ဘယ်ကရလာတဲ့ သတ္တိတွေလဲ
Vol. 46 Ch. 641
"မဟာမိတ်ခေါင်းဆောင်ယဲ့ကို သူတော်စင်သံတမန်အဖြစ် ခန့်အပ်မယ်ဟုတ်လား"
"အလင်းမျိုးနွယ်စုရဲ့ကိုယ်စားပြုအဖြစ် ခွင်းလွင်ကမ္ဘာကို အုပ်စိုးဖို့တဲ့လား"
စစ်ထူယန်မှကမ်းလှမ်းလာသော အချက်အလက်များကို လက်ခံဖို့ သူတို့တွေအချိန်တစ်ခုထိ ခဲခဲယဥ်းယဥ်း ကြိုးစားခဲ့ကြရသည်။
အထူးသဖြင့် ကောင်းပုလီတို့အဖွဲ့မှာ အကြီးအကျယ်အံ့သြလန့်ဖျပ်သွားကြရ၏။
သူတော်စင်လို့ ပြောလိုက်တာလား။
မသေမျိုးဧကရာဇ်ထက်တောင် သာတဲ့အဆင့်ကို စကားထဲထည့်ပြောလိုက်တာလား။
ခွင်းလွင်ကမ္ဘာ၏ အတောက်ပဆုံးသော အချိန်ကာလများတွင်ပင် သူတော်စင်လေးဦးသာရှိခဲ့သည်မဟုတ်လော။ ထိုမျှရှားပါးမြင့်မားသောခွန်အားကို စိတ်ကူးကြည့်ရုံနှင့်ပင် ခက်ခဲလှပါဘိ။
သူတော်စင်သံတမန်ဆိုသည်မှာ သူတော်စင်တစ်ပါး၏ ပြောရေးဆိုခွင့်ရှိသူ ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ သူတော်စင်သံတမန်၏စကားလုံးတိုင်းနှင့် လှုပ်ရှားမှုတိုင်းသည်ကား သူတို့ကိုယ်စားပြုထားသော သူတော်စင်၏အလိုအရသာဖြစ်သည်။ ထိုသံတမန်တို့၏အဆင့်သည်လည်း မသေမျိုးဧကရာဇ်များထက် သေချာပေါက်ပိုမိုမြင့်မားသည်ပင်။
ကြောက်စရာအကောင်းဆုံးအချက်ကတော့ စစ်ထူယန်၏စကားများမှ ပါဝင်လာသော ရည်ရွယ်ချက်ဖြစ်သည်။
အလင်းမျိုးနွယ်စုသည် ခွင်းလွင်ကမ္ဘာတစ်ခုလုံးကို ဝါးမျိုအုပ်စိုးဖို့ကြိုးစားနေသည်မှာ အရှင်းသားကြီးပင်မဟုတ်လော။
"သူတော်စင်ဆိုပါလား"
ယဲ့ကျွင်းလင်က မျက်ခုံးပင့်သည်။
ထိုဂုဏ်ပုဒ်အသစ်ကို ကြားလျှင်ကြားချင်း မသေမျိုးဧကရာဇ်ထက်ပိုမြင့်သော အဆင့်နယ်ပယ်တစ်ခုဖြစ်မည်ဟု ခန့်မှန်းမိပါသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ တစ်ဖက်ရန်သူသည် အစီအစဥ်ကျရှုံးလို့အပြီး ခံစားရမည့်နောက်ဆက်တွဲအကျိုးများကိုလည်း သိနေလျက်နှင့် နောက်ခံမိသားစု၏အရင်းအမြစ်ကိုသုံးကာ သူ့ကိုညှိနှိုင်းဖို့ ကြိုးစားချင်နေတုန်းပင်။ သူ့ကိုအောင်နိုင်ရုံသာမက သူနှင့်ပါ တစ်ပါတည်းပူးပေါင်းရန် တစ်ချက်ခုတ်နှစ်ချက်ပြတ် အခွင့်အရေးကို ဖန်တီးနေခြင်း။
