ဖရိုဖရဲများ
Vol. 23 Ch. 331
အိမ်မွေးတိရိစ္ဆာန်ကုမ္ပဏီ၏ ပထမစည်းမျဉ်း။
ခွေးဟောင်သံကြားရင်ဆက်မနေပါနဲ့။
"ပြေးကြ!"
ယွီရွှေလုံသည် ရှောင်ဝူပြောခဲ့သည့်စကားကို သတိရလိုက်သည်။ သူသည် ဆိုဖာပေါ်မှ လွှားကနဲခုန်ဆင်းလိုက်ပြီး ရုံးခန်းတံခါးဆီ အပြေးအလွှားသွားလိုက်သည်။
"စောင့်ပါဦး!"
တစ်စုံတစ်ယောက်က သူ့နောက်မှ လှမ်းအော်လိုက်သော်လည်း ယွီရွှေလုံက ဂရုမစိုက်ပေ။
"စောင့်ရမယ် ဟုတ်လား ၊ စောင့်နေတဲ့ကောင်က သောက်ရူးပဲကွ!"
ခြောက်ခြားဂိမ်းကစားသမားအချို့သည် အစောပိုင်းကတည်းက မကောင်းဆိုးဝါးများကြောင့် ကြောက်လန့်နေကြခဲ့ပြီးဖြစ်သည်။ သူတို့သည်လည်း ရှောင်ဝူနောက်မှလိုက်၍ ရုံးခန်းထဲမှ ပြေးထွက်လိုက်ကြသည်။
"တံခါးပိတ်လိုက်!"
လူတိုင်း ပြေးထွက်လာပြီးနောက် ရှောင်ဝူက ရုံးခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်။ ထိုနောက် ခွေးဟောင်သံ ရပ်တန့်သွားလေသည်။ သို့သော်လည်း အသားပုပ်နံ့အသစ်တစ်ခုက လေထဲတွင် ပျံ့လွင့်နေခဲ့သည်။
“သန့်စင်ခန်းထဲက အရာကြီးက ဘယ်လိုလုပ် နိုးလာတာလဲ”
ရှောင်ဝူက မျက်နှာဖြူဖပ်ဖြူရော်ဖြင့် ပြောသည်။
“ကျေးဇူးတင်ရမှာက ခင်ဗျားတို့ မြန်မြန်ပြေးလို့ပဲ နို့မဟုတ်ရင် ကျွန်တော်တို့အားလုံး အခြေအနေကောင်းမှာ မဟုတ်တော့ဘူး”
နှလုံးခုန်သံများမှာ လူတိုင်း၏နားထဲတွင် ရှင်းလင်းစွာ ကြားနေရသည်။ ကော်ရစ်ဒါသည် တိတ်ဆိတ်အေးစက်နေသည်။
“ခင်ဗျားတို့ရဲ့ တံဆိပ်တွေကို ကောင်းကောင်းဝတ်ဆင်ကြထားကြပါ၊ မန်နေဂျာနျန်ကို အိမ်မွေးတိရစ္ဆာန်အစားအစာဓာတ်ခွဲခန်းမှာ သွားရှာကြပါ ၊ သူက ခင်ဗျားတို့ဘဝကို အသားကျအောင် ကူညီပေးလိမ့်မယ် ၊ မှတ်ထားပါ ၊ ခွေးဟောင်သံကြားရင် ပြေးရမယ်နော်”
ရှောင်ဝူသည် ကြောက်လန့်တုန်လှုပ်မှုကြောင့် အေးခဲနေဆဲဖြစ်သည်။
ယွီရွှေလုံသည် ရှောင်ဝူကို သံသယမဝင်သော်လည်း သတိထားနေဆဲဖြစ်သည်။ သူက ချက်ချင်းထွက်မသွားဘဲ လော်တုန်း၏သားဘက်သို့ လှည့်ကာ
"ကောင်လေး ၊ ဒီမှာ သရဲတွေ အများကြီးရှိလား"
လော်တုန်း၏သားက ခေါင်းငြိမ့်ပြသည်။ သူ့မျက်နှာကား သရဲထက်ပင် ဖြူဖွေးနေသည်။
“မန်နေဂျာနျန်က ဒီကဘဝကို အသားကျအောင် ကူညီမယ်လို့ မင်းပြောတယ်၊ ဒါပေမဲ့ ထွက်သွားဖို့နည်းလမ်းကိုတော့ မင်းမပြောခဲ့ဘူး...”
