← Chapters

နောင်တကိုယ်စီ

Vol. 46 Ch. 640

နောင်တကိုယ်စီ

Vol. 46 Ch. 640

စိတ်ပျက်အားလျော့ဖွယ်အငွေ့အသက်သည် နေရာတစ်ပြင်လုံးကိုဖုံးလွှမ်းသွားလျက် သေမင်း၏အရိပ်သည်ကား လူသားအားလုံး၏နှလုံးသားထက် အရိပ်ထိုးလွှမ်းမိုးသွားခဲ့သည်။

ဝမ်းနည်းနာကျင်ဖွယ် ငိုကြွေးသံများသည် နိမ့်တစ်လှည့်မြင့်တစ်လှည့် ထွက်ပေါ်လာလျက် ကမ္ဘာမြေပျက်သုဥ်းလွန်မြောက်တော့မည့် မြင်ကွင်းအလား ထင်မှတ်ရလေ၏။

အလယ်ပိုင်းဒေသတစ်ခွင်၏ အသန်မာဆုံးသောကျင့်ကြံသူများသည် တစ်နေရာတည်းစုစည်းရောက်ရှိကာ လက်ဝါးတစ်ဖက်အားဖြင့် ဖျက်ဆီးချေမှုန်းခံရတော့အံ့ဆဲဆဲ အခြေအနေပင်။

ဆိုလိုသည်မှာ ခွင်းလွင်ကမ္ဘာ၏အနာဂတ်သည် အလွန်အမင်းအားနည်းဆုတ်ယုတ်သောအခြေအနေဖြင့် ရင်ဆိုင်ရတော့လေမည်ဟု။

ဆက်ခံသူမရှိတော့မည့်အခြေအနေမျိုး မဟုတ်သော်လည်း သေချာပေါက် ကြီးမားသောဆုံးရှုံးမှုကြီးတစ်ခုဖြစ်လာမည်မလွဲပေ။

"ဟားဟားဟားဟား"

စစ်ထူယန်၏မျက်နှာမှာ ကောက်ကျစ်ယုတ်မာသောအပြုံးဖြင့် ရုပ်ပျက်ဆင်းပျက် ရယ်မောနေလျက် သူနှလုံးသားမှာ ကျေနပ်အားရမှုဖြင့် ပြည့်လျှမ်းနေလျက်ရှိတော့၏။

ယနေ့ကိုစောင့်ဆိုင်းလာရသည်မှာ အချိန်မည်မျှကြာညောင်းခဲ့လေပြီနည်း။

ရုတ်တရတ် အ‌ရှေ့မှ အခါခါမြင်ဖူးကျွမ်းဝင်ပြီးသား ဆံပင်ငွေရောင်ပုံရိပ်က သူ့အာရုံကိုဖမ်းစားလိုက်သည်။

ဆံပင်ငွေရောင်နှင့် သခင်ငယ်လေးမှာ ငြိမ်သက်အေးဆေးစွာရှိနေသေးရုံသာမက နှုတ်ခမ်းထက်တွင် ဆော့ကစားလိုဟန် ခပ်ထေ့ထေ့အပြုံးတစ်ခုက ကပ်တွယ်နေသေးသည်။ ထိတ်လန့်ပြိုပျက်နေသော လူအုပ်ကြီးကြား ထိုတစ်ယောက်က အလွန်ကွဲပြားသီးသန့်ဆန်စွာ ထင်းထွက်နေလျက်ရှိ၏။

စစ်ထူယန်ရင်ထဲမှ မကောင်းသောနိမိတ်တစ်ခုကို ရုတ်ချည်းခံစားမိလိုက်ရသလို။

သို့သော် ပြန်လည်စဥ်းစားဆင်ခြင်ကြည့်ပြီးနောက် အတွေးလွန်နေခြင်းသာဖြစ်မည်ဟု မှတ်ယူလိုက်သည်။