"ငှက်လူသားရေ လှည့်ကွက်တွေသုံးပြီး အချိန်ဆွဲနေလည်း အသုံးမဝင်တော့ဘူးဆိုတာ မင်းသိတယ်မလား"
"လူတွေကိုလှည့်စားတာတော့ ဟုတ်ပါပြီ၊ မင်းကိုယ်မင်းသာ ပြန်မလှည့်စားမိစေနဲ့"
ယဲ့ကျွင်းလင် ခေါင်းကိုအသာယမ်းကာ ဓားကိုတစ်ချက်ထပ်ခုတ်ချဖို့ ပြင်လိုက်သည်။
စစ်ထူယန်မှာ သေရမှာကြောက်သည့်စိတ်ဖြင့် ချွေးအေးများရေလောင်းချလိုက်သလို ရွှဲနစ်လာပြီး စိတ်အားထက်သန်စွာ အလျင်စလိုပြောလာသည်။
"အရှင်ကောင်းကင်ဧကရာဇ်ယဲ့ခင်ဗျာ၊ ဒီငယ်သားရဲ့စကားတွေမှာ အလိမ်အညာလုံးဝမပါဝင်ပါဘူး၊ ဒီငယ်သားက မဟာတာအိုလမ်းစဥ်ကိုတိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်။ အလင်းမျိုးနွယ်စု အနာဂတ်မှာ ခွင်းလွင်ဆီဆင်းသက်လာပြီး သိမ်းပိုက်အုပ်စိုးတဲ့အခါ အရှင့်ကို သူတော်စင်သံတမန်အဖြစ်ခန့်အပ်ပေးဖို့ မျိုးနွယ်စုသူတော်စင်တွေဆီမှာ ရဲရဲကြီးထောက်ခံပေးနိုင်ပါတယ်"
ဤသို့ဤပုံဖြင့် အဆုံးသတ်ရမည်ကိုတော့ သူမလိုလားလှ။ ထို့ကြောင့် ရနိုင်သမျှအခွင့်အရေးတိုင်းကို ဆုပ်ကိုင်ပြီး ကျားကန်တောင့်ခံနေရဦးမည်ပင်။
သူအသည်းခိုက်အောင်မုန်းသည့် တစ်စုံတစ်ယောက်ထံ အသနားခံတောင်းပန်နေရသည့်အချက်မှာ အတော်လေးတော့ အရှက်တကွဲအကျိုးနည်းနိုင်လှပါသော်ငြား ဤအချိန်တွင် တခြားရှင်သန်ရန်နည်းလမ်း မကျန်ရှိတော့လေပြီ။
ထို့အပြင် တစ်ဖက်လူ၏ခွန်အားနှင့် အရည်အချင်းသည် မျိုးနွယ်စုသူတော်စင်သံတမန်အဖြစ် ထောက်ခံရည်ညွှန်းပေးဖို့ရာ ထိုက်တန်လောက်အောင်ပြည့်မီပါသဖြင့် တကယ်တမ်းသဘောတူညီချက် ဖြစ်မြောက်ပါကလည်း သူ့ကတိသူတည်နိုင်မည်ဟု ၁၀၀ရာခိုင်နှုန်းယုံကြည်သည်။
အခြေခံလိုအပ်ချက်မှာ ယဲ့ကျွင်းလင်သည် အလင်းမျိုးနွယ်အား ချွင်းချက်မရှိသစ္စာခံရန် ဆန္ဒရှိရမည်။ ထိုအချိန်မှစ၍ အလင်းမျိုးနွယ်၏ လူယုံတစ်ဦးအဖြစ် ခံယူရှင်သန်ကာ ထာဝရ တွန်းလှန်ဖျောက်ဖျက်၍မရသော နတ်ဘုရားဝိညာဥ် အမှတ်အသားကို လက်ခံယူထားရမည်ဖြစ်၏။
သူတော်စင်သံတမန်တစ်ဦးဖြစ်လာဖို့ရန် ထိုသို့ပေးဆပ်နာခံရမည်သာပင်။
