ခွေးကြီး!
Vol. 23 Ch. 332
“အစ်ကိုလော် မူမမှန်ဖြစ်ရပ်တစ်ခုလို နေရာမျိုးမှာ လူခွဲတာ မကောင်းဘူးလေ ၊ အတူတူ နေကြတာက ပိုကောင်းပါတယ်ဗျ”
ယွီရွှေလုံသည် သူဂိုဏ်းတွင် ခေါင်းဆောင်ငယ်တစ်ဦးဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူသည် လော်တုန်းနှင့် မျက်နှာပြောင်တိုက်၍ ကပ်ပါလာလေသည်။
“အားလုံး တစ်ပြိုင်တည်း သေတာထက်တော့ ပိုကောင်းပါတယ်”
လော်တုန်းက သူ့မိသားစုကို ကာကွယ်လိုက်သည်။ သူသည် အခြားကစားသမားများ သူ့မိသားစုအနားသို့ ရည်ရွယ်ရှိရှိ ချဉ်းကပ်လာခြင်းကို အလိုမရှိပေ။
သူတို့ ဆက်ပြေးလာခဲ့ရာ လော်တုန်း၏သားသည် ရုတ်တရက် ရပ်တန့်သွားသည်။ ရေကန်မှ သုံးမီတာခန့် အကွာတွင် သူရပ်လိုက်သည်။ သူ၏ခြေထောက်များက ကြမ်းပြင်ပေါ်သို့ ခွေကျတော့မလို တုန်ယင်နေလေသည်။ သူ့သား၏ အခြေအနေကို သတိပြုမိသဖြင့် လော်တုန်းက အလျင်အမြန်ပြေးပြီး ပွေ့ချီ၍ အနားနားကပ်ကာ ပြောလိုက်သည် ။
“ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးနဲ့ ၊ စိတ်ကို လျှော့ထား”
လော်တုန်း၏သားက ခေါင်းယမ်းလိုက်ပြီး လော်တုန်း၏ အင်္ကျီလက်စကို ဆုပ်ကိုင်လိုက်သည်။
“ကျွန်တော်တို့ ဖြတ်လို့မရဘူး ၊ ရေထဲမှာ အရမ်းကြောက်စရာကောင်းတဲ့ တစ်ခုခု ရှိနေတယ် ၊ အဲ့ဒါကြီးက ကျွန်တော်တို့ကို ကြည့်နေတယ် ၊ ကျွန်တော်တို့ ပိုနီးကပ်သွားရင် အစားခံရလိမ့်မယ်!”
“ဒီရေကန်က အိမ်ထဲမှာ ဆောက်ထားတာလေ ၊ တစ်မီတာလောက်ပဲ နက်ပုံရတယ် ၊ ဘာများ ပုန်းနေနိုင်မှာမို့လဲ”
ယွီရွှေဟူက လှောင်ပြောင်ပြောဆိုလိုက်သည်။ သူသည် မကောင်းသော သဘောဖြင့်ပြောခြင်း မဟုတ်ဘဲ စကားကို မဆင်မခြင်ပြောတတ်သူသာဖြစ်သည်။
“ဒီ စတုတ္ထထပ်က လှောင်အိမ်တွေနဲ့ အစားအစာလုပ်တဲ့ စက်တွေ အပြည့်ရှိနေတာ ၊ မန်နေဂျာနျန်က ဘယ်မှာလဲ ၊ သူက ရေကန်ထဲမှာလား”
အစီအစဉ်တင်ဆက်သူအမျိုးသမီးက သူမ၏မီးကို ရေကန်မျက်နှာပြင်ဆီသို့ ထိုးလိုက်သည်။ ရေသည် နောက်ကျိနေသည်။ ရေပေါ်တွင် အမည်းရောင်တိရစ္ဆာန်အမွေးအမျှင်များနှင့် လူ့အဝတ်အစားအချို့ ပေါလောပေါ်နေလေသည် ။
“မင်းရဲ့ စွမ်းအားကို မသုံးနဲ့တော့”
