နိုင်ငံရေးဩဇာက သေနတ်ပြောင်းကြောင့် ပိုပြီးတန်ခိုး ထွားတယ်
Vol. 147 Ch. 2194
“ မင်းရောက်လာပြီပဲ … ကောင်းတယ် ကောင်းတယ် …”
ဟော်ကျားရှင်းက လင်းရီကို ဆိုဖာသို့ ထိုင်ရန် ဖိတ်မန္တက ပြုလုပ်ပြီး လက်ဖက်ရည်တစ်ခွက်ပင် ဖျော်လိုက်သည်။ သူ့အား အပြင်လူကဲ့သို့ သဘောမထားကြောင်း ပြောပြနေသည်။
“ စုံစမ်းစစ်ဆေးတာက ဘယ်အတိုင်းအတာအထိ ရောက်နေပြီလဲ … အခက်အခဲတွေ ဘာတွေရော ကြုံသေးလား …”
“ ပုံမှန်ဆိုရင်တော့ ချီရုံချွမ်းနဲ့ ဖန့်ချိန်ကုန်သည်ကြီးများ အသင်း တစ်သင်းလုံး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးခံရမှာ … ဒါပေမယ့် ဒီကိစ္စက ဖိနှိပ်ခံလိုက်ရတယ် … စုံစမ်းစစ်ဆေးမှု ဘယ်အတိုင်းအတာအထိ သွားနိုင်မလဲဆိုတာကတော့ ငါလည်း သေချာ မသိဘူး ..”
“ ချီရုံချွမ်း ကျူးလွန်းထားတဲ့ ပြစ်မှုတွေနဲ့ဆိုရင် သူ့ကို အနည်းဆုံး ထောင်ဒဏ် နှစ် ၂၀ လောက်တော့ ချသင့်တယ် …”
“ အင်း … ပုံမှန်ဆိုရင်တော့ ဟုတ်တာပေါ့ … ဒါပေမယ့် အခုတော့ မဖြစ်နိုင်ဘူး …” ဟော်ကျားရှင်းက အားတင်းပြုံးပြလိုက်သည်။ “ ဘာကြောင့်လဲတော့ ငါ မပြောတော့ဘူး ….”
“ အတော် အတင့်ရဲနေကြတာပဲ … ဒီကိစ္စကိုတောင် ဖိနှိပ်ဝံ့နေတယ် ..”
“ ဒါကြောင့်မို့ ငါတို့ရဲ့ အနေအထားက အတော်လေး ကိုးရို့ကားယား နိုင်နေတာ …” ဟော်ကျားရှင်းက ခါးသီးသည့် ရယ်သံတစ်ချက်နှင့် ဖြည့်စွက်ပြောလိုက်၏။
“ ပုံမှန်ဆို ဟွမ်စစ်ဟိုင်နဲ့ သူတို့ ဆယ့်နှစ်ယောက်တင် မကဘူး … ဖန့်ချိန်ကုန်သည်ကြီးများ အုပ်စု တစ်ခုလုံး စုံစမ်းစစ်ဆေးခံရမှာ … ဒါပေမယ့် အခုတော့ ဟွမ်စစ်ဟိုင်နဲ့ သူ့အုပ်စုကိုတောင် ဘာမှလုပ်ဖို့ မဖြစ်နိုင်တော့ဘူး … နောက်လေးငါးရက်လောက်နေရင် ပြန်လွှတ်ပေးရတော့မှာ …”
“ ဒါပေမယ့် ထာဝရကျေးရွာအမှုမှာ သူတို့က ဝယ်သူတွေလေ … ဒီကိစ္စ ကျိန်းသေပေါက် စီရင်ခံရသင့်တယ် မဟုတ်ဘူးလား …”
“ ခိုင်မာတဲ့ သက်သေအချက်အလက်တွေ မရှိဘူး …”
“ ကျုပ်ဆီမှာ ရှိတယ် …” လင်းရီ ပြောလိုက်ပြီး “ တရားခံ လျိုဟွာရှန်းမှာ သူတို့ ၁၂ ယောက် နာမည် မှတ်တမ်းတင်ထားတဲ့ မှတ်စုစာအုပ် တစ်အုပ်ရှိတယ် … အဲ့တာက သက်သေတစ်စိတ်တစ်ပိုင်းပဲ ….”