သို့သော် စစ်ထူယန်၏အမြင်တွင် သူတော်စင်တစ်ပါးထံ တာဝန်ထမ်းဆောင်သစ္စာခံရဖို့ ထိုမျှလောက်သောပေးဆပ်မှုမှာ မပြောပလောက်ပေဟု။
ဤစကြဝဠာရှိ မရေမတွက်နိုင်သောဂြိုဟ်များတစ်လွှား သူတော်စင်သံတမန်တစ်ဦးဖြစ်ဖို့ ရည်မှန်းထားကြပါသည်ဆိုသော ကျင့်ကြံသူများ ရိုက်သတ်မကုန်လောက်အောင် များပြားပေသည်။ အဘယ့်ကြောင့်ဆိုသော် သူတော်စင်သံတမန်တစ်ဦး၏နောက်ကွယ်တွင် မသေမျိုးသူတော်စင်ဟူသော ဖြိုဖျက်ကန်ကျောက်မရနိုင်သည့် နောက်ခံတံတိုင်းကြီးပါရှိနေလေရာ မည်သူတစ်ဦးတစ်ယောက်မှ သူတို့ကို ရန်စထိပါးရဲမည်မဟုတ်သလို သြဇာအာဏာ ကြိုက်သလိုခင်းကျင်းပြသကာ လူရိုသေရှင်ရိုသေဘဝတွင် အငြိမ့်သားစံစားနိုင်ပေသည်။
အလင်းမျိုးနွယ်စုအတွင်းတွင် သူတော်စင်သံတမန်များမှာ အရေအတွက်နည်းပါးလှသည်။ အစွမ်းထက် သူတော်စင်အရှင်များ၏ ကိုယ်စားပြုဖြစ်သော သူတော်စင်သံတမန်တို့၏ အဆင့်အတန်းမှာဆိုသလို စစ်ထူယန်တို့လို တော်ဝင်မျိုးနွယ်၏ တိုက်ရိုက်မျိုးဆက်များထက်ပင် ပိုမိုမြင့်မားနေသေးတော့၏။
မည်သို့ပင်ဆိုစေ ထိုသူတော်စင်သံတမန်များဆိုသည်မှာလည်း နောက်ကွယ်မှ ညွှန်ကြားချမှတ်သော သူတော်စင်အရှင်များ၏အမိန့်ကိုသာ နာခံရသည်ဆိုသော်ငြား အပြင်ပန်းတွင် လိုက်နာရိုကျိုးပုံပြပြီး အတွင်းပိုင်းတွင်တော့ အလင်းမျိုးနွယ်စုအကြီးအကဲများ၏ အမိန့်အာဏာကို ဆန့်ကျင်ဖီဆန်နိုင်သည်။ ပြန်မပြောနားမထောင်စွမ်းရည်ကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်တတ်မြောက်ထားကြသည်ဟု ဆိုရမည်ပင်။
ထို့ကြောင့် စစ်ထူယန်၏အမြင်တွင်မူ ဤကမ်းလှမ်းချက်၏ဆွဲဆောင်မှုသည် ငြင်းပယ်ဖို့မဖြစ်နိုင်လောက်အောင် ကြီးမားလှလေသည်ဟု။
သူသာဤသို့ သေရေးရှင်ရေးအခြေအနေတွင် အကျပ်ရိုက်ချောင်ပိတ်မနေပါလျှင် ထိုသို့သောအဆင့်အတန်းကို ကမ်းလှမ်းချက်အဖြစ်အသုံးပြုကာ ယဲ့ကျွင်းလင်ကို ပိုမြင့်သည့်ခြေအနေရောက်အောင် တွန်းပို့လိုက်ဖို့ လုံးဝဆန္ဒရှိမည်မဟုတ်။ ဤသည်မှာ အသက်ရှင်သန်ဖို့ရာ ကောက်ရိုးတစ်မျှင်သာဖြစ်၏။
