← Chapters

သူ့သဘောထားက ဘာသဘောထားမှ မရှိတာပဲ

Vol. 147 Ch. 2193

သူ့သဘောထားက ဘာသဘောထားမှ မရှိတာပဲ

Vol. 147 Ch. 2193

“ ငါလခွမ်း …”

လင်းရီ သူ့နှုတ်သူ မထိန်းလိုက်နိုင်ဘဲ ကျိန်ဆဲလိုက်မိသည်။ ကော်ဖီဆိုင်ထဲရှိ လူများက သူ့အား လှည့်ကြည့် လှည့်ကြည့် လုပ်လာသည်။

လင်းရီ ကိုးရို့ကားယား နိုင်စွာ ပြုံးပြ၍ ထိုလူများကို တောင်းပန်သည့်အနေဖြင့် လက်ပြလိုက်ရသည်။

“ ဒါကြီးက နည်းနည်း အံ့အားသင့်ဖို့ ကောင်းလွန်းမနေဘူးလား …” လင်းရီ အာမေဋိတ်သံဖြင့် ပြောလိုက်သည်။ “ မိသားစု တစ်ခုလုံးကို ဒီလို အမြင့်မျိုး ရောက်အောင် ဆွဲခေါ်လာနိုင်တဲ့အထိဆိုတော့ ဘယ်လို ဂျီးနီးယပ်စ်မျိုးပါလိမ့် …”

လင်းရီ စိတ်ရင်းအမှန်နှင့် ချီးမွမ်းနေခြင်းပင်။ အကယ်၍ သူသာ စနစ်၏ အကူအညီ မရှိပါဘူးဆိုပါက ဘယ်နေရာမှာ အုတ်သွားသယ်နေရမလဲ သူလည်း မသိ။

လင်းယွင် အုပ်စုကြီးကို ယနေ့လို အဆင့်အတန်းမျိုး ရောက်အောင် တွန်းပို့ဖို့ဆိုသည်မှာ ဝေလာဝေးဖြစ်၏။

နှိုင်းယှဉ်လိုက်မည်ဆိုပါက ရှောင်းတုံးဟွာနှင့် ကုဖုန်းကျယ်တို့မှာ သူ့ထက်ကို ပိုပြီး အံ့အားသင့်ဖို့ကောင်းသည်။

“ နင် အဲ့လောက်ထိလည်း နှိမ့်ချနေစရာ မလိုပါဘူး … သူတို့က အံ့ဩဖို့ကောင်းတယ်ဆိုပေမယ့် နင်နဲ့ယှဉ်ရင်တော့ လိုနေပါသေးတယ် … အဲ့ဒီ ခေတ်အခါတုန်းက ဟွာရှရဲ့ စီးပွားရေး ကဏ္ဍ ဆက်တိုက်တိုးတက်ဖွံ့ဖြိုးနေတဲ့ အရှိန်အဟုန်ကြောင့်သာ မဟုတ်ရင်၊ ပြီးတော့ ဖန့်ချိန်၍ အထူးအခြေအနေကြောင့်သာ မဟုတ်ရင် သူတို့လည်း ဒီလိုမျိုး အခြေအနေထိ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး …”

လျန်ရူရွှယ်၏ မျက်ဝန်းတို့ထဲ ဂုဏ်ယူနေမှု တစ်ချို့ကို မထင်မှတ်ဘဲ မြင်တွေ့နိုင်သည်။ လင်းရီ၏ ထူးချွန်ပြောင်မြောက်မှုက လူအနည်းငယ်သာလျှင် နှိုင်းယှဉ်သာသည့် အရာဖြစ်၏။

“ ရပြီ … တော်တော့ … ငါ့ကို လေပေါ်တက်အောင် လုပ်မနေနဲ့တော့ ….” လင်းရီ ပြောလိုက်ပြီး “ စောနကအကြောင်း ဆက်ပြောဦး … ဒါမှပဲ ပုံရိပ်ကားချပ်ကို ရှင်းရှင်းလင်းလင်း မြင်ယောင်ကြည့်လို့ရမှာ ….”

