စိတ်ကယောင်ချောက်ချား ရောဂါသည်လေး
Vol. 46 Ch. 637
"နှုတ်ခွန်းဆက်သပါတယ် မဟာမိတ်ခေါင်းဆောင်ယဲ့"
ချင်းလျန်ဓားမသေမျိုးက တည်ကြည်လေးနက်သောမျက်နှာထားဖြင့် လက်သီးဆုပ်ဦးညွှတ်လျက် အော်ဟစ်ကြိုဆိုသည်။
"ငယ်သားများ နှုတ်ခွန်းဆက်သပါတယ် မဟာမိတ်ခေါင်းဆောင်ယဲ့"
ယဲ့ကျွင်းလင်တစ်ယောက် ခွင်းဖန်းကိုစီးလျက်ပေါ်ထွက်လာသည်အားမြင်သော် မရေမတွက်နိုင်သော ကျင့်ကြံသူအပေါင်းသည် ရင်သပ်ရှုမောရှုစားကြရင်း တစ်ယောက်မကျန် ဦးညွှတ်အရိုအသေပြုကုန်ကြ၏။
အော်ဟစ်နှုတ်ခွန်းဆက်သံများမှာ တောင်ကိုရိုက်ခတ်ကာ ပင်လယ်ပြင်ထက် ဆူနာမီလှိုင်းထန်စေသည့်အလား ပဲ့တင်ထပ်ပျံ့နှံ့သွားလေတော့၏။
လူအများ၏စိတ်ဆန္ဒတို့စုတည်ရာ။ ထိုပုဂ္ဂိုလ်၏ လွှမ်းမိုးမှုသြဇာ။
မဟာမိတ်ခေါင်းဆောင်ယဲ့မှ ရှိရင်းစွဲရာထူးနေရာကို စွဲမြဲဆုပ်ကိုင်ထားနိုင်ဖို့ သူတို့အားလုံးမျှော်လင့်နေခဲ့ကြသည်။ ဤမောက်မာရိုင်းစိုင်းသော နဂါးထံမှ ပလ္လင်လုခံလိုက်ရလို့မဖြစ်။
ကြယ်ပွင့်များက လမင်းကိုဝန်းရံနေသကဲ့သို့ ပူဇော်ဦးညွှတ်ခံနေရသည့် ထိုပုံရိပ်ကိုကြည့်ရင်း သွေးအရှင်မှာ နာကျည်းမုန်းတီးမှုများလှိုက်တက်လာလျက် လှောင်ရယ်လိုက်သည်။
"ယဲ့ကျွင်းလင် ရောက်လာပြီပေါ့၊ ငါကတော့ မင်းများသူရဲဘောကြောင်ပြီး မလာရဲတော့ဘူးထင်နေတာ"
"အတင့်ရဲလှချည်လား"
လီဝူကျယ်က စိတ်ဆိုးမာန်ဆိုးပြန်အော်သည်။
"ငါ့ဆရာသခင်ဆီမှာ တစ်ခါရှုံးပြီးအိမ်ပြန်သွားရတဲ့ကောင်က မလေးမစားလုပ်ရဲနေတယ်ပေါ့"
"ငါသာမင်းကို ဒီလောက်ကျေးဇူးမသိတတ်တဲ့ကောင်မှန်းသိခဲ့ရင် အဲ့ဒီအချိန်ကတည်းက တစ်ခါတည်းသတ်ပစ်ခဲ့တယ်။ ငါတို့သာ အဲ့နေ့ကလွှတ်မပေးခဲ့ရင် မင်းဒီလိုစကားပြောနေနိုင်မှာတောင်မဟုတ်ဘူးကွ"
လီဝူကျယ်ကတော့ ရန်စမခံနိုင်သည့်အလျောက် ဒေါသသွေးဆူလာတော့၏။
ဟုန်ချန်ယဲ့၏မျက်လုံးများတွင်လည်း အေးစက်စက်အရောင်တစ်ချက်လက်ကာ မေးခွန်းထုတ်လိုက်သည်။
"လုံအော်ထျန်း မင်းစကားပြောတာ တော်တော်ရိုင်းစိုင်းလှပါလား၊ အကျိုးဆက်တွေကို မကြောက်တတ်ဘူးလား"
"ဟမ့် မင်းကဘာကောင်လဲ၊ ငါ့ကိုတောင်မေးခွန်းပြန်ထုတ်ရဲသေးတယ်"
သွေးအရှင်၏လေသံက အထင်အမြင်သေးဟန်အပြည့်။
"မင်း..."