"အရူးမထစမ်းနဲ့၊ စောက်ရေးမပါတာတွေ"
ယဲ့ကျွင်းလင်အတွက်မူ မက်လောက်စရာကောင်းလှသည်မဟုတ်သောကြောင့် တစ်ခွန်းပြန်ပက်လိုက်ပြီး ဓားသွားအား လွှဲယမ်းချလိုက်တော့သည်။
ဝှစ်၊
ရွှေရောင်ဓားသွားအလင်းတန်းသည် ကောင်းကင်ကိုဖြတ်တောက်ဖောက်ထွင်းကာ ကြီးမားသော ဓားချီတန်းကြီးတစ်ခု ထွက်ပေါ်လာသည်။
"မင်း"
စစ်ထူယန်မှာ ဒေါသလည်းထွက် ထိတ်လည်းထိတ်လန့်ကာ ယဲ့ကျွင်းလင်ဆိုသူမှာ အလင်းမျိုးနွယ်၏ ဖျောင်းဖျညှိနှိုင်းမှုကိုပင် ဂရုမစိုက်လောက်သည်အထိ မောက်မာနေသူပါလားဟု တအံ့တသြ သိရှိလိုက်ရတော့၏။
စစ်ထူယန် အကြံတစ်ခုရသွားကာ အံတင်းတင်းကြိတ်လိုက်သည်။
ထို့နောက် လက်ထဲရှိအမိန့်လက်စွပ်ကို တင်းတင်းဆုပ်ကာ သူ့ခွန်အားအကုန်ကို ထိုမှော်တနာထဲသို့ သွန်းလောင်းထည့်သွင်းလျက် အောက်သို့ အားပြင်းပြင်းဖြင့်ပစ်ချလိုက်သည်။
ဝှစ်ခနဲ အသံနှင့်အတူ၊
အမိန့်လက်စွပ်သည် ငွေရောင်နေမင်းတစ်စင်းအလား ပျံသန်းသွားကာ ၎င်း၏မျက်နှာပြင်သည် ကွဲအက်ကျိုးပဲ့လျက် အလွန်ကြောက်မက်ဖွယ်ပြင်းရှသော ဖျက်ဆီးခြင်းအရှိန်အဝါအား ထုတ်လွှတ်လိုက်လေတော့၏။
အလင်းမျိုးနွယ်၏ အဖိုးထိုက်ရတနာတစ်ပါးအနေဖြင့် ၎င်း၏ မိမိကိုယ်ကိုဖျက်ဆီးဖြိုခွဲခြင်းစွမ်းအားသည် သံသယဝင်စရာမရှိလောက်အောင် ကြောက်ခမန်းလိလိပြင်းထန်မည်ဖြစ်ကြောင်း လူတိုင်းအသိ။
စိတ်ပျက်အားငယ်ဖွယ် ကူရာမဲ့အခြေအနေတွင် စစ်ထူယန်မှာ လက်စွပ်၏တန်ဖိုးကိုလည်း ဂရုမစိုက်နိုင်တော့။ မသေခင် ယဲ့ကျွင်းလင်ကို ဒုက္ခအကြီးအကျယ်ပေးနိုင်ခဲ့ဖို့သာမျှော်လင့်ကာ ကံကောင်းထောက်မ၍ သူ့အတွက်ထွက်ပြေးဖို့လည်း အချိန်ရနိုင်လောက်သည်ဟု တွက်ဆမိခြင်းကြောင့်။
တစ်ချိန်တည်းမှာပင် စစ်ထူယန်သည် သူ၏တောင်ပံဖြူများကို ဖြန့်ကျက်လိုက်ပြီး ခန္ဓာတွင်းရှိ သွေးအရင်းအမြစ်ကိုလောင်ကျွမ်းစေကာ မျိုးနွယ်စု၏ လျှို့ဝှက်ပျံသန်းခြင်းကျင့်စဥ်ကို အသုံးပြု၍ ထွက်ပြေးဖို့ပြင်ဆင်လိုက်သည်။
ဤတစ်ကြိမ် အလွတ်ပြေးနိုင်ပါက စကြဝဠာမှ သူတော်စင်တို့ကြား သဘောတူညီချက်ပျက်ပြား၍ အလင်းမျိုးနွယ်စုတို့ ခွင်းလွင်တွင် အုံလိုက်ကျင်းလိုက် မပေါ်လာခင်အထိ သူတစ်ယောက်တည်းတော့ လုံဝထပ်၍ မျက်နှာပြဝံ့တော့မည်မဟုတ်။
