← Chapters

အခန်း (၁၀၉၆-၁၀၉၈)

Vol. 75 Ch. 1096-1098

အခန်း (၁၀၉၆-၁၀၉၈)

Vol. 75 Ch. 1096-1098

အခန်း (၁၀၉၆) ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု - အပိုင်း (၂)

ဖုန်းယွီသည် ခေါင်းကို ခါယမ်းရင်း အနည်းငယ် စကားမဲ့သွားခဲ့သည်။ ကျန်းချောင်ယန်က Sohuတစ်ဦးတည်းသာ အကျိုးအမြတ် ရရှိမည်ဟု ထင်နေသလော။

"ကျန်းမန်နေဂျာ၊ ခင်ဗျားတို့ဟာ Sinaရဲ့ ဘလော့ဂ်နဲ့လည်း အပြန်အလှန် ဟိုက်ပါလင့်ခ် (Hyperlink) ချိတ်ဆက်ပြီး တစ်ဦးကိုတစ်ဦး ကြော်ငြာပေးသင့်ပါတယ်။ ခင်ဗျားတို့မှာလည်း သတင်းတွေ ရှိပေမဲ့ သတင်းပိုင်းမှာ Sinaကိုတော့ မီမှာ မဟုတ်ပါဘူးနော်"။

Sohuရဲ့ သတင်းဟာ Sinaသတင်းကို မမီဘူးဆိုတာကို ကျန်းချောင်ယန် ဝန်ခံရပါတော့မည်။ သူတို့မှာ ပြည်ပက ကုမ္ပဏီတစ်ခု ရှိနေသေးသည်။ ထိုကုမ္ပဏီသာ သူတို့နဲ့ ပေါင်းလိုက်မယ်ဆိုရင် သူတို့ရဲ့ သတင်းတွေဟာ အကောင်းဆုံးနဲ့ အမြန်ဆုံး ဖြစ်လာမှာ သေချာပါသည်။

"Sinaရဲ့ သတင်းတွေကို ခင်ဗျားတို့ ပြန်လည် ဖော်ပြနိုင်ပါတယ်။ ဒါပေမဲ့ ပြန်လည်ဖော်ပြခတော့ ပေးရမှာပေါ့။ ခင်ဗျားတို့နဲ့ Neteaseတို့ သတင်းတွေ လုပ်နေကြတယ်ဆိုတာကို ကျွန်တော် သိပါသည်"

"ဒီကိစ္စကိုတော့... ကျွန်တော် စဉ်းစားကြည့်ပါဦးမယ်"

သူများရဲ့ သတင်းကို ပြန်ကူးယူဖော်ပြရမယ်ဆိုရင် ကျွန်တော်တို့ Sohuဟာ Sinaထက် တစ်ဆင့်နိမ့်ကျသွားတယ်လို့ ထင်ရမှာ မဟုတ်လား။

"ခင်ဗျား သဘောပါပဲ။ Sinaရဲ့ နောက်တစ်ဆင့်ကတော့ ပြည်နယ်တိုင်းမှာ ရုံးခွဲများ တည်ထောင်ပြီး အင်တာနက် သတင်းထောက်အချို့ကို ခေါ်ယူမှာ ဖြစ်ပါတယ်။ ဒါမှ ပြည်နယ်တိုင်းရဲ့ သတင်းအချက်အလက်တွေကို ပိုမိုမြန်ဆန်စွာ စုဆောင်းနိုင်မှာ ဖြစ်တယ်။ ပြီးတော့ ဝင်ရောက်တဲ့ IP လိပ်စာကို ကြည့်ပြီး သုံးစွဲသူတွေကို သက်ဆိုင်ရာ ပြည်နယ်ရဲ့ ခေတ်စားနေတဲ့ သတင်းများကို တိုက်ရိုက် ပေးပို့ပေးမှာ ဖြစ်ပါတယ်။ အနာဂတ်မှာ မြို့များအထိ တိကျစွာ ပေးနိုင်အောင် ရည်မှန်းထားပြီး တရုတ်နိုင်ငံရဲ့ နံပါတ်တစ် အင်တာနက် သတင်းမီဒီယာ ဖြစ်လာဖို့ ရည်ရွယ်ထားသည်"။

ဒါက ဖုန်းယွီနဲ့ ဝမ်ကျစ်ရှီးတို့ ဆွေးနွေးပြီးနောက် သတင်းပိုင်းကို အကြီးအကျယ် ချဲ့ထွင်ဖို့ စီစဉ်ထားတဲ့ ရလဒ်ဖြစ်တယ်။ ဒီလိုဆိုရင် အမြင့်ဆုံး ကြည့်ရှုမှုပမာဏကို အာမခံနိုင်ပြီး ကြော်ငြာခ အများဆုံး ရရှိမှာ သေချာသည်။

ဒေသတွင်း မီဒီယာများနဲ့ပါ ပူးပေါင်းဆောင်ရွက်ပြီး သတင်းများကို အပြန်အလှန် ဖလှယ်ခြင်းဖြင့် တရုတ်ဘာသာစကား နံပါတ်တစ် အင်တာနက် သတင်းမီဒီယာ နေရာကို သိမ်းပိုက်ထားဖို့ဆိုတာ ခက်ခဲသော ကိစ္စမဟုတ်ပါချေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သည် ယခုအချိန်မှာပင် ထိပ်ဆုံးရောက်နေပြီ ဖြစ်သည်။

ထို့နောက် ဘလော့ဂ် ဖွံ့ဖြိုးတိုးတက်ရေးကို အပြည့်အဝ အားစိုက်လုပ်ဆောင်ခဲ့ပြီး အချို့ နာမည်ကြီး အနုပညာရှင်များ၊ အားကစားသမားများနှင့် စီးပွားရေး လုပ်ငန်းရှင်အချို့ကို ဘလော့ဂ်များ ဖွင့်လှစ်ဖို့ ဖိတ်ခေါ်ခဲ့ပါသည်။

ထူထောင်စကတည်းက စည်းမျဉ်းတစ်ခု သတ်မှတ်ခဲ့သည်။ အကယ်၍ ငွေပေးဆောင်ပါက အမည်မှန်ဖြင့် အတည်ပြုခြင်း ပြုလုပ်နိုင်ပြီး ဓာတ်ပုံကိုပင် ပရိုဖိုင်ပုံအဖြစ် တင်နိုင်ပါသည်။ ဒါမှ အင်တာနက်ပေါ်မှာ တခြားသူများက မိမိကို အတုခိုး အယောင်ဆောင်ခြင်းမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။ ဒီအတွက် သူတို့ဟာ ရဲဌာနနဲ့ပါ ပူးပေါင်းပြီး ကိုယ်ရေးအချက်အလက်များကို စစ်ဆေးဖို့အတွက် ငွေအချို့ ပေးချေခဲ့သည်။

တခြားသူများက ဘလော့ဂ် အသုံးပြုခြင်းအတွက်မူ ငွေကောက်ခံခြင်း မရှိပါချေ။ သို့သော် အချို့သော ဝန်ဆောင်မှုအသစ်များကို ငွေပေးဆောင်သည့် VIP သုံးစွဲသူများက ဦးစားပေး အသုံးပြုနိုင်သည်။

နာမည်ကြီးများက ဘလော့ဂ် ဖွင့်လှစ်ပြီးနောက် သူတို့၏ လှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုသူများစွာက ဘလော့ဂ်များ ဖွင့်လာခဲ့ကြသည်။ ငွေရယူထားသော အနုပညာရှင်များကလည်း နေ့စဉ် လှုပ်ရှားမှုများကို စာသား သို့မဟုတ် ဓာတ်ပုံဖြင့် တင်ပေးခဲ့ကြပြီး ပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

ဖုန်းယွီသည်လည်း ကိုယ်ပိုင်ဘလော့ဂ်ကို အမည်မှန်ဖြင့် စာရင်းသွင်းခဲ့သော်လည်း သူသည် တခြားသူများနှင့် မတူဘဲ မိမိ၏ ဓာတ်ပုံအစား နဂါးပုံကို ပရိုဖိုင်အဖြစ် သုံးခဲ့သည်။ နဂါးပုံသည် သူသည် လုံကျန်းဒေသမှ ဖြစ်ကြောင်း ပြသသလို၊ နဂါး၏ သားမြေး ဖြစ်ကြောင်းလည်း ဖော်ပြခြင်း ဖြစ်ပါသည်။

မူလက ဖုန်းယွီ ကုန်အမှတ်တံဆိပ်ကို သုံးဖို့ စဉ်းစားခဲ့သေးသော်လည်း နောက်မှ စဉ်းစားကြည့်တော့ မသင့်တော်ဟု ယူဆခဲ့သည်။

