လူနှင့်သားရဲ
Vol. 23 Ch. 338
“လီစန်းဆေးရုံက လွတ်မြောက်လာတဲ့ ဒီရွှံရုပ်တုတွေက အရိပ်ကမ္ဘာက လွှဲမှားနေတဲ့ ယုံကြည်မှုတွေနဲ့ ဖွဲ့စည်းထားတယ် ၊ သူတို့က ယုံကြည်မှုကို သယ်ဆောင်တဲ့သူတွေပဲ ၊ ရုပ်တုအများစုအတွက် ‘နတ်ဘုရားတွေ’ရဲ့ အသိစိတ် ရှိနေသမျှ ရုပ်တုတွေဟာ ဘယ်တော့မှ အပြည့်အဝ ပျက်စီးမှာမဟုတ်ဘူး”
အစီအစဉ်တင်ဆက်သူ အမျိုးသမီးက ရှင်းပြလိုက်သည်။ ထိုမူမမှန်ဖြစ်ရပ်သည် သူမ ကိုင်တွယ်နိုင်သည်ထက် ကျော်လွန်နေပြီဖြစ်သည်။ သူမသည် မူမမှန်ဖြစ်ရပ် စတင်ခဲ့ချိန်ကလောက် ပေါ့ပေါ့ပါးပါး မရှိတော့ချေ။
“တစ်နည်းအားဖြင့် ပြောရရင် နတ်ဘုရားရဲ့ အသိစိတ်က သူ့ရဲ့ ကိုယ်ပိုင်ရွှံ့ရုပ်တုကို နည်းပညာအရ ဖျက်ဆီးပစ်နိုင်တယ်ပေါ့”
လော်တုန်းက သူ့လက်ထဲမှ ကျောက်စရစ်ခဲများကို စိုက်ကြည့်လိုက်သည်။
“လူတစ်ယောက်ကို ခွေးအဖြစ် ပြောင်းဖို့ဆိုရင် သူ့ရဲ့ လူသားဆန်မှုနဲ့ ဝိညာဉ်ကို ဖျက်ပစ်ဖို့ လိုတယ် ၊ နတ်ဘုရားတွေမှပဲ ဒီလိုမျိုး လုပ်နိုင်တယ်”
“ဒီ သားမွေးတွေနဲ့ ကျောက်စရစ်ခဲတွေက ခဲတံပေါ်မှာ ရှိနေခဲ့တာ ၊ ခင်ဗျားပြောတာက ဒီနှစ်ခုဟာ သူ အခုလို ဖြစ်နေတာနဲ့ ပတ်သက်တယ်လို့ ဆိုလိုတာလား”
ယွီရွှေလုံ မျက်လုံးပြူးသွားသည်။
“ဒီကျောက်စရစ်ခဲတွေက ပျက်စီးသွားတဲ့ ရုပ်တုရဲ့ အစိတ်အပိုင်းတွေလား ၊ ရွှံ့ရုပ်တုက သူ့ကိုယ်သူ ဖျက်ဆီးပြီး သူ့အစိတ်အပိုင်းကို လူသားတွေထဲ ထည့်လိုက်တာလား!”