လော်တုန်းသည် ရှောင်ဝူ၏ စကားလုံးရွေးချယ်မှုကို သတိထားမိသည်။
“ဘာဖြစ်လို့လဲ ၊ မင်းက ငါတို့ကို ဒီမှာ ထာဝရနေစေချင်လို့လား”
လော်တုန်းသည် သူ့သား ကြောက်ရွံ့နေသည်ကို ခံစားမိသည်။ စတုတ္ထထပ်သည် သူတို့ရှိနေသောနေရာထက် အများကြီး ပိုအန္တရာယ်များသည်။
“ကျွန်တော် ခင်ဗျားတို့ကို ကူညီနေတာပါ”
ရှောင်ဝူ ရှင်းပြတော့မည်အပြု၊ မှောင်မိုက်နေသော တတိယထပ်ကော်ရစ်ဒါမှ အားနည်းသော အလင်းရင်းမြစ်တစ်ခု ထွက်ပေါ်လာသည်။
“တစ်ယောက်ယောက် လာနေတာလား ၊တခြားကစားသမားတွေလား”
လူတိုင်းသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာနေသော အမှောင်ထဲမှအလင်းကို ကြည့်ရင်း အသက်အောင့်ထားလိုက်ကြသည်။
“မဟုတ်ဘူး အဲ့တာက ပိုမြန်လာပြီ! ရွှေ့နေပြီ!”
လေးလံလှသော သံလှောင်အိမ်ကြီးသည် နံရံကို ပွတ်တိုက်မိသွားသည်။ သူတို့အမြင်အာရုံထဲတွင် ဓားသွားကဲ့သို့ ဦးချိုများ ပေါ်လာလေသည်။ အကြီးအကျယ်သန္ဓေပြောင်းသွားသော သတ္တဝါတစ်ကောင်သည် ကော်ရစ်ဒါတစ်လျှောက် ဖနောင့်နှင့် ဆောင့်နင်း၍ တစ်လှမ်းခြင်းလှမ်းလာနေခြင်းဖြစ်သည်။
“သေစမ်း!”
ခြောက်ခြားဂိမ်းကစားသမားအချို့ လှည့်ပြေးကြတော့သည်။ ထိုအချိန်တွင် မည်သည့်အတွေးမှ အသုံးမဝင်တော့ချေ။ သူတို့သည် တခြားသူများထက် ပိုမြန်အောင် ပြေးဖို့သာ လိုအပ်တော့သည်။
သူတို့သည် စတုတ္ထထပ်အထိ လိုက်ဖမ်းခံခဲ့ရသည်။ သုံးမိနစ်တိတိ ပြေးခဲ့ကြပြီးနောက် ထိုအလင်းကို မမြင်ရတော့မှသာ သူတို့ ရပ်တန့်လိုက်ကြသည်။
ယွီရွှေဟူသည် နံရံကိုမှီ၍ ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်သည်။ လော်တုန်းမိသားစုလည်း သူတို့၏ အဆုံးစွန် အခြေအနေသို့ ရောက်နေကြပြီဖြစ်သည်။ အကောင်းဆုံးအခြေအနေရှိသူမှာ အစီအစဉ် တင်ဆက်သူအမျိုးသမီး ဖြစ်သည်။ ထိုအချိန်မျိုးတွင်ပင် သူမသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မှတ်တမ်းတင်ရန် စိတ်အားထက်သန်နေခဲ့သည်။
“ငါတို့ ဘယ်ရောက်နေတာလဲ၊ အဲ့ဒီအရာကြီး ဘယ်တုန်းက ပျောက်သွားတာလဲ”
