လူသားများ ၊ သရဲများ
Vol. 23 Ch. 337
“လူသားတစ်ယောက်ဟာ သရဲဘုံလောကထဲ တစ်ခါရောက်သွားတာနဲ့ သူတို့ပြန်လာနိုင်တော့မှာ မဟုတ်ဘူး ၊ သူတို့က ရှင့်မိသားစု မဟုတ်တော့ဘူး ၊ သူတို့ဟာ အရိပ်ကမ္ဘာက ရှင့်အပေါ်ပစ်တင်ပေးလိုက်တဲ့ ကျိန်စာတစ်ခုပဲ!”
အစီအစဉ်တင်ဆက်သူအမျိုးသမီး၏ အပြုံးသည် ပျောက်ကွယ်သွားပြီး ပြတ်သားစွာ ပြောလိုက်သည်။
“လော်တုန်း၊ ကျွန်မတို့ ရှင်ကို ရက်အနည်းငယ်ကြာကတည်း အာရုံစိုက်နေခဲ့တာပဲ ၊ ကျွန်မတို့ ရှင့်ကို မျှော်လင့်ချက်ကြီးကြီးထားထားတယ် ၊ ရှင်သာ ရှင့်မိသားစုကို လက်လျှော့ဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်မက ရှင့်ကို ကမ္ဘာသစ်တစ်ခု ယူလာပေးနိုင်တယ်”
လော်တုန်းသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး စကားမပြောနိုင်ခဲ့ချေ။ လွတ်မြောက်ရန်အတွက် သူ့ဇနီးကို ထိုးကျွေးခဲ့သူတစ်ယောက်က သူ့အား ထိုစကားမျိုး ပြောရဲသေးသည်ကို သူ နားမလည်နိုင်ချေ။
သူမ သေဆုံးသွားပြီးနောက်တွင်ပင် သူမသည် သူ့ဇနီး ဖြစ်သည်။ သူမသည် လူသားဖြစ်စေ၊ သရဲဖြစ်စေ မည်သည့်အရာမှ အရေးမကြီးပေ။ အရေးကြီးသည့် တစ်ခုတည်းသော အရာမှာ သေခြင်းတရားက သူတို့အား ခွဲထုတ်မပစ်နိုင်ခဲ့ခြင်းပင်။ ဆိုရလျှင် သူတို့အား ခွဲထုတ်ပစ်လိုက်သည်မှာ အခြားလူသားတစ်ဦး ဖြစ်သည်။ မုန်းတီးမှုသည် သူ့ဝိညာဉ်အား ဖြည်းညင်းစွာ ရစ်ပတ်တွန့်လိမ်လာတော့သည်။ လော်တုန်းသည် အမြဲတမ်း စိတ်တည်တည်ငြိမ်ငြိမ်ထားတတ်သူတစ်ဦး ဖြစ်သော်လည်း ထိုအချိန်တွင် ထိုအမျိုးသမီး၏ ပါးစပ်များကို ပြေး၍ ဆွဲဆုတ်ချင်စိတ်ပေါက်နေခဲ့သည်။
“သတိထားနေပါ ! ရှင့်ရဲ့ မိသားစုက သေဆုံးသွားခဲ့ပြီ ၊ သူတို့က မရှိတော့ဘူး ၊ ရှင်က အရိပ်ကမ္ဘာရဲ့ ကျိန်စာကို ပိုအားကောင်းလာအောင် လုပ်နေရုံပဲရှိမယ် ၊ သူတို့က အဆိပ်ပဲ!”
