ဒီက စည်းမျဉ်းတွေကို သိလား
Vol. 147 Ch. 2186
“ လုပ်ခိုင်းချင်တဲ့ ကိစ္စ ဟုတ်လား … ဘာကိစ္စလဲ …. ”
ကပ္ပတိန်ဝမ်က ခေါင်းညိတ်ပြီး သူ့နာရီကို တစ်ချက် ကြည့်လိုက်သည်။
“ ခဏနေကျရင် ဒီ အခန်းထဲကို လူတစ်ယောက် ရောက်လာမယ် .. မင်းတို့ရဲ့ တာဝန်က သူ့ကို ရိုက်နှက်ပြီး အပိုးကျိုးအောင် လုပ်ဖို့ပဲ … ငါ တခြား ဘာမှ မပြောတော့ဘူး … နားလည်တယ် မလား …”
ကျိုးချန်လင်းနှင့် ကျန်သူများမှာ တစ်ယောက်ကိုယ် တစ်ယောက် ကြည့်လိုက်ကြ၏။
တစ်စုံတစ်ယောက်က အပြင်တွင် အကောင်ကြီးကြီး တစ်ကောင်ကို အပြစ်ပြုခဲ့မိပြီး သူတို့က ကိုင်တွယ်ပေးရမည်။
“ နားလည်တာက နားလည်ပါတယ် … ဒါပေမယ့် ဒီလောက် လူအများကြီး လိုလို့လား … ငါတို့ လူ ဒီလောက် အများကြီးနဲ့ တစ်ယောက်တည်းကို သင်ခန်းစာ ပေးရမှာဆိုတော့ ရှက်ဖို့ကောင်းသလိုပဲ …”
“ ဘာရှက်နေစရာမှ မလိုဘူး … ရဲရဲသာလုပ် … ဒါပေမယ့် သူ့ကို သေအောင်တော့ မလုပ်နဲ့ပေါ့ …”
ကျိုးချန်လင်းနှင့် ကျန်သူများက တစ်ဖန်ပြန်ပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ကိစ္စက အသေးအမွှားတော့ မဟုတ်သည့်ပုံပင်။
မဟုတ်ပါက ကပ္ပတိန်ဝမ်က ယခုလို စကားမျိုး ပြောလာမှာ မဟုတ်ချေ။
ထို့နောက် ကပ္ပတိန်ဝမ်က ကျိုးချန်လင်း၏ လက်ထဲသို့ အိတ်တစ်လုံးကို ထည့်ပေးလိုက်သည်။
“ အထဲကဟာကို ဝေခွဲလိုက် … ခဏနေ မင်းတို့ အသုံးလိုလိမ့်မယ် …”
“ ရတယ် …” ကျိုးချန်လင်း ပြောလိုက်သည်။ “ ဒါပေမယ့် ငါ ကြိုတင်ပြီး တစ်ခုတော့ ရှင်းအောင် လုပ်ထားချင်တယ် … အသံ နည်းနည်းပါးပါး ဆူညံမှာ ဆိုတော့ တခြား အစောင့်တွေ အနားမလာအောင်တော့ ကြိုပြောထားရမယ် … အသံဘယ်လောက်ပဲ ဆူညံနေပါစေ လုံးဝမလာနဲ့ …”
“ မပူနဲ့ … ငါကြိုတင် စီစဉ်ထားပြီးသား … အခုက ည ဆယ်နာရီခွဲဆိုတော့ ငါ ဆယ့်နှစ်လောက်မှ ပြန်လာခဲ့မယ် … မင်းတို့မှာ အချိန်တွေ အများကြီး ရှိပါတယ် …”
“ အဲ့လောက်အချိန် အများကြီး မလိုပါဘူး … နာရီဝက်ဆိုရင်ကို အဆင်ပြေပြီ …”
“ ဒါဆိုလည်း ငါ ဆယ့်တစ်ခွဲ ရောက်လာမယ် … မင်းတို့က ဒီနေရာမှာ စောင့်နေရုံလေးတင်ပဲ …. သူ့ကို ခဏနေ ခေါ်လာလိမ့်မယ် … ငါ အခုသွားပြီ …”
“ ဖြည်းဖြည်းသွားပါ ကပ္ပတိန်ဝမ် …”
ဤမြင်ကွင်းကို မြင်တော့ ဆန့်ကျင်ဘက် အခန်းထဲရှိ လူများမှာ အချင်းချင်း တီးတိုးပြောကြတော့သည်။
“ ဒီလူတွေ အကုန် တစ်ယောက်မှ စော်ကားလို့ လွယ်တာ မဟုတ်ဘူး … အခု သူတို့အကုန်လုံးကို အတူ စုစည်းထားတယ်ဆိုတော့ ဘယ်သူပဲ ရောက်လာ ရောက်လာ … မသေရင်တောင် ဒုက္ခိတ ဖြစ်သွားလောက်တယ် … ဘယ်လိုကောင်ကများ ဒီလိုမျိုး အထူးဂရုစိုက်တာ ခံရတာပါလိမ့် …”
“ ဘယ်သူက သိမှာ … ဒါပေမယ့် အဲ့ဒီကောင် သူ့အမေပါ မမှတ်မိတော့တဲ့အထိ အရိုက်ခံလိုက်ရမယ်ဆိုတာတော့ သေချာတယ် ….”