အမိန့်လက်စွပ်၏သက်ရောက်မှုအောက်တွင် တစ်ဖက်ရန်သူသည် ကျင့်ကြံမှုအလုံးစုံကို ဖယ်ရှားခံထားရမည်ဖြစ်ပြီး နဂိုအခြေအနေသို့ပြန်လည်ရောက်ရှိရန် သေချာပေါက် အမွှေးတိုင်တစ်တိုင်စာမျှ လောင်ကျွမ်းပြီးစီးမည့်အချိန်ကို စောင့်ရဦးမည်ဖြစ်၏။ လက်ရှိတွင် သာမန်သေမျိုးတစ်ယောက်နှင့် ဘာမှမခြားနားလေသော အဆင့်အတန်းပင်။

မည်သို့မည်ပုံ ပြန်လည်တွက်ဆခန့်မှန်းပါစေ သူသာအနိုင်ရရှိမည်ဖြစ်ကြောင်း သူယုံကြည်သည်။

"ဟမ့် သေမင်းကတံခါးဝမှာရောက်နေပြီ၊ မင်းက ဒီသခင်လေးကို ခြိမ်းခြောက်ချင်နေသေးတုန်းလား။ တစ်ခါတည်း သေလိုက်ကြတော့"

စစ်ထူယန်၏မျက်နှာမှာ လူသတ်ချင်စိတ်ဖြင့်ပြည့်နှက်နေရင်း အေးစက်စက်အော်ဟစ်လိုက်သည်။

သွေးအရှင်ကတော့ နောက်ကျောမှတောင်ပံများဖြင့် လေကိုဆန်တက်ပျံသန်းရင်း စစ်ထူယန်‌ဘေးတွင် အတူရပ်လျက်သားရှိနေပြီဖြစ်၏။

"သနားစရာကောင်းလိုက်တာ"

သွေးအရှင်က အောက်ဘက်မှလူအုပ်ကိုငုံ့ကြည့်ရင်း ရင်နာဟန်ဖြင့်ညည်းတွားလိုက်သည်။

ထိုအင်အားကြီးပုဂ္ဂိုလ်များကို သူအမှန်တကယ် သနားညှာတာမိခြင်းတော့မဟုတ်ရပါ။ သို့တိုင် သူတို့အားလုံးကို ဤသို့တစ်ချက်တည်းရိုက်သတ်ရမှာတော့ နှမြောစရာကောင်းလှသည်ဟု ခံစားနေရဆဲပင်။ သူ့တွင်သာ သွေးစုပ်သည့်စွမ်းရည်ကျန်ရှိနေသေးပါက ထိုလူအုပ်ကြီးမှာ အလွန်ဝမ်းပြည့်စေလောက်ပေမည်။

သူတို့၏မြင်ကွင်းတွင် ကြီးမားသောရွှေရောင်လက်ဖဝါးကြီးက မြင်သာသောအမြန်နှုန်းဖြင့် ဖိချလာကာ စက်ဝန်းဖြန့်ကျက်ထားသော မီတာငါးရာလုံးကိုပင် လုံလုံလောက်လောက်ဖုံးအုပ်ထားလျက်ရှိသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ နီးကပ်လာသောလက်ဖဝါးကြီးထံမှ ဖိအားကိုသည်းမခံနိုင်စွာ နာကျင်မှုဖြင့် မြေပြင်ထက်ဒူးထောက်ချလျက် အရိုးကျိုးသံများပင်ထွက်လာခဲ့သည်။ ချီစွမ်းအင်နှင့် သွေးစီးကြောင်းများက မတည်မငြိမ်လှုပ်ခါနေလျက်ရှိကာ တစ်ကိုယ်လုံး မသက်မသာခံစားချက်များဖြင့် မခံမရပ်နိုင်ဖြစ်ကုန်ကြလျက်ရှိ၏။

ထိုအချိန်တွင်၊

တိုက်ကွက်၏အလယ်တွင် ပစ်မှတ်အဖြစ်တည်ရှိနေသော ယဲ့ကျွင်းလင်မှာတော့ တစ်စုံတစ်ခုကိုစောင့်ဆိုင်းနေသည့်အလား တည်ငြိမ်လျက်သာရှိ၏။