လျန်ရူရွှယ်က သူမ၏ အမူအရာကို တည်တံ့ပြီး စကားဆက်သည်။ “ အခု ရှောင်းတုံးဟွာနဲ့ ကုဖုန်းကျယ်တို့က အသက်ရလာပြီဆိုတော့ မိသားစုရဲ့ ရှေ့တန်းနေရာကနေ ဆုတ်ခွာပြီး သူတို့ မိသားစု စီးပွားရေး လုပ်ငန်းတွေကို သားတွေဖြစ်တဲ့ ရှောင်းကျန်းရဲ့ နဲ့ ကုဟိုင်ချောင်တို့ဆီ လွှဲပြောင်းပေးလိုက်တယ် … ဒီနှစ်ယောက်အကြောင်းကတော့ ထွေထူး ပြောစရာ မရှိပါဘူး … သူတို့ အဖေတွေလောက် မစွမ်းဆောင်နိုင်ဘူးဆိုပေမယ့် ရှိထားတဲ့ အရင်းအမြစ်တွေနဲ့ဆိုတော့ အတော်လေး ဖြုံဖို့တော့ ကောင်းတယ် ….”

“ ဘယ်လောက်ထိလဲ ….”

“ နင် မေးလာမယ်လို့ ငါသိသားပဲ …” လျန်ရူရွှယ်က ရယ်မောလိုက်ပြီး “ ငါ စောနလေးတင် အမေ့ဆီ ဖုန်းခေါ်ပြီး သူတို့နှစ်ယောက် အကြောင်း မေးကြည့်တာ ပြောတာတော့ အတော်လေး မဆိုးဘူးဆိုပဲ … နှစ်ယောက်လုံးက ဟွာရှရဲ့ ငွေကြေးစီးပွားရေးနယ်ပယ်မှာ ထိပ်တန်းပုံရိပ်ကြီးတွေ …”

“ အင်း ….” လင်းရီ မေးစေ့ကို ပွတ်သပ်၍ “ ငါ့ ယောက္ခမကြီးကတောင် အဲ့လို ပြောလာတယ်ဆိုတော့ တော်တော်လေး အထင်ကြီးဖို့ကောင်းလို့ပဲ ဖြစ်ရမယ် …”

“ ဒါပေမယ့် အဓိက ပြဿနာက သူတို့နှစ်ယောက်မဟုတ်ဘူး … သူတို့ရဲ့ သား၊ ရှောင်းတုံးဟွာနဲ့ ကုဖုန်းကျယ်တို့ရဲ့ မြေးတွေ ….” လျန်ရူရွှယ် ပြောလိုက်သည်။

“ တစ်ယောက်က ရှောင်းယွမ်ကျယ် ၊ နောက်တစ်ယောက်က ကုချင်းဖျင် ၊ နှစ်ယောက်လုံးက အရင် ကျုံးဝေ့တပ်ဖွဲ့ အသင်း ၄ အဖွဲ့ဝင်ဟောင်းတွေ … ကျန်တာကိုတော့ ငါ မပြောတော့ဘူး … ဒီလောက်ဆို နင် နားလည်ပြီမလား ….”

ရုတ်ချည်း သဘောပေါက်သွားသည့်နှယ် လင်းရီ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ “ အကြီးအကဲလုက အသင်း ၄ ကို ဖျက်သိမ်းခဲ့တာဆိုတော့ သူတို့ ဖွံ့ဖြိုးတိုးတက်မယ့် လမ်းကြောင်းကို ဖျက်စီးလိုက်သလို ဖြစ်သွားတာပေါ့ … မှန်တယ်မလား …”

“ တော်တယ် …” လျန်ရူရွှယ် မှတ်ချက် ပေးလိုက်သည်။ “ နင်က ချန်တူးမှာ ရှိနေခဲ့တာဆိုတော့ ကျိုးနဲ့ကျူးမိသားစုရဲ့ တည်ရှိမှုက သူတို့ကို အတော်လေး အခြိမ်းအခြောက် အဟန့်အတား ဖြစ်စေတယ် … ပြီးတော့ ဒီလူတွေကလည်း လက်စားချေဖို့ကလွဲပြီး ကျန်တာ ဘာမှ မလုပ်ချင်တဲ့လူတွေ ဆိုတော့ ပြဿနာ မရှာကြတာ … အခု ဒီရဲ့ ဖန့်ချိန်ကုန်သည်ကြီးများ အသင်းကိစ္စနဲ့ ပတ်သက်လာပြီဆိုတော့ သူတို့ အခွင့်အရေး မြင်သွားကြပြီ …”