“ ဒါပေမယ့် သက်သေက မလုံလောက်ဘူး … သူတို့ကို နာမည်ဖျက်တာဆိုပြီး ခုခံလို့ရတယ် … ဒါမှမဟုတ် နာမည်ချင်းတူတဲ့ လူလို့လည်း ပြောလာနိုင်တယ် ….”
“ လွယ်ပါတယ် … လျိုဟွာရှန်းကို ခေါ်လာခဲ့လိုက်ရင် သက်သေတွေက ပိုပြီးတောင် ခိုင်မာသွားဦးမယ်….”
“ အဲ့တာက မဖြစ်နိုင်တော့ဘူး … ငါအခုလေးတင် သတင်းရတာ လျိုဟွာရှန်း သေသွားပြီ …”
“ သေပြီ ...” လက်ဖက်ရည်ခွက် ကိုင်ထားသည့် လင်းရီလက်တို့ အနည်းငယ် တုန်ခါသွားခဲ့သည်။ “ ဘယ်သူ လုပ်တာလဲ …”
ဟော်ကျားရှင်းက အဓိပ္ပာယ်ပါပါ ပြုံးပြ၍ “ ကိုယ့်ဘာကိုယ် သတ်သေတာ … ဒါပေမယ့် မင်းယုံလား …”
လင်းရီလည်း ရယ်မောလိုက်သည်။ “ ဒီခုပုံစံကို ကြည့်လိုက်ရင် ဖန့်ချိန်ကုန်သည်ကြီးများအသင်းက အားလုံးကို လိုက်ပြီး လှုံ့ဆော်ပေးနေတဲ့လူဆိုတာ အရှင်းကြီးပဲ ….”
“ အဲ့လိုပြောလို့ရတယ် .. ဒါပေမယ့် ဒါက ဧရာမ ကျောက်တောင်ကြီး … ငါတို့ လှုပ်ခါလို့ ၊ ရွေ့လို့ မရဘူး …” ဟော်ကျားရှင်း ပြောလိုက်၏။ “ ပြီးတော့ … ဖမ်းမိထားတာက ဟွမ်စစ်ဟိုင်တို့ ခြောက်ယောက်တည်းပဲ … ကျန်တဲ့ ခြောက်ယောက်က အလုပ်ခရီးထွက်နေကြလို့ ပြန်မလာကြသေးဘူး … ဒီခုလို အခြေအနေမျိုးမှာ သူတို့တွေ ပြန်လာဦးမှာ မဟုတ်ဘူးလို့ ငါယုံတယ် … သူတို့က ရေနွေးပူမကြောက်တဲ့ ဝက်အသေကောင်တွေလိုမျိုးပဲ … ကိုင်တွယ်နိုင်မယ့် နည်းလမ်းမရှိဘူး ….”
“ အခြေအနေက ကျုပ်စိတ်ကူးထားတာထက်တောင် ပိုပြီး ပြဿနာတက်နေတာပဲ…”
“ ဘာလို့ဆို ပါဝင်ပတ်သက်နေတဲ့အရာတွေ တအားများနေလို့ပဲ … ရှန်းဝေ့ရဲ့ လူမိုက်အင်အားစုတွေလည်းပါနေတော့ တော်တော့်ကို ရှုပ်တယ် …”
“ရှန်းဝေ့ရဲ့ လူမိုက်အင်အားစုတွေ ဟုတ်လား …”
“ မင်း နည်းနည်းပါးပါး သိထားမယ်လို့ ငါထင်တယ် … သူတို့တွေက သတ္တိကောင်းပြီး အကြောက်အရွံ့မရှိဘူး … နေရာအရွယ်အစားက သေးငယ်တယ်ဆိုပေမယ့် သူတို့ရဲ့ လွှမ်းမိုးမှုကတော့ ပါမွှားလေး မဟုတ်ဘူး …” ဟော်ကျားရှင်း ရှင်းပြလိုက်သည်။
“ ကွမ်တုံးစီရင်စုမှာရှိတဲ့ လူမိုက်အင်အားစုတွေရဲ့ ခေါင်းဆောင်နာမည်က ကျန်းကျားဟော် … ရှန်းဝေ့ဒေသခံပဲ … ပြီးတော့ သူနဲ့ ဖန့်ချိန်ကုန်သည်ကြီးများ အသင်းက နီးနီးကပ်ကပ် ချည်နှောင်ထားတာ … ဒါကြောင့်မို့ လျိုဟွာရှန်း သေသွားတာက တစ်စုံတစ်ယောက် စီစဉ်ထားတာလို့ သံသယရှိတာပဲ …”
“ လျိုဟွာရှန်းက ဖမ်းခံထားရပြီးတာကိုတောင် သူ့ကို တိတ်တိတ်လေး လက်စတုံးလိုက်နိုင်တယ်ဆိုတော့ တကယ်လည်း အတော့်ကို အစွမ်းအစရှိတယ် ပြောရမယ် ….”