ဟုန်ချန်ယဲ့မှာ တအံ့တသြလည်းဖြစ်ရသလို ဒေါသလည်းထွက်သည်။
တစ်ချိန်တည်းမှာပင် လုံအော်ထျန်း၏စိတ်သဘောထားသည် နောက်ဆုံးတွေ့ခဲ့ရချိန်နှင့် လားလားမှမတူညီစွာ ကွဲပြားသွားခဲ့သည်ကို ခံစားလိုက်ရပြီး နောက်ထပ် ဖော်ပြသတ်မှတ်လို့မရနိုင်ပါသော ထူးဆန်းမှုတစ်ခုလည်းပါရှိနေသည်။
ယဲ့ကျွင်းလင်က မျက်လုံးများကိုမှေးကျဥ်းလိုက်ပြီး အဓိပ္ပာယ်ပါပါ စကားတစ်ခွန်းဆိုသည်။
"ရှောင်လုံလေးကတော့ တော်တော်သေချင်နေပြီဟုတ်လား"
အရင်တစ်ခေါက် ဆုံခဲ့ကြုံခဲ့ဖူးသလောက် ဒီတစ်ခေါက်ပြိုင်ပွဲကိုလည်း သာမန်လက်ရည်ယှဥ်ပွဲမျှသာဖြစ်လိမ့်မည်ဟု ယဲ့ကျွင်းလင်ထင်မှတ်ထားသော်ငြား လုံအော်ထျန်း၏အမူအရာသည် အလွန်အင်မတန် ရန်လိုမုန်းတီးနေဟန်ရကာ လေထုမှာလည်း စစ်မြေပြင်အငွေ့အသက်ဖြင့် ထောင်းထောင်းထမွန်းကျပ်နေလေတော့၏။
တစ်ဖက်လူမှာ လူစားထိုးခံလိုက်ရသည့်အလား ပြောင်းလဲသွားခဲ့သည်။
"ဟဲဟဲ"
သွေးအရှင်က ပြိုင်ပွဲကွင်းထက် လျှပ်တပြက်ရောက်ရှိလာကာ မောက်မာသောအကြည့်ဖြင့် စိန်ခေါ်သည်။
"ယဲ့ကျွင်းလင် အခုလာပြီးသေလိုက်တော့"
ခမ်းနား၍အားကြီးသောအော်သံမှာ ကမ္ဘာမြေပြိုကွဲမတတ်ကျယ်လောင်ကာ ရောက်ရှိနေသူအပေါင်းကို နားစည်တုန်ခါထုံထိုင်းသွားစေသည်။
ကျင့်ကြံသူတို့မှာ ကြောက်စိတ်ဖြင့် ဦးရေပြားများ ထုံကျင်လာရသည်။
သူတို့၏အမြင်တွင် လုံအော်ထျန်းသည် ထောက်ထားညှာတာမှုကင်းစွာ မဟာမိတ်ခေါင်းဆောင်ယဲ့ကို တိုက်ရိုက်လက်ယပ်ခေါ်၍ သတ်ဖြတ်ရှင်းလင်းဖို့ရာ အသင့်ဖြစ်နေလေပြီ။
လူတိုင်းမှာ ယုံရခက်ခက်ကြည့်နေရသည်။ လုံအော်ထျန်းက အနိုင်ရကိုရမယ်လို့ ယုံကြည်ရလောက်အောင် အင်အားတွေတိုးလာခဲ့တာလား။
သူ့အတွက်သူ ထွက်ပေါက်မချန်၊ လွတ်လမ်းမကျန်စေခဲ့။
ထိုမြင်ကွင်းကိကြည့်လျက် ယဲ့ကျွင်းလင်က မျက်ခုံးတစ်ဖက်ပင့်သည်။
အိုခေပါ၊ မင်းကဒီလိုဆိုတော့လည်း ဒီလိုပဲပေါ့။
အဲ့လောက်ဆန္ဒပြင်းပြနေမှတော့ ဖြည့်ဆည်းပေးရတော့မှာပဲ။
ထိုအချိန်တွင် ယဲ့ကျွင်းလင်လည်း စိတ်ပြောင်းဖို့ပြင်ရတော့သည်။ ယနေ့တော့ ကြက်သွန်မြိတ်ကိုရိတ်သိမ်းရုံသာမက အမြစ်ကပါဆွဲနှုတ်ရပေတော့မည်။
ဝှစ်ခနဲ တစ်ချက်တွင်၊
လူအများ၏ အကြည့်အောက်တွင် ယဲ့ကျွင်းလင်၏ ရှည်လျားဖြူစင်သော ဆံနွယ်ရှည်များ ဖျတ်ခနဲလွင့်ခါကာ မျက်လုံးအစုံကလည်း တောက်ပလင်းလက်လာသည်။ လက်နှစ်ဖက်ကို အနောက်သို့ပစ်လျက်သားပင် ပြိုင်ပွဲကွင်းထက် သူဆင်းသက်လာကာ တစ်ဖက်အစွန်းတွင်ရပ်နေသော သွေးအရှင်နှင့် မျက်နှာချင်းဆိုင်ရပ်တည်လိုက်၏။