ဤအဖြစ်အပျက်အပြီးတွင် စစ်ထူယန်မှာ ထိုထူးဆန်းအံ့ဖွယ် ယဲ့ကျွင်းလင်ဆိုသူ ရှိနေသရွေ့ မိမိမျိုးနွယ်စုမှပေးအပ်သောတာဝန်ကို လုံးဝပြီးမြောက်အောင်မြင်နိုင်မည်မဟုတ်ကြောင်း အပြီးတိုင်နားလည်ခဲ့ရ၏။
သူ၏ကံကြမ္မာကို ရိုးရိုးသားသား ကြည်ဖြူစွာလက်ခံကာ အဓိကအင်အားစုများ ပြင်ပမှကျူးကျော်ဝင်ရောက်နိုင်မည့်အချိန်ထိ စောင့်ဆိုင်း၍ ခွင်းလွင်ကမ္ဘာကို တရားဝင်ခွဲဝေမျှယူလို့ရပါသေးသည်။ မျိုးနွယ်စုဆီ အသက်ရှင်လျက်ပြန်သွားနိုင်ဖို့က အရေးကြီးသည်။ အဘယ့်ကြောင့် အသက်စွန့်၍ သေလွန်သည်အထိ တိုက်ခိုက်ပေးဆပ်ရပါမည်နည်း။
အမိန့်လက်စွပ်သည် တမုဟုတ်ချင်းပင် သူ့ကိုယ်သူ စတင်ဖျက်ဆီးဖောက်ခွဲလေတော့၏။
ကြောက်မက်ဖွယ်ပေါက်ကွဲမှုသည် လျင်မြန်စွာပျံ့နှံ့လာကာ အကန့်အသတ်မဲ့ကျယ်ပြန့်သော လျှပ်စီးသမုဒ္ဒရာပြင်ကဲ့သို့ ပတ်ဝန်းကျင်မိုင်သောင်းချီကို မြက်တစ်ပင်,ပင် မပေါက်ရောက်နိုင်လောက်အောင် အဆီအနှစ် ခြောက်သွေ့ကုန်ခမ်းသည်အထိ စုပ်ယူဖျက်ဆီးမည့်အသွင်ဖြင့် ဖြစ်တည်လာတော့သည်။
ရွှေရောင်ဓားအလင်းသည် လျှပ်စီးသမုဒ္ဒရာထဲသို့ကျရောက်ကာ ခပ်ဖျော့ဖျော့လှိုင်းတွန့်ရိပ်လေးများကိုသာ စွဲထင်ကျန်စေလျက် သက်ရောက်မှုအနည်းငယ်သာပြသလိုက်ပြီး ပြယ်ပျက်သွားရလေတော့၏။
ထိုဖျက်ဆီးခြင်းအင်အား၏ ပြိုင်ဘက်ကင်းသဘောသဘာဝကို နားလည်မိလိုက်ချိန်တွင် ယဲ့ကျွင်းလင် ချက်ချင်း အလေးအနက်ထားရတော့သည်။
အနောက်ဘက်တွင် ပေါ်လွင်နေသော မသေမျိုးစက်ဝန်းက ချက်ချင်းဆိုသလို ဆယ်ကြိမ်တိတိ လည်ပတ်သွားခဲ့၏။
မကြာမီပင် လေးလံနင့်သည်း၍ အကန့်အသတ်မဲ့သော စွမ်းအားသည် သူ့ခန္ဓာကိုယ်တွင်းမှဆန်တက်လာကာ သန်းချီသောမီးတောင်အစုအဝေးကြီး ပေါက်ကွဲသကဲ့သို့ ကောင်းကင်သို့တိုင် ထိုးဖောက်တက်ရောက်လျက် အရာအားလုံးအား ဖုံးအုပ်လွှမ်းမိုးလေတော့သည်။