ဖုန်းယွီ စာရင်းသွင်းပြီးသည်နှင့် Win and Rain Holdings ကုမ္ပဏီ၊ ထိုက်ဟွာ ကုမ္ပဏီတို့၏ အောက်ရှိ အမှုဆောင်အရာရှိများအားလုံးသည် ဘလော့ဂ်များ ဖွင့်လှစ်ပြီး ဖုန်းယွီကို နောက်ယောင်ခံ လိုက်ခဲ့ကြသည်။

ဆိုလိုသည်မှာ ဖုန်းယွီ၏ လှုပ်ရှားမှုအသစ်များ ရှိသည်နှင့် သူတို့သည် အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည် ဖြစ်သည်။ သို့သော် ထိုအချိန်က ပိတ်ပင်စာရင်း (Blacklist) မရှိသေးသဖြင့် ဖုန်းယွီ စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။ သူ့ကို စိတ်ဝင်စားသူများ အလွန်များပြားလှသည်။ ကုမ္ပဏီထဲမှာ အင်တာနက်သုံးသူတိုင်း အကောင့်ဖွင့်ပြီး သူ့ကို နောက်ယောင်ခံ လိုက်နေကြသည်။ စိတ်မဝင်စားသူများက နောက်ယောင်ခံလိုက်နေလျှင် ဘယ်လိုလုပ်ရမည်နည်း။

ထို့ကြောင့် ဖုန်းယွီသည် ဝမ်ကျစ်ရှီးအား ပြောခဲ့သည်။ "ခင်ဗျားရဲ့ ဘလော့ဂ်ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ တစ်ခုကတော့ စစ်ထုတ်ခြင်း စနစ် (Filtering Function) ရှိရမယ်။ ဒီကိစ္စကို ချန်ဒူးကုမ္ပဏီကို အပ်နှံနိုင်တယ်။ နောက်တစ်ခုကတော့ ကျွန်တော့်ကို လိုက်ချင်တဲ့သူတိုင်း လိုက်လို့မရနိုင်ဘူး။ ကျွန်တော် မလိုက်စေချင်တဲ့သူတွေ ရှိနိုင်တဲ့အတွက် ပိတ်ပင်စာရင်း လိုအပ်တယ်"

"ပြီးတော့ ဘလော့ဂ်မှာ အရမ်းရှည်လျားတဲ့ ဆောင်းပါးတွေ တင်ဖို့ မလိုဘူး။ စကားလုံး တစ်လုံးတည်းကိုတောင် တင်လို့ရအောင် လုပ်ရမယ်။ ဒါကို မိုက်ခရိုဘလော့ဂ် (Microblog) လို့ ခေါ်တယ်"

"ကျွန်တော် နာမည်ကြီးတွေကို ခေါ်ခိုင်းတာက သူတို့ရဲ့ ပရိသတ်တွေကို ဘလော့ဂ် စာရင်းသွင်းဖို့ ဆွဲဆောင်ရုံသက်သက် မဟုတ်ပါဘူး။ သူတို့ရဲ့ ဘလော့ဂ်တွေမှာ ကြော်ငြာတွေ ချိတ်ဆက်နိုင်တယ်။ အဲဒီ ကြော်ငြာဝင်ငွေကို အဲဒီ နာမည်ကြီးတွေကို ခွဲပေးလိုက်ပါ"

"နောက်တစ်ခုက ကျွန်တော် ဘလော့ဂ် စာရင်းသွင်းတာကို ခင်ဗျား တွေ့ပေမဲ့ Wind and Rain အီလက်ထရွန်နစ်၊ Wind and Rain အသုံးအဆောင်များ စတဲ့ ကုမ္ပဏီတွေလည်း စာရင်းသွင်းထားတာကို မတွေ့ဘူးလား။ ဒီလိုမျိုး လုပ်ငန်း ဒါမှမဟုတ် ကုန်အမှတ်တံဆိပ် ဘလော့ဂ်တွေ ရှိရမယ်လို့ မပြောခဲ့ဘူးလား။ ဒါဟာ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို ကြော်ငြာဖို့နဲ့ ကုမ္ပဏီရဲ့ သတင်းအသစ်တွေကို တင်ဆက်ဖို့အတွက် အများပြည်သူ ဆက်ဆံရေးနဲ့ ကြော်ငြာ ကို အဓိကထားတဲ့ ကုမ္ပဏီ ပင်မစာမျက်နှာ တစ်မျိုးနဲ့ တူညီတယ်"။

"ပြီးတော့ ကျွန်တော် ဘလော့ဂ် စာရင်းသွင်းတာကို မမြင်မိဘူးလား။ ဒါကို အမှုဆောင်အရာရှိ ဘလော့ဂ်လို့ ခေါ်တယ်။ လုပ်ငန်းရဲ့ အမှုဆောင်အရာရှိတွေကို နာမည်ကြီးတစ်ဦးအဖြစ် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကုန်အမှတ်တံဆိပ်အဖြစ် မြှင့်တင်ပြီး သူတို့က လုပ်ငန်း သို့မဟုတ် ထုတ်ကုန်များအတွက် ကြော်ငြာပေးစေတယ်။ တစ်ချိန်တည်းမှာ သူတို့ရဲ့ ကိုယ်ပိုင် စွမ်းဆောင်ရည်ကို အသုံးပြုပြီး လူတွေကို အချို့သောအရာများ လုပ်ဆောင်ဖို့ တိုက်တွန်းနိုင်တယ်"။

"ဒါပေမဲ့ ဒီလို အမှုဆောင်အရာရှိ ဘလော့ဂ်များနှင့် လုပ်ငန်း ဒါမှမဟုတ် ကုန်အမှတ်တံဆိပ် ဘလော့ဂ်တွေ အားလုံးကို အမည်မှန်ဖြင့် စာရင်းသွင်းခိုင်းရမှာဖြစ်ပြီး အခကြေးငွေ ကောက်ခံရမယ်။ အထူးသဖြင့် လုပ်ငန်းဘလော့ဂ်တွေက ကြော်ငြာရန်အတွက်သာ ဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့စင်မြင့်ကို အသုံးပြုပြီး ကြော်ငြာရင် ကျွန်တော်တို့က ငွေကောက်ခံရမှာ ဖြစ်တယ်။ ကျွန်တော်တို့ မရှိဘဲ သူတို့ ဒီလိုကောင်းမွန်တဲ့ စင်မြင့်ကို ဘယ်ကရမှာလဲ။ ဒီစင်မြင့်ကို တည်ဆောက်ဖို့ ကျွန်တော်တို့ ငွေဘယ်လောက် ကုန်ကျခံခဲ့ရလဲ"

ဝမ်ကျစ်ရှီးသည် ဖုန်းယွီ၏ စကားကို ကြားသောအခါ အံ့အားသင့်သွားခဲ့သည်။ မန်နေဂျာဖုန်းရဲ့ ဦးနှောက်က ဘယ်လိုများလဲ၊ ဒီအချိန်လေးအတွင်းမှာ ငွေရှာဖို့ နည်းလမ်းကောင်းများစွာကို ဘယ်လိုများ စဉ်းစားနိုင်တာလဲ။ ကုမ္ပဏီရဲ့ စျေးကွက်ရှာဖွေရေး တာဝန်ခံတွေ ဘာတွေ လုပ်နေကြတာလဲ။ ဒါပေမဲ့ မထူးဆန်းပါဘူး၊ သူက မန်နေဂျာဖုန်း ဖြစ်နေတာကိုး။ ဒါကြောင့် သူက အာရှရဲ့ အချမ်းသာဆုံး ဖြစ်နိုင်သည်မှာ မဆန်းတော့ပေ။

ဖုန်းယွီသည် ဝမ်ကျစ်ရှီးနဲ့ တခြားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ကိစ္စကိုလည်း ဆွေးနွေးခဲ့သည်။ ဖုန်းယွီက Sinaအတွက် ငွေရှာဖို့ နည်းလမ်းကောင်းများစွာကို စဉ်းစားပေးခဲ့သည်ဖြစ်ရာ တခြားလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် သူတို့အတွက် အကျိုးရှိမည် ဖြစ်သောကြောင့် သူ အဘယ်ကြောင့် ငြင်းဆန်ရမည်နည်း။ ဘာပဲဖြစ်ဖြစ် သူတို့သည် ဘလော့ဂ်တစ်ခုတည်းကိုသာ ကြော်ငြာရန် လိုအပ်သည်ဖြစ်ရာ ပို၍ပင် အမြတ်ရနိုင်မည် ဖြစ်သည်။