လော်တုန်းက သူ့သားကို သတိပေးပြီး သူ့နောက်သို့ ဆွဲခေါ်လိုက်သည်မှာ အခြားသူများ သူ့သားမျက်နှာအား မြင်သွားမည်ကို စိုးရိမ်ပုံရသည်။ သူထိုသို့လုပ်လိုက်ရာ အစီအစဉ် တင်ဆက်သူအမျိုးသမီး၏ အာရုံကို ဖမ်းစားမိလိုက်သည် ။
“ပဉ္စမထပ်ကို ရောက်ဖို့ နည်းလမ်းနှစ်ခု ရှိတယ် ၊ တတိယထပ်ကို ပြန်သွားပြီး တခြားနည်းလမ်း ရှာရမယ်၊ ဒါမှမဟုတ် ရေကန်ပတ်လည်က သံခြံစည်းရိုးကို သုံးပြီး ရေကန်အစွန်းတစ်လျှောက် ဖြည်းဖြည်းချင်း ပတ်လျှောက်သွားရမယ်”
လော်တုန်းသည် ကျန်လူများ သူ့အား အလွှတ်ပေးမည် မဟုတ်ကြောင်း သိသဖြင့် အခြေအနေကို စိတ်ပါလက်ပါဖြင့် ခွဲခြမ်းစိတ်ဖြာလိုက်သည် ။
“ကျုပ်တို့ ပြန်လှည့်လိုက်ရင် အဲ့ဒီသမင်လို အရာကြီးနဲ့ တိုးရင် ဘယ်လိုလုပ်မလဲ”
ယွီရွှေဟူက သံခြံစည်းရိုးကို ဆွဲကိုင်၍ ၎င်းပေါ်တက်ရန် ကြိုးစားလိုက်သည်။
“ဒီအရာက အရမ်းခိုင်တယ် ၊ ကျုပ်တို့ သတိထားရင် ရေကန်ကို ဖြတ်နိုင်လောက်တယ်”
“ဒီ မူမမှန်ဖြစ်ရပ်ရဲ့ အဓိကအချက်က လီဆန်းဆေးရုံကနေ ထွက်ပြေးလာတဲ့ ရွှံ့ရုပ်တုတစ်ခုပဲ ၊ ဒါကြောင့် သရဲတွေအားလုံးက သူ့စည်းမျဉ်းတွေကို လိုက်နာရတယ် ၊ ဒီရုပ်တုတွေက အကြောင်းမဲ့ မသတ်ဖြတ်ဘူး ၊ သူတို့လုပ်သမျှ အရာအားလုံးက သက်ရှိလူသားတွေရဲ့ ယုံကြည်မှုကို ရဖို့ပဲ”
အစီအစဉ်တင်ဆက်သူအမျိုးသမီးက အရေးကြီးသည့် အချက်အလက်အချို့ကို ထုတ်ဖော်လိုက်သည်။
“တစ်နည်းအားဖြင့် ပြောရရင် ကျွန်မတို့ ဂိမ်းကစားနေတာ ၊ ရွှံ့ရုပ်တုက DM(Dungeon Master) ပေါ့ ၊ အစပိုင်းမှာ အသက်ရှင်ဖို့က ရိုးရှင်းတယ် ၊ သူလုပ်စေချင်တာကိုပဲ လုပ်ဖို့ လိုတယ်”
အစီအစဉ် တင်ဆက်သူအမျိုးသမီးသည် ခြံစည်းရိုး၏ ကွင်းများကို ဆွဲကိုင်လိုက်သည်။ သူမသည်လည်း ရေကန်ကို ဖြတ်သင့်သည်ဟု ထင်သည်။ သူတို့ ချီတုံချတုံ ဖြစ်နေစဉ် သူတို့ အစောပိုင်းက သုံးခဲ့သော ကော်ရစ်ဒါမှ အားနည်းသော ခွေးဟောင်သံတစ်ခု ထွက်ပေါ်လာလေသည်။ သူ့အတွေးများကို ပြောပြတော့မည့် ယွီရွှေလုံက ချက်ချင်း တိတ်ဆိတ်သွားသည် ။
“ဝုတ်… ဝုတ်…”
အလင်းရောင်မရှိပေ။ ခွေးဟောင်သံသည် မှောင်မိုက်နေသော ကော်ရစ်ဒါမှ လာနေခြင်းဖြစ်သည် ။
“ခွေးဟောင်သံ လာနေပြီ! မြန်မြန်၊ ဆုံးဖြတ်ချက် ချလိုက်တော့!”
