← Chapters

ရှော့ခ်ရဖို့ကောင်းလောက်တဲ့ ဆုလဒ်

Vol. 147 Ch. 2191

ရှော့ခ်ရဖို့ကောင်းလောက်တဲ့ ဆုလဒ်

Vol. 147 Ch. 2191

ဟွမ်စစ်ဟိုင်နှင့် အခြားသူများမှာ မျက်လုံးအပြူးသား ဖြစ်ရင်း ရှော့ခ်ရနေမိကြသည်။

သူတို့ မျက်စိရှေ့ရှိ မြင်ကွင်းက အိပ်မက်ဆန်လွန်းနေသည်။

ချီရုံချွမ်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီလို အခြေအနေမျိုးနဲ့ ဒီလို နေရာမျိုးမှာ ဘယ်လိုလုပ်ပြီး ပေါ်လာနိုင်စရာ ရှိမှာလဲ …

ထို့နောက်မှာပဲ နောက်ထပ် လူအုပ်ကြီး တစ်အုပ်က ထပ်မံ ပေါ်ပေါက်လာသည်။

ဟွမ်စစ်ဟိုင် တစ်ချက်ကြည့်လိုက်ရုံမျှနှင့် မည်သူဖြစ်ကြောင်းကို ချက်ချင်း မျက်မှန်း တန်းမိသွားခဲ့သည်။

ထိုသူကား ဟော်ကျားရှင်း။

နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်သည့်အပြင် ဖန့်ချိန် ကုန်သည်ကြီးများ အသင်း၏ အသင်းဝင်တစ်ယောက် ဖြစ်သည်နှင့်အညီ ဟော်ကျားရှင်းက မည်သူလဲဆိုတာ သူ မသိလို့ မရပေ။

သို့ပါသော်လည်း ထိုသူက ယခုလို နေရာမျိုးတွင် ထွက်ပေါ်လာလိမ့်မည်လို့တော့ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့။

“ ချီ …. “

“ မပြောနဲ့ …”

ချီရုံချွမ်းက ဟွမ်စစ်ဟိုင်ကို ဖြတ်ပြောလိုက်သည်။ ထို့နောက် သူ့မှာ အခြား သီးသန့် အချုပ်ခန်းထဲသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရ၏။

ဟွမ်စစ်ဟိုင်နှင့် ကျန်သူများမှာ ဆွံ့အရင်း ကျန်နေခဲ့သည်။ ဘာ‌တွေ ဖြစ်နေလဲဆိုတာ သူတို့တွေ နားမလည်နိုင် ဖြစ်နေကြ၏။

တစ်ချိန်တည်းတွင် ဟော်ကျားရှင်းက သူတို့ကို ကြည့်ပြီး သူနှင့် အတူပါလာသည့် လူများကို ပြောလိုက်သည်။

“ ဒီလူတွေကို ဖမ်းလိုက် …”

ဟွမ်စစ်ဟိုင်နှင့် သူ့လူများမှာ ထိတ်ထိတ်ပျာပျာတွေ ဖြစ်ကုန်သည်။

“ ဘာတွေလဲ … မင်းတို့ ဒါဘာလုပ်တာလဲ … ငါတို့ ဘာမှားယွင်းတာမှ မလုပ်ထားဘူး … ငါတို့ကို ဘာလို့ ဖမ်းမှာလဲ …”

“ ဒီအခြေအနေရောက်မှတော့ ‘ဘူး’ခံငြင်းနေလို့ အလကားပဲ … မင်းတို့ကို ဆန့်ကျင်ဖို့ သက်သေတွေ အခိုင်အမာ မရှိဘူးဆိုရင် ငါကိုယ်တိုင်ကိုယ်ကျ ရောက်လာမယ်လို့ ထင်လား … မင်းတို့‌ ခြောက်ယောက်၊ တစ်ယောက်ချင်းစီ ဘာတွေ လုပ်ခဲ့လဲ ငါ ရွတ်ပြရဦးမလား ….”