ယွီရွှေလုံသည် ကြောက်မက်ဖွယ်အနံ့ကြောင့် ပါးစပ်ကို အုပ်လိုက်သည်။ယင်းအနံ့မှာ ပုပ်ပွနေသော အနံ့ဖြစ်သည်။ သူ့ဖုန်းမီးဖြင့် ထိုးကြည့်လိုက်ရာ ကြီးမားသော လှောင်အိမ်များစွာကို တွေ့လိုက်ရသည်။ လှောင်အိမ်များအတွင်းတွင် အိမ်မွေးတိရစ္ဆာန်အစာများ ပြုလုပ်ရန် အသုံးပြုသည့် စက်များရှိလေသည်။ ထိုစက်အများစုသည် လည်ပတ်နေဆဲဖြစ်သည်။ ထိုစက်များ၏ မီးသီးများက ပွင့်လိုက် ပိတ်လိုက်ဖြစ်နေလေသည်။ စက်များအားလုံး၏ အဆုံးတွင် ကြီးမားသော ရေကန်တစ်ကန်ရှိနေ၏။ ကြောက်မက်ဖွယ်အနံ့သည် ထိုနေရာမှ လာခြင်းဖြစ်သည်။
“ဒီအထပ်က အိမ်မွေးတိရစ္ဆာန်အစားအစာဓာတ်ခွဲခန်း မဟုတ်ဘူးလား ၊ ဒီလိုအရာတွေကို တိရစ္ဆာန်တွေကို ဘယ်လိုလုပ် ကျွေးနိုင်ရတာလဲ ၊ ဒီအစားအစာတွေက ပုပ်နေသလိုပဲ”
ယွီရွှေဟူက ကြမ်းပြင်မှ တွားသွားထလာသည်။ သူ့လက်ချောင်းများတွင် အသားဖတ်အလွှာတစ်ခုဖြင့် နီရဲသွား၏။ သို့သော် ယင်းသည် မည်သည့်အသားမျိုးဖြစ်သည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရပေ။
“စက်ဆုပ်စရာကောင်းလိုက်တာ”
“နောက်ထပ် မန်နေဂျာနျန်ကို ကျုပ်တို့သွားရှာသင့်လား”
ယွီရွှေလုံသည် အဖွဲ့၏ နောက်ဘက်တွင် ရပ်နေခြင်းဖြစ်သည်။ သူသည် လှောင်အိမ်များနှင့် အလွန်အမင်းနီးနီးကပ်ကပ် မနေရဲချေ။
“မင်းတို့နှစ်ယောက် တိတ်တိတ်လေး နေပေးနိုင်မလား”
လော်တုန်းက တင်းမာသောအသွင်ဖြင့် ကြည့်သည်။ ခဏအကြာတွင် သူပြောလိုက်သည်။
“မင်းတို့ကို ပြောစရာရှိတယ်”
လော်တုန်းသည် တစ်ခုခုထူးခြားနေသည်ကို ရိပ်မိပုံရသည်။
“ငါ့သားက သရဲတွေရှိနေတာကို ခံစားနိုင်တယ် ၊ ဒါပေမဲ့ သူက အဲ့ဒီရုံးခန်းထဲမှာ သရဲတစ်ကောင်မှ မခံစားမိခဲ့ဘူး”
“ဟုတ်တယ်လေ ၊ အဲ့ဒါက ရှောင်ဝူက လူသားတစ်ယောက်ဆိုတာ သက်သေပြမနေဘူးလား”
ယွီရွှေဟူသည် လော်တုန်း ဘာကိုဆိုလိုသည်ကို နားမလည်ပေ။
“ရုံးခန်းထဲမှာ သရဲမရှိဘူး ၊ ဒီလိုဆိုရင် သန့်စင်ခန်းထဲက ဟောင်တဲ့အရာကလည်း သရဲမဟုတ်လောက်ဘူး”
လော်တုန်း ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း ရှောင်ဝူကို မတွေ့ရပေ။
“ဒါကြောင့် အစောပိုင်းက မင်းတို့ကို စောင့်ခိုင်းခဲ့တာလေ”
“ထူးဆန်းတဲ့ စည်းမျဉ်းတွေက မူမမှန်ဖြစ်ရပ်တွေထဲမှာ ပေါ်လာတတ်တယ် ၊ သရဲတွေက အကြိမ်ကြိမ်သတ်ဖြတ်ချင်နေရင်တောင် စည်းမျဉ်းတွေကို လိုက်နာရတယ် ၊ ရှင့်ရဲ့သားက ရှောင်ဝူဟာ လူသားတစ်ယောက်လို့ ပြောတဲ့အတွက် သူရှင်သန်ဖို့ စည်းမျဉ်းတွေကို လိုက်နာရလိမ့်မယ်...”