ယွီရွှေဟူသည် ခြံစည်းရိုးပေါ်သို့ တက်လိုက်သော်လည်း သူတစ်ယောက်တည်း ဖြတ်ကျော်ရန် သတ္တိမရှိပေ။ ခွေးဟောင်သံ၏ အဓိပ္ပါယ်အစစ်အမှန်အား လူတိုင်းမေးခွန်းထုတ်နေကြသော်လည်း ခွေးဟောင်သံ ပြန်ပေါ်လာသည့်အခါ သူတို့ ထိတ်လန့်လာကြပြန်သည် ။ ခွေးဟောင်သံနောက်ကွယ်တွင် မည်သည့်အရာရှိမှန်း ဘယ်သူမှ မပြောနိုင်ကြပေ။ မသိခြင်းကြောင့် ကြောက်ရွံ့မှုက ပိုမိုပြင်းထန်လာတော့သည် ။
ခွေးဟောင်သံကား ပိုမိုနီးကပ်လာပေသည်။ ယွီရွှေဟူသည် ရေကန်ဆီသို့ စတင်ရွေ့လျားနေပြီ ဖြစ်သည်။ သူသည် သူ့အစ်ကိုအတွက် နေရာတစ်ခု ကြင်နာစွာ ချန်ထားပေးလိုက်သည် ။
လော်တုန်း၏သားသည် ဆက်လက်တုန်ယင်နေ၏။ သူသည် ရေကန်အနီးသို့ ချဉ်းကပ်သွားခြင်းကို ခုခံနေခဲ့သည်။ လော်တုန်းက သူ့မိသားစုကို ကာကွယ်ခဲ့သည်။ သူပြောခဲ့သမျှ အရာအားလုံးသည် ခန့်မှန်းချက်များသာ ဖြစ်သည်။ သူ ရှောင်ဝူကို ယုံကြည်ပါက ချက်ချင်းထွက်သွားသင့်သည် ။ သူ့သားကို ယုံကြည်ပါက ‘ခွေး’ ဆီမှ ထွက်ပြေးရန် မလိုအပ်ပေ ။
လော်တုန်းသည် ယွီရွှေဟူ ရေကန်နှင့် ပိုမိုနီးကပ်သွားသည်ကို မြင်လိုက်သည်။ လော်တုန်းက လှည့်ပြီး အော်လိုက်သည်။
“မဆင်မခြင် မလုပ်နဲ့ ၊ ရေကန်က အရမ်းအန္တရာယ်များတယ်”
“တွေဝေနေရမယ့် အချိန်မဟုတ်ဘူး!”
ယွီရွှေဟူသည် လူဆိုးတစ်ယောက်မဟုတ်ပေ။ သူသည် လက်တစ်ဖက်ဖြင့် ခြံစည်းရိုးကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်အား သူ့အသင်းဖော်များဆီသို့ လှမ်းပေးလိုက်သည် ။
“တက်ကြ!”
လော်တုန်းက ခေါင်းခါယမ်းလိုက်သည်။ သူ သူ့ဇနီးကို လွှတ်ပေးလိုက်သည်။ သူ့ဘေးရှိ ခြံစည်းရိုးကို လက်ညှိုးထိုးပြလိုက်ပြီးနောက် ဝင်ပေါက်ဆီသို့ သူလျှောက်သွားလိုက်သည် ။ လော်တုန်းသည် ပြင်ဆင်မှုများအားလုံးကို လုပ်ဆောင်နေခြင်း ဖြစ်သည် ။ သူကား ရှေ့တွင် မားမားမတ်မတ် ရပ်နေလိမ့်မည်ဖြစ်သည်။ အကယ်၍ ‘ခွေး’ သည် အန္တရာယ်၏ရင်းမြစ်ဖြစ်ပါက အနည်းဆုံးတော့ သူသည် သူ့မိသားစုအတွက် အချိန်အနည်းငယ်ရအောင် လုပ်ပေးနိုင်မည် ဖြစ်သည် ။
“ကျုပ်… သွားကြည့်ရမလား”
ကောင်းမင်သည် စကားသိပ်မပြောသော်လည်း သူပြောသည့်အခါတိုင်း အာရုံစိုက်ခံရသည် ။လူတိုင်း ဘယ်လိုထွက်ပြေးရမလဲ စဉ်းစားနေကြပေမယ့် ဒီလူက သွားကြည့်ချင်တယ်တဲ့လား ။
