← Chapters

အခန်း (၆၃၄)

Vol. 46 Ch. 634

အခန်း (၆၃၄)

Vol. 46 Ch. 634

"သနားစရာပဲ..."

ရုတ်တရတ် တစ်ခုခုကိုတွေးမိသွားသည့်အလား စစ်ထူယန်၏မျက်နှာထက်တွင် မကျေမနပ်အမူအရာတစ်ခုပေါ်လာသည်။ ဤအစီအစဥ်တွင် ပါရှိနေသော တစ်ခုတည်းသောချို့ယွင်းချက်၊ တစ်ခုတည်းသော အစွန်းအထင်း။

"သခင်လေး ဘာတွေများမကျေနပ်တာရှိလို့လဲ" တာပူက သတိကြီးစွာမေးလာသည်။

မျိုးနွယ်စုမှ ပေးအပ်လိုက်သောတာဝန်မှာ တစ်ချက်တည်းဖြင့်အပြတ်ရှင်းလင်း ပြီးစီးအောင်မြင်တော့မည်ဖြစ်သည်။ ဤအချိန်တွင် စိတ်လှုပ်ရှားပျော်ရွှင်နေသင့်သည်မဟုတ်လော။

စစ်ထူယန် သက်ပြင်းချသည်။ "ငါ့ကို ဒီကိစ္စအောင်မြင်အောင် ကူညီပေးခဲ့တဲ့သူက အဲ့ဒီညစ်ညမ်းတဲ့ ထာဝရသွေးမျိုးနွယ်ဝင်ဖြစ်နေတာကို မကျေနပ်တာ"

"ငါစစ်ထူယန်သာ ထာဝရသွေးမျိုးနွယ်ဝင်တစ်ယောက်နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်ဆိုတာ ငါတို့မျိုးနွယ်ဝင်တွေသိသွားခဲ့ရင် ဘယ်လောက်ပဲကြီးမားတဲ့အောင်မြင်မှုကို ဆောင်ယူနိုင်ခဲ့ပါစေ သေချာပေါက် အထင်သေးရှုတ်ချခံရလိမ့်မယ်။ အဆင့်ကျအပြစ်ပေးခံရတာမျိုးတောင် ဖြစ်နိုင်တယ်"

မျိုးဆက်အဆင့်ဆင့် ရန်ဘက်ဖြစ်ခဲ့သော မျိုးနွယ်စုဝင်နှစ်ခုအနေဖြင့် ရင်ကြားစေ့နိုင်ရုံအခြေအနေမှာ အဆုံးစွန်သော အလျှော့ပေးမှုသာဖြစ်၏။ နှစ်ဘက်ကြားရှိရန်ငြှိုးသည် နတ်ဘုံအစည်းအရုံးနှင့် မရဏမျိုးနွယ်တို့ကြားမှ ရန်ငြှိုးထက်မလျော့။

သူ့လို တော်ဝင်မျိုးနွယ်သခင်လေးတစ်ပါးက ထာဝရသွေးမျိုးနွယ်ဝင်တစ်ဦးနှင့် အပေးအယူလုပ်ကာ ပူးပေါင်းခဲ့ရသည့်အကြောင်းကို အလင်းမျိုးနွယ်များ သိရှိသွားပါလျှင် တာဝန်အောင်မြင်ပြီးမြောက်စေကာမူ ရှက်စရာအဖြစ်သာ သတ်မှတ်ပြောဆိုကြပေလိမ့်မည်။

စစ်ထူယန်၏စိတ်အခြေမှာ ပွတ်တိုက်ပုံသွင်းခြင်းမပြုရသေးသော ကျောက်စိမ်းရိုင်းတုံးကို ကောက်ရလိုက်ပါသော်ငြား အပြစ်အနာအဆာကြီးကြီးတစ်ခုပင် ပါဝင်နေသေးသည်ကို သိလိုက်ရသကဲ့သို့။

စိတ်ကျေနပ်စရာမကောင်းလှသော အောင်ပွဲပင်။

တာပူလည်း ထိုအချက်ကို နက်နက်ရှိုင်းရှိုင်းသဘောတူမိပြီး မရဲတရဲပြောလာသည်။

"သခင်လေး ဒီလိုဆိုရင် ဘာလို့ကျွန်တော်တို့ အဲ့အမှောင်မျိုးနွယ်ကောင်ကို စောစောမရှင်းပစ်တာလဲ"

ပြောရင်းပင် တံတွေးတစ်ချက်မျိုချလိုက်ရသေး၏။

စစ်ထူယန်၏အကြည့်က အေးစက်သွားသည်။

"အလျင်လိုလို့မရသေးဘူး၊ ဟို ပြန်လည်နိုးထသူတစ်ဖွဲ့ကိုသတ်ပြီးတာနဲ့ နောက်လာမှာက သူ့အလှည့်ပဲ"

သွေးအရှင်နှင့် မဖြစ်မနေမလို့သာ ပူးပေါင်းခဲ့ရသောအခြေအနေတွင် တာဝန်ပြီးမြောက်သည်နှင့် တစ်ဖက်လူကိုရှင်းလင်းဖို့မှာ သူ၏ပထမဦးစားပေးအလုပ်ဖြစ်သည်။