ဖုန်းယွီ၏ စကားကို နားထောင်ပြီးနောက် ဝမ်ကျစ်ရှီးက သဘောတူခဲ့ကြောင်း ကြားသိရသောအခါ ကျန်းချောင်ယန်က မနှစ်မြို့သော်လည်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ၊ ကျွန်တော်လည်း သဘောတူပါတယ်"

"သဘောတူတာ မှန်ပါတယ်။ အလားတူပင် Sinaရဲ့ ဘလော့ဂ်က ခင်ဗျားတို့ ထုတ်ကုန်တွေကို ကြော်ငြာပေးရင် ခင်ဗျားတို့ကလည်း ငွေပေးရမယ်။ အတိုချုပ်အားဖြင့် Sina၊ Sohu၊ Netease၊ Tencent၊ ချန်ဒူး စတဲ့ ကုမ္ပဏီအနည်းငယ်ဟာ စုစည်းပြီး ကြီးမားသော စုပေါင်းစွမ်းအားကို ဖန်တီးသင့်တယ်။ ခင်ဗျားတို့ရဲ့ ပန်းတိုင်ဟာ ပြည်တွင်းမှာသာ မကဘဲ ပြည်ပကိုပါ မျှော်ကြည့်သင့်တယ်"။

ပြည်ပကို မျှော်ကြည့်သင့်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။

"ကျွန်တော် သိပါပြီ။ ခင်ဗျားတို့ စိတ်ထဲမှာတော့ နံပါတ်တစ် တရုတ်ဘာသာ ဝက်ဘ်ဆိုဒ် ဖြစ်ချင်ကြတာ သေချာတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ပြည်တွင်းမှာပဲ ဖွံ့ဖြိုးဖို့ စဉ်းစားထားတာလား။ တစ်နေ့ကျရင် နိုင်ငံတကာကို ထွက်ဖို့ မစဉ်းစားဖူးဘူးလား" ဖုန်းယွီက လှုံ့ဆော်ခဲ့သည်။

"Sinaလိုမျိုး နိုင်ငံခြား ဝက်ဘ်ဆိုဒ်တစ်ခုကို ဝယ်ယူဖို့ ပြောတာလား"။

"ဒီလိုလည်း ဖြစ်နိုင်သလို နိုင်ငံခြားမှာ ရုံးခွဲများ တိုက်ရိုက် ဖွင့်လှစ်တာလည်း ဖြစ်နိုင်တယ်။ ခင်ဗျား စဉ်းစားကြည့်ပါ။ Sinaရဲ့ နိုင်ငံခြား ဝက်ဘ်ဆိုဒ်က ပြည်တွင်းသတင်းတွေကို တင်ပေးနေပြီ။ ခင်ဗျားတို့ ဘာကြောင့် ဝက်ဘ်ဆိုဒ်ကို နိုင်ငံခြားမှာ ဖွင့်လို့ မရတာလဲ။ ဖိုရမ်ကနေ ငွေရတာ နည်းပေမဲ့ ခင်ဗျားတို့က ဗီဒီယို ဝန်ဆောင်မှုများကို အခကြေးငွေနဲ့ ဒေါင်းလုဒ်လုပ်ခွင့် ပေးတဲ့ ဝက်ဘ်ဆိုဒ်ကို စတင် လုပ်ကိုင်နေပြီ မဟုတ်လား။ ရုပ်ရှင်နဲ့ တီဗီ ဇာတ်လမ်းတွဲ မူပိုင်ခွင့် အများအပြားကို ဝယ်ယူထားပြီးပြီလား။ နိုင်ငံခြားက မူပိုင်ခွင့်တွေလည်း အများကြီး ရှိတယ် မဟုတ်လား။ နိုင်ငံခြားသားတွေက ကျွန်တော်တို့ တရုတ်ရုပ်ရှင်နဲ့ ရုပ်သံ ဇာတ်လမ်းတွဲတွေကို ကြည့်ချင်ကြမယ်လို့ ဘယ်တော့မှ မစဉ်းစားဖူးဘူးလား"

"ဒါက... ဘာသာစကား မတူဘူးဆိုတော့ တကယ်ပဲ ဖြစ်နိုင်ပါ့မလား"။

"မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။ ခင်ဗျား မကြိုးစားရင် ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် သတိပေးချင်တာကတော့ ဒီ Sohu ဗီဒီယိုကို ခင်ဗျား အထူးဂရုပြုသင့်တယ်။ အထူးသဖြင့် အကြောင်းအရာတွေကို အသေးစိတ် စိစစ်ပါ။ တရားမဝင် ဗီဒီယိုဖိုင်တွေ ထွက်လာရင် ဝက်ဘ်ဆိုဒ် ပိတ်ပစ်လိုက်ရလိမ့်မယ်။ အဲဒီအခါ ကျွန်တော် ခင်ဗျားကို အပြစ်တင်တာ မဖြစ်စေချင်ပါဘူး"။

ဟာ… ကောင်းမွန်တဲ့ Sohuက လူကြီးဝက်ဘ်ဆိုဒ် ဖြစ်မသွားစေရဘူး။ အနာဂတ်မှာ ဖုန်းယွီမှာ Sohuနဲ့ လုပ်ဆောင်ရမည့် အစီအစဉ်ကြီးများ ရှိနေသည် မဟုတ်လား။

******

အခန်း (၁၀၉၇) တရုတ် အင်တာနက်+ ထိပ်သီးအစည်းအဝေး

ကျန်းချောင်ယန်အား အချို့ကိစ္စများကို ပြောကြားပြီးနောက် ကျန်းချောင်ယန်သည် ဖုန်းယွီအား အရေးကြီးသော သတင်းတစ်ခုကို ပြောပြခဲ့သည်။ ၎င်းမှာ သုံးရက်အကြာတွင် ပေကျင်း၌ ပထမဆုံးအကြိမ် တရုတ် အင်တာနက်+ထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဟူ၍ ဖြစ်သည်။

ဒါက အရင်ဘဝက မာနှစ်ယောက်၊ လီရန့်ဟုန်၊ တင်းလေ့၊ ချိုးပါ့ကျွင်း၊ လီတာ့ကျွင်း စသည့် ထူးချွန်သူများ ပါဝင်ခဲ့သော အင်တာနက်+ ထိပ်သီးအစည်းအဝေးပင် ဖြစ်သလော။

"ဘယ်သူက ဦးစီးကျင်းပတာလဲ"

"သတင်းအချက်အလက် စက်မှုဝန်ကြီးဌာနဖြစ်ပါတယ်။ ကျွန်တော်တို့လို ကုမ္ပဏီတွေကို ဖိတ်ကြားလွှာတွေ ပို့ထားပါတယ်။ မသွားလို့လည်း မရပါဘူး။ မန်နေဂျာဖုန်းကတော့ သွားမယ်ဆိုရင် ဖိတ်ကြားလွှာ မလိုလောက်ဘူး ထင်ပါတယ်"။

ဖုန်းယွီ မျက်နှာပျက်သွားခဲ့သည်။ ကျေးဇူးပြု၍၊ သူတို့လို ရှယ်ယာရှင်ငယ်လေးတွေတောင် ဖိတ်ကြားလွှာရနေချိန်မှာ ငါလို ရှယ်ယာရှင်ကြီးက ဖိတ်ကြားလွှာ မရဘူးတဲ့လား။ စီစဉ်သူတွေရဲ့ မျက်လုံးတွေကန်းနေတာပဲ။

ဖုန်းယွီ မမျှော်လင့်မိသည်မှာ သူသည် ပြည်တွင်းတွင် အမြဲတမ်း မရှိသဖြင့် ပြည်တွင်း၌ ထိုက်ဟွာအုပ်စု၏ ဥက္ကဋ္ဌဆိုသည့် ရာထူးတစ်ခုတည်းသာ ရှိသည်။ ထိုက်ဟွာအုပ်စုသည် အင်တာနက် လုပ်ငန်းအဖြစ် မသတ်မှတ်နိုင်ပေ။

အခြား အနည်းငယ်မျှသာ အတိုင်းအတာရှိသော အင်တာနက် လုပ်ငန်းများပင် ဖိတ်ကြားခံခဲ့ရပြီး ပြည်နယ်အသီးသီးမှ ခေါင်းဆောင်များပင် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