ကောင်းမင်သည် ပြုံး၍ လော်တုန်းကို ဆွဲလှည့်လိုက်သည် ။
“ခင်ဗျားရဲ့မိသားစုက ခင်ဗျားကို လိုအပ်တယ် ၊ ခင်ဗျား ဒီအန္တရာယ်ကို မယူသင့်ဘူး”
“စိတ်အေးအေးထားနော်! မူမမှန်ဖြစ်ရပ်ထဲမှာ သေရတာက အရမ်းလွယ်ကူတယ် ၊ ငါ့ခန့်မှန်းချက်က မှားနေနိုင်တယ်”
လော်တုန်းက စိုးရိမ်ပူပန်နေသည်။ သူ၏ခန့်မှန်းချက် မှားယွင်းခဲ့ပါက ကောင်းမင်၏သေဆုံးမှုသည် သူ့တာဝန် ဖြစ်သွားပေလိမ့်မည် ။
“ခင်ဗျားမိသားစုကို ဂရုစိုက်ပါ ၊ သူတို့ကို အန္တရာယ် မဖြစ်စေနဲ့”
ကောင်းမင်သည် စကားများများ မပြောဘဲ အမှောင်ထဲသို့ လျှောက်ဝင်သွားသည်။
အလင်းရောင်အားလုံး ပျောက်ကွယ်သွားသည်။ နီးကပ်လာနေသော ခွေးဟောင်သံတစ်ခုသာ ကျန်တော့သည် ။
“မကြောက်ပါနဲ့ ၊ ငါ ဒီမှာ ရှိတယ် ၊ မင်းရဲ့ ရှေ့တည့်တည့်မှာပဲ”
ကောင်းမင်က ခွေးဟောင်သံအား ကြောက်စရာဟု မထင်ပေ။ အကယ်လို့ တစ်ခုခုဆိုရပါက သူက ဖော်ရွေသည်ဟု သူထင်သည် ။တစ်ဖက်လူက သူ့ဆီသို့ အလွန်အမင်း ချဉ်းကပ်ချင်နေခြင်းဖြစ်သည်။ ခွေးဟောင်သံသည် သူ့အား တစ်ခုခု ပြောပြရန် ကြိုးစားနေခြင်းပင်။
သူသည် ခွေးဟောင်သံကို နားမလည်သော်လည်း အသွေးအသားနှလုံးသားမှတဆင့် ၎င်းကို ခံစားနိုင်ပေသည်။ ဒဏ်ရာရနေသော လမ်းဘေးခွေးလေးသည် လူစိမ်းတစ်ယောက်ကို အကူအညီတောင်းရန်အတွက် သူ့နောက်ဆုံးခွန်အားကို အကုန်အစင် သုံးလိုက်တော့သည် ။ တစ်ဖက်လူသည် နှိပ်စက်တတ်သူ ဟုတ် မဟုတ်ကို သူမသိပေ။ သူသည် ယင်းအား နောက်ဆုံးမျှော်လင့်ချက်လေးဖြင့် လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်သည် ။
“ငါ မင်းကို ကုသပြီး အိမ်ခေါ်သွားပေးမယ်”
ကောင်းမင်သည် ဘာတစ်ခုကိုမှ မမြင်ရပေ။ သူက အချိန်အတော်ကြာအောင် အသံနောက်သို့ လိုက်ပါနေခဲ့သည် ။
“ဝုတ်…”
အနံ့ဆိုးက သူ့နှာခေါင်းကို ရိုက်ခတ်သွား၏။ သူ၏ဆဲလ်များက သူ့ကို ဝေးဝေးနေရန် ပြောနေလေသည် ။ သို့သော်လည်း ကောင်းမင်က ခွေးဟောင်သံဆီသို့သာ လျှောက်သွားလိုက်သည် ။ သူ ဒူးထောက်လိုက်ပြီး သူ့ရှေ့မှ အမှောင်ထုကို စိုက်ကြည့်လိုက်သည် ။ ကောင်းမင် ရှေ့သို့ လက်လှမ်းလိုက်ရာ ပူနွေးနေသော သွေးများကို ခံစားလိုက်ရသည်။ သူ့လက်ချောင်းများ ရွေ့လျားသွားပြီး လူ့ခေါင်းပုံသဏ္ဌာန်ကို စမ်းမိသွားလေသည် ။
