ခွင်းလွင်အနာဂတ်လမ်း
Vol. 46 Ch. 642
စစ်ထူယန်ပြောသကဲ့သို့ပင် မြောက်များလှစွာသော မဟာကမ္ဘာတို့၏ သူတော်စင်များက ခွင်းလွင်ကမ္ဘာ၏အနာဂတ်တွင် ဝင်ရောက်စွက်ဖက်ပါဝင်လာနိုင်ဖွယ်ရှိသည်။
တခြားတစ်ယောက်သာ ဤသတင်းကို ကြားသိလိုက်ရပါက ကြောက်စိတ်နှင့် ထိတ်လန့်မှုတို့ဖြင့် ဆောက်တည်ရာမရဖြစ်ကုန်နိုင်သည်။
သို့သော် ယဲ့ကျွင်းလင်ကတော့ နဂိုကတည်းက မူမမှန်သူဖြစ်သည့်အလျောက် တအံ့တသြဖြစ်သွားရခြင်းသာရှိ၏။
အဘယ့်ကြောင့်ဆိုသော် ထိုသို့သာ အမှန်တကယ်ဖြစ်ပျက်ခဲ့လျှင် သူကတော့ မသေမျိုးတာအိုကိုကျော်လွန်ချိုးဖျက်လျက် သူတော်စင်အဆင့်သို့ တစ်ပါတည်းတက်လှမ်းသွားဦးမည် ဖြစ်သောကြောင့်။
ထိုမျှကြီးမားသော လက်ဆောင်ထုပ်ကြီးကို မည်သူက ငြင်းဆိုနိုင်စွမ်းရှိမည်နည်း။
ဇွဲရှိရှိ ကျင့်ကြံအားထုတ်နေဖို့မလိုအပ်၊ အားကြီးသောပြိုင်ဘက်နှင့် ရင်ဆိုင်လိုက်သည်နှင့် မိမိပါ တစ်ပါတည်းအားကြီးလာမည်။
ငှက်တစ်ကောင်ကဲ့သို့ အချုပ်အနှောင်ကင်းစွာ လွတ်လွတ်လပ်လပ်ပျံတက်ရသည့်ခံစားချက်ကို မည်သူနားလည်ပါမည်နည်း။
ထို့ကြောင့် ယဲ့ကျွင်းလင်ကတော့ ထိုသူတော်စင်အဆင့်စွမ်းအားရှင်များ ခွင်းလွင်ဆီသို့ များသည်ထက်များများဆင်းသက်လာဖို့သာ မျှော်လင့်သည်။ သူ၏ တမူထူးခြားသော ဧည့်ခံနည်းလေးဖြင့် အားလုံးကိုကြိုဆိုဖို့ အသင့်စောင့်နေပါမည်။
ဤသို့ဖြင့် စစ်ထူယန်၏ ခြိမ်းခြောက်မှုသည်လည်း သက်ရောက်မှုတစ်စုံတစ်လေ မရှိခဲ့ချေ။
ထိုသို့ မြင့်မားသောအဆင့်အတန်းတွင်ရပ်တည်ကာ အမြဲတစေ မောက်မာဝံ့ကြွားနေသော သူတော်စင်များသည် မသေမျိုးဧကရာဇ်တစ်ပါးကို လက်ညှိုးတစ်ချောင်းတည်းဖြင့် သတ်ဖြတ်ရှင်းလင်းနို်ငပေသည့် ဤလူငယ်လေး၏အမြင်တွင်တော့ စနစ်မှအမှတ်တိုးပေးမည့် ဆုလာဘ်ရတနာများထက် မပိုခဲ့ပါချေ။
သူကြောက်ရမည့်လူ ဤကမ္ဘာတွင်မမွေးသေး။
"ငှက်လူသား၊ ဒါကမင်းရဲ့ နောက်ဆုံးဆန္ဒဆိုရင် အခုပဲ စိတ်ချလက်ချသေနိုင်ပါပြီ"
ယဲ့ကျွင်းလင်က လှောင်ပြောင်လိုက်ပြီး ဓားကို ခေါင်းအပေါ်သို့ဝင့်မြှောက်ကာ ရွှေရောင်လင်းသောဓားသွားမြမြဖြင့် ခုတ်ချဖို့ပြင်လိုက်သည်။
"နေပါဦး နေပါဦး"
သေရမည်ကိုကြောက်သည့်စိတ်က သူ့နှလုံးသားထဲ အပြင်းအထန်မြင့်တက်လာကာ စစ်ထူယန်၏မွေးညင်းများ အဆုံးထိထောင်ထသွားခဲ့ရပြီး သူ့ခန္ဓာကိုယ်ထဲ စီးဆင်းနေသောသွေးများမှာလည်း အရိုးခိုက်လောက်အောင် အေးခဲသွားခဲ့သည်။