အစီအစဉ်တင်ဆက်သူအမျိုးသမီး ဆက်မပြောခင် လော်တုန်းက သူမကို စိုက်ကြည့်၍ ကြားဖြတ်ပြောလိုက်သည်။
“ရှောင်ဝူရဲ့ တတိယစည်းမျဉ်းက အိမ်မွေးတိရစ္ဆာန်တချို့ဟာ လူသားစကားကို အတုခိုးနိုင်တဲ့အတွက် ငါတို့ သူတို့ကို မယုံဖို့ပဲ! ရှောင်ဝူက အိမ်မွေးတိရစ္ဆာန်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ ၊ စည်းမျဉ်းတွေက သရဲတွေမှ အိမ်မွေးတိရစ္ဆာန်ဖြစ်ရမယ်လို့ မပြောထားဘူးလေ ၊ ဟုတ်တယ်မလား ရှောင်ဝူက အိမ်မွေးတိရစ္ဆာန်ဆိုရင် ငါတို့သိထားတဲ့ စည်းမျဉ်းတွေအားလုံးက အတုတွေပဲ!”
လော်တုန်း၏အသံမှာ အေးစက်နေသည်။
“လူသားတစ်ယောက်က ဒီလိုနေရာမျိုးမှာ ငါတို့ကို ဘာလို့ ကူညီပေးမှာလဲ ၊ သရဲတွေကို ကူညီတဲ့ လူသားတွေက သရဲတွေထက်တောင် ပိုကြောက်စရာကောင်းတယ်!”
“ဒါပေမဲ့ ရှောင်ဝူက ကျုပ်တို့ကို ခွေးတွေနဲ့ ဝေးဝေးနေဖို့ ပြောခဲ့တာပဲ ၊ ခွေးဟောင်သံက အန္တရာယ်ကို မဆိုလိုရင် ဘာကို ဆိုလိုတာလဲ”
ယွီရွှေလုံက သူ့မေးစေ့ကို ပွတ်လိုက်သည်။
“အကူအညီတောင်းတာများ ဖြစ်မလား”
ကောင်းမင်၏ အသံက လူတိုင်း၏အာရုံကို ဖမ်းစားလိုက်သည်။
“ရုံးခန်းတစ်ခုမှာ သန့်စင်ခန်းတစ်ခု တွဲလျက်ရှိတာက ပုံမှန်ပဲ ၊ ဒါပေမဲ့ မကြာခဏ လူသတ်လေ့ရှိသူတွေက သန့်စင်ခန်းဟာ အလောင်းကို ရှင်းလင်းဖို့ အလွယ်ဆုံးနေရာဆိုတာ သိကြလိမ့်မယ် ၊ ရေနဲ့ ရေဆင်းစနစ်နဲ့ အလွယ်လေး သန့်ရှင်းလို့ရတယ်”
လူသတ်မှုများနှင့် ဘယ်သူမှ အကျွမ်းတဝင်မရှိသောကြောင့် လူတိုင်း စိုးရိမ်ပူပန်လာကြသည်။
“ဒီက မကောင်းဆိုးဝါးတွေက လူသားတွေအကုန်လုံးကို ခွေးတွေအဖြစ် ပြောင်းလဲချင်နေတာလား ၊ ဥပမာအနေနဲ့ ငါတို့ ဒုတိယထပ်မှာ တွေ့ခဲ့တဲ့ မကောင်းဆိုးတွေကို ကြည့်လိုက် ၊ သူတို့မှာ တိရိစ္ဆာန်ဆန်တဲ့ စွမ်းရည်တွေရှိပေမယ့် လူသားခန္ဓာကိုယ်ပုံစံကို ဆက်ထိန်းထားကြတုန်းပဲ”
လော်တုန်း သူ့ဖုန်းကို ထုတ်လိုက်သည်။
“အသက်ရှင်နေတဲ့ ကစားသမားအရေအတွက် ၂၅...”