"ငါ အဲဒီကို မသွားချင်ပါဘူး" ဖုန်းယွီက မာန်တင်းပြီး ပြောဆိုလိုက်သည်။

ဖုန်းယွီ မသွားဘဲ ဘယ်နေနိုင်ပါ့မလဲ။ အရင်ဘဝက ဘယ်ကုမ္ပဏီတွေက ဒီအချိန်မှာ ထူထောင်ပြီး နောက်မှ နာမည်ကြီးလာခဲ့လဲဆိုတာ သူ သိချင်နေခဲ့သည်။

ဒီအချိန်မှာ ဆက်သွယ်ပြီး ရင်းနှီးမြှုပ်နှံမှုတစ်ခု လုပ်လိုက်မယ်ဆိုရင် အနာဂတ်မှာ တရုတ်ရဲ့ အင်တာနက်လောကသာမက တစ်ကမ္ဘာလုံးရဲ့ အင်တာနက်လောကမှာ ဖုန်းယွီဟာ ခေါင်းဆောင်ကြီး ဖြစ်လာပြီး အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာမှာ သေချာပါသည်။

အနာဂတ်မှာ အင်တာနက်ဟာ လူ့အသက်တာထဲကို ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ရောက်ရှိလာမည်ကို ဖုန်းယွီသည် ယခုလက်ရှိ လူများထက် ပို၍ရှင်းရှင်းလင်းလင်းသိသည်။ မြို့ပြနေသူ တစ်ဦးသည် အင်တာနက်နှင့် ခွဲလို့မရသော ဘဝကို ဖြတ်သန်းရပေမည်။ ရုပ်မြင်သံကြားသည်လည်း အင်တာနက် ရုပ်မြင်သံကြား၊ မိုဘိုင်းလ်ဖုန်းသည်လည်း အင်တာနက် ချိတ်ဆက်နိုင်ရမည်။ အခွန်အခ အမျိုးမျိုး ပေးဆောင်ခြင်းကို အွန်လိုင်းမှ ပြုလုပ်နိုင်ပြီး ဈေးဝယ်ခြင်း၊ အစားအစာ မှာယူခြင်း၊ ကားခေါ်ခြင်း၊ စာရင်းသွင်းခြင်း၊ ဆေးရုံ ချိန်းဆိုခြင်း စသည်တို့ကို အွန်လိုင်းမှ ပြုလုပ်နိုင်ပြီး အချို့မှာ အွန်လိုင်းမှသာ ပြုလုပ်နိုင်သည်အထိ ဖြစ်လာမည်။

ဘာပဲဖြစ်ဖြစ် ဖုန်းယွီသည် ဤအင်တာနက်ဆိုသော ကိတ်မုန့်ကြီးကို အကြီးဆုံး အပိုင်းကို ကိုက်ချဖို့ ရည်ရွယ်ထားသည်။

ကျန်သောသူများလား။ ကျန်တာကို စားချင်စားကြပါစေ။

ဖုန်းယွီ စိတ်တိုတိုဖြင့် ထွက်ခွာသွားသည်ကို မြင်သောအခါ ကျန်းချောင်ယန် နားမလည်နိုင် ဖြစ်နေသည်။ ခဏခန့်က အကောင်းပကတိ ရှိသေးသည်ကို အဘယ်ကြောင့် ရုတ်တရက် မျက်နှာမဲသွားရသနည်း။

မန်နေဂျာဖုန်း တကယ်ပဲ ဖိတ်ကြားလွှာ မရခဲ့တာလား။ မဖြစ်နိုင်ပါဘူး။

သူတို့၏ Sohuကိုသာ ဥပမာပေးရရင် ဖိတ်ကြားလွှာတွင် လူငါးဦး ပါဝင်သည်။ ဘဏ္ဍာရေး အရာရှိချုပ်၊ နည်းပညာ အရာရှိချုပ် စသူတို့ပါ တက်ရောက်ရမည်ဖြစ်ပြီး တစ်ဦးချင်းစီတွင် ဂရုပြုရမည့် အချက်များ ကွဲပြားကြသည်။

သို့သော် သူစဉ်းစားပြီးနောက် ဖုန်းယွီအား သူ၏ နေရာတစ်ခုကို လှူနိုင်သည်ဟု ပြောမပြခဲ့ပါ။ အခြားကုမ္ပဏီများတွင် ရနိုင်မည် ထင်ခဲ့သည်။

အိမ်ပြန်ရောက်သောအခါ ဖုန်းယွီသည် မည်သည့်ကုမ္ပဏီက သူ့အား ဖိတ်ကြားလွှာရထားကြောင်း ဖုန်းဆက်ပြောမလဲဆိုတာကို စောင့်နေခဲ့သည်။

သို့သော် နောက်တစ်နေ့အထိ မည်သူမှ ဤကိစ္စနှင့်ပတ်သက်၍ သူ့အား ပြောဆိုခြင်း မရှိခဲ့ပေ။

ဟာ၊ ငါ ခေါင်းဆောင် မလုပ်တော့တာနဲ့ မင်းတို့ ငါ့ကို တကယ် အလေးမထားတော့ဘူးလား။

ဖုန်းယွီသည် ဖန်ထျန်းမိန်ကို တိုက်ရိုက် ဖုန်းခေါ်ခဲ့သည်။ သူသည် အရင်က ဖန်စီကျွေးမွေးရေးမှူးဖြစ်ပြီး ယခုတွင် ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ရာထူးတက်ခဲ့သည်။

"ဖန်ဝန်ကြီး၊ ကျွန်တော် ဖုန်းယွီပါ၊ ဒီရက်ပိုင်း ဘာတွေ အလုပ်များနေလဲ" ဖုန်းယွီက ရယ်မောရင်း မေးလိုက်သည်။

"မန်နေဂျာဖုန်း၊ ရှားရှားပါးပါးပါပဲ၊ ခင်ဗျား ကျွန်တော့်ကို အကြာကြီး ဆက်သွယ်ဖို့ ပျက်ကွက်ခဲ့တာပဲ။ ဒီရက်ပိုင်း ခင်ဗျားတို့ရဲ့ Wind and Rain ဖုန်းနဲ့ AIWAဖုန်းတွေ ရောင်းအားကတော့ တကယ်ကို ကောင်းနေပါတယ်"။

ဖန်ထျန်းမိန် စိတ်ထဲကနေ ရေရွတ်လိုက်သည်။ ဘီပီပေဂျာ လုပ်ငန်း ရပ်သွားတာ တစ်နှစ်ကျော်ပြီဖြစ်လို့ သူတို့ ဝင်ငွေအချို့ နည်းသွားတာကတော့ ဝမ်းနည်းစရာပါပဲ။ ဒါပေမဲ့ ဒီမိုဘိုင်းလ်ဖုန်းကို သူတို့ရဲ့ စာတိုက်လုပ်ငန်း လက်အောက်ခံ ယူနစ်များက အဓိကထား တွန်းအားပေး ရောင်းချခဲ့တာကြောင့် သူတို့လည်း အမြတ်အစွန်းများစွာ ရရှိခဲ့တယ်။

သို့သော် ယခုအချိန်တွင် ရောင်းရတာ ပိုခက်ခဲလာခဲ့သည်။ ဒေသအသီးသီးတွင် ဖုန်းဆိုင်များ ပေါ်ထွက်လာပြီး Wind and Rain နှင့် AIWA အမှတ်တံဆိပ်များကိုယ်တိုင် ထိုက်ဟွာ စူပါမားကတ်တွင် အရောင်းပြခန်းများ ရှိနေသဖြင့် ထိုနေရာများတွင်လည်း ဖုန်းဝယ်သူ အများအပြား ရှိခဲ့သည်။

တကယ်တော့ မိုဘိုင်းလ်ဖုန်း ထုတ်ကုန် အမျိုးအစား နည်းသေးသောကြောင့်သာ ဖုန်းယွီသည် သီးသန့်အရောင်းဆိုင်များ ဖွင့်လှစ်ရန် မစဉ်းစားသေးခြင်းဖြစ်သည်။ ယခုအချိန်တွင် ကိုယ်စားလှယ်များနှင့် ထိုက်ဟွာ စူပါမားကတ်ရှိ အရောင်းပြခန်းများဖြင့် လုံလောက်နေပြီး ပိုလုပ်ရန် မလိုအပ်သေးပေ။

"ဟားဟားဟား၊ ဖန်ဝန်ကြီးရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့လည်း အခွန်အပြင် အမြတ်အစွန်းတွေကိုလည်း အများကြီး ပေးသွင်းခဲ့ရတာပဲလေ။ Philips ကလည်း ခင်ဗျားတို့ဆီ အမြတ်အစွန်းတွေ အများကြီး သယ်လာပေးခဲ့တာပဲ မဟုတ်လား"

