ဒီလုံအော်ထျန်းက တစ်ခုခုထူးဆန်းနေတယ်
Vol. 46 Ch. 636
"တစ်ခုတော့မှတ်ထားပါ။ ဒီထူးခြားမှုက ခွင်းလွင်ကမ္ဘာကို တစ်ခုခုထိခိုက်မလာသရွေ့ ငါတို့လည်း တရားလွန်စိုးရိမ်နေစရာမလိုပါဘူး။ အခုအချိန်မှာ အရေးအကြီးဆုံးက မကြာခင်ကျင်းပတော့မဲ့ လုံအော်ထျန်းနဲ့ မဟာမိတ်ခေါင်းဆောင်ယဲ့ကြားက ပြိုင်ပွဲပဲ"
ချင်းလျန်ဓားမသေမျိုးက အလေးအနက်ပြောလာသည်။
ကျန်းချင်ကျန့်ကလည်း ပြန်ပြောလာသည်။
"အကြီးအကဲပြောတာမှန်ပါတယ်၊ မဟာမိတ်အဖွဲ့အစည်းတစ်ခုလုံးလည်း လုံအော်ထျန်းရဲ့ လူသိရှင်ကြားစစ်ကြေညာချက်ကြောင့် အခုတလော ဂနာမငြိမ်ရှုပ်ထွေးနေကြတာ"
"တာအိုရောင်းရင်းအတော်များများက လုံအော်ထျန်းတစ်ယောက် ဒီပွဲအတွက် ယုံကြည်မှုအပြည့်အဝရှိနေတာကြောင့် တိုက်ပွဲကနေ ကမ္ဘာပြိုမတတ်ပြင်းထန်လိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြတယ်"
ထိုစကားကိုကြားသော်၊
ချင်းလျန်ဓားမသေမျိုးက လက်ကိုဝှေ့ယမ်းကာ ပြတ်သားစွာဆိုသည်။
"ဒီမသေမျိုးအိုကြီးကတော့ မဟာမိတ်ခေါင်းဆောင်ယဲ့သာ နောက်ဆုံးအနိုင်ရရှိသူဖြစ်လိမ့်မယ်လို့ အမြဲယုံကြည်တယ်"
"လုံအော်ထျန်းကတော့ သူ့ခြေထောက်ပေါ်သူပြန်ကျမဲ့ ကျောက်တုံးတစ်တုံးကို အလေးခံသယ်ဆောင်ထားတာပဲ။ အရင်သင်ခန်းစာကနေ လေ့လာမယ်မရှိရုံမက၊ ဒီလိုခမ်းနားတဲ့ပွဲကြီးပွဲကောင်းပါ ကျင်းပပြီး တိုင်းသိပြည်သိအရှုံးခံချင်နေသေးတယ်။ ဒီတစ်ခေါက်ပွဲပြီးရင်တော့ သူလည်း ပြန်မထနိုင်အောင် အထိနာသွားမှာဧကန်ပဲ"
ကျန်းချင်ကျန့်က ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံသည်။ "အကြီးအကဲပြောသလို လုံးဝအသေအချာပဲ"
"ကြည့်စမ်း အဲ့ဒါချင်းယန်အကြီးအကဲမဟုတ်လား"
ရုတ်တရတ် ဦးခေါင်းထက်တွင် ဆိတ်ချိုနှစ်ချောင်းပါသော အစိမ်းရောင်ဝတ်ပုံရိပ်တစ်ခုက နန်းတော်တွင်းမှထွက်လာကာ လူတိုင်း၏အာရုံကို စုစည်းလိုက်သည်။
စုရုံးနေသော လူပင်လယ်ကြီးကိုကြည့်ရင်း ချန်းယန်အကြီးအကဲမှာ စိတ်ထဲမှကြိတ်၍ညည်းတွားမိ၏။
လက်လွန်ခြေလွန်တွေတော့ ဖြစ်ကုန်ပြီ။
အမှန်တော့ လုံအော်ထျန်းအမိန့်အတိုင်း စစ်ကြေညာချက်ထုတ်ပြန်ပြီးချိန်မှစ၍ ချင်းယန်အကြီးအကဲ၏စိတ်နှလုံးမှာ တစ်ချိန်လုံးမွန်းကျပ်လေးလံလျက်ရှိကာ ကြောက်မက်ဖွယ်အဖြစ်အပျက်တစ်ခုခု ထမြောက်ဖြစ်ပွားတော့မည်ဟု မပြတ်ခံစားနေခဲ့ရသည်။