ရုတ်တရတ် သူ့စိတ်ထဲတွင် စနစ်၏သတိပေးချက်တစ်ခု မြည်လာခဲ့သည်။

[တင်၊ ပိုင်ရှင်ဟာ မသေမျိုးဧကရာဇ်သတ္တမအဆင့်ရန်သူဆီကနေ တိုက်ခိုက်ခံနေရတယ်လို့ ခြေရာခံသိရှိရတဲ့အတွက် 'အင်အားကြီးသူနှင့်ယှဥ်ပြိုင်ရာမှ ပိုလို့အင်အားကြီးလာခြင်း' စွမ်းရည်၏သက်ရောက်မှုအရ မသေမျိုးဧကရာဇ်အဌမအဆင့်ကို တိုးမြှင့်ပေးလိုက်ပါပြီရှင့်]

ချက်ချင်းဆိုသလိုပင်၊

ကျင့်ကြံဆင့်နှင့်သက်ဆိုင်တာ ဘာတစ်ခုမှမကျန်တော့သော ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်သည် မျက်စိကျိန်းစပ်လောက်သော မသေမျိုးအလင်းတန်းများဖြင့် ‌ပေါက်ကွဲထွက်လာကာ နေမင်းကြီးတစ်လုံးအလား ထွန်းလင်းတောက်ပလာသည်။

သူ့အနောက်တွင် ဖြိုခွဲငြှိမ်းသတ်၍မရနိုင်သော တောက်ပသည့် ရွှေရောင်မသေမျိုးစက်ဝန်းတစ်ခုလည်း ပေါ်ထွက်လာသည်။

"ဟဲဟဲ"

ယဲ့ကျွင်းလင်၏ ရှည်လျားသောဆံနွယ်ဖြူများက လွင့်ခါလျက်ရှိကာ ပြိုင်ဘက်ကင်းသောအရှိန်အဝါတစ်ခုက သူ့ထံမှပေါက်ကွဲပျံ့နှံ့လာလျက် သက်ရှိအားလုံးကို လက်အောက်ခံဒူးထောက်စေဖို့ ရည်ရွယ်ဖိနှိပ်လာသည်။

မျက်လုံးများမှာ နေနှင့်လကို ထည့်သွင်းဖန်တီးထားသကဲ့သို့ လေဟာနယ်ကိုဖြတ်၍ စူးရှတောက်ပလျက်ရှိ၏။

ရုတ်တရတ်ဆိုသလို လူအများ၏အံ့သြထိတ်လန့်သော အကြည့်များအောက်တွင် သူ၏ဓားရှည်ကို ညင်သာစွာဆွဲထုတ်ယူလိုက်သည်။

ဘန်း

နိမ့်ဆင်းလာသော ရွှေရောင်လက်ဝါးပြင်ကျယ်ကြီးက ထိုဓားသွား၏ဖိအားကို တောင့်မခံနိုင်ဟန်ဖြင့် ရုတ်ချည်းပြိုကွဲကြေမွသွားတော့သည်။

ဖွတ်

စစ်ထူယန်၏မျက်နှာသွင်ပြင်မှာ နာကျင်မှုဖြင့် ရှုံ့မဲ့သွားကာ ပါးစပ်အပြည့်သွေးတစ်ပွက်ကိုအန်ထုတ်ရင်း ပြန်ကြည့်လာသောမျက်လုံးများတွင် မယုံကြည်နိုင်မှုတို့ဖြင့်။

"မင်း မင်း..."

တုန်ယင်နေသောလက်ချောင်းများဖြင့် ယဲ့ကျွင်းလင်ကို ထိုးညွှန်လိုက်ရင်း လက်မခံနိုင်သောမျက်နှာဖြင့် လည်ချောင်းမှာ ဆူးဖြင့်ထိုးပိတ်ခံထားရသကဲ့သို့ စူးရှနာကျင်နေဆဲ။ အံ့သြထိတ်လန့်မှုကြောင့် စကားတစ်လုံးပင်မထွက်နိုင်တော့။