“လူသားတစ်ယောက်လား”
ထိုလူ၏ အသံအိုးမှာ ပြုပြင်ခံထားသည်။ သူသည် ဟောင်ရုံသာ တတ်နိုင်တော့သည်။ သူ ဟောင်လိုက်တိုင်း ချောင်းဆိုးသွေးပါ ဖြစ်နေလေသည်။သူ့ခေါင်းသည် ကောင်းမင်၏ လက်ဖဝါးပေါ်တွင် မှီလိုက်ပြီး သူ၏စိတ်နှလုံးမှာ အေးချမ်းသွားတော့သည် ။
“မင်းရဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်”
ကောင်းမင် သူ့နှလုံးသားကို ထိလိုက်သည်။ သူသည် နှိပ်စက်ခန်းတံခါးကို ဖွင့်တော့မည့်အချိန်တွင် နောက်ထပ် ခွေးဟောင်သံတစ်သံက သူ့အိတ်ကပ်ထဲမှ ထွက်ပေါ်လာသည် ။
လုံးဝမည်းနက်နေသော လူသေဓာတ်ပုံသည် အရိပ်ထဲသို့ စီးဝင်သွား၏။ ရှည်လျားလှသော အနက်ရောင်အမွေးများရှိသည့် ခွေးကြီးတစ်ကောင် ခုန်ထွက်လာလေသည် ။
“သူ့ကို ငါ့ဆီ လွှဲပေးလိုက်ပါ”
မျက်မမြင်လူက သူ့နှလုံးသားကို အသုံးပြု၍ ပြောလိုက်သည်။ ကောင်းမင်တစ်ဦးတည်းသာ သူ့ကို ကြားနိုင်သည် ။
“သူ့အခြေအနေ ဘယ်လိုလဲဆိုတာ ငါ့ကိုအကြမ်းဖျင်း ပြောပြပေးနိုင်မလား”
ကောင်းမင်သည် သားစားကြူးနတ်ဘုရားကို မဆင့်ခေါ်ဘဲ ထိုအမှောင်ထုကို မမြင်နိုင်ပေ ။
“ငါဟာ လူသားတစ်ယောက် ဖြစ်ခဲ့ဖူးတယ် ၊ ဒါပေမယ့် ရွာသားတွေအားလုံးက ငါ့ကို မကောင်းဆိုးဝါးတစ်ကောင်လို သဘောထားကြတယ် ၊ ငါဟာ ခွေးသားရဲတွင်းထဲမှာ နေခဲ့ရပြီး သေဆုံးပြီးနောက် ခွေးကြီးတစ်ကောင်အဖြစ် သန္ဓေပြောင်းသွားခဲ့တယ် ၊ သူတို့လည်း လူသားတွေပါပဲ ၊ သူတို့က လူသားပုံသဏ္ဌာန်ကိုတော့ ဆက်ထိန်းထားကြတုန်းပဲ ၊ ဒါပေမယ့် ရွှံ့ရုပ်တုက သူတို့ရဲ့ လူသားဆန်မှုကို ဖျက်ဆီးပစ်လိုက်ပြီ ၊ လူတိုင်းက သူတို့ကို မကောင်းဆိုးဝါးတွေနဲ့ ခွေးတွေအဖြစ် သဘောထားရင် သူတို့ဟာ တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုယ် မေ့လျော့လာပြီး ခွေးအစစ်တွေ ဖြစ်လာလိမ့်မယ်”
အိမ်မွေးတိရစ္ဆာန်ကုမ္ပဏီ၏ နည်းလမ်းများသည် ခွေးကြီးအား သူ့ကိုယ်ပိုင် အတွေ့အကြုံကို သတိရစေသည် ။ ထို့ကြောင့် သူသည် ကောင်းမင်ကို တားဆီးလိုက်ပြီး ထိုသားကောင်များကို သူ့ကိုယ်ပိုင်နည်းလမ်းဖြင့် ကယ်တင်လိုခြင်း ဖြစ်သည် ။