← Chapters

အခန်း (၆၄၄)

Vol. 46 Ch. 644

အခန်း (၆၄၄)

Vol. 46 Ch. 644

ယနေ့ဖြစ်ပျက်ခဲ့သမျှ ကိစ္စပေါင်းစုံသည် သူမ၏စိတ်အခြေအနေကို အတော်လေးထိခိုက်စေခဲ့သည်ဖြစ်ရာ သူမမှာ ဘာဝင်ပြောလို့ပြောရမှန်းပင် မသိတော့သည့်အဆုံး တိတ်တိတ်လေးလှည့်ပြန်ဖို့ကိုသာ ရွေးချယ်လိုက်တော့သည်။ ပိုမိုတင်းကျပ်သော ကျင့်ကြံရေးဖြင့် အင်အားကို ရသလောက်ပိုဖြည့်ရမည်။

"ဟေ့ အရမ်းကြီးဆင်တူနေသလို ခံစားချက်ကြီးပါလား"

ကောင်းပုလီ၏ ခွေးမျက်လုံးလေးများ ဝိုင်းစက်ပြူးကျယ်လာကာ နှလုံးသားမှာ မုန်တိုင်းထန်သကဲ့သို့ လှိုင်းခတ်လာလေတော့၏။

ထိုအမူအရာကို အနားတွင်ရှိသော လင်တုရှိုက သတိထားမိလိုက်သည်။

ထို့နောက် သူ့ပုခုံးကိုပုတ်ကာ စိတ်ရင်းမှန်ဖြင့် အားပေးလာ၏။

"အကြီးအကဲကောင်း၊ လူတွေနဲ့ခွေးတွေဆိုတာ လျှောက်ရမဲ့လမ်းချင်းမတူဘူးလေဗျာ၊ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်စမ်းပါ"

ကောင်းပုလီ: "..."

ငါမင်းကို ဘယ်နားမှာရန်စမိလိုက်လို့လဲကွ။

မင်းကဘာလို့ ငါ့ကိုဆို အခြေအမြစ်မရှိတဲ့ အထင်အမြင်တွေပဲ ပေးနေရတာလဲ။

ကောင်းပုလီမှာ အတွေးစလည်းပြတ်သွားသဖြင့် ဒေါသထွက်သွားရသည်။

"သွားစမ်း ကြည့်နေကြည့်စား ငါမျက်စိနောက်လာရင်ဆွဲကိုက်မှာ"

စကားပြောနေရင်း သွားချွန်ချွန်များကို ပါးစပ်ကြီးအားကုန်ဖြဲ၍ ထုတ်ပြနေသေးရာ သူ့ခွေးမျက်နှာမှာ အတော်လေးရုန့်ရင်းကြမ်းတမ်းသွားဟန်ရှိသည်။

ထိုအမူအရာကိုမြင်သော်၊

လင်တုရှိုလည်း အလွန်အမင်းထိတ်လန့်ကာ ဖင်ကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်လျက် ကွတကွတ ထွက်ပြေးသွားလေတော့၏။

အမှန်တရားပေါ်ပေါက်ပြီး အဖြစ်အပျက်အားလုံး ပြီးဆုံးသွားသည့်အခါတွင်ပင် အလယ်ပိုင်းဒေသရှိ ကျင့်ကြံသူများမှာ အကြောက်တရားများ မကုန်စင်စွာ ကျန်ရစ်ခဲ့သေးသည်ဟု ခံစားရသည်။

ကမ္ဘာ့အပြင်မှ ဂြိုဟ်သားတို့သည် မိမိတို့၏ကမ္ဘာတွင် ဤမျှတွင်တွင်ကျယ်ကျယ် ခြေချလှည့်လည်နိုင်နေလေပြီလော။

ရွံစရာကောင်းလှသည်။

ကံကောင်းစွာဖြင့် သူတို့တွင် မဟာမိတ်ခေါင်းဆောင်ယဲ့ ရှိနေသေးသည်ပင်။

စကြာဝဠာသည် အဆုံးမရှိ ကျယ်ပြောလှကာ ကြယ်တာရာကောင်းကင်သည် အကန့်အသတ်မဲ့ ကြီးမားလှ၏။ ထိုစကြဝဠာအတွင်းရှိ ခွင်းလွင်ကမ္ဘာမှ အလွန်ဝေးကွာသော မဟာကမ္ဘာတစ်ခုတွင်း ရုတ်တရတ် ကြီးမားသောတုန်ခါမှုတစ်ခု ဖြစ်ပွားခဲ့လေသည်။