ဟွမ်စစ်ဟိုင် မျက်နှာ ဖြူလျော်သွားခဲ့သည်။ သူ့နှလုံးက လည်ချောင်းဝသို့ ရောက်လာသည်ဟု ခံစားနေရ၏။

သူ့ဦးခေါင်းကို ကြီးမားလေးလံသည့် တောင်ကြီးတစ်တောင်က ဖိနှိပ်ထားသည့်နှယ် မည်သည့် ခုခံမှုမျှ မပြုနိုင်ခဲ့ချေ။

“ ပြီးတော့ မင်းတို့ခြောက်ယောက်တည်းတင် မကဘူး ... တခြား ပါဝင်ပတ်သက်နေတဲ့ နောက်ထပ် ခြောက်ယောက်ကိုလည်း ဖမ်းဖို့ လူလွှတ်ထားပြီးပြီ … ဒီခု သုတ်သင်ရှင်းလင်းတဲ့ စစ်ဆင်ရေးမှာ မင်းတို့ ဖန့်ချိန် ကုန်သည်ကြီးများ အသင်းက အဓိက ပစ်မှတ်ပဲ … ပြန်ခံပြောနေတာတွေ တော်ပြီး ငါတို့နဲ့ ပူးပေါင်းပေး ... မဟုတ်ရင် မင်းတို့ လက်ရှိ အခြေအနေထက် ပိုဆိုးသွားမယ် ...”

သူတို့ခြောက်ယောက် မတုံ့ပြန်နိုင်ခင်မှာပဲ ဒါဇင်ချီသည့် ယူနီဖောင်းဝတ် တပ်သားများက ရှေ့သို့ ချီတက်လာခဲ့ကာ သူတို့ အကုန်လုံးကို ကြမ်းတမ်းစွာ ဖိနှိပ်ချုပ်နှောင်၍ လက်ထိပ်ခတ်လိုက်ကြသည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က အချုပ်ခန်း တံခါးကို ဖွင့်ပေးလိုက်ပြီး ဟော်ကျားရှင်း အထဲသို့ ဝင်လာခဲ့၏။ လင်းရီရဲ့ လက်ထိပ်များကို ဖြုတ်ပေးရန် လက်ဟန်ပြလိုက်သည်။

“ မေဂျာလင်း … မင်းကို ခက်ခဲစေခဲ့မိပြီ …”

ဟော်ကျားရှင်း၏ လင်းရီကို ခေါ်ဝေါ်လိုက်သည့် အသုံးအနှုန်းကို ကြားတော့ ဟွမ်စစ်ဟိုင်နှင့် အနီးနားရှိနေသူတို့မှာ သူတို့တွေ ထင်ယောင်ထင်မှားဖြစ်ပြီး နားကြားမှားလေသလောဟု တွေးမိကုန်ကြသည်။

“ မင်း … မင်း တကယ်ကြီး ….”

“ ကျုပ် ဘယ်သူလဲဆိုတာတောင် အခုထိ သေချာရှင်းရှင်းလင်းလင်း မသိသေးဘူးပေါ့ … ခင်များတို့ရဲ့ သတင်းအချက်အလက် စုဆောင်းရေးကဏ္ဍကလည်း တယ်ဖျင်းသကိုး ….” လင်းရီ ပြုံးလျက် ပြောလိုက်သည်။ “ ပြီးတော့ ကျုပ်ရဲ့ စစ်တပ် အထောက်အထားကို မသိဘူးဆိုရင်တောင် လင်းယွင်အုပ်စုက နိုင်ငံထဲ ယူနီကွန်းကြီး တစ်ကောင်လို့ ပြောလို့ရတယ် … ခင်များတို့ အကုန်လုံးက စီးပွားရေး လောကရဲ့ ဒိတ်ဒိတ်ကျဲကြီးတွေ ဖြစ်နေလျက်နဲ့ ကျုပ်ကို မမှတ်မိကြဘူးဆိုတော့ … ခင်များတို့ ဦးနှောက်ကို ခွေးစားသွားတာပဲ ဖြစ်ရမယ် ….”

“ မင်း … မင်းက တကယ်ကြီး လင်းယွင်အုပ်စုရဲ့ ဥက္ကဌလင်းလား ….”

“ ခင်များတို့သာ အစောကြီးကတည်းက သိခဲ့ရင် ဒီလောက်ထိ ဒုက္ခများခဲ့မှာ မဟုတ်ဘူး … ခုတော့ အသိနောက်ကျသွားပြီ …”

လူခြောက်ဦးလုံး၏ မျက်နှာအမူအရာများမှာ ပြိုလဲပျက်စီးကုန်ကြသည်။ တစ်ဦးတည်းသောရှိနေသည့် အမျိုးသမီး အဖွဲ့ဝင်ကသာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ ဒါရိုက်တာလင်း … ကျေးဇူးပြုပြီး ငါ့ကို အခွင့်အရေး နောက်တစ်ခါလေးပဲ ပေးပါ … ငါအခု ငါ့အမှားငါ သိပါပြီ … ငါ ဒီလိုမျိုးတွေ ထပ်မလုပ်တော့ပါဘူး ….”