စိတ်ပျက်အားငယ်ခြင်း၊ အကူအညီမဲ့ခြင်းနှင့် ကြီးစွာသောနောင်တတို့ကို သူခံစားနေခဲ့ရသည်။
ဒီအဆုံးသတ်ကိုသာ ကြိုသိခဲ့လျှင် ထိုတာဝန်ကိုလည်း လက်ခံခဲ့မှာမဟုတ်သလို ဒီနေရာကြီးကိုလည်း ခြေပင်ချခဲ့မည်မဟုတ်၊
ယခုတော့ တာဝန်လည်းမပြီးမြောက်သလို သူ့ဘဝကိုလည်း ဆုံးရှုံးရတော့မည်။ အားထုတ်ခဲ့သမျှ သဲထဲရေသွန်သာပင်။
"သေ"
ယဲ့ကျွင်းလင်က ဓားကို လွှဲခုတ်ချလိုက်သည်။
ခမ်းနားသော ရွှေရောင်ဓားသွားက နေမင်းအလားတောက်ပကာ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လျစ် စစ်ထူယန်ဆီတည့်တည့် ကျရောက်လာသည်။
"ငါမင်းကို သေတဲ့အထိတိုက်မယ်ကွ"
အဆုံးစွန်ထိတွန်းပို့ခံလိုက်ရသော စစ်ထူယန်သည် ဒေါသနှင့်ဝမ်းနည်းမှုဖြင့်ပြည့်နှက်ကာ သက်တမ်းတစ်ဝက်ကို သုံးစွဲရသော သူ၏အသန်မာဆုံးတိုက်ကွက်ကို ထုတ်သုံးလိုက်တော့သည်။
အလင်းမျိုးနွယ်စု မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာခဲ့သော လျှို့ဝှက်ကျင့်စဥ်၊ အလင်းသူတော်စင်တံဆိပ်။
ထိုတိုက်ကွက်သည် သူတော်စင်ကျင့်စဥ်ပညာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အပြည့်အစုံမရှိသော်ငြား မသေမျိုးကျင့်စဥ်ပညာများထဲတွင် ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်နိုင်သော ထူးကဲကျင့်စဥ်အမျိုးအစားဖြစ်၏။ မသေမျိုးဧကရာဇ်အဆင့်များသာ ထိုကျင့်စဥ်ကို သုံးနိုင်သည်ဆိုရုံ အရည်အချင်းပြည့်မီကြသည်ပင်။
ထိုတိုက်ကွက်ကို ထုတ်သုံးဖို့အတွက်ဆိုလျှင် စစ်ထူယန်သည် အလွန်ကြီးမားသောတန်ဖိုးတစ်ခုကို ပေးဆပ်ရမည်။ ထိုတိုက်ကွက်ကို အသုံးပြုပြီး သူအသက်ရှင်ကျန်ခဲ့လျှင်ပင် ပြန်လည်ပြင်ဆင်မရသော ထိခိုက်မှုနှင့် ပျက်စီးယိုယွင်းသော ခန္ဓာကိုယ်ဖြင့် ကျန်ရစ်ခဲ့ရမည်ဖြစ်၏။
သို့သော် အသက်ရှင်ဖို့အတွက် စစ်ထူယန်မှာ များများစားစားမတွေးနိုင်တော့။
ကောင်းကင်ယံသည် သန့်စင်သောအလင်းတန်းတို့ဖြင့် ပြည့်နှက်ကာ ရွှေရောင်တံဆိပ်သည် တောင်ကြီးတစ်လုံးအလား ကြီးမားစွာပေါ်ထွက်လာလျက် အမျိုးစုံသော ရှေးဟောင်းဆန်ဆန်သင်္ကေတများဖြင့် ဖုံးလွှမ်းလျက်ရှိ၏။
စစ်ထူယန်သည် ဒွာရခုနှစ်ပေါက်မှ သွေးတို့ပန်းထွက်လာလျက် မျက်လုံးများသည် ဒေါသရိပ်ဖြင့် အက်ကွဲနီရဲကာ စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။