【တင်၊ သတ်မှတ်ထားတဲ့နေရာကို အောင်အောင်မြင်မြင်ရောက်ရှိလာနို်ငတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်၊ ဆုလာဘ်အဖြစ် ဆယ်ပတ်လည်မသေမျိုးစက်ဝန်းကို ချီးမြှင့်ပါမယ်ရှင့်】
စနစ်၏အချက်ပေးသံက သူ့စိတ်ထဲမှထွက်ပေါ်လာသည်။
ရုတ်ချည်းပင် ယဲ့ကျွင်းလင်၏ခန္ဓာကိုယ်၌ ထူးခြားသောပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ သက်ရှိအားလုံးကို ဝိညာဥ်ရင်းမြစ်မှသည် လွှမ်းမိုးချုပ်ကိုင်လိုက်သော ထိုအရှိန်အဝါသည် မရေမတွက်နိုင်သော ကြည့်ရှုသူအပေါင်းအား အံ့သြဘနန်းဖြစ်ကျန်စေ၏။
တစ်ဖက်လူ၏ ပြောင်းလဲသွားသောအရှိန်အဝါတွင်၊
သွေးအရှင်လည်း တောင့်မခံနိုင်စွာ မွေးညင်းတို့ထောင်ထလာအောင် ကြောက်လန့်တုန်လှုပ်လျက် သေမင်းတမန်ကို ရင်ဆိုင်နေရသည့်အလား တစ်ကိုယ်လုံး နေရာလပ်မကျန် ကြက်သီးဖြန်းဖြန်းထလာရသည်။
"ဒီလူက ခန့်မှန်းတွက်ချက်ထားလို့ မရနိုင်ဘူးပဲ"
တစ်ဖက်လူ၏ ကြောက်မက်ဖွယ်သဘာဝစွမ်းအားကို ရင်ဆိုင်လိုက်ရချိန်တွင် သွေးအရှင် သတိအနေအထားဖြင့် တောင့်မတ်သွားရ၏။
ထို့နောက် သူဒီနေ့အတွက်စီစဥ်လာခဲ့သော ပြင်ဆင်မှုအဆင့်ဆင့်ကို ပြန်လည်တွေးတောစစ်ဆေးလိုက်စဥ် နှလုံးသားတွင်းမှကြောက်စိတ်သည်လည်း တမုဟုတ်ချင်းပြယ်ပျောက်သွားရ၏။ သတ်ဖြတ်လိုစိတ်က ရုတ်ချည်းပြန်လည်ဝင်ရောက်လာသည်။
ထို့နောက် သွေးအရှင်သည် ခွန်အားကိုစုစည်းကာ ခေါင်းကိုအနောက်သို့မော့လှန်လျက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တော့၏။
"မြန်မြန် အခုပဲစမယ်"
ထိုစကားကိုကြားသော်၊
ယဲ့ကျွင်းလင်က ရယ်သည်။ "မင်းပြောသလိုပဲပေါ့"
ထိုအသံဆုံးသည်နှင့် ရွှေရောင်မသေမျိုးစက်ဝန်းတစ်ခုက သူ့အနောက်တွင်ပေါ်ထွက်လာကာ မွန်းတည့်နေမင်းကဲ့သို့ ပြင်းစွာပူလောင်တောက်ပလျက် ဘယ်လိုစွမ်းအားနှင့်မှ ဖြိုဖျက်လို့မရနိုင်လောက်သည့်ခံစားချက်ကို ပေးစွမ်းနေသည်။
မရေမတွက်နိုင်သောလူအများ ထိတ်လန့်အံ့သြဖွယ် တွေ့မြင်လိုက်ရသည်မှာ ထိုစက်ဝန်းသည် ဆယ်ပတ်အတိလှည့်လည်သွားခြင်းပင်။
ခမ်းနားသောစွမ်းအားအဟုန်က မီးတောက်ပေါက်ကွဲသကဲ့သို့ အုံးခနဲထွက်ပေါ်လာသည်။
