အခန်း (၆၃၈)
Vol. 46 Ch. 638
ယဲ့ကျွင်းလင်၏ စွမ်းအားဖော်ထုတ်ပြသမှုက ချင်ရူရန်ကို အမှန်တကယ်အံ့သြအောင် လုပ်နိုင်ခဲ့သည်။
ကျင့်ကြံသူများမှာ မျှော်လင့်ချက်အပြည့်ဖြင့် စိတ်လှုပ်ရှားစွာစောင့်ကြည့်နေကြကာ အသက်ပင်ရဲရဲမရှူဝံ့ကြ။
အထူးသဖြင့် သွေးအရှင်မှာ သူ့ဆီဦးတည်ရောက်ရှိလာသော လွှမ်းမိုးဖိနှိပ်မှုကြီးကြောင့် ဘယ်လိုပင်စိတ်ခိုင်ခိုင်ထားနေပါသော်ငြား ပြိုလဲလုမတတ် ယိုင်နဲ့နေရပြီဖြစ်၏။
နှလုံးသားအတွင်းမှ ပြင်းစွာသောသတိပေးသံများက တဒေါင်ဒေါင်မြည်ဟီးနေကာ သေခြင်းတရားနှင့် လွန်စွာနီးကပ်နေပြီဖြစ်ကြောင်း သူ့အားပြောဆိုအသိပေးလျက်ရှိကြသည်။
သူသည် ထိုနေရာမှာရပ်နေလျက်သား တည့်တည့်ကြီးပစ်မှတ်ထားခံနေရကာ ယဲ့ကျွင်းလင်၏ သတ်ဖြတ်လိုစိတ်က သူ့တစ်ကိုယ်လုံးကို သော့ခတ်ချုပ်နှောင်ထားသကဲ့သို့ ဖိနှိပ်လျက်ရှိသည်။ တစ်လက်မပင် လှုပ်ရှားဖို့မဖြစ်နိုင်။
"ဂလု"
သွေးအရှင်သည် တံတွေးတစ်ချက်ကို ခက်ခက်ခဲခဲမျိုချလိုက်ကာ နဖူးထက်မှ ချွေးအေးများစီးကျနေလျက်ဆိုသည်။
"အမ်း..တကယ်တော့ ခုနကကျွန်တော်ပြောနေတာ ခင်ဗျားကိုမဟုတ်ဘူးရယ်"
"ဟင်"
ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်သည်။
ဘာကိုဆိုလိုချင်တာလဲ။
အခုငါတို့ တိုက်ကြတော့မှာမဟုတ်ဘူးလား။
"လေးစားသမှုကို ပြသတဲ့အနေနဲ့ ငါပထမဆုံးလှုပ်ရှားမှုမှာ စွမ်းအားအကုန်ထည့်သုံးလိုက်မယ်။ မင်းအဲ့ဒါကို မသေဘဲတောင့်ခံနိုင်ရင် ငါရှုံးပြီလို့သတ်မှတ်မယ်"
ထိုစကားကိုပြောပြီးသည်နှင့် ယဲ့ကျွင်းလင်သည် လက်တစ်ဖက်ကိုမြှောက်ကာ ဗလာသက်သက် လေဟာနယ်အတွင်းမှ စန်းယွမ်ဓားကိုဆွဲထုတ်လိုက်သည်။ ရွှေရောင်ဓားသွားသည် အလင်းဝိုင်းတစ်ခုဖြင့် လှိုင်းထန်ထကြွလျက်ရှိကာ မြင့်မြတ်သောအရှိန်အဝါကို ထုတ်လွှတ်နေလျက်။
ဟွမ်ကျင်းကျိုးပြည်နယ်တစ်ခုလုံးတွင် တိမ်မြုပ်နေသောမသေမျိုးချီတို့သည် အသက်သွင်းခံလိုက်ရသည့်အလား လှုပ်ရှားစုစည်းလာကြကာ ထိတ်လန့်အံ့သြဖွယ် မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေကြသည်။
