ဘဝ!
Vol. 23 Ch. 336
ညစ်ပတ်နေသော ရေဆိုးများက ရေတံခွန်တစ်ခုကဲ့သို့ စီးကျလာတော့သည်။ ထူပိတ်နေသော နွယ်နှာမောင်းများသည် အချင်းချင်း ရစ်ပတ်ပေါင်းစည်းနေကြသည်။ ထိုမကောင်းဆိုးဝါး၏ အဓိကဗဟိုချက်သည် ဘာဖြစ်မည်မှန်း သိရှိရန် မဖြစ်နိုင်တော့ချေ။ ထိုကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြောင့် သားစားကြူးနတ်ဘုရားပင် ကောင်းမင်အား သတိပေးနေခဲ့သည်။
သူမထက် အဆပေါင်းများစွာ အင်အားကြီးမားသော မကောင်းဆိုးဝါးအားရင်ဆိုင်ရင်း အစီအစဉ် တင်ဆက်သူအမျိုးသမီးသည် သူမဖုန်းပေါ်မှ ခလုတ်အနည်းငယ်ကို ဖိနှိပ်လိုက်ပြီးနောက် ထိုဖုန်းအား မကောင်းဆိုးဝါးထံ ပစ်ပေါက်၍ တံခါးဆီသို့ ပြေးလေတော့သည်။ ရေကန်ထဲမှ မကောင်းဆိုးဝါးသည် ရူးသွပ်သွားချေပြီ။၎င်းသည် မည်သူ့ကိုမှ အသက်ရှင်လျက် ထွက်သွားခွင့်ပေးမည် မဟုတ်ပေ။ နွယ်နှာမောင်းများသည် အရင်ကထက်ပင် ပိုမိုလျင်မြန်စွာ ရစ်ပတ်တက်လာကြသည်။
လော်တုန်းသည် ကောင်းမင်အနီးတွင် ရှိနေခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် သူတို့အားလုံး လွတ်မြောက်သွားသင့်ပြီဖြစ်သည်။ သို့သော် အစီအစဉ်တင်ဆက်သူအမျိုးသမီးက နွယ်နှာမောင်းများ၏ ဖမ်းမိလုနီးပါး ဖြစ်နေသော လော်တုန်း၏ဇနီးကို ဆွဲထားလိုက်သည်။
“ခင်ဗျား ဘာလုပ်နေတာလဲ!”
လော်တုန်း၏ဇနီးမှာ ဆောင့်ဆွဲခံလိုက်ရသည်။ သူမ၏ဆံပင်များ အထွေးလိုက်ကျွတ်ကျသွားပြီး နောက်သို့ လဲကျသွား၏။ အစီအစဉ်တင်ဆက်သူအမျိုးသမီးသည် ဇနီးဖြစ်သူအား နွယ်နှာမောင်းများဆီသို့ တွန်းပို့လိုက်သည်။ နွယ်နှာမောင်းများက ဇနီးဖြစ်သူအား အပြင်းအထန် တိုက်ခိုက်လိုက်သည်။ အစီအစဉ် တင်ဆက်သူအမျိုးသမီးသည် ထိုအခွင့်အရေးကို အသုံးပြု၍ လော်တုန်းဘေးမှ ပြေးလွှားကာ စတုတ္ထထပ်မှ လွတ်မြောက်သွားလေသည်။
သူ၏ဇနီး အော်ဟစ်သံကို ကြားလိုက်ရသည့်အခါ လော်တုန်း၏ မျက်လုံးများ နီရဲလာခဲ့သည်။ သူသည် အစီအစဉ် တင်ဆက်သူအမျိုးသမီးနှင့် မည်သည့်ကတောက်ကဆမှ မရှိခဲ့ပေ။ ဆိုရလျှင် သူသည် အိမ်မွေးတိရစ္ဆာန်ကုမ္ပဏီသို့ ရောက်လာပြီးနောက် လူတိုင်းကို ကူညီပေးခဲ့သေးသည်။ ဤသည်ကား သူပြန်လည်ပေးဆပ်ခံခဲ့ရသည့် အရာပင်။