“ ဒါကြောင့်မို့ ဒီပြဿနာက ဆံပင်တစ်ချောင်းဆွဲပြီး တစ်ကိုယ်လုံးကို ဖယ်ရှားရမှာ … ငါတို့ နည်းနည်းချင်း တစ်ခုချင်းစီ ဖြေရှင်းဖို့လိုတယ် …”
“ ကျုပ် နားလည်ပါတယ် … ဟွမ်စစ်ဟိုင်ကနေ အရင်စလိုက်ကြတာပေါ့ …” လင်းရီ တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြီး မေးလိုက်သည်။
“ အန်ကယ်ဟော် … အဲ့ဒီ ခြောက်ယောက်က ဘယ်နေရာကို အလုပ်ခရီးထွက်သွားလဲ သိလား …”
“ မြို့တွေကိုပဲ သိတယ် … အသေးစိတ် အချက်အလက်တော့ ငါလည်း မသိဘူး … သူတို့ ကုမ္ပဏီတွေက မပြောကြဘူး ….”
“ ဟမ် … မပြောဘူးပေါ့ … မှတ်လောက်သားလောက်အောင် ရိုက်ခံသင့်တဲ့ကောင်တွေပဲ …”
ဟော်ကျားရှင်း၏ အမူအရာ ပြောင်းလဲသွားသည်။ “ ငါတို့ အကြမ်းဖက်တဲ့နည်းတွေ သုံးလို့မရဘူးနော်… ဆူဆူညံညံတွေ လုပ်တာက အခြေအနေကို ပိုပြီးပဲ ဆိုးသွားစေမှာ …”
“ ဒီ အခြေအနေအထိ ရောက်လာပြီးမှတော့ တခြားနည်းလမ်းတွေမှ မရှိတော့တာ အန်ကယ်ရာ …”
လင်းရီ လက်ဖက်ရည်ကို တစ်ကျိုက်သောက်လိုက်ပြီး “ လူတွေပြောကြတယ်မလား … နိုင်ငံရေး အာဏာက သေနတ်ပြောင်းဝကြောင့် ပိုပြီး ကြီးထွားလာတယ် … အနုနည်းနဲ့ ကိုင်တွယ်တာက တစ်ချို့ကိစ္စတွေမှာကျ အလုပ်မဖြစ်ဘူး ….”
ကနေဦးတုန်းက ဟော်ကျားရှင်းမှာ လင်းရီအကြောင်း သေချာမသိ၍ ပြောရင်းဆိုရင်း ၊ စကားအစ်ဖို့ လုပ်ထားခဲ့သည်။
ယခုတော့ … ထိုသို့ လုပ်စရာ မလိုတော့။
“ ဒါပေမယ့် အဲ့လိုဆိုရင်တောင် အကြီးအကဲလုနဲ့ တိုင်ပင်တာက ပိုပြီး ကောင်းမယ်ထင်တယ် …”
“ မလိုဘူး … ဒီကိစ္စကို ကျုပ်စိတ်ကြိုက် ကိုင်တွယ်ဖို့ သူ သွယ်ဝိုက်ပြီး ခွင့်ပြုထားပြီးပြီ … အန်ကယ်ဟော် … ခင်များ ဘာမှ မပူနဲ့ … ကျုပ် တာဝန်ယူတယ် …”
စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်ပြီးနောက်တွင် ဟော်ကျားရှင်း ပြောလိုက်သည်။
“ ကောင်းပြီလေ … ဒီမှာစောင့်နေ … ငါမင်းဖို့ သူတို့ရဲ့ အချက်အလက်တွေ သွားယူလာခဲ့ပေးမယ် …”
“ ဟုတ်ကဲ့ …”
ဟော်ကျားရှင်း သူ့ဖုန်းကို ကောက်ကိုင်၍ သူ့အတွင်းရေးမှူးနံပါတ်ကို ဆက်သွယ်လိုက်ပြီး တာဝန်ကို ညွှန်ကြားလိုက်သည်။