ယဲ့ကျွင်းလင်သည် လက်ထဲမှဓားရှည်ကိုဝင့်ကိုင်ကာ နဝမအဆင့်မသေမျိုးစွမ်းအားအရည်အသွေးကို အသက်သွင်းလျက် ဓားကိုယ်ထည်ဆီသို့ အဟုန်ပြင်းသောမြစ်တစ်စင်းအလား စွမ်းအင်တို့အား စီးဆင်းသွင်းထည့်လိုက်သည်။ ဓားကိုယ်ထည်သည် တိုင်းတာဖို့ငှာမစွမ်းသာသော တောက်ပသည့်မသေမျိုးအလင်းဖြင့်ဝန်းရံလျက် နက်နဲသော တာအိုအဆင့်ဓားစိတ်ဆန္ဒဖြင့် အသက်ဝင်လာတော့၏။
မြှင့်တင်မှုအပေါင်းဖြင့် အထပ်ထပ်ဆင့်လိုက်သော် မယုံနိုင်လောက်သော စွမ်းအားစုစည်းမှုကို ရရှိသည်။
ထိုဓားရှည်ကို စွဲကိုင်ထားသော ယဲ့ကျွင်းလင်အား မည်သူမျှ တားဆီးဆွဲငင်ထားနိုင်မည်မဟုတ်။
မယုံနိုင်လောက်အောင်စွမ်းအားကြီးသော ဓားစိတ်ဆန္ဒသည် ကောင်းကင်သို့တိုင် တည့်တည့်ထိုးတက်သွားကာ ကြည့်ရှုသူအပေါင်းကို အံ့သြမှင်တက်စေလျက် မျက်လုံးများပင် ထွက်ကျတော့မတတ် ပြူးကျယ်လာစေသည်။
"ဒီဓားက မသေမျိုးသူတော်စင်တစ်ပါးကို တစ်ချက်တည်းနဲ့ခုတ်ပိုင်းနိုင်တယ်"
ခရီးစုံအသိစုံသော ကောင်းပုလီသည် ခွေးမျက်လုံးဝိုင်းဝိုင်းများဖြင့် ပြူးနေအောင်ကြည့်ရင်း ကြောက်စိတ်ဖြင့်တုန်ယင်နေလျက် အနောက်မှတင်ပါးကိုပင် လက်ဖြင့်ထိန်းကိုင်ထားမိသည်။
"မင်းဘာလို့အဲ့မှာရပ်နေသေးတာလဲ၊ ရှေ့တက်လာပြီး စွမ်းရည်တွေထုတ်ပြချိန်တန်ပြီလေ"
ယဲ့ကျွင်းလင်က ဓားသွားကိုမြင့်မြင့်မြှောက်ကာ အချိန်မရွေးခုတ်ချလိုက်ဖို့ရာ အသင့်ပြင်ထားလျက် ဆိုသည်။
လုံအော်ထျန်းကို သူ့ဘက်ကအရင်ခုတ်ပိုင်းလိုက်လျှင် တစ်ချက်တည်းဖြင့်သေသွားနိုင်သောကြောင့် အလျဥ်စလိုမလုပ်ချင်သေးပါ။ စနစ်၏ဆုလာဘ်ကို ရရှိပြီးဖြစ်သော်ငြား ထိုကြက်သွန်မြိတ်ထံမှ ကျင့်ကြံဆင့်ကိုလည်း ရိတ်သိမ်းရပေဦးမည်မဟုတ်လော။
ထိုနဂါးလူသား အလွန်မောက်မာဝင့်ထည်နေပုံကို ကြည့်ရသလောက် ကျင့်ကြံဆင့်အထွဋ်အထိပ်တစ်ခုကိုတော့ ဆွတ်ခူးရယူထားနိုင်ပြီးဖြစ်ရမည်။ အနည်းဆုံးတော့ မသေမျိုးဧကရာဇ် နဝမကောင်းကင်လောက် ရှိလောက်ပေမည်။