"သေစမ်း"
စစ်ထူယန်သည် ကိုးပတ်လည်မသေမျိုးစက်ဝန်းကို ပိုင်ဆိုင်ထားရုံမက အလင်းမျိုးနွယ်စု တော်ဝင်မိသားစုမှ တိုက်ရိုက်ဆင်းသက်လာသော အဆက်အနွယ်လည်းဖြစ်သည့်အလျောက် သာမန်ထက်ပိုသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့သော် ယဲ့ကျွင်းလင်၏ အားအင်အပြည့်ဖြင့်ခုတ်ချလိုက်သော ဓားချက်ကိုတော့ သူတောင့်မခံနိုင်ခဲ့ပါပေ။
အုံး
ခမ်းနားမြင့်မြတ်သော ရွှေရောင်ဓားအလင်းတန်းသည် ကောင်းကင်ကိုဖြတ်ထုတ်ခွဲထွက်လျက် ဖုံးလွှမ်းနေသော တံဆိပ်သင်္ကေတကြီးကိုလည်း အတင်းအကျပ်ချိုးဖျက်ကာ မယုံနိုင်သောအကြည့်များဖြင့် စစ်ထူယန်ကိုပါ ဝါးမျိုသွားခဲ့သည်။
မသေဆုံးမီတွင် စစ်ထူယန်သည် သစ်သားတုံးအလား တောင့်တင်းစွာရပ်နေခဲ့ကာ များစွာသောအတွေးပုံရိပ်တို့က သူ၏စိတ်အစဥ်ဝယ် မီးအိမ်များ တစ်လုံးပြီးတစ်လုံးလည်ပတ်နေသကဲ့သို့ တစ်ကွက်ပြီးတစ်ကွက် ပေါ်ထွက်လာခဲ့သည်။
စစ်ထူယန်သည် အထက်တန်းကျ၍ မြင့်မြတ်သော နောက်ခံတစ်ခုမှ ဆင်းသက်လာခဲ့သည်။ အလင်းမျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်သည့်အလျောက် သွေးနှောသွေးရောမရှိသော သန့်စင်သည့်တော်ဝင်သွေးနှင့် ပထမတန်းစားပါရမီကို ပိုင်ဆိုင်ထားသည်။ လူသူလေးစားကိုးကွယ်ခံရမည့် အဆင့်အတန်းမျိုးဖြစ်ပါလျက် သူ့ထက်ပို၍စွမ်းအားကြီးသောတစ်စုံတစ်ယောက်က ကာဆီးပိတ်ပင်ထားခဲ့လေ၏။ ထိုသူမှာ အစ်ကိုကြီးဖြစ်သူ စစ်ကုံးပင်။
ထိပ်တန်းပါရမီရှင်ဟု သတ်မှတ်ခံထားရသော ညီဖြစ်သူစစ်ထူယန်နှင့် နှိုင်းဆပါလျှင် စစ်ကုံးသည်ကား ပြိုင်ဘက်ကင်းပါရမီရှင်ဟုသာ တင်စားရပေတော့မည်ဖြစ်၏။ သာမန်ထက်သာလွန်သော နားလည်နိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားရုံမက အလင်းမျိုးနွယ်စွမ်းအင်ကို အခြေခံသော ကျင့်စဥ်နည်းလမ်းများအတွက်လည်း မွေးရာပါအထူးသင့်တော်သောခန္ဓာသဘာဝကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် အလွန်ရှားပါးတွေ့ရခဲလှပါသော အလင်းသူတော်စင်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားသေးလေရာ အလင်းမျိုးနွယ်စု၏ နောက်တက်မည့်သူတော်စင်ဟူသော အနာဂတ်လမ်းကြောင်းကို မလွဲမသွေ ပိုင်ဆိုင်ခဲ့ရတော့၏။