လူအုပ်ကိုလှည့်ပတ်ကြည့်ရင်း တစ်နေရာတွင်ရပ်နေသော ချင်းလျန်ဓားမသေမျိုးကိုမြင်သောအခါ ကယ်တင်ရှင်ကိုတွေ့လိုက်ရသကဲ့သို့ အမြန်လျှောက်သွားလျက် လက်သီးဆုပ်ဦးညွှတ်လိုက်သည်။
"ကျွန်တော်က ချင်းယန်တာအိုနန်းတော်ရဲ့အကြီးအကဲပါ ဒုမဟာမိတ်ခေါင်းဆောင်"
"ဟင်းဟင်း ရောင်းရင်းချင်းယန်ကတော့ အခုနောက်ပိုင်း အတော်လေးအထင်ကြီးစရာကောင်းလောက်အောင် အရေးပါနေတာပဲ။ လုံအော်ထျန်းကတောင် ပြိုင်ပွဲကြေညာဖို့ ဒီနေရာကိုမှ အထူးတလည်ရွေးချယ်ခဲ့ရတယ်လို့"
ချန်းလျန်ဓားမသေမျိုးသည် မုတ်ဆိတ်ကိုအသာပွတ်သပ်ကာ မျက်လုံးများတွင် လှောင်ပြောင်ချင်သလို အကြည့်တစ်မျိုးဖြင့် ထေ့ငေါ့လာသည်။
ချန်းယန်အကြီးအကဲမှာ မျက်နှာပြောင်ပြောင်ဖြင့်ပင် တုံ့ပြန်လိုက်ရ၏။
"ကျွန်တော်အမှားပြုခဲ့တာပါ။ ဖြစ်နိုင်ရင်ကျွန်တော်လည်း အဲ့လူကိုလုံးဝမကူညီချင်ပါဘူး။ ရွေးချယ်စရာမရှိခဲ့ရုံပါဗျာ၊ အရှင်လည်း လုံအော်ထျန်းအကြောင်းသိရဲ့သားနဲ့၊ သူ့စကားကိုမနာခံမိရင် ကျွန်တော်လည်းနေရာမှာတင် ဖျက်ဆီးရှင်းလင်းခံရမှာပါ"
သနားစရာလူအိုကြီးမှ နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန်နေသည့်အမူအရာအားမြင်သော် ချင်းလျန်ဓားမသေမျိုးမှာ သင်ပြင်းအသာချမိသည်။ တစ်ဖက်လူမှာ ဟန်ဆောင်မုသားသုံးနေဟန်မပေါ်ပါချေ။
"ထားလိုက်ပါ၊ ကျွန်တော်တို့လည်း ဒီကိစ္စကို အတည်တကျကြီးမမှတ်ယူပါဘူး။ လုံအော်ထျန်းရော နောက်ပိုင်း မူမမှန်တာမျိုးရှိသေးလား"
တစ်ဖက်မှ ပြေလည်သောစကားကိုကြားမှ ချင်းယန်အကြီးအကဲလည်း ပြဿနာတစ်ခုတော့ရှင်းလေပြီဟူသောအသိဖြင့် သက်ပြင်းချကာ တရိုတသေတုံ့ပြန်လာသည်။
"ရောင်းရင်းလုံအော်ထျန်းက တစ်ချိန်လုံး လျှို့ဝှက်ကျင့်ကြံရေးခန်းကနေကို ထွက်မလာပါဘူး၊ အရမ်းလျှို့ဝှက်ဆန်းကြယ်နေတာပါပဲ။ သူ့ရဲ့နောက်ခံအစစ်အမှန်ကိုလည်း ကျွန်တော်ဘာမှမသိရသေးပါဘူး"
ထိုစကားဆိုအပြီး တစ်ခဏမျှတန့်လိုက်ကာ ယုံကြည်မှုအပြည့်လေသံဖြင့် ကြေညာပြောဆိုလာသည်။
"ဒါပေမဲ့ ကျွန်တော်ကတော့ သူဘယ်လောက်ပဲကြိုးစားအားထုတ်ပါစေ မဟာမိတ်ခေါင်းဆောင်ယဲ့ကိုအနိုင်ယူနိုင်မှာမဟုတ်ဘူးလို့ အခိုင်အမာယုံကြည်ပါတယ်။ သူတို့ကြားကွာဟမှုဆိုတာ ပိုးစုန်းကြူးနဲ့လမင်းတမျှပါပဲ"