ကောင်းကင်သည်မှိန်ဖျော့ကာ နေနှင့်လတို့အလင်းပျောက်ဆုံးလျက် မိုင်ပေါင်းသောင်းချီသော နေရာတစ်ဝိုက်လုံး ပြင်းစွာတုန်ခါလှုပ်ယမ်းသွားခဲ့သည်။ မြေပြင်နှင့် တောင်တန်းများပင် နေရာရွှေ့ပြောင်းရွေ့စောင်းသွားသည့်အလား။
အကန့်အသတ်မဲ့သောအရှိန်အဝါသည် အလုအယက်စီးဆင်းနေသော ရေအလျဉ်ကဲ့သို့ တိုးဝင်လာကာ နေရာအနှံ့သို့ တိုက်စားသွားသည်။ မရေမတွက်နိုင်သောလူများမှာ အဆုံးမရှိသောဖိအားဖြင့် လွှမ်းမိုးဖိနှိပ်ခံရကာ လှည့်ပတ်နေသောသွေးရည်ကြည်များ ခဲသက်သွားသကဲ့သို့ အရိုးထိကူးလူးသွားသော အေးစက်စက်ကြက်သီးကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ချွေးအေးများစီးဆင်းစိမ့်ကျလာတော့၏။
ထိုအချိန်တွင်၊
သူတို့မြင်နေရသော ယဲ့ကျွင်းလင်သည် ဆယ်ပတ်လည်မသေမျိုးစက်ဝန်းကို အနောက်တွင်ပေါ်ထွက်လာစေလျက် နတ်ဘုံနတ်နန်းကဲ့သို့ ရွှေရောင်အလင်းတို့ဖြင့် ဖြာထွက်လျက်ရှိကာ အမှောင်ထုကို ဖျက်သိမ်းလွင့်ပြယ်စေသော နေမင်းအလား တည်ရှိနေလျက်။ လှုပ်ရှားမှုတစ်ခုချင်းစီက ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲဖျက်ဆီးတော့မည့်အလား ထင်မှတ်ရစေသည်။
"ဒါ...ဒါက ဆယ်ပတ်လည်မသေမျိုးစက်ဝန်းမဟုတ်လား"
ပြန်လည်ရှင်သန်နိုးထလာသူတို့မှာ အံ့ဖွယ်မြင်ကွင်းတွင် မထိန်းနိုင်စွာ အာမေဋိတ်ပြုကုန်ကြသည်။
"အမှန်ပဲ၊ မဟာမိတ်ခေါင်းဆောင်ယဲ့ဆိုတာ ဘယ်သူမလို့လဲ။ မသေမျိုးဧကရာဇ်အဆင့်ရဲ့ အဆုံးစွန်ကိုတောင် ကျော်လွန်ထိုးဖောက်နိုင်ထားတာ၊ လုံအော်ထျန်းတော့ လက်စသတ်ခံရဖို့ပဲကျန်တော့တယ်"
ချင်းလျန်ဓားမသေမျိုးက လေးစားမှုအပြည့်ဖြင့်ပြောလိုက်သည်။
လုံအော်ထျန်းတစ်ယောက် ဆယ်ပတ်လည်မသေမျိုးစက်ဝန်းကို ပိုင်ဆိုင်ထားသည်ကို တွေ့သည်နှင့် မဟာမိတ်ခေါင်းဆောင်ယဲ့လည်း ပိုင်ဆိုင်ထားလောက်မည်ဆိုတာ သူသေချာပေါက်တွက်ထားပါသည်။ ယခုမှထုတ်သုံးပုံအရ တကယ်ကြမ်းတော့မည့်ဟန်ပင်။
"သန်မာလိုက်တာ..."
နက်နဲသောအရှိန်အဝါကို ခံစားမိသောအခါ ချင်ရူရန်သည်ပင် မတုန်မလှုပ်အမူအရာလေးမှ အနည်းငယ်စိတ်လှုပ်ရှားသွားဟန်ဖြင့် တိုးတိုးရေရွတ်လာသည်။
မျက်မှောက်ခေတ်၏ အသန်မာဆုံးနှစ်ယောက်ကြားမှ လက်ရည်ယှဥ်ပွဲကို သူမမျက်လုံးများဖြင့် ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုရပေတော့မည်။