အစီအစဉ်တင်ဆက်သူအမျိုးသမီးသည် အရိပ်ကမ္ဘာကို မုန်းတီးပေသည်။
“ရှင်သာ ရှင့်မိသားစုကို စွန့်ခွာမသွားဘူးဆိုရင် သူတို့က ရွေ့လျားနေတဲ့ ညစ်ညမ်းမှုအရင်းအမြစ်တစ်ခု ဖြစ်နေမှာပဲ ၊ နောက်ဆုံးမှာ သူတို့က မူမမှန်ဖြစ်ရပ်အသစ်တစ်ခု ဖြစ်လာလိမ့်မယ်”
“အဲဒီအခါ ရှင် ယုံကြည်တဲ့ ရေသေဖိုရမ်က သူတို့ကို အမဲလိုက်ဖို့ မစ်ရှင်တစ်ခု ထုတ်ပြန်လာလိမ့်မယ် ၊ တခြား ခြောက်ခြားဂိမ်းကစားသမားတွေက ရှင်နဲ့ ရှင့်မိသားစုနောက်ကို တိရစ္ဆာန်တွေလို လိုက်ရှာကြလိမ့်မယ် ၊ အဲဒီလို ဖြစ်စေမယ့်အစား ရှင် သူတို့ကို ထားခဲ့ဖို့လိုတယ် ၊ အဲဒီအခါမှပဲ ရှင်က ဘဝအသစ်တစ်ခုကို စတင်နိုင်မှာ”
အစီအစဉ်တင်ဆက်သူအမျိုးသမီးသည် လုံခြုံရေးအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ သူမသည် သေဆုံးမှုများ အသားကျနေပြီးသား ဖြစ်သည်။ သူမ၏ စကားများသည် ပြက်ရယ်ပြုလိုခြင်းဖြင့် အေးစက်စက် နိုင်လှပေသည်။
“ခင်ဗျား စကားပြောတာ ရပ်လို့ရမလား”
ယွီရွှေဟူပင် ဆက်လက်နားထောင်နိုင်ခြင်း မရှိတော့ပေ။
“အစ်ကိုလော်ရဲ့ မိန်းမက ပိတ်မိနေတာလေ ၊ သူ စိတ်ပူနေတာ ပုံမှန်ပဲ ၊ ခင်ဗျား ဘာလို့ ဒီလိုလုပ်နေရတာလဲ”
“ကျုပ်တို့ အောက်ထပ်ဆင်းသင့်တယ် ၊ ခင်ဗျားက ခင်ဗျားရဲ့သားနဲ့သမီးကို ဂရုစိုက်ဖို့ လိုသေးတယ်နော်”
ယွီရွှေလုံသည် လျင်မြန်စွာဖြင့် အကြောင်းအရာပြောင်းလိုက်သည်။
“အစ်ကိုကြီး အရင်ဆုံး ကျုပ်တို့ ဒီမူမမှန်မှုထဲကနေ ထွက်သွားဖို့ကိုပဲ အာရုံစိုက်သင့်တယ်”
“ဟောင်နေတဲ့အရာကြီးက လူသားတစ်ဦးဆိုရင် ရုံးခန်းအိမ်သာထဲကလူက တစ်ခုခုတော့ သိရမှာပဲ!”
ယွီရွှေဟူက လော်တုန်းအား သူ့သားနှင့်သမီးဆီသို့ ဆွဲခေါ်သွားသည်။ သူတို့ သရဲများဖြစ်သည်ကို သိပြီးနောက် ယွီရွှေဟူသည် အနည်းငယ် ကြောက်လန့်နေဆဲဖြစ်ပြီး အနီးကပ်ရန် မရဲခဲ့ပေ။
“မေမေက အခုထိ နောက်မှာရှိနေတုန်းပဲ…”
လော်တုန်း၏သမီးက ရုတ်တရက် စကားထပြောလာသည်။ ဤအရာက လော်တုန်းကို အံ့အားသင့်သွားစေ၏။ အစောပိုင်းက သူသည် သူ့သမီးအပေါ်မှ ကန့်သတ်ချက်များကို ဖယ်ရှားပစ်ခဲ့သည်။ ပုံမှန်အားဖြင့် သူ့သမီးသည် ကျိန်စာအဖြစ် ပြောင်းလဲသွားပြီး သူမပတ်ဝန်းကျင်မှ လူတိုင်းကို နှိပ်စက်လိမ့်မည်ဖြစ်သည်။ သို့သော် ကောင်းမင်သည် သူမအား စတုတ္ထထပ်မှ သယ်ဆောင်လာခဲ့သည်နှင့် သူမသည် စဉ်းစားဆင်ခြင်နိုင်စွမ်းကိုအံ့ဩဖွယ်ရာ ပြန်လည်ရရှိခဲ့လေသည်။
ကောင်းမင် ပြောခဲ့သည်များကို ပြန်လည်တွေးတောမိသောအခါ လော်တုန်း၏ မျက်လုံးများတွင် သွေးများ ပြည့်နှက်လာတော့သည်။ထိုလူသည် အလွန်ကောင်းမွန်သောလူတစ်ယောက် ဖြစ်သည်။ ကောင်းမင်သည် လော်တုန်းအတွက် သူကိုယ်သူ နှစ်ကြိမ်တိုင် စတေးခဲ့သည်။ သူ တစ်ချိန်က ပြည့်စုံသော မိသားစုတစ်ခု ရှိခဲ့ဖူးသည်ဟု ကောင်းမင်ပြောခဲ့သော စကားက လော်တုန်းအား ရင်ထဲ ထိသွားစေခဲ့သည်။
“ညီလေး…”
လော်တုန်းသည် အခုထိ အားနည်းနေဆဲပင်။ ဤမြို့တွင် သူ့မိသားစုအား သူ့ထံမှ အလွယ်တကူ ခေါ်ဆောင်သွားနိုင်သည့် အရာများမှာ အလွန်များပြားလှသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင့် သူ့စိတ်ဆန္ဒမှာ ပြောင်းလဲသွားခဲ့လေသည်။
“ဘာဖြစ်ဖြစ် မင်းကို ငါပြန်လာခေါ်မယ်!”