“ ကဲ လက်ရှိ ဖြစ်နေတဲ့ ပြဿနာကတော့ ဒီလိုပဲ ... မင်း ဘယ်လိုဆက်လုပ်ဖို့ စီစဉ်ထားလဲ … “
“ ပုံမှန်အတိုင်း စုံစမ်းစစ်ဆေးဖို့ လုပ်ရမှာပေါ့ …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ခင်ဗျား ဝင်မပါနဲ့ …. မလိုအပ်တဲ့ အာရုံစူးစိုက်မှုတွေကို ဆွဲဆောင်မှုသွားရင် ဆိုးသွားလိမ့်မယ် … ကျုပ်ပဲ ကိုင်တွယ်မယ် …”
“ အဲ့လိုတော့ ဘာဖြစ်မှာ … လုပ်မယ့်လုပ် ငါတို့အတူလုပ်ရမှာပေါ့ ….” ဟော်ကျားရှင်း ခေါင်းမာနေသည်။
လင်းရီ ငြင်းဆန်စွာဖြင့် ခေါင်းယမ်းလိုက်၏။
“ ကျုပ် ကြိုပြောနိုင်တယ် … ဒီကိစ္စ ပြီးသွားတာနဲ့ သုတ်သင်ရှင်းလင်းတဲ့ စစ်ဆင်ရေးတစ်ခုက မလွှဲရှောင်သာပဲ လုပ်ရမှာ .. ဒါပေမယ့် ဒီလူတွေအားလုံးကို ချက်ချင်းကြီး အပြည့်အဝ ကိုင်တွယ်ဖို့က မဖြစ်နိုင်ဘူး … သူတို့ဘက်က သူဌေးဖြစ် ခွေးဖြစ် ပုံအောလာခဲ့ရင် ခင်များကို ဆွဲချသွားဖို့က အလွယ်လေးပဲ …. အဲ့လိုဖြစ်သွားခဲ့ရင် မတန်ဘူး … ကျုပ်ကို သတင်းအချက်အလက်နဲ့ လိုအပ်လာရင် အထောက်အပံ့တစ်ချို့ ပံ့ပိုးပေးရင် ရပြီ ….”
“ ငါ သဘောပေါက်တယ် … ဒါပေမယ့် ဒီလို အရေးပါတဲ့ ကိစ္စမျိုးမှာ ငါ့ဘက်ကလည်း တစ်ခုခု လုပ်ပေးဦးမှပေါ့ … မဟုတ်ရင် ငါ့စိတ်ထဲ နေလို့ကောင်းမှာ မဟုတ်ဘူး …”
လင်းရီ ရွှတ်နောက်နောက်အပြုံးဖြင့် “ ဒါဆိုလည်း အောင်ပွဲခံဖို့ သောက်စရာတွေသာ ပြင်ထားပေတော့ … ပြီးတာနဲ့ ကျုပ်တို့နှစ်ယောက် အတူသောက်ကြတာပေါ့ …”
“ မင်းတော့ တကယ့်ကောင်ပဲကွ ….” ဟော်ကျားရှင်း ရယ်မောလိုက်သည်။ “ ဒါဆိုငါ ဝိုင်ကောင်းကောင်းနဲ့ ဟင်းပွဲတွေ မင်းဖို့ ကြိုပြင်ထားလိုက်မယ် …”
ထိုအချိန်၌ ဟော်ကျားရှင်းရဲ့ အတွင်းရေးမှူးက ရောက်လာပြီး တောင်းဆိုထားသည့် အချက်အလက်များ အဆင်သင့် ဖြစ်ပြီဖြစ်ကြောင်း တင်ပြလာသည်။
လင်းရီ သတင်းအချက်အလက်များ ရရှိသည်နှင့် သူ့ ချက်ဂရုသို့ ပို့လိုက်သည်။
“ ရှောင်ပင်း … ဖန့်ချိန်ကို လာခဲ့ … ကျန်တဲ့ မင်းတို့ ခြောက်ယောက်က တစ်ယောက်ချင်းစီ တာဝန်ယူပြီး အချက်အလက်ထဲ ပါတဲလူတွေကို ဖမ်းလာခဲ့ …”