လက်ရှိ သူခံစားနေရသောခံစားချက်ကို ဤကမ္ဘာရှိ မည်သည့်စကားလုံးကမှ မဖော်ပြနိုင်ပါချေ။

စစ်ထူယန်သည် ဦးနှောက်ခြောက်ခန်းသည်အထိ ကြိုးစားစဥ်းစားပါသော်ငြား ယဲ့ကျွင်းလင် ကျင့်ကြံဆင့်ပြန်လည်ရရှိသွားသောအကြောင်းရင်းကို လုံးဝစဥ်းစားလို့မရနိုင်ပါချေ။

အချိန်ဘယ်လောက်များကြာသွားလို့လဲ။ အခုဆို အမွေးတိုင်တစ်ဝက်စာအချိန်တောင်မရှိသေးဘူးမဟုတ်လား။

သေခြင်းတရားမှလွတ်မြောက်သွားချိန်တွင် ကျင့်ကြံသူများမှာ စိတ်ပျက်အားငယ်ခြင်းတို့ ကွယ်ပျောက်ကုန်ကြသည်။

ကောင်းကင်နှင့်မြေကြီး၏အလယ်တွင် တစ်ထီးတည်းရပ်တည်နေသော ထိုပြိုင်ဘက်ကင်းပုံရိပ်ကို သူတို့အားလုံးမှာ နတ်ဘုရားကိုမော်ဖူးနေသော သေမျိုးများကဲ့သို့ ကြက်သေသေလျက် ငေးမောနေမိကြသည်။

"ငါတို့ကိုကယ်လိုက်တာ မဟာမိတ်ခေါင်းဆောင်ယဲ့ပဲ"

အာမေဋိတ်သံများက အရပ်မျက်နှာပေါင်းစုံမှ စီစီညံထွက်ပေါ်လာကြသည်။

"မဟာမိတ်ခေါင်းဆောင်ယဲ့မှာ အဲ့ဒီအတားအဆီးကိုချိုးဖျက်နိုင်တဲ့ ကိုယ်ပိုင်နည်းလမ်းရှိနေပုံရတယ်၊ အလင်းမျိုးနွယ်ရဲ့ မှော်ရတနာဆိုတဲ့ဟာက သူ့အပေါ်တော့ မသက်ရောက်နိုင်ဘူးပဲ"

ချင်းလျန်ဓားမသေမျိုးသည် လွန်စွာအံ့သြချီးမွမ်းနေဟန်ဖြင့် မတွေးတတ်တော့စွာ ရေရွတ်လာသည်။

မရေမတွက်နိုင်သောလူအုပ်ကြီးမှာ အလွန်အမင်း ကံကြီးလှပေစွဟု ခံစားမိရရင်း သူတို့၏အကြည့်များက ယဲ့ကျွင်းလင်ဆီသို့သာ အရူးအမူးလေးစားကိုးကွယ်ဟန်ဖြင့် ဆိုက်ရောက်နေခဲ့ကြသည်။

မဟာမိတ်ခေါင်းဆောင်ယဲ့ရဲ့ ကျေးဇူးကြောင့်သာပဲ။ မဟုတ်ရင် နောက်ဆက်တွဲအဖြစ်အပျက်တွေက စိတ်ကူးမရနိုင်လောက်အောင် ဆိုးရွားလိမ့်မယ်။

"ဟားဟား ဒီလိုသာမန်ကာလျှံကာလှည့်ကွက်လေးက ငါတို့ဆရာသခင်ကို ဘယ်လိုများဒုက္ခရောက်စေနိုင်မှာတဲ့လဲ။ အခုတော့ အရမ်းအံ့သြသွားရပြီမလား"

လီဝူကျယ်မှာ အလွန်အမင်းစိတ်အားတက်ကြွသွားခြင်းကို မထိန်းနိုင်စွာ ကောင်းကင်ထက်ရှိ ဆံပင်ရွှေရောင်နှင့်လူထံ ဦးတည်လျက် ဂုဏ်ယူဝံ့ကြွားစွာအော်ဟစ်လေသည်။

"အမှန်ပဲ"