လော်တုန်းသည် တွေဝေမနေဘဲ သူ၏ဇနီးဆီသို့ လက်လှမ်းလိုက်သော်လည်း နွယ်နှာမောင်းများက ဇနီးဖြစ်သူအား ရေကန်ဆီသို့ ဆွဲခေါ်သွားခဲ့ပြီ ဖြစ်သည်။
“ရှင်ရဲ့မိန်းမက သေသွားပြီ ၊ ရှင်က အသက်ရှင်နေပြီး သူက သေသွားပြီ ၊ ဒါက သူ့အတွက် အကောင်းဆုံး အဆုံးသတ်ပါပဲ”
အစီအစဉ်တင်ဆက်သူအမျိုးသမီးသည် အလွန်ပင်ကိုယ်ကျိုးကြည့်တတ်သူဖြစ်သည်။စောစောပိုင်းက သူမ ဓားစာခံတစ်ဦးကို ရှာဖွေလိုသောအခါ သူမသည် ဇနီးဖြစ်သူအား မသိစိတ်ဖြင့် ရွေးချယ်လိုက်ပြီး လော်တုန်းကို တစ်ယောက်တည်း ထားခဲ့လေသည်။
အစီအစဉ် တင်ဆက်သူအမျိုးသမီး၏ အေးစက်စက်နှလုံးသားမဲ့မှုနှင့် မတူဘဲ ကောင်းမင်က လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူ လွတ်မြောက်နိုင်သော်လည်း လော်တုန်း၏သမီးငယ်ကို ချထားခဲ့ကာ စတုတ္ထထပ်ကော်ရစ်ဒါသို့ ပြန်ပြေးသွား၏။ လော်တုန်း၏ သားကို အခန်းထဲမှ ဆွဲထုတ်လိုက်ပြီး လော်တုန်းနောက်သို့ သူပြေးလိုက်လေတော့သည်။
ဓားသွားသည် နွယ်နှာမောင်းများကို အလွယ်တကူဖြတ်တောက်သွားသည်။ ကောင်းမင်က လော်တုန်း၏ပခုံးကို ဆွဲကိုင်လိုက်သည်။
“ခင်ဗျားရဲ့ ကလေးတွေအတွက် စဉ်းစားပါဦး! ခင်ဗျား ခင်ဗျားရဲ့မိန်းမကို မကယ်နိုင်ခဲ့ရင် ခင်ဗျားကလေးတွေပါ ခင်ဗျားမရှိဘဲ ပျက်စီးကုန်လိမ့်မယ်!”
“လွှတ်စမ်း!”
လော်တုန်း၏မျက်စိထဲတွင် ဒေါသများ ပြည့်နှက်နေပေသည်။သူ့ဇနီး သူ့မျက်စိရှေ့တွင် တစ်ကြိမ် သေဆုံးသွားသည်ကို မြင်ခဲ့ရပြီးပြီဖြစ်သည်။ယင်းကို သူထပ်မံ ခံစားလိုခြင်း မရှိတော့ပေ။
“ငါ သေရင်တောင်…”
ကောင်းမင်သည် လော်တုန်းအား ပါးရိုက်လိုက်ရာ လော်တုန်း နောက်သို့ တစ်လှမ်းဆုတ်သွားခဲ့သည်။
“ခင်ဗျားရဲ့ မိသားစုက သူတို့ သေဆုံးသွားပြီးတာတောင် ခင်ဗျားကို စိတ်ပူလို့ ပြန်လာခဲ့ကြတာပဲ ၊ ခင်ဗျား ထင်ထားတာထက်တောင် ခင်ဗျားက သူတို့အတွက်ပိုအရေးကြီးတယ်”
ကောင်းမင် နွယ်နှာမောင်းများကို ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်သည်။