“လောကကြီးက လူတစ်ဦးရဲ့ စိတ်ဆန္ဒကြောင့် ပြောင်းလဲသွားမှာ မဟုတ်ဘူး ၊ ကျွန်မတို့ဟာ ငါက ဇာတ်လိုက်ပဲလို့ အမြဲတမ်း မှားယွင်းစွာ တွေးမိတတ်ကြတယ်”
အစီအစဉ် တင်ဆက်သူအမျိုးသမီးသည် လော်တုန်းကို စည်းရုံးရန် အချည်းနှီး ဖြစ်သွားသည်ကို သိရှိသွားသောကြောင့် တတိယထပ်သို့ ထွက်ခွာသွားလေသည်။
သူတို့သည် ရုံးခန်းဆီသို့ ပြန်ရောက်လာကြသည်။ ရုံးခန်းသည် အတူတူပင် ရှိနေဆဲပင်။ သန္ဓေပြောင်းသွားသော မကောင်းဆိုးဝါးများ ထိုရုံးခန်းထဲသို့ မဝင်ရဲကြပုံပေါ်သည်။
သူတို့က သန့်စင်ခန်းကြမ်းပြင်ကို ဖျက်ဆီးလိုက်ကြသည်။ သွေးများမှာ နေရာအနှံ့ ရှိနေ၏။
သန့်စင်ခန်းထဲတွင် အိမ်သာခွက် မရှိပေ။ ယင်းအစား သွေးများ ဖုံးလွှမ်းနေသော ဧရာမရေစည်ကြီးနှင့် ခွေးချည်ကြိုးများ ရှိနေလေသည်။
အားနည်းသော ခွေးဟောင်သံတစ်ခု ရှိနေခဲ့သည်။ ထိုမြင်ကွင်းကြောင့် ငါးခူဂိုဏ်းမှ ရာဇဝတ်သားနှစ်ဦးက သူတို့၏ မျက်လုံးများကို အုပ်လိုက်ကြရသည်။ သူတို့အရင်က အဆောက်အအုံထဲသို့ ဝင်လာခဲ့သော ခြောက်ခြားဂိမ်းကစားသမားတစ်ဦးသည် ရေစည်ဘေးတွင် လဲလျောင်းလျက်ရှိနေလေသည်။ သူ့ခြေလက်များနှင့် လည်ပင်းတို့သည် ခွေးလည်ပတ်များဖြင့် ချုပ်နှောင်ခံထားရသည်။ သူ့လည်ပင်းပတ်လည်တွင် အရုပ်ဆိုးလှသော ဒဏ်ရာတစ်ခု ရှိနေ၏။ သူ့ဒဏ်ရာတွင် အမည်မသိတိရစ္ဆာန်အမွှေးအမျှင်အချို့နှင့် ကျောက်စရစ်ခဲများလည်း ပါရှိနေသည်။ လော်တုန်းသည် လည်ပတ်များကို ချက်ချင်း ဖယ်ရှားလိုသော်လည်း လည်ပတ်များ ရွေ့သွားသည်နှင့် ထိုလူက နာကျင်စွာ ဟောင်လိုက်သည်။ သူ့အိတ်ကပ်ထဲမှ ဝှက်ထားသော ဖုန်းသည် ထွက်ကျလာခဲ့သည်။ သူသည် နာကျင်မှုကိုတင်းခံရင်း ဂဏန်းအချို့ကို ချရေးလိုက်သည်။
“စကားဝှက်လား”
လော်တုန်းသည် ဖုန်းကို ကောက်ယူ၍ ဖွင့်ကြည့်လိုက်သည်။ဖုန်းထဲတွင် ရေသေဖိုရမ်မှ မက်ဆေ့ချ်များအပြင် နာရီအနည်းငယ်က မှတ်တမ်းတင်ထားသော ဗီဒီယိုများစွာ ရှိနေခဲ့သည်။