ဟုန်ချန်ယဲ့ကလည်း စိတ်အေးသွားဟန် သက်ပြင်းတစ်ချက်မှုတ်ထုတ်ကာ ထောက်ခံသည်။

အန္တရာယ်ကို ကြောက်ရွံ့ခြင်းကင်းစွာဖြင့် စောင့်ကြိုနေသော သူ၏ဆရာသခင်ငယ်လေးမျက်နှာကို မြင်လိုက်ရသည်နှင့် အားကိုးအားထားစရာဝှက်ဖဲတစ်ခုတော့ ကျန်ဦးမည်ဖြစ်ကြောင်း သူခန့်မှန်းမိခဲ့သည်။ ယခု ထိုခန့်မှန်းချက်က မှန်ကန်နေခဲ့လေပြီ။

"သူ သူဘယ်လိုလုပ်လိုက်တာလဲ"

ချင်ရူရန်၏မျက်လုံးလှလှလေးများ ပြူးကျယ်ဝိုင်းစက်နေခဲ့သည်။

သူမကိုယ်တိုင်လည်း အမိန့်လက်စွပ်ထံမှ ကျင့်ကြံဆင့်ဖယ်ရှားခြင်းခံလိုက်ရသောကြောင့် ထိုမှော်ရတနာ၏ ကြောက်မက်ဖွယ်သဘာဝစွမ်းအားကို နက်နက်ရှိုင်းရှိုင်း နားလည်ထားရသည်ပင်။ ယဲ့ကျွင်းလင်မှ ထိုစွမ်းအားကို သက်သက်သာသာလေး လျစ်လျူရှုလိုက်သည်အားမြင်သော် သူမလည်း အကြီးအကျယ်ထိတ်လန့်သွားရသည်။

"ကောင်းကင်ဧကရာဇ်ယဲ့..."

မကြာမကြာကြားဖူးနေသော အခေါ်အဝေါ်ဂုဏ်ပုဒ်ကို ပြန်တွေးမိချိန်တွင် ယဲ့ကျွင်းလင်၏နောက်ခံမှာ ထိုသို့မရိုးရှင်းလှသော တစ်စုံတစ်ခုဖြစ်လောက်မည်ဟု သူမစတင်ခံစားမိလာသည်။

ယဲ့ကျွင်းလင်၏ဓားချက်ဖြင့် လူတိုင်းဤသို့ တုံ့ပြန်မိကုန်ကြသည်။

သွေးအရှင်သည်လည်း ဘာမှမတွေးတတ်တော့စွာ အတွေးပင်လယ်တစ်ခုလုံး ဗလာဖြစ်အောင်ခြောက်ခန်းသွားရတော့၏။

မဟုတ်သေးပါဘူး၊ ဘာတွေဖြစ်နေတာလဲ။

နံဘေးရှိစစ်ထူယန်ကို လှည့်ကြည့်လိုက်စဥ် ထိုသူမှာလည်း အကြီးအကျယ်တုန်လှုပ်ကာ စကားတစ်လုံးထက်ပိုမပြောနိုင်သည်ကို မြင်လိုက်ရ၏။

"စစ်ထူယန်၊ မင်းဒီကိစ္စကို ဘယ်လိုရှင်းပြမလဲ။ မင်းပြောတော့ အစွမ်းက အမွှေးတိုင်တစ်တိုင်လောင်စာအထိ တောင့်ခံနိုင်လိမ့်မယ်ဆို။ အခုဘယ်လောက်ကြာသွားပြီမလို့လဲ။

သွေးအရှင်က အရှေ့တက်လာကာ စစ်ထူယန်၏ကော်လာကိုဆောင့်ဆွဲလိုက်ပြီး ဒေါသတကြီးဟိန်းဟောက်သည်။

"စောက်သုံးမကျတဲ့ကောင်၊ အရာရာကိုဖျက်ဆီးတဲ့ကောင်၊ ဒီအစီအစဥ်က မင်းကြောင့်ပျက်စီးသွားပြီကွ၊ မင်းကြောင့်ပျက်စီးသွားပြီ"