“ရှောင်ဝူက ငါတို့ကို ခွေးဟောင်သံနဲ့ ဝေးဝေးနေဖို့ ပြောခဲ့တယ် ၊ အဲဒါက စဉ်းစားစရာတစ်ခုခုပဲ ၊ သူ တစ်ခုခုကို ဖုံးကွယ်ထားတာ ဖြစ်ရမယ်”
လော်တုန်းက သူ့အတွေးများကို ရှင်းလင်းလိုက်သည်။
“ငါတို့ အခု လေ့ကျင့်ရေးခန်းကို သွားလို့ မဖြစ်ဘူး ၊ အဆောက်အအုံထဲမှာ ဟောင်နေတဲ့အရာတွေကို ပိုရှာသင့်တယ် ၊ ငါတို့ သူတို့ မလုပ်စေချင်တဲ့ အရာတွေကို လုပ်သင့်တယ်”
လော်တုန်း၏ စကားများသည် ထိုအမျိုးသမီးအား တစ်စုံတစ်ခုကို သတိရသွားစေသည်။ သူမ ကြမ်းပြင်ပေါ်သို့ ဒူးတစ်ဝက်ထောက်လိုက်ပြီး သူမခြေကျင်းဝတ်ပတ်လည်ရှိ သွေးနီရောင်ဆက်သွယ်ရေးစက်မှာ စတင်တုန်ခါလာခဲ့သည်။
“မင်း ဘာလုပ်နေတာလဲ”
“ရှင် ကိုယ့်ကိုယ်ကိုပဲ စိတ်ပူသင့်တယ်”
လုံခြုံရေးခန်းတွင် ၎င်း၏ကိုယ်ပိုင် ဆက်သွယ်ရေးစနစ် ရှိလေသည်။ သို့သော် မူမမှန်ဖြစ်ရပ်အတွင်း သတင်းအချက်အလက် ပို့ရန် ခက်ခဲလှသည်။ အစီအစဉ်တင်ဆက်သူအမျိုးသမီးသည် အဆောက်အအုံအတွင်းရှိ အခြေအနေသည် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသည်ကို သိသည့်အတွက် အပြင်ဘက်မှ အကူအညီတောင်းခံထားခဲ့သည်။မြို့ဟောင်းသည် ဟန်ဟိုင်းတွင် လူဦးရေ အထူထပ်ဆုံးဇုန်ဖြစ်သည်။ စုံစမ်းစစ်ဆေးရေးဌာနသည် ထိုနေရာအား ပျက်စီးခွင့်ပြုမည် မဟုတ်ချေ။ ထို့ကြောင့် ဌာန၏ အင်အားစုအများအပြားသည် လီစန်းပတ်ပတ်လည်တွင် စုရုံးနေကြသည်။
လော်တုန်းသည် ထိုအမျိုးသမီး၏အထောက်အထားအစစ်အမှန် သိနှင့်ပြီးသားဖြစ်သည်။ သူ ခဲတံ၏ ဖုန်းကို သိမ်းဆည်းလိုက်ပြီး မုန်းတီးမှုများကို ဖုံးကွယ်၍ သူ့ကလေးများကို ရုံးခန်းထဲမှ ခေါ်ထုတ်သွားလေသည်။
...
နွယ်နှာမောင်းများသည် ညှာတာမှုကင်းမဲ့သည့် နှိပ်စက်ကိရိယာများကြောင့် ကွာကျလာသည်။ ဒဏ်ရာရ ဝိညာဉ်များက ခွဲစိတ်စားပွဲပေါ်မှ လိမ့်ကျသွားသည်။ စတုတ္ထထပ်သည် ကျုံ့ဝင်နေသော သွေးကြာပန်းတစ်ပွင့်နှယ် ဖြစ်လာလေသည်။ နွယ်နှာမောင်းများ ပိုက်များမှတစ်ဆင့် ထွက်မပြေးနိုင်စေရန်အတွက် ကောင်းမင်သည် အလွှာတစ်ခုလုံးကို ညှင်းပန်းနှိပ်စက်ခန်းထဲသို့ ထည့်သွင်းလိုက်ခြင်းဖြစ်သည်။
အခြားကစားသမားများ စိတ်ကူးထားသည့် ကြောက်မက်ဖွယ် မြင်ကွင်းသည် ဖြစ်ပျက်ခဲ့သော်လည်း ၎င်းသည် ကောင်းမင်အပေါ် မဖြစ်ခဲ့ဘဲ ရေကန်အတွင်းမှမကောင်းဆိုးဝါးထံ ဖြစ်ပွားခဲ့သည်။
“အခု မင်းရဲ့ အစစ်အမှန်က ဘာလဲဆိုတာ ငါ့ကို ကြည့်ခွင့်ပေးနိုင်မလား”