ကစားသမား၏ အမည်မှာ ခဲတံဖြစ်သည်။ သူသည် ယခင်က မော်ဒယ်တစ်ဦးဖြစ်ပြီး ကောင်းမွန်သော ခန္ဓာကိုယ်တစ်ခုရှိသည်။ သူနှင့် သူ့အပေါင်းအဖော်များသည် ညမမှောင်ခင်ကတည်းက မြို့ဟောင်းသို့ စူးစမ်းရန် ရောက်လာခဲ့ကြခြင်းဖြစ်ပြီး မတော်တဆဖြင့် ဤအဆောက်အအုံထဲသို့ ဝင်မိခဲ့ခြင်းဖြစ်သည်။ ဗီဒီယိုများက သူတို့၏ တွေ့ရှိမှုများကို မှတ်တမ်းတင်ထားသည်။ အစပိုင်းတွင် သူတို့သည် မည်သည့် အမှားအယွင်းမှ ရှာမတွေ့ကြခဲ့ပေ။ သူတို့သည် ပဉ္စမထပ်သို့ ရောက်ရှိခဲ့ကြပြီး ဓာတ်လှေကားအတွင်းမှ ဤကုမ္ပဏီ၏မန်နေဂျာအမျိုးသမီးကို ကယ်တင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ကံဆိုးခြင်းများ စတင်လာခဲ့တော့သည်။ အမျိုးသမီးမန်နေဂျာတွင် နျန့်ဟူသော မျိုးရိုးနာမည်ရှိသည်။ သူမသည် စိတ်လှည့်စားတွင် ကျွမ်းကျင်သူ ဖြစ်သည်။ သူမသည် သူတို့၏ ယုံကြည်မှုကို ရပြီးနောက် သူတို့အား ချောက်နက်ထဲသို့ တွန်းပို့လိုက်ပစ်ခဲ့သည်။
နောက်ဆုံး ဗီဒီယိုမှာ ဆဌမထပ်မှ ဖြစ်သည်။ ဓာတ်လှေကား ပွင့်သွားသည်နှင့် သူတို့နားထဲသို့ ပြတ်တောင်းပြတ်တောင်းဖြစ်နေသော သီချင်းသံများ ဝင်ရောက်လာခဲ့သည်။ ဝန်ထမ်းများ အားလုံး အလုပ်လုပ်နေကြသည်။ သူတို့သည် အလွန်ပုံမှန် ဖြစ်နေပုံရသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ စကားမပြောကြပေ။ မန်နေဂျာနျန့်သည် သူတို့အား အိမ်မွေးတိရစ္ဆာန် အလှဆင်ဧရိယာမှ အိမ်မွေးတိရစ္ဆာန် အထူးလေ့ကျင့်ရေးဇုန်နှင့် အကာအကွယ်ဇုန်ဆီသို့ ဦးဆောင်သွားခဲ့သည်။ သူတို့ လွတ်မြောက်လိုလျှင် ကောင်းကင်မှောင်မလာမီ လေ့ကျင့်ရေးဇုန်ရှိ ရွှံ့ရုပ်တုတစ်ခုကို ဖျက်ဆီးပစ်ရမည်ဟု သူမ ပြောပြခဲ့သည်။
နေ့သည် မှောင်မိုက်သွားသည်နှင့် ပုံမှန်ဝန်ထမ်းများသည် ပြောင်းလဲလာကြလေသည်။ သူတို့သည် အရိပ်ကမ္ဘာကြောင့် အဆိပ်သင့်နေကြပြီ ဖြစ်သည်။ သူတို့သည် အလွန်များပြားနေသောကြောင့် ခြောက်ခြားဂိမ်းကစားသမားများသည် ဓာတ်လှေကားထံ ပြန်မသွားနိုင်တော့ချေ။ သူတို့မှာ လေ့ကျင့်ရေးဇုန်ထဲသို့ ဝင်ရောက်ရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ဗီဒီယိုသည် ထိုနေရာတွင် အဆုံးသတ်သွားခဲ့သည်။ လော်တုန်းက လေ့ကျင့်ရေးဇုန်ထဲတွင် မည်သည့်အရာ ရှိသည်ကို သိချင်နေ၏။ သို့သော် ခဲတံသည် ဟောင်နိုင်ရုံသာ ရှိတော့သည်။ သို့သော် ခဲတံ၏ အကြည့်မှ တဆင့် လေ့ကျင့်ရေးဇုန်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခုဖြစ်ပျက်ခဲ့ရမည်ဖြစ်သည်။
“မစ်ရှင်က ရွှံ့ရုပ်တုကို ဖျက်ဆီးဖို့ပဲ ၊ အခု ကျုပ်တို့ အဲ့ဒါရဲ့ တည်နေရာကို သိနေပြီ… ကျုပ်တို့ စွန့်စားသင့်လား”
ယွီရွှေဟူက စိတ်လှုပ်ရှားစွာဖြင့် အကြံပြုလိုက်သည်။
“ကျုပ်တို့မှာ ဒီထက် ပိုကောင်းတဲ့ ရွေးချယ်စရာ မရှိတော့ဘူး”
အဖွဲ့ထဲတွင် လော်တုန်းသည် ဤမူမမှန်မှုကို အဆုံးသတ်ရန် အလိုချင်ဆုံးသူ ဖြစ်သည်။ သို့သော်လည်း သူသည် ပါးနပ်၍ စိတ်တည်ငြိမ်တတ်သူဖြစ်သည်။
“မန်နေဂျာနျန်နဲ့ ရှောင်ဝူတို့ နှစ်ယောက်လုံးက ဉာဏ်ကောင်းတဲ့သူတွေပဲ ၊ သူတို့က ဒီလိုမျိုး သိသာထင်ရှားတဲ့ ချို့ယွင်းချက်ကို ထုတ်ပြမှာ မဟုတ်ဘူး ၊ ဒါက ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်”
“ဒါဆို ရွှံ့ရုပ်တုက တခြားဘယ်နေရာမှာ ရှိနိုင်မလဲ”
ခဲတံကို မြင်တွေ့ရပြီးနောက် ယွီရွှေဟူသည် စတုတ္ထထပ်တွင် ကောင်းမင်အား ချန်ထားခဲ့ရခြင်းအတွက် အပြစ်ရှိသလို ခံစားနေခဲ့ရသည်။
လော်တုန်း တိတ်ဆိတ်နေပြီးနောက် ခဲတံ၏ ဒဏ်ရာကို စစ်ဆေးရန် လှုပ်ရှားလိုက်သည်။
“နာကျင်ရရင် တောင်းပန်ပါတယ်”
သူသည် ဒဏ်ရာထဲမှ အမွှေးအမျှင်များနှင့် ကျောက်စရစ်ခဲများကို တူးထုတ်လိုက်သည်။ သူက ကျောက်စရစ်ခဲများကို သူ့သားရှေ့တွင် ထားလိုက်သည်။ လော်တုန်း၏သားသည် လျင်မြန်စွာ ရွေ့လျားသွားလေသည်။ လော်တုန်းသည် သွေးများကို သုတ်လိုက်ပြီးနောက် နောက်ဆုံးတွင် ကျောက်စရစ်ခဲများတွင် ထွင်းထုထားသော လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားပုံစံကွက်များကို သတိထားမိလိုက်သည်။
“ငါတို့မှာ ရွှံ့ရုပ်တုကိုဖျက်ဆီးပစ်ဖို့ နည်းလမ်းတစ်ခုပဲရှိတာလား ၊ တခြားနည်းလမ်း ရှိသေးလား”
လော်တုန်း မျက်မှောင်ကြုတ်လိုက်သည်။