အစောပိုင်းက ၂၉ ယောက်ဖြစ်သည်။ ယင်းက သိပ်မကြာသေးချေ။ ကစားသမားလေးယောက် သေဆုံးသွားခဲ့ပြီဖြစ်သည်။
“ဒီမြေပုံမှာ သရဲတွေကို တိုက်ခိုက်နိုင်တဲ့ အထူးကျိန်စာသင့်ပစ္စည်းတချို့ရှိတယ် ၊ ခြောက်ခြားဂိမ်းကစားသမားတွေက ဒီကို ဆက်ရောက်လာနေမှာပဲ၊ ဒါပေမယ့် အသက်ရှင်နေတဲ့ ကစားသမားအရေအတွက်က တိုးမလာဘူး ၊ ဒါက မကောင်းဆိုးဝါးတွေဟာ ဒီကိုရောက်လာနေတဲ့ ကစားသမားအရေအတွက်ထက် ပိုမြန်မြန် သတ်ဖြတ်နေတယ်လို့ ဆိုလိုနိုင်တယ်”
“သူတို့ထဲက တချို့က အိမ်မွေးတိရစ္ဆာန်အဖြစ် ပြောင်းသွားတာ ဖြစ်နိုင်တယ် ၊ ငါတို့ သွားမှဖြစ်မယ်”
လော်တုန်း ထရပ်လိုက်သည်။
“အိမ်မွေးတိရစ္ဆာန်တွေက သရဲတွေနဲ့ ပိုပူးပေါင်းလာလေ ငါတို့ ပိုအန္တရာယ်များလာလေပဲ ၊ ငါတို့ ရွှံ့ရုပ်တုကို လူခွဲရှာတာ ပိုကောင်းလိမ့်မယ် ၊ ရေသေဖိုရမ်ရဲ့ ရည်မှန်းချက်ကို လိုက်နာမှပဲ ငါတို့ ထွက်သွားဖို့ အခွင့်အရေးရှိလိမ့်မယ်”
လော်တုန်းသည် သူတို့နှင့်အတူ ဆက်နေချင်စိတ် မရှိတော့ပေ။ သူသည် သူ့မိသားစုနှင့်အတူ တစ်ယောက်တည်း လှုပ်ရှားချင်နေခြင်းဖြစ်သည်။ သို့သော် ကျန်လူများက သူ့ထံမှ မခွဲခွာလိုကြပေ။
လော်တုန်းသည် ထိုအခြေအနေကို မြင်ပြီး ခေါင်းကိုက်လာတော့သည်။ သူသည် သူ့မိသားစုအား အပြည့်အဝ မှီခိုနေသူတစ်ယောက်ဖြစ်သည်။ သူသည် သူ့မိသားစုထဲတွင် အားအနည်းဆုံးဖြစ်သည်။
ရုတ်တရက် စက်များ ရွေ့လျားသံ ကြားလိုက်ရသည်။ ဧရာမရေကန်ကြီးအတွင်းမှ တစ်စုံတစ်ခု ရွေ့လျားလာနေသည်။