“ ကျုပ်တို့ အားလုံးက လူကြီးတွေပါပဲ … လုပ်ရပ်တိုင်းမှာ အကျိုးဆက်ဆိုတာ ရှိတယ် … ပြီးတော့ ခင်များ အစောပိုင်းတုန်းက ဒီမျက်နှာကြီးနဲ့ဟိတ်ဟန်တစ်ခွဲသား ထုတ်ပြနေတာကို ကျုပ် မမြင်ဘူး မထင်နဲ့ … ခင်များက မရိုးသားဘူး … ဒီတော့ ထပ်မပြောနဲ့တော့ … သူတို့ကို ခေါ်သွားလိုက်တော့ …”

“ ဟုတ်ကဲ့ ….”

ဟွမ်စစ်ဟိုင်နှင့် အခြားသူများမှာ ခေါ်ဆောင်သွားခံလိုက်ရပြီး ဟော်ကျားရှင်းက လင်းရီကို အပြင်သို့ လိုက်ပို့ပေးသည်။

“ လျန်ရူရွှယ် ခင်များကို လွှတ်လိုက်တာလား ….”

ဟော်ကျားရှင်း ပြုံးလျက် ခေါင်းညိတ်ပြလာသည်။ “ အကြီးအကဲလုနဲ့ လူကြီးမင်းရန်ကလည်း ငါ့ဆီ ဆက်သွယ်လာတယ် … ငါတို့ဘက်ခြမ်းက တကယ့်ကို မှားယွင်း ကိုင်တွယ်နေမိခဲ့တာပဲ … ငါတို့ ဒီကိစ္စ တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားမှာပါ ….”

လင်းရီ ပြုံးလိုက်သည်။ “ ဒီကိစ္စကို ကိုင်တွယ်မယ့်လူက ခင်များ ဆိုတော့ ဘာအမှားအယွင်းမှ မရှိလောက်တော့ပါဘူး …”

“ မင်းက လာနောက်နေတာပဲ … ဒါလည်း ငါ့တာဝန် မကင်းဘူးရယ် … ငါ့အမှားငါ သေချာပြန်ပြင်သွားမှာပါ …”

“ ကောင်းတာပေါ့ …”

နှစ်ယောက်မှာ ယဉ်ကျေးသည့် စကားခွန်းအနည်းငယ် ဖလှယ်ပြီး အခြား မည်သည့် အကြောင်းအရာကိုမျှ မပြောဆိုခဲ့ကြချေ။

လင်းရီကလည်း ရပ်ရမယ့် အချိန်ကို သိသည်။ လျန်ရှန့်ဟော်က ပြောလာပြီး ဖြစ်သဖြင့် နောက်ဆက်တွဲ ကိစ္စများကို သူ ဆက်ပြီး စိုးရိမ်ဖို့ မလိုတော့ချေ။

ဟော်ကျားရှင်းက လင်းရီကို နေတဲ့နေရာအထိ လိုက်ပို့ပေးချင်နေသည်။ သို့သော် သူငြင်းလိုက်၏။ တက္ကစီငှားပြီးပဲ ရစ်ဇ်ကာတွန် ဟိုတယ်သို့ ပြန်ဖို့ ဟန်ပြင်လိုက်သည်။

အချိန်က မနက်ခင်း သုံးနာရီကျော်နေလေပြီ။

ကောင်းကင်က လင်းစပြုနေပြီး ညအမှောင်ထုက အရုဏ်ဦး၏ ဖြည်းဖြည်းချင်း ဝင်ရောက်လာမှုကို နေရာဖယ်ပေးနေရသည်။

မှောင်ရီဖျိုးဖျမှုက မည်မျှပင် သိပ်သည်းလေးလံနေပါစေ ၊ ဝါရောလေက ဖြည်းဖြည်းချင်း ပျံ့ကျဲစေလိမ့်မည်။

လင်းရီ ပျင်းရိစွာ အညောင်းဆန့်ရင်း ဖြစ်ပျက်ခဲ့သည်များက အနည်းငယ် မျက်လှည့်ဆန်လှသည်ဟု ခံစားနေရသည်။