ယဲ့ကျွင်းလင်၏ စွမ်းအားပြန်လည်ရရှိမှုက သူတို့အစီအစဥ်၏ အဆုံးသတ်ဟုသာ အဓိပ္ပာယ်ရ၏။

သူတို့နှစ်ဦးစလုံး ထိုအမျိုးသားကို ဆန့်ကျင်တိုက်ခိုက်ဖို့ အရည်အချင်းမပြည့်မီကြ။ ထိုအကြောင်းကို ကောင်းကောင်းသိ၍ လှည့်ကွက်သုံးရန်သာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယခု ထိုလှည့်ကွက်မှာလည်း မအောင်မြင်ခဲ့။ သူတို့တွင် အားကိုးအားထားပြုစရာ မကျန်တော့ပါချေ။

စစ်ထူယန်သည် အပြစ်တင်ဆဲဆိုခံလိုက်ရပြီး ရုတ်ချည်းအသိပြန်ဝင်လာကာ ဒေါသပေါက်ကွဲလျက် ပြန်အော်လိုက်သည်။

"ညစ်ပတ်ယုတ်ညံ့တဲ့ အမှောင်သွေးစုပ်သတ္တဝါကများ ဒီသခင်လေးကို ပြစ်တင်ဆုံးမရဲတယ်ပေါ့။ ဒီအစီအစဥ်တစ်ခုလုံးက မင်းအကြံပေးတာပဲမဟုတ်ဘူးလား၊ မင်းကသာ တရားခံအစစ်ပဲ"

စစ်ထူယန်သည် စိတ်ထဲမှဒေါသကို တစ်ဖက်သို့ပြန်လည်ပုံချကာ လက်ဝါးတစ်ချက်ပြင်၍ ရိုက်ချလိုက်သည်။

"မဖြစ်ဘူး..."

သွေးအရှင်၏မျက်လုံးများမှာ ကြောက်စိတ်ဖြင့်ပြူးကျယ်လာသည်။ ကျင့်ကြံဆင့်မရှိသောအခြေအနေတွင် ထိုလက်ဝါးချက်ကို သူမည်သို့တောင့်ခံနိုင်လိမ့်မည်နည်း။ တိုးဝင်လာသောလက်ဝါးအားဖြင့်ပင် ဖုံးလွှမ်းခံရ၍ သူ့မှာ အစအနမကျန် ပျောက်ကွယ်သွားရလေတော့၏။

ဤတစ်ကြိမ်တွင် သွေးအရှင်မှာ အမှန်တကယ် အဆုံးသတ်သေလွန်သွားရပြီဖြစ်၏။

မသေခင်အချိန်ခဏလေးတွင် ဤစစ်ထူယန်ကို တက်တက်ကြွကြွ လိုက်ရှာပူးပေါင်းခြင်းမပြုခဲ့ပါက ဘယ်လောက်ကောင်းလိုက်မည်နည်းဟု နောင်တရမိရသည်။ အနည်းဆုံးတော့ အဆုံးထိမသေဘဲ တောင့်ခံနိုင်ပေဦးမည်။

သို့သော် ကံမကောင်းလှစွာပင် ဘဝတွင် 'အကယ်၍' ဟူသည် မရှိခဲ့။

"ငှက်လူသား မင်းကတော့တော်တော်ကို စည်းမဲ့ကမ်းမဲ့ ရိုင်းစိုင်းတာပဲ။ ကိုယ့်မဟာမိတ်ကိုယ်တောင် ပြန်သတ်တယ်ပေါ့" ယဲ့ကျွင်းလင်က ကျွတ်ခနဲ စုတ်သပ်လိုက်သည်။

စစ်ထူယန်နှင့် သွေးအရှင်တို့ ပေါင်းစပ်ထားသော အစီအစဉ်သည် အမှန်တကယ် ချောမွေ့မှုရှိသည်ဟု ဆိုရမည်ပင်။ ပထမဆုံး အဓိကဇာတ်ကောင်ကို အစားထိုးခြင်း၊ ထို့နောက် ရန်သူကို ထောင်ချောက်ထဲသို့ သွေးဆောင်ခြင်းနှင့် နောက်ဆုံးတွင် သူတို့အားလုံးကို တစ်ကြိမ်တည်းဖြင့် ဖမ်းဆုပ်သတ်ဖြတ်ခြင်း။