လက်ရှိ ခွင်းလွင်၏ ကောင်းကင်ဥပဒေများက ကျင့်ကြံဆင့်ကို မသေမျိုးဧကရာဇ်အထိသာ ကန့်သတ်ထားပါသေးသော်လည်း အင်အားကြီးသောပြိုင်ဘက်နှင့် ယှဥ်ပြိုင်ရာမှာ ပို၍အင်အားကြီးလာတတ်သည့် စွမ်းရည်အရ သူတစ်ယောက်ကတော့ ထိုကောင်းကင်ဥပဒေကို မထီမဲ့မြင်ပြုနိုင်မည်မဟုတ်လော။
တစ်ဖက်မှ အသင့်ဖြစ်နေသောမြင်ကွင်းတွင်၊
သွေးအရှင်သည် ချွေးတို့ဖြင့်ရွှဲရွှဲနစ်ကာ တစ်ကိုယ်လုံးမှာ သိသိသာသာတုန်ယင်လာလျက် မျက်ဆံများသည်လည်း နေရာမှန်ကိုစိုက်မကြည့်နိုင်တော့။ အားရပါးရသာ ကျိန်ဆဲလိုက်ချင်တော့သည်။
ယဲ့ကျွင်းလင်၏ ကမ္ဘာမြေကိုခုတ်ပိုင်းတော့မည့်ဟန် ထိုဓားချက်အား သူအားကုန်ထုတ်တောင့်ခံလျှင်တောင် တစ်ချက်ပင်ခံနိုင်မည်မဟုတ်မှန်း သေချာသိထား၏။
ထိုဓားသွားဖြင့် ထိလိုက်သည့်တစ်ခဏတွင် မလွဲမသွေ ဖုန်မှုန့်ဘဝသို့သာ ပြောင်းလဲရပေတော့မည်။
ခြေရာလက်ရာတစ်ကွက်ပင် ကျန်ရစ်ခဲ့လေမည်မဟုတ်။
ပြဿနာမှာ၊
သူကိုယ်တိုင်ကလည်း ထိုစွမ်းအားရှင်နှင့် ထိပ်တိုက်တွေ့ရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်သည်လေ။
အချိန်ကျရောက်လေပြီ။ နောက်ကွယ်မှလူကား ယခုအချိန်ထိ လှုပ်ရှားမလာသေး။
မင်းလုပ်နေပုံက ငါတို့အရင်ညှိထားတဲ့အတိုင်း ဟုတ်မနေဘူးလေ။
ရုတ်တရတ် သွေးအရှင်သည် ဖြစ်နိုင်ချေတစ်ခုကိုထည့်တွေးမိကာ မျက်လုံးများမှာ သွေးယိုကျတော့မည့်အလား ရဲတောက်လာတော့သည်။ တစ်ဖက်ပူးပေါင်းသူမှာ သူဤသို့သတ်ဖြတ်ချိုးနှိမ်ခံရသည်ကို တစ်ဝကြီးကြည့်ပြီးမှ အစီအစဥ်စဖို့ ကြံစည်ထားလေသလောဟု။
"မင်းဆိုတဲ့ကောင် ပုန်းနေရာကနေ အခုထွက်လာတာကောင်းမယ်၊ အခုလူလည်းစုံနေပြီ။ ဒီနေရာမှာသာ ငါသေသွားရင် အမှောင်သွေးလက်စွပ်ကလည်း အလိုအလျောက်ပျက်စီးပြီး တကယ့်လုံအော်ထျန်းလည်း လွတ်ထွက်လာမှာ။ အဲ့ကျရင် သူ့လက်ချက်အရင်ဆုံးခံရမဲ့သူက မင်းပဲ"
သွေးအရှင်သည် နီရဲနေသောမျက်လုံးများဖြင့် ထကြိမ်းဝါးလေတော့၏။
"ဘာတွေဖြစ်နေတာလဲ"
လူတိုင်း နားမလည်ပါးမလည်ဖြင့် တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ကုန်ကြသည်။
