အကျိုးဆက်တွေက အတော်လေး ပြင်းတယ်
Vol. 147 Ch. 2188
လင်းရီရဲ့ စကားသံက နားထောင်လိုက်ရသည့် လူတိုင်းကို ကြက်သီးဖြန်းသွားစေခဲ့သည်။
သူတို့တွေ ခေါင်းစခြေဆုံး ကြက်သီးမွေးညှင်းများ ထသွားခဲ့ကြ၏။ ဝမ်ကျင်းပေါ် အမည်ရသည့် လူကလည်း အာသာချောင်ဝံ့သည်။ သတ္တိကတော့ သိပ်မကောင်းလှ။
လင်းရီ စကားပြောလိုက်သည့် အချိန်မှာပဲ ချလတ္တံ့ ဖြစ်နေသည့် သူ၏ ခြေလှမ်းတစ်ဝက်မှာ လေထဲတွင် တန်းလန်းဖြစ်သွားခဲ့ပြီး အောက်သို့ မကျဘဲ ဖြစ်သွားခဲ့သည်။
“ မင်းကိုယ်မင်း ဘာပြောနေလဲ သိလား … မင်းက ဒီလို နေရာမျိုး ရောက်လာတာတောင် ငါ့ကို ဒီလိုလေသံနဲ့ ပြောဝံ့နေတယ်ပေါ့ ….”
“ ကျုပ် ဒီရောက်နေမှတော့ ဘာတွေ ဖြစ်နေလဲဆိုတာ ခင်များလည်း သိမှာပါ …” လင်းရီ လျစ်လျူရှုသည့် လေသံဖြင့် ပြောလိုက်ပြီး “ ထာဝရ ကျေးရွာမှာ ကျုပ် လူ ၂၃ ယောက်သတ်ပြီး လူ ၇၀ ကျော်ကို ဒုက္ခိတ ဖြစ်အောင် လုပ်ခဲ့တယ် … ခင်များအပေါ် လက်ပါဖို့ကို ကျုပ် မလုပ်ရဲဘူးများထင်နေလား … “
“ ဒါပေါ့ … တကယ်လို့ ထင်နေတယ်ဆိုရင်လည်း စမ်းကြည့်လိုက်လေ …”
လူ ၂၀ ကျော်ကို သတ်ခဲ့တယ် ….
ဤသည်ကို ကြားတော့ လူတိုင်း ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းသွားခဲ့ကြသည်။
ဘေးတွင် ဒူးထောက်နေသည့် ကျိုးချန်လင်းနှင့် ကျန်သူများမှာ သေးထွက်ကျလုမတတ် ကြောက်ရွံ့သွားခဲ့ကြ၏။
သူတို့ လုပ်ခဲ့တဲ့ ပြစ်မှုက အလွန်ဆုံးရှိလှ ခန္ဓာကိုယ်ကို ထိခိုက်နာကျင်အောင် နှိပ်စက်ရုံမျှပင်။ သို့သော် ဤလူကတော့ လူ နှစ်ဆယ်ကျော်ကိုတောင် သတ်ခဲ့သည်။
နှစ်ဦးက လုံးဝကို လယ်ဗယ်တူများ မဟုတ်ကြချေ။
ဝမ်ကျင်းပေါ်လည်း ကြောက်လန့်သွားခဲ့၏။ လင်းရီက မျက်နှာကို ဟိုဘက်လှည့်ထားသော်လည်းပဲ သူ မလှုပ်ရှားဝံ့ပေ။
လက်ထိပ်ခတ်ထားလျက်နှင့်ပင် ကျိုးချန်လင်းနှင့် ကျန်သူများကို ချေမှုန်းနိုင်နေရာ သူ ဝင်သွားခဲ့လျှင်လည်း အကြောင်းထူးမှာ မဟုတ်ကြောင်း သူ့ကိုယ်သူ သိနေသည်။
“ မင်း ကိုယ်ရောက်နေတဲ့အခြေအနေကို နားလည်တာ အကောင်းဆုံးပဲ … ဒီ နေရာက မင်း ဝုန်းဒိုင်းကျဲချင်တိုင်း ကျဲလို့ရတဲ့ နေရာမဟုတ်ဘူး …”