“ ကျိုးချန်လင်းနဲ့ ဝူမင်းမင်ကို ထည့်မတွက်နဲ့ဦး … ကျန်းဟုန်နန် တစ်ယောက်တည်းကိုတောင် အလွယ်လေး သွားရှုပ်လို့ရတာ မဟုတ်ဘူး …”
“ ငါလည်း ကျန်းဟုန်နန်ရဲ့ အမှုအကြောင်း ကြားဖူးတယ် …. သူ့မိန်းမက ဖောက်ပြန်ခဲ့တာလို့တော့ ပြောကြတာပေါ့ … သူလည်း မကြာခင် အမိန့်ကျလာတော့မှာ … ပြစ်ဒဏ်ကတော့ ဆယ်နှစ်အောက် မလျော့လောက်ဘူး ….”
“ဒီမှာ နေ့တိုင်းနေ့ ပိတ်ခံထားရတာ ပျင်းနေတာနဲ့ အတော်ပဲ … နောက်ဆုံးတော့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပွဲလေး ကြည့်ဖို့ ဖန်လာပြီ ….”
ထိုအချိန်တွင် နောက်ဆုံး အခန်းမှာ တိတ်ဆိတ်နေခဲ့ပြီး ကျိုးချန်လင်းက အိတ်ကို ဖွင့်လိုက်ရာ လျှပ်စစ် ဘတ်တံ အများအပြား ထွက်လာသည်။
“ သေစမ်း … တကယ်ကြီးလားကွ … ဒီကောင် ငါတို့ကို တကယ်ကြီး ဒါတွေ ပေးသွားတယ်ပေါ့ …”
အိတ်ထဲရှိသည့် အရာများကို မြင်တွေ့လိုက်ရတော့ အခြားသူများလည်း အံ့ဩဘနန်း ဖြစ်သွားခဲ့ကြသည်။
ဤမျှ လူအများအပြားကို တစ်ခန်းတည်း အတူစုစည်းထားသည်ကပင် မေးခွန်းထုတ်ချင်စရာကြီး ဖြစ်နေပြီ ဖြစ်သည်။
ယခု … သူတို့ကို ထိပ်တန်း အကောင်းစား လက်နက်များပါ ပေးလာသည်။
ဤသည်က တစ်စုံတစ်ယောက်ကို သင်ခန်းစာ ပေးခိုင်းသည်နှင့် မတူတော့ချေ။ သေလုမြောပါး ရိုက်နှက် နှိပ်စက်ခိုင်းနေတာ ဖြစ်၏။
“ ကဲ … ပစ္စည်းတွေကတော့ မြင်တဲ့အတိုင်းပဲ … တစ်ယောက်ကို တစ်ခု ယူမယ် … ကြည့်ရတာတော့ အဲ့ကောင်တွေက လာမယ့်ကောင်ကို ရှင်လျက် မလိုချင်တဲ့ပုံပဲ …”
“ ငါ သိချင်တာ … တစ်ဖက်လူက တကယ်ပဲ ဘယ်သူများလဲ … ဘာလို့ ဒီလောက်အထိ လုပ်နေကြတာလဲ ….” ဝူမင်းမင်က ပြောလိုက်သည်။
“ ဖြစ်နိုင်တာ အပြင်မှာ အကောင်ကြီးကြီး တစ်ကောင်ကို အပြစ်ပြုမိပြီး အထဲမှာ အထူးတလှယ် ဂရုစိုက်ခံလိုက်ရတာ နေမှာပေါ့ …”
“ ဖြစ်နိုင်ချေက အဲ့တစ်ခု ရှိတာပဲ …” ကျိုးချန်လင်းက သူ့လက်ထဲရှိ ဘတ်တံကို ချိန်ဆရင်း ပြောလိုက်သည်။ “ မညာတမ်း ဝန်ခံရရင် ငါလည်း အခု သိချင်လာနေပြီ … အဲ့ဒီကောင်က ဘယ်လိုလူစားမျိုး ဖြစ်လောက်မလဲ …”
“ အလျင်လိုစရာ မလိုပါဘူး … ငါတို့ မကြာခင် သိရတော့မှာပါ …”
သူတို့တွေ စကားပြောနေစဉ်မှာပဲ စင်္ကြံလမ်းတစ်လျှောက် ခြေလှမ်းသံများ ထွက်ပေါ်လာသည်။
ကျိုးချန်လင်းက တခြားလူများကို သိမ်းကျုံးကြည့်လိုက်သည်။
“ ပစ္စည်းတွေ အရင် ဝှက်ထားကြ … မလှုပ်ရှားခင် အခြေအနေ အရင်ကြည့်ကြမယ် …”
တခြား ခုနစ်ယောက်လည်း ကိုယ်စီ လက်နက်များကို ဖွက်လိုက်ကြသည်။
သူတို့က လျှပ်စစ်ဘတ်တံများကို အင်္ကျီအောက်မှာ ဖွက်ထားလိုက်ကြ၏။ ထို့နောက် စတိုင်ကိုယ်စီနှင့် ထိုင်နေကြကာ စပယ်ရှယ် ပြုစုပေးရမယ့်လူ ရောက်လာမှာကို စောင့်ဆိုင်းနေခဲ့ကြသည်။
တစ်ချိန်တည်းတွင် တခြား အခန်းထဲရှိ လူများကလည်း ကိုယ်စီ ခေါင်းများပြူလျက် စူးစမ်းနေကြ၏။
ကပ္ပတိန်ဝမ်ဆီကနေ အထူးဂရုစိုက်ပေးခြင်းကို ခံရတဲ့လူက ဘယ်လိုလူစားမျိုး ဖြစ်မလဲဆိုတာကို သူတို့အားလုံး သိချင်နေကြလေသည်။
မကြာမီ ၊ လင်းရီ အချုပ်ခန်း တံခါးပေါက်ဝသို့ ရောက်လာခဲ့သည်။
ထိုအခိုက်အတန့်၌ ခေါင်းတော်တော်များများထဲ တူညီသည့် မေးခွန်းတစ်ခုက ကြီးစိုးသွားခဲ့သည်။
သူတို့တွေ မှားများ နေလားနော်….
ဒီလို နူးညံ့တဲ့ အသားအရေနဲ့ ကောင်လေးတစ်ယောက်လောက်ကတော့ ပါးတစ်ချက် ရိုက်တာနဲ့တင် မူးဝေသွားမယ့်ကောင်ကိုများ ဒီလောက်ထိ ရေးကြီးခွင်ကျယ် လုပ်နေဖို့ လိုလား …
အခန်းထဲတွင် ကျိုးချန်လင်းနှင့် ကျန်သူများလည်း အချင်းချင်း ကြည့်လိုက်ကြကာ ရှုပ်ထွေးနေသည့် အမူအရာက မျက်နှာထက်တွင် အထင်းထား မြင်နေရသည်။
သူတို့စိတ်ထဲတွင် ဤနေရာသို့ ခေါ်ဆောင်ခံလာရသည့် လူ၏ ခန္ဓာကိုယ်က ကြမ်းကြုတ်သည့် မျက်နှာကြီးနှင့် ဟော့ခ်လိုလူစားမျိုး ဖြစ်မည်ဟု စိတ်ကူးယဉ်ထားခဲ့ကြသည်။
သို့တိုင် အပျော်လင်လို ခပ်ချောချောကောင်လေး တစ်ယောက်ကတော့ သူတို့၏ မှန်းဆမှုကို ကျော်လွန်၍ ဟိုဘက်ကမ်းကိုတောင် ရောက်နှင့်နေလေပြီ။
“ အထဲဝင် …”
တံခါးပွင့်လာခဲ့ပြီးနောက် လင်းရီက အထဲသို့ ဆောင့်တွန်းခြင်း ခံလိုက်ရသည်။
သူ အထဲကို ရောက်သွားခဲ့ပြီးနောက် လင်းရီကို လိုက်ပို့ရန် တာဝန်ကျသည့်လူက ကျိုးချန်လင်းနှင့် အခြားသူများကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်သည်။
တစ်ဖက်ကလည်း သဘောပေါက်သည်။ သူတို့ လူမမှားပေ။
လင်းရီ သော့ခတ်ခံလိုက်ရ၏။ တခြား အခန်းများထဲရှိ အချုပ်သားများကလည်း ခေါင်းများပြူ၍ ရှေ့ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်စိတ် ပြင်းပြနေလေသည်။
၎င်းတို့အားလုံး မျက်စိကျယ်ကျယ် ဖွင့်ထားကြပြီး တစ်စက္ကန့်လေးပင် မလွဲချော်ချင်ကြပေ။
သို့သော်လည်းပဲ လင်းရီကတော့ များများစားစား ဂရုစိုက်မနေပေ။ လွတ်သည့် တစ်နေရာသို့ ဝင်ထိုင်လိုက်၏။ သို့သော် လက်ထိပ်များက သူ၏ လှုပ်ရှားနိုင်စွမ်းကို ကြီးစွာ ကန့်သတ်ထားလျက်ရှိသည်။
ထို့ပြင် ဤသည်ကလည်း ဟွမ်စစ်ဟိုင် အဘယ်ကြောင့် လင်းရီကို ထပ်ပြီး တိုက်ခိုက်ဝံ့သလဲ ဆိုတာပင်။
လက်ထိပ်နှင့်ဆိုပါက သူသည် အသုံးမဝင်သည့် လူတစ်ယောက်ပင်။
သူ ဘယ်လောက်ပဲ အင်အားကြီးမားပါစေ ၊ ပြဿနာ ရှာနိုင်မှာ မဟုတ်တော့ချေ။
ထို့ပြင် လျှပ်စစ်ဘတ်တံများလည်း ပေးထားခဲ့ပြီး လက်နက်ကိုယ်စီနှင့် လူအများကြီးက လင်းရီလို တစ်ယောက်တည်းကို ချေမှုန်းဖို့က လုံးဝ မခက်ခဲသင့်ပေ။
လုပ်ထုံးလုပ်နည်းများ အရဆိုပါက ၎င်းတို့တွင် သူ့အား လက်ထိပ်ဖြင့် ချုပ်နှောင်ထားဖို့ မလိုချေ။ တစ်ဖက်က သူ့အား သိသိသာသာ ကန့်သတ်နေသည်မှာ သိသာလှသည်။
သို့သော် လင်းရိကတော့ အလျင်လိုခြင်း မရှိ။ ကိုယ့်အိမ်ကိုယ့်ယာ ရောက်နေသည့်နှယ် သမ်းဝေရင်း ခေတ္တ တစ်ရေးအိပ်ဖို့ ဟန်ပြင်လိုက်သည်။
“ ဟေ့ကောင် … မင်း ထိုင်နေတာ ငါ့နေရာ …”
ထိုစကား ပြောလိုက်သူက အရပ်မရှည်ပေ။ သူက ရှစ်ယောက်အနက် အရပ်အပုဆုံး လူတစ်ယောက်ပင်။
သို့သော် ကြွက်သားကြီးများကတော့ ကာလဗလမောင်များ အရှုံးပေးရလောက်အောင် ထင်းနေပြီး ရင်ဘက်ကြွက်သားများ တောင့်တင်းကြီးမားနေမှုက တပ်ထားသည့် အင်္ကျီကြယ်သီးများပင် ပြုတ်ထွက်လုမတတ် ဖြစ်နေသည်။
ကျန်းဟုန်နန်က စတင်တိုက်ခိုက်တော့မှာကို မြင်တော့ တခြားလူများက ငြိမ်ငြိမ်ထိုင်၍ ဘာဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်နေလိုက်ကြသည်။
“ အသစ်ကောင်လေး … မင်း နာမည် ဘယ်သူလဲ …”
“ လင်းရီ …”
“ မင်း ဒီက စည်းမျဉ်းတွေကို သိလား ….”
“ မသိဘူး … ငါက ဒီထဲက လူမှ မဟုတ်တာ …” လင်းရီ တစ်ချက်ရယ်ရင်း ပြောလိုက်၏။
“ မပူနဲ့ … မင်းသိအောင် ငါသင်ပေးမယ် …” ကျန်းဟုန်နန်က သူ့ခြေထောက်ကို ယမ်းပြလိုက်ပြီး “ ဒီလာခဲ့ … ငါ့ဖိနပ်တွေ ချွတ်ပြီး ငါ့ဖို့ သန့်ရှင်းပေးစမ်း …”
ကြည့်နေကြသည်များမှာ နှုတ်ခမ်းများ တွန့်ကွေးတက်သွားသည်အထိ ပြုံးလိုက်ကြသည်။
တကယ့် ရှိုးပွဲအစစ်က စတင်တော့မှာ ဖြစ်၏။
“ မဟုတ်သေးဘူးထင်တယ်နော်… မင်း ငါ့ကို အနိုင်ကျင့်နေတာမလား …”
“ အနိုင်ကျင့်တယ် ဟုတ်လား … ဟားဟားဟား ….”
ကျန်းဟုန်နန် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး တခြားလူများလည်း လိုက်လံရယ်မောနေခဲ့ကြသည်။
“ ငါတို့ အနိုင်ကျင့်တယ်လို့ ပြောချင်လည်း ပြောပေါ့ … ဒါပေမယ့် ဒါက ဒီနေရာရဲ့ စည်းမျဉ်းပဲ … မင်း မကြိုက်ဘူးဆိုရင်တောင် သည်းခံရမယ် …”
“ ဒါဆိုလည်း ကောင်းပြီလေ …”
“ ကောင်းတယ် … စကားကို နှစ်ခါထပ်မပြောရစေနဲ့ … “
ကျန်းဟုန်နန်က ခွေးတစ်ကောင်ကို ခေါ်နေသည့်နှယ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“ ငါ့ ဖိနပ်ချွတ်ပေးပြီး ငါ့ခြေထောက်ကို ဆေးစမ်း … ငါ အိပ်ချင်ပြီ …”
“ အိုကေ … ပြဿနာ မရှိဘူး …”
လင်းရီ လက်ထိပ်ခတ်လျက်သားနှင့် ကျန်းဟုန်နန်ထံသို့ လျှောက်လှမ်းလာခဲ့ပြီး သူ့အရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
“ မင်း ယီးကို စောင့်နေတာလား စောက်ကလေး … ဘယ်လိုလုပ်လဲ ဒီဖေဖေက သင်ပေးဖို့ လိုသေးတာလား …”
“ ငါတကယ်ပဲ ဒါမျိုး တစ်ခါမှ မဟုတ်ဖူးတော့ သင်ပေးမယ်ဆို ပိုကောင်းတာပေါ့ …”
ကျန်းဟုန်နန် မျက်မှာ မည်းသည်းသွားသည်။ “ ကောင်လေး … မင်းက အပိုးမကျိုးဘူးပဲကွ … ငါကိုယ်တိုင် သင်ပေးရမယ်ဆိုရင် အခုလောက် ချောင်မှာ မဟုတ်ဘူးနော်…”
“ ရတယ် … ငါ့ကို ဒီတိုင်း သင်ပေးလိုက် …”
“ သေစမ်း …”
ကျန်းဟုန်နန်၏ အမူအရာမှာ ရက်စက် ခက်ထန်သွားခဲ့ပြီး သူ့ လက်ကောက်ဝတ်ကို လှုပ်ရှားလျက် ပြောလိုက်သည်။
“ ဒါဆိုလည်း ဒီကစည်းမျဉ်းတွေက ဘာလဲဆိုတာ မင်းသိအောင် သင်ပေးရတာပေါ့ …”
သူ့စကားလုံးများ ထွက်လာပြီးသည်နှင့် ကျန်းဟုန်နန်သည် သူ၏ အိပ်ရာပေါ်မှ ထလာခဲ့ပြီး လှုပ်ရှားဖို့ အဆင်သင့် ဖြစ်လာသည်။
သို့သော် သူ ထလာသည့် အချိန်မှာပဲ လင်းရီက သူ့မျက်နှာထံသို့ ဖြတ်ကန်လာခဲ့သည်။
ကျန်းဟုန်နန် အော်ဟစ်မိသွားခဲ့ပြီး လေထဲ လွင့်စင်သွားကာ နံရံနှင့် တိုက်မိသွား၏။
သူ အမှောက်သိပ်ခံလိုက်ရသည်။