လုပ်ငန်းစဉ်တစ်ခုလုံးကို အသေးစိတ်ကျကျ ချိတ်ဆက်ထားသည်။ အထူးသဖြင့် အမိန့်လက်စွပ်၏ အသုံးဝင်မှုကို ကောင်းကောင်းကြီးအသုံးချနိုင်ခြင်းကြောင့်ပင်။ ၎င်း၏စွမ်းရည်သည် ဤအစီစအစဥ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ဤသို့ ချောမွေ့အပြစ်ကင်းသော တွက်ချက်ကြံစည်မှုများအလယ်တွင် တစ်ခုတည်းသောအရာကိုတော့ သူတို့လွတ်သွားခဲ့သည်။ ယဲ့ကျွင်းလင်၏ ရွှေလက်‌ချောင်းပင်။

ကျင့်ကြံဆင့်များ အားလုံးဆုံးရှုံးသွားရလျှင်ပင် အရေးမကြီး။ သူသည် အားကောင်းသောပြိုင်ဘက်နှင့်တိုက်ခိုက်ကာ ပိုမိုအားကောင်းလာမည့် ရွှေလက်ချောင်းပိုင်ရှင်ဖြစ်၏။

ဤကျင့်ကြံရေးခရီးစဥ်တစ်လျှောက်လုံးရှိ ကျင့်ကြံဆင့်များကိုလည်း လက်တစ်ချက်ပင်လှုပ်စရာမလိုဘဲ စုဆောင်းခဲ့ခြင်းသာဖြစ်သည်မဟုတ်လော။

ဤထောင်ချောက်သည် ဘုံသုံးပါးရှိ သက်ရှိအားလုံးကိုပင် လွှမ်းခြုံသက်ရောက်နိုင်စေဦးတော့၊ ယဲ့ကျွင်းလင်ဆိုသူကတော့ ဘုံသုံးပါးနှင့် ဒြပ်စင်ငါးပါးတွင် မပါဝင်သော ဝှက်ဖဲတစ်ချပ်သာဖြစ်ပေတော့၏။

အလှောင်ခံလိုက်ရသော စစ်ထူယန်မှာ အကျပ်ရိုက်သွားဟန်ဖြင့် မျက်လုံးများကို အဆက်မပြတ်ရွေ့လျားကြံစည်ရင်း ဆုံးဖြတ်ချက်တစ်ခုကို ခက်ခက်ခဲခဲ ချလိုက်ရဟန်ရှိသည်။

"ကောင်းကင်ဧကရာဇ်ယဲ့၊ ဒီငယ်သားရိုင်းပျခဲ့မိပါတယ်။ ဒီငယ်သားက အလင်းမျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ဦးဖြစ်တာကြောင့် ထောက်ထားညှာတာသောအားဖြင့် တစ်ကြိမ်တော့ အသက်ချမ်းသာပေးလိုက်လို့ ရမလားခင်ဗျာ။ ပြီးခဲ့တာတွေက အတိတ်တွေပဲလေ"

"အလင်းမျိုးနွယ်စုက အနာဂတ်မှာ ခွင်းလွင်ကမ္ဘာကိုဆင်းသက်သိမ်းပိုက်တဲ့အခါ ဒီငယ်သားက အရှင့်ကို အလင်းမျိုးနွယ်စုရဲ့ အမြင့်မြတ်ဆုံး သူတော်စင်သံတမန်ဖြစ်ခွင့်ပေးပါမယ်။ ကျွန်တော်တို့အလင်းမျိုးနွယ်စုကို ကိုယ်စားပြုပြီး ခွင်းလွင်ကမ္ဘာကိုလှည့်လည်အုပ်ချုပ်ပေးမဲ့ သူတော်စင်တစ်ပါး ဖြစ်လာရပါစေ့မယ်"

ကွင်းပြင်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။

မရေမတွက်နိုင်သော ကျင့်ကြံသူအပေါင်းမှာ မယုံကြည်နိုင်သော အမူအရာများဖြင့်။ ထိုစကားများတွင် ပါဝင်လာသော သတင်းအချက်အလက်ပမာဏမှာ လက်မခံနိုင်လောက်အောင် များပြားနေလွန်းသည်ကော။

All Chapters