ကံကြမ္မာ၏ ကောက်ရိတ်တံစဉ်ပေါ် ထိုင်နေရင်း ကောင်းမင်သည် ကျိန်စာများထွင်းထုထားသော ချိန်းကြိုးများကို ဆွဲကိုင်ထားသည်။ သူ့ဘေးတွင်မူ မျက်နှာမဲ့နောက်လိုက်များနှင့် လီစန်းဆေးရုံမှ လူနာများ ရပ်နေကြလေသည်။ သရဲများနှင့် နှိုင်းယှဉ်ပါက ကောင်းမင်သည် လူဆိုးဇာတ်ကောင်နှင့် ပိုတူနေပေသည်။ သူသည် ဆိုးသွမ်းသည်၊ ကောက်ကျစ်သည်၊ ရက်စက်သည်၊ နှလုံးသားမဲ့သည်။
“အဆင်သင့်ဖြစ်ပြီလား”
လူနာများသည် နှိပ်စက်ကိရိယာများဖြင့် နွယ်နှာမောင်းများကို ဖြတ်တောက်လိုက်ကြသည်။ ကစားသမား အများအပြားကို ကြောက်ရွံ့စေခဲ့သော မကောင်းဆိုးကြီးသည် ပထမဆုံးအကြိမ်အဖြစ် အကြောက်တရားကို ခံစားလိုက်ရသည်။ နွယ်နှာမောင်းအလွှာများစွာ ကာကွယ်ထားသော အူတိုင်မှ ကလေးတစ်ဦး၏ ငိုကြွေးသံ ထွက်ပေါ်လာခဲ့သည်။
“မင်းကို နောက်ထပ် သုံးစက္ကန့်အချိန်ပေးမယ် ၊ မင်း ခုခံတာကို လက်မလျှော့ဘူးဆိုရင် ငါ ဆက်ဖြတ်နေမှာပဲ”
တိရစ္ဆာန်တစ်ကောင်ဖြစ်ရခြင်းသည် ဆင်ခြင်တုံတရားမဲ့ခြင်း သို့မဟုတ် ဖျက်ဆီးတတ်ခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ လူသားများသည် လိုအင်ဆန္ဒများ၏ လွှမ်းမိုးခံထားရသူများကို ဖော်ပြရန် တိရစ္ဆာန်ဆန်သည်ဟူသော စကားလုံးကို မကြာခဏအသုံးပြုတတ်ကြသည်။ သို့သော်လည်း သားရဲတစ်ကောင်၏ ကြောက်ရွံ့မှုဗီဇသည် မည်သည့်လူသား၏ ဗီဇထက်မဆို ပိုထက်မြက်ပေသည်။ သားရဲများသည် အန္တရာယ်အဆင့်အမျိုးမျိုးတွင် မတူညီစွာတုံ့ပြန်ကြသည်။
အူတိုင်အနီးရှိ အကြီးဆုံးနွယ်နှာမောင်းများသည် မီးခိုးရောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့သည် ပန်းပွင့်ချပ်များကဲ့သို့ တအိအိလှိုင်းထနေကြသည်။ နောက်ဆုံးတွင် ထိုမကောင်းဆိုးဝါး၏ အစစ်အမှန်ပုံသဏ္ဌာန်ကို ကောင်းမင်မြင်တွေ့လိုက်ရသည်။
၎င်းသည် အသက်နှစ်ဆယ်ဝန်းကျင်ရှိ လူငယ်တစ်ဦး ဖြစ်သည်။ နွယ်နှာမောင်းများ၏ အမြစ်များသည် သူ့ခန္ဓာကိုယ်ဖြင့် တွဲဆက်နေလေသည်။ သူသည် ချောမောပြီး ဖြူဖတ်ဖြူရော်ဖြစ်နေ၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်ကား နွယ်နှာမောင်းများကြောင့် လိမ်ရစ်နေလေသည်။
“မင်းလည်း ရုပ်တုရဲ့ အိမ်မွေးတိရစ္ဆာန် တစ်ကောင်လား”
ကောင်းမင်သည် ခုန်ဆင်းလိုက်ပြီး ထိုလူငယ်လေးဆီသို့ ပွင့်ပွင့်လင်းလင်း လျှောက်သွားလိုက်သည်။
ထိုလူငယ်လေး၏ မျက်လုံးများသည် ဟိုကြည့်ဒီကြည့် လုပ်နေပြီး ရုတ်တရက်ကောင်းမင်အား အပြင်းအထန်တိုက်ခိုက်လိုက်သည်။ သို့သော်လည်း သူ၏နွယ်နှာမောင်းလှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် ချိန်းကြိုးများဖြင့် ထိုးဖောက်ခံလိုက်ရသည်။ ဧရာမသားစားကြူးနတ်ဘုရားသည် ကောင်းမင်နောက်ကျောမှ ထွက်ပေါ်လာခဲ့သည်။ ဖိအားက ထိုလူငယ်လေးကို ဖိနှိပ်လိုက်သည်။ အသားနံ့များ လွင့်ပျံ့နေတော့သည်။