ငွေဖြူရောင်ဆံပင်များက အရိုင်းဆန်စွာလွင့်ပျံကာ မျက်လုံးအစုံမှာ လျှပ်စီးလက်ကာ မိုးကြိုးပစ်ချတော့မည့်အလား ထင်မှတ်ရလျက် အသားအရေမှာလည်း တစ်လက်မမကျန် အလင်းတစ်လွှတောက်ပလျက်ရှိ၏။ မသေမျိုးအရိုးအဆစ်ဖွဲ့စည်းပုံဖြင့် ကျောက်စိမ်းကဲ့သို့ ကြည်လင်သောအသားအရေမှာ ရပ်တည်နေသောလူသား၏ ပြိုင်ဘက်ကင်းစွမ်းအား,အား အင်အားဖြည့်ပေးနေသကဲ့သို့။
ကောင်းကင်ယံ၏ အထက်နှင့်အောက် စကြဝဠာတစ်ခွင်တွင် သူသည်သာ အစစ်အမှန် သာလွန်ထူးကဲသော စွမ်းအားရှင်ဖြစ်သည်။
ယဲ့ကျွင်းလင်သည် အထွဋ်အထိပ်သို့မြှင့်တင်ထားသော အခြေအနေတွင် ဓားကိုလက်တစ်ဖက်ဖြင့်ကိုင်မြောက်ကာ မရေမတွက်နိုင်သော ခုတ်ချက်အလင်းတန်းတို့ကို တရစပ်ထုတ်လွှတ်လျက် တာအိုအဆင့် ဓားစိတ်ဆန္ဒကိုလည်း မပြတ်သွင်းထည့်အားဖြည့်သည်။
ချက်ချင်းဆိုသလိုပင် မိုင်သောင်းချီသောဝန်းကျင်တစ်ခွင်ကို လွှမ်းမိုးအုပ်ဆိုင်းနေသည့် မသေမျိုးသူတော်စင်တို့ကိုပင် ခွေယိုင်လဲကျစေနိုင်မည့် လျှပ်စီးသမုဒ္ဒရာပြင်ကျယ်သည် ရွှေရောင်ဓားအလင်းတန်းတို့၏ ဖြတ်တောက်ခုတ်ပိုင်းမှုဖြင့် တစ်လက်မစာမျှ အပိုင်းအခြားလေးများအထိ ကွဲအက်ပြန့်ကျဲ့သွားရလေတော့၏။
မြင်လိုက်ရသော မြင်ကွင်း၏ အရည်အသွေးမှာ ထိတ်လန့်ဖွယ်အားပြင်းသည်။
"ဘုရားရေ ဒီခွန်အားမျိုးက..."
မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသော ကျင့်ကြံသူအပေါင်း၏မျက်နှာများမှာ ကျေနပ်အားရမှုဖြင့် ဝင်းပလျက်။
"ဆရာသခင် ငှက်လူသားပြေးပြီ" လီဝူကျယ်က ထအော်သည်။
"သူလွတ်အောင်မပြေးနိုင်ပါဘူး"
အပြောထက်အလုပ်ကမြန်သည်။ ယဲ့ကျွင်းလင်သည် စစ်ထူယန်၏ချီအငွေ့အသက်ကို ဖမ်းဆုပ်ထားနိုင်လိုက်ပြီးဖြစ်ရာ လေဟာနယ်ကျင့်စဥ်ကိုအသုံးပြု၍ ချက်ချင်းနေရာကူးပြောင်းလျက် ကြားဖြတ်လိုက်သည်။
စစ်ထူယန်သည် အစပထမတွင်တော့ သူအောင်အောင်မြင်မြင်လွတ်မြောက်လေပြီဟု ထင်ထားသော်ငြား ရင်းနှီးကျွမ်းဝင်နေသော ပုံရိပ်တစ်ခုသည် သူ့မျက်စိရှေ့တည့်တည့် လေဟာနယ်တွင်းမှ ဆုတ်ဖြဲထွက်ပေါ်လာခဲ့ပြီး ပြေးနေသည့်အရှိန်ကို အလျင်အမြန်တန့်ကာ ထိတ်လန့်တကြားကြက်သေသေသွားစေခဲ့၏။
"စပရိုက်စ်၊ အရမ်းလန့်သွားလား"