ကျန်းချင်ကျန့်က ရယ်သွမ်းသွေးသည်။
"ရောင်းရင်းချင်းယန်ကတော့ ရှေ့တင်တစ်မျိုး ကွယ်ရာတစ်မျိုး မျက်နှာနှစ်ဖက်နဲ့ပါလား"
"မဟုတ်ရပါဘူးဗျာ၊ ဒါကျွန်တော့်နှလုံးသားကနေလာတဲ့ အမှန်တရားတွေပါ"
ချင်းယန်အကြီးအကဲက အလောတကြီးကာကွယ်ပြောဆိုလာသည်။
"လုံအော်ထျန်း ထွက်လာပြီဟေ့"
အော်သံတစ်ခု ကြားလိုက်ရသည်။
ကွင်းပြင်တစ်ခုလုံး ဟုတ်ခနဲငြိမ်ကျသွားကာ ထူးဆန်းသော တိတ်ဆိတ်မှုသည် လေထဲတွင် ချက်ချင်းပျံ့နှံ့သွားတော့၏။
စုရုံးနေကြသော သောင်းချီသည့်လူအုပ်ကြီးမှာ အသက်ပင်ရဲရဲမရှူဝံ့စွာ စိတ်တင်းထားလျက် ခန်းမဆောင်အတွင်းမှ လှမ်းထွက်လာသော ဘုရင်တစ်ပါး၏ အမူအရာဖြင့် ခမ်းနားသည့်နဂါးလူသားကို မော်ကြည့်လျက်ရှိကြသည်။
အရှေ့တွင်စုရုံးနေသော လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး သွေးအရှင်၏မျက်လုံးများမှာ ခန့်မှန်းရခက်ခဲသော လောဘစိတ်ဖြင့် လှစ်ခနဲတစ်ချက် တောက်လောင်သွားခဲ့၏။
သန်မာအားကောင်းသော ကျင့်ကြံသူတစ်အုပ်ကြီးကို စုပ်ယူစားသုံးလိုက်ပါက မည်မျှကြီးမားကျယ်ပြန့်သောအကျိုးအမြတ်များကို ခံစားနိုင်လောက်မည်နည်းဟု သူတွေးတောတွက်ချက်နေမိသည်။
မသေမျိုးသူတော်စင်အဆင့်ကိုများ တစ်ခါတည်းတန်းတက်သွားလောက်မလား။
"ဟင်"
ရင်းနှီးကျွမ်းဝင်နေပါလျက် တစ်မျိုးတစ်မည်စိမ်းသက်နေသော ထိုပုံရိပ်ကိုကြည့်ရင်း ချင်းလျန်ဓားမသေမျိုး မျက်မှောင်တင်းခနဲကြုတ်သွားသည်။
လုံအော်ထျန်းကို သူနီးနီးကပ်ကပ်မြင်တွေ့ဖူးခဲ့ပါသည်။ သို့တိုင် ယနေ့မြင်တွေ့ရသော လုံအော်ထျန်းမှာ ရှင်းပြရခက်ခဲသော ထူးဆန်းသည့်ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့၏။
ပုံပန်းသွင်ပြင် အရပ်အမောင်း ထပ်တူကျနေပေသည့် တစ်ခုခုက ကွဲပြားနေသလို။
"ဒုမဟာမိတ်ခေါင်းဆောင် တစ်ခုခုကိုများ သတိပြုမိလို့လား"
ကျန်းချင်ကျန့် သူ့အမူအရာကြောင့် ထိတ်လန့်တကြားမေးလာသည်။
"ဘာမှမဟုတ်ပါဘူးကွာ ငါအထင်မှားတာဖြစ်မှာပါ"
ချန်းလျန်ဓားမသေမျိုးက ခါးသက်က်ပြုံးလျက်ဆို၏။
ဒီကမ္ဘာမှာ ဘယ်သက်ရှိကများ လုံအော်ထျန်းအယောင်ဆောင်ပြီး ဒီလိုပွဲကြီးကြီးထလုပ်ရဲမှာတဲ့လဲ။
တကယ့်ကောင်က ငြိမ်ခံနေမယ်ထင်လေသလား။
ထိုအချက်ကိုတွေးလိုက်မိတော့ ချင်းလျန်ဓားမသေမျိုးလည်း သူ့ဘာသာအတွေးလွန်နေခြင်းဟုသာမှတ်ယူလိုက်ပြီး ဖြေသိမ့်လိုက်တော့၏။