“ အသုံးမကျတဲ့ သတ္တုချောင်းကြီး ကိုင်ထားတာနဲ့ပဲ ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ သိပ်ရှိနေတယ်ပေါ့ …” လင်းရီက ပမာမခန့် လေသံဖြင့် လှောင်ရယ်သံစွက်လျက် ဆိုလိုက်ပြီး “ ဒီရဲ့ နောက်ဆက်တွဲ ကိစ္စတွေကိုတော့ ခင်များပဲ ကိုင်တွယ်လိုက် … အသေးစိတ် ကိစ္စတွေကို ခင်များက ကျုပ်ထက်တောင် ပိုသိပါတယ် … လျိုယွမ်ချိန်က ကျုပ်ကို သတ်ဖို့ သေနတ်သမား တစ်ယောက် လွှတ်ခဲ့တယ် … အဲ့ဒီတုန်းကလည်း ဒီခုလို အခြေအနေနဲ့ ဘာမှ မကွာဘူး … အဆုံးသတ်ကျ သူ ဘာဖြစ်သွားလဲ … ကျုပ် လက်ချက်နဲ့ ထာဝရအိပ်စက်သွားရတယ်လေ ….”
ဝမ်ကျင်းပေါ် တိတ်ဆိတ်သွားခဲ့သည်။ သူလည်း လက်ရှိ အခြေအနေကို ကောင်းကောင်းကြီး နားလည်သည်။
“ ကျုပ် ထပ်ပြီး ရှင်းအောင် ပြောလိုက်မယ် .. မယုံဘူးဆို ဝင်လာခဲ့လိုက် … ပြန်ထွက်သွားနိုင်မလားဆိုတာကတော့ တခြား ကဏ္ဍပေါ့ …”
လူတိုင်း၏ အကြည့်က ဝမ်ကျင်းပေါ်ထံ ကျရောက်သွားခဲ့သည်။
နှစ်ဦးက လယ်ပြင်တွင် ကျားနှင့်ဆင်ကဲ့သို့ ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံနေကျပြီး အရှိန်အဝါအားချင်း ယှဉ်ပြိုင်နေကာ မည်သူ အနိုင်ရသွားမလဲဆိုတာကတော့ တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းလှသည်။
မွန်းကြပ်ဖွယ် လေထုက ဆယ်စက္ကန့်လောက် တည်တံ့နေသည်။
ဝမ်ကျင်းပေါ် သူ့ခြေထောက်ကို အပြင်သို့ ပြန်ချလိုက်ပြီး အထဲ ဝင်မလာခဲ့ချေ။
“ ဒီတော့ .. မင်းက မင်းကိုယ်မင်း ဘယ်လောက် အင်အားကြီးလဲ ပြချင်တယ်ပေါ့ … ရတယ်လေ … ငါတို့ စောင့်ကြည့်ကြတာပေါ့ … မင်း ဘယ်လောက် ဖြုံချင်စရာ ကောင်းလဲ ငါကြည့်နေမယ် …”
ပြက်ရယ်ပြုသည့် စကားလုံးများ ပြောဆိုပြီးနောက် ဝမ်ကျင်းပေါ် ထွက်ခွာသွားခဲ့သည်။
သူ့အနောက်ကနေ လိုက်ပါသည့် ရဲသားနှစ်ဦးကလည်း တစ်ကိုယ်လုံး တုန်ယင်နေကာ လက်ရှိ အခြေအနေကို မည်သို့ ကိုင်တွယ်ရကောင်းမှန်း မသိကြတော့ပေ။
အချုပ်ခန်းက အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး လူတိုင်း အသက်ပင် ကျယ်လောင်စွာ မရှူဝံ့ကြချေ။ သူတို့တွေ ကြမ်းပါသည်ဆိုသည့် လူတွေကို ယခင်က မြင်တွေ့ခဲ့ဖူးကြသည်။ သို့သော် လင်းရီလောက် ရက်စက်ကြမ်းကြုတ်သည့်လူကိုတော့ တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ကြ။
