထိတိုင်စွဲထင်နေဆဲဖြစ်သည်။ သူလည်း ထိုသို့စွမ်းအားကြီးချင်လှသည်။

တပည့်လေး၏စကားကိုကြားတော့ ယဲ့ကျွင်းလင် မျက်နှာထားပျော့ပြောင်းညင်သာသွားပြီး နှုတ်ခမ်း‌ထောင့်တွင် အပြုံးရေးရေးထင်ဟပ်လာသည်။

"ဆက်ကြိုးစားပါ၊ မင်းလုပ်နိုင်ပါတယ်။ ဒီကမ္ဘာမှာ အမြန်ဆုံးဓားရေးဆိုတာမရှိဘူး၊ ဆက်ကြိုးစားနေသရွေ့ ပိုမြန်ဆန်တဲ့ဓားရေးတိုက်ကွက်အသစ်တွေကို မင်းရှာတွေ့နေဦးမှာ"

လီဝူကျယ်က လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပြုဦးညွှတ်ရင်း လေးနက်စွာဆိုသည်။

"ဆရာသခင်ရဲ့သင်ကြားပြသမှုကို တပည့်မှတ်သားထားပါ့မယ်"

"ဒီတစ်ခေါက်တော့ အဲ့နှာဘူးကို သေတဲ့ထိရိုက်ထုတ်လိုက်ဖို့ မျှော်လင့်ပါတယ်"

ဟုန်ချန်ယဲ့၏မျက်လုံးများတွင် မကျေမချမ်း အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားသည်။ လုံအော်ထျန်း၏လုပ်ရပ်များကို သူလည်းအတော်မကျေနပ်လှ။

မျက်နှာသာတစ်ခါပေးခဲ့တာတောင် နောက်တစ်ဖန်ရိုင်းစိုင်းရဲတဲ့ အကျင့်စရိုက်။

ကြီးကြီးကျယ်ကျယ် စစ်ကြေညာချက်တောင် ထုတ်ပြန်လိုက်သေးတယ်‌ပေါ့။ ဘယ်သူ့ကိုလာပြီး အထင်သေးနေတာလဲ။

သုံးလသောအချိန်က လျင်မြန်စွာရွေ့လျားကုန်ဆုံးသွားခဲ့သည်။ အချိန်နီးကပ်လာသည်နှင့်အမျှ လုံအော်ထျန်း၏ စစ်ကြေညာချက်နှင့် ပတ်သက်သော ဂယက်ရိုက်ခတ်မှုသည်လည်း အလယ်ပိုင်းဒေသတွင် ပိုမို ပြင်းထန်လာသည်။

ဝေးလံသောတစ်နေရာ နဂါးတောင်ဝန်းကျင်တွင်၊

မြင်သွန်းသောကောင်းကင်ယံထက် သွေးနီရောင်လွှမ်းသော လှောင်အိမ်တစ်ခုက နတ်ဆိုးဆန်သောအရှိန်အဝါကို ထုတ်လွှတ်ဖြန့်ကျက်လျက် ပြန့်ပွားနေသော သတင်းစကားတို့၏ အဓိကနစ်နာသူကို ဖမ်းဆီးချုပ်နှောင်လို့ထား၏။

ဤကာလအတွင်း လုံအော်ထျန်းသည် လှောင်အိမ်ကို အသည်းအသန် တိုက်ခိုက်ဖျက်ဆီးဖို့ ကြိုးစားခြင်းမရှိတော့။ အင်အားများ အချည်းနှီးမဖြစ်စေဖို့ သူစိတ်ရှည်သည်းခံနိုင်ရမည်။ ယခုတွင် လေထဲတင်ပျဥ်ချိတ်ထိုင်လျက် သူ၏တိမ်မြုပ်နေသောကျင့်ကြံဆင့်ကို ပြန်လည်ဖော်ဆောင်ရင်း ခွန်အားကို စုစည်းထိန်းသိမ်းနေလျက်ရှိသည်။

တာပူကတော့ ထိုနဂါးကို မျက်ချည်မပြတ်စောင့်ကြည့်ဖို့ တာဝန်ကျထားလေသည်။

အသားအရည် ပြန်လည်အရောင်တက်စပြုလာသော စစ်ထူယန်သည် ခေါင်းထက်တွင် ရွှေရောင်အလင်းစက်ဝန်းနှင့် အဖြူရောင်တောင်ပံများကိုခတ်လျက် ကောင်းကင်ထက်မှ ကြယ်တစ်ပွင့်ကြွေကျလာသည့်အလား ထိုးစိုက်ပျံသန်းလာသည်။