မကြာမီ လင်းရီ တုံ့ပြန်ချက်များ ရရှိလာခဲ့သည်။ သူ့အုပ်စုရဲ့ စွမ်းဆောင်ရည်အကြောင်းကတော့ မေးခွန်းထုတ်ဖို့ မလိုချေ။
“ အချုပ်သားတွေ ထိန်းသိမ်းတဲ့ စင်တာမှာ အခြေအနေတွေ ဘယ်လိုရှိလဲ … ကျုပ် ဝင်လို့ရော ရလား …”
“ ဒါပေါ့ … ဘာလို့ ဝင်မရမှာ …” ဟော်ကျားရှင်း တုံ့ပြန်လုက်ပြီ “ မင်းက ကျိုးဟိုင်ရဲ့ ရဲအရာရှိပဲလေ … ပတ်သက်နေတဲ့ ထာဝရကျေးရွာ အမှုကလည်း မပိတ်သိမ်းရသေးဘူးဆိုတော့ မင်းမှာ လုပ်ပိုင်ခွင့် အာဏာတွေ ကျန်နေသေးတယ် …”
“ ကျုပ် ဟွမ်စစ်ဟိုင်နဲ့ သူ့အုပ်စုကိုပဲ တွေ့ချင်တာ … တွေ့ရရင်ကို အဆင်ပြေပြီ ..”
“ သွားဖို့က ပြဿနာ မရှိဘူး … ဒါပေမယ့် ငါမင်းကို ကြိုပြီးတော့ သတိပေးထားမယ် …” ဟော်ကျားရှင်း ပြောလိုက်ပြီး “ သူတို့က အထဲမှာ တော်တော်လေး သက်တောင့်သက်သာ ရှိနေကြတာ … မင်းရဲ့ ဒေါသကို ထိန်းပြီး သူတို့ကို သွားမထိနဲ့ … မင်း ကိုယ့်စိတ်ကိုယ်တောင် မထိန်းနိုင်ရင် ငါတို့ ဒီအမှုကို ကိုင်တွယ်ဖို့ဆို ပိုပြီး ခက်ခဲသွားလိမ့်မယ် …”
“ ဒီလိုမျိုး ဖြစ်အောင်တောင် စီစဉ်နိုင်တယ်ဆိုတော့ ဖန့်ချိန်ကုန်သည်ကြီးများ အသင်းရဲ့ လွှမ်းမိုးမှုက တကယ့်ကို အပြောသပ်သပ် မဟုတ်ဘူးပဲ …”
“ တကယ့်ကိုပဲ …” ဟော်ကျားရှင်း လေးပင်စွာ သက်ပြင်းချလိုက်သည်။ သူ့အမူအရာကလည်း တစ်နည်းနည်းဖြင့် ဝမ်းနည်းနေဟန် ပေါ်နေသည်။
“ ဖန့်ချိန်က ဒီအပိုင်းမှာကျတော့ ကျိုးဟိုင်ထက်ကိုပိုပြီး ရှေးတုန်းက အရင်းရှင်စနစ်ရဲ့ အရှင်သခင်ကြီးတွေနဲ့ ပိုတူတယ် … တော်တော်များများက ကျိုးကြောင့်သင့်နေရုံနဲ့ မပြီးဘူး …”
လင်းရီ ရယ်မောလိုက်သည်။ “ အခုမှပဲ အကြီးအကဲလုက ခင်များကို ဘာလို့ ဒီနေရာ ပို့လိုက်လဲ နားလည်သွားတော့တယ် …”
“ ငါ့နှလုံးသားထဲမှာ ဆရာက အမြဲတမ်း နိုင်ငံအပေါ် မျိုးချစ်စိတ် ကြီးမားပြီး ပေးဆပ်ခဲ့တဲ့ သူရဲကောင်းကြီး တစ်ယောက်ပဲ …” ဟော်ကျားရှင်းက အတိတ်မှတ်ဉာဏ်များကို ပြန်လည်မြင်ယောင်ရင်း လွမ်းငွေ့နေသည်။ “ သူ တကယ်ပဲ ခက်ခဲခဲ့တာ ….”