ဂူတစ်လုံးတွင် ခြင်္သေ့နှစ်ကောင်အောင်းလို့မရ။

ဤအောင်ပွဲအကျိုးဆက်ကို အလင်းမျိုးနွယ်သည်သာ ခံစားစံစားရမည်ဖြစ်ပြီး ထာဝရသွေးမျိုးနွယ်ကို ဝင်ရောက်စွက်ဖက်ခွင့် မြူမှုန်မျှပင်ဖဲ့မပေးနိုင်။

စစ်ထူယန်သည် လေပေါ်တွင်တည်ရှိနေသော သွေးရောင်လှောင်အိမ်နှင့် အမှောင်သွေးလက်စွပ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အဓိပ္ပာယ်ပါသောအပြုံးတစ်ခုက နှုတ်ခမ်းထောင့်တွင်ဖြစ်တည်လာသည်။

လုံအော်ထျန်းကို ဖမ်းဆီးထိန်းသိမ်းပေးထားသော ဤရတနာက သူ့လက်ထဲတွင်ရောက်နေပြီဖြစ်ရာ သွေးအရှင်မှာ လုံးဝအသုံးမဝင်တော့သောအခြေအနေသို့ ဆိုက်ရောက်နေလေပြီ။

အလယ်ပိုင်းဒေသရှိ အခြေအနေအရပ်ရပ် တည်ငြိမ်သွားသည်နှင့် ကြယ်တံခါးကိုအမြန်ရှာဖွင့်ပြီး အလင်းမျိုးနွယ်ဝင်တပ်ဖွဲ့တို့အား ကျူကျော်ဝင်ရောက်စေမည်။ တစ်ယောက်တည်းလပ်ကျန်ခဲ့မည်ဖြစ်သော လုံအော်ထျန်းမှာ ဘယ်အချိန်‌ထိ တောင့်ခံတိုက်ခိုက်နိုင်ပါမည်နည်း။

လုံအော်ထျန်းကို အပြီးသတ်ပြီးလျှင် ဒေသကြီးငါးခုအပါအဝင် ခွင်းလွင်ကမ္ဘာတစ်ခုလုံးသည် သူတို့လက်ထဲသို့ လုံးလုံးလျားလျား ကျရောက်လာပေတော့မည်။

အတွေးဖြင့်ပင် စိတ်လှုပ်ရှားတက်ကြွလာရ၏။

"တာပူ၊ ချုံခိုတိုက်ခိုက်လို့ရမဲ့နေရာကို ကြိုရှာထားဖို့လိုတယ်။ မင်း အခုကစပြီး သွေးအရှင်ကို အနီးကပ် စောင့်ကြည့်ရမယ်။"

"ဟုတ်ကဲ့ သခင်လေး"

ညွှန်ကြားချက်ပေးပြီးနောက်၊

စစ်ထူယန်သည် လှောင်အိမ်ထဲ‌၌ သူ့ကိုတစ်ချိန်လုံးမသိကျိုးကျွန်ပြုကာ တရားထိုင်ကျင့်ကြံနေသော လုံအော်ထျန်းကို တစ်ချက်လှောင်ရယ်လိုက်ပြီး အတောင်ပံများကိုခတ်၍ အလင်းတန်းတစ်ခုအလား လစ်ခနဲပျံသန်းပျောက်ကွယ်သွားတော့၏။

သွေးရောင်လှောင်အိမ်၏ အထဲတွင်၊

လုံအော်ထျန်း၏မျက်ခွံများ နှစ်ချက်မျှတွန့်လှုပ်လာပြီး မျက်လွှာကို ခပ်ဖြည်းဖြည်းပင့်မလိုက်သည်။ ပေါ်ထွက်လာသော မျက်လုံးတို့တွင် စိုးရိမ်ပူပန်ဟန် အရိပ်အယောင်များထင်ဟပ်လျက်။

အစောကစကားဝိုင်းကို သူသေချာပေါက်ကြားလိုက်ရပါသည်။ သေချာကျနစွာပြင်ဆင်ထားသော အကြီးစားထောင်ချောက်ကြီးတစ်ခု ဖြစ်တည်နေလေပြီ။

ခွင်းလွင်၏အနာဂတ်လမ်းတစ်ခုလုံးကို ဦးတည်ရာလွှဲပြောင်းစေတော့မည့် ထောင်ချောက်။

"ငါတို့ခွင်းလွင်ကမ္ဘာတော့ ဒီငှက်လူသားဆီကနေ ဖျက်ဆီးခံရတော့မှာလား"

လုံအော်ထျန်း၏နှလုံးသားမှာ ကြိတ်မနိုင်ခဲမရနာကျင်လျက် ကူကယ်ရာမဲ့ခံစားမိရသည်။

မှော်ဆန်ဆန် အပြောင်းအလဲတစ်ခုခု ဖြစ်ပေါ်လာဖို့သာ ဆုတောင်းနေရုံရှိတော့မည်။

အချိန်များ တရွေ့ရွေ့ကုန်လွန်သွားခဲ့သည်။

ပြန်လည်ရှင်သန်နိုးထလာသူတို့သည် ဟွမ်ကျင်းကျိုးပြည်နယ်ရှိရာသို့ တစ်စတစ်စ အပြေးအလွှားစုစည်းလာကြကာ ချင်းယန်တာအိုနန်းတော်ဆီသို့ စိတ်တအားထက်သန်စွာ မျှော်ငေးနေမိကြ၏။

တိုက်ပွဲစိန်ခေါ်သူကား ထိုနန်းတော်ထဲတွင် စတည်းချနေထိုင်နေသည်လေ။

"ဘယ်တာအိုရောင်းရင်းများ လုံအော်ထျန်းဆီ သွားလည်ထားသေးပါလိမ့်နော်၊ နည်းနည်းပါးပါး စပ်စုရအောင်၊ သူဘာတွေတွေးနေလဲ တကယ်သိချင်မိတယ်"

"ဟားဟား လာနောက်နေတာလား၊ လုံအော်ထျန်းစိတ်ကို မသိတာလည်းမဟုတ်ဘဲနဲ့၊ သူကျင့်ကြံတာကိုများ တစ်ယောက်ယောက်က သွားနှောင့်ယှက်မိရင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါဦးမလား။"

"ဟုတ်တယ် ဟုတ်တယ်၊ သွားရှုပ်လို့မရဘူး၊ အဝေးကပဲကြည့်ရင်းကျေနပ်စမ်းပါ"

"ဒီကိစ္စက ပေါ့သေးသေးမဟုတ်ဘူး၊ မဟာမိတ်ခေါင်းဆောင်ယဲ့ကို တကယ်ဖြုတ်ချချင်တယ်ဆိုရင် လုံအော်ထျန်းက သူ့စွမ်းအင်ကို သေချာပေါက်အမြင့်ဆုံးရောက်အောင် မြှင့်တင်ထားမှာပဲ"

"ပွဲကတော့ ကြည့်လို့လှနေတော့မှာပဲ၊ ဒီခေတ်ရဲ့ ပြိုင်ဘက်ကင်းစွမ်းအားရှင်နှစ်ယောက် အားကုန်တိုက်ခိုက်ကြမဲ့ပွဲကို မျက်ဝါးထင်ထင်မြင်ခွင့်ရမှာ၊ တစ်သက်မှတစ်ခါ အခွင့်အရေးကြီးပဲ"

…

သူတို့မှာ ခန်းမဆောင်အတွင်းမှ လုံအော်ထျန်းကို နှောင့်ယှက်မိမည်စိုးသဖြင့် စကားကိုပင် တိုးတိုးကပ်ပြောကြရလေသည်။

သို့သော် အထဲမှဖြစ်ပျက်နေသည့် အချင်းအရာများကိုတော့ သူတို့စိတ်ပင်ကူးမိကြလိမ့်မည်မဟုတ်။

လုံအော်ထျန်းအစစ်အမှန်မှာ တစ်ချိန်လုံးခြေချုပ်ကျနေခဲ့ပြီး ဤပြိုင်ပွဲတစ်ခုလုံးကို ဦးဆောင်ဖန်တီးသူသည် ထာဝရသွေးမျိုးနွယ် ပြင်ပစွမ်းအားရှင်တစ်ယောက်ဖြစ်သည်ပင်။

သွေးအရှင်သည် မီးရောင်မှိန်ဖျော့ဖျော့ သီးသန့်ခန်းတစ်ခုအတွင်း သွေးစုပ်ချင်သည့်ဆန္ဒကို မရမကဖိနှိပ်ထိန်းချုပ်လျက်ရှိသည်။

အပြင်ဘက်တွင် ပြန်လည်ရှင်သန်နိုးထလာသူများ စုရုံးရောက်ရှိလာကြပြီးဖြစ်သောကြောင့် မူမမှန်သည့်လှုပ်ရှားမှုမျိုး သူလုပ်မိလို့မဖြစ်။

အောင်မြင်မှုအတွက် သည်းခံစောင့်ဆိုင်းရပေဦးမည်။

"စစ်ထူယန် မင်းဘာတွေတွေးနေသလဲငါသိတယ်။ ဒါပေမဲ့ ငါသာတစ်ခုခုဖြစ်သွားမယ်ဆိုရင် အမှောင်သွေးလက်စွပ်ကလည်း သူ့အလိုလိုပေါက်ကွဲပျက်စီးပြီး လုံအော်ထျန်းလည်း လွတ်ထွက်လာလိမ့်မယ်ဆိုတာ မင်းသိဖို့ကောင်းတယ်"

"ဒီလိုအခြေအနေတွေအောက်မှာ မင်းငါ့ကိုထိရဲလောက်မလား ကြည့်ရသေးတာပေါ့"

သွေးအရှင်က ကောက်ကျစ်စွာပြုံးသည်။

မြစ်ကိုဖြတ်အပြီး တံတားကိုဖျက်ချိုးမည့် စစ်ထူယန်၏အကြံအစည်ကို သူကြာမြင့်စွာကတည်းက ရိပ်မိနေခဲ့ပြီးလေပြီ။

All Chapters