"အခြေအနေဘယ်လိုရှိလဲ"

တာပူက ဦးညွှတ်အရိုအသေပြုရင်း လျှောက်တင်သည်။

"သခင်လေးကို တင်ပြပါတယ်။ ဒီရောင်းရင်းက အခုနောက်ပိုင်း အရင်ကထက်တောင် ပိုငြိမ်ဝပ်အေးဆေးလာပါတယ်၊ လှောင်အိမ်ကို ပိုပြီးခိုင်မာစေဖို့အတွက် ကျွန်တော် ကြိုတင်ခွင့်တောင်းခြင်းမပြုလိုက်ရဘဲ သွေးဖြည့်ပေးထားပါတယ်"

"တော်တယ် သေချာလေးစောင့်ကြည့်နေသားပဲ"

စစ်ထူယန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။

အစီအစဥ်၏ အကြီးဆုံးအပိုင်းသို့ နီးကပ်လာပြီဖြစ်လေရာ အမှားအယွင်းတစ်ခုကိုတောင် အဖြစ်ခံလို့မရတော့။

"ချီးကျူးပေးလို့ကျေးဇူးတင်ပါတယ် သခင်လေး"

တာပူ၏နှလုံးသားလေးမှာ ပျော်ရွှင်ကြည်နူးသွားရလေ၏။

စစ်ထူယန်သည် ကောင်းကင်ကိုတစ်ချက်မော့ကြည့်ကာ ကောက်ကျစ်စဥ်းလဲစွာပြုံးသည်။

"နောက်ဆုံးအခိုက်အတန့်မှာ မျိုးနွယ်အမိန့်လက်စွပ်ကို အသက်သွင်းနိုင်လိုက်ပြီဆိုရင် ကောင်းကင်ဧကရာဇ်ယဲ့နဲ့ စုရုံးလာကြတဲ့အကြီးအကဲအပေါင်း ကျင့်ကြံဆင့်တွေအလုံးစုံ ကျငဆ်းသွားကြတော့မှာ၊ အဲ့ဒီအခိုက်အတန့်က ဒီသခင်လေး အကြီးအကျယ်လူသတ်ပွဲကျင်းပရမဲ့အချိန်ပေါ့"

အမိန့်လက်စွပ်အား အသက်သွင်းလိုက်ပြီဆိုသည်နှင့် သတ်မှတ်ထားသောအကွာအဝေးတစ်ခုအတွင်းရှိ မည်သည့်ကျင့်ကြံသူမဆို ကျင့်ကြံဆင့်သုညရောက်သည်အထိ ကျဆင်းသွားကြမည်ဖြစ်သည်။ အမွှေးတိုင်းတစ်တိုင် လောင်ကျွမ်းရုံမျှ ကြာချိန်လေးအတွင်းသာဖြစ်ပါသော်ငြား ကျင့်ကြံဆင့်မရှိသော ကျင့်ကြံသူသည် ငှက်မွေးလေးတမျှ အကာအကွယ်မဲ့ပျော့ဖတ်နေတော့မည်သာ။ မသေမျိုးလက်သီးတစ်ချက်လောက်ကို ပစ်စလတ်ခတ် ပစ်သွင်းလိုက်ရုံမျှဖြင့် တစ်အုပ်လုံး ပွဲချင်းပြီးသေကျေကုန်ကြပေမည်။

စစ်ထူယန်ကဲ့သို့ စွမ်းအားရှင်တစ်ယောက်အတွက် အသက်ရှူတာလောက်ပင် ခက်ခဲနေလိမ့်မည်မဟုတ်။

အစစ်အမှန်လူသတ်ပွဲသာဖြစ်၏။

ယဲ့ကျွင်းလင်နှင့် ထိုမော်ကြွားလှကြပါသော ရှေးဟောင်းစွမ်းအားရှင်အပေါင်း သိုးငယ်လေးများကဲ့သို့ စဥ့်တီတုံးထက်လည်စင်းခံရတော့မည့်အဖြစ်ကား စစ်ထူယန်တစ်ယောက် အင်မတန်မှ ‌မျှော်လင့်လို့မဆုံးဖြစ်နေလေပြီ။

အကြိမ်ကြိမ်အခါခါ သည်းခံနောက်ဆုတ်နေခဲ့ရပြီး နောက်ဆုံးတော့ ဒီလိုနေ့ကို ရောက်လာခဲ့လေပြီ"

All Chapters