"ဆိုတော့ ဒါကလုံအော်ထျန်းပေါ့"
ချန်ရူရန်၏မျက်လုံးများ အနည်းငယ်တောက်ပလာခဲ့သည်။
အကြောင်းရင်းမည်မည်ရရမရှိပေသည့် တစ်ဖက်လူအရှေ့ထွက်လာချိန်တွင် သူမ၏နှလုံးသားထဲ၌ တင်းကျပ်မှုတစ်စုံတစ်ရာကို ခံစားမိလိုက်ရ၏။ မသိစိတ်၏လှုံ့ဆော်မှုကို ယုံကြည်တတ်လေ့ရှိသော ချင်ရူရန်ကတော့ ထိုကိစ္စကို ပေါ့သေးသေးမမှတ်ယူနိုင်။
သွေးအရှင်မှာ ပြိုင်ပွဲကွင်းတစ်ခုလုံးကို လှည့်ပတ်ကြည့်နေရင်း စိတ်နည်းနည်းလေးလာသည်။
ယဲ့ကျွင်းလင်ကို အရိပ်အယောင်မျှ မမြင်တွေ့ရသေးခြင်းပင်။
အနှီသူရောက်မလာပါက ဤအစီအစဥ်သည် အချည်းနှီးသာဖြစ်လိမ့်မည်။
"ချီးတဲ့မှ ဒီလောက်ခက်ခက်ခဲခဲဖန်ထားရတဲ့ အခွင့်အရေးကြီးကို၊ ပြန်လည်ရှင်သန်နိုးထလာသူတွေလည်း အကုန်စုရုံးနေကြပြီ။ လုပ်လိုက်ရင်တစ်ချက်ပဲ"
အမှောင်ထဲတွင် ချုံခိုပုန်းအောင်းနေသောစစ်ထူယန်လည်း စိုးရိမ်စိတ်ကြီးလျက်ရှိ၏။
ပြိုင်ပွဲကွင်းတစ်ခုလုံးမှာ အလယ်ပိုင်းဒေသရှိ ရှေးဟောင်းကျင့်ကြံသူများနှင့်ပြည့်သိပ်လျက်ရှိကာ တစ်ချက်တည်းနှင့်ရှင်းထုတ်လိုက်နိုင်ပါက သေချာပေါက် အကျိုးအမြတ်ကြီးသာဖြစ်ပေမည်။
သို့ပေသည့် အဓိကပစ်မှတ်ကတော့ ပေါ်မလာခဲ့သေး။ အဆုံးထိ သူထွက်မလာခဲ့လျှင် စစ်ထူယန်လည်း မတတ်သာစွာ အမိန့်လက်စွပ်ကိုပြန်သိမ်းလျက် အရှုံးပေးလိုက်ရုံသာတတ်နိုင်တော့မည်။
ရွေးချယ်စရာမရှိ။
အလယ်ပိုင်းဒေသတစ်ခွင်ရှိ ပြန်လည်ရှင်သန်နိုးထလာသူတို့ကို ရှင်းလင်းသတ်ဖြတ်ရန်မှာ အရေးကြီးသည်ဆိုသော်ငြား ကောင်းကင်ဧကရာဇ်ယဲ့ကို ရှင်းထုတ်ဖို့က ထိပ်တန်းဦးစားပေးဖြစ်သည်။
အတွေးများစွာဖြင့် ရှုပ်ထွေးနေရင်း သွေးအရှင်သည် လေဟာနယ်ကိုဖြတ်ကျော်အော်ဟစ်၍ စိန်ခေါ်ဖို့သာ ဆုံးဖြတ်လိုက်တော့၏။
"ယဲ့ကျွင်းလင် ထွက်လာခဲ့တော့၊ ဘာတွေသူရဲဘောကြောင်ချင်နေတာလဲ"
ခမ်းနားသောအသံသည် ရန်စစိန်ခေါ်ခြင်းများဖြင့် ပြည့်နှက်နေပြီး မိုးခြိမ်းသံအလား ကောင်းကင်တလွှား ပျံ့နှံ့ကူးစက်သွားတော့၏။
ထိုစကားများထွက်လာသည်နှင့် ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးလည်း တသောသောဆူညံသွားတော့သည်။
တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိလေသောအခါ သွေးအရှင်လည်း မဆုတ်မနစ်ဆက်အော်ဖို့သာ ဆုံးဖြတ်လိုက်တော့၏။