“ခင်ဗျားသမီးကို သွားနှစ်သိမ့်လိုက်ပါ ၊ ခင်ဗျားရဲ့ ကလေးတွေကို ကာကွယ်ပါ ၊ ကျုပ်ခင်ဗျားရဲ့မိန်းမကို သွားကယ်လိုက်မယ်”
လော်တုန်းသည် စကားမပြောနိုင်တော့ချေ။ သူ ကောင်းမင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူ့နားများကို သူမယုံနိုင်ခဲ့ပေ။ ရေကန်ထဲမှ မကောင်းဆိုးဝါးသည် ကြောက်မက်ဖွယ်ရာနှင့် သေခြင်းတရား၏ အမှတ်အသားပင်။ ကောင်းမင်သည် သူစိမ်းတစ်ယောက်… သေပြီးသား သူစိမ်းတစ်ယောက်အတွက် သူ့အသက်ကို စွန့်စားတော့မလို့လား။
“ခင်ဗျား… ဘာလို့လဲ”
လော်တုန်း၏မျက်နှာမှာ စပ်ဖျင်းဖျင်းဖြစ်နေလေသည်။ သို့သော်လည်း သူက ကောင်းမင်အား လေးစားမှုနှင့် စိတ်ရှုပ်ထွေးမှုတို့ဖြင့် ကြည့်နေမိသည်။
“တစ်ချိန်တုန်းက ကျုပ်မှာလည်း ပြည့်စုံတဲ့ မိသားစုတစ်ခု ရှိခဲ့ဖူးလို့ပေါ့”
ကောင်းမင်သည် နောက်ထပ်နွယ်နှာမောင်းတစ်ခုကို ဖြတ်တောက်လိုက်ပြီးနောက် ရေကန်ဆီသို့ ပြေးသွားလိုက်သည်။
“ခင်ဗျားရဲ့ ကလေးတွေကို ကာကွယ်ပါ!”
ကောင်းမင်သည် နွယ်နှာမောင်းများအားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။ ယင်းက ယွီရွှေဟူနှင့် ယွီရွှေလုံအား ထွက်ပြေးရန် အခွင့်အရေးပေးလိုက်ခြင်းပင်။ သူတို့သည် လော်တုန်းအား ဆွဲခေါ်လိုက်ပြီး သူတို့နောက်သို့ အခြားနွယ်နှာမောင်းလှိုင်းတစ်ခု လိုက်မီမလာခင် တတိယထပ်ဆီသို့ ပြေးလွှားလိုက်ကြသည်။ နွယ်နှာမောင်းများက ပိုက်လိုင်းအားလုံးကို ပေါက်ကွဲသွားစေခဲ့သည်။ ဒေါသထွက်နေသော မကောင်းဆိုးဝါးသည် စတုတ္ထထပ်အား ပိတ်ဆို့လိုက်ပြီး ကျန်အဆောက်အအုံများနှင့် ခွဲထုတ်ပစ်လိုက်သည်။
ရေများ ဆက်လက်ယိုစိမ့်နေဆဲပင်။ မကောင်းဆိုးဝါးသည် ကောင်းမင်ကို စားချင်နေရုံသာမက အခြားသူများနောက်သို့လည်း လိုက်ပါချင်နေလေသည်။
“မင်းက အစာစားချင်စိတ် သိပ်ကြီးတာပဲ”
လူတိုင်း ထွက်သွားကြောင်း သေချာသွားပြီးနောက် ကောင်းမင် ထပ်မံဖုံးကွယ်ထားစရာ မလိုတော့ချေ။ ပြင်းထန်သော နှလုံးခုန်သံများ အခန်းအတွင်း ပဲ့တင်ထပ်လာတော့သည်။ နှိပ်စက်ခန်း တံခါးပွင့်လာခဲ့သည်။ ချိန်းကြိုးများကို ရေကန်ထဲ ပစ်သွင်းလိုက်၏။ လက်ရှစ်ဘက်က ကောင်းမင်ထံ ချဉ်းကပ်ရန် ကြိုးစားလာသော နွယ်နှာမောင်းများကို ဖမ်းဆုပ်လိုက်သည်။