“ လက်ရှိမှာ ဦးလေးဟော်က ဝဲဂယက်ရဲ့ အလယ်မှာ … တကယ်လို့ သူသာ ဆက်ပြီး ဒီကိစ္စကို စီမံနေဦးမယ်ဆိုရင် သူ့နေရာလည်း ကြာကြာမြဲတော့မှာ မဟုတ်တာ သေချာတယ် … တကယ်လို့ သူက မကိုင်တွယ်ဘူးဆိုရင်လည်း ချီရုံချွမ်းနဲ့ ဟွမ်စစ်ဟိုင် ဘာတွေ လုပ်ကြမလဲဆိုတာ နင်က ပိုပြီး သိမှာပေါ့ …”

လင်းရီ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ “ ဒါကြောင့်မို့ အခု ငါ့ကို ဟော်ကျားရှင်းနဲ့အတူ အမှုဖြေရှင်းစေချင်တယ်ပေါ့ …”

“ ဟုတ်တယ် … ဦးလေးဟော်ရဲ့ ရာထူးက အရေးကြီးတယ် … တကယ်လို့ သူသာ ရာထူးကျသွားခဲ့မယ်ဆိုရင် ကွမ်တုံးစီရင်စုအပေါ် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားပြီလို့ ဆိုလိုတာပဲ … အဲ့ဒီအတွက် ပေးရဆပ်မယ့်ကြေးက ဘာလဲ နင်သိပါတယ် …”

“ ငါ သဘောပေါက်တယ် …”

“ ဒါဆို အခု … နင် ဦးလေးဟော်နဲ့အတူ ပူးပေါင်းပြီး ဒီကိစ္စကို ဘယ်လိုမျိုး စီစဉ်မယ် ... ဒါမှမဟုတ် ဘယ်အဆင့်ထိရောက်အောင် လုပ်မယ်ဆိုတာ ကြည့်လုပ်လိုက် … ပြီးရင် ဆုံးဖြတ်ချက်ချ … တကယ်လို့ …. “ လျန်ရူရွှယ် စကားကို ခေတ္တရပ်နားထားလိုက်ပြီး

“ တကယ်လို့ လိုအပ်တယ်ဆိုရင် နင် အကြီးအကဲလုကို သူ့ အမြင်ဘယ်လိုရှိလဲ မေးလို့ရတယ် …”

“ ဒီခုလို အခြေအနေမျိုး ဖြစ်နေတာတောင် သူ့ဆီက ဖုန်းတစ်ချက် ဆက်မလာတာကို ကြည့်ရင် သူ့ သဘောထားက ဘယ်လိုဖြစ်တယ်ဆိုတာကို သွယ်ဝိုက်ညွှန်းဆိုနေပြီးသားပဲလေ …”

“ အိုး … ဒါဆို အကြီးအကဲလုရဲ့ သဘောထားက ဘာလဲ …”

“ သူ့သဘောထားက ဘာသဘောထားမှ မရှိဘူးဆိုတာပဲလေ …” လင်းရီ ရယ်မောလိုက်သည်။

“ ကဲ .. ဒီလောက်ပဲ စကားပြောကြတာပေါ့ .. ငါ့ကို ဟော်ကျားရှင်းရဲ့ နံပါတ် ပို့ပေးလိုက်ဦး … ငါသူ့ကို သွားရှာလိုက်မယ် …”

“ အိုကေ …”

အဓိကပြဿနာကို ဆွေးနွေးပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။ ထို့နောက် ဝီချက်မက်ဆေ့ချ်တစ်စောင် ရောက်လာသည်။ ဟော်ကျားရှင်းရဲ့ နံပါတ် ပို့ပေးလာခဲ့ခြင်းပင်။

လင်းရီ သူ့ ကော်ဖီခွက်ကို အပြတ်ဖြတ်ပြီးနောက် ပျင်းရိစွာ အညောင်းဆန့်လိုက်သည်။

ဤအမှုက တကယ့်ကို မှော်မျက်လှည့်ဆန်သည့် အရာဖြစ်၏။

ကြီးမားသည့် ပြဿနာတို့ အမြောက်အများ ပါဝင်နေသည်ကလည်း စိတ်ဝင်စားစရာပင်။

ဟော်ကျားရှင်း၏ နံပါတ်ကို ရရှိပြီးနောက် လင်းရီ ဆက်သွယ်ရန် အလျင်မလိုသေးဘဲ သူ့ အခန်းသို့ ပြန်လာခဲ့ကာ ကူရိရန်နှင့် ကျန်သူများကို နှုတ်ဆက်လိုက်သည်။