သူ တွေးထားခဲ့သည်မှာ အရာအားလုံး ရှင်းရှင်းလင်းလင်း ဖြစ်ရန်အတွက် ဖန့်ချိန်တွင် ရက်အနည်းငယ်ခန့် နေရမည် ဟူ၍ပင်။

ထင်မှတ်မထားစွာဖြင့် တစ်ညနေခင်းတည်းမှာပဲ ပါဝင်ပတ်သက်သည့် လူအကုန်လုံးက သံတိုင်များနောက်သို့ ပို့ခံလိုက်ရကာ အမှုကို ပြီးပြည့်စုံစွာ အဆုံးသတ်သွားစေသည်။ အတွေးသပ်သပ်ကတင် အတော်လေး မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။

[ အရုဏ်ဦး၏ မျှော်လင့်ချက် မစ်ရှင်ပြီးမြောက်သွားပါပြီ ]

[ မစ်ရှင် ဆုလဒ် : အတွေ့အကြုံမှတ် တစ်သိန်းခွဲ ]

[ အလုပ်ပြီးမြောက်နှုန်း : ၆၅ ရာခိုင်နှုန်း ]

[ ဆုလဒ် : ကာဗွန်ချစ်ပ် ဒီဇိုင်း ထုတ်လုပ်ပုံအဆင့်အဆင့် ပုံစံပြာ ]

“ စောက်ကျိုးနည်း …”

စနစ်၏ အသိပေးသံကို စိတ်ထဲ ကြားလိုက်ရတော့ လင်းရီ လွှတ်ခနဲ ကျိန်ဆဲမိသွားသည်။

ဦးစွာအနေနှင့် ယခုလိုအချိန်မျိုးတွင် စနစ် မစ်ရှင် ပြီးမြောက်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

နောက်တစ်ချက်ကတော့ စနစ်ရဲ့ အတော်လေး ထူးခြားသည့် ဆုလဒ်ကြောင့် ဖြစ်၏။

မကြာမီ လင်းရီ ပြန်တည်ငြိမ်သွားခဲ့သည်။ ဘာကြောင့်လဲဆိုတော့ သူ အကြောင်းအရာ တစ်ခုကို သတိပြုမိသွားသောကြောင့် ဖြစ်၏။

စနစ် ဇယားသို့ ဝင်ကြည့်လိုက်သည့် အချိန်တွင် သူ ပြီးမြောက်သွားသည့် မစ်ရှင်က ‘ ကယ်တင်ခြင်း ‘ မစ်ရှင် မဟုတ်ပါဘဲ ထိုအစား ‘ အရုဏ်ဦး မျှော်လင့်ချက် ‘ ဖြစ်နေသောကြောင့်ပင်။

သူ ထင်မှတ်မထားဘဲ အခြားမစ်ရှင်တစ်ခုကို ပြီးမြောက်သွားခဲ့၏။ ဆိုရသော် မစ်ရှင်က လက်ရှိ အမှုနှင့် တစ်မျိုးတစ်ဖုံ ဆက်စပ်နေလေသည်။

သို့ပါသော်လည်း ကယ်တင်ခြင်း ဆိုသည့် မစ်ရှင်နှင့်တော့ သက်ဆိုင်ခြင်း ရှိမနေသည်က လင်းရီကို အတော်လေး အံ့အားသင့်သွားစေခဲ့သည်။

သူ ဤမျှ အလုပ်တွေ ရှုပ်နေသည့် ကြားက သူကြိုးစားနေသည့် အလုပ်များမှာ စနစ်မစ်ရှင် ဟုတ်မနေတာကို သိလိုက်ရတော့ အတော်လေး စိတ်ကသိကအောက် ဖြစ်ချင်စရာ ကောင်းလှသည်။

သို့ပါသော်လည်း အဆိုပါ မကျေနပ်ချက် အသေးအမွှားလေးက အလျင်အမြန် ပျောက်ကွယ်သွားခဲ့၏။

ဘာကြောင့်လဲဆိုတော့ စနစ် ပေးလာတဲ့ မစ်ရှင်က အတော်လေး ထူးခြားနေသောကြောင့်ပင်။

“ စနစ် … မင်းငါ့ကို နောက်နေတာတော့ မဟုတ်ဘူးမလား … မင်းငါ့ကို တကယ်ကြီး ကာဗွန်ချစ်ပ် ဒီဇိုင်း ထုတ်လုပ်နည်း ပုံစံပြာ ပေးလာတယ်ပေါ့ …"