“မင်း ရေဆာနေသလိုပဲ”
ထိုလူငယ်မျက်နှာပေါ်သို့ သွေးများ ပက်ဖြန်းလိုက်သည်။ သားစားကြူးနတ်ဘုရားက အလောင်းများကို ထိုလူငယ်ဆီ ပစ်ချလိုက်သည်။မကောင်းဆိုးဝါးက အရသာရှိမည့်ရနံ့ရှိသော သွေးများကို ဂလုဂလုမြည်အောင် သောက်ချလိုက်သည်။ သူ ပိုစားသောက်လေလေ သားစားကြူးနတ်ဘုရား၏ လွှမ်းမိုးမှု ပိုများလာလေလေ ဖြစ်သည်။ သူ့စိတ်ကား ကျိုးပျက်သွားတော့သည်။ ထိုမကောင်းဆိုးဝါး၏ရင်ဘတ်တွင် သားရဲခေါင်းနှင့်လူ့ခန္ဓာကိုယ်သဏ္ဌာန်ပုံစံကွက်တစ်ခု ပေါ်လာလေ၏။
“ဒါကြောင့်ကိုး…”
သားစားကြူးနတ်ဘုရားသည် ဟိန်းဟောက်လိုက်ပြီး သူ့လက်ချောင်းများဖြင့် ထိုမကောင်းဆိုးဝါး၏ ရင်ဘတ်ထဲမှ လက်သီးဆုပ်အရွယ်ရှိ ကျောက်တုံးတစ်တုံးကို တူးထုတ်လိုက်သည်။ ထိုကျောက်တုံးသည် နတ်ဘုရားပုံစံကွက်များဖြင့် ဖုံးလွှမ်းနေ၏။ ၎င်းသည် ထိုမကောင်းဆိုးဝါး၏ နှလုံးသားနှင့်တူပြီး ရွှံ့ရုပ်တုခန္ဓာကိုယ်၏ ကြီးမားသော အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။
သွေးနှင့် အသားများက ထိုလူငယ်အတွက် နှလုံးသားအသစ်ကို ပြန်လည် တည်ဆောက်ပေးလိုက်သည်။ ကျောက်တုံးအပိုင်းအစကိုမူ အသားမီးဖိုထဲသို့ ပစ်ထည့်လိုက်လေသည်။
နှလုံးအသစ် စတင်ခုန်ပေါက်လာသောအခါ ထိုလူငယ်က ရေနက်ထဲမှ ကယ်ဆယ်ခံရသကဲ့သို့ အသက်ရှူလိုက်လေသည်။ သူ့ပါးစပ်မှ အနက်ရောင်အရည်များ စီးထွက်လာပြီး သူ့မျက်လုံးထဲသို့ ဆင်ခြင်တုံတရားများ ပြန်လည်ရောက်ရှိလာခဲ့သည်။
“ကဲ အခု မင်း ငါ့ကို နားလည်နိုင်ပြီလား”
ကောင်းမင်သည် ချိန်းကြိုးများကို လွှတ်လိုက်သည်။
“ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ”
“အစ်မကြီး…”
ထိုလူငယ်၏ ကျန်ရှိနေသေးသောနွယ်နှာမောင်းများ တလွင့်လွင့်လှုပ်ရှားသွားပြီး သူ့အရေပြားအောက်တွင် ဝှက်ထားသော လူသေဓာတ်ပုံတစ်ခုကို ထုတ်ပြလိုက်သည်။ မောင်ငယ်လေးသည် သူ့ဖခင်၏ ပခုံးပေါ်တွင် ထိုင်လျက်ရှိနေသည်။ သူတို့နှင့် သူတို့၏ မိခင်ဖြစ်သူသည် တိရစ္ဆာန်ရုံရှိ လှောင်အိမ်တစ်ခုရှေ့တွင် ရပ်နေကြသည်။ အရပ်ရှည်သော အစ်မကြီးသည် ခြံစည်းရိုး၏ သံတန်းများကို ဆုပ်ကိုင်ထားသည်။ သူမသည် ကင်မရာကိုမကြည့်ဘဲ လှောင်အိမ်အတွင်းမှ ခြင်္သေ့အား လိုချင်တပ်မက်သော အကြည့်ဖြင့် ကြည့်နေခြင်းဖြစ်သည်။
“နျန်ရှင်း နျန်ယွီ”