ညီငယ်ထက် နှစ်အနည်းငယ်မျှသာပိုကြီးသော စစ်ကုံး၏ကျင့်ကြံဆင့်သည် မသေမျိုးဧကရာဇ် နဝမကောင်းကင်တွင်တည်ရှိလေရာ သူတော်စင်ဖြစ်ဖို့ရာ ခြေတစ်လှမ်းသာလိုတော့သော အခြေအနေပင်။
စစ်ကုံး၏တည်ရှိမှုက ထိုသို့အလွန်အကျွံတောက်ပနေခဲ့ရာ သူ၏ဂုဏ်သတင်းသည် နိဗ္ဗာန်ကမ္ဘာတစ်ခုလုံးဝယ် ကျယ်ပြောစွာပျံ့နှံ့နေခဲ့၏။ ညီငယ်ဖြစ်သူ စစ်ထူယန်သည်ပင် သူ၏ကျော်ကြားမှုမှ အရိပ်မိုးဖုံးလွှမ်းခံရကာ မှိန်ဖျော့အားနည်းခဲ့ရလေသည်။
စစ်ထူယန်မှာ ငယ်စဥ်ကတည်းက အစ်ကိုကြီးဖြစ်သူဆီသို့ဦးတည်သော ချီးကျူးစကားများကိုသာ နားနှင့်မဆံ့အောင်ကြားခဲ့ရသည်။
ဤသို့အရိပ်လွှမ်းခံရသည့်ဘဝတွင် အချိန်ကြာလာသည်နှင့်အမျှ စစ်ထူယန်၏နှလုံးသားသည်လည်း တစ်ဖက်စောင်းနင်းဆန်လာရသည်။ ထို့ကြောင့် သူ၏လုပ်နိုင်စွမ်းကို သက်သေပြကာ သူ၏တည်ရှိမှုကို ပိုပြီးထင်းရှားသိသာစေဖို့ရာ ကြီးမြတ်သောအောင်မြင်မှုတစ်ခုကို ရယူလိုသည်။
မကြာမီမှာပင် ထိုအတွက် အခွင့်အရေးတစ်ခုဖြစ်တည်လာသည်။ စစ်ထူယန်သည် ကန့်ကွက်မှုအားလုံးကို ကျော်ဖြတ်တွန်းလှန်ရင်း ထိုတာဝန်ကို ပုခုံးပေါ်တင်ကာ ခွင်းလွင်ကမ္ဘာထဲသို့ လျှို့ဝှက်ဝင်ရောက်၍ ကျူးကျော်သိမ်းပိုက်ဖို့အတွက် ကြိုတင်အစီအစဥ်ချသည်။
သို့သော် ဤနေရာတွင်မှ အိပ်မက်ဆိုးကဲ့သို့ ကြောက်မက်ဖွယ်ပြိုင်ဘက်တစ်ဦးနှင့် ထိပ်တိုက်တွေ့ရလိမ့်မည်ဟု သူလည်းမထင်ခဲ့ပါ။
ယဲ့ကျွင်းလင်ဟု အမည်ရသောလူသားသည် ပြိုင်ဘက်ကင်းသော အနေအထားဟန်ပန်ဖြင့် သူအနာဂတ်လမ်းကို ဖြတ်လျှောက်လာပြီး သူ့ရည်မှန်းချက်အားလုံးကို တစ်စစီချိုးဖျက်သွားခဲ့သည်။ သူ့မာနကိုလည်း အမှိုက်တစ်စအလား စွန့်ပစ်ချေမွသွားခဲ့သည်။
သေခါနီးဆဲဆဲအချိန်တွင် သူ့ငယ်ဘဝတစ်လျှောက်လုံး မကျေမချမ်း မလိုတမာဖြစ်ခဲ့ရသော ပုဂ္ဂိုလ်၏ပုံရိပ်သည် သူ့စိတ်အစဥ်တွင် စွဲထင်ပြတ်သားလာခဲ့၏။ စစ်ထူယန်မှာ မြေပြင်ပေါ်ပြိုလဲကျသွားကာ ကလေးတစ်ယောက်ကဲ့သို့ ရှိုက်ကြီးတငင်ငိုကြွေးလျက် မျက်ရည်များစီးကျနေသောမျက်နှာဖြင့် အော်ဟစ်လိုက်သည်။
"အစ်ကိုကြီး ကျွန်တော့်ကိုကယ်ပါဦး"
ထိုစကားသံဆုံးသည်နှင့် သူ၏ စိတ်နှင့်ခန္ဓာ တည်ရှိမှုတစ်ခုလုံးမှာ ကျရောက်လာသော ရွှေရောင်ဓားအလင်းတန်းဖြင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေလွင့်ထွက်သွားကုန်ကြ၏။