[ကာဗွန်ချစ်ပ် ဒီဇိုင်း ပုံစံပြာက ဖုံးကွယ်ထားတဲ့ မစ်ရှင်အတွက် ဆုလဒ်ဆိုတာ အမှန်ပါပဲ စနစ်ရှင်၊ ကျေးဇူးပြုပြီး စိတ်ချလက်ချနေပါ၊ ပြီးတော့ အကြွေးမထားဘဲ ချက်ချင်း လက်ခံပေးပါ ]

“ အိုကေ … လက်ခံရတာပေါ့ ….”

လင်းရိ သူ့ဘာသူ ကြိတ်ပြီး တွေးလိုက်၏။

၎င်းနောက် ချက်ချင်းပဲ သူ့ဖုန်းထဲသို့ အမည်မသိ မေးလ်တစ်ခု ဝင်လာသည်။

အထဲတွင် ဒါဇင်ချီသည့် ဖိုဒါများ ပါဝင်ပြီး အကုန်လုံးက ကာဗွန်ချစ်ပ် ဒီဇိုင်း ထုတ်လုပ်ရေးအတွက် ပုံစံပြာနှင့် သုတေသနများပင်။

ဤ နယ်ပယ်တွင် အခြေခံလောက်သာ သိသည့် လင်းရီကတော့ များများစားစား မသိသဖြင့် အချိန်ယူပြီး ရှန်းထျန်းကျိုးထံသို့ လွှဲပေးရန်သာ ဆုံးဖြတ်လိုက်သည်။

ဤ သုတေသန ပြီးမြောက်သွားသည်နှင့် လင်းယွင် အုပ်စုက တကယ့်ကို ကမ္ဘာ့ထိပ်သီး စီးပွားရေး လုပ်ငန်းစုကြီး တစ်ခု အမှန်တကယ် ဖြစ်လာနိုင်တော့မယ်ဆိုတာကို လင်းရီ ကြိုပြီး အာရုံရနေခဲ့၏။

Semiconductor နယ်ပယ်တွင် သူတို့ နှုတ်ထွက်စကားက စည်းမျဉ်း ဥပဒေ ဖြစ်သွားမှာဖြစ်ပြီး ကမ္ဘာ့ကျန်သည့်ဘက်ခြမ်းရှိ အခြားသော ကုမ္ပဏီများ တိုက်ခိုက်လာမှာကိုလည်း စိုးရိမ်စရာ မလိုတော့ချေ။

သို့သော် မကြာမီ လင်းရီ၏ စိတ်လှုပ်ရှားနေတဲ့ စိတ်ကလေးများက အချိန်ရပ်တန့်သွားသည့်နှယ် အကြမ်းပတမ်း ရပ်တန့်ခံလိုက်ရသည်။

ဘာကြောင့်လဲဆိုတော့ ကြောက်မက်ဖွယ်ကောင်းသည့် နောက်ထပ် ဖြစ်နိုင်ချေ အတွေးတစ်ခုက ခေါင်းထဲ ဝင်လာခဲ့သောကြောင့်ပင်။

“ စနစ် … ငါ မင်းကို တစ်ခု မေးချင်တာရှိတယ် …”

[မေးပါ စနစ်ရှင် ]

“ မင်း တစ်ခါက တိလိရာ့ကျွမ်းပေါ်မှာရှိတဲ့ ရှေးဟောင်း လူ့အဖွဲ့အစည်းကြီး တစ်ခုကနေ လာခဲ့တာလို့ ပြောတယ်နော်… ပြီးတော့ အခု .. မင်းငါ့ကို ဆုအနေနဲ့ ပေးတဲ့ ဒီပစ္စည်းတွေ … ဒီနည်းပညာတွေက တစ်ချိန်က မင်းတို့ရဲ့ လူ့အဖွဲ့အစည်းကြီး ပိုင်ဆိုင်ခဲ့တဲ့ နည်းပညာတွေလား …”

စနစ်၏ ခွန်းတုံ့ပြန် စကားကို စောင့်မျှော်နေရင်း လင်းရီရဲ့ နှလုံးခုန်နှုန်းက ရူးခါအောင် မြန်ဆန်နေလျက် ရှိသည်။

[ဟုတ်ပါတယ် စနစ်ရှင် ]

All Chapters