ကောင်းမင် ဓာတ်ပုံထဲမှ နာမည်များကို ရေရွတ်လိုက်သည်။ သူတို့၏ မိဘများသည် မောင်နှမများအပေါ် မျှော်လင့်ချက် အများအပြား ထားခဲ့ကြသော်လည်း သူတို့နှစ်ဦးလုံး မကောင်းဆိုးဝါးကြီးများ ဖြစ်လာခဲ့ကြသည်။ တစ်ဦးသည် ခန္ဓာကိုယ်အသွင်ပြောင်းလဲခဲ့ရပြီး မကောင်းဆိုးဝါးတစ်ကောင်၏ ပုံပန်းသဏ္ဌာန်ကို ရရှိခဲ့သည်။ ကျန်တစ်ဦးမှာမူ လှပသောရုပ်ရည် ရှိသော်လည်း မကောင်းဆိုးဝါးတစ်ကောင်၏ နှလုံးသားထက် ပိုနက်မှောင်သော နှလုံးသားတစ်ခု ရှိလာခဲ့သည်။
သားစားကြူးနတ်ဘုရားသည် သူ့ကိုယ်ပိုင် နည်းလမ်းဖြင့် ထိုလူငယ်ကို ကျွန်ပြုလိုက်သည်။
“ဒီရွှံ့ရုပ်တုရဲ့ အဓိကနောက်လိုက် ရွေးချယ်မှုက မင်းရဲ့ အစ်မကြီး နျန်ရှင်းပဲ ဖြစ်ရမယ် ၊ သိထားတဲ့ အနာဂတ်တွေထဲက တစ်ခုမှာ မန်နေဂျာနျန်က စူပါလူသတ်သမားတစ်ယောက်ပဲ ၊ သူ့ကို စုံစမ်းစစ်ဆေးရေးဌာနရော ခြောက်ခြားဂိမ်းကစားသမားတွေကပါ အလိုရှိနေကြတယ်”
ကောင်းမင်က လူသေဓာတ်ပုံကို သိမ်းဆည်းလိုက်သည်။ နျန်ရှင်းကဲ့သို့ ရူးသွပ်နေသည့် လူတစ်ယောက်အား လွတ်လပ်စွာသွားနေရန် ခွင့်မပြုသင့်ချေ။ သူမအား ညှင်းပန်းနှိပ်စက်ခန်းထဲသို့ ပို့လိုက်ခြင်းသည် သူမအတွက် အကြီးမားဆုံးကြင်နာမှုဖြစ်သည်။
သရဲများသည် နှိပ်စက်ကိရိယာများကို သိမ်းဆည်းလိုက်ကြသည်။ ချိန်းကြိုးများ မြေပြင်ပေါ်သို့ လျှောကျသွားပြီး အကူအညီမဲ့လူငယ်လေးမှာ မြေပြင်ပေါ်သို့ ပုံကျသွားတော့သည်။ နွယ်နှာမောင်းများ တလူးလူးတလွန့်လွန့် လိပ်တက်သွားသည်။
လော်တုန်း၏ ဇနီးသည် ကယ်တင်ခံလိုက်သည်။ သူမသည် သူမခေါင်းကိုအုပ်၍ မယုံကြည်နိုင်စွာဖြင့် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်လေသည်။ အကယ်၍ နျန်ယွီသည် သူမအား ကြောက်ရွံ့မှု အဆင့်(၁၀)မှတ်ပေးခဲ့ပါက နှိပ်စက်ကိရိယာများဖြင့် ပြည့်နှက်နေသော နာကြည်းခြင်းအခန်းသည် သူမအား ကြောက်ရွံ့မှုအဆင့် အမှတ်(၁၀၀) ပေးခဲ့သည်။
သူမ၏ ဝိညာဉ်ကား တုန်ယင်နေတော့သည်။ သူမသည် မတ်တပ်ပင် မရပ်နိုင်တော့ချေ။ နောက်ထပ် ဘာဖြစ်လာမည်ကို သူမ စိတ်ကူးမရတော့။
“မင်း ဒီမှာ မြင်ခဲ့ရတာကို ဘယ်သူ့မှ မပြောပါနဲ့…”
သားရဲခေါင်းနှင့် လူပုံစံပန်းချီကားကို ကိုင်ထားရင်း ဆရာရှသည် လော်တုန်း၏ ဇနီးဆီသို့ လျှောက်သွားလိုက်သည်။
“ဘာပဲဖြစ်ဖြစ် မင်းယောကျာ်းနဲ့ ကလေးတွေကို…”
ကောင်းမင်က ရှရန်အား လူသေဓာတ်ပုံထဲသို့ အမြန်ဆွဲသွင်းလိုက်သည်။လော်တုန်း၏ ဇနီးအား ထူမပေးလိုက်သည်။
“မကြောက်ပါနဲ့ ၊ ငါတို့ မင်းကို ထိခိုက်အောင် မလုပ်ပါဘူး”