မြင့်မြတ်၍ငြိမ်းချမ်းသော အရှိန်အဝါဖြင့် နေရာတိုင်းကို လွှမ်းခြုံပျံ့နှံ့စေသည့် နိဗ္ဗာန်ကမ္ဘာတွင် ထိုတုန်ခါမှုကြီး ဖြစ်ပွားခဲ့သည်။ မရေမတွက်နိုင်သော အလင်းမျိုးနွယ်စု အမျိုးသား အမျိုးသမီးများ တုန်လှုပ်ထိတ်လန့်စွာဖြင့် တစ်နေရာဆီသို့ ဦးတည်ရွေ့လျားကြကာ တုန်ယင်စွာ ပုန်းအောင်းဖို့ကြိုးစားကြကုန်၏။

သူတို့၏ကျောနောက်ဘက်တွင် နှင်းဖြူရောင်ဆွတ်သည့် အတောင်ပံတစ်စုံစီပါရှိကာ ခေါင်းနောက်တွင်လည်း အရောင်စုံသောအလင်းစက်ဝန်းတို့ကို ပိုင်ဆိုင်ထားလျက် မတူညီသော အဆင့်အတန်းစုံကို ဖော်ပြထားလျက်ရှိသည်။

စစ်ထူမိသားစုတွင်၊

လေထုသည် အလွန်အမင်း ဖိအားကြီးလေးလျက် ကောင်းကင်ပြိုသောအချိန်အခါသို့ ဆိုက်ရောက်လာခဲ့သည်။

"ဘယ်သူလဲ ငါတို့ယန်အာကို ဘယ်ကသတ်လိုက်တာလဲ"

မိသားစုဘိုးဘွားပိုင်နယ်မြေ၏ နက်ရှိုင်းသောတစ်နေရာတွင် သက်လတ်ပိုင်းလူကြီးတစ်ဦးသည် ဖြူစင်သန့်ရှင်းသော ဝတ်ရုံကိုဝတ်ဆင်ထားလျက် ရွှေရောင်ကျစ်ဆံမြှီးများက ဒေါသဖြင့် အရိုင်းဆန်ဆန်လွင့်ခါနေကာ ကြောက်မက်ဖွယ် နားထိုင်းစေမတတ် အော်သံကျယ်ကြီးအား ထုတ်လွှတ်လိုက်သည်။

ထိုသူမှာ အလင်းမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ပင်။

"ယန်အာ မင်းကို ဘယ်လိုအတင့်ရဲတဲ့လူသားကများ အသေသတ်လိုက်သလဲ အဖေကြည့်ရစမ်းပါစေ"

စစ်ထူထျန်းမှာ မခံမရပ်နိုင်စွာ အံတင်းတင်းကြိတ်လျက်ရှိသည်။

သန့်စင်သော သူတော်စင်ချီသည် ထိုသူ၏ခန္ဓာကိုယ်မှ ဆူပွက်စိမ့်ထွက်လာသည်။ မျိုးနွယ်စုခေါင်းဆောင်မှာ သူတော်စင်တစ်ပါးပင်။

ဒုတိယသားငယ်၏ သေဆုံးခြင်းသတင်းတွင် စစ်ထူထျန်း၏နှလုံးသားမှာ ဓားဖြင့်အမွှမ်းခံထားရသလို နာကျင်ရ၏။

စစ်ထူယန်တစ်ယောက် ခွင်းလွင်သို့ဆင်းပြီး တာဝန်ထမ်းဆောင်မည်ဆိုကတည်းက သူသဘောတူခဲ့ခြင်းမရှိ။ သို့သော် စစ်ထူယန်၏ အလျှော့မပေးစတမ်း အသနားခံမှုကို မတွန်းလှန်နိုင်သောကြောင့် တွန့်ဆုတ်စွာ သဘောတူခဲ့ရခြင်းဖြစ်သည်။