မှောင်ရိပ်ခိုနေသော စစ်ထူယန်သည်လည်း ထိုစကားကိုကြားလိုက်အပြီး မျက်နှာလုံးဝပျက်ယွင်းကာ ထိုထာဝရသွေးမျိုးနွယ်စုဝင်၏ မြေခွေးကျင့်မြေခွေးကြံဖြင့် ပြည့်စုံနေမှုကို ကြိတ်၍ကျိန်ဆဲမိသည်။
မှန်ပေသည်။ သူကိုယ်တိုင်ကလည်း ယဲ့ကျွင်းလင်က သွေးအရှင်ကို အမြစ်ဖြတ်ရှင်းလင်းပြီးချိန်မှ သူထွက်လာကာ အစီအစဥ်စဖို့ ကြံစည်ထားသည်ပင်။
တစ်ဖက်လူတွင်လည်း ကြိုတင်ကြံစည်မှုတစ်ခုရှိထားသောကြောင့် သူ့အကြံအစည် မထမြောက်လိုက်ပေ။
အခုအချိန်မှာမှ အစီအစဥ်အတိုင်းဆက်လုပ်ပါလျှင်လည်း လှောင်အိမ်မှလွတ်လာကာ ဒေါသမီးတောက်နေမည်ဖြစ်သော လုံအော်ထျန်း၏စွမ်းအားကို သူယှဥ်တိုက်နိုင်မည်မဟုတ်။
"အယ် ဘာစကားတွေထပြောနေတာလဲဟ"
အော်ဟစ်ကြိမ်းမောင်းနေသော လုံအော်ထျန်းကို ယဲ့ကျွင်းလင် ကြောင်တောင်တောင်ကြည့်နေလိုက်သည်။
စိတ်ကယောင်ချောက်ချားရောဂါ ဖြစ်နေတာများလား။
သေချာတွေးကြည့်ပါလျှင် မတွေ့ရသည့်ကာလအတွင်း ထိုမျှအကျင့်စရိုက်ပြောင်းသွားသောအခြေအနေကို တွက်ဆရသလောက် စိတ်ကယောင်ချောက်ချားရောဂါဖြစ်နေနိုင်ချေ အတော်များသည်ပင်။
ရုတ်တရတ် ယဲ့ကျွင်းလင်၏မျက်လုံးများတွင် စာနာသနားရိပ်အနည်းငယ် ထင်ဟပ်လာသည်။
ဒီကလေးရဲ့ဘဝဟာလည်း အတော်ဆိုးရှာပါလား။
ကဲ ဒီလိုဆိုတော့လည်း တစ်ချက်တည်းနဲ့အပြီးသတ်ပေးရသေးတာပေါ့။ ဒီစိတ်အခြေအနေနဲ့ ဒီဘဝကိုဆက်ပြီးဖြတ်သန်းရမှာ အရမ်းခက်ခဲမှာပဲမဟုတ်လား။
ယဲ့ကျွင်းလင်က ဓားရိုးကိုတင်းတင်းဆုပ်လိုက်ရာ ရွှေရောင်ဓားအလင်းတန်းသည် ရုတ်တရတ်ပြင်းထန်လာလျက် ဓားစိတ်ဆန္ဒသည် ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးတော့မတတ် ကျယ်ပြန့်လာသည်။
ထို့နောက် ခုတ်ချတော့မည့်ဟန်ပြင်လိုက်သည်။
သွေးအရှင်၏ ရင်ထဲတွင် သေခြင်းတရား၏ အချက်ပေးခေါင်းလောင်းသံ ပြင်းစွာထွက်ပေါ်လာသည်။ သွေးအရှင်သည် ပြိုလဲလုနီးပါးဖြစ်ကာ ကြောက်စိတ်လွှမ်းနေသောအသံတုန်တုန်ဖြင့်ပြောလာ၏။
"မလုပ်ပါနဲ့၊ ဒီလို မလုပ်ပါနဲ့၊ ငါတို့ ကောင်းကောင်း စကားပြောကြဦးစို့၊ ငါ စိတ်မပြင်ဆင်ရသေးလို့ပါ"
ထိုအချိန်တွင်၊
အသံကျယ်ကျယ်တစ်ခု ဟိန်းထွက်လာသည်။
"အမိန့်လက်စွပ် ဖွင့်"