"ယဲ့ကျွင်းလင် ဘာလို့ထွက်မလာသေးတာလဲ၊ မင်းရဲ့ခွေးအသက်လေး ငါ့လက်ထဲပါသွားမှာကြောက်နေပြီလား။ အဲ့လောက်ကြောက်နေတယ်ဆိုလည်း ဒီအရှေ့မှာဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့တောင်းပန်စမ်း၊ မင်းကို ငါ့အစေခံအဖြစ် လုပ်ကျွေးပြုစုခွင့်လောက်တော့ ပေးနိုင်ပါတယ်"
"ဟားဟားဟားဟား"
ထိုမျှလွန်ကျူးရိုင်းစိုင်းလှသော စော်ကားမော်ကားစကားလုံးများကြောင့် နေရာတွင်ရှိသောလူတိုင်းမှာ ကြောက်စိတ်ဖြင့်တုန်ယင်ကာ ခြေထောက်များမှာလည်း ဂျယ်လီကဲ့သို့ပျော့ခွေသွားတော့မည့်အလား ခံစားနေရ၏။
သူတို့အားလုံး ထိတ်လန့်တုန်လှုပ်စွာဖြင့် လုံအော်ထျန်းဆိုသူ ဒီလောက်မောက်မာရိုင်းစိုင်းကြောင်း မယုံနိုင်လျက်ရှိကြသည်။ တိုက်ခိုက်မှုပင်မပြုရသေး မဟာမိတ်ခေါင်းဆောင်ယဲ့ကို အပြောဖြင့်စတင်အရှက်ခွဲဖို့ သတ္တိရှိလှချည်လေသလော။
"ဒီကောင်ကတော့"
မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း၏ အဖွဲ့ဝင်အားလုံး ဒေါသတကြီးအမူအရာများဖြင့် ထကြွလာကြတော့၏။
"ဒုမဟာမိတ်ခေါင်းဆောင်၊ ဒီလုံအော်ထျန်းက အရမ်းမောက်မာလွန်းနေပြီ"
ကျန်းချင်ကျန့်က မခံမရပ်နိုင်စွာ ပြောလာသည်။
ချန်းလျန်ဓားမသေမျိုးမှာလည်း ထိုစကားလုံးများဖြင့် အတော်လေးရှော့ခ်ရသွားဟန် မျက်လုံးမျက်ဆန်ပြူးမိနေသည်။
သူသည် သူ၏ရှေ့မှ မာနကြီးကာ ကြွားဝါမာန်တက်နေသော လုံအော်ထျန်း၏ ပုံရိပ်နှင့် မဟာမိတ်ခေါင်းဆောင်ယဲ့ထံ တရားသဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် စိတ်ရင်းမှန်ဖြင့် ယုံကြည်ခဲ့ရိုသေစွာ နှုတ်ဆက်ထွက်ခွာသွားခဲ့သော လုံအော်ထျန်း၏ ပုံရိပ်ကို ပေါင်းစည်းနိုင်ခြင်းမရှိပေ။
အပြောင်းအလဲတော်တော်များတဲ့ နဂါး။
စကားမစပ် ဒီကောင့်ကြည့်ရတာ အနိုင်ရကိုရလိမ့်မယ်လို့ တအားကြီးယုံကြည်မှုလွန်ကဲနေတာ မဟုတ်ဘူးလား။
ထိုမျှအစွန်းရောက်သော လှောင်ပြောင်သရော်စကားများက သူ့အတွက် နောက်ဆုတ်ဖို့ရာလမ်းကို သူကိုယ်တိုင်ပိတ်ဆည်းပစ်လိုက်ခြင်းပင်။
သွေးအရှင်မှာ အားရပါးရကျိန်ဆဲနေရ၍ ခံစားချက်ကောင်းလှသော်ငြား စိုးရိမ်စိတ်ကတော့ တစ်စတစ်စ ပိုဖိစီးလာခဲ့သည်။
နောက်ထပ်ပြောရမည့် လှောင်ပြောင်စကားများကို သူတွေးတောဖန်တီးနေစဥ် ကောင်းကင်ယံအဝေးတစ်နေရာမှ ဆူညံသံများစွာ မြည်ဟည်းထွက်ပေါ်လာခဲ့သည်။
