← Chapters

ဝင်ခဲ့ … ၊ ပြီးရင် မင်းနောင်တရသွားမယ်

Vol. 147 Ch. 2187

ဝင်ခဲ့ … ၊ ပြီးရင် မင်းနောင်တရသွားမယ်

Vol. 147 Ch. 2187

ကျန်းဟုန်နန်က ကြမ်းပြင်တွင် မှောက်သွားခဲ့ပြီး အရာအားလုံးက တဒင်္ဂအတွင်း ဖြစ်ပျက်သွားခဲ့သည်။

မြင်တွေ့လိုက်ရသည့်လူတိုင်း သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကို နားမလည်နိုင်ကြချေ။

သူတို့အားလုံး ကျန်းဟုန်နန် နံရံနှင့် တိုက်၍ ကြမ်းပြင်သို့ ပြုတ်ကျလာခဲ့ပြီး ခွေးသေကြီး တစ်ကောင်လို မလှုပ်မယှက် ဖြစ်သွားခဲ့တာကိုပဲ မြင်လိုက်ရသည်။

ချက်ချင်းဆိုသလို ၊ အခန်းထဲရှိ လေထုသည်လည်း သိပ်သည်းလေးလံလာသည်။

ကနေဦးတုန်းက ကျိုးချန်လင်းနှင့် အခြားသူများမှာ ရှိုးပွဲကို အေးဆေး သာသာယာယာ ခံစားကြည့်ရှုဖို့ ဟန်ပြင်နေခဲ့ကြ၏။ ကျန်းဟုန်နန်၏ အစွမ်းအစဖြင့် ဆိုပါက လင်းရီကို ကိုင်တွယ်ဖို့က အသာအယာလေးပင်။

ထင်မှတ်မထားစွာဖြင့် နောက်ဆုံးရလဒ်က သူတို့အားလုံးကို အံ့အားသင့်သွားစေခဲ့လေသည်။

လင်းရီကို ခေါ်လာခဲ့သူများကလည်း သူတို့ လက်ထိပ်ခတ်ထားသည့်တိုင် ဤသို့ စွမ်းဆောင်နိုင်လိမ့်ဦးမည်လို့ မမျှော်လင့်ထားကြဟန်ပင်။

ကျိုးချန်လင်းနှင့် ကျန်သူများမှာ လင်းရီကို သတိထားသည့် အကြည့်တို့ဖြင့် ကြည့်လာခဲ့ကြပြီး သူတို့ မျက်ဝန်းတို့က လေ့လာစူးစမ်းမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ယခု … သူတို့အားလုံးကို အဘယ်ကြောင့် တစ်ခန်းတည်း အတူစုထားပြီး လျှပ်စစ်ဘတ်တံများ ပေးထားရလဲဆိုတာကို နားလည်သွားခဲ့ကြပြီ ဖြစ်သည်။

ဤကောင်လေး၏ အဆင့်က အပေါ်ယံ မြင်နေရသလောက် မရိုးရှင်းပေ။ သူက သူတို့ ထင်မှတ်ထားသည်ထက်ပင် ပိုပြီး ဖြုန်ချင်စရာ ကောင်းနေသည်။

မသိလိုက်စွာဖြင့် ကျိုးချန်လင်းနှင့် အခြားသူများ၏ လက်က သူတို့ဝှက်ထားသည့် လျှပ်စစ်ဘတ်တံများထံ ရောက်ရှိသွားခဲ့ကြသည်။

ထိုအချိန်၌ သူတို့အားလုံး ရည်ရွယ်ချက်များကို ထပ်ပြီး ဖုံးကွယ်မထားကြတော့ချေ။

“ ကောင်လေး … မင်းက အခုမှ ဒီရောက်လာတာကို စည်းကမ်းတွေ စပြီး ချိုးဖောက်နေပြီပေါ့ … ကြည့်ရတာ မင်းနဲ့ စကားကောင်းကောင်း ပြောရတော့မယ်နဲ့တူတယ် ….”