အမှန်တော့ စစ်ထူထျန်းသည်လည်း ကြာမြင့်စွာကတည်းက ဆုတ်ယုတ်နေပြီးဖြစ်သော ခွင်းလွင်ကမ္ဘာတွင် စွမ်းအားရှင်ဘယ်လောက်မှ မကျန်ရှိတော့လောက်ဟု တွက်ဆမိသောကြောင့်။

ထို့အပြင် သားငယ်သည်လည်း ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်ကာ မျိုးနွယ်၏အထွတ်အထိပ်ရတနာဖြစ်သော အမိန့်လက်စွပ်၏အကူအညီနှင့်ဆိုလျှင် ခွင်းလွင်တွင် ပြိုင်ဘက်ကင်းတည်ရှိမှုဟု သတ်မှတ်ရမည်ဖြစ်သော အနေအထားရှိ၏။

သို့သော် ရလဒ်ကတော့၊

သူ့မျက်နှာကို ခပ်ပြင်းပြင်းရိုက်ချလိုက်ခြင်းသာ။

စစ်ထူယန်၏ ဘဝမီးအိမ်မှာ ယခုလေးတွင် ပြိုကွဲငြိမ်းသေသွားရသည်။ ဖခင်ဖြစ်သူ စစ်ထူထျန်းအတွက်တော့ မလွဲမသွေ ရင်နင့်ပြိုလဲဖွယ်ရာ။

ဤမျှ ဆုတ်ယုတ်ပျက်စီးနေသော ခွင်းလွင်တွင် သားဖြစ်သူကိုယှဥ်တုနိုင်သည့် ပြိုင်ဘက်ကင်းပါရမီရှင်မျိုး ကျန်ရှိနေခဲ့သေးပါသလော။

သူကိုယ်တိုင် အစအဆုံး အခိုင်အခံ့ပြင်ဆင်ပေးပြီးမှ လွှတ်လိုက်သော ဒုတိယသားသည်ပင် ထိုပြိုင်ဘက်ကို ခုခံတွန်းလှန်နိုင်ခြင်း မရှိခဲ့ပါလေ။

စစ်ထူထျန်းမှာ ‌ဒေါသနှင့်အတူ မယုံကြည်နိုင်လည်းဖြစ်ရသည်။

သားကိုသတ်သည့် အမုန်းတရားကို ချေဖျက်လို့ကျေနိုင်မည်မဟုတ်။

စစ်ထူထျန်းသည် မျက်လုံးများကိုမှေးမှိတ်လိုက်ကာ ခန္ဓာကိုယ်တွင်းရှိ သူတော်စင်ချီများကို လှိုင်းခတ်အောင်နှိုးဆွလျက် သူတော်စင်စွမ်းအားကို အသက်သွင်းလိုက်သည်။

သူ၏ စိတ်အစဥ်တွင် သားငယ်မသေဆုံးမီ ကြုံတွေ့ခဲ့ရသော မှတ်ဉာဏ်ပုံရိပ်များက ခပ်ရေးရေးသဏ္ဌာန်ဖြင့် ထင်ပေါ်လာခဲ့သည်။ နောက်ဆုံးသော ပုံရိပ်သည်ကား ရွှေရောင်ဓားရှည်ကိုဆွဲကိုင်ကာ အဖြူရောင်ဆံနွယ်ရှည်တို့ ဝဲလွင့်နေသော သန်မာခိုင်မြဲသည့် ပုဂ္ဂိုလ်တစ်ဦးအား ဖော်ပြလာခဲ့သည်။

စစ်ထူထျန်း မျက်လုံးများကို လှစ်ခနဲဖွင့်လိုက်သည်။ မျက်လုံးတို့တွင် သွေးနီရောင်သွေးကြောများဖောင်းထနေကာ အံကိုတင်းတင်းကြိတ်လျက် မုန်းတီးနာကျည်းမှုအပြည့်ဖြင့် တစ်လုံးချင်းစီ ရေရွတ်လိုက်သည်။

"ယဲ့ကျွင်းလင်"

All Chapters