အရွယ်အစားအလွန်ကြီးမားသော ခွင်းဖန်းကြီးတစ်ကောင်က လေဟာနယ်ရပ်ဝန်းကိုဆန်တက်လျက် ကောင်းကင်ကိုပိတ်ဆို့ဖုံးကာပြီး တောင်ကြီးတစ်လုံးအလား ဖိအားဖြင့် ပျံသန်းဝင်ရောက်လာတော့သည်။
"ဒါ၊ ဒါက နတ်ဘုရားသားရဲခွင်းဖန်းပဲ"
ရှေးဟောင်းကျင့်ကြံသူများ အထိတ်တလန့်ဖြစ်လျက် အာမေဋိတ်ပြုမိကြသည်။
ခွင်းဖန်းမျိုးနွယ်သည် သားရဲတို့၏ထိပ်တန်းအဆင့် တော်ဝင်မျိုးနွယ်မှသတ္တဝါဖြစ်သည်။ ယခင် ခွင်းလွင်ပြင်ပ ဂြိုဟ်သားစစ်ပွဲများအပြီးတွင် မျိုးသုဥ်းသွားသင့်လေပြီဖြစ်သော်ငြား လက်ရှိအချိန်တွင် သူတို့အားလုံး အရှင်လတ်လတ်ခွင်းဖန်းတစ်ကောင်ကို ထိတ်လန့်ခြင်းကြီးစွာ မြင်တွေ့နေရလေပြီ။
ခွင်းဖန်း၏ကျောထက်မှ၊
ပုံရိပ်တချို့ တန်းစီဆင်းသက်လာသည်။
ရှေ့တွင်ဦးဆောင်ရပ်တည်နေသော ထိုလူငယ်မှာ ယဲ့ကျွင်းလင်မှတစ်ပါး အခြားမရှိ။
"ကြည့်ကြစမ်း အဲ့ဒါ မဟာမိတ်ခေါင်းဆောင်ယဲ့ပဲ"
"ဘုရားဘုရား မဟာမိတ်ခေါင်းဆောင်ယဲ့ရဲ့ စီးတော်ယာဥ်က တကယ်ကြီး ခွင်းဖန်းဖြစ်နေတာပဲ"
"စိတ်ကူးလို့တောင်မရဘူး၊ ခွင်းဖန်းတစ်ကောင်ဆီက လိုလိုလားလား သခင်အဖြစ်သတ်မှတ်ခံရတယ်ဆိုကတည်းက မဟာမိတ်ခေါင်းဆောင်ယဲ့ရဲ့ ဖြစ်တည်မှုအစစ်အမှန်ဟာ ဘယ်လောက်တောင်ခမ်းနားမြင့်မြတ်နေလိုက်လေမလဲ"
အာမေဋိတ်သံများ နေရာတိုင်းမှ တသောသောညံထွက်လာသည်။
စုရုံးနေသောလူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ယဲ့ကျွင်းလင် မျက်ခုံးတစ်ဖက်ပင့်သွားသည်။
"ဟုတ်လှချည်လား မင်းတို့အားလုံး စောရောက်နေကြတာပေါ့"
လီဝူကျယ်က အောင့်သက်သက်ပြုံးကာ ဝင်ပြောရသည်။
"ဆရာသခင်၊ ဒါက အလယ်ပိုင်းဒေသမှာ သမိုင်းတွင်မဲ့ အရေးအကြီးဆုံးပြိုင်ပွဲလေ၊ ဆရာသခင်တစ်ယောက်ပဲ ဒါကိုလမ်းဘေးပွဲတော်လေးမှတ်နေတာ"
ထိုအချိန်တွင်၊
ယဲ့ကျွင်းလင်ပေါ်လာသည်ကိုမြင်သော် သွေးအရှင်၏မျက်လုံးများမှာ တဖျတ်ဖျတ်တောက်ပသွားလျက် နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်သည်လည်း တမုဟုတ်ချင်း မြင့်တက်ပြင်းထန်လာတော့၏။
သူ့မျက်နှာကို အကြိမ်ကြိမ်ဖြတ်ရိုက်၊ အကြိမ်ကြိမ်အရှက်ခွဲခဲ့တဲ့ အဲ့ဒီလူ။
ယနေ့ သူသည် ထိုရန်ကြွေးအားလုံးကို အပြီးတိုင်ချေဆပ်ရပေမည်။
အရာအားလုံး ဤတွင်အဆုံးသတ်ရစေ့မည်။