“ နင်က မပြန်သေးဘူးပေါ့ …” ကူရိရန်၏ အမူအရာက အံ့အားသင့်သွားခဲ့သည်။

“ လုပ်စရာ ကိစ္စလေး ပေါ်လာလို့ … ငါ ဒီမှာ ရက်နည်းနည်းလောက် ထပ်နေဦးမယ် …”

“ အစ်ကိုရီ … ရှင်က ကျွန်မနှလုံးသားထဲမှာ သူရဲကောင်းကြီးပဲ … စိတ်ခံစားချက်တွေဖို့ အမြဲတမ်း အခန်းနေရာရှိတယ် … ကျွန်မ သိပ်အားကျတာပဲ … ကျွန်မလည်း အစ်ကို့လိုမျိုး နေချင်လိုက်တာ …”

“ ငါမင်းကို နှစ်သိန်းချေးပေးလိုက်မယ် … ပြီးရင် ငါ့လိုမျိုး ပျော်ရွှင်ခံစားကြည့်လို့ရပြီလေ …”

“ ကိုယ့်အထောက်အထားကိုလည်း ဂရုစိုက်ဦး … တစ်ယောက်ယောက် ဓာတ်ပုံခိုးရိုက်သွားမှ ဟုတ်ပေ့ဖြစ်နေမယ် …” ကူရိရန် ပြောလိုက်ပြီး “ ငါတို့ အကုန်လုံး နင့်ကြောင့်နဲ့ အရှက်မကွဲစေနဲ့ …”

“ မပူစမ်းပါနဲ့ … ငါဆိုတာ မြစ်ကို ဖိနပ်ရေမစိုဘဲ နှစ်တွေအကြာကြီး ဖြတ်သန်းလာခဲ့တဲ့ကောင်ပါကွ ….”

ကူရိရန် မျက်လုံးသာ လှန်လိုက်သည်။ “ ငါတို့ အရင်ပြန်နှင့်ပြီ … စောစောပြန်လာခဲ့ …. နေ့တိုင်းနေ့ အဲ့တာချည်းပဲ ထမင်းမေ့ဟင်းမေ့ လုပ်မနေနဲ့ဦး …”

“ အေးပါ …”

ခေတ္တ စကားပြောဆိုပြီးနောက် လင်းရီ သူတို့ သုံးယောက်ကို ကားထံသို့ လိုက်ပို့လိုက်သည်။

သူ့အတွက်သူကတော့ … ဟော်ကျားရှင်းရဲ့ လိပ်စာအကြောင်း မေးမြန်းပြီး တက္ကစီငှား၍ ထွက်လာခဲ့လိုက်လေသည်။

လင်းရီ ထွက်ခွာသွားပြီးနောက် မကြာမီ လင်းဟန်နဲ့ သူ့အဘိုး လီဝန်ကျွင်းတို့က ဓာတ်လှေကားထဲမှ ထွက်လာခဲ့ပြီး စားသောက်ဆိုင်ထဲ ဝင်လာခဲ့ကြသည်။

နှစ်ဦးလုံး၏ မျက်နှာအရောင်မှာ အားအင်တက်ကြွမှုကင်းမဲ့နေသည်။ လီဝန်ကျွင်းက သူ့မြေးမလေး၏ အခြေအနေကို ဆက်တိုက် အကဲခတ်နေလျက် ရှိသည်။

ဟင်းပွဲများ ရောက်မလာခင်အထိ လင်းဟန် စကားတစ်ခွန်းမျှ မဆိုချေ။

“ ဘာတွေ စိတ်ဓာတ်ကျနေတာလဲ မြေးရဲ့ …” လီဝန်ကျွင်း မေးမြန်းလိုက်ပြီး “ အဲ့ကိစ္စအကြောင်း တွေးနေတုန်းပဲလား ….”

လင်းဟန် ခေါင်းညိတ်လိုက်သည်။ “ ခက်ခဲလွန်းတယ် … သမီး တစ်ညလုံးလည်း စဉ်းစားခဲ့ပြီးပြီ ….”