ယဲ့ကျွင်းလင်သည် ဓားကိုကိုင်၍ သူ့ရှေ့တည့်တည့်တွင်ရပ်ကာ ပြီတီတီပြုံးသည်။
စစ်ထူယန်၏နှလုံးသားမှာ ကြောက်စိတ်ဖြင့်ပြည့်လွှမ်းလျက် အလွန်အကျွံ စိတ်ပျက်အားငယ်မှုဖြင့် အထိန်းအကွပ်မဲ့စွာ ထအော်သည်။
"ယဲ့ကျွင်းလင်၊ မင်းကဘာလို့ဒီလောက် စိတ်ဓာတ်ပြင်းပြနေရတာလဲ။ ငါတစ်ယောက်ကိုသတ်လိုက်ရုံနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးကို ကာကွယ်လိုက်နိုင်လိမ့်မယ်ထင်နေလား။ မရဘူးကွ၊ သေတောင်မရဘူး"
"အခုအချိန်မှာ ငါတို့မျိုးနွယ်ရဲ့ ခွင်းလွင်ကျူးကျော်မှုစစ်ဆင်ရေးက အစပိုင်းပဲရှိသေးတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ သူတော်စင်သဘောတူညီချက်ကြောင့်ပဲ၊ မဟာကမ္ဘာတွေရဲ့ သူတော်စင်တွေအချင်းချင်း ခွင်းလွင်ကိုပရမ်းပတာမကျူးကျော်ဖို့ သဘောတူညီချက်ရေးထိုးထားကြတာ၊ ဒါပေမဲ့ အဲ့ဒါလည်းသိပ်ခံတော့မှာမဟုတ်ဘူး။ နောက်ဆုံးမှာ ခွင်းလွင်ကမ္ဘာရဲ့ ကောင်းကင်တာအိုအရှင်ကိုယ်တိုင် ထွက်ပေါ်လာရင်တောင် ရေတွက်လို့မရအောင် များပြားတဲ့ အင်အားစုတွေနဲ့ ရင်ဆိုင်ရပြီး ဖိနှိပ်ခံရလိမ့်မယ်။"
"အဲ့ဒီအချိန်မှာ ဒီကမ္ဘာမှာရှိတဲ့ သက်ရှိအားလုံးရဲ့ ကံကြမ္မာက ကောင်းကင်တာအိုရဲ့ ကာကွယ်မှုမရှိဘဲ ဘယ်လိုဖြစ်သွားမလဲ။ မင်းအသိဆုံးဖြစ်မှာပါ"
"စိတ်ကိုငြိမ်ငြိမ်ထားပြီး ငါပြောခဲ့တဲ့ကမ်းလှမ်းချက်တွေအကြောင်း သေချာပြန်တွေးကြည့်။ မင်းကိုယ်တိုင် လိုလိုလားလားနဲ့ လက်နက်ချပေးပြီး အလင်းမျိုးနွယ်စုကို ကျူးကျော်သိမ်းပိုက်ရာမှာ ကူညီပေးချင်စိတ်ရှိမယ်ဆိုရင် မင်းက ငါတို့မျိုးနွယ်စုရဲ့ တန်ဖိုးထားရတဲ့သူရဲကောင်းတစ်ဦး ဖြစ်လာလိမ့်မယ်"
"တစ်နည်းပြောရရင် ခွင်းလွင်ရဲ့သက်ရှိသတ္တဝါတွေကိုလည်း မင်းကာကွယ်နိုင်သွားမှာလေ၊ မင်းနားမလည်ဘူးလား။ ဘာလို့ အသေအကျေတိုက်ခိုက်ဖို့ပဲတွေးနေရတာလဲ။ ဘာလို့ ငါတို့နှစ်ဖက်လုံး အထိနာကြမှဖြစ်မှာလဲ"