ဝမ်ကျင်းပေါ် ထွက်ခွာသွားခဲ့ပြီးနောက် သူ့ရုံးခန်းထဲသို့ ပြန်ရောက်လာသည်။
ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို သူ့ အထက်လူကြီးထံ တင်ပြလိုက်၏။
ဒါပေါ့။ နည်းနည်းလေးလည်း ချဲ့ကားပြီး ပြောခဲ့တာပေါ့။
တင်ပြပြီးနောက် အထက်က ဆုံးဖြတ်ချက်ချလာမှာကို စောင့်ဆိုင်းနေလိုက်သည်။
အဓိက အဆောက်အဦး၏ ထိပ်ဆုံးထပ် ရုံးခန်းထဲတွင် မီးတို့က လင်းထိန်နေဆဲ ဖြစ်၏။
ယူနီဖောင်းနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦက စားပွဲရှေ့တွင် ထိုင်နေပြီး လက်ထဲတွင် စီးကရက် တစ်လိပ်ကိုကိုင်ထားလျက် ကျန်တစ်ဖက်တွင်တော့ ဖုန်းကို ကိုင်ထားသည်။
သူ့အမူအရာက အုံ့မှိုင်း မည်းမှောင်နေသည်။
ဟွမ်စစ်ဟိုင်က သူ့အရှေ့ ဆိုဖာပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး ဖုန်းပြောလို့ ပြီးမှာကို စောင့်ဆိုင်းနေခဲ့သည်။
ထိုလူ၏ နာမည်က ချီရုံချွမ်းဖြစ်ပြီး လင်းရီရဲ့ အမှုကို ကိုင်တွယ်ဖို့ တာဝန်ယူထားသည့် လူဖြစ်၏။
“ ကောင်းပြီ .. ငါနားလည်ပြီ … ခဏကျ မင်းကို ပြန်ခေါ်လိုက်မယ်… လောလောဆယ်တော့ သူ့ကို ဒီတိုင်း ထားထားဦး ….”
လိုတိုရှင်း ညွှန်ကြားချက် ပေးပြီးနောက် ဖုန်းပြန်ချလိုက်သည်။
“ အခြေအနေ ဘယ်လိုလဲ … လူ သေသွားသေးလား … ကျုပ် အခု အားနေတာနဲ့ ကိုယ်တိုင်သွားကြည့်ရင် ကောင်းမလား စဉ်းစားနေတာ …”
ဟွမ်စစ်ဟိုင်က ပြုံးလျက် မေးလိုက်ပြီး သက်တောင့်သက်သာ ရှိနေကာ မည်သည့် ပြဿနာကိုမျှ သတိမပြုမိခဲ့ချေ။
ချီရုံချွမ်းကိုယ်တိုင် ဤအမှုကို ကိုင်တွယ်နေသဖြင့် အားလုံးက ချောချောမွေ့မွေ့နှင့် ရှိနေမှာကို သူ အပြည့်အဝ ယုံကြည်သည်။
ချီရုံချွင်း ချက်ချင်း မဖြေဘဲ စီးကရက်ကို ဖိချေလိုက်ကာ နောက်တစ်လိပ် မီးညှိလိုက်သည်။
“ အောက်မှာ ပြဿနာ နည်းနည်းတက်နေတယ် … အဲ့ကောင်က ဘာမှ မဖြစ်ရုံတင် မကသေးဘး … ငါတို့လူတွေကိုပါ ခြိမ်းခြောက်လိုက်သေးတယ် ….”