“ အခုထိ စိတ်မဆုံးဖြတ်နိုင်သေးဘူးပေါ့ …”

အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် လင်းဟန် အသက်ပြင်းပြင်းရှူသွင်း၍ ညင်သာစွာ ပြောလိုက်၏။

“ ဒါက တစ်ခုတည်းသော အခွင့်အရေးပဲ … သမီး ကြိုးစားကြည့်ချင်တယ် …”

……….

မိနစ် လေးဆယ်ခန့် ကြာပြီးသည့်နောက် လင်းရီသည် တက္ကစီစီး၍ အစိုးရ အဆောက်အဦးသို့ ရောက်ရှိလာသည်။

အထဲသို့ မသွားမီ လျှာထုပ်ဦးထုပ်နှင့် မာ့စ်တပ်လိုက်သည်။

လျန်ရူရွှယ် ပြောသည့်အတိုင်းဆိုပါက ကွမ်တုံး စီရင်စု တစ်ခုလုံးက ဧရာမ ရေဝဲကတော့ကြီး ဖြစ်ပြီး ဟော်ကျားရှင်းက အန္တရာယ်အများဆုံး နေရာတွင် ရောက်နေသည်။ သူက မရေမတွက်သည့် လူများ ရှိနေသည့် ဘက်ခြမ်း၌ အသားထဲ နစ်ဝင်နေသည့် ဆူးတစ်ချောင်း ဖြစ်လာခဲ့သည်။

သူ့လှုပ်ရှားမှုတိုင်းကိုမရေမတွက်နိုင်သည့် မျက်လုံးတို့က စောင့်ကြည့်နေကြ၏။ အကယ်၍ သူသာ သူ့ကိုယ်သူ နည်းနည်းလောက် ရုပ်မဖျက်ဘူးဆိုပါက လျှို့ဝှက်စွာ စောင့်ကြည့်နေကြသူများက သူ့ကို မြင်တွေ့သွားနိုင်ပြီး ကိစ္စများကလည်း ခက်ခဲလာနိုင်သည်။

အစိုးရအဆောက်အဦးထဲသို့ ရောက်လာသည်တွင် အတွင်းရေးမှူးက လင်းရီကို လာရောက် ကြိုဆိုပြီး ဟော်ကျားရှင်း၏ ရုံးခန်းထဲသို့ ခေါ်သွားပေးသည်။

“ အန်ကယ်ဟော် … ကျုပ်တို့ ထပ်တွေ့ကြပြန်ပြီနော်….”

ရုံးခန်းထဲသို့ ရောက်လာရင်း လင်းရီ လက်ဆန့်တန်း၍ ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။

ဤသည်က သူတို့၏ ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်၏။ လင်းရီက ပို၍ ယဉ်ကျေးပြနေခဲ့ပြီး သူ၏ ရပ်တည်မှုနှင့် နေရာကို အတည်ပြုပေးလိုက်သည်။

သူတို့ကြားတွင် ယုံကြည်မှုများ မရှိပါက ယနေ့ တွေ့ဆုံမှုကလည်း အဓိပ္ပာယ်မရှိ ဖြစ်သွားလိမ့်မည်။

ဟော်ကျားရှင်းမှာ စစချင်းတွင် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ လင်းရီထံမှ ယခုလို အပြုအမူမျိုးကို သူ မမျှော်လင့်ထားခဲ့။ ထို့နောက်တွင်တော့ သူ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

မူလတုန်းက သူ လင်းရီအကြောင်း ဂဃနဏ မသိသေး။ သို့သော် သူ့အကြောင်း ညတွင်းချင်း လေ့လာပြီးနောက် သူ့မှာ အံ့အားမဆုံး ဖြစ်သွားခဲ့ရသည်။

ဤမျှ အသက်ငယ်ငယ်လေးနှင့် ထိုကဲ့သို့ အဆင့်အတန်း နေရာမျိုးသို့ ရောက်ရှိနေခြင်း။

ယခု သူ ရောက်ရှိနေသည့် နေရာအမြင့်က လူအများစု သူတို့တစ်သက်လုံး ကြိုးစား၍ပင် လက်လှမ်းမမီနိုင်သည့် နေရာဖြစ်သည်။

All Chapters