“နွယ်နှာမောင်းတွေရဲ့ အဖျားတွေက လူ့မျက်နှာတွေနဲ့ ခန္ဓာကိုယ်အသစ်တွေပဲ ၊ နွယ်နှာမောင်းတစ်ခုစီမှာ မတူညီတဲ့ ဝိညာဉ်တစ်ခုစီ ပူးကပ်နေတယ် ၊ သူတို့အားလုံးက အမိန့်တစ်ခုတည်းကို နာခံနေကြတာပဲ ၊ ရွှံ့ရုပ်တုက ရေကန်ထဲမှာလား”
ကောင်းမင်သည် သူ့ပြိုင်ဘက်ကို မည်သည့်အခါမှ အထင်မသေးခဲ့ပေ။ ရွှံ့ရုပ်တုအများစုသည် ပျမ်းမျှအင်အားသာ ရှိသည်။ သို့သော် သူတို့ထဲမှ အချို့မှာ အလွန်အမင်းစွမ်းအားမြင့်သည်။ သူတို့သည် ယခင်က အနက်ရောင်ရေကန်၏ အောက်ခြေတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေခဲ့ကြသူများ ဖြစ်သည်။
“မင်းရဲ့ မျက်နှာအစစ်အမှန်ကို ငါ့ကို ပြပါဦး”
မွှေးပျံ့သောအသားနံ့က အနံ့ဆိုးကို အဝေးသို့ လွင့်စင်သွားစေခဲ့သည်။ နံရံများနှင့် ကြမ်းပြင်တို့သည် အသားများအဖြစ် ပြောင်းလဲသွားကြသည်။ နက်မှောင်နေသောနွယ်နှာမောင်းများမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ သားစားကြူးနတ်ဘုရား၏ တည်ရှိမှုကြောင့် ရေကန်ထဲမှ မကောင်းဆိုးဝါးက စူးစူးဝါးဝါးအော်ဟစ်လိုက်ရသည်။
ကောင်းမင် ရေကန် အစွန်းဆီသို့ လျှောက်သွားလိုက်သည်။ နွယ်နှာမောင်းများသည် အလယ်ဗဟိုရှိ တစ်စုံတစ်ခုကို ကာကွယ်ရန်အတွက် အခွံတစ်ခုအဖြစ် ပေါင်းစည်းနေကြလေသည်။ထိုမကောင်းဆိုးဝါးသည် သတ်ဖြတ်စက်တစ်ခုပင်ဖြစ်သည်။ ၎င်း၏ နွယ်နှာမောင်းတိုင်းသည် ဝိညာဉ်တစ်ကောင်စီ ကပ်တွယ်နေခြင်းဖြစ်သည်။ ဖြတ်တောက်ခံလျင်ပင် ၎င်းသည် ပြန်လည်ပေါက်ဖွားနိုင်ပြီး နွယ်နှာမောင်းအသစ်များအဖြစ် ခွဲထုတ်နိုင်စွမ်းရှိပေသည်။ ကျေးဇူးတင်စရာကောင်းသည်မှာ ကောင်းမင် ထိုအရာကို စောစောစီးစီး ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။ ၎င်း၏ နွယ်နှာမောင်းများသည် ဟန်ဟိုင်းမြို့၏ ရေပေးဝေရေးစနစ်ထဲသို့ ထိုးဖောက်ဝင်ရောက်ခွင့် ရခဲ့ပါက ဒုက္ခပိုကြီးလာမည်မှာ သေချာပေသည်။
“သူတို့ဟာ တစ်ချိန်တုန်းက အရိပ်ကမ္ဘာရဲ့ နတ်ဘုရားတွေ ဖြစ်ခဲ့တာ အံ့ဩစရာမရှိပါဘူး ၊ သူတို့ ဖန်တီးတဲ့ အရာတွေက မရိုးရှင်းဘူး”