"ငါဒီနေရာမှာ အသက်ဆုံးရှုံးသွားပြီး ခွင်းလွင်အရေးနိမ့်မယ့် အနာဂတ်တစ်ချိန်ကိုရောက်လာရင်၊ ယဲ့ကျွင်းလင် မင်းကံကြမ္မာကတော့ အဖတ်ဆယ်မရအောင်နစ်မျောသွားလိမ့်မယ်။ မင်းကိုယ်တိုင် ထိခိုက်ကျိုးပဲ့ရုံမက မင်းကာကွယ်ချင်နေတဲ့ ပြည်သူတွေပါ မင်းမျက်စိရှေ့တွင် မျိုးပြုန်းပျောက်ကွယ်ကုန်ကြလိမ့်မယ်"
စစ်ထူယန်၏ဦးနှောက်သည် ဆူပွက်တက်ကြွလျက်ရှိကာ အသက်ရှင်လိုသည့် ဗီဇဆန္ဒကြောင့် ယဲ့ကျွင်းလင်၏ လူသတ်မည့်ရည်ရွယ်ချက်ကို ယိုင်နဲ့စေဖို့ အရူးအမူးကြိုးစားသိမ်းသွင်းသည်။
အမှန်အတိုင်းပြောရလျှင် ထိုနေရာတွင် လူပျော့တစ်ယောက်သာဆိုလျှင် ထိုစကားများ၏ အကျိုးအကြောင်းခိုင်လုံမှုဖြင့် ဆွဲဆောင်ခံလိုက်ရမည်ပင်။
အဘယ့်ကြောင့်ဆိုသော် ခွင်းလွင်၏ ကာကွယ်ရေးနယ်နိမိတ်စည်းမျဥ်းများက အားပျော့ယိုင်နဲ့လျက်ရှိလေပြီဖြစ်ကာ ဝံပုလွေအုပ်ကြားမှ အသားတစ်ကဲ့သို့ မျက်စိကျခံနေရတာ ကြာလေပြီမှန်သောကြောင့်။
တဖြည်းဖြည်းနှင့် မကြာလှသောအနာဂတ်တစ်ချိန်တွင် သူတို့အားလုံးသည် ဟန်ဆောင်မှုများကိုလွှတ်ချကာ အဆုံးထိဝင်ရောက်စွက်ဖက်တိုက်ခိုက်ကြပေတော့မည်။
စစ်ထူယန်၏စကားအရသာဆိုလျှင် သူတို့ဘက်က အလင်းမျိုးနွယ်စုဆီ စောစောလက်နက်ချလိုက်ပါက ကျန်အင်အားစုများ၏ အမဲဖြတ်ခြင်းမှ ကာကွယ်ထားပြီးသားဖြစ်လိမ့်မည်ဟု။
"မင်းပြောသလိုဆို သူတော်စင်တွေက မကြာခင် ခွင်းလွင်ကိုဝင်လာတော့မယ်ပေါ့လေ"
ယဲ့ကျွင်းလင်က အဓိပ္ပာယ်ပါပါပြုံးသည်။
"ငါ့အတွက်တော့ များများလာလေ ကောင်းလေပါပဲ။ နွေးထွေးစွာကြိုဆိုလိုက်ပါ့မယ်ကွာ"
"ဘာရယ်"
"မျှော်လင့်မထားသောအဖြေကို ကြားလိုက်ရချိန်တွင် စစ်ထူယန် ကြက်သေသေသွားရသည်"
တစ်ဖက်လူကို စိတ်မသက်မသာဖြစ်စေဖို့ သူမျှော်လင့်ခဲ့ပါသော်ငြား ထိုသို့ အင်မတန် စိတ်အားထက်သန်ပြည့်ဝလှသောအဖြေစကားကို ကြားလိုက်ရလိမ့်မည်ဟု မျှော်လင့်မထား။
မင်းကိုယ်တိုင်က ကောင်းကင်ဧကရာဇ်ကြီးဖြစ်ဖြစ် ဘာကြီးဖြစ်ဖြစ် သူတော်စင်တွေဆိုတာ လက်တစ်ချောင်းလေးလှုပ်ရုံနဲ့ သတ်ပြီးသားပဲနော်။
နောက်ပြီး သူတော်စင်တစ်ပါးနှစ်ပါးလည်းမဟုတ်၊ အုပ်လိုက်ကြီးလာကြမှာနော်၊ အုပ်လိုက်ကြီး။
ယဲ့ကျွင်းလင်၊ မင်းဘယ်ကသတ္တိတွေရလာတာလဲ။