ဖုန်းယွီ၏ မိတ်ဆက်မှုဖြင့် Philipsသည်လည်း သူ၏ ထုတ်ကုန်များကို စာတိုက်မှတစ်ဆင့် ရောင်းချရန် အပ်နှံခဲ့ပြီး သတ်မှတ်ထားသော ရာခိုင်နှုန်းကို ခွဲဝေပေးခဲ့သည်။ ၎င်းသည် အမြတ်ကို တိုက်ရိုက်ပေးခြင်းထက် ပို၍ ကောင်းမွန်ပါသည်။

ခွဲဝေမှုဆိုသည်မှာ များများရောင်းလေ များများရလေဖြစ်သည်။ ၎င်းသည် အခြား အမှတ်တံဆိပ် ဖုန်းများဖြစ်သည့် Nokia နှင့် - Motorola တို့၏ ရောင်းချမှုကို အကြီးအကျယ် ထိန်းချုပ်ထားခဲ့သည်။ ယခုအချိန်တွင် AIWA အမှတ်တံဆိပ်က ရောင်းအားအကောင်းဆုံးဖြစ်ပြီး Wind and Rain အမှတ်တံဆိပ်က ဒုတိယဖြစ်သည်။ ထို့နောက်မှ ထိုအမှတ်တံဆိပ် နှစ်ခု၏ အလှည့်ဖြစ်သည်။ Ericssonနှင့် Sony စသည့် အမှတ်တံဆိပ်များက ပို၍ပင် ရောင်းအားညံ့ဖျင်းသည်။

ဖုန်းယွီ၏ ဤနည်းလမ်းသည် ပုံစံပြောင်း ဒေသတွင်း ကာကွယ်ရေးဝါဒ တစ်မျိုးလည်း ဖြစ်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် Philipsဖုန်းသည် အဓိက ဖုန်းမဟုတ်ပေ။ Philips၏ ရောင်းအားအကောင်းဆုံး ထုတ်ကုန်မှာ မုတ်ဆိတ်ရိတ်ဓား ဖြစ်သည်။ စာတိုက်မှ မုတ်ဆိတ်ရိတ်ဓား ရောင်းခြင်းလုပ်ငန်းကိုပါ လက်ခံခဲ့သည်မှာ ဖုန်းယွီ အရင်က မမျှော်လင့်ခဲ့မိသော အရာဖြစ်သည်။

ဒါ့အပြင် ငါ့ရဲ့ ဒီစွမ်းဆောင်မှုတွေ မရှိရင် မင်း ရာထူးတက်နိုင်မလား။ အရင်က လျူအကြီးအကဲက တခြားသူကို ရှာခဲ့ရင် မင်း ရာထူးတက်ဖို့ အလှည့် ရောက်ပါ့မလား။

"ကျွန်တော်တို့ အပြန်အလှန် အကျိုးရှိတာပါပဲ။ မန်နေဂျာဖုန်း၊ ဒီတစ်ခေါက် ကျွန်တော့်ကို ဆက်သွယ်တာ ကောင်းမွန်တဲ့ ထုတ်ကုန်အသစ်တွေ ရှိလို့လား" ဖန်ထျန်းမိန်က ရယ်မောရင်း မေးလိုက်သည်။

"အဲဒါတော့ မရှိပါဘူး။ ဒီတစ်ခေါက် ဖန်ဝန်ကြီးကို အကူအညီ တောင်းချင်လို့ပါ"။

"မန်နေဂျာဖုန်းက အရမ်း ယဉ်ကျေးတာပဲ။ ခင်ဗျားရဲ့ ကိစ္စက ကျွန်တော့်ရဲ့ ကိစ္စပါပဲ။ ကျွန်တော် လုပ်ပေးနိုင်တာကို မလုပ်ပေးဘူးလို့ ပြောရင် နောက်တစ်ခါ တွေ့တဲ့အခါ ခင်ဗျား ကျွန်တော့်မျက်နှာကို တံတွေးနဲ့ ထွေးပါ"

ဖန်ထျန်းမိန်သည် ရှင်းရှင်းလင်းလင်း သိသည်။ သူသည် မန်နေဂျာဖုန်းက ဝန်ကြီးချုပ်ကျူ၏ အတွင်းရေးမှူးနှင့် အတူထမင်းစား လက်ဖက်ရည်သောက်နေသည်ကို မြင်ဖူးသည်။ သူတို့ရဲ့ ဆက်ဆံရေး ဘယ်လောက် ကောင်းမွန်မည်လဲ။ သူ့ကို လာရှာတာက သူ့ကို မျက်နှာပေးတာဖြစ်သည်။ သူက မကူညီရင် တခြားသူကို သွားရှာလို့ မရဘူးလား။

ဒါ့အပြင် သူ့ကို လာရှာတယ်ဆိုရင် သူ လုပ်ပေးနိုင်မှာ သေချာသည်။ လုပ်မပေးနိုင်ရင် မန်နေဂျာဖုန်းလို လူမှုဆက်ဆံရေး ကျွမ်းကျင်သူက သူ့ဆီ လာရှာမှာ မဟုတ်ပေ။ တစ်ဆင့်ပြောရရင် မန်နေဂျာဖုန်းသည် ကွန်ရက်ခွင့်ပြုချက် ရယူရာက စပြီး သူ့ကို အကြိမ်များစွာ လာရှာခဲ့သော်လည်း ခက်ခဲသော ကိစ္စများ မဟုတ်ခဲ့သလို မူဝါဒနဲ့လည်း ကိုက်ညီခဲ့သည်။ သူ ဘာကို စိုးရိမ်ရမည်နည်း။

ဖုန်းယွီသည် ဖန်ထျန်းမိန် သူ့ရင်ဘတ်ကို ပုတ်ပြီး ကတိပေးနေသည်ကို မြင်နေရသလို ခံစားရသည်။ သူ ဒီလူက လေကြီးမိုးကြီး ပြောတာကို သိပေမဲ့ နားထောင်လို့ ကောင်းနေခဲ့သည်။

"သိပ်ကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ တရုတ် အင်တာနက်+ ထိပ်သီးအစည်းအဝေး ကျင်းပတော့မယ်လို့ ကြားတယ်။ ဒီကိစ္စ ဟုတ်လား"

"ဟုတ်ပါတယ်၊ ဒီတစ်ခေါက် ကျွန်တော်ပဲ ဦးစီးကျင်းပတာပါ။ ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုက ကျွန်တော့်ရဲ့ စီမံခန့်ခွဲမှု အောက်မှာ ရှိတာပဲလေ"

ဖုန်းယွီ အလွန်ဝမ်းသာသွားသည်။ မှန်ကန်တဲ့သူကို ရှာတွေ့ခဲ့ပြီ။

"ဖန်ဝန်ကြီး၊ ဘယ်ယူနစ်တွေကို ဖိတ်ကြားထားတာလဲ။ ဒါမှမဟုတ် ဘယ်ကုမ္ပဏီတွေ ပါဝင်မှာလဲ" ကျေးဇူးပြု၍၊ ကုမ္ပဏီများစွာကိုတော့ ဖိတ်ကြားလွှာ ပို့ပြီး ငါ့ကိုကျ တစ်စောင်မှ မပေးဘူးလား။

"အများကြီးပါပဲ။ ပြည်နယ်တိုင်း၊ မြို့တော်ကြီးတိုင်းက သက်ဆိုင်ရာ တာဝန်ခံ တစ်ဦးစီ လာပါမယ်။ ပြီးတော့ အင်တာနက်နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီကြီးတွေ အားလုံးကို ဖိတ်ကြားထားပါတယ်။ အသစ်ပေါ်လာတဲ့ ကုမ္ပဏီငယ်လေးတွေကိုလည်း ဖိတ်ကြားလွှာ ပို့ထားပေမဲ့ ကုမ္ပဏီကြီးတွေရဲ့ ကိုယ်စားလှယ်များသာ စကားပြောခွင့်ရပြီး ကုမ္ပဏီငယ်လေးတွေက နားထောင်ရုံပါပဲ။ ပြီးတော့ သူတို့အတွက် လွတ်လပ်စွာ ဆွေးနွေးနိုင်ဖို့ တစ်ရက် အချိန်ပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ အင်တာနက်ကို အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေဖို့ မျှော်လင့်ပါတယ်။ အမေရိကန်ကို မကျော်နိုင်ရင်တောင် တောင်ကိုရီးယားကိုတော့ ကျော်နိုင်ရမှာပါ"။

ဖုန်းယွီ ချွေးသီးများ ကျလာသည်။ တောင်ကိုရီးယားကို ကျော်နိုင်ဖို့လား။ အရင်ဘဝက တောင်ကိုရီးယားသည် ကမ္ဘာပေါ်မှာ အင်တာနက် တည်ဆောက်မှု အကောင်းဆုံး နိုင်ငံဖြစ်ပြီး တစ်ခြားနိုင်ငံ မရှိပေ။ ကွန်ရက် လွှမ်းခြုံမှုပဲဖြစ်ဖြစ်၊ အင်တာနက် မြန်နှုန်းပဲဖြစ်ဖြစ်၊ တောင်ကိုရီးယားက ကမ္ဘာ့နံပါတ်တစ် ဖြစ်သည်။

ဘာလို့လဲဆိုတော့ သူတို့ရဲ့ နိုင်ငံက သေးငယ်သလို အင်တာနက်ကိုလည်း အဓိက လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားလို့ပါ။

"အမ်၊ ဒါဆိုရင် ဖန်ဝန်ကြီး အမြန်ဆုံး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဒါနဲ့ စကားမစပ်၊ ပါဝင်သူတွေ အများကြီး ရှိတယ်ဆိုတော့ ကျွန်တော့်ကို ဖိတ်ကြားလွှာ အချို့ ရအောင်လုပ်ပေးလို့ မရဘူးလား"။

ဖန်ထျန်းမိန် အကျယ်ကြီး ရယ်လိုက်သည်။ "ကျွန်တော် ဘာကိစ္စပါလိမ့်လို့ ထင်နေတာ။ ခင်ဗျား ဘယ်နှစ်စောင် လိုချင်လဲ။ ဆယ်စောင်ဆို လုံလောက်မလား။ အားလုံးက အနီရောင် ဖိတ်ကြားလွှာတွေ ဖြစ်ပြီး တစ်စောင်ကို လူငါးယောက် ဝင်လို့ရပါတယ်။ မလုံလောက်ရင်တောင် တံခါးဝမှာ ခင်ဗျားလူတွေကို ကျွန်တော် ခေါ်သွင်းပေးနိုင်ပါတယ်။ မန်နေဂျာဖုန်းသာ လာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ညီလာခံက အဆင့်အတန်း မြင့်တက်လာမှာပါ"။

"ဖန်ဝန်ကြီး၊ နှစ်စောင်ပဲ လိုချင်ပါတယ်။ တခြားသူတွေကိုလည်း မပြောပါနဲ့ဦး၊ ကျွန်တော် သွားကြည့်ရုံပါပဲ။ ဒီလိုဆိုရင် ညနေကျရင် ဖန်ဝန်ကြီးကို ညစာ ဖိတ်ကျွေးပါ့မယ်။ ခင်ဗျားရုံးနဲ့ အနီးဆုံး ချွမ်ကျူထယ် ဆိုင်မှာပါ။ ဖန်ဝန်ကြီး မိသားစုကိုပါ ခေါ်လာလို့ရပါတယ်၊ ကျွန်တော်တို့က သီးသန့် တွေ့ဆုံတာပါ"။ ဟာ၊ ငါ့ကို ကြော်ငြာအတွက် သုံးချင်တယ်ဟုတ်လား။ ကြော်ငြာခ ပေးပြီးပြီလား။ ငါ့ရဲ့ တက်ရောက်ခကို မင်း ပေးနိုင်ပါ့မလား။

"ဟားဟား၊ ဒါဆိုရင် ကျွန်တော် လက်ခံပါ့မယ်။ ညနေ အလုပ်ဆင်းတာနဲ့ လာပါ့မယ်"။

******

အခန်း (၁၀၉၈) ထူးချွန်သူတွေ ဘယ်မှာလဲ

ထိပ်သီးအစည်းအဝေး စတင်ခဲ့သည်။ ဖုန်းယွီသည် စွန်းလီကျဲအား ခေါ်ဆောင်၍ ခန်းမထဲသို့ ဝင်ရောက်လာပြီး နှစ်ဦးသား ခပ်အေးအေး ဝတ်စားဆင်ယင်ကာ နာမည်မပါသော ထောင့်နေရာ နှစ်ခုတွင် ထိုင်လိုက်ကြသည်။

အလယ်တွင် စင်္ကြံတစ်ခုရှိပြီး သတင်းထောက်များနှင့် ကင်မရာသမားများ တန်းစီ၍ ရပ်နေကြသည်။ ဘေးနှစ်ဖက်တွင် ထိုင်ခုံများရှိပြီး ထိုင်ခုံ ရာပေါင်းများစွာ ရှိလေသည်။

ဤနေရာသည် Wind and Rain တာဝါရှိ ခန်းမဆောင်ကြီးဖြစ်ပြီး ဖုန်းယွီ၏ ဆန္ဒအရ တတ်နိုင်သမျှ ကျယ်ဝန်းအောင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ မမျှော်လင့်ဘဲ စီးပွားရေး ဆွေးနွေးပွဲများ၏ ပထမဦးစားပေးနေရာ ဖြစ်လာခဲ့သည်။

ကိုယ့်အတွက် သုံးဖို့သာ စီစဉ်ထားသော်လည်း ငွေပါ ရှာနိုင်ခဲ့သဖြင့် ဖုန်းယွီ ကျေနပ်မိသည်။ တစ်ချိန်တည်းမှာပင် စိတ်ထဲ၌ အနည်းငယ် မချိမခံစားရပေ။ ဒီနေရာမှန်းသာ သိခဲ့လျှင် ဖိတ်ကြားလွှာ ဘာမှလိုတော့မည်မဟုတ်။ တာဝါရဲ့ ပိုင်ဆိုင်မှု မန်နေဂျာ သို့မဟုတ် လုံခြုံရေး မန်နေဂျာကို ခေါ်ပြီး ဝင်ခွင့်တောင်းလိုက်ရုံသာ ဖြစ်သည်။

ဖုန်းယွီသည် မျက်လုံးလှည့်ကာ ကြည့်လိုက်သည်။ ရင်းနှီးသောသူ အနည်းငယ် ရှိပြီး မသိသူက ပိုများသည်။

မာယွန်း ဘယ်မှာလဲ။ အရင်ဘဝက မှတ်ဉာဏ်အရဆိုလျှင် မာယွန်းသည် ယခုအချိန်တွင် စတင် လုပ်ငန်းလုပ်နေသင့်ပြီ။ Sinaမှ သူ့အား အရင်ဦးစွာ ရင်းနှီးမြှုပ်နှံလိုက်ပြီလား။ မဖြစ်သင့်ပေ။ ထိုက်ဟွာ အကြံပေးကုမ္ပဏီက အလွန် ကောင်းမွန်စွာ ကြော်ငြာထားသဖြင့် ပုံမှန်အားဖြင့် ရန်ပုံငွေ လိုအပ်သော ကုမ္ပဏီများ၏ ပထမဦးစားပေး ရွေးချယ်မှုမှာ ထိုက်ဟွာ အကြံပေးကုမ္ပဏီ ဖြစ်သည်။

ဒါဆိုရင် မာယွန်းကို ကိုယ်တိုင် သွားရှာရမည်လား။ ငွေအနည်းငယ် လျှော့ရရင်တောင် Sinaက ရယူသွားတာထက် ပိုကောင်းပါသည်။

အခြား အင်တာနက်နယ်ပယ်မှ ထူးချွန်သူများစွာသည်လည်း ဘယ်ရောက်နေကြပါသနည်း။ ဘာလို့ တစ်ယောက်မှ မမြင်ရသလို ဖြစ်နေရတာလဲ။ အော်... သူတို့ အင်တာနက် ကုမ္ပဏီ မစသေးတာ ဖြစ်ကောင်း ဖြစ်နိုင်သည်။

ဖန်ထျန်းမိန်သည် စင်မြင့်ပေါ်သို့ တက်လာပြီး မိုက်ခရိုဖုန်းကို ခပ်သာသာ ခေါက်လိုက်သည်။ "ခေါင်းဆောင်များ၊ ဧည့်သည်တော်များ အပေါင်းတို့၊ ကျွန်တော်သည် သတင်းအချက်အလက် စက်မှုဝန်ကြီးဌာန ကိုယ်စား ပထမအကြိမ် တရုတ် အင်တာနက်+ ထိပ်သီးအစည်းအဝေးကို တရားဝင် စတင်ကြောင်း ကြေညာပါတယ်"။

အောက်ရှိလူများ လက်ခုပ်တီးသံ ဆူညံသွားသည်။

ထို့နောက် ဖန်ထျန်းမိန်သည် ရှည်လျားသော မိန့်ခွန်းကို စတင် ပြောကြားသည်။ ဖုန်းယွီသည် နားထောင်ရင်း အိပ်ငိုက်လာခဲ့သည်။ ခေါင်းဆောင်များ၏ ဂရုစိုက်မှု၊ နိုင်ငံတော်၏ အလေးထားမှု၊ လူတိုင်း၏ ပူးပေါင်းကြိုးပမ်းမှု စသဖြင့် တရားဝင်စကား၊ ခါးပတ်စကားများ သာဖြစ်ပြီး အလွန်ပင် ပုံစံခွက်ကျနေခဲ့သည်။

အချိန်အတော်ကြာပြီးမှ နောက်ထပ် လက်ခုပ်တီးသံများကို ကြားရသောအခါ ဖုန်းယွီသည်လည်း စက်ရုပ်တစ်ရုပ်ကဲ့သို့ လက်ခုပ် တီးလိုက်သည်။

ဟမ်၊ လျူအကြီးအကဲ ဘာလို့ စင်ပေါ် ရောက်နေတာလဲ။

လျူချွမ်းကျစ်သည် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပထမဆုံး စင်ပေါ်တွင် မိန့်ခွန်း ပြောကြားခဲ့သည်မှာ သူ၏ ရာထူး အဆင့်အတန်းကို ဖော်ပြနေပါသည်။

သူ၏ နောက်ခံသမိုင်း ကောင်းမွန်ရုံသာမက Legend အုပ်စု၏ စွမ်းရည်သည်လည်း အခြားသော ကုမ္ပဏီများ မယှဉ်နိုင်သောကြောင့် ဖြစ်သည်။

"ခေါင်းဆောင်များ၊ ဧည့်သည်တော်များ၊ မီဒီယာ မိတ်ဆွေများ ခင်ဗျာ။ မင်္ဂလာပါဗျာ။ ဒီထိပ်သီးအစည်းအဝေးကို ဖိတ်ကြားခံရပြီး စင်ပေါ်မှာ မိန့်ခွန်းပြောခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါသည်... သုံးနှစ်ခန့်က ကျွန်တော်တို့ရဲ့ အင်တာနက်ကို နိုင်ငံခြားမှာ ကျဉ်းမြောင်းတဲ့ လှိုင်းနှုန်းလို့ သတ်မှတ်ခံရပါတယ်။ ကျဉ်းမြောင်းတဲ့ လှိုင်းနှုန်းဆိုတာ ကျွန်တော်တို့ အခု ပြောနေတဲ့ ကျယ်ပြန့်တဲ့ လှိုင်းနှုန်းနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ အင်တာနက် မြန်နှုန်းဟာ အဲဒီ ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ အများကြီး ကွာခြားပါတယ်။ သူတို့ရဲ့ အင်တာနက် မြန်နှုန်းက ၂၅၆ ကီလိုဘိုက်/စက္ကန့် (KB/S) ကျော်နေချိန်မှာ ကျွန်တော်တို့ရဲ့ မြန်နှုန်းက ၆၄ ကီလိုဘိုက်/စက္ကန့်သာ ရောက်နိုင်သေးပါတယ်။ လမ်းတစ်လမ်းတည်းမှာ ကျွန်တော်တို့ လမ်းပေါ်မှာ စက်ဘီးသာ မောင်းနိုင်ပြီး တခြားသူတွေရဲ့ လမ်းပေါ်မှာ မော်တော်ဆိုင်ကယ် မောင်းနိုင်နေပြီ။ ကွာဟချက်ကို မြင်နိုင်ပါတယ်"။

"ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ လမ်းပေါ်မှာလည်း မော်တော်ဆိုင်ကယ် မောင်းနိုင်ပါပြီ။ ဒါပေမဲ့ ပြည်ပက ဖွံ့ဖြိုးပြီး ဒေသတွေမှာတော့ ကားငယ်လေးတွေ မောင်းနိုင်နေပြီ။ ကွာဟချက်ကတော့ အများကြီး ရှိနေသေးပေမဲ့ လိုက်မီနိုင်မယ့် အခြေအနေတော့ ရှိနေပြီ ဖြစ်ပါတယ်။ ကျယ်ပြန့်တဲ့ လှိုင်းနှုန်းဟာ အင်တာနက်အပေါ် အခြေခံထားပြီး တော်လှန်ရေးတစ်ခု ဖြစ်တယ်"

"ဒါပေမဲ့ ဒီအချိန်မှာ အင်တာနက် ဈေးကွက်ဟာ အရမ်းကို ပူနွေးလွန်းနေတယ်။ တစ်ချို့နေရာများမှာ အရမ်းကို ပူလောင်နေတယ်။ ကုမ္ပဏီများစွာက ဒီရေစီးကြောင်းကို အမီလိုက်နိုင်ဖို့အတွက် ကုမ္ပဏီနာမည်တွေမှာ 'ကွန်ရက်' ဆိုတဲ့ စကားလုံး နှစ်လုံးကို ထည့်သွင်းလိုက်တယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေ ရောက်လာပြီး စာရင်းဝင်ပြီးနောက် ရှယ်ယာဈေးတွေ တဟုန်ထိုး တက်လာနိုင်တယ်။ 'ကွန်ရက်' ဆိုတဲ့ စကားလုံး နှစ်လုံးကို ထည့်လိုက်တာနဲ့ အင်တာနက်ကုမ္ပဏီ ဖြစ်သွားပြီလားဆိုတာ ကျွန်တော် သိချင်မိတယ်။ 'ကွန်ရက်' ဆိုတဲ့ စကားလုံး နှစ်လုံး မပါရင် အင်တာနက် ကုမ္ပဏီ မဟုတ်ဘူးလား။ ကျွန်တော်တို့ လျန်ရှန်း အုပ်စုမှာ 'ကွန်ရက်' ဆိုတဲ့ စကားလုံး နှစ်လုံး မပါပေမဲ့ အင်တာနက်နဲ့ မသက်ဆိုင်ဘူးလား..."

လျူချွမ်းကျစ်သည် စင်ပေါ်တွင် စိတ်အားထက်သန်စွာ မိန့်ခွန်းပြောကြားခဲ့ရာ ဖုန်းယွီသည် ရင်ထဲမှနေ၍ လက်ခုပ်တီးခဲ့သည်။ လျူအကြီးအကဲ၏ မိန့်ခွန်းပြောစွမ်းရည် တော်တော်ကောင်းသည်ကို မတွေ့မိခဲ့ပေ။ သူသည် စာမကြည့်ဘဲ မိန့်ခွန်းပြောခဲ့ခြင်း ဖြစ်သည်။

ဒါ့အပြင် လျူအကြီးအကဲသည် ပြည်တွင်းရှိ အင်တာနက် ပူဖောင်းကို ဝေဖန်ခဲ့ခြင်းလည်း ဖြစ်သည်။ သူ တကယ်ပဲ ပြောရဲခဲ့သည်ကိုး။ ဖန်ထျန်းမိန်နှင့် အခြားခေါင်းဆောင်များသည် မျက်နှာမဲနေကြပြီဟု ထင်ပါသည်။

သို့သော် လျူချွမ်းကျစ်သည် စင်ပေါ်မှ ခေါင်းဆောင်များ၏ စိတ်ထဲတွင် ဖန်ထျန်းမိန်တို့ထက် ပို၍အရေးပါသည်။ သူသည် တရုတ်ကွန်ပျူတာကို နိုင်ငံတကာသို့ ဦးဆောင်ခဲ့သော ထူးချွန်သူ ဖြစ်သည်။

စင်အောက်တွင်လည်း လူအချို့က တီးတိုးပြောဆိုနေကြသည်။ သူတို့သည် ကွန်ရက်နှင့် သိပ်မပတ်သက်သော်လည်း ကုမ္ပဏီ ဝက်ဘ်ဆိုဒ်တစ်ခု လုပ်ကာ အင်တာနက် ကုမ္ပဏီဟု ကြွေးကြော်နေသော ကုမ္ပဏီများ၏ ကိုယ်စားလှယ်များ ဖြစ်ပုံရသည်။

အော်၊ ဝမ်ကျစ်ရှီးလည်း စင်ပေါ် တက်ပြီး မိန့်ခွန်းပြောခဲ့သည်။ သူသည် Sinaကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုကို အသေးစိတ် ဖော်ပြခဲ့ပြီး အဓိကအားဖြင့် သတင်း အကြောင်းကို ရှင်းပြခဲ့သည်။ ဘာပဲဖြစ်ဖြစ် Sinaတွင် တစ်မူထူးခြားသော သတင်းလမ်းကြောင်းများ ရှိပြီး အခြားကုမ္ပဏီများက အတုယူချင်ရင်တောင် စွမ်းရည်ရှိမရှိ စဉ်းစားကြည့်ရပေမည်။

တင်းလေ့သည် စင်ပေါ်သို့ တက်ကာ အီးမေးလ်၏ အနာဂတ် အသုံးချပုံများနှင့် အွန်လိုင်းဂိမ်း စီမံခန့်ခွဲမှု အတွေ့အကြုံများကို ပြောကြားခဲ့သည်။ ယခုအချိန်တွင် အခြားသော အွန်လိုင်းဂိမ်းများ ရှိနေသော်လည်း ဒဏ္ဍာရီကို ယှဉ်နိုင်သော ဂိမ်းတစ်ခုမျှ မရှိသေးပါ။ ထိုဂိမ်းများ၏ စာရင်းသွင်းသူ အရေအတွက်သည်ပင် ဒဏ္ဍာရီ၏ တစ်ပြိုင်နက်တည်း အွန်လိုင်းရှိသူ အရေအတွက်ကို မမီနိုင်ပေ။

ကျန်းချောင်ယန်သည် ဖိုရမ်၏ အလားအလာကို ပြောပြခဲ့ပြီး အင်တာနက် ဗီဒီယို၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို ပုံဖော်ခဲ့သည်။

သူသည် အလွန်ကဲဆုံးသူ ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အင်တာနက် ဗီဒီယိုသည် ဖွံ့ဖြိုးနိုင်မည်ဟု မည်သူမျှ မယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။ ဗီဒီယိုကို အွန်လိုင်းမှ ကြည့်ခြင်းသည် အဓိပ္ပာယ်မရှိဟု ယူဆခဲ့ကြပြီး ဗီဒီယို ရုပ်ထွက်မှာ မည်မျှ ပုံပျက်နေမည်နည်း။ ဒေါင်းလုဒ်လုပ်၍ ကြည့်ရှုခြင်းသာ ဖြစ်နိုင်မည်ဆိုလျှင်လည်း ရုပ်ရှင်ကားကို ဒေါင်းလုဒ် လုပ်မည့် အချိန်ထက် ရုပ်ရှင် စီဒီခွေတစ်ချပ် ဝယ်လိုက်ခြင်းက ပို၍ကောင်းသည်။

ကျန်းချောင်ယန်သည် စင်ပေါ်မှ ဆင်းလာသောအခါ မျက်နှာမကောင်းခဲ့ပေ။ အဘယ်ကြောင့် သူတို့သည် အွန်လိုင်းမှ ဗီဒီယိုကြည့်ခြင်း မဖြစ်နိုင်ဟု ထင်နေကြသနည်း။ နိုင်ငံခြားမှာ ဒီလိုဝက်ဘ်ဆိုဒ်တွေ ရှိနေပြီ။ ဥပမာ တောင်ကိုရီးယားလိုပေါ့။ သူတို့ လုပ်နိုင်ရင် ငါတို့ ဘာလို့ မလုပ်နိုင်ရမှာလဲ။

ငါတို့ရဲ့ အင်တာနက် တည်ဆောက်မှု အရှိန်ဟာ တောင်ကိုရီးယားကို မမီနိုင်ဘူးလို့ ဘယ်သူက ပြောတာလဲ။ တစ်နှစ်အတွင်း မမီနိုင်ရင်တောင် သုံးနှစ်၊ ငါးနှစ်အတွင်း မမီနိုင်ဘူးလား။

သို့သော် သူသည် စိတ်ဓာတ်မကျခဲ့ပေ။ မန်နေဂျာဖုန်းက သူ့အား အနာဂတ်တွင် Sohuအတွက် ထပ်ဆောင်း ရင်းနှီးမြှုပ်နှံမှုတစ်ခု ပြုလုပ်ပေးမည်ဖြစ်ပြီး မည်သူမျှ မတွေးထားသော ဌာနတစ်ခုကို ဖန်တီးပေးမည်ဟု ပြောခဲ့သည်။

မန်နေဂျာဖုန်းက လုပ်လို့ရသည်ဟု ယူဆနေသည်ကို ခင်ဗျားတို့က မဖြစ်နိုင်ဘူးဟု ထင်ကြတာလား။ ငါတို့ လုပ်ပြလိုက်တဲ့အခါ ခင်ဗျားတို့ရဲ့ မျက်နှာအမူအရာကို ကြည့်ရသေးတာပေါ့။

ကိုယ်စားလှယ် တစ်ဦးပြီးတစ်ဦး မိန့်ခွန်းပြောကြရာ ဖုန်းယွီသည် ဂရုတစိုက် ကြည့်နေခဲ့သော်လည်း မည်သူကိုမျှ မသိခဲ့ပေ။ မဖြစ်နိုင်ပါဘူး။ အင်တာနက်နယ်ပယ်မှ ထူးချွန်သူတွေ အားလုံး ဘယ်ရောက်နေကြသနည်း။

ကောင်းပါပြီ၊ အရင်ဘဝက အချို့သော အင်တာနက် ထူးချွန်သူများ၏ သတင်းဓာတ်ပုံများကိုသာ သူ အမှတ်မထင် ကြည့်မိဖူးပေမည်။ လူတိုင်းက မာယွန်းလိုမျိုး မေ့လို့မရလောက်အောင် ထူးခြားတဲ့ ရုပ်ရည်မျိုး ရှိနေသည်တော့ မဟုတ်ပေ။

အချို့သော ထူးချွန်သူများသည်လည်း ဖုန်းယွီကဲ့သို့ သတင်းများတွင် ပါဝင်ရန် မနှစ်သက်၊ ကိုယ်ပိုင်ဘဝကို အနှောင့်အယှက် ခံရရန် မကြိုက်ကြသဖြင့် အွန်လိုင်းတွင် ဓာတ်ပုံနည်းပါးပြီး သတင်းနည်းပါးကာ လူသိနည်းခဲ့သည်။ ဖုန်းယွီသည် နာမည်ကိုသာ ကြားဖူးရုံ၊ သို့မဟုတ် ကုမ္ပဏီကိုသာ သိရှိရုံ ဖြစ်နိုင်သည်။

ဤသို့ စဉ်းစားမိသောအခါ ဖုန်းယွီ စိတ်ပျက်သွားခဲ့သည်။ အားတက်သရော လာခဲ့သော်လည်း အစီရင်ခံစာများသာ နားထောင်ခဲ့ရသည်။ ကိုယ်စားလှယ်များ၏ မိန့်ခွန်းပြောခြင်းကို ခဏထားဦး၊ ခေါင်းဆောင်များကပါ အဘယ်ကြောင့် မိန့်ခွန်းပြောရသနည်း။ သူတို့ ပြောသည်များက ဘာတွေလဲ။ ဂရုစိုက်မှု၊ အားပေးမှု စသည်တို့သည် ဖန်ထျန်းမိန် ပြောခဲ့ပြီးသားများ မဟုတ်ဘူးလား။

ခင်ဗျားတို့ရဲ့ စကားတွေက အတူတူပဲ ဖြစ်ပြီး အစီအစဉ်ပဲ ပြောင်းသွားတာကို ကိုယ်တိုင် မသိဘူးလား။ ဒါမှမဟုတ် ခင်ဗျားတို့ ဒီစကားလုံး အသုံးအနှုန်းတွေကိုသာ တတ်တာလား။

လူတိုင်း မိန့်ခွန်းပြောပြီးသောအခါ နေ့လယ်စာ စားချိန် ရောက်နေပြီဖြစ်ပြီး ညီလာခံကို ချက်ချင်း ရုပ်သိမ်းလိုက်သည်။

အစောကြီးကတည်းက သိခဲ့ရင် မနက်ပိုင်း လာစရာမလိုပါဘူး။ နေ့လယ်မှပဲ လာခဲ့ရင် ဒါမှမဟုတ် နေ့လယ်စာ စားပွဲခန်းမကိုပဲ တိုက်ရိုက်သွားရင် အဲဒီထူးချွန်သူတွေကို ရှာလို့ ရနိုင်တာပဲ။

ဖုန်းယွီ ထွက်ခွာရန် ထရပ်လိုက်စဉ် Wind and Rain စီးပွားရေး စနေမဂ္ဂဇင်း၏ အလုပ်သင် သတင်းထောက် ကတ်ပြားကို ချိတ်ဆွဲထားသော မိန်းကလေးတစ်ဦးသည် စာအုပ်တစ်အုပ်ကို ကိုင်ကာ အပြင်သို့ ပြေးထွက်သွားသည်ကို တွေ့လိုက်ရသည်။

******

All Chapters