အရိပ်ကမ္ဘာတွင် ရှင်သန်နိုင်ရန်အတွက် အထူးစွမ်းအားအချို့ ရှိရန် လိုအပ်ပေသည်။ ပြတ်တောက်သွားသော နွယ်နှာမောင်းများက ကြမ်းပြင်ပေါ်တွင် လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ ၎င်းတို့က ကောင်းမင်အား ဆက်လက်တိုက်ခိုက်ရန် ကြိုးစားနေဆဲပင်။
“ကံကောင်းတာက ဒီအရာက သိပ်မပါးနပ်ဘူး ၊ အခုချိန်ထိတောင် ထွက်ပြေးဖို့ မကြိုးစားသေးဘူးပဲ”
အသားနာကြည်းမှုအခန်းသည် ပြန့်ကားလာသည်။ ကောင်းမင်က မကောင်းဆိုးဝါး ထွက်ပြေးနိုင်မည့် မည်သည့်လမ်းကြောင်းမှ မရှိစေရန် စတုတ္ထထပ်တစ်ခုလုံးကို အသားအဖြစ် ပြောင်းလဲလိုက်သည်။ သူ နှိပ်စက်ခန်းတံခါးကို ဖွင့်လိုက်သည်။ သူသည် မကောင်းဆိုးဝါးကို သတ်ဖြတ်ရန် မကြိုးစားဘဲ စတုတ္ထထပ်တစ်ခုလုံးကို သူ့နှလုံးသားထဲသို့ ဝါးမြိုလိုက်လေသည်။
ထို့နောက် ကောင်းမင်က ရှရန်နှင့် အခြားသူများကို ခေါ်ထုတ်လိုက်သည်။ အင်အားကြီးမားသည့် ထိုမကောင်းဆိုးဝါးကို ဖြေရှင်းရန်အတွက် သူတို့၏ အကူအညီအား သူလိုအပ်ပေသည်။
…
စတုတ္ထထပ်မှ ထွက်ပေါက်သည် ထူပိတ်နေသော အနက်ရောင်နွယ်နှာမောင်းများဖြင့် ပိတ်ဆို့နေလေသည်။ ငါးခူဂိုဏ်းမှ နှစ်ဦး (ယွီရွှေဟူနှင့် ယွီရွှေလုံ) တို့သည် လော်တုန်းနှင့်အတူ ခက်ခက်ခဲခဲ လွတ်မြောက်လာခဲ့သည်။ သူတို့ လှေကားပေါ်မှ လဲကျသွားပြီး ဒဏ်ရာတချို့ ရသွားသည်။ သို့သော်လည်း လော်တုန်းသည် ရုပ်ပိုင်းဆိုင်ရာနာကျင်မှုထက် စိတ်ပိုင်းဆိုင်ရာနာကျင်မှုကို ပိုခံစားနေရသည်။ သူ မအော်ဟစ်မိစေရန် သူ၏ သွားများကို တင်းတင်းကြိတ်ထားရသည်။
ကောင်းမင်နှင့် သူ၏ဇနီးသည် ပြန်ရောက်မလာသေးပေ။ သူတို့ သေဆုံးသွားနိုင်သည်မှာ သေချာလုနီးပါးပင်။
“ဒါတွေအားလုံး အဲ့ဒီမိန်းမရဲ့ အမှားပဲ!”
လော်တုန်း ကြမ်းပြင်မှ ကုန်းထလိုက်သည်။ သို့သော်လည်း အစီအစဉ်တင်ဆက်သူအမျိုးသမီးသည် သူမ ဘာအမှားမှ လုပ်ခဲ့သည်ဟု မထင်ပေ။ စုံစမ်းစစ်ဆေးရေးဌာန၏ လုံခြုံရေးအဖွဲ့ဝင်တစ်ဦး အနေဖြင့် သူမသည် လော်တုန်းက သူမအား မည်သည့်ခြိမ်းခြောက်မှုမှပေးနိုင်မည်ဟု တွေးမထားခဲ့ချေ။