“ ဟမ် … မင်းတို့က လက်နက်အကောင်းစားတွေ ရထားကြတာပဲ …”

ဤအရာကိုတော့ လင်းရီ မျှော်လင့်မထားခဲ့ချေ။

သူတို့က အောက်တန်းကျကျ ကစားလာမှာကို သိသော်လည်းပဲ လျှပ်စစ်ဘတ်တံများပါ ပေးထားလိမ့်မည်လို့တော့ မထင်ခဲ့ပေ။

ဒီကောင်တွေကတော့ သူ့ကို တကယ်သတ်ချင်နေတာပဲ …

“ မင်းတို့ထင်နေတာ … မင်းတို့လက်ထဲက အဲ့ဒီအရာလေးတွေနဲ့ ကိုယ့်ကိုယ်ကို နိုင်မယ် သေချာနေတယ်ပေါ့ ….”

“ မင်းက မလွယ်တဲ့ကောင်ဆိုတာ ငါဝန်ခံတယ် … ဒါပေမယ့် အဲ့ဒီ လက်ထိပ်တွေနဲ့ဆိုရင်တော့ မသေချာတော့ဘူးလေ …”

ကျိုးချန်လင်းက ခလုတ်ကို ဖွင့်လိုက်ပြီး အန္တရာယ်များသည့် အငွေ့အသက်တို့ဖြင့် ဂျရစ် ဂျရစ် လျှပ်စစ်စီးသံတို့ ထွက်ပေါ်လာသည်။

လင်းရီ နေရာမှာပဲ တည်ငြိမ်စွာ ရပ်နေခဲ့သည်။

“ မင်းကို ဘယ်သူက ဒီလို ယုံကြည်ချက်မျိုး ပေးလိုက်လဲတော့ ငါမသိဘူး … ငါ့ကို လက်ထိပ်ခတ်ထားတာနဲ့ ငါ့ပြိုင်ဘက် ဖြစ်နိုင်ပြီလို့ ထင်နေတယ်ပေါ့ ….”

“ ယီးပါကွာ …”

ကျိုးချန်လင်း ကျိန်ဆဲလိုက်သည်။ ထို့နောက် အခြားသူများ အချက်ပြလိုက်၏။

“ တက် … အတူတိုက်ကြ …”

ကျန် ခြောက်ယောက်သည်လည်း မတူညီသည့် ရှုထောင့်များမှတစ်ဆင့် လင်းရီထံသို့ ချဉ်းကပ်လာခဲ့ကြသည်။

သူတို့ရဲ့ ရည်မှန်းချက်က ရှင်းရှင်းလေးပင်။ လျှပ်စစ်ဘတ်တံနှင့် တစ်ချက်တို့မိလိုက်ရုံဖြင့် လူကို အကြောဆွဲပြီး ပျော့ခွေသွားစေနိုင်သည်။

သို့ပေမယ့် လက်တွေ့ အမှန်တရားက စိတ်ကူးထက် ပိုပြီး ကြမ်းတမ်း၏။

သူတို့ လင်းရီကို တကယ်ပဲ ချေမှုန်းနိုင်မလား ဆိုတာကတော့ တခြား ဇာတ်လမ်းတစ်ခု ဖြစ်သွားခဲ့လေပြီ။

ပထမလူ သူ့ထံ ပြေးလာသည်ကို မြင်တော့ လင်းရီ ဆောင့်ကန်ပြီး လွင့်ထွက်သွားစေလိုက်သည်။ သတိမလစ်သွားသော်လည်းပဲ ပြန်ထပြီး တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။

တစ်ယောက်ကို အမှောက်သိပ်ပြီးနောက် လင်းရီ သူ့အကြည့်ကို ကျိုးချန်လင်းထံသို့ ပို့လိုက်သည်။

သူက ခေါင်းဆောင်ဖြစ်နေသောကြောင့်တော့ မဟုတ်ဘဲ သူနှင့် အနီးကပ်ဆုံး ဖြစ်နေသောကြောင့် ဖြစ်၏။

လင်းရီ အိပ်ရာပေါ်သို့ တက်နင်းလိုက်ပြီး လေထဲသို့ နောက်ကျွမ်းပစ်ကာ ကျိုးချန်လင်း၏ ခေါင်းကို ကန်လိုက်သည်။

နောက်ထပ် အော်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျိုးချန်လင်း သံတိုင်များနှင့် တိုက်မိသွားခဲ့လေသည်။ သူ့ တစ်ကိုယ်လုံးရှိ အရိုးများအားလုံး ကျိုးအက်သွားသည့်နှယ် ခံစားလိုက်ရသည်။

ကျန်သည့် … ဝူမင်းမင်နှင့် အခြားလူများလည်း လင်းရီ၏ တိုက်ခိုက်မှု တစ်ခုကိုပင် မတောင့်ခံနိုင်ခဲ့ကြပေ။

မိနစ်ပိုင်းအတွင်းမှာပဲ အားလုံး အကွဲအပြဲ ကိုယ်စီနှင့် ကြမ်းပြင်ပေါ် မှောက်သွားခဲ့ကြ၏။ ကျိုးချန်လင်းနှင့် ကျန်သူများမှာ ညည်းတွားလဲလျောင်းနေရင်း ၎င်းတို့၏ ပုံစံက မြင်မကောင်း ၊ ရှုမကောင်း ဖြစ်နေသည်။

ထိုသို့သော ဒရာမာဆန်သည့် အပြောင်းအလဲကို မျက်နှာချင်းဆိုင် အချုပ်သားများကို မျက်မြင်‌ ကြုံတွေ့လိုက်ရပြီးနောက် သူတို့ကိုယ်သူတို့ အိပ်မက် မက်နေသည့်နှယ် ခံစားလိုက်ကြရသည်။

မယုံကြည်နိုင်၍ ကိုယ့်ပါးကိုယ် ပြန်ရိုက်လိုက်ကြ၏။

သူတို့ မျှော်လင့်ထားတဲ့ ပွဲက ဒီလိုပွဲမျိုး မဟုတ်ဘူးလေ …

ဒါဘာတွေလဲ …

“ လာကြပါဦး… ဒီမှာ ရန်ဖြစ်နေပါတယ်ဗျို့ … မြန်မြန် လာကြပါဦး ….”

ကျိုးချန်လင်းနှင့် သူ့အဖွဲ့သားများ၏ သနားဖွယ်ရာ အခြေအနေကို မြင်တွေ့လိုက်ရတော့ မျက်နှာချင်းဆိုင် အခန်းထဲရှိ အချုပ်သားများက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ ထိုလူများ သေလုမြောပါး ရိုက်နှက် မခံရမီ အစောင့်များ ရောက်လာဖို့ရာ မျှော်လင့်နေလေသည်။

သို့ပေမယ့်လည်း သူတို့ အသံတွေ တိမ်ဝင်ပြီး လည်ချောင်းကွဲအောင် အော်ဟစ်နေစေကာမူ မည်သူကမျှ ရောက်မလာခဲ့။

ကင်းလှည့် ရဲအရာရှိ နှစ်ဦးကလည်း အချုပ်ခန်း အတွင်းရှိ ဆူဆူညံညံအသံများကို ကြားတော့ ခပ်ပိန်ပိန်နှင့် ရဲတစ်ယောက်က ပြောလိုက်သည်။

“ အထဲမှာ ပြဿနာတက်နေသလိုပဲနော်… ငါတို့ သွားကြည့်ကြမလား … ကိစ္စက တော်တော်လေး ပြင်းထန်နေလို့နဲ့တူတယ် …”

“ ဒီကောင်တွေ ပါးစပ်ရှိတိုင်း လျှောက်အော်နေတာပါကွာ …” တခြားတစ်ယောက်က ပြောလိုက်ပြီး “ ကပ္ပတိန်ဝမ် အမိန့်ပေးထားတယ် … အထဲမှာ ဘာပဲ ဖြစ်နေဖြစ်နေ ငါတို့ ဘာမှ မကြားသလိုပဲ ဟန်ဆောင်ရမယ်တဲ့ ….”

“ အမှန်ပဲ … ဒါပေမယ့် အထဲမှာ တစ်ယောက်ယောက် သေသွားခဲ့ရင် ငါတို့ပဲ ခေါင်းခံရမှာ မဟုတ်ဘူးလား ….”

“ သာမန်ဆိုရင်တော့ ဟုတ်တာပေါ့ … ဒါပေမယ့် ဒီတစ်ခုကတော့ မတူဘူး … ထူးခြားတယ် … ဒီတော့ ဘာစိုးရိမ်စရာမှမလိုဘူး ….”

“ ဟမ် လောင်စွန်း … မင်း အတွင်း သတင်းတွေ ဘာတွေ ရထားတာလား … စောနက အထဲဝင်သွားတဲ့ ကောင်လေးက ဘယ်သူမို့လို့ … သူက အပြင်မှာ ဘာတွေလုပ်ခဲ့တာလဲ ….”

“ အသေးစိတ်တော့ ငါလည်း မသေချာဘူး … ငါ သိတာဆိုလို့ သူက အပြစ်မပြုသင့်တဲ့လူတစ်ယောက်ကို အပြစ်ပြုခဲ့မိတာပဲ …. အခုတော့ အဲ့ဒီလူက သူ့ကို သေစေချင်တယ်လေ …”

“ ငါတို့ရဲ့ ကပ္ပတိန်ကိုတောင် ဒီလို အမိန့်မျိုး ပေးနိုင်တဲ့လူဆိုတေ့ သေချာပေါက် မရိုးရှင်းဘူးပဲ …”

“ ပြောနေစရာတောင် လိုသေးလို့လား … သာမန်လူသာဆို ဒီလို အဆက်အသွယ်မျိုး ရှိနိုင်မှာလား … မင်း သူများတော့ လျှောက်မပြောနဲ့နော်… ငါ ကြားတာတော့ နောက်ကွယ်မှာရှိတဲ့ အုပ်စုက ငါတို့ စိတ်ကူးယဉ်နိုင်တာထက်တောင် ပိုကြီးသေးတယ်ဆိုပဲ …. ဒီတော့ လျှောက်ပြီး ခန်းမှန်းမနေနဲ့တော့ … ကန်းနေသလိုသာနေ …”

“ အဲ့လိုဆို ငါစိတ်ချပြီ … ကောင်းကင်ကြီး ပြိုကျလာရင်တောင် အရပ်ရှည်တဲ့ တစ်ယောက်က ပင့်မထားပေးမှာပဲလေ … ငါတို့ တွေးပူရမယ့် ကိစ္စမဟုတ်ပါဘူး ….”

“ အဲ့တာပြောတာလေ … မဟုတ်ရင် ငါလည်း အခုလို တည်ငြိမ်နေမယ်လို့ မင်းထင်လား … ကပ္ပတိန်ဝမ်က သူ ဆယ့်တစ်ခွဲ လာမယ် ပြောသွားတယ် … အဲ့အချိန်ထိ ဒီတိုင်း နေနေကြတာပေါ့ …”

“ အိုကေလေ …”

အထဲရှိ အော်ဟစ်သံများက ဆက်လက် ဖြစ်ပွားနေသော်လည်းပြ မည်သည့်အစောင့်ကမျှ မကြားသယောင် ဆောင်နေကြသည်။ ဘာမျှ မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေသကဲ့သို့ အပြင်တွင် ဆက်ပြီး ကင်းလှည့်နေခဲ့ကြ၏။

မိနစ် နှစ်ဆယ်ခန့် ကြာပြီးတဲ့နောက် ဝမ်ကျင်းပေါ် အထဲသို့ ဝင်လာသည်။

“ ကပ္ပတိန်ဝမ် …. ရောက်လာပြီလားဗျ …”

ဝမ်ကျင်းပေါ် ခေါင်းညိတ်ပြီး အချုပ်ခန်းရှိရာဘက်သို့ မေးငေါ့ပြလိုက်သည်။ “ အထဲမှာ အခြေအနေ ဘယ်လို ရှိလဲ ….”

“ အသံတွေကတော့ တော်တော်ကြမ်းတယ် … တော်တော်များများလည်း လူသေတော့မယ်ဆိုပြီး‌ အော်ဟစနေကြတာ … ဒါပေမယ့် ကျွန်တော်တို့ကတော့ မကြားသလို နေလိုက်တာပဲ …. အခု အသံတိတ်သွားပြီ … သေကောင်ပက်လက် ဖြစ်တဲ့အထိ ရိုက်ခံလိုက်ရပြီနဲ့တူတယ် …”

“ လူသေတော့မယ် ဟုတ်လား ….”

ဝမ်ကျင်းပေါ် နှာမှုတ်လိုက်ပြီး “ သူများက အသေလိုချင်ပါတယ်ဆိုနေမှ ငါတို့က ယီးမို့လို့ ဝင်စွက်ဖက်ရမှာလား ….”

“ အမှန်ပဲ … အဲ့တာကြောင့် ကျွန်တော်တို့နှစ်ယောက်လုံး မကြားချင်ယောင် ဆောင်နေလိုက်တယ် … “

“ မင်းတို့လုပ်တာ တော်တယ် ….”

ဝမ်ကျင်းပေါ် သူ၏ ယူနီဖောင်းကို သပ်ရပ်အောင် ချိန်ညှိလိုက်ပြီး “ ကောင်းပြီ … အထဲဝင်ပြီး အခြေအနေ ဘယ်လိုရှိလဲ ငါတို့ကိုယ်တိုင် ဝင်ကြည့်ကြတာပေါ့ …”

“ ဟုတ်ကဲ့ ….”

သံတံခါးကို ဖွင့်ပြီးနောက် ဝမ်ကျင်းပေါ်က လူနှစ်ယောက်ကို အထဲသို့ ဦးဆောင်သွားသည်။

အချုပ်ခန်းထဲရှိ လေထုက မွန်းကြပ်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ အချုပ်သားတိုင်း၏ မျက်နှာထက်တွင် ထူးဆန်းသည့် မျက်နှာအမူအရာတို့ ဖြစ်ပေါ်နေကြ၏။ သို့သော် ဝမ်ကျင်းပေါ်ကတော့ အမှုမထားဘဲ နောက်ဆုံးအခန်းဆီသို့ လျှောက်လှမ်းလာသည်။

တံခါးဝကို ရောက်တဲ့အချိန်မှာပဲ သုံးဦးလုံး မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကြက်သေသေသွားခဲ့ကြသည်။

လင်းရီ အမည်ရသည့် လူကတော့ ကုတင်ပေါ်တွင် ပက်လက်လဲနေပြီး အိပ်မောကျနေသည့်နှယ် ဟောက်ပင်ဟောက်နေသည်။

“ ဒီမှာ ဒါ ဘာတွေ ဖြစ်နေတာလဲ …”

ဝမ်ကျင်းပေါ် ဒေါသသံဖြင့် အော်ဟစ်လိုက်၏။

“ သူတို့ကို ရိုက်တာ ကျုပ် မဟုတ်ဘူးနော်…”

လူသုံးဦး၏ မျက်နှာအမူအရာမှာ အင်မတန် ချဲ့ကားသွားခဲ့ကြပြီး ရှော့ခ်ရသွားခဲ့ကြသည်။

လူတွေ ဒီလောက် အများကြီးနဲ့ လက်နက်တွေလည်း ပေးထားတာတောင် နောက်ဆုံးရလဒ်က ဒါတွေတဲ့လား ….

“ တံခါးဖွင့်စမ်း …”

ဝမ်ကျင်းပေါ် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

သူ့အနောက်ရှိ ရဲသားနှစ်ယောက်ကလည်း မတုံ့နှေးဝံ့ဘဲ တံခါးကို အလျင်အမြန် သော့ဖွင့်လိုက်၏။

သို့သော် ထိုအချိန်မှာပဲ လင်းရီ ဖြည်းညင်းစွာ ပြောလိုက်၏။

“ ကျုပ် အကြံတစ်ခုပေးလိုက်မယ် … ကျုပ် အိပ်နေတာကို လာမနှောင့်ယှက်နဲ့ ….”

“ မင်း အဲ့တာ ဘာသဘောလဲ … ငါတို့ရဲ့ အာဏာကို ဖီဆန်နေတာလား … မင်းကိုယ်မင်း ဘယ်နေရာရောက်နေလဲရော သိလား ….”

“ ကျုပ်တို့အားလုံးက ဒီမှာ လုပ်ဖော်ကိုင်ဖက်တွေပဲကို မသိဘဲ ဘယ်နေလိမ့်မှာ … ဒါပေမယ့် ခင်များတို့ ကျုပ်အိပ်နေတာကို မနှောင့်ယှက်နဲ့ …. ဒါပဲ ပြောချင်တယ် …”

ပြောပြီးနောက် လင်းရီ တစ်ဖက်သို့ လှည့်ပြီး ထိုသုံးယောက်ကို ကျောပေးထားလိုက်သည်။

“ ခင်များတို့ ဒီထဲ ခြေတစ်လှမ်းချဝံ့ရင် ချတဲ့လူ နောင်တရ‌သွားစေရမယ် … မယုံဘူးဆို စမ်းကြည့်လိုက် …”

All Chapters