ဟွမ်စစ်ဟိုင်၏ အမူအရာ ပြောင်းလဲသွားသည်။ သူ ချီရုံချွင်းကို လေးနက်သည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … သူ့ကို လက်ထိပ်ခတ်ပြီးတော့မှ အဲ့ကို ပို့လိုက်တာနော်… ဒီလိုမျိုး မဖြစ်သင့်ဘူးလေ … ဟုတ်တယ်မလား …”
“ သူ ထာဝရ ကျေးရွာမှာ လုပ်ခဲ့တာတွေနဲ့ ယှဉ်လိုက်ရင် ဒီလို ရလဒ်မျိုး ထွက်လာတယ်ဆိုတာက အံ့အားသင့်စရာတော့ မရှိပါဘူး …” ချီရုံချွမ်း ပြောလိုက်သည်။
“ ဒါပေမယ့် ဒီလိုမျိုး လုပ်နိုင်တာကတော့ ငါ ထင်ထားတာထက်ကို ကျော်လွန်နေတယ် … သူက သတ္တိတကယ်ကောင်းတဲ့ကောင်ပဲ ….”
“ အဲ့ဒီတော့ ကျုပ်တို့ အခု ဘာဆက်လုပ်ကြမှာ …” ဟွမ်စစ်ဟိုင်က သူ၏ သက်တောင့်သက်သာ ဖြစ်နေသည့် ပုံစံကို ပြောင်းလဲလိုက်ပြီး ခါးမတ်သွားခဲ့ကာ ချီရုံချွမ်းကို ပြောလိုက်သည်။ “ သူ့ကို တိတ်တိတ်လေး ကိုင်တွယ်လိုက်ဖို့က အခု မဖြစ်နိုင်တော့ဘူး …”
“ အမှန်ပဲ … ကြည့်ရတာတော့ ငါတို့တွေ တရားဝင်လမ်းကြောင်းကနေပဲ ကိုင်တွယ်ရတော့မယ်နဲ့တူတယ် ….”
ချီရုံချွင်းက စားပွဲကို လက်ဖြင့် ခပ်သာသာ ခေါက်နေလျက် အေးအေးလူလူ ပြောလိုက်သည်။
“ ဒီအမှုက မရိုးရှင်းဘူး … ကိုင်တွယ်ဖို့ အစီအစဉ်တွေ ချမှတ်ဖို့ လိုသေးတယ် …”
“ အဲ့လိုလည်း အဆင်ပြေတယ် … မပူနဲ့… ကျုပ်တို့တွေ ခင်များကို စိတ်မပျက်စေရပါဘူး …”
“ အဲ့ကိစ္စတွေ ပြောဖို့က သိပ်စောလွန်းသေးတယ် … ငါခု ကျိုးဟိုင်ကို ဖုန်းဆက်ပြီး ဆက်သွယ်လိုက်ဦးမယ် … ဘာပဲဆိုဆို ငါတို့အကုန်လုံးက စနစ်တစ်ခုတည်းအောက်က လူတွေပဲလေ … အခု ပြဿနာ ဖြစ်လာပြီဆိုတော့ သူတို့ကို အသိပေးသင့်တာပေါ့ ….”
“ အဲ့တာကတော့ လုံးဝ လုပ်သင့်တာပေါ့ … သင့်တင့်လျောက်ပတ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျုပ်တို့လိုက်နာရမယ်လေ ….”
ချီရုံချွင်း ဖုန်းကိုင်၍ နံပါတ်တစ်ခုကို ရှာဖွေလိုက်သည်။ ထို့နောက် ချိန်ပင်းချန်၏ နံပါတ်ကို ဆက်သွယ်လိုက်၏။
“ အေး လောင်ချိန် … ဒီ အချိန်ကြီး ဖုန်းဆက်လိုက်တာ မင်း အိပ်နေတာကိုတော့ မနှောင့်ယှက်မိဘူးမလား ….”
“ မင်းကတော့ မဟုတ်တာတွေ ပြောနေပြန်ပြီပဲ … ဒီအချိန်ကြီး ခေါ်လာမှတော့ ကျိန်းသေပေါက် အရေးကြီး ကိစ္စရှိလို့ပဲပေါ့ … ဘာလဲ … မင်း ကျိုးဟိုင် လာမလို့လား …”
“ ငါမင်းကို အသိပေးချင်တာလေး ရှိလို့ … မင်းတို့ဘက်က လင်းရီလို့ ခေါ်တဲ့ တစ်ယောက် လက်ရှိ ဖန့်ချိန်မှာ အမှုတစ်ခုလိုက်နေတာ … အဲ့ကိစ္စ မင်းသိလား ….”
ချီရုံချွမ်းထံကနေ ဤအကြောင်း ပြောလာသည်ကို ကြားတော့ ချိန်ပင်းချန်၏ လေသံမှာ ချက်ချင်း လေးနက်တည်ကြည်သွားခဲ့သည်။
“ ငါ သိတယ် … ဘာလို့လဲ ….”
“ ကနေဦး စုံစမ်းစစ်ဆေးမှု ရလဒ် ထွက်လာခဲ့ပြီ … သူ့ကို အလွန်အကျွံ ခုခံကာကွယ်မှုနဲ့ သံသယတရားခံ အဖြစ် ငါတို့ ထိန်းသိမ်းထားတယ် … ပြီးတော့ သူ့ကို တရားရုံးတင်ဖို့လည်း စီစဉ်နေပြီ … အဲ့တာ ငါမင်းကို လှမ်း အသိပေးတာ … စာရွက်စာတမ်း အသေးစိတ်ကိုတော့ နောက်မှပဲ မင်းဆီ လှမ်းပို့လိုက်တော့မယ် ….”
“ မင်းက သူ့ကို ကိုင်တွယ်မလို့ ဟုတ်လား ….” ချိန်ပင်းချန်၏ လေသံက ကျယ်လောင်လာခဲ့ပြီး “ အဲ့ဒီတုန်းက အခြေအနေကို တွက်ချက်ကြည့်ရင် သူ့ကိုယ်သူ ဥပဒေ ဘောင်ထဲကနေ ခုခံကာကွယ်တာလို့ ယူဆသင့်တယ် မဟုတ်ဘူးလား ….”
“ အစောပိုင်း စုံစမ်းစစ်ဆေးမှု ရလဒ်က မှားယွင်းနေတာ … ငါတို့ သေချာပြန်ကြည့်လိုက်တော့ သူ့ရဲ့ လုပ်ရပ်တွေက လွန်ကြူးပြီး လူမှုအသိုင်းအဝိုင်း အပေါ် မကောင်းတဲ့ အမြင် သက်ရောက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ယုံကြည်တယ် … တခြားလူတွေကိုလည်း ဥပမာပြဖို့ ငါတို့ ပြင်းပြင်းထန်ထန် အရေးယူဖို့ စီစဉ်ထားတယ် ….”
“ လောင်ချီ … ငါတို့ချင်း ရင်းနှီးလာတာလည်း တစ်နှစ်ကျော်ပြီ … အတူလည်း သောက်ဖူးတယ် … ငါ့ကို တစ်ခုကူညီကွာ … မင်း ဒီကိစ္စကို လက်ရှောင်ပေးလိုက် ….” ချိန်ပင်းချန် ပြောလိုက်သည်။ “ သူက ငါတို့လူ … တကယ်လို့ အမှုလိုက်ရင်း အပြစ်ပေးခံလိုက်ရမယ်ဆိုရင် ငါတို့အတွက်လည်း ခက်ခဲသွားလိမ့်မယ် …”
“ လောင်ချိန် … မင်း ဘယ်လို စဉ်းစားနေလဲ ငါနားလည်တယ် … ဒါပေမယ့် လက်ရှိ ဒီပြဿနာက အတော်လေး ကြီးမားသွားခဲ့လို့ပဲ … ငါလည်း တရားဝင် လှုပ်ရှားရုံပဲ တတ်နိုင်တယ် … မင်းလည်း ငါ့ကို နားလည်ပေးပါကွာ ….”
ချိန်ပင်းချန် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး လေးနက်သည့် သေလံဖြင့် စကားကို သေချာဖိပြီး ပြောလိုက်သည်။
“ ဒီပြဿနာက အတော်ထူးခြားတယ် … မင်း သေချာလေး ပြန်သုံးသပ်ရင် ကောင်းမယ်နော်… မဟုတ်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေက စိတ်ကူးယဉ်လို့တောင် ရမှာ မဟုတ်ဘူး …”