မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး
Vol. 147 Ch. 2190
“ ဘယ်သူလဲ ဟုတ်လား …”
ချီရုံချွမ်း အေးခဲသွားခဲ့ပြီး မကောင်းသည့် ခံစားချက်တို့ ရုတ်ချည်း လှိုင်တက်လာသည်။
မတူကွဲပြားသည့် လူတို့ ပြောဆိုသည့် စကားက မတူညီသည့် အဓိပ္ပာယ်မျိုးစုံကို ဆောင်ကြဉ်းပေးသည်။
“ မင်း ဒီကိစ္စကို လေးလေးနက်နက် ဆက်ဆံနေတာ ကြားတယ် … လူတွေ အများကြီး ငါ့ဆီ ဖုန်းခေါ်လာတယ် …”
ဟော်ကျားရှင်းက သူ့ရဲ့ လက်ဖက်ရည်ခွက်ကို ကိုင်ပြီး အေးဆေး သက်သက်သာသာ အမူအရာဖြင့် တစ်ကျိုက်မော့လိုက်သည်။
“ စကားမစပ် ငါမင်းကို တစ်ခု ပြောဖို့ ကျန်ခဲ့သေးတယ် … သူတို့ ခေါ်လာခဲ့တာက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာဖုန်း … မင်း စဉ်းစားကြည့်စမ်း … ဘယ်သူကများ ငါ့ရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်ကို သိနိုင်မလဲ …”
ခလွမ်…
ချီရုံချွမ်း လက်ထဲရှိ လက်ဖက်ရည်ခွက်က ကြမ်းပြင်ပေါ်သို့ ကျကွဲသွားသည်။
သူ့တစ်ကိုယ်လုံး တောင့်တင်းနေပြီး မလှုပ်မယှက် ရပ်နေကာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေသည်။
“ သူတို့ … သူတို့ ဘာပြောလာလဲ ….”
“ အဲ့ဒီလင်းရီ …. သူ့ကို မင်းထိလို့မရဘူး ….”
“ သူ့ကို ထိလို့ မရဘူး ဟုတ်လား … မဖြစ်နိုင်တာ သူက …..”
“ ငါနဲ့လိုက်ခဲ့ … မင်းကို တစ်ခုပြမယ် … ပြီးရင် မင်း နားလည်သွားလိမ့်မယ် ….”
ပြောပြီးနောက် ဟော်ကျားရှင်းက မတ်တပ်ရပ်ပြီး ပြတင်းပေါက်ထံသို့ လျှောက်သွားခဲ့သည်။
ချီရုံချွမ်း ကတုန်ကယင်နှင့် ဆိုဖာပေါ်က ထ၍ သူ့ဘေးနားသို့ ရောက်သွားခဲ့သည်။
သူ အောက်ကို ငုံ့ကြည့်လိုက်တော့ ခြေထောက်တွေ ချိနဲ့ကုန်သည်။
ဟော်ကျားရှင်း ထိန်းထား မပေးခဲ့ဘူးဆိုပါက သူ လဲကျသွားချေပြီ။
“ လက်နက်ကိုင် ရဲတပ်ဖွဲ့ ….”
“ သူတို့ ရောက်လာတယ်ဆိုတော့ မင်းလည်း အခြေအနေကို နားလည်သင့်ပြီမလား ….”
“ ဘယ်လိုလုပ်ပြီး …. ဘယ်လိုလုပ် ဒီလိုတွေ ဖြစ်ရတာလဲ …”
“ အဲ့ဒီ လင်းရီမှာက ရှုပ်ထွေးတဲ့ နောက်ခံတွေ ရှိတယ် ….” ဟော်ကျားရှင်း ပြောလိုက်သည်။ “ ငါ့ကို ဖုန်းဆက်လာတဲ့ လူတွေထဲမှာ ကျိုးဟိုင်ရဲ့ ဒုတာဝန်ခံ၊ ကျိုးဟိုင် မြို့စောင့်တပ်ရဲ့ ခေါင်းဆောင်အကြီးအကဲ၊ ရန်ကျင်းက စစ်ဦးစီး ၊ ဗဟိုအစိုးရက ထိပ်ပိုင်း ခေါင်းဆောင်ကြီး တစ်ချို့တွေတောင် ပါတယ် … မင်း စဉ်းစားကြည့် … အဲ့လိုလူတစ်ယောက်ကို မင်း တကယ်ပဲ ထိပါးနိုင်မှာလား ….”
ဘုတ် …
ချီရုံချွမ်း ကြမ်းပြင်သို့ ဖင်ထိုင်လဲကျသွားခဲ့ပြီး သူ့လက်တွေ တုန်ယင်နေသည်။
“ မဖြစ်နိုင်တာ … သူက ဒီတိုင်း သာမန်ရဲတစ်ယောက်ပဲလေ … ဒီလောက်ထိ အင်အားကြီးတဲ့ ကျောထောက်နောက်ခံတွေ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ …”
ဟော်ကျားရှင်းမှာ ပြတင်းပေါက်ရှေ့တွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေရင်း ချီရုံချွမ်းကို မကြည့်ဘဲ ပြောလိုက်သည်။
“ မင်းက ဒီနှစ်တွေ တစ်လျှောက်လုံး အမြင်ကန်းနေခဲ့တော့ ကိစ္စရပ်တွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ အာရုံ မင်းမှာ ပျောက်ဆုံးနေပြီ …”
“ ရသေးတယ် … အချိန်ရှိသေးတယ် … အောက်ကလူတွေ သူ့ကို အခုထိ မကိုင်တွယ်ရသေးဘူး … ကျုပ် သူတို့ကို အမိန့်ပေးပြီး ချက်ချင်းလွှတ်ခိုင်းလိုက်မယ် …”
အထိတ်တလန့် ဖြစ်စွာဖြင့် ချီရုံချွမ်း သူ့ဖုန်းကို ပြေးယူလိုက်သည်။ နောက်ဆုံးတော့ အခြေအနေ၏ လေးနက်ပြင်းထန်မှုကို သူ သတိပြုမိသွားခဲ့လေပြီ။
“ လောင်ချီ … အခု သိပ်နောက်ကျသွားပြီ …” ဟော်ကျားရှင်း သက်ပြင်းချလိုက်၏။
“ ဒီလို ရာထူးမျိုးယူထားတဲ့လူက သာမန်လူတစ်ယောက်လို့ မင်းထင်လား … ဒီမှာ ဘာတွေ ဖြစ်နေလဲ သူ မသိဘူးလို့ ထင်လား …. မင်း သူ့ကို ဖမ်းပြီး အချုပ်ထဲ ထည့်လိုက်တဲ့ အချိန်ကစပြီး ဖြစ်လာမယ့် ရလဒ်က ဆုံးဖြတ်ပြီးသား ….”
“ ပြန်လှည့်နိုင်မယ့် အခွင့်အရေး မရှိတော့ဘူးလား …”
“ မရှိဘူး …” ဟော်ကျားရှင်း ပြောလိုက်သည်။ “ ပြီးတော့ … မင်းတစ်ယောက်တည်းတင် မဟုတ်ဘူး … လူတော်တော်များများလည်း သူတို့ရဲ့ အခွင့်အရေးကို ဆုံးရှုံးသွားခဲ့ပြီ …”
ဟော်ကျားရှင်း သက်ပြင်းချလိုက်၏။ “ တစ်ချို့လူတွေက လုံးဝ သွားထိလို့ မရတာကို မင်း နားလည်သင့်တယ် … မင်း ဒီကနေ သင်ခန်းစာ ကောင်းကောင်းယူနိုင်မယ်လို့ပဲ ငါ မျှော်လင့်တယ် … ဒါမေပယ့် နောင်မှာ မင်း ဒီနေ့လိုမျိုး ပြန်ဖြစ်လာနိုင်မလားဆိုတာတော့ ငါလည်း မသေချာဘူး …”
“ ကျုပ် … ကျုပ် ….”
ချီရုံချွင်း မတုံ့ပြန်နိုင်တော့ဘဲ သွေးဆောင့်တိုးကာ သတိလစ်သွားခဲ့တော့သည်။
…….
အချုပ်ခန်းထဲတွင်။
ဟွမ်စစ်ဟိုင်နှင့် သူ့လူခြောက်ယောက်တို့ ရောက်လာခဲ့ကြပြီး လျိုယွမ်ချိန်ကတော့ ဝှီးချဲနှင့်ဖြစ်၏။
ထိုအချိန်တွင် လင်းရီက အခန်းထဲတွင် ထီးထီးကြီး ဖြစ်နေပြီး ကျိုးချန်လင်းနှင့် အခြားသူများကတော့ နှစ်သစ်ကူး ကန်တော့သည့်နှယ် ဒူးထောက်လျက် ရှိနေကြသည်။
အချုပ်ခန်း အနီးနားသို့ ချဉ်းကပ်လာရင်း လင်းရီ၏ ဖရိုဖရဲ အခြေအနေနှင့် နောင်တမျက်ဝန်းတို့ကို မြင်တွေ့ရရန် အားမွေးထားခဲ့သော်လည်း ထင်မှတ်မထားစွာဖြင့် သကောင့်သားက ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်ကို မြင်တွေ့လိုက်ရသည်။
ဤသည်ကို မြင်တော့ ဟွမ်စစ်ဟိုင်နှင့် ကျန်သူများ၏ အမူအရာတို့ မည်းမှောင်သွားခဲ့ကြ၏။
လင်းရီက အချုပ်ခန်းထဲတွင် ဤမျှ သာယာဇိမ်ကျနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ကြချေ။
“ ဒီစောက်ကလေးက ဘာတွေ ဖြစ်နေလဲဆိုတာကို မသိဘဲ နှစ်နှစ်ခြိုက်ခြိုက်တောင် အိပ်ပျော်နေလိုက်သေးတယ် …” လျိုယွမ်ချိန် လှောင်ပြောင်လိုက်သည်။
“ ကျိုးဟိုင်က လူတွေ သူ့ကို ကာကွယ်ပေးမယ် ထင်နေတာ နေမှာပေါ့ … အဲ့ဒီတော့ သတ္တိက သိပ်ကောင်းနေတာလေ …” ဟွမ်စစ်ဟိုင် နှာခေါင်းရှုံ့လိုက်၏။
“ ဒါဆိုရင်တော့ သူ့ကို အမှန်တရားက ဘာလဲဆိုတာ သိအောင် ပြောပြပေးမှနဲ့ သူတယ် … မဟုတ်ရင် စိတ်ကူးယဉ်အိပ်မက်ထဲမှာပဲ ဆက်ရှိနေမှာ စိုးရတယ် …”
“ ငါလည်း အဲ့လိုထင်တယ် ….”
ဒုန်း ဒုန်း ..
ဟွမ်စစ်ဟိုင်က သံတိုင်များကို ကန်ကျောက်လိုက်သည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ လင်းရီမှာ အိပ်စုံမှုန်မွှားဖြင့် မျက်လုံးဖွင့်လာခဲ့သည်။
ဟွမ်စစ်ဟိုင်နှင့် တခြားလူများက တံခါးဝရောက်နေတာကို မြင်တော့ သူ့မျက်လုံးများကို ပွတ်သပ်လိုက်၏။
“ ခင်များတို့ကောင်တွေက ဒီကို ဘာလာလုပ်တာ … ခင်များတို့လည်း အဖမ်းခံလိုက်ရတာပဲလား … ဒါပေမယ့် နောက်ထပ်ခြောက်လောက် လိုနေသေးတယ်နော်….”
“ ဟက် …”
လျိုယွမ်ချိန်က ဝှီးချဲပေါ်တွင် ထိုင်လျက် အေးတိအေးစက် ရယ်မောလိုက်သည်။
“ မင်းမှားသွားပြီ … ငါတို့က အဖမ်းခံရတာ မဟုတ်ဘူး … အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် ရှိနေတာမှ အတောင်ပံထွက်ပြီး ကောင်းကင်ပေါ် ပျံတက်လုနီးပါးပဲ … ငါတို့ဒီရောက်လာတာ မင်းတော့ အဆုံးသတ်သွားပြီဆိုတာ သိအောင် လာပြောပြတာ … ဆေးထိုးပြီး မစီရင်ခံရရင်တောင် ထောင်ထဲ တစ်သက်လုံးသာ နေလိုက်တော့ … မင်း ဘာပြောစရာ ရှိလဲ ….”
“ မရှိဘူး … ဂရုလည်း မစိုက်ဘူး … တစ်ချို့လူတွေက အမြဲတမ်း သေဖို့ ကံပါလာပြီးသား လူတွေပဲလေ …”
“ ဝိုး ... မင်းရဲ့ ပါးစပ်က ဒီစကားမျိုး ထွက်လာတယ်ဆိုတော့ ဉာဏ်တော့ကောင်းသားပဲ … မင်းလည်း ကိုယ့်ကံကြမ္မာကိုယ် လက်ခံပြီးသားဆိုတော့ ကောင်းတာပေါ့ ….” လျိုယွမ်ချိန်က နှာခေါင်းရှုံ့လိုက်သည်။
“ ဒါပေမယ့် ငါမင်းကို လေးစားတယ် … ဒီခုလို အချိန်မျိုးရောက်နေတာတောင် ကိုယ်ဟန်ကတော့ တစ်ပြားသားမှ မလျော့သွားဘူး … လူတိုင်း ဒါမျိုး လုပ်နိုင်တာ မဟုတ်ဘူး …”
“ ခင်များပြောနေတဲ့ လေသံက ကျုပ်ပဲ သေရတော့မလိုလို … တကယ်လို့ ကျုပ်သာ သေရမယ့် လူဆိုရင် ဒီလိုမျိုး စိတ်အေးလက်အေး အိပ်နေနိုင်မယ် ထင်လား ….”
လျိုယွမ်ချိန်နှင့် ဟွမ်စစ်ဟိုင်တို့ အုပ်စုမှာ ဝါးလုံးကွဲ ရယ်မောလိုက်ကြသည်။
“ ဒီတော့ မင်းထင်နေတာ သေမယ့်လူက ငါတို့ပေါ့ ဟုတ်လား ….”
“ ကံကြမ္မာစက်ဝန်းဆိုတာ တစ်ပတ်လည်တယ် … ကံတရားက ဘယ်သူ့ဘက်မှ မျက်နှာမလိုက်ဘူး … ကိုယ့်ကိုယ်ကိုသာ အဆင့်သင့် ဖြစ်အောင် လုပ်ထား … ဓားသွားက ကိုယ့်ခေါင်းပေါ် ဘယ်အချိန်ကျလာမလဲ ဘယ်သူမှ ကြိုသိနိုင်တာ မဟုတ်ဘူး …”
“ ရတယ် … မင်းဘာမင်း ဘာပဲပြောပြော ငါတို့ စိတ်ထဲမထားဘူး …” လျိုယွမ်ချိန် ပြောလိုက်သည်။ “ ဒါပေမယ့် သတိတော့ ပေးလိုက်မယ် … အရမ်း မမောက်မာနဲ့ … အခု မင်းက ဒီကို ရောက်နေပြီ … မင်းမှာ လွတ်လမ်းမရှိဘူး … မင်းက သန်မာကောင်း သန်မာလိမ့်မယ် … ဒါပေမယ့် မင်း ဒီလိုမျိုး နေနိုင်လည်း အလွန်ဆုံးရှိလှ ခုနစ်ရက် တစ်ပတ်ပေါ့ … ပြီးရင် မင်းမှာ ပြဿနာရှာနိုင်ဦးမယ့် ခွန်အားမျိုး ရှိဦးမယ်ဆိုတာ ငါမယုံဘူး ….”
“ ခင်များတို့ရဲ့ နည်းပရိယာယ်တွေက တော်တော်လေး ကောက်ကျစ်တာတော့ ဝန်ခံရမယ် … သာမန်လူသာဆို သူတို့ တစ်ဘဝလုံး ဆုံးပြီပဲ …”
“ ကောက်ကျစ်တယ်လား … ငါတော့ အံဝင်ခွင်ကျ ဖြစ်တယ်လို့ပဲ ထင်တယ် …”
“ ဒါပေမယ့်မပူနဲ့ … မင်းကို ဒီလောက်မြန်မြန်ကြီး ငါတို့လည်း ပေးမသေပါဘူး … ငါ ခံစားခဲ့ရတဲ့ ဒဏ်ရာတွေ ၊ နာကျင်မှုတွေအကုန်လုံး မင်းကို အတိုးနဲ့ ပြန်မယူပြီးမချင်း မင်း သေလို့ မရသေးဘူး …
“ ဒါဆိုလည်း ကျုပ်စောင့်နေမယ် … အဆုံးကျ ဘယ်သူက သေသွားမလဲ ကြည့်ကြတာပေါ့ ….”
“ စကားမစပ် ငါတို့ မသွားခင် မင်းကို တစ်ခု ထပ်ပြောခဲ့ဦးမယ် …” လျိုယွမ်ချိန် ပြောလိုက်ပြီး “ ငါတို့ ဒီကို ရောက်မလာခင် ကျိုးဟိုင်ရဲ့ တာဝန်ခံနဲ့ ဖုန်းစကားပြောခဲ့ပြီးသား … နှစ်ဖက်လည်း သဘောတူပြီးပြီ … ဒီတော့ အခု မင်းကို ဘယ်သူမှ မကယ်တင်နိုင်တော့ဘူး … ယုတ္တိမရှိတဲ့ မျှော်လင့်ချက်တွေ ထားမနေနဲ့တော့ ….”
“ ခင်များတို့က ကျိုးဟိုင် ရဲတပ်ဖွဲ့ကိုတောင် ဖုန်းဆက်ခဲ့တယ်ပေါ့ ….”
“ ဒါပေါ့ … လုပ်ထုံးလုပ်နည်းတွေဆိုတာ ကျော်သွားလို့မှ မရတာ ….”
“ ဟားဟား ……”
လင်းရီ ဗိုက်နာအောင် ရယ်မောလိုက်၏။ မူလတုန်းက ဤကိစ္စကို သူ့ဘာသူ ကိုင်တွယ်ရန် စီစဉ်ထားခဲ့သော်လည်း တစ်ဖက်သူက ကျိုးဟိုင်ကို ဖုန်းလှမ်းဆက်နေသည်။
မကြာမီ တစ်စုံတစ်ယောက်က ဤပြဿနာကို အနှေးနှင့် အမြန် ဖြေရှင်းပေးလာမှာ ဖြစ်၏။
ဂျလောက် ဂျလောက် …
ထိုအချိန်တွင် မလှမ်းမကမ်းမှ သော့ဖွင့်သံများ ထွက်လာခဲ့ပြီး ဟွမ်စစ်ဟိုင်နှင့် အခြားသူများလည်း မသိစိတ်အလျောက် လှည့်ကြည့်လိုက်ရာ အထဲဝင်လာသည့် လူက ချီရုံချွမ်း ဖြစ်နေသည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရသည်။
သို့သော် ရဲနီယူနီဖောင်းနှင့်တော့ မဟုတ်။
အကျဉ်းသား အဝတ်အစားနှင့် လက်ထိပ်ခတ်လျက် ညှိုးနွမ်းသည့် မျက်နှာငယ်လေးနှင့် အထဲသို့ လမ်းလျှောက်လာခဲ့သည်။
တစ်နာရီပင် မပြည့်လိုက်ဘဲ သူက အကျဉ်းသား တစ်ဦး ဖြစ်လာသည်။
“ ဒါ ဘာတွေ ဖြစ်နေတာလဲ …” ဟွမ်စစ်ဟိုင် အံ့ဩဘနန်း ဖြစ်သွားခဲ့၏။