ပြန်လည်ရှင်သန်နိုးထလာသူများ စုရုံးကြလေပြီ
Vol. 46 Ch. 635
သွေးအရှင်သည် သူ၏ လက်ရှိတန်ဖိုးကို ကောင်းစွာနားလည်ထားသည်။
ယဲ့ကျွင်းလင်နှင့် အခြားစွမ်းအားရှင်များကို ရှင်းလင်းအမြစ်ဖြတ်သည့်ကိစ္စ ပြီးစီးအောင်မြင်သွားသည်နှင့် စစ်ထူယန်၏မြှားဦးက သူ့ထံတည့်တည့်လှည့်လာတော့မည်ဆိုတာလည်း သူသိသည်။
သို့သော် လုံအော်ထျန်းကို ကြားညှပ်ထားသောကြောင့် တစ်ဖက်လူထံမှ အကျိုးအမြတ်များများရအောင် သဲ့ယူနိုင်ဦးမည်ပင်။
လုံအော်ထျန်း၏ခွန်အားက ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးသည်။ အမှောင်သွေးလပ်စွပ်ဖြင့် ချုပ်နှောင်မထားပါလျှင် သူတို့နှစ်ဦးပေါင်းတိုက်လျှင်ပင် ထိုမကောင်းဆိုးဝါးကို ထိန်းချုပ်နိုင်လောက်မည်မဟုတ်။
လုံအော်ထျန်းသာ လွတ်ထွက်လာပါလျှင် တစ်ဦးတည်းကျန်တော့မည်ဖြစ်သော စစ်ထူယန်သည် ထိုသူကိုလုံးဝယှဥ်ပြိုင်နိုင်မည်မဟုတ်။ မိမိကိုယ်ကို ကာကွယ်သောအားဖြင့် သွေးအရှင်ကိုလည်း မလွဲမသွေ အသက်ချမ်းသာပေးရမည်သာဖြစ်၏။
သွေးအရှင်ထံတွင် ထိုအကြံအစည်သေးသေးလေး ရှိနေသေးသဖြင့် စိတ်အေးနေနိုင်ခြင်းသာ။
"ယဲ့ကျွင်းလင် မင်းက ငါ့ကိုယ်ပွားနှစ်ခုကို အနိုင်ယူနိုင်ခဲ့တယ်ဆိုတော့ရော ဘာထူးမလဲ"
"ကြားကအဖြစ်အပျက်တွေက အရေးမပါဘူး၊ အဓိကက နောက်ဆုံးရလဒ်ပဲ"
"ဒီတစ်ကြိမ်မှာတော့ ငါက အောင်နိုင်သူတစ်ဦးအနေနဲ့ ကူကယ်ရာမဲ့နေတဲ့မင်းပုံစံကို သေချာစောင့်ကြည့်နေပေးပါ့မယ်"
သူတစ်ချိန်လုံး သည်းခံကျော်ဖြတ်ခဲ့ရသော အခက်အခဲများကိုပြန်စဥ်းစားရင်း သွေးအရှင်၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သောအလင်းတစ်ချက်က သတ်ဖြတ်လိုစိတ်နှင့်အတူ လက်ခနဲဖြတ်ပြေးသွားခဲ့သည်။
သူ့အတွက် ဂုဏ်အယူရဆုံးစွမ်းအားမှာ သူ၏ကိုယ်ပွားနှစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသွေးပုံတူနှစ်ခုကို ရေတွက်မရနိုင်သော စမ်းသပ်မှုများနှင့် ဒုက္ခပေါင်းစုံကြားမှတစ်ဆင့် ပေါင်းစပ်ဖန်တီးထားရခြင်းပင်။ ၎င်းသည် သွေးအရှင်နောက်နှစ်ယောက် ထပ်တူရှိနေခြင်းဟုပင် ဆိုနိုင်ပြီး ကြယ်တာရာကောင်းကင်၌ စစ်ဆင်ရေးများအတွင်း သူ၏ အကြီးမားဆုံး အားကိုးရာဖြစ်သည်။
ရလဒ်အနေဖြင့် ခွင်းလွင်ကမ္ဘာသို့အရောက်တွင် ထိုနှစ်ဦးစလုံးမှာ လူတစ်ယောက်တည်းထံမှ သတ်ဖြတ်ရှင်းလင်းခံခဲ့ရ၏။
ထိုအကြောင်းကိုပြန်တွေးတိုင်း သွေးအရှင်၏ရင်ထဲတွင် မခံနိုင်လောက်အောင် မွန်းကျပ်နာကျင်ရသည်။
ယခုတော့ ထိုကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ကို ဖယ်ရှားရန် ဤမျှ ကြီးမြတ်သော အခွင့်အရေးကို လက်ဝယ်ရရှိထားပြီဖြစ်သဖြင့် သွေးအရှင်သည် နောက်ဆုံးတွင် မိမိအတွက်လည်း လက်စားချေနိုင်တော့မည့်ခံစားချက်ဖြင့် ကျေနပ်အားရလျက်ရှိသည်။
အခုတင်ကို သူစိတ်မရှည်လက်မရှည် ဖြစ်နေလေပြီ။
ရက်အနည်းငယ်မျှ ကုန်လွန်ပြီးနောက်၊
ကမ္ဘာကျော်တိုက်ပွဲတစ်ခု ဖွင့်လှစ်ကျင်းပတော့မည့်အချိန်သို့ ဆိုက်ရောက်လာခဲ့သည်။
ထိုကာလအတွင်းတွင် ဟွမ်ကျင်းကျိုးပြည်နယ်တစ်ခုလုံးမှာ မြောက်များလှစွာသော ရပ်ဝေးရပ်နီးဧည့်သည်အပေါင်းဖြင့် စည်ကားပြည့်သိပ်လို့နေတော့၏။
ချင်းယန် တာအိုနန်းတော်မှ အခြေစိုက်ကျင်းပသော တစ်ဦးချင်းစိန်ခေါ်မှုပြိုင်ပွဲကွင်း၏ ရှေ့တွင် ယောက်ျား၊ မိန်းမ၊ လူအို၊ လူငယ် အရွယ်စုံဆိုဒ်စုံသည် လည်ပင်းများကို တဆုံးဆန့်ထုတ်ကာ စောင့်မျှော်နေကြရင်း သူတို့၏ မျက်လုံးများတွင် မျှော်လင့်ခြင်းနှင့် စိုးရိမ်ခြင်း ခံစားချက်များ ရောထွေးပြည့်နှက်လျက်ရှိသည်။
လာရောက်ကြည့်ရှုကြသော ပွဲကြည့်ပရိတ်သတ်များမှာ ရှေးဟောင်းကျင့်ကြံသူများဖြစ်ပြီး အနိမ့်ဆုံးအဆင့်က မသေမျိုးဘုရင်တွင်ရှိသည်။
ခေတ်ပြိုင်ကျင့်ကြံသူများမှာ တစ်သက်တစ်ခါပြိုင်ပွဲကြီးကို စိတ်လှုပ်ရှားတက်ကြွစွာ ဝင်ရောက်ကြည့်ရှုလိုပါသော်ငြား ထိုလူအုပ်ကြီးကြား ဝင်တိုးဖို့ပင်မစွမ်းသာခဲ့။
ခေတ်တစ်ခေတ်၏ ပြိုင်ဘက်ကင်းစွမ်းအားရှင်နှစ်ဦး ထိပ်တိုက်အောင်ပွဲလုကြမည့်မြင်ကွင်းကို မျက်ဝါးထင်ထင်မြင်တွေ့ရခြင်းဆိုသည်မှာ မည်မျှကြီးမားသောဂုဏ်အင်ဖြစ်ပေမည်နည်း။
ထို့အပြင် မဟာမိတ်ခေါင်းဆောင်ဟူသောရာထူးကလည်း ဆုလာဘ်အဖြစ်ပါဝင်နေသေးသည်။ သမိုင်းကြောင်းတွင် တသသကျန်ရစ်မည့်ပြိုင်ပွဲကောင်းမျိုးကို မည်သူတစ်ဦးတလေမှ လက်လွှတ်မခံချင်ကြပေ။
ထိုသို့သော အဖိုးတန်အခွင့်အရေးကြီးမျိုးကို အရယူရာတွင် အစွမ်းထက်သူများက တစ်ပန်းသာလိမ့်မည်ပင်။
ဤသို့ဖြင့် ပွဲကြည့်ကွင်းနေရာလုရာတွင် ကျင့်ကြံရေးပိုင်းဆိုင်ရာ အားသာချက်ရှိသော ပြန်လည်ရှင်သန်နိုးထလာသူများက အပိုင်စီးထားနိုင်သည်မှာ ဆန်းတော့မဆန်းလှပေ။
လက်ရှိအချိန်တွင်၊
လူအုပ်ကြီးသည် ဆူညံသံများနှင့် သက်ဝင်လှုပ်ရှားနေသည်။
တစ်ခါတစ်ရံ ရောင်စုံအလင်းတန်းများ ပျံသန်းလာပြီး လူအုပ်ထဲသို့ ဆင်းသက်ဆိုက်ရောက်စဥ် အာမေဋိတ်သံများ ကွက်ကြိုကွက်ကြား ပေါ်ပေါက်လာတတ်သည်။
ရောက်ရှိလာသူများမှာ ပြန်လည်နိုးထရှင်သန်သူ အသိုင်းအဝိုင်းမှ ဩဇာရှိပြီး ထင်ရှားသော ဂြိုလ်သားသတ္တဝါများဖြစ်ကြသည်။ အချို့မှာ ခုန်ပျံလွင့်တက်နေသော မီးလျှံမီးတောက်များကဲ့သို့ ဆံပင်များနှင့် ခန့်ညားသောမျက်နှာထက်တွင် လူတိုင်းကို အထင်အမြင်သေးသောအကြည့်များဖြင့်။ အချို့မှာ ထိပ်ပြောင်ခေါင်းများနှင့် အရေပြားသည် အပြာရောင်သမ်းကာ အပြာရောင်မျက်လုံးများပင် ပါရှိသည်။ လူအများကို လျစ်လျူရှုထားသကဲ့သို့ အေးစက်စက်အမူအရာများဖြင့်။ အချို့မှာ ကျောဘက်တွင် ပါးလွှာသော ကျိုင်းကောင်နှင့်တူသည့် အတောင်ပံများ ပါရှိ၏။ သူတို့၏ မျက်နှာများပေါ်တွင် အရိုးမျက်နှာဖုံးများ ဝတ်ဆင်ထားကာ ခန္ဓာကိုယ်များမှာ ငွေရောင်တောက်ပနေလျက်ရှိသည်။
ဤပြိုင်ဘက်ကင်းစိန်ခေါ်ပွဲသည် အလယ်ပိုင်းဒေသတစ်ခုလုံးရှိ ပြန်လည်နိုးထရှင်သန်လာသူများကို မလွဲမသွေ ဆွဲဆောင်စုရုံးလိုက်နိုင်ပြီဖြစ်ကြောင်း သိသာပါ၏။ သူတို့ဘယ်ရောက်လို့ ဘယ်ပေါက်နေသည်ဖြစ်စေ၊ ဤသတင်းအစအနကိုရလိုက်သည်နှင့် တိုက်ပွဲကိုမျက်မြင်ကြည့်ဖို့ ရောက်ရာနေရာမှ အပြေးထွက်လာမည်မလွဲ။
အနည်းဆုံး လူသောင်းချီစုရုံးနေသော ပွဲကြည့်ကွင်းမှာ ပြည့်ညပ်ပိတ်ဆည်းလို့နေ၏။
အပြင်ဘက်အကျဆုံး အစွန်ဆုံးနေရာများတွင်သာ နေရာရရှာသော ခေတ်ပြိုင်ကျင့်ကြံသူများမှာလည်း ထိုလူအုပ်ကြီးကိုကြည့်ကာ လွန်စွာစိတ်ဖိစီးလျက် ကြောက်လည်းကြောက်လန့်မိကြရ၏။
မြောက်များလှစွာသော ပြန်လည်ရှင်သန်နိုးထလာသူ လူအုပ်ကြီးကို မြင်လိုက်ရပြီးနောက် ခွင်းလွင်ကျင့်ကြံရေးလောက၏ ရွှေခေတ်မှာ မည်မျှတောက်ပသိုက်မြိုက်ခဲ့မည်ဖြစ်ကြောင်း စဥ်းစားဖို့ပင် ခက်ခဲလှပါသေးသည်။
သို့သော် မုန်းစရာအကောင်းဆုံးတစ်ချက်မှာ ခြေတစ်လှမ်းသာနေသောကျင့်ကြံဆင့်၏အားကိုးဖြင့် ထိုလူအိုကြီးများသည် အလယ်ပိုင်းဒေသ နေရာတော်တော်များများကို အုပ်စိုးမင်းမူဖို့ ကြိုးစားခဲ့ကာ မကောင်းဆိုးဝါးဆန်ဆန်လုပ်ရပ်များကိုလည်း ကျူးလွန်ခဲ့ကြသေး၏။ နယ်မြေများလုယက်ခွဲဝေကာ အလယ်ပိုင်းဒေသတစ်ခုလုံးကို ဖရိုဖရဲပြိုကွဲစေလျက် ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သည်းခံကြိတ်မှိတ်နေခဲ့ရသောကာလများလွန်မြောက်ခဲ့လေပြီ။ အရာအားလုံးမှာ မသေမျိုးတာအို မဟာမိတ်ခေါင်းဆောင် အကြီးအကဲယဲ့၏ကျေးဇူးတော်ပင်။
ထိုစွမ်းအားကြီးအဖွဲ့အစည်းကသာ စည်းလွတ်ဝါးလွတ်ရမ်းကားနေသည့် ထိုပြန်လည်ရှင်သန်နိုးထလာသူများကို ထိန်းသိမ်းချုပ်ကိုင်မထားပါက သူတို့နောက်ပိုင်းမျိုးဆက်များအနေဖြင့် နေရာတစ်နေရာရဖို့တောင် မဖြစ်နိုင်လောက်အောင် ခက်ခဲပေတော့မည်။
ထိုအကြောင်းကို တွေးမိလေလေ အကြီးအကဲယဲ့၏ ကိုယ်ကျိုးစွန့်သော ပံ့ပိုးကူညီမှုများကို ပို၍မြင်လာမိလေလေဖြစ်ကာ သူတို့နှလုံးသားတွင် လေးစားချစ်ခင်စိတ်များဖြင့်သာ ပြည့်နှက်လာတော့၏။ သူတို့သည် အကြီးအကဲယဲ့သာ ဤတိုက်ပွဲကို အနိုင်ရပြီး မဟာမိတ်ခေါင်းဆောင် ရာထူးကို ခိုင်မြဲစွာ ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန် မျှော်လင့်တကြီး ဆုတောင်းမိကြ၏။
"ကြည့်ကြစမ်း ဟိုမှာ ယောင်ကွမ်းသူတော်စင်နယ်မြေရဲ့ သူတော်စင်မလေး ချင်ရူရန်မဟုတ်လား"
စိတ်လှုပ်ရှားနေသော အော်သံတစ်သံတွင် လူတိုင်းမော့ကြည့်မိလိုက်ကြသည်။
ကောင်းကင်ထက်တွင် ဖြူစင်သောအဝတ်ဖြင့် အမျိုးသမီးတစ်ဦးသည် အလင်းတန်းတစ်ခုပေါ်တွင် စီးနင်းလိုက်ပါလာကာ တဖျပ်ဖျပ်လွင့်နေသောဝတ်ရုံစမှာ နတ်ဘုံနတ်နန်း၏အငွေ့အသက်အား ဖန်တီးဖြန့်ကျက်ပေးနေသကဲ့သို့ ချဥ်းကပ်နီးစပ်ဖို့ရာမဖြစ်နိုင်သော ရင်သပ်ရှုမောဖွယ်မျက်နှာအလှကို ကျက်သရေတိုးအောင် ပင့်တင်ပေးထားလျက်ရှိ၏။
ပြန်လည်ရှင်သန်နိုးထလာသူများ ပေါ်ထွက်လာအပြီး အလယ်ပိုင်းဒေသတစ်ခုလုံး ပွက်လောရိုက်ရှုပ်ထွေးနေချိန်တွင် ပန်းခြွေမသေမျိုးအကြီးအကဲဟူသော စွမ်းအားရှင်တစ်ဦးက ယောင်ကွမ်းသူတော်စင်နယ်မြေထံ ဦးတည်ချီတက်ကာ မကောင်းသောရည်ရွယ်ချက်တချို့ဖြင့် အနိုင်ကျင့်ဖိနှိပ်ဖို့ ကြိုးစားခဲ့ဖူးသည်။
သို့သော် မျှော်လင့်မထားစွာပင် ချင်ရူရန်က ထိုရန်သူကိုအမြစ်ဖြတ်ရှင်းလင်းခဲ့ပြီး အပြင်လောကတွင် ကြီးစွာသောလှုပ်ခတ်မှုကို ဖြစ်ပေါ်စေလျက် မကောင်းကြံရှိသော ရှေးဟောင်းကျင့်ကြံသူများစွာအား ခြောက်လှန့်တားဆီးနိုင်ခဲ့သည်။
ဤသို့ဖြင့် ထိုအမျိုးသမီးတွင် မသေမျိုးဘုရင်တစ်ပါးနှင့်ယှဥ်နိုင်သောခွန်အားကို ပိုင်ဆိုင်ထားကြောင်း သူတို့အားလုံး နားလည်လက်ခံခဲ့ရ၏။
ယခုတွင် မဟာမိတ်ခေါင်းဆောင်ရာထူးလုပွဲမှာ စတင်ခါနီးဆဲဆဲဖြစ်၏။ ချင်ရူရန်သည်လည်း ထိုအခွင့်အရေးကို လက်လွှတ်မခံနိုင်သကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုလေပြီ။
ယနေ့ထွက်ပေါ်လာချိန်၌ မသေမျိုးဘုရင် နဝမကောင်းကင်တွင်ရှိနေပြီဖြစ်သော ကျင့်ကြံဆင့်ကြောင့် သူမ၏အရှိန်အဝါမှာ အံ့မခန်းအားကောင်းလျက်ရှိသည်။ အလွန်လျင်မြန်သော တိုးတက်မှုနှုန်းပါပေ။
လက်ရှိအဆင့်အတန်းတွင် ထိုပန်းခြွေမသေမျိုးကို လက်ဖျောက်တစ်ချက်တီးဖြင့် ပွဲသိမ်းလိုက်နိုင်သည့် အနေအထားရှိ၏။
စွမ်းအားကုန်ထုတ်သုံးယှဥ်ပြိုင်မည်ဆိုလျှင် မသေမျိုးဧကရာဇ်အဆင့် စွမ်းအားရှင်များကိုပါ ဖိနှိပ်အနိုင်ယူနိုင်သည့်အခြေအနေဟုဆိုရမည်။ ယခင်ကချင်ရူရန်နှင့် လားလားမှမဆိုင်စွာ ကွဲပြားနေခဲ့ပြီဖြစ်၏။
ချင်းရူယန်၏ အမူအရာသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ အလေးထားလိုဟန်မရှိဘဲ အရှေ့ဆုံး ပွဲကြည်စင်မြင့်နေရာဆီသို့သာ တိုက်ရိုက် ပျံသန်းသွားသည်။ သူမ ထုတ်လွှတ်သော အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် လမ်းတစ်လျှောက်ရှိ နိုးထလာသူများကို အံ့အားသင့်စွာဖြင့် ခေါင်းလှည့်ကြည့်စေခဲ့သည်။
"အဲ့ဒီအမျိုးသမီးက ဟိုတစ်ခါတုန်းက ပန်းခြွေမသေမျိုးကိုသတ်ခဲ့တဲ့ ပြိုင်ဘက်ကင်းပါရမီရှင်ဆိုတာမဟုတ်လား"
စွမ်းအားကြီးသောထိုပုံရိပ်ကို အကဲခတ်ရင်း ရှေးဟောင်းကျင့်ကြံသူတစ်ဦးက ကြောက်စိတ်မကင်းစွာ ရေရွတ်လိုက်သည်။
"ဟုတ်တယ် အဲ့တစ်ယောက်ပဲ"
"ဒါကြီးကတော့ လွန်လွန်းလိုက်တာ၊ ကျင့်ကြံရေးကို ဘယ်လိုများလေ့လာခဲ့လဲ သိချင်စမ်းရဲ့၊ ဒီလောက်အချိန်တိုလေးအတွင်း သူကျင့်ကြံဆင့်က ကျုပ်တို့ထက်ပါသာလွန်နေပြီ"
"မင်းကငါ့ကိုမေးတယ်၊ ငါကဘယ်သူ့ကိုသွားမေးရမလဲ၊ အဲ့မေးခွန်းကို ငါလည်းသိချင်တာပဲ"
"ဟူး ရောင်းရင်းတို့ကျုပ်တို့တတွေလည်း နောက်တက်လေးတစ်ယောက်ကိုတောင် မယှဥ်နိုင်တော့ဘူးပဲ"
...
ချင်ရူရန်၏ ဖိအားပြင်းသောရောက်ရှိလာမှုတွင် ရှေးဟောင်းကျင့်ကြံသူများ မနာလိုတိုရှည်အကြည့်ပေါင်းစုံဖြင့် တိုးတိုးကြိတ်ကြိတ် ဆွေးနွေးပြောဆိုကုန်ကြ၏။
တစ်ဖက်လူမှာ ခေတ်ပြိုင်ကျင့်ကြံသူပင်ဖြစ်လင့်ကစား ထိုမျှကြီးမားသောအင်အားကိုပိုင်ဆိုင်ထားလေရာ အင်အားကသာအဓိကဖြစ်သော ကျင့်ကြံရေးကမ္ဘာတွင် မည်သူကမှ သူမကိုရန်စထိပါးရဲခြင်းမရှိ။
ဤသို့ဖြင့် အေးစက်တည်တံ့သောမျက်နှာအမူအရာဖြင့် ချင်ရူရန်တစ်ယောက် အရှေ့ဆုံးပွဲကြည့်စင်ထက်ပျံသန်းလာချိန်တွင် ပြည့်ကျပ်တိုးသိပ်နေသော ရှေးဟောင်းကျင့်ကြံသူများမှာ အလိုအလျောက်လူကွဲကာ အနားကပ်ရန်ပင်မဝံ့ရဲစွာ တစ်သီးတစ်သန့် နေရာပေးလိုက်ကြသည်။
နောက်ဘက်မှ တီးတိုးစကားများကို ကြားမိသော်ငြား ချင်ရူရန်၏အေးစက်စက်မျက်နှာထားကတော့ မပြောင်းမလဲ ကျောက်ရုပ်ကဲ့သို့သာရှိ၏။
အသန်မာဆုံးတို့၏ လက်ရည်ယှဥ်ပွဲကိုကြည့်ရန်သာ အရောက်လာခဲ့ခြင်းမဟုတ်ပေလော။
"ဒုမဟာမိတ်ခေါင်းဆောင် အဲ့ဒါချင်ရူရန်ပါ။ ဒီအမျိုးသမီးက တစ်ခုခုတော့ ထူးခြားနေတယ်လို့ ကျွန်တော်ခံစားမိတယ်"
မဝေးသောတစ်နေရာတွင် ကျန်းချင်ကျန့်သည် ပညာရှိလူငယ်လေးတစ်ဦးအလားဝတ်စားထားကာ ခေါင်ယပ်တေင်ကိုကိုင်လျက် နံဘေးရှိ အစိမ်းရောင်ဝတ်ရုံဝတ်အဘိုးကြီးအား အလေးအနက်ပြောကြားလိုက်သည်။
ချင်းလျန်ဓားမသေမျိုးသည် လက်နှစ်ဖက်နောက်ပစ်ကာရပ်နေရင်း မျက်လုံးများက မဆိုစလောက်ကျဥ်းမြောင်းသွားလျက် တစ်ဖက်မိန်းကလေးကို အချိန်အကြာကြီးစိုက်ကြည့်အကဲခတ်နေလိုက်ပြီးနောက် သူ့မျက်လုံးများမှာ တစ်စုံတစ်ခုကို အံ့အားသင့်သွားဟန်ရှိ၏။
"ထူးဆန်းလိုက်တာ ငါ့အမြင်အာရုံနဲ့တောင် အဲ့မိန်းကလေးရဲ့ အဆင့်အတန်းကို ဖောက်ထွင်းမြင်နိုင်စွမ်းမရှိဘူးပဲ"
"ခင်ဗျာ" ကျန်းချင်ကျန့်လည်း လန့်သွားဟန်ရှိ၏။
သူ့အရှေ့တွင်ရှိသော ထိုအစိမ်းရောင်ဝတ်ရုံဝတ်အကြီးအကဲမှာ ပြိုင်ဘက်ကင်းဓားမသေမျိုးတစ်ပါး တစ်ဖြစ်လဲ မသေမျိုးဧကရာဇ် ထိပ်တန်းအဆင့်တွင်ရှိသော စွမ်းအားရှင်ဖြစ်လင့်ကစား တစ်ဖက်မှ နောက်တက်စွမ်းအားရှင်လေးတစ်ဦးကို ဖောက်ထွင်းမြင်နိုင်စွမ်း မရှိခဲ့သည်လေ။
အလွန်ထိတ်လန့်စရာကောင်း၏။
ချင်းယန်ဓားမသေမျိုးကို စိတ်ကိုငြိမ်ငြိမ်ထားသော လေးနက်စွာမေးလာသည်။
"မင်း သူ့အကြောင်း စုံစမ်းကြည့်ခဲ့ဖူးလား"
ကျန်းချင်ကျန့်ကလည်း သေချာပြန်ဖြေလာသည်။
"ဒုမဟာမိတ်ခေါင်းဆောင်ကို သတင်းပို့ပါတယ်၊ အဖွဲ့အစည်းရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဒီအမျိုးသမီးရဲ့ဆရာသခင်ဟာ ယောင်ကွမ်းသူတော်စင်နယ်မြေသခင်မဖြစ်ပါတ်။ ဒါပေမဲ့ နယ်မြေသခင်မဟာ အခုအချိန်မှာ မသေမျိုးအရှင်သခင်အစပိုင်းလောက်သာ မရှိနေသေးတဲ့အတွက် ဆရာသခင်ရဲ့လမ်းညွှန်ပြသမှုကြောင့် တိုးတက်လာတာမဖြစ်နိုင်ပါဘူး။ ကောက်ချက်ချမိသလောက်ဆိုရင်တော့ သူ့မှာ လျှို့ဝှက်ထားတဲ့ မသေမျိုးဆရာသခင်တစ်ပါး ရှိနေဦးမှာပါ"
"မသေမျိုးဆရာသခင်တစ်ပါးလား"
ချင်းလျန်ဓားမသေမျိုးက မျက်မှောင်ကြုတ်သည်။
"ဘယ်လိုပဲပြောပြော ဒါကထူးဆန်းနေတယ်၊ သူမကိုယ်ပေါ်မှာလည်း ထူးခြားတဲ့ချီစွမ်းအင်တစ်မျိုးကို ငါခံစားမိနေတယ်။ အရင်က တစ်ခါမှမကြုံဖူးတာမျိုးပဲ"
သူရှင်းရှင်းလင်းလင်း ထုတ်မပြောခဲ့သည့်အရာတစ်ခုရှိသေးသည်။ သူ၏ လက်ရှိ ကောင်းကင်အဆင့်ဓားစိတ်ဆန္ဒသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်သောကြောင့် အာရုံခံစားမှုလည်း တစ်ပါးထက်မြက်စူးရှလာသည်ပင်။ ထိုအာရုံခံစားမှုများက သူ့ကိုပြောနေခဲ့သည်။ ထိုအမျိုးသမီးအား လက်လွတ်စပယ် ဓားဖြင့်သွားရမ်းရဲပါက စိတ်ကူးပင်မကြည့်နိုင်လောက်သည့် အကျိုးဆက်များကို ခံစားရပေမည်ဟု။
တိုတိုဆိုရလျှင် ထိုအမျိုးသမီးအား ဝန်းရံနေသောလေထုသည် တစ်မျိုးတစ်မည် နက်နဲဆန်းကြယ်လျက်ရှိကာ သူလိုစွမ်းအားရှင်တစ်ပါးပင် နားမလည်နိုင်လောက်သော တစ်စုံတစ်